← Chapters

နွားနို့

Vol. 7 Ch. 97

နွားနို့

Vol. 7 Ch. 97

ယာဆုကုနိနတ်ကွန်း အပြင်ဘက်လမ်းမပေါ်...

ဇီးကွက်သည် ကားထဲသို့ဝင်ထိုင်လိုက်သည်နှင့် ရဲရှင်းဟွေ့လည်း အတွင်းထဲမှ ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။

ရဲရှင်းဟွေ့သည် ခရီးသည်ထိုင်ခုံသို့ဝင်ထိုင်လိုက်သည်နှင့် “ဘုန်း” ဟူသောအသံနှင့်အတူ သုံးမီတာမြင့်သော တစ္ဆေဘုရင်သည် နံရံကိုဖြိုခွဲကာ ပြေးထွက်လာခဲ့သည်။

ထိုလှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်မှ ဂျပန်လူအုပ်ကြီး၏ အာရုံစိုက်မှုကို လျင်မြန်စွာပင် ဆွဲဆောင်သွားတော့သည်။

သုံးမီတာမြင့်သော လူသားပုံသဏ္ဌာန် သတ္တဝါကြီးကိုမြင်သော် ပတ်ဝန်းကျင်မှလူများသည် အရပ်လေးမျက်နှာသို့ ထွက်ပြေးကြလေသည်။

တစ္ဆေဘုရင်မှာတော့ သူ့ပတ်ဝန်းကျင်မှ အော်ဟစ်နေသော လူအုပ်ကြီးကို လျစ်လျူရှုထား၏။ သူ၏တစ်ခုတည်းသော ပစ်မှတ်မှာ ရဲရှင်းဟွေ့ပင်ဖြစ်သည်။

ဇီးကွက်သည် ကားကိုစက်နှိုးကာ အရှိန်မြှင့်ခလုတ်ကို အဆုံးထိနင်းချလိုက်ရာ မြေပြင်ပေါ်တွင် မည်းနက်သောရာနှစ်ခု ထင်ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သော် တစ္ဆေဘုရင်သည် ခြေလှမ်းကျဲကြီးများဖြင့် နောက်မှလိုက်လံ၍ စတင်ပြေးလေတော့၏။

ထို့ကြောင့် ဤမြင်ကွင်းသည် ဂျပန်နိုင်ငံ ကျိုတိုမြို့၏ လမ်းမများပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။

အရူးအမူးမောင်းနှင်နေသော အနက်ရောင်ဆီဒန်ကားတစ်စီး၏ နောက်မှ သုံးမီတာမြင့်သော အသားမည်းသတ္တဝါကြီးတစ်ကောင် လိုက်လံနေသည့် မြင်ကွင်းပင်တည်း။

……

ကားအတွင်း၌...

“ငါပြောမယ် နောက်ဘယ်လိုလုပ်ကြမလဲ”

ဇီးကွက်သည် ကားမောင်းနေရင်း မေးလိုက်၏။

ရဲရှင်းဟွေ့သည် သူ၏စကားကိုကြားသော် မေးစေ့ကိုပွတ်သပ်ရင်း ခဏတာစဉ်းစားလိုက်ပြီး သူ၏ဖုန်းကိုထုတ်ကာ ဂျပန်နိုင်ငံ ကျိုတိုမြို့၏ မြေပုံလမ်းညွှန်စနစ်နှင့် ချိတ်ဆက်လိုက်သည်။

“ခဏစောင့် ငါနေရာတစ်ခုရှာလိုက်ဦးမယ်။ မင်းလောလောဆယ်တော့ အောင့်ခံထားလိုက်ဦး”

စကားပြောနေရင်း ရဲရှင်းဟွေ့သည် သူ၏ဖုန်းမြေပုံလမ်းညွှန်တွင် ယဇ်ပူဇော်ပစ္စည်းများရောင်းချသောနေရာများကို ရှာဖွေစပြုတော့သည်။

ရလဒ်မှာ ကျိုတိုမြေပုံလမ်းညွှန်စနစ်သည် တရုတ်မြေပုံလမ်းညွှန်နှင့်မတူဘဲ ဆိုင်အားလုံးကို အမှတ်အသားမပြုထားသောကြောင့် မြေပုံလမ်းညွှန်သုံး၍ ယဇ်ပူဇော်ပစ္စည်းဆိုင်ရှာဖွေရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ယဇ်ပူဇော်ပစ္စည်းများကို ရှာမတွေ့နိုင်သဖြင့် ရဲရှင်းဟွေ့သည် ကြက်မွေးမြူရေးခြံများ အိမ်မွေးတိရစ္ဆာန်ဆိုင်များနှင့် နွားမွေးမြူရေးခြံများဘက်သို့ သူ၏အာရုံကို လှည့်လိုက်တော့သည်။

ကြက်ဖသွေး ခွေးနက်သွေးနှင့် နွားနို့တို့သည် တစ္ဆေများကို ဖြေရှင်းနိုင်သော ကောင်းမွန်သည့်အရာများပင်ဖြစ်သည်။

နွားနို့က အဘယ့်ကြောင့် တစ္ဆေများကို ပယ်ရှားနိုင်သည်ကိုတော့ ရဲရှင်းဟွေ့ သိပ်နားမလည်လှချေ။ ကြက်ဖသွေးနှင့် ခွေးနက်သွေးမှာတော့ အကြောင်းသင့်ပေသည်။ နားမလည်သော်လည်း မောဝ်ရှန်းဂိုဏ်း၏ အမွေအနှစ်ထဲတွင် ဤသို့ပင်ရေးသားထားခဲ့သည်လေ။

သို့သော် နွားများသည်လည်း အလွန်အစွမ်းထက်၏။ နွားများသည် သူတို့ကိုယ်တိုင် တစ္ဆေများကို မြင်နိုင်ပြီး နွားမျက်ရည်ကို မျက်လုံးပေါ်တွင် သုတ်လိမ်းလိုက်ရုံမျှဖြင့် တတိယမျက်လုံးမပွင့်သော်လည်း သာမန်လူများကို တစ္ဆေမြင်နိုင်စေသည်။

ဤနည်းလမ်းသည် မောဝ်ရှန်းဂိုဏ်းတွင် တတိယမျက်လုံးဖွင့်ရန် အထောက်အကူပြုသည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

မြေပုံလမ်းညွှန်က သီးသန့်ဆိုင်များကို မညွှန်ပြနိုင်သော်လည်း နွားမွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံများကဲ့သို့သော နေရာများသို့တော့ လမ်းညွှန်ပေးနိုင်သည် အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ ထင်ရှားသော အဆောက်အအုံများအဖြစ် သတ်မှတ်ထားသောကြောင့်ပင်။

“ဇီးကွက် နောက်လမ်းဆုံမှာ ဘယ်ဘက်ကွေ့”

ရဲရှင်းဟွေ့သည် အနီးဆုံးဖြစ်သော နွားမွေးမြူရေးခြံကို ရွေးချယ်လိုက်သည်။

သူနွားနို့အလုံအလောက်ရနိုင်သရွေ့ သူ၏လက်ထဲမှ ဂါထာနှစ်ခုနှင့်ပေါင်းစပ်လိုက်လျှင် သူ့နောက်မှလိုက်နေသော တစ္ဆေဘုရင်ကို ယာယီအားဖြင့် ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။

ကားသည် လမ်းဆုံသို့ရောက်သောအခါ ဇီးကွက်သည် ဘယ်ဘက်သို့ ကွေ့ချလိုက်၏။

ကွေ့လိုက်ပြီးနောက်တွင် ဇီးကွက်သည် ဤလမ်းမှာ ကုန်သွယ်ရေးလမ်းမကြီးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“ရဲရှင်းဟွေ့ ဒါကကုန်သွယ်ရေးလမ်းမကြီးပဲ ဘယ်လိုလုပ်မလဲ”

“တခြားဘာလုပ်နိုင်ဦးမှာလဲ ငါတို့ဝင်လာပြီးမှတော့ အတင်းပဲဆက်မောင်းသွားရတော့မှာပေါ့”

ဇီးကွက်သည် သူ၏စကားကိုကြားသော် ဘာကိုမှဂရုမစိုက်တော့ဘဲ အရှိန်မြှင့်ခလုတ်ကို တိုက်ရိုက်နင်းချကာ တိုးဝင်သွားတော့သည်။

ကား၏အင်ဂျင်သံသည် ကုန်သွယ်ရေးလမ်းမပေါ်မှ ဈေးဝယ်သူများ၏ အာရုံစိုက်မှုကို လျင်မြန်စွာပင် ဆွဲဆောင်သွားတော့သည်။

ခွေးရူးတစ်ကောင်လို သူတို့ထံသို့ပြေးဝင်လာသော ကားတစ်စီးကိုမြင်သော် ကုန်သွယ်ရေးလမ်းမပေါ်မှ လူများသည် ညည်းညူရင်း လမ်းဖယ်ပေးရုံသာတတ်နိုင်ကြသည်။

သို့သော် သူတို့လမ်းဖယ်ပေးလိုက်သည်နှင့် သုံးမီတာမြင့်သော အသားမည်းလူသားပုံသဏ္ဌာန်သတ္တဝါကြီးတစ်ကောင်လည်း ပြေးဝင်လာသည်ကို တွေ့လိုက်ရပြန်သည်။

“အား.....”

“ကယ်ကြပါ.....”

အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့် တစ္ဆေဘုရင်သည် အရှေ့သို့မဆင်မခြင် တိုးဝင်သွားရာ ခြေတစ်ချက်နင်းလိုက်ရုံဖြင့် လူတစ်ယောက်ကို အသားစိမ်းဖတ်ဖြစ်သွားစေနိုင်သည်။

သူပြေးလွှားသွားသည်နှင့် တစ္ဆေဘုရင်၏ ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးသွားခဲ့ရသည်။

……

ထိုအချိန်မှာပင် ကုန်သွယ်ရေးလမ်းမဘေးမှ စားသောက်ဆိုင်ငယ်လေးတစ်ခုအတွင်း...

ရဲလန်ယွဲ့ ယန်ချွဲနှင့် ပေါင်ပေါင်းတို့သည် အဝေးမှလှုပ်ရှားသံကိုကြားသော် မှန်သားနံရံမှနေ၍ လမ်းမပေါ်သို့ လှမ်းကြည့်လိုက်ကြသည်။

ထို့နောက် သူတို့သည် အနက်ရောင်ဆီဒန်ကားတစ်စီး သူတို့ရှေ့မှ အရှိန်ဖြင့်မောင်းနှင်သွားသည်ကို တွေ့မြင်လိုက်ရသည်။

“အယ်? အဲဒါ ရှင်းဟွေ့လား” ရဲလန်ယွဲ့က အနည်းငယ် မသေမချာဟန်ဖြင့် မေးလိုက်သည်။

ပေါင်ပေါင်းသည် သူမ၏စကားကိုကြားသော် ခေါင်းညိတ်ကာ ဆိုလိုက်သည်။ “သူပဲ”

အဖွဲ့သားများ အပြင်သို့ထွက်ကြည့်ရန် အပြုမှာပင် ကားမောင်းထွက်သွားသော အရပ်မှနေ၍ အုန်းအုန်းမြည်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သုံးဦးသား ခေါင်းလှည့်ကြည့်လိုက်ရာ သုံးမီတာမြင့်သော သွေးများဖြင့်ဖုံးလွှမ်းနေသည့် သတ္တဝါကြီးတစ်ကောင်သည် ကားနောက်သို့ လိုက်လံနေသည်ကို တွေ့လိုက်ရသည်။

“အဲ့ဒီကောင်လေး ရှင်းဟွေ့ ဒုက္ခတစ်ခုခုရှာထားပြန်ပြီနဲ့တူတယ်”

ရဲလန်ယွဲ့သည် တစ္ဆေဘုရင်၏ကျောပြင်ကိုကြည့်ရင်း ပြုံးကာဆိုလိုက်ပြီးနောက် ပေါင်ပေါင်းနှင့် ယန်ချွဲကို ဦးဆောင်၍ လိုက်ပါသွားတော့သည်။

…….

ကျွန်ုပ်တို့၏အာရုံစိုက်မှုကို ရဲရှင်းဟွေ့ထံသို့ ပြန်လှည့်ကြပါစို့။

ဇီးကွက်သည် နောက်ဆုံးတွင် ကားကို နွားမွေးမြူရေးခြံသို့ မောင်းနှင်ရောက်ရှိသွားသည်။

မှောင်စပြုနေပြီဖြစ်သောကြောင့် နွားမွေးမြူရေးခြံမှာ ထိုနေ့အတွက် ပိတ်ထားပြီး တာဝန်ကျဝန်ထမ်းနှစ်ဦးသာ ရှိနေလေသည်။

တာဝန်ကျ ဂျပန်ဝန်ထမ်းနှစ်ဦးသည် နွားမွေးမြူရေးခြံအတွင်းသို့ ကားတစ်စီးပြေးဝင်လာသည်ကိုမြင်သော် ဒေါသအလွန်ထွက်သွားကြသည်။

သူတို့သည် အခြားသူများထံသို့ ရဲရှင်းဟွေ့ နားမလည်သောစကားများကို ပြောဆိုရင်း လျှောက်လှမ်းလာကြသည်။

သို့သော် ရဲရှင်းဟွေ့ ဘာမှမပြောခင်မှာပင် တစ္ဆေဘုရင်သည် ကောင်းကင်မှကျဆင်းလာပြီး နွားမွေးမြူရေးခြံဝန်ထမ်းနှစ်ဦးကို တိုက်ရိုက်ပင် နင်းချေသတ်ဖြတ်လိုက်တော့သည်။

“မင်းကိုသတ်မယ်.... မင်းကိုသတ်မယ်....”

တစ္ဆေဘုရင် သူ့နောက်သို့ မဆုတ်မနစ်လိုက်လံနေပုံကိုမြင်သော် ရဲရှင်းဟွေ့သည် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

သူသည် နွားမွေးမြူရေးခြံကို နောက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် အစောပိုင်းက သူရေးဆွဲထားခဲ့သော ဝိညာဉ်နှိမ်နင်းဂါထာကို ထုတ်ယူလိုက်၏။

“သွား”

ရဲရှင်းဟွေ့သည် နတ်စွမ်းအင်ထည့်သွင်းထားသော ဝိညာဉ်နှိမ်နင်းဂါထာကို ပစ်လွှတ်လိုက်သည်။ ဂါထာသည် တစ္ဆေဘုရင်၏ ကိုယ်ထည်ပေါ်သို့ ကပ်သွားသည့်အခါ ရဲရှင်းဟွေ့သည် ခပ်တိုးတိုးအော်ဟစ်လိုက်သည်။ “နှိမ်နင်း”

ရဲရှင်းဟွေ့ “နှိမ်နင်း” ဟူသောစကားလုံးကို ရွတ်ဆိုလိုက်သည်နှင့် တစ္ဆေဘုရင်၏ ကိုယ်လုံးမှာ နေရာတွင်ပင် တောင့်ခဲသွားပြီး လှုပ်မရဖြစ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် တစ္ဆေဘုရင်၏ကိုယ်ထည်ပေါ်တွင် ကပ်နေသော ဝိညာဉ်နှိမ်နင်းဂါထာသည် စတင်လောင်ကျွမ်းလာခဲ့သည်။

ဝိညာဉ်နှိမ်နင်းဂါထာ လောင်ကျွမ်းနေသည့် အရှိန်ကိုမြင်သော် ရဲရှင်းဟွေ့သည် သူ့၌ အလွန်ဆုံး နောက်ထပ်ငါးမိနစ်သာ အချိန်ရှိတော့ကြောင်း သိလိုက်သည်။

ငါးမိနစ်ကြာပြီးနောက် ဝိညာဉ်နှိမ်နင်းဂါထာသည် လုံးဝလောင်ကျွမ်း၍ ပြာဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ အဓိကအားဖြင့် တစ္ဆေဘုရင်အတွင်းမှ တစ္ဆေချီစွမ်းအင်မှာ အလွန်အားကောင်းနေသောကြောင့်ဖြစ်သည်။ တစ္ဆေတစ်ဒါဇင်ခန့်၏ တစ္ဆေချီစွမ်းအင်သာဖြစ်ပါက ဝိညာဉ်နှိမ်နင်းဂါထာတစ်ခုသည် ၎င်းကိုနေရာတွင်ထိန်းထားရန် လုံလောက်မည်ဖြစ်ပြီး ဂါထာကိုမဆွဲခွာသရွေ့ ၎င်းသည် ထာဝရလှုပ်ရှားနိုင်မည်မဟုတ်ပေ။

…….

“မြန်မြန်..... ဇီးကွက် ငါနဲ့အတူ နွားနို့လာညှစ်”

စကားပြောနေရင်း ရဲရှင်းဟွေ့သည် သံပုံးတစ်ပုံးကို လက်လှမ်းမှီသလောက်ဆွဲယူကာ နွားတင်းကုပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။

ဇီးကွက်မှာတော့ ရဲရှင်းဟွေ့ အဘယ့်ကြောင့် နွားနို့ညှစ်လိုသည်ကို မသိသော်လည်း.... သူတကယ်ပြောချင်သည်မှာ ဤနေရာသည် မျိုးပွားရေးခြံဖြစ်ပြီး နွားအားလုံးမှာ နွားထီးများဖြစ်သဖြင့် ညှစ်စရာနို့မရှိ...

သို့သော် သူပြောရန်စဉ်းစားမိသည့်အချိန်တွင် ရဲရှင်းဟွေ့မှာ နွားတင်းကုပ်အတွင်းသို့ ပြေးဝင်သွားခဲ့လေပြီ

နွားတင်းကုပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် သီးသန့်နွားခြံတစ်ခုကိုရှာဖွေကာ ခုန်ဝင်လိုက်ပြီး သူ၏နို့ညှစ်ခြင်းမဟာလုပ်ငန်းကြီးကို စတင်လေတော့သည်။

ရဲရှင်းဟွေ့ စတင်လိုက်သည်နှင့် ဇီးကွက်သည်လည်း ပြေးဝင်လာခဲ့သည်။

“ငါပြောမယ်.....”

“ဟေး ဘာပြောနေတာလဲ မြန်မြန်ငါ့ကိုနွားနို့ညှစ်ကူ”

ဇီးကွက်: ......”အစ်ကို.... ဒါကမျိုးပွားရေးခြံ အားလုံးနွားထီးတွေ ဘယ်မှာနို့ရှိမှာလဲ”

ရဲရှင်းဟွေ့: ???

“နွားထီးတွေ.....” စကားပြောနေရင်း ရဲရှင်းဟွေ့သည် သူညှစ်နေသောအရာကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ “ဒါဆို ဒါကဘာလဲ”

“နွားထီးဆိုတော့... ဒါဘာဖြစ်မယ်လို့ မင်းထင်လဲ”

ရဲရှင်းဟွေ့: .....

“သွားပြီ”

ရဲရှင်းဟွေ့သည် သူညှစ်ထုတ်ထားပြီးဖြစ်သော နို့နှစ်ရောင်အရည်ကိုကြည့်ရင်း သူတစ်ကိုယ်လုံး မကောင်းတော့....

“သွားစမ်း မင်းက ဘယ်လိုတောင် မမှန်ကန်တဲ့နွားထီးဖြစ်နေရတာလဲ”

အပြစ်မဲ့သောနွားထီးအား ပြင်းပြင်းထန်ထန်ကန်ကျောက်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် အနီးအနားမှ တင်းကုပ်သို့သွား၍ သူ၏လက်များကို ဆေးကြောလေသည်။

“ငါပြောမယ်.... ရဲရှင်းဟွေ့ မင်းနွားနို့ဘာလုပ်ဖို့လိုတာလဲ”

“နွားနို့မှာ တစ္ဆေတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ အခုနွားနို့မရှိတော့မှတော့ သူ့ကိုထိန်းထားဖို့ နောက်ထပ်ဝိညာဉ်နှိမ်နင်းဂါထာအနည်းငယ် ထပ်ဆွဲရုံပဲရှိတော့တယ်”

စကားပြောနေရင်း ရဲရှင်းဟွေ့သည် သူ၏လက်ချောင်းကို တစ်ဖန်ပြန်ကိုက်ကာ အဆောင်စက္ကူဝါပေါ်တွင် ဝိညာဉ်နှိမ်နင်းဂါထာများကို စတင်ရေးဆွဲလေတော့သည်။

All Chapters