← Chapters

ခေါင်းချည်းတည်တဲ့ဇီးကွက်

Vol. 7 Ch. 86

ခေါင်းချည်းတည်တဲ့ဇီးကွက်

Vol. 7 Ch. 86

ရဲရှင်းဟွေ့က အမျိုးသမီးနှစ်ဦးကို ကြည့်နေသကဲ့သို့ ထိုအမျိုးသမီးနှစ်ဦးကလည်း ရဲရှင်းဟွေ့ကို ကြည့်နေကြ၏။

ထိုအချိန်တွင် တောင်စောင်းပေါ်မှ ဇီးကွက်ကလည်း သူ၏သေနတ်ကို ထိုအမျိုးသမီးနှစ်ဦးထံသို့ ချိန်ရွယ်ထား၏။

ဒူးထောက်ထိုင်နေသော အမျိုးသမီးက သူမအနီးရှိ ချင်ဖုန်းအား မေးလိုက်၏။

“ချင်ဖုန်း မင်းရဲ့လူတွေ အကုန်သေကုန်ပြီလား”

ချင်ဖုန်းဟု အခေါ်ခံရသော အမျိုးသမီးနင်ဂျာက ရိုသေစွာဖြင့် ပြန်ဖြေ၏။

“သခင်မ ချင်းယွဲ့ သူတို့ တကယ် သေသွားကြပါပြီ”

ချင်ဖုန်း စကားဆုံးသည်နှင့် တောင်စောင်းအလယ်မှ ဇီးကွက်က သေနတ်ဖြင့် ပစ်ခတ်လိုက်၏။

ကျည်ဆန်က ချင်းယွဲ့ဟုခေါ်သော အမျိုးသမီး၏ ရင်ဘတ်အား တည့်တည့်မတ်မတ် ထွင်းဖောက်သွား၏။

သို့သော် ထိုသူ့အား သတ်လိုက်ရသည်ဟူသော ခံစားချက်မျိုး မရလိုက်၍ သူ မျက်မှောင်ကြုတ်သွားမိသည်။

ကျွမ်းကျင်သော လက်ဖြောင့်တပ်သားတစ်ဦးအနေဖြင့် သူသည် သေနတ်တစ်ချက်ပစ်ခတ်လိုက်တိုင်း ထိုကျည်ဆန်က ရန်သူကို သတ်နိုင်သည် မသတ်နိုင်သည်ကို ခံစား၍သိနိုင်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ မျက်လုံးကို အဖြူရောင်အဝတ်စ စည်းထားသော ထိုအမျိုးသမီးကို သတ်နိုင်လိုက်သည်ဟု မခံစားခဲ့ရ။

တကယ်လည်း ထိုအတိုင်းပင်ဖြစ်ခဲ့သည်။

ကျည်ဆန်က ချင်းယွဲ့၏ ရင်ဘတ်ကို ထွင်းဖောက်သွားသော်ငြား ချင်းယွဲ့သည် မြေပြင်တွင်ဒူးထောက်လျက် မီးခိုးဖြူတစ်လိပ်အဖြစ်သို့ ပြောင်းလဲကာ ထိုနေရာ၌ပင် ပျောက်ကွယ်သွားလေ၏။

သူမ ပြန်ပေါ်လာသောအခါ ချင်ဖုန်း၏ဘေးတွင် ရပ်လျက်ရှိနေသည်။ ပြန်ပေါ်ပေါ်လာချင်းမှာပင် သူမသည် မျက်လုံးကိုစည်းထားသော အဖြူရောင်အဝတ်စကို ဖြည်ချလိုက်သည်။

ထိုအခါ မြေခွေးတစ်ကောင်၏ မျက်လုံးများကဲ့သို့သော မျက်ဝန်းများ ပေါ်ထွက်လာလေ၏။

ချင်းယွဲ့က မျက်လုံးစည်းကို ဖယ်လိုက်ပြီး ရဲရှင်းဟွေ့ကို မကြည့်ဘဲ ဇီးကွက်အား လှည့်ကြည့်လိုက်သည်။

ဇီးကွက်သည်လည်း ချင်းယွဲ့၏ မျက်လုံးများကို သဘာဝအတိုင်း မြင်တွေ့လိုက်ရသည်။ ထိုမျက်လုံးများကိုတွေ့လျှင် ဇီးကွက်က အံ့ဩ၍ ကျောက်ရုပ်ကဲ့သို့ပင် ကြောင်ကြည့်မိသွားလေ၏။

ထိုသို့ကြောင်ကြည့်မိသွားသည်နှင့် ဇီးကွက်မှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားလေတော့သည်။

“ကဲ... လက်ဖြောင့်သမားကိုတော့ ငါထိန်းချုပ်ပြီးပြီ…. ချင်ဖုန်း မင်း ဒီတရုတ်ကောင်ကို ရှင်းလိုက်…..”

စကားဆုံးသည်နှင့် ချင်းယွဲ့က မူလနေရာသို့ပြန်ကာ ဒူးထောက်ထိုင်ချလိုက်လေသည်။ သူမသည် မျက်လုံးကို အဝတ်မစည်းတော့ဘဲ ရဲရှင်းဟွေ့ကိုပါ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဆွဲသွင်းရန် သူမ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်၏။

…

ချင်းယွဲ့က သူ့ကို စိုက်ကြည့်လာခိုက်တွင် သူ့စိတ်ထဲသို့ စိတ်စွမ်းအင်တစ်ခု ထိုးဖောက်ဝင်ရောက်လာရန် ကြိုးပမ်းနေသည်အား ရဲရှင်းဟွေ့ ခံစားလိုက်မိသည်။

သို့သော် ရဲရှင်းဟွေ့မှာ သာမညလူတစ်ယောက်မဟုတ်။ သူ့တွင် အထူးစွမ်းရည်များ ပိုင်ဆိုင်ထားသည့်အပြင် အစ်ကိုဖြစ်သူပေးအပ်ထားသော လျှို့ဝှက်ဝိညာဉ်ကျင့်စဉ်ကိုပါ လေ့ကျင့်ထားသူဖြစ်၏။ ချင်းယွဲ့အနေဖြင့် ရဲရှင်းဟွေ့အား ထိန်းချုပ်လိုပါက သူမ၏ စိတ်စွမ်းအင်သည် ရဲရှင်းဟွေ့ထက် အနည်းဆုံး နှစ်ဆခန့် သာလွန်နေရလိမ့်မည်။

ထိန်းချုပ်၍ မရနိုင်သော်ငြား ရဲရှင်းဟွေ့သည် တစ်စက္ကန့်မပြည့်တပြည့်သော အချိန်ကာလတစ်ခုအထိ အာရုံထွေပြားသွားခဲ့သည်။

ဤတစ်စက္ကန့်သည်ပင် အမျိုးသမီးနင်ဂျာတစ်ယောက်အတွက် ရဲရှင်းဟွေ့၏အနီးသို့ ချဉ်းကပ်ရန် လုံလောက်လှပေ၏။ သူမသည် ကူနိုင်းနှစ်ချောင်းကို ထုတ်ယူကာ ကန့်လန့်ဖြတ်ခုတ်ချက်ဖြင့် ရဲရှင်းဟွေ့၏လည်ပင်းကို လှီးဖြတ်လိုက်သည်။

ပြီးနောက် ချင်ဖုန်းက ကူနိုင်းများကို ပေါ့ပေါ့ပါးပါးပင် ပြန်သိမ်းလိုက်သည်။

“မွန်ဇူအိုနဲ့ သူ့လူတွေက တကယ့်ကို အသုံးမကျတဲ့ကောင်တွေပဲ…. ဒီလောက်လေးတောင် နိုင်အောင်မလုပ်နိုင်ကြဘူး…”

ချင်ဖုန်းက ခနဲ့တဲ့တဲ့ ရေရွတ်လိုက်၏။

ချင်ဖုန်းနှင့် မွန်ဇူအိုတို့မှာ အကြီးတန်းနင်ဂျာများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးကြားတွင် အခြေခံကျသော ကွာခြားချက်များ ရှိနေသည်ပင်။ မွန်ဇူအိုနှင့် သူ၏လက်အောက်ငယ်သားများမှာ အမွေအနှစ်အနည်းငယ်သာ လက်ဆင့်ကမ်းရရှိထားသော သာမန်နင်ဂျာများဖြစ်ကြပြီး ယခုအခါတွင်မူ နင်ဂျာများထက် လူသတ်သမားများနှင့် ပို၍ပင် တူညီနေပေပြီ။

ချင်ဖုန်းမှာမူ ထိုသို့မဟုတ်ချေ။ သူမသည် အွန်းမျို့ဂျီမျိုးနွယ်မှ ဆင်းသက်လာသော နင်ဂျာတစ်ဦး ဖြစ်သည်။ သူမတွင် ပြည့်စုံသော နင်ဂျာအမွေအနှစ်များ ရှိရုံသာမက အွန်းမျို့ဂျီပညာရပ်များနှင့် ပေါင်းစပ်ကာ အမျိုးမျိုးသော ထူးဆန်းအံ့ဩဖွယ် နင်ဂျူစုများကိုပင် ဖော်ထုတ်အသုံးချနိုင်စွမ်းရှိလေသည်။

…

“အား... နာလိုက်တာ။ မင်း တကယ်လက်သွက်တာပဲ”

ချင်ဖုန်း လှည့်ထွက်သွားခါနီးမှာပင် နောက်ကျောဆီက ရဲရှင်းဟွေ့ရဲ့အသံကို ကြားလိုက်ရ၏။

“ဟင်”

ချင်ဖုန်း ကြောင်အသွားကာ လှည့်ကြည့်လိုက်လျှင် သူ့လည်ပင်းကို အသာအယာလှုပ်ရှားနေသည့် ရဲရှင်းဟွေ့ကို တွေ့ လိုက်ရသည်။

ရဲရှင်းဟွေ့က သူမကို ‘လက်သွက်တယ်’ လို့ ချီးကျူးသည်ကို ချင်ဖုန်းကဖြင့် ဂရုမစိုက်။ သူမရဲ့ဝါသနာမှာ ရုပ်ရှင် ရိုက်တာနှင့် လူကြီးကလပ်များသို့ သွားရသည်ကိုနှစ်ခြိုက်တာကိုး။ နင်ဂျာအလုပ်နှင့် ချင်းသွဲ့၏ ကိုယ်ရံတော်ဆိုသည်က သူမ၏ တာဝန်အရ လုပ်ကိုင်နေရခြင်းသာ။

ရဲရှင်းဟွေ့ မသေသေးတာကို မြင်လိုက်ရသည့်အခါ ချင်ဖုန်းက ကူနိုင်းများကို ချက်ချင်းပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် ညာခြေဖြင့် မြေပြင်ကိုကန်ထောက်ကာ ရဲရှင်းဟွေ့ထံသို့ လင်းယုန်တစ်ကောင်လို ပျံဝဲသွားတော့၏။

“ရုပ်ကလေးကတော့ ကြည့်ကောင်းသား…ဒါပေမဲ့ နှမြောစရာပဲ...”

ရဲရှင်းဟွေ့က စိတ်ထဲတွင် သက်ပြင်းချရင်း သူ၏ သံမဏိလက်သည်းများကို ထုတ်လိုက်သည်။

ချင်ဖုန်းက သူ့လည်ပင်းဆီ လွှဲယမ်းလာသည့် ကူနိုင်းကို လျစ်လျူရှုလိုက်ပြီး သူ၏ အာဒါမန်တီယမ် လက်သည်းများ ဖြင့် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းဆီသို့ တိုက်ရိုက်ထိုးစိုက်လိုက်၏။

ရဲရှင်းဟွေ့ သူနှင့် အပြန်ပြန်အလှန်လှန်တိုက်ခိုက်ချင်နေမှန်း ချင်ဖုန်း ရိပ်စားမိလိုက်သည်။ ထိုသို့တွေးလိုက်မိသည်နှင့် ရှေ့သို့တိုးဝင်နေသောအရှိန်ကို ချက်ချင်းရပ်တန့်ကာ ညာလက်ထဲမှ ကူနိုင်းကို ပစ်လွှတ်လိုက်လေသည်။

သူမပစ်လွှတ်လိုက်သော ကူနိုင်းက ကျည်ဆန်တစ်တောင့်လိုပင် မြန်ဆန်လှပေသည်။

သို့သော် ရဲရှင်းဟွေ့၏ တုံ့ပြန်ပုံက ချင်ဖုန်းကို ကြက်သေသေသွားစေခဲ့၏။

ရဲရှင်းဟွေ့က သူ့ရင်ဘတ်ဆီ တိုးဝင်လာသော ကူနိုင်းကို လုံးဝဂရုမစိုက်။ ထိုအစား ချင်ဖုန်း ကူနိုင်းပစ်လွှတ်လိုက်၍ ဟန်ချက် ပျက်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသည်။

“ဖောက်”

ကူနိုင်းက ရဲရှင်းဟွေ့၏ ကိုယ်ခန္ဓာထဲသို့ ထိုးစိုက်ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့ကလည်း ချင်ဖုန်း၏ရှေ့သို့ ရောက်သွားပြီး လက်သည်းဖြင့် လွှဲကုတ်လိုက်၏။

“ဘုန်း”

ရဲရှင်းဟွေ့၏ လက်သည်းချက်မိသွားသည့် ချင်ဖုန်းက သစ်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ဘာ... ကိုယ်စားထိုးပညာရပ် ဒီကောင်က နင်ဂျူစု သုံးနိုင်တဲ့ နင်ဂျာအစစ်ပဲ”

တစ်ဖက်လူက နင်ဂျူစုပညာရပ်ကို တတ်မြောက်သော နင်ဂျာအစစ်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရဲရှင်းဟွေ့ လည်း စိတ်လှုပ်ရှားတက်ကြွလာတော့သည်။

သူက ဤနှင်ဂျာနှင့် အချီသုံးရာတိုင်အောင် တိုက်ခိုက်ရန် ကြံရွယ်နေစဉ်မှာပင် အဝေးမှ သေနတ်သံတစ်ချက်ကို ကြားလိုက်ရလေသည်။

ရဲရှင်းဟွေ့ လှည့်ကြည့်လိုက်သောအခါ သူနှင့် အချီသုံးရာတိုင် တိုက်ခိုက်ရမည်ဟု ထင်မှတ်ထားသော အမျိုးသမီး နင်ဂျာ ချင်ဖုန်း၏ ဦးခေါင်းသို့ ကျည်ဆန်ထွင်းဖောက်သွားကာ အနီနှင့်အဖြူရောင်အရည်များ မြေပြင်ပေါ်သို့ ကြဲ ပြန့်သွားသည်ကို တွေ့လိုက်ရတော့လေ၏။

…

သေနတ်ပစ်ခတ်လိုက်သူမှာ ဇီးကွက်မှလွဲ၍ အခြားသူမဟုတ်ချေ။

ဇီးကွက် ဘယ်လိုလွတ်မြောက်လာသလဲဆိုလျှင်တော့ ဘုရင်ဖြူက သူ့အား နှုတ်သီးဖြင့် ဆိတ်၍ နှိုးလိုက်သောကြောင့်ပင်။

ဇီးကွက်၏ စနိုက်ပါနေရာမှာ မီတာတစ်ထောင်ခန့် ကွာဝေးသည်။ ချင်းယွဲ့က အမှန်ပင် ပုံရိပ်‌ေယာင်ပညာကို အသုံးပြု၍ ဇီးကွက်အား ထိုထဲသို့ ကျရောက်စေခဲ့သော်လည်း... ဤမျှလောက်ရှည်လျားသော အကွာအဝေးတွင် ထိန်းချုပ်မှုအာနိသင်က များစွာအားပျော့သွားခဲ့သည်။ ဇီးကွက်၏ဘေးတွင် တစ်စုံတစ်ယောက်က ချောင်းဆိုးလိုက်ရုံမျှဖြင့် ပြန်နိုးထလာနိုင်သည်ပင်

ဇီးကွက်က နိုးထလာသည်နှင့် စကားတစ်ခွန်းမျှမဆိုဘဲ ရဲရှင်းဟွေ့နှင့် တိုက်ခိုက်နေသော ချင်ဖုန်းထံသို့ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

…

ရဲရှင်းဟွေ့မှာတော့ စကားပင်မပြောနိုင်တော့။ သူက နင်ဂျာအစစ်တစ်ယောက်နှင့်တွေ့ခိုက် တွင် နင်ဂျူစုပညာရပ်အချို့ကို မြင်တွေ့လိုသေးသော်လည်း ဇီးကွက်က သူ့ကို တစ်ချက်တည်းဖြင့် ပစ်သတ်လိုက်လေပြီ။

နောက်ဆုံးတွင်မူ ရဲရှင်းဟွေ့သည် ဒူးထောက်လျက်ရှိနေဆဲဖြစ်သော ချင်းယွဲ့ထံသို့သာ လှည့်ကြည့်လိုက်ရတော့လေသည်။

ချင်းယွဲ့ကတော့ ချင်ဖုန်း၏သေဆုံးမှုအပေါ် ခံစားချက်တစ်စုံတစ်ရာ မရှိပေ။ သူတို့၏ မျိုးနွယ်စုက ချင်ဖုန်းကဲ့သို့သော နင်ဂျာများစွာကို လေ့ကျင့်ပေးထားပြီး ၎င်းတို့မှာ အသုံးခံရန်အတွက်သာ ဖြစ်သည်။

သူမက ချင်ဖုန်း၏သေဆုံးမှုကို ဂရုမစိုက်။ သူမ အခုပိုပြီး စိတ်ဝင်စားနေသည်က သူမ၏ရှေ့မှ ရဲရှင်းဟွေ့ပင်။

ချင်ဖုန်းကိုယ်တိုင်က မသိလိုက်သော်လည်း သူမကတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်သည်။

ချင်ဖုန်းက ရဲရှင်းဟွေ့၏ လည်ပင်းကို လှီးဖြတ်လိုက်သော်လည်း ရဲရှင်းဟွေ့သည် မြေပြင်ပေါ်သို့ လဲကျမသွားခဲ့။ သူက ဒဏ်ရာကို လက်ဖြင့်ဖိထားလိုက်ရုံမျှဖြင့် ထိုဒဏ်ရာသည် တစ်စက္ကန့်ပင်မပြည့်မီအချိန်အတွင်းမှာပင် ပျောက်ကင်းသွားခဲ့သည်။

“ရှင့်နာမည် ကျွန်မကို ပြောပြနိုင်မလား”

ချင်းယွဲ့က ရဲရှင်းဟွေ့ကို ကြည့်၍ ပီသသော တရုတ်စကားဖြင့် မေးလိုက်သည်။

ရဲရှင်းဟွေ့ကတော့ ဤဂျပန်နိုင်ငံမှ မိန်းကလေးငယ်က တရုတ်စကားကို ကျွမ်းကျင်စွာ ပြောတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ငါ့နာမည်က ရဲပါ့ပါး (T/N ဖေဖေရဲ) မင်းငါ့ကို အဖေလို့ ခေါ်လို့ရတယ်”

ရဲရှင်းဟွေ့၏ မိတ်ဆက်စကားကိုကြားသော် ငယ်စဉ်ကတည်းက တရုတ်ယဉ်ကျေးမှုကို လေ့လာခဲ့သော ချင်းယွဲ့တစ်ယောက် သူမ၏ရှေ့မှလူက စနောက်နေမှန်း ချက်ချင်းသိလိုက်၏။ သို့သော်လည်း သူမ ဒေါသမထွက်ခဲ့ပါ။

“ဒါဆိုရင်တော့... မစ္စတာရဲ...”

ချင်းယွဲ့ စကားမဆုံးမီမှာပင် အဝေးမှ ဇီးကွက်က နောက်ထပ်တစ်ချက် ပစ်ခတ်လိုက်ပြန်သည်။

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ချင်းယွဲ့၏ ပုံရိပ်သည် မီးခိုးအဖြစ်သို့ တစ်ဖန်ပြောင်းလဲသွားသည်။

သူမ နောက်တစ်ကြိမ်ပေါ်လာသောအခါ ရဲရှင်းဟွေ့၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။

All Chapters