← Chapters

တိဗက်ဒေသရောက်လူစိမ်းတစ်ယောက်

Vol. 1 Ch. 67

တိဗက်ဒေသရောက်လူစိမ်းတစ်ယောက်

Vol. 1 Ch. 67

ထိုဆေးစရာစုတ်က အတော်လေးကပ်တီးကပ်ဖဲ့နိုင်သလို သိုင်းလောကအတွင်းမှ ပါရမီရှင်ဆိူသူများကိုပင်အထင်မကြီးတတ်ပေ။

ယခု သူ့လိုလူမျိုးကပင်လွန်စွာချီးကျူးစကားဆိုနေရာ ထိုကောင်လေး၏အရည်အချင်းကလည်းအမှန်ပင် ကောင်းမွန်ရပေမည်။

သို့သော် အဖိူးစု၏စိတ်ထဲတွင်သံသယတစ်ခုရှိနေ၍မေးလိုက်သည်။

“ ဒီတော့ မင်းက သူ့ကိုတပည့်အဖြစ်လက်မခံလိုက်ဘူးလား....”

အဖိုးစာ၏မေးခွန်း‌အဆုံး၌ အဖိုးဟွမ်၏မျက်နှာက ရှုံ့မဲ့သွားပြီးသူ၏အင်္ကျီလက်စကိုဝေ့ယမ်းကာ မာနကြီးသည့်လေသံဖြင့်ပြောလိုက်သည်။

“ မင်းကငါ့ကိုဘယ်လိုလူထင်လို့လဲ။ အဲဒိကောင်လေးက ထူးချွန်တဲပါရမီရှိတယ်ဆိုပေမယ့် ငါ့တပည့်ဖြစ်ဖို့တော့လိုအပ်သေးပါတယ်။

ဒီကောင်က ငါ့ရဲ့ကြည်ညိုစရာကောင်းတဲ့ဥပတိရုပ်ကိုမြင်တာနဲ့ဒူးထောက်ပြီးတော့ တပည့်ခံပါရစေလို့တောင်းပန်တာ။ ငါကလက်မခံလို့ ..”

အဖိုးဟွမ်၏လေသံကတည်ကြည်နေသော်လည်း အဖိုးစုကတော့ ယုံကြည်ဟန််မတူပေ။

ထိုအချိန်တွင် ရှောင်လင်ကျောင်းတော်တည်ရှိရာရှောင်ရှိတောင်နှင့် အတော်အတန်ဝေးကွာသည့်တောင်ထွတ်တစ်ခုပေါ်တွင် အသက်ဆယ့်ရှစ်နှစ်ခန့်ရှိမည့်လူငယ်လေးတစ်ယောက်သိုင်းပညာလေ့ကျင့်နေသည်။

အပေါ်ပိုင်းဗလာကျင်းကာ ခါးတွင်သားရေပိုင်းတစ်ခုကိုဝတ်ဆင်ထားသည့် ထိုလူငယ်လေး၏ခန္တာကိုယ်အပေါ်ပိုင်းက ကြွက်သားများအဖုဖုအထစ်ဖစ်ဖြင့်လွန်စွာကြံ့ခိုင်သန်စွမ်းလှပြီး သူ၏မြင့်မားသည့်အရပ်ကြီးကလည်း ခြောက်ပေခန့်ပင်ရှိပေမည် ။

နေလောင်ထား၍နီကြင်ကြင်ဖြစ်နေသည့်‌ဆံပင်များမှာ ပခူံးပေါ်တွင်ဝဲကျနေပြီး အနည်းငယ်ညိုအောင်းသည့်အသားအရေနှင့် နံငယ်ပိုင်းတစ်ခုကိုသာဝတ်ဆင်ထားသည့်သူ၏ပုံစံက တောတွင်းလူရိုင်းတစ်‌ယောက်နှင့်ပင်တူနေသည်။

သို့‌သော် သူ၏မျက်နှာက အ‌တော်ပင်နုနယ်သေးသည်ကိုတွေ့ရမည်ဖြစ်ပြီး ထူထဲသည့်မျက်ခုံးများ ပေါ်လွှင်သည့်နှာတံ ၊ ကြံ့ခိုင်သည့်မေးရိုးတို့ဖြင့် ရိုးသားပွင့်လင်းကာခင်မင်စရာကောင်းသည့်ရုပ်သွင်မျိုးရှိသည်။။

လူငယ်လေး၏လက်ထဲတွင်တော့ သူ၏ရုပ်ရည်နှင့်မအပ်စပ်သည့် ဗျက်ကျယ်ကာ ပိဿာအတော်များများလေးလံသည့်တစ်ဖက်သွားဓားမောကြီးတစ်လက်ကိုကိုင်ထားပြီး ပြင်းထန်ကြမ်းတမ်းလှသည့်တိုက်ကွက်များကိုတစ်ခုပြီးတစ်ခုထုတ်ဖော်နေသည်။

သူ၏ဘေးပတ်လည်တွင်သစ်ပင်များရှင်းလင်းထား၍မြေကွက်လပ်ဖြစ်နေသော်လည်း ဓားမော့ဒဏ်ကြောင့် နက်ရှိုင်းသည့်ဓားရာများဖြစ်နေသည်။

ဓားမော့သိုင်းလေ့ကျင့်နေသည့်လူငယ်လေးနှင့်ခပ်လှမ်းလှမ်းတွင် ခနော်နီခနော်တဲ့ဖြစ်နေသည့် တဲအိမ်တစ်လုံးရှိပြီး အမိုးများပင်ပေါက်ပြဲနေပြီဖြစ်သည့်ထိုတဲအိမ်မှာ လူငယ်လေးနေထိူင်ရာဘုံဗိမာန်ဖြစ်ဟန်တူသည်။

လွန်စွာလေးလံသည့်ဓားမောကြီးကိုသုံး၍ အနားယူခြင်းလုံးဝမရှိဘဲ တစ်မနက်လုံးလေ့ကျင့်နေသည့်တိုင် လူငယ်လေးကမောဟိုက်ပင်ပန်းပုံမရပေ။

ဤသည်က အထူးအဆန်းတော့မဟုတ်ပေ ။ အတွင်းပညာလေ့ကျင့်ခြင်းမရှိဘဲ ခန္တာကိုယ်သီးသန့်လေ့ကျင့်သည့်လူငယ်လေးထံတွင် အတွင်းအားတစ်စက်မှမရှိသည်ကသဘာဝဖြစ်ပင်ဖြစ်သည်။

သို့‌သော် ဓားလှံမတိုးသည့်အဆင့်သို့ရောက်လုနီးပါးဖြစ်နေသည့်သူ၏ခန္တာကိုယ်နှင့်သာမန်လူများထက်အဆများစွာသာလွန်သည့်ခွန်အားတို့က ထိပ်တန်းအဆင့်သိုင်းသမားများကိုပင်လက်ဗလာဖြင့်သတ်ဖြတ်နိုင်စွမ်းရှိပေသည် ။

သူ၏ဓားမော့တစ်ချက်ဝေ့ယမ်းလိုက်တိူင်း အတွင်းများလှိုင်းများသို့မဟုတ် ဓားရိပ်များထွက်ပေါ်မလာသော်လည်း ဓားမော၏အားကောင်းသည့်အရှိန်အဟုန်က လူတစ်ယောက်ကိုထက်ခြမ်းခွဲပစ်နိုင်သည့်အင်အားရှိသည်။

လူငယ်လေး၏ဓားကွက်များကရိုင်းစင်းပြီး များစွာလျှင်မြန်ခြင်းမရှိသည့်တိုင် လွန်စွာပြင်းထန်အားကောင်းသည့်အတွက် ထိပ်တန်းလွန်အဆင့်ရှိသည့်သိုင်းသမားများနှင့်ပင်ယှဉ်တိုက်နိုင်ပေမည်။

တိုက်ကွက်အတော်များများလေ့ကျင့်ပြီးနောက် လူငယ်လေးက ဓားမော့ကြီးကိုမြေပြင်တွင်စိုက်လိုက်ရင်း မကျေမနပ်ပုံစံဖြင့်ရေရွတ်လိုက်သည်။

“ ဟူး ....ဒီနေ့လေ့ကျင့်ရတာ သိပ်ပြိးစိတ်မပါဘူး ဆရာက ခရီးထွက်သွားပြန်ပြီ။ ပြီးတော့ စောစောစီးစီးရူးကြောင်ကြောင်အဖိုးကြိးနဲ့လာတိုးနေတယ်

သူကများငါ့ကိုတပည့်ဖြစ်ချင်သလားလေးဘာလေးနဲ့။ ငါ့ဆရာက သိုင်းလောကထဲမှာနာမည်ကြီးတဲ့ အမှောင်လက်ဝါးဝမ်းတဖြစ်‌နေတာကို သူ့လိုအရူးအဖိူးကြီးကိုငါကဘာလို့ဆရာတင်ရမှာလဲ...”

လူငယ်လေးက ခေါင်းယမ်းကာ စိတ်ထဲရှိအတွေးစများကိုရှင်းထုတ်လိုက်ရင်း နေရာတွင်ပင်ခြေချိတ်ထိုင်လိုက်သည်။

ထို့နောက် သံမဏိရုပ်ထုတစ်ခုလို တောင့်တင်းကြံ့ခိုင်လှသည့် သူ၏ခန္တာကိုယ်က မလှုပ်မယှဖြစ်သွားပြီး မျက်စေ့ကိုစုံမှိတ်ကာအတွင်းအားလေ့ကျင့်နေဟန်တူသည်။

သို့‌သော် လူငယ်လေးလေ့ကျင့်နေသည်က အတွင်းအားကျင့်စဥ်မဟုတ်ဘဲ မဟာနတ်ဆိုးခန္တာကိုယ်ဟုအမည်ရသည့် ခန္တာကိုယ်ကျင့်စဉ်တစ်ဦးဖြစ်ပြီး သူ့ဆရာစစကားအရဆိုလျှင် ထိုကျင့်စဉ်မှာ ခရမ်းရောင်သွေးလဂိုဏ်းသံမဏိဘုရင်ကျင့်ခဲ့သည့်ကျင့်စဉ်ဟုသိရသည်။

သိုင်း‌လောကသားတိုင်းလိုလို လိုချင်တပ်မက်ကြသည့် ဓားလှံမတိုးသည့်ခန္တာကိုယ်အဆင့်က ထိုကျင့်စဉ်၏ ပထမအဆင့်အောင်မြင်ရုံနှင့်ရရှိနိုင်ကာ အဆင့်သုံးဆင့်ပါရှိသည့်ထိုကျင့်စဉ်ကိုအဆုံးထိအောင်မြင်သွားပါက ရတနာစာရင်းဝင်လက်နက်များကိုကြောက်စရာမလိုသည်အထိအစွမ်းထက်လာ‌ပေမည်။

ထို့အပြင် ခန္တာကိုယ်အပြင်ပန်းကို ဓားလှံမတိုးသည့်အခြေအနေသို့ရောက်ရှိစေရုံသာမက ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းများကိုပါ မာကျောစေ၍ အတွင်းဒဏ်ရာရရှိမည်ကိုပင်ကြောက်စရာလိုမည်မဟုတ်ပေ။

ထို့ကြောင့် မဟာနတ်ဆိုးခန္တာကိုယ်ကျင့်စဉ်ကို ဖျက်ဆီးမရသည့်ခန္တာကိုယ်ကျင့်စဉ်ဟုလည်းခေါ်ဆိုကြပြီး ခရမ်းရောင်သွေးလဂိုဏ်း၏ သံမဏိဘုရင်မှာ ထိုကျင့်စဉ်ကိုအားကိုး၍ သိုင်းဝိဇ္ဇာအဆင့်ရှိသူကိုပင်သတ်ဖြတ်ဖူးပေသည်။

ယခု လူငယ်လေးက ထိုကျင့်စဉ်၏ပထမအဆင့်ကိုအောင်မြင်လုနီးပါးဖြစ်နေပြီး သူ၏ခန္တာကိုယ်က လွန်စွာမာကျောသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ ပြင်းထန်ကြမ်းတမ်းလှသည့်ဓားမော့သိုင်းကို အသုံးပြုက ထိပ်တန်းအဆင့််သိုင်းသမာများကိုပါသတ်ဖြတ်နိူင်သည့် ထိုလူငယ်လေး၏အသက်က ဆယ့်ငါးနှစ်ခန့်သာရှိသည်ကိုသိုင်းလောကသားများသိရှိသွားပါမူ အမှန်ပင်အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။

&&&

တိဗက်ဒေသ

တိဗက်ဒေသဟုဆိုလိုက်လျှင် လွန်စွာမြင့်မားလှသည့်တောင်စဉ်တောင်တန်းများ၊ ဆောင်းတွင်းအခါ ဆီးနှင့်များပိတ်ဖုံးနေပြီး အရိုးကွဲလုမတတ်အေးစိမ့်သည့်ရာသီဥတု ၊ မကြာခဏတိုက်ခတ်လာတတ်သည့်နှင်းမုန်တိုင်းများ၊ ပြည်မကြီးနှင့်ဆက်သွယ်မှုနည်းပါးပြီး တသီးတသန့်နေထိုင်လေ့ရှိကြသည့်တိဗက်လူမျိုးစုများကိုပြေး၍မြင်ယောင်မိကြပေမည်။

ထိုအတိုင်းပင် တိဗက်ဒေသတွင် မြို့ကြီးဟူ၍ လာဆာမြို့တစ်ခုဟာရှိပြီး ကျန်ရှိနေသည့်မြို့ငယ်ရွာငယ်များမှာ စည်ကားမှုများစွာမရှိဘဲ ဒေသခံများကလည်း ပုံမှန်အတိုင်းအေးချမ်းစွာနေထိုင်ရှင်သန်နေကြပေသည် ။

တိဗက်လူမျိုးစုအများစုကတည်နေရာအတည်တကျမရှိဘဲတစ်နေရာမှတစ်နေရာသို့သွားလာရွေ့ပြောင်းနေတတ်ကြ၍လည်း မြို့ရွာများနည်းပါးကခြင်းဖြစ်သည်။

ယခုအချိန်တွင်မူကား နွေဦးရာသီရောက်စဖြစ်၍ ဆောင်းအခါက တစ်ရာသီလုံးကျဆင်းနေသည့်ဆီးနှင်းများရပ်တန့်သွားပြီဖြစ်သော်လည်း အေးမြခြောက်သွေ့မှုကားကျန်ရှိနေဆဲပင်။

မြို့ငယ်လေးတစ်မြို့၏ ဆင်ခြေဖုံးအရပ်ရှိ အရက်ဆိုင်ငယ်တစ်ခုထဲတွင် လူအနည်းငယ်သာရှိသည်။။

ဆိုင်ထဲတွင်ဖိုထားသည့်မီးလင်းဖိုနှင့် ပြတင်းပေါက်များကိုပိတ်ထားကာ ဝင်ပေါက်တံခါးကိုပင်အနည်းငယ်သာဟထား၍ ဆိုင်အတွင်းရှိလေထုကနွေးထွေးလှသည်။

ဤဆိုင်ငယ်လေးမှာ အဖိုးယန်ဆိုသည့်လူတစ်ယောက်ပိုင်ဆိုင်သည့်အရက်ဆိုင်လေးဖြစ်ပြီး မြို့ငယ်လေးတစ်ခုတည်းသောအရက်ဆိုင်လည်းဖြစ်သည်။

မြို့ခံလူဦးရေကအတော်လေးနည်းပါးပြီး လာဆာမြို့တော်သို့သွားရောက်သည့်ကုန်သည်တန်းများတစ်ခါတစ်ရံနားနေမှုကြောင့်သာ မြို့လေးရှိအခြားဆိုင်များနည်းတူ အဖိုးယန်၏ဆိုင်လေးလည်းဆက်လက်လည်ပတ်နိုင်ခြင်းဖြစ်သည်။

အဖိုးယန်၏ဇာတိက ပြည်မကြီးမှဖြစ်သော်ငြား မြို့ငယ်လေးသို့လာရောက်အခြေချနေထိုင်သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သည်။

အဖိူးယန်ဟုဆိုသော်ငြား ဆိုင်ရှင်၏အသက်က ခြောက်ဆယ်မပြည့်တပြည့်သာရှိဦးမည်ဖြစ်ပြီး သန်စွမ်းဖျက်လက်နေဆဲပင်ဖြစ်သည်။

သူ၏ကောင်းမွန်သည့်အရက်ချက်လုပ်နည်းနှင့် ဖော်ရွေသဘောကောင်းကာ လူတိုင်းနှင့်အဆင်ပြေအောင်ပေါင်းသင်းနိုင်မှုကြောင့် အဖိူးယန်၏ဆိုင်လေးက အလျှင်အမြန်ပင်နာမည်ရလာကာမြို့ခံလူများက ယခုဆိုလျှင် အဖိုးယန်ကို သူတို့၏ဒေသခံတစ်ဦးကဲ့သို့ပင်သက်မှတ်နေကြပြီးဖြစ်သည်။

ယနေ့တွင်တော့ အေးစက်သည့်လေပြင်းများတိုက်ခတ်နေ၍ လမ်းမများထက်တွင် သွားလာသူနည်းပါးပြီး အများစုက အိပ်ယာထဲတွင် ဇိမ်ဖြင့်ကွေးနေကြသည်။

မသောက်ရမနေနိုင်သည့်အရက်ဂျိုးအချို့နှင့် စကားစမြည်ပြောလိုသူအနည်းငယ်သာ အဖိူးယန်၏ဆိုင်လေးသို့အရောက်လာကြပြီး ဆိုင်ထဲတွင် လူခုနစ်ဦးရှစ်ဦးသာရှိသည်။

အိမ်တွင်အလုပ်ရှိဟန်မတူသည့် ထိုလူများက အရက်ကိုဖြေးညင်းစွာသောက်ရင်း အကြောင်းမရှိအကြောင်းရှာစကားပြောနေကြသည်မှာ မီးလင်းဖိုဘေးရှိကောင်တာတွင်ထိုင်နေသည့်အဖိုးယန်ပင်ငိုက်မြည်းသည်အဆင့်ထိပင်။

ထိုအခိုက်ဆိုင်တံခါးကိုအပြင်ဘက်မှတစ်စုံတစ်ယောက်တွန်းဖွင့်လာသည့်အတွက် ဆိုင်တံခါးတွင်ချိတ်ထားသည့်ခေါင်းလောင်းလေးနှစ်ခုကအသံမြည်လာသည်။

“ ချွမ် ချွမ်...”

ရုတ်တရက်ထွက်ပေါ်လာသည့်ခေါင်းလောင်းသံချိုချို‌လေးများကြောင့် ငိုက်မြည်းစပြုနေသည့်အဖိုးယန်လည်းဆက်ခနဲဖြစ်သွားပြီး စားပွဲဝိုင်းများကိုဆက်ကာ တစ်စုထဲထိုင်၍ စကားပြောနေကြသူများပင် ဆိုင်ထဲသို့ဝင်ရောက်လာသူကိုစူးစမ်းလိုသည့်အကြည့်ဖြင့်ကြည့်လိုက်ကြသည်။

အကြောင်းက ဆိုင်ထဲသို့နောက်ထပ်ရောက်ရှိလာသူက အနက်ရောင်ဝတ်ရုံရှည်ကြီးတစ်ထည်ကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာကို လူမြင်မခံလိုဟန်ဖြင့် ခေါင်းစွပ်နက်ကြီးကိုပါစွပ်ထား၍ဖြစ်သည်။

ဖုန်မှုန့်များကပ်ညိနေသည့်သူ၏အနက်ရောင်ဝတ်ရုံနှင့် နောက်ကျောရှိအဝတ်ထုပ်တို့ကိုကြည့်၍ အခြားဒေသတစ်ခုခုမှခရီးပြင်းနှင်လာသူတစ်ဦးဖြစ်ကြောင်းသိရှိနိုင်သည်။

ဆိုင်ထဲရှိဒေသခံများလည်း ထူးခြားသည့်သဏ္ဍာန်ရှိသူကိုကိုကြည့်ရှုနေရာမှ စပ်စုလိုသည့်တစ်ယောက်က မေးလိုက်သည်။

“ မိတ်ဆွေက..ပြည်မကြီးကလာတဲ့လူတစ်ယောက်ထင်တယ်။ တန်တော့ လောဆာကိုသွားမလို့လား...”

အခြားလူတစ်ယောက်၏ကိုယ်ရေးကိုယ်တာကိုစပ်စုသည့်အပြုအမူကရိုင်းပြရာရောက်သော်လည်း ထိုလူက အခြားအတွေးမရှိဘဲ သိလိုစိတ်ကြောင့်မေးလိုက်ခြင်းဖြစ်သည် ။

အနက်ရောင်ဝတ်ရုံရှင်ကလည်း သူစအဝတ်ထုပ်လေးကိုအသာဖြုတ်၍ စားပွဲပေါ်တွင်တင်ကာ ထိုလူ၏မေးခွန်းကိုပြန်ဖြေလိုက်သည်။

“ ဟုတ်ပါတယ် ကျုပ်က ပြည်မကြီးကနေလာတာ ။ ဦးတည်ရာက လာဆာရယ်လို့တော့မဟုတ်ပါဘူး။ ဒီလိုပဲလာခဲ့တာပါ ...”

အနက်ရောင်ဝတ်ရုံရှင်၏စကားကယဉ်ကျေးပျူငှာသော်လည်း လေသံက ခံစားချက်ကင်းမဲ့ဟန်တူပြ ယခုအချိန်ထိသူ၏ခေါင်းစွပ်ကြီးကိုလည်းမချွတ်သေးပေ။

ထိုစဉ် ငိုက်မျဉ်းနေရာမှလန့်နိုးလာသည့်အဖိုးယန်က ရေနွေးကြမ်းအိုးနှင့်ပန်းကန်နှစ်လုံးကိုကိုင်၍ လူစိမ်း၏အနီးသို့ရောက်လာကာ သူ၏ထုံးစံအတိုင်း မေးလိုက်သည်။

“ ဒီကဧည်သည်က ဘာသုံးဆောင်မလဲ။ ကျုပ်ရဲ့ဆိုင်မှာကတော့ အရက်ပဲအဓိကရောင်းတယ်။ အမြည်းအနေနဲ့ကသုံးလေးမျိုးရှိပေမယ့် ဗိုက်ဆာဆယ်ဆိုရင်တော့ သက်သက်လွတ်ခေါက်ဆွဲမှာနိုင်ပါတယ်...”

မိသားစုဝင်ဟူ၍ တစ်ယောက်မှမရှိဘဲ အလုပ်သမားလည်းမငှားသည့်အဖိူးယန်၏ဆိူင်ထဲတွင် ဆိုင်ရှင်လည်းသူ၊ စားဖိုမှူးလည်းသူဖြစ်၍ စားပွဲထိုးတာဝန်ကိုလည်း သူတစ်ဦးထဲသူယူထားရသည်။

လူစိမ်းက အတော်စကားများဟန်တူသည် ။ သူက အဖိုးယန်၏မေးခွန်းကိုမတုံ့ပြန်သေးဘဲ အစောပိုင်းကမေးလိုက်သည့်လူကိုကြည့်ကာ မည်သူမှရိုက်မစစ်ဘဲ သူလာရင်းကိစ္စကို ထုတ်ပြောလိုက်သည်။

“ တကယ်တော့ ကျုပ်က နှစ်အတော်ကြာကွဲသွားတဲ့မိတ်ဆွေတစ်ဦးကိုလာရှာတာပါ။ သူက တိဗက်ဒေသကိုရောက်‌‌နေတယ်လို့ကြားလို့။

သူ့နေရာကို အတိအကျမသိပေမယ့် နာမည်ကတော့ အရိပ်လို့ခေါ်တယ် ပြီးတော့ အရင်တုန်းက ခရမ်းရောင်အဝတ်အစားနဲ့ကုန်သည်အဖွဲ့မှာအတူလုပ်ခဲ့ဖူးတယ် ...”

“ ခွမ်း.. “

လူစိမ်း၏စကားအဆုံး၌ အဖိုးယန်၏လက်ထဲရှိရေနွေးအိုးနှင့်အကြမ်းပန်းကန်နှစ်လုံးက အောက်သို့ပြုတ်ကျ၍ တစ်စစီကွဲသွားတော့သည်။

All Chapters