← Chapters

မိတ်ဟောင်းဆွေဟောင်း

Vol. 1 Ch. 68

မိတ်ဟောင်းဆွေဟောင်း

Vol. 1 Ch. 68

အဖိုးယန်၏လက်ထဲမှရေနွေးအိုးနှင့် အကြမ်းပန်းကန်နှစ်လုံးက အောက်သို့လွတ်ကျသွားတော့သည်။

မြေဖြင့်ပြုလုပ်ထားသည့်အရာများဖြစ်၍ ဆိုင်ကြမ်းပြင်နှင့်ရိုက်မိသည့်အခါ အစိတ်စိတ်အမွာမွာဖြစ်သွားပြီး ပူလောင်သည့်ရေနွေးစက်များက အဖိူးယန်နှင့်လူစိမ်းတို့နှစ်ဦးစလုံး၏ခြေထောက်များကိုစိုရွှဲသွားစေသည်။

သို့‌သော် သူတို့နှစ်ဦးစလုံးက အသံတစ်စက်မှမထွက်ဘဲ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကြသည်။

ခေါင်းစွပ်နက်အောက်မှ စူးရှအေးစက်သည့်မျက်လုံးများက အရောင်တဖျက်ဖျက်လက်နေပြီး အမြဲလိုလိုပြုံးနေတတ်သည့်အဖိုးယန်၏မျက်နှာက အံ့အားသင့်ခြင်း ၊ မယုံကြည်နိုင်ခြင်းစသည့်အမူအယာများရောယှက်နေသည်။

“ အဖိုးယန် ခင်ဗျား အဆင်ပြေရဲ့လား..”

ဟိုဘက်စားပွဲရှိလူများထဲမှ တစ်ယောက်က အဖိုးယန်ကိုမေးလိုက်သည်။

သူ၏စကားကြောင့် အဖိုးယန်၏ခန္တာကိုယ်ဆက်ခနဲဖြစ်သွားပြီး ပြန်သတိဝင်လာကာ ပြုံး၍ခေါင်းယမ်းပြလိုက်သည်။

“ ကျုပ်ဘာမှမဖြစ်ပါဘူး လက်ချော်သွားလို့ပါ။ ဒါနဲ့ ခင်ဗျားတို့ကို အားနာတယ်ဗျို့ ကျုပ်သိပ်ပြီးနေမကောင်းလို့ ဒီနေ့တော့ စောစောဆိုင်ပိတ်တော့မယ် ...”

အဖိုးယန်က ထိုလူ၏မေးခွန်းကိုပြန်ဖြေလိုက်ပြီး တစ်ပါထဲထပ်‌ပြောလိုက်သည်။

အဖိုးယန်၏စကားကြောင့် ကျန်လူများလည်းအံ့ဩသွားကြပုံပေါ်သော်လည်း စိတ်ရင်းကောင်းသူများပီပီ အဖိုးယန်ကို စိုးရိမ်စွာဖြင့် စကားအနည်းငယ်ပြော၍ တစ်ဦးပြီးတစ်ဦးထွက်ခွာသွားကြသည်။

ထူးဆန်းသည့်အချက်ကား အနက်ရောင်ဝတ်ရုံဝတ်လူစိမ်းက သူ၏နေရာတွင်မရွေ့ဘဲထိုင်နေပြီး လူအားလုံးထွက်ခွာသွားကြသည့်တိုင် ထမည့်ပုံမရသေးပေ။

“ ကျွီ....”

မြို့ခံများအားလုံးထွက်ခွာပြီးသည့်နှင့် အဖိုးယန်က ဆိုင်တံခါးကို လုံးဝပိတ်ချလိုက်ပြီး လူစိမ်း၏အနီးတွင်ကျနေသည့် ပန်းကန်အကွဲများကိုရှင်းလင်းလိုက်သည် ။

ထို့‌နောက် စကားတစ်ခွန်းမှမဆိုဘဲငွေသိမ်းစားပွဲနောက်ရှိဗီရိုနားတွင်ရှိသည့် အရက်အိုးများတန်းစီထားသည့်အထဲမှနှစ်အိုးနှင့် အရက်ခွက်များကိုယူကာ လူစိမ်း၏စားပွဲသို့သွားလိုက်သည်။

အဖိုးယန်မှာ လူစိမ်း၏ရှေ့တွင်ဝင်ထိုင်ကာ သူ၏လက်ထဲမှအရက်အိုးများကိုချ၍ လူစိမ်းကိုတစ်ခွက်ငှဲ့ပေးလိုက်သလို သူကိုယ်တိုင်လည်း တစ်ခွက်မော့သောက်လိုက်သည်။

အအေးဓာတ်လွန်ကဲသည့်တိဗက်လိုနေရာမျိုးတွင် ပူလောင်ပြင်းရှသည့်အရက်အမျိုးအစားက လူကြိုက်များပြီး အဖိုးယန်၏အရက်ကား သောက်သုံးသူကိုရီဝေဝေခံစားချက်တစ်ခုကိုပါရရှိစေ၍ မြို့ငယ်လေးတွင်လူကြိုက်အများဆုံးအရက်ဆိုင်ဖြစ်နေခြင်းဖြစ်၏။

လူစိမ်းက အဖိုးယန်ကိုမကြည့်ဘဲ သူ၏ရှေ့ရှိအရက်ခွက်ကိုမော့သောက်၍ ခေါင်းတညိမ့်ညိမ့်ဖြင့်ချီးကျူးလိုက်သည်။

“ ကောင်းလိုက်တဲ့အရက်ပဲ ...”

လူစိမ်းက အဖိုးယန်ငှဲ့ပေးသည့် အရက်ကိုတစ်ရှိန်ထိုးမော့သောက်ပြီးသည့်အခါ အဖိုးယန်က နောက်တစ်ခွက်ထပ်ငှဲ့ပေးလိုက်ပြီး လူစိမ်းကိုစူးစိုက်ကြည့်၍ဖြေးညင်းစွာပြောလိုက်သည်။

“ မတွေ့တာကြာပြီပဲဝမ်းတ ...”

အဖိုးယန်၏စကားကြောင့် လူစိမ်းက သူ၏ခေါင်းစွပ်နက်ကြီးကိုချွတ်ချလိုက်သည်။

အသက်လေးဆယ်ကျော်အရွယ်ရှိကာ တည်ကြည်ပြီး ယောင်္ကျားပီသသည့်မျက်နှာတစ်ခုကထွက်ပေါ်လာသည်။

သူ၏ရုပ်ရည်က ကြည့်ကောင်းသည့်အထဲတွင်ပါဝင်သော်လည်း အရယ်အပြုံးမရှိအေးစက်စက်မျက်နှာထားနှင့်စူးရှသည့်အကြည့်တို့ကြောင့် အနည်းငယ်ကျောချမ်းစရာပုံစံပေါက်နေသည်။

ဝမ်းတက အဖိုးယန်ကိုစူးစိုက်ကြည့်လိုက်ပြီး အေးစက်တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကျုပ်တို့မတွေ့တာ ဆယ်နှစ်ကျော်ပြီအရိပ်။ ခင်ဗျားက အခုလိုဇာတ်မြုပ်ပြီးနေလိမ့်မယ်လို့ကျုပ်မထင်ဘူး ။ ဒီအတောအတွင်းမှာ ကျုပ် ခင်ဗျားကိုနေရာအနှံ့လိုက်ရှာခဲ့ရတယ်။

ခင်ဗျားလိုအရည်အချင်းတွေရှိတဲ့လူတစ်ယောက်က အခုလိုချောင်ကျတဲ့နေရာတစ်ခုမှာ သေဆုံးတဲ့အထိနေထိုင်သွားမှာတော့မဟုတ်ဘူးမလား...”

ဝမ်းတ၏အေးစက်စက်မေးခွန်းကြောင့် အဖိူးယန်က သက်ပျင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ငါ သိုင်းလောကထဲကိုပြန်မဝင်ချင်တော့ဘူး။ အရိပ်တပ်ဖွဲ့မှာ ငါအပါအဝင် လူလေးယောက်ပဲကျန်ခဲ့တော့တယ်။ ငါက သူတို့သုံးယောက်နဲ့မဆုံဖြစ်တာတောင် လေးငါးနှစ်ရှိပြီ။

ပြီးတော့ ခရမ်းရောင်သွေးလဂိုဏ်းရဲ့သစ္စာရှိဂိုဏ်းသားအများစုက ကျုံဟွာတောင်တိုက်ပွဲမှာ သုတ်သင်ခံလိုက်ရသလို သိုင်းလောကထဲမှာ ကျန်ခဲ့တဲ့တချို့ကလည်း အဖြူရောင်သိုင်းလောကသားတွေရဲ့လက်ချက်ကြောင့် သေပြေးရှင်ပြေးပြေးခဲ့ရပြီး အခုဆိုရင် လူဘယ်လောက်မှကျန်ခဲ့မှာမဟုတ်တော့ဘူး။

ငါတို့ရဲ့သခင်ကလည်း ပထမဓားသခင်ရဲ့လက်ချက်ကြောင့်သေဆုံးပြီးဖြစ်သလို သံမဏိဘုရင်ကလည်း သိုင်းလောက‌သားတွေရဲ့လက်ချက်နဲ့အဲဒိနေရာမှာတင်အသတ်ခံခဲ့ရပြီလေ။

မင်းတောင် အမှောင်ကျေးရွာကလူတွေကြောင့် ထူးထူးဆန်းဆန်းနဲ့ အသက်မသေခဲ့တာမဟုတ်လား ။

ဒီလိုအခြေအနေမျိုးမှာ ငါက ဘယ်လိုလုပ်ပြီးသိုင်းလောကထဲကိုဝင်နိုင်တော့မှာလဲ...”

အဖိုးယန်၏လေသံမှာ အားအင်လျော့နည်း၍ တိုးဖျော့နေကာ စိတ်ဓာတ်ကျဆင်းနေဟန်တူသည့် ထိုအဖိုးအိုကတစ်ချိန်က သိုင်းလောကကိုအုပ်စိုးလုနီးပါးဖြစ်ခဲ့သည်ည ခရမ်းရောင်သွေးလဂိုဏ်းထဲတွင်အရေးပါသည့်နေရာကိုရရှိခဲ့သူဟုဆိုလျှင်မည်သူမှယုံကြည်နိုင်ကြမည်မဟုတ်ပေ။

သူ၏စကားကြောင့် ဝမ်းတုက လက်ထဲရှိအရက်ခွက်ကို စားပွဲပေါ်သို့ဆောင့်ချလိုက်ပြီး တင်းမာသည့်လေသံဖြင့်မေးလိုက်သည်။

“ ဒီတော့ ခင်ဗျားက အခုလိုပဲအရှုံးပေးတော့မှာပေါ့။ ကျုပ်ရဲ့ဆရာနဲ့ ခရမ်းရောင်သွေးလဂိုဏ်းသားတွေကိူ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတဲ့ သိုင်းလောကသားတွေကို ခင်ဗျားလက်စားမချေချင်တော့ဘူးလား...”

ဝမ်းတ၏လေသံက သိသိသာသာခတ်ထန်လာသော်လည်း အဖိုးယန်က ဝမ်းတ၏မျက်နှာကိုတည့်တည့်ကြည့်ကာ လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

“ မင်းပြောတာဟုတ်ပါတယ် ဒါပေမယ့် ငါက အခုချိန်ထိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပဲရှိသေးတယ်။ ငါ့ရဲ့ပါရမီနဲ့ သိုင်းဝိဇ္ဇာအဆင့်ကိုဒီတစ်သက်ရောက်မယ်လဲမထင်ပါဘူး ။

တကယ်လို့ ငါသာ သခင့်ရဲ့အဆင့်လောက်ရှိရင်တော့ အဲဒီနေ့က ကျုံဟွာတောင်တိုက်ပွဲမှာပါခဲ့တဲ့လူတွေအားလုံးကိုသွားပြီးလက်စားချေပြီးနေလောက်ပြီ...”

အဖိုးယန်၏စကားဆုံးသည်နှင့် ဝမ်းတက အထင်သေးသည့်ဟန်ဖြင့် မျက်နှာတစ်ချက်မဲ့လိုက်ပြီး ထပ်ပြောလိုက်သည်။

“ ခင်ဗျားရွေးချယ်တဲ့လမ်းက ဒါပဲလား။ တစ်ချိန်က သိုင်းလောကတစ်ခုလုံးရဲ့လျှို့ဝှက်ချက်တွေကိုသိရှိနိူင်ခဲ့တဲ့ ထိပ်တန်းအင်အားစုအားလုံးကိုထိုးဖောက်နိုင်ခဲ့တဲ့ အရိပ်အဖွဲ့ခေါင်းဆောင်ဆိုတာ အသုံးမကျတဲ့အရှုံးသမားတစ်ယောက်ဖြစ်နေပြီလား...”

ဝမ်းတက မည်သို့ပင်ပြောဆိုနေပါစေ အဖိူးယန်က သူ၏စိတ်ကိုပြောင်းလဲဟန်မတူဘဲ အရက်ကိုအိုးလိုက်မော့သောက်၍ အနည်းငယ်ဝမ်းနည်းသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဟုတ်တယ် ငါက အခုအသုံးမကျတဲ့အရှုံးသမားတစ်ယောက်ဖြစ်နေပြီ။ ဒီဆိုင်မှာ သေတဲ့အထိအေးအေးချမ်းချမ်းနေဖို့ကိုလည်းဆုံးဖြတ်ပြီးသွားပြီ ။မင်းမကျေနပ်ရင်ငါ့ကိုသတ်သွားလိုက်။ ငါကတော့ သိုင်းလောကထဲပြန်ဝင်မှာမဟုတ်တော့ဘူး ။

အရင်ကရွှေထီးဆောင်းခဲ့တယ်ဆိုတာ သခင်ကြီးရဲ့အင်အားကိုကိုမှီပြီးဖြစ်ခဲ့ရတာတွေပါ။ သခင်ကြီးမရှိရင် မင်းရောငါရောက သိုင်းလောကမှာဘာမှမဟုတ်တဲ့ကောင်တွေပဲ...”

“ ဟုချန်းစီ သူသိုင်းလောကထဲကိုပြန်ဝင်လာတယ်...”

ဝမ်းတ၏ကြားဖြတ်စကား‌ကြောင့် အဖိုးယန်က စကားပြောရင်းတန်းလန်းရပ်သွားတော့သည်။

မူလက ရီဝေဝေဖြစ်ပြီး ဝမ်းနည်းကြေကွဲနေဟန်တူသည့်သူ၏မျက်လုံးများထဲတွင်သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး ဝမ်းတ၏အင်္ကျီစကိုဆွဲကာ ခတ်ထန်သည့်ပုံစံဖြင့်အလောတကြီးမေးလိုက်သည်။

“ မင်းဘာပြောလိုက်တယ်.. “

အဖိုးယန်၏ ကြောက်စရာကောင်းသည်ပုံစံကိုမြင်သော်လည်း ဝမ်းတ၏အေးစက်စက်မျက်နှာကမပြောင်းလဲဘဲ သူ၏ဝတ်ရုံကိုဆူပ်ကိုင်ထားသည့်အဖိုးယန်၏ကိုရိုက်ဖယ်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“ ဟုချန်းစီက သိုင်းလောကထဲမှာရှိနေတယ်။ သူ့မှာ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုခုရှိပုံရတယ်...။

ဒီအကြောင်းကို လွန်ခဲ့တဲ့ခုနှစ်နှစ်က ဖုမိန် မသေခင်ကျုပ်ကိုပြောခဲ့တာ ။ သူ့နောက်ကိုလိုက်ပြီးသတ်တဲ့လူက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိတဲ့သိုင်းသမားတစ်ယောက်ပဲ။

သူက ဟုချန်းစီရဲ့လူပဲဖြစ်မယ်။ အဲဒီအချိန်က ကျုပ်ကလည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ပဲရှိသေးတော့ ဒီလူ့ထွက်ပြေးတာကိုမတားနိုင်ခဲ့ဘူး ။

ဖုမိန်က သူ့လက်ထဲက သေပြေးရှင်ပြေးပြေးလာပြီး ကျုပ်ဆီကိုဟုချန်းစီမသေတဲ့အကြောင်းကို ပြောပြခဲ့တယ်....”

ဝမ်းတ၏စကားအဆုံး၌အဖိုးယန်က တဖြေးဖြေးညိမ်သက်သွားပြီး စိတ်မကောင်းဟန်ဖြင့်ခေါင်းယမ်းလိုက်သည်။

“ ဖုမိန်လည်း သေသွားရှာပြီးကိုး ။ သခင်ကြီးအပေါ်တကယ်သစ္စာရှိတဲ့လူဟောင်းတွေက တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြသလို ကျန်ရှိနေတဲ့လူတွေကလည်းသိုင်းလောကသားတွေရဲ့အန္တရာယ်ကြောင့် ပုန်းအောင်းဇာတ်မြုပ်နေကြရတယ်။ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ...”

အဖိုးယန်က မချိတင်ကဲလေသံဖြင့်ရေရွတ်နေရာမှ သူ၏လေသံကတင်းမာခတ်ထန်လာပြီး သတ်ဖြတ်လိုသည့်ဟန်ဖြင့်ပြောလိုက်သည် ။

“ ဒါတွေအားလုံးက ဟုချန်းစီ ဆိုတဲ့ကောင်ရဲ့စနက်မကင်းဘူး ။ ပထမဓားသခင်ကြောင့် သခင်ကြီးသေဆုံးရတာဆိုပေမယ့် အဖြူရောင်သိုင်းလောကသားတွေအချင်းချင်းပေါင်းစည်းကုန်တာတွေ ၊ ကျုပ်တို့သတင်းအချက်အလက်တွေဖော်ထုတ်ခံလိုက်ရတာတွေအားလုံးက ဒီသစ္စာဖောက်ရဲ့လက်ချက်ကြောင့်ပဲ။

သူ့ကြောင့် ကျုပ်တို့ခရမ်းရောင်သွေးလဂိုဏ်းထဲမှာ အကွဲအပြဲတွေစတင်ခဲ့သလို ကောက်ကျစ်ပြီးမြေခွေးလိုအခွင့်ကောင်းချောင်းနေတဲ့ဒီကောင့်ကြောင့် အရိပ်တပ်ဖွဲ့လည်းလုံးဝပြိုကွဲခဲ့ရပြီ။

ကျုပ်ဘဝမှာ လူတစ်ယောက်ကိုဒီလောက်အထိသတ်ဖြတ်ချင်တာတစ်ကြိမ်မှမရှိခဲ့ဘူး။။ဒါပေမယ့် ကျုပ်အသက်သေဆုံးရမယ်ဆိုရင်တောင် ဒီကောင့်ကို ရအောင်သတ်သွားမယ်လိူ့ကျိန်ဆိုခဲ့ပြီးသား...”

အဖိုးယန်၏လေသံက နာကျဉ်းမှုများပြည့်နှက်နေပြီး ဝမ်းနည်း‌‌ဒေါသဖြစ်နေဟန်တူသည်။

ဝမ်းတကအဖိုးယန်ကို အေးစက်စူးရှသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေရာမှ လေးနက်သည့်လေသံဖြင့်ထပ်ပြောလိုက်သည်။

“ ဒါဆိုရင် ဟုချန်းစီကိုလက်စားချေဖို့ကျုပ်တို့လုပ်ဆောင်ရမယ်။ သူ့တစ်ယောက်ထဲက်ုဟုတ်ဘူး။ အဲဒီနေ့က ကျုံဟွာတောင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းဦးဆောင်တဲ့ ထိပ်တန်းအင်အားစုတွေအားလုံးကို ကျုပ်တို့လက်စားချေရမယ်...”

ဝမ်းတ၏လေသံက များစွာတင်းမာခတ်ထန်ခြင်းမရှိတော့သော်လည်း အရိုးကွဲမတတ်အေးစိမ့်နေပြီး သူ၏ခန္တာကိုယ်မှထွက်ပေါ်လာနေသည့် သတ်ဖြတ်လိုသည်အငွေ့အသက်များက အဖိုးယန်ကိုပင်အနည်းငယ်တုန်လှုပ်သွားစေသည်။

“ ဟုချန်းစီက လျို့ဝှက်ပြီးသိုင်းပညာခန့်မှန်းမရတဲ့အပြင် အလွန်အင်မတန်ဉာဏ်များကောက်ကျစ်တဲ့လူတစ်ယောက်ပဲ။

သူ့ကိုရှာတွေ့ဖို့တောင် ကျုပ်တို့အတွက်ခက်ခဲလှတယ်။ ပြီးတော့ ကျုပ်နဲ့တိုက်ခိုက်ခဲ့တဲ့သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူက ဟုချန်းစီရဲ့လက်အောက်ငယ်သားဖြစ်မှာ သေချာသလောက်ပဲ။

ဒီတော့ သူ့မှာ လက်အောက်ငယ်သားအများအပြားရှိရမယ်။ သူ့ရဲ့စရိုက်အရဆိုရင် ကြောက်စရာကောင်းတဲ့လျှို့ဝှက်အဖွဲ့အသည်းတစ်ခုခုကိုသူတည်ထောင်ထားတာဖြစ်ရမယ်.. “

All Chapters