ဟုချန်းစီဆိုသောလူ
Vol. 1 Ch. 69
ဝမ်းတ၏စကားကိုထောက်ခံသည့်ဟန်ဖြင့် အဖိုးယန်က အံကြိတ်၍ပြောလိုက်သည်။
“ ဒီကောင် ဂိုဏ်းကနေထွက်ပြေးသွားတော့ သူနဲ့အတူ အရိပ်တပ်ဖွဲ့က လူတစ်ဝက်ကျော်ကိုစည်းရုံးသွားနိုင်ခဲ့တယ် ။
ပြီးတော့ သိုင်းလောကထဲကထိပ်တန်းအင်အားစုတွေနဲ့တွဲလုပ်ပြီး ကျုပ်တို့ဂိုဏ်းရဲ့သတင်းအချက်အထက်တွေကိုဖော်ထုတ်ခဲ့တယ်။။
ဒါကြောင့် အဲဒီအချိန်ထဲက သူ့စိတ်ထဲမှာ အကြံအစည်တွေရှိနေပြီး အခုလိုအေးချမ်းတဲ့အချိမျိုးမှာ အမှောင်ထဲကနေ အဖွဲ့အစည်းတစ်ခုခုကိုလျှို့ဝှက်တည်ထောင်ထားမှာအသေအချာပဲ...”
အဖိုးယန်၏စကားအဆုံး၌ ဝမ်းတကလည်း ခေါင်းညိမ့်ပြ၍ဆက်ပြောလိုက်သည် ။
“ သေချာတာပေါ့။ သူ့ရဲ့အကြံအစည်တွေဘာပဲဖြစ်ပါစေ ကျုပ်တို့ကသူ့အကြံအစည်တွေကိုဖျက်ဆီးပစ်ရမယ်။ ပြီးတော့ သူ့ကိုလည်းအရက်စက်ဆုံးသေခြင်းမျိုးနဲ့ အသေခိုင်းရမယ်။
ဒါပေမယ့် သူ့ကိုရင်ဆိုင်ဖို့ ခင်ဗျားနဲ့ကျုပ် နှစ်ယောက်ထဲနဲ့တော့မဖြစ်နိုင်ဘူး....”
ဝမ်းတ၏ထောက်ပြမှုက အဖိုးယန်ကိုငေးငိုင်သွားစေပြီး တင်းမာသည့်မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။
“ ဒီအချက်ကိုဝင်မခံချင်ပေမယ့် မင်းပြောတာမှန်တယ်။
ဟုချန်းစီက သခင်ကြီးရဲ့မျက်စေ့အောက်ကတောင်သူ့ကိူယ်သူအချိန်အကြာကြီးဖုံးကွယ်ပြီးနေနိုင်ခဲ့တယ် ။
ဒီတော့ သူ့ရဲ့သိုင်းပညာက အလွန်ကြောက်စရာကောင်းမှာပဲ။ မင်းက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေပေမယ့် သူ့ကိုလုံးဝယှဉ်နိုင်မှာမဟုတ်ဘူး...”
အဖိုးယန်က ထိုသို့ပြောလိုက်သော်လည်း ဝမ်းတက ဒေါသမထွက်ဘဲ ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။
“ ကျုပ်လည်း ဒါကိုတွက်ဆပြီးပြီ။ ပြီးတော့ အရိပ်တပ်ဖွဲ့ထဲက တစ်ဝက်ကျော်ကိုတောင် သူ့ဘက်ဆွဲခေါ်နိုင်တဲ့ ဟုချန်းစီလိုလူတစ်ယောက်ဆီမှာ ကြောက်စရာကောင်းတဲ့လက်အောက်ငယ်သားတွေရှိမှာပဲ။
ကျုပ်တစ်ယောက်ထဲနဲ့ သူတို့ကိုရင်မဆိုင်နိုင်ဘူး။ ဒါကြောင့် ကျုပ်ကလည်း ဖုမိန်သေတဲ့နေကစပြီး ဟုချန်းစီကိုရင်ဆိုင်ဖို့အစီအစဉ်တွေဆွဲခဲ့တယ်။
ကျုပ်တို့အဖွဲ့အစည်းတစ်ခုတည်ထောင်ရမယ်။ ခရမ်းရောင်သွေးလဂိုဏ်းမှာလုပ်ခဲ့သလို လူတစ်ချို့ကိုလေ့ကျင့်ပေးဖို့ကျုပ်စီစဉ်ထားတယ်။။ သစ္စာရှိပြီး အမိန့်တစ်ခုထဲကိုနာခံလို့ အဖွဲ့အတွက်ဆိုရင် အသက်ကိုတောင်ပေးဝံ့တဲ့လူမျိူးတွေပေါ့...”
ဝမ်းတ၏ခိုင်မာပြက်သားသည့်စကားများကြောင့် အရိပ်၏မျက်လုံးများတောက်ပသွားသော်လည်း အနည်းငယ်စဉ်းစားပြီးနောက်ခေါင်းယမ်းလိုကိသည်။
“ ဒါပေမယ့် ဂိုဏ်းအဖွဲ့တစ်ခုတည်ထောင်ဖို့ဆိုတာ လူအင်အား ငွေအင်အားတွေအများကြီးလိုအပ်တယ်။ သခင်ကြီးတောင် ခရမ်းရေ င်သွေးလဂိုဏ်းအထွတ်အထိပ်ကိုရောက်ဖို့ အနှစ်နှစ်ဆယ်လောက်ကြိုးစားခဲ့ရတယ်မလား။
အရေးအကြီးဆုံးအချက်က မင်းက အင်အားကြီးအဖွဲ့တစ်ခုကိုတည်ထောင်နိုင်ရင်တောင် ဟုချန်းစီကိုယှဉ်နိုင်မယ့်လူမရှိရင်အသုံးမဝင်ဘူး။။
သိုင်းဝိဇ္ဇာအဆင့်ပညာရှင်တွေနဲ့ရင်ဆိုင်ရတဲ့အခါ အရေအတွက်ထက်အရည်အချင်းကအဓိကကျတာကို မင်းလည်းသိရဲ့သားနဲ့...”
ထိုအချက်များကို ကြိုတင်တွက်ဆထားဟန်ရသည့် ဝမ်းတ၏မျက်နှာကပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာရှင်းပြလိုက်သည်။
“ ကျုပ်ကို ကျုံဟွာတောင်ပေါ်မှာ ကယ်သွားတဲ့အမှောင်ကျေးရွာက လူတွေအကြောင်းကို ခင်ဗျားမသိသေးဘူးမလား...”
ဝမ်းတ၏စကားကြောင့် အဖိုးယန်၏မျက်နှာထက်တွင်ပင် ကြောက်လန့်သည့်အမူအယာတစ်ခုပေါ်လာပြီးခေါင်းကိုဖြေးညင်းစွာညိမ့်ပြလိုက်သည်။
ထိုစဉ်က တိုက်ပွဲကြီးမဖြစ်ပွားပြီး နှင်းငွေ့မိစ္ဆာသခင်၏အလောင်းကိုကာကွယ်၍ အလျှင်အမြန်ထွက်သွားခဲ့ပြီး နောက်တစ်ခေါက်သူပြန်ရောက်လာသည့်အခါ အနက်ရောင်ဝေါယာဉ်နှင့်မရှေးမနှောင်းပင်ဖြစ်သည် ။။
ထို့ကြောင့် ကြောက်စရာကောင်းသည့်သိုင်းဝိဇ္ဇာနှစ်ယောက် ၊ ရက်စက်သည့်အထမ်းသမားလေးယောက်တို့အပြင် နှင်းငွေ့မိစ္ဆာသခင်နှင့်တစ်စုံတစ်ရာပတ်သတ်နေဟန်တူသည့်အမျိူးသမီးကိုပါသူတွေ့ခဲ့ရသည်။
ထိုစဉ်က သိုင်းဝိဇ္ဇာါဆင့်အဖိုးကြီးနှစ်ယောက်နှင့်အမျိုးသမီးတို့၏သိုင်းပညာက လွန်စွာကြောက်စရာကောင်းသည့်အဆင့်ထိရောက်ရှိနေကာ သိုင်းလောကအတွင်းနှစ်ပေါင်းများစွာခြေမချတော့သည့် ရှောင်လင်ကျောင်းထိုင်ပင်လာရောက်တားဆီးရသည်အထိပင်။
ဝမ်းတ၏အေးစက်စက်မျက်နှာထက်၌ ရှားရှားပါးပါး လေးစားသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး သူ၏စကားကိုဆက်ပြောလိုက်သည်။
“ အဲဒီအမျိူးသမီးက သေမင်းခံတွင်းဝကိုရောက်နေတဲ့ ကျုပ်ကိုကယ်တင်ခဲ့ပြီး အစွမ်းထက်တဲ့သိုင်းပညာတောင်သင်ပေးခဲ့သေးတယ်။
သူ့ကျေးဇူးကြောင့် ကျုပ် လွန်ခဲ့တဲ့လေးနှစ်ထဲက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်လာခဲ့တာပဲ။
ဒါအပြင် ပိုပြီးထိတ်လန့်စရာကောင်းတာက အမှောင်ကျေးရွာက အဲဒီအမျိူးသမီးက ဆရာ့ရဲ့ချစ်သူဖြစ်နေတာပဲ ...”
ဝမ်းတ၏စကားကြောင့် အဖိုးယန်လည်း ကျောက်ရုပ်သဖွယ်ဖြစ်သွားပြီးအချိန်အနည်းငယ်ကြာမှ အံ့အားသင့်တုန်လှုပ်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။
“ ဒါကြောင့်ကိုး သခင်ကြီးရဲ့သိုင်းပညာသူမတူအောင်အစွမ်းထက်နေရတာနဲ့ ထိပ်တန်းသိုင်းပညာအများအပြားကို သူတတ်မြောက်နေရတာ။
လက်စသက်တော့ သူက သိုင်းလောကရဲ့ဒဏ္ဍာရီတစ်ခုဖြစ်တဲ့ဒီနေရာကလူခဲ့တာကိုး...”
အဖိုးယန်၏လေသံထဲတွင် အံ့ဩခြင်းမယုံကြည်နိုင်ခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့ရောယှက်ပါဝင်နေသည်။။
ဝမ်းတက သူ၏စကားကိုဆက်လိုက်သည် ။
“ အဲဒီနေ့က သေမင်းခံတွင်းဝကလွတ်ခဲ့ပြီး ကျူပ်ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။။ ဒါက ကျုပ်တို့ခရမ်းရောင်သွေးလဂိုဏ်းကိုဖျက်ဆီးခဲ့တဲ့လူတွေကိုလက်စား ချေဖို့နဲ့ နောက်ဆုံး ဆရာ့ကိုသတ်ဖြတ်ခဲ့တဲ့ပထမဓားသခင်ကိုတောင် ပြန်ပြီးသတ်ဖြတ်နိုင်ဖို့ပဲ...”
တည်ငြိမ်အေးစက်လှသည့် ဝမ်းတ၏စကားက ကြားရသူတိုင်းကိုကြက်သီးဖြန်းဖြန်းထသွားစေနိုင်ကာ အဖိုးယန်လည်း အလားတူခံစားလိုက်ရပြီး သူ၏မျက်လုံးများတောက်ပသွားသော်လည်း ခေါင်းယမ်းကာရေရွတ်လိုက်သည်။
“ ထိပ်တန်းအင်အားစုတွေကိုလက်စား ချေဖို့ဆိုတဲ့ ပထမအချက်က ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပထမဓားသခင်ကိုတောင် လုံးဝသတ်ဖြတ်နိုင်မှာမဟုတ်ဘူး။။သူက ကျုပ်တို့အားလုံးနဲ့ လုံးဝမတူညီတဲ့အဆင့်တစ်ခုမှာရှိနေတယ်...”
ဝမ်းနည်းစိတ်မကောင်းသည့်ဟန်ဖြင့် ရေရွတ်လိုက်သည့်အဖိုးယန်၏လေသံကအနည်းငယ်တုန်လှုပ်နေဟန်တူသည်။
မှန်ပေသည်။ သူတို့၏စိတ်ထဲတွင် နှင်းငွေ့မိစ္ဆာသခင်အတွက်သေလောက်အောင်လက်စားချေလိုစိတ်ပြင်းပြနေလျှင်ပင် သူတို့ထက်အဆပေါင်းများစွာသာလွန်နေသည့်ပထမဓားသခင်ကိုကားမည်သို့မှယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ဝမ်းတ၏မျက်ဝန်းများထဲ၌ ထူးဆန်းသည့်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး မဲ့ပြုံးပြုံး၍ အေးစက်စွာပြောလိုက်သည်။
“ အချိန်တန်လာရင် ပထမဓားသခင်ကိုယှဉ်နိုင်လောက်တဲ့လူတစ်ယောက်ပေါ်လာပါလိမ့်မယ် ။သူကပဲ ဟုချန်းစီကိုဖြေရှင်းပေးလိမ့်မယ်။။
ကျုပ်တို့က ဒီ့မတိုင်ခင် ကျုပ်တို့က ဟုချန်းစီနဲ့ယှဉ်နိုင်လောက်တဲ့အင်အားတစ်ခု တည်ဆောက်ထားဖို့လိုတယ် ။ ဒီအတွက် ခင်ဗျားကို ကျုပ်လိုအပ်တယ်...”
ဝမ်းတ၏လေသံထဲတွင် မယိုင်မလဲသည့်ယုံကြည်မှုတို့ပါဝင်နေပြီး မဖြစ်နိုင်သည့်အရာကို မပြောတတ်သည့်သူ၏အကြောင်းကိုကောင်းစွာသိရှိနေသည့် အဖိုးယန်လည်းလွန်စွာအံ့အားသင့်သွားမိသည်။
သူ၏စိတ်ထဲတွင် မူလက သိုင်းလောကမှဇာတ်မြုပ်၍ဤမြိူ့လေးတွင်သာ သေသည်အထိအေးချမ်းစွာဖြတ်သန်းရန်ရည်ရွယ်ခဲ့သော်လည်း ဟုချန်းစီဆိုသည့်နာမည်တစ်ခုနှင့်ပင်သိုင်းလောအတွင်းပြန်ဝင်ရန်လုံလောက်နေပြီဖြစ်သည် ။
“ စိတ်ချပါ သခင်ကြီးအတွက်လက်စားချေနိုင်မယ်ဆိုရင် ကျုပ်က ကျုပ်အသက်ကိုတောင်စွန့်လွှတ်ပြီးသားပဲ...”
အဖိုးယန်၏ခန္တာကိုယ်ကဖြောင့်မက်နေပြီး သူ၏ပုံစံက အရက်ဆိုင်ပိုင်ရှင်အဖိုးအိုတစ်ဦးနှင့်မတူတော့ဘဲ တိုက်ပွဲဝင်ရန်အသင့်ရှိနေသည့်စစ်သူကြီးတစ်ဦးအလားပင် ။
နောက်ရက်တွင်ကား မြို့ငယ်လေးရှိအရက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့်အဖိုးယန်တစ်ယောက် ပဟေဠိဆန်စွာပျောက်ဆုံးသွားခဲ့ပြီး သူ၏အရက်ကိုစွဲလမ်းနှစ်ခြိုက်သည့်ဇိုးသမားများကတော့ ထိုအကြောင်းကို နောင်နှစ်များကြာသည်အထိ သတိရတိုင်းပြောဆိုနေကြတော့ပေသည်။
&&&&
မြောက်ပိုင်းဒေသ
လောင်းကစားမြို့တော်
ယခုရက်ပိုင်းအတွင်း လောင်းကစားမြို့တော်ထဲ၌ ငွေဧည်သည်နှင့်ဒုတိယမြောက်သေမင်းနက်ဆိုသည့်စကားလုံးက ပျံ့နှံ့နေသည်။
လူစည်ကားရာ စကားဝိုင်းများထဲတွင်မကြာခဏပါလာတတ်သည့်စကားက ထိုစကားလည်းဖြစ်ပြီး လောင်းကစားမြို့တော်လို ပရမ်းပတာဖြစ်သညိ့နေရာမျိုး၌ ယခုလိုတစ်စုံတစ်ခုအကြောင်းကိုရက်အတော်ကြာပြောနေကြသည်က အနည်းငယ်ထူးဆန်းပေသည် ။
သို့သော်လည်း ထိုအကြောင်းကို လူအတော်များများပြောဆိုနေကြပြီး မြို့၏ထိပ်တန်းအဖွဲ့အစည်းများကပင်အရုံစိုက်နေကြသည်ဟု သတင်းသဲ့သဲ့ကြားရသည်။။
ငွေဧည့်သည်နှင့် ဒုတိယမြောက်သေမင်းနက်ဆိုသည်က လူနှစ်ယောက်ကိုရည်ညွှန်းခြင်းဖြစ်သော်လည်း အကြောင်းအရာကတစ်ခုထဲဖြစ်သည်။။
အကြောင်းက လွန်စွာကြွယ်ဝချမ်းသာသည့်သူဌေးကြီးတစ်ဦးက ရွှေတုံးများနှင့် သိန်းဂဏန်းခန့်ရှိမည့်ငွေလွှဲလက်မှတ်များကို သယ်၍လျှောက်သွားနေသည့်အပြင် သူရောက်ရာနေရာတိုင်းတွင်လည်း စိတ်တိုင်းကျသူံးဖြုန်းခဲ့သည့်အတွက်ဖြစ်သည်။
ထူးဆန်းသည့်ထိုသူဌေးကြီးက ယခင်ကကျော်ကြားသူတစ်ဦးမဟုတ်သော်လည်း ယခုအခါ လောင်းကစားမြိူ့တော်ထဲရှိလူတိုင်းလိုလိုကသူ့ကိူသိရှိနေပြီဖြစ်သည် ။
အကောင်းစားငွေရောင်ဝတ်စုံကိုဝတ်ဆင်တတ်ပြီး အသုံးအစွဲကြမ်းကာ တည်ကြည်ခန့်ညားသည့်သူဌေးကြီးကို လောင်းကစားမြို့တော်ရှိလူများက ငွေဧည့်သည်ဟုခေါ်ကြသည်။။
ထို့အပြင် ကောလဟာလများအရ သူဌေးကြီးထံတွင် အဖိူးမဖြတ်နိုင်သည့်ကျောက်မျက်ရတနာများပါရှိသည့် ကျွန်းသေတ္တာငယ်လေးလည်းရှိသည်ဟုသိရပြီး ထိုသေတ္တာလေးကိုကား သူဌေးကြီးက ကိုယ်နှင့်မကွာဆောင်ထားပေသည်။
ထို့ကြောင့် သူဌေးကြီး၏စည်းစိမ်းဥစ္စာများကိုလိုချင်တပ်မက်သည့်လူများစွာက သူဌေးကြီးကိုသတ်ဖြတ်နိုင်ရန်နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ကြပေသည်။
သို့သော် ထိုလူများအားလုံးမှာ သူဌေးကြီး၏တစ်ဦးတည်းသောသက်တော်စောင့်၏လက်ချက်ကြောင့်သေဆုံးခဲ့ကြရပြီး အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ကာ ခမောက်နက်ကိုအမြဲလိုလိုဆောင်းထားသည့်ထိုသက်တော်စောင့်ကိုလူများက ဒုတိယမြောက်သေမင်းနက်ဟု ခေါ်ကြပေသည်။
ထိုသေမင်းနက်မှာ တစ်ချိန်ကလောင်းကစားမြို့တော်တွင်နာမည်ကြီးခဲ့ဖူးသည့်သေမင်းနက်၏သွင်ပြင်နှင့်ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က လောင်းကစားမြို့တော်တွင် သေမင်းနတ်ဆိုသည့်လူတစ်ယောက်ရှိခဲ့ဖူးပြီး ပဟေဠိဆန်သည့်ထိုလူကလည်းအနက်ရောင်ဝတ်စုံကိုအမြဲလိုလိုဝတ်ဆင်ကာ ခမောက်တစ်လုံးကိုဆောင်ထားတတ်သည်။
ထိုလူ၏ဓားသိုင်းကလွန်စွာကြောက်မက်ဖွယ်ကောင်းပြီး မည်သူ့ကိုမှရန်စခြင်းမရှိသော်လည်း သူ့ကိုလာရောက်တိုက်ခိုက်သူများကိုမူ လုံးဝအလွတ်မပေးဘဲသတ်ဖြတ်တတ်သည်။
တစ်ကြိမ်က သေမင်းနက်မှာ မြို့ထဲရှိအဖွဲ့ကြီးနှစ်ခု၏တိုက်ပွဲကြားတွင် အေးအေးဆေးဆေးအရက်သောက်နေကာ ကြေးစားလောကတွင်နာမည်ကြီးလှသည့် ဓားပျံချောင်းယွမ်ကိုတစ်ကွက်ထဲဖြင့်သတ်ဖြတ်ခဲ့ဖူးသည်။
ထိုတိုက်ပွဲက သူ၏နာမည်ကိုအထွတ်အထိပ်ထိရောက်ရှိစေသော်လည်း ထိုညတွင်ပင် စား သောက်ဆိုင်၌ဖျော်ဖြေသည့်တေးသံရှင်မိန်းကလေးတစ်ဦးကိုခေါ်ဆောင်ကာ လောင်းကစားမြို့တော်မှထွက်ခွာသွားခဲ့သည်။
ထိုအကြိမ်က သေမင်းနက်ကိုလောင်းကစားမြို့တော်တွင်မြင်ရသည့်နောက်ဆူံးအကြိမ်ဖြစ်ပြီး နောက်ထပ်သူ့ကိုလောင်းကစားမြို့တော်တွင်မတွေ့ရတော့ပေ ။
ထိုအကြောင်းအရာများကို လောင်းကစားမြို့တော်ရှိလူများပင် မေ့လျော့စပြုနေပြိဖြစ်ပြီး ယခု သူဌေးကြီး၏သက်တော်စောင့်ကိုပြန်မြင်မှ သေမင်းနက်ကိုသတိရသွားကြကာ သက်တော်စောင့်အား ဒုတိယမြောက်သေမင်းနက်ဟုခေါ်ဆိုကြခြင်းဖြစ်သည် ။