← Chapters

ညဥ့်ဦးယံကပွဲ

Vol. 1 Ch. 72

ညဥ့်ဦးယံကပွဲ

Vol. 1 Ch. 72

“ ခင်ဗျားက တကယ့်ကိုဘယ်သူလဲ ..”

ထိုမေးခွန်းကို ဟန်ဝူတစ်‌ယောက် အံ့ဩတုန်လှုပ်စွာဖြင့်မေးလိုက်ခြင်းဖြစ်၏ ။

ထူးဆန်းသည့်သူဌေးကြီး၏ အကြောင်းကို သူယခင်ကလွန်စွာသိလိုစိတ်ဖြစ်မိသည့်တိုင် ယခုအခါ သူ၏ကိုယ်ဖော့ပညာကိုထုတ်ဖော်ခံလိုက်ရ၍ ထိုလူကလည်း သူ့အကြောင်းများကိုမည်သည့်အဆင့်ထိသိရှိနေမည်ကိုပါ စဉ်းစားလာမိသည်။

ဟန်ဝူမှာ သိုင်းပညာမြင့်မားသူတစ်ဦးဖြစ်သည့်အလျောက် ရိယောင့်လိုလူမျိုးကိုပင်သတိကြီးကြီးထားနေသော်လည်း ကြောက်ရွံ့ခြင်းတော့မဖြစ်မိ၌။

သို့တိုင် သူ၏ရှေ့ရှိသူ‌ဌေးကြီးကိုတော့ လုံးဝမခန့်မှန်းနိုင်၌။

သူဌေးကြီး၏ပုံစံက သိုင်းပညာလုံးဝတတ်မြောက်ဟန်မတူသော်လည်း ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင် ရိယောင်လိုလူမျိူးကိုလက်အောက်ငယ်သားအဖြစ်ခေါ်ထားနိုင်သည်က သူ၏အစွမ်းကိုပြသနေသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူဌေးကြီး၏သိုင်းပညာက သူမခနိ့မှန်းနိုင်သည့်အဆင့်ထိရောက်ရှိနေ၍ဖြစ်ရမည်။

တစ်ကိုယ်တည်းတွေးတောရင်း ဟန်ဝူ၏နောက်ကျောတွင်ချွေးများစိုရွှဲလာသည်။

အခြားလူများနည်းတူ ယခုတစ်ကြိမ်တွင် သူကိုယ်တိုင်လည်းကျားမြီးသွားဆွဲမိပြီဟုနားလည်လိုက်မိသည်။

ဟန်ဝူ၏တုန်လှုပ်နေသည့်အမူအယာကိုသတိပြုမိသော်လည်း သူဌေးကြီးက မသိဟန်ဆောင်ကာပြောလိုက်သည် ။

“ ကျုပ်မှာ နာမည်တွေသုံးလေးခုရှိခဲ့တယ်။ ခင်ဗျားကတော့ သူဌေးကြီးအဖြစ်သိတာဆိုတော့ သူဌေးကြီးလို့ပဲခေါ်ပေါ့...”

သူဌေးကြီး၏ ‌တည်ငြိမ်အေးဆေးသည့်ဟန်ပန်နှင့်ပြုံးယောင်သမ်းနေသည့်မျက်နှာကြောင့် ဟန်ဝူမှာ အနည်းငယ်စိတ်အေးသွားမိသည် ။

သို့သော် တစ်ဖက်လူ၏ အရာရာကိုဖောက်ထွင်းမြင်နိုင်သည့်အလားစူးရှသည့်မျက်လုံးတို့ကြောင့် သူ၏စိတ်ထဲတွင်ထိတ်လန့်မိဆဲဖြစ်သော်လည်း ကိုယ်ကို မက်မက်ထားကာ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကျုပ်က နန်ကုန်းဝူယောင်ပါ လက်ရှိမှာ ရွှင်ပျော်ပျော်အဖွဲ့ရဲ့ခေါင်းဆောင်ဆိုပါတော့. ...”

အကယ်၍ ဟန်ဝူ၏စကားကိုသာ လောင်းကစားမြို့တော်ရှိလူများကြားမိပါကလွန်စွာအံ့ဩသွားကြပေမည်။

သာမန်ဆိုင်တာဝန်ခံတစ်ဦးဟု သိထားသည့်ဟန်ဝူက နိုင်ငံအနှံ့ထင်‌ရှားကျော်ကြားသည့် နန်ကုန်းမိသားစုဝင်တစ်ဦးဖြစ်နေရုံသာမက လောင်းကစားမြို့တော်၏ထိပ်တန်းအဖွဲ့ဖြစ်သည့်ရွှင်ပျော်ပျော်အဖွဲ့၏ခေါင်းဆောင်ပါဖြစ်နေသည် ။

သို့‌သော် သူဌေးကြီးက အံ့ဩဟန်မပြဘဲခေါင်းညိမ့်ကာ အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကနန်ကုန်းဟောင်နဲ့အကြီးအကျယ်စကားများပြီး မိသားစုထဲကနေထွက်ခွာသွားတဲ့ ဒုတိယသားအကြောင်းကို ကျုပ်လည်းကြားပါတယ် ။ ဘာပဲဖြစ်ဖြစ် မင်းကကျုပ်နဲ့တွေ့တဲ့အချိန်မှာ ဟန်ဝူဆိုတော့ မင်းကိုဟန်ဝူလို့ပဲခေါ်တာပေါ့...”

သူဌေးကြီး၏ အေးဆေးသည့်စကားက ဟန်ဝူ့ကိုနောက်တစ်ကြိမ်တုန်လှုပ်သွားစေပြန်သည်။

သူက နန်ကုန်းမိသားစု၏ပါရမီရှင်တစ်ဦးဖြစ်ခဲ့သော်လည်း သိုင်းလောကတွင်ကျင်လည်မှုမရှိ၍ ကျော်ကြားမှုနည်းပါးပေသည်။။

ထို့ကြောင့်ပင် ဟန်ဝူဆိုသည့်နာမည်ဖြင့်လောင်းကစားမြိူ့တော်၌လာရောက်နေထိုင်ရာ သူ့အကြောင်းကိုမည်သူမှမသိကြခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က သူ၏ဖခင်နှင့်စကားများ၍ မိသားစုမှထွက်ခွာလာသည့်အဖြစ်ကိုလည်း လွန်စွာနည်းပါးသည့်လူအရေအတွက်သာသိထားပြီး မိသားစုထဲတွင်ပင်လူတိုင်းသိရှိခြင်းမရှိပေ ။

သူ၏ရှေ့ရှိလူက ထိုအကြောင်းအရာများကိုပါသိရှိထားရာ နန်ကုန်းဝူယောင် ( ဝါ) ဟန်ဝူ၏ရင်ထဲတွင် သူဌေးကြီးဆိုသည့် ထို့လူ့ကိုပို၍ပင်ကြောက်ရွံ့လေးစားလာမိသည်။

“ ဒီတော့ ခင်ဗျားက ကျုပ်ရဲ့အကြောင်းတွေကို ဘယ်လောက်အထိသိထားလဲ...”

ဟန်ဝူက သူဌေးကြီးကို သွေးတိုးစမ်းသည့်ပုံစံဖြင့်မေးလိုက်သည်။ သူ၏မေးခွန်းကြောင့် သူဌေးကြီးက သဘောကျစွာရယ်မောလိုက်ပြီး ခေါင်းညိမ့်၍ပြောလိုက်သည်။

“ မင်းက ငါ့ရဲ့လက်တံဘယ်‌လောက်အထိရှည်သလဲဆိုတာ သိချင်နေတာပဲ။

ပြောရရင် ငါလည်းအရာရာတိုင်းကိုတော့ သိနေတာမဟုတ်ဘူးပေါ့။ ဒါပေမယ့် နံရံတွေမှာနားတွေရှိတယ်ဆိုသလို မင်းတို့ပြဿနာတတ်ကြတဲ့အကြောင်းကိုတော့ အနည်းနဲ့အများသိထားတယ်။

မင်းက နန်ကုန်းမိသားစုခေါင်းဆောင်ဒုတိယသား ။ မိသားစုခေါင်းဆောင်အဖြစ်လျာထားတဲ့ မင်းအစ်ကိုကြီး နန်ကုန်းတိုင်နဲ့ မင်းရဲ့ညီမလေး နန်ကုန်းရင်တို့ရှိတယ်။

မင်းရဲ့စရိုက်ကထင်ထင်ပေါ်ပေါ်နေရတာကို မကြိုက်ပေမယ့် ငယ်ငယ်ထဲက အလွန်ထက်မြက်ပြီး အသက်ဆယ့်သုံးနှစ်မှာတင် မိသားစုအတွက်အရေးပါလူတစ်ယောက်ဖြစ်လာတယ်။

သိုင်းပညာဘက်မှာလည်း ပါရမီထူးချွန်ပြီး အသက်သုံးဆယ်မပြည့်ခင်မှာ အဆင့်လွန်ထိပ်သီးဆင့်ကိုရောက်ခဲ့တယ်။ အခုဆိုရင်‌တော့ မင်းက ရိယောင်နဲ့မတိမ်းမယိမ်းအဆင့်မှာရှိမှာပေါ့။

အချစ်ရေးကိုစိတ်မဝင်စားပေမယိ့ စီးပွားရေးကိုအလွန်စိတ်ဝင်စားပြီး မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီးကြိုးစားတတ်တယ် ။

ပြောရင် ဒီဘက်အနှစ်နှစ်ဆယ်အတွင်း နန်ကုနိးမိသားစုရဲ့တိုးတက်မှုကမင်းရဲ့စွမ်းဆောင်မှုသုံးပုံတစ်ပုံပါဝင်တယ်လို့ပြောလို့ရတယ်။ ငါပြောတာမှားလား ...”

သူဌေးကြီးက ဖြေးညင်းစွာပြောဆိုနေခြင်းဖြစ်သည့်တိူင် ဟန်ဝူမှာ သူ၏ဘဝအကြောင်းကိုတစ်စုံတစ်ယောက်ကမှတ်တမ်းတင်ထားသည့်အလားခံစားနေမိ၏ ။

သူ၏မိသားစုအတွင်းမှလူများပင် သူ့အကြောင်းကို သူဌေးကြီးလောက်သိရှိလိမ့်မည်မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က သည့်မတိုင်မီက သူ့အကြောင်းကိုကကြီးမှအအထိသိနေသည်ဟုပြောလျှင် ဟားတိုက်ရယ်မောပစ်မည်ဖြစ်သော်လည်း ယခုအခါသူ၏စိတ်ထဲတွင်တုန်လှုပ်မှုနှငိ့အံ့ဩမှုတို့သာရှိနေတော့သည်။

“ ကျုပ် ဆက်ပြီးပြောရဦးမလား...”

သူဌေးကြီး၏မေးခွန်းက အတွေးထဲတွင်နစ်‌မျောနေသည့်ဟန်ဝူ့ကိုလှုပ်နှိုင်းလိုက်သလိုဖြစ်သွားပြီးသူ၏တုန်လှုပ်မှုကိုထိမ်းချုပ်ကာ ခေါင်းယမ်းပြလိုက်သည်။

“ ရပါပြီ ဒီလောက်ဆိုရင် ကျုပ် ခင်ဗျားရဲ့အစွမ်းအစကိုရိပ်မိပါပြီ။ ဒါနဲ့ ခင်ဗျားက ဒီမြို့ကိုဘာကြောင့်လာခဲ့တာလဲ ။

လောင်းကစားမြိူ့တော်က သာမန်လူ‌တွေအတွက် တုန်လှုပ်စရာအတွေ့အကြုံတွေအများရှိဆီးကြိုနေမှာဖြစ်ပေမယ့် ခင်ဗျားလိုလူတစ်ယောက် စိတ်ဝင်စားစရာဘာမှမရှိဘူးလားလို့ ...”

ဟန်ဝူ၏မေးခွန်းကမမှားဘဲ ထူးဆန်း၍ လျှို့ဝှက်လှသည့်သူဌေးကြီး၏အဆင့်ဖြင့်ဆိုလျှင် ဤလောင်းကစားမြို့တော်မှာ သေးငယ်သည့်နေရာလေးတစ်ခုသာဖြစ်သည်။

သူဌေးကြီးက ဟန့်ဝူ့ကိုစိုက်ကြည့်ရင်း ထူးဆန်းစွာပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည် ။

“ ကျုပ်မှာ ဒီကိုလာတဲ့အကြောင်းပြချက်ရှိပါတယ်။ ဒီကိုမှမဟုတ်ပါဘူး။ ကျုပ်နိုင်ငံအနှံ့လျှောက်သွားနေတာ နှစ်အတော်ကြာပါပြီ ။ ဒီမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံတွေများတော့ ရက်နည်းနည်းကြာအောင်နေလိုက်တာပေါ့...”

သူ‌‌ဌေးကြီး၏စကားက ဟန်ဝူ၏မျက်နှာကိုတောက်ပသွားစေပြီးအနည်းငယ်စဉ်းစား၍ပြနိဖြေလိုက်သည်။

“ ဒါဆိုရင် ညဥ့်ဦးယံကပွဲကို ခင်ဗျားကို ကျုပ်ဖိတ်ခေါ်ချင်တယ်။

အဲဒီကပွဲကို ဒီမြို့ရဲ့လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူတွေအားလုံးနီးပါးလာကြရုံတင်မဟုတ်ဘူး။ အချမ်းသာဆုံးအယောက်နှစ်ဆယ်စာရင်းဝင်သူဌေးအချို့နဲ့ သိုင်းလောကထဲကကျော်ကြားတဲ့လူတွေတောင်တတ်ရောက်ကြတယ်။။

ဒါတောင် ကျုပ်တို့က ဒီကိုရောက်နေတဲ့လူတွေထဲမှာ ထိပ်ဆုံးလူနှစ်ဆယ်ကိုပဲ ရွေးချယ်ပြီးဖိတ်ခေါ်တာ။ ‌ပြီးတော့ အစ်ကိုရိရဲ့မိတ်ဆွေဟောင်းကြီးတစ်ယောက်လည်း ရောက်လာဦးမယ်။။

ကျုပ်တို့ရွှင်ပျော်ပျော်အဖွဲ့ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ ခုနစ်ရက်မှတစ်ကြိမ်ပဲကျင်းပတဲ့ဒီကပွဲက ခင်ဗျားအတွက် စိတ်‌ကျေနပ်စေမှာပါ...”

ဟန်ဝူ၏လျှို့ဝှက်သည့်ပုံစံကြောင့် သူဌေးကြီး၏အမူအယာကအနည်းငယ်စိတ်ဝင်စားသွားပုံရကာ ခေါင်းညိမ့်ပြလိုက်သည်။

&&&&

ညဥ့်ဦးယံကပွဲ

ထိုနာမည်က လောင်းကစားမြို့တော်၏အထက်တန်းစားများတွင်သာပျံ့နှံ့နေသည့်နာမည်ဖြစ်ပြီး ထိုကပွဲကိုတတ်ရောက်ခွင့်ရသူတိုင်း ဂုဏ်ရှိန်ကြီးမြင့်သူများသာဖြစ်သည်ဟု အလွယ်မှတ်ယူနိုင်သည်။

ရွှင်ပျော်ပျော်အဖွဲ့အစည်းမှဦးစီးကာကျင်းပသည့်ထိုကပွဲက စင်စစ်‌တွေ့ဆုံပွဲသဘောမျိုးဖြစ်ကာ လောင်းကစားမြို့တော်သို့ရောက်ရှိနေသည့် ‌ဩဇာရှိသူများကိုစုစည်းပေးသည့်ပွဲဟုလည်းဆိုနိုင်သည်။

ထို့အပြင် ပွဲ၏အဓိကအစီအစဥ်ဖြစ်သည့် နတ်မိမယ်ခုနစ်ပါးအကက လောင်းကစားမြို့တော်တစ်ခုလုံးတွင်ပါကျော်ကြားပြီး နတ်သမီးတမျှလှပသည့်ထိုမိန်းကလေးခုနစ်ယောက်ကို ကပွဲတတ်ရောက်သူတိုင်းတန်းတန်းစွဲဖြစ်သည်ဟုဆိုကြသည်။

သို့သော်လည်း ထိုမိန်းကလေးများက ကပွဲတတ်ရောက်သူများထဲမှ သူတို့စိတ်ကျေနပ်သူများကိုလွတ်လပ်စွာရွေးချယ်ကြပြီး သူတို့နှင့်တစ်ညတာဖြတ်သန်းဖူးသူတိုင်း တစ်သက်မမေ့နိုင်စရာအတွေ့အကြုံမျိုးဖြစ်သည်ဟု တဖွဖွပြန်ပြောင်းအောင့်မေ့ကြသည်။

ထို့ကြောင့် ညဥ့်ဦးယံတွေ့ဆုံပွဲနှင့်နတ်မိမယ်ခုနစ်ပါးအကက လောင်းကစားမြို့တော်ရှိအထက်တန်းလွှာများ၏တွေ့ဆုံဆွေးနွေးပွဲနှင့် စိတ်ဖြေရာပွဲတော်ဖြစ်ကာ ခုနစ်ရက်တွင်တစ်ကြိမ်ကျင်းပသည့်ထိုပွဲကို ရွှင်ပျော်ပျော်အဖွဲ့အစည်းက ဦးစီးကျင်းပခြင်းဖြစ်သည်။

ညက တဖြည်းဖြည်းမှောင်မိုက်လာပြီး လောင်းကစားမြို့တော်ထဲတွင်တော့ ဆီမီးရောင်စုံများလင်းထိန်နေသည်။

ညအချိနိမှာ သာမန်မြို့ရွာများတွင်လူအိပ်ချိန်ဖြစ်သော်လည်း လောင်းကစားမြို့တော်ထဲတွင်ထိုအရာနှင့်ပြောင်းပြန်ဖြစ်ပြီး ညည့်နက်လေလူစည်ကားလေဖြစ်၏ ။

လမ်းမ၏ဘေးတစ်ဖက်တစ်ချက်ရှိစားသောက်ဆိုင်များ၊ အရက်ဆိုင်များတွင်လူများပြည့်နေသလို ညလုံးပေါက်ဖွင့်သည့်လောင်စကစားရုံများထဲတွင်လည်း လူများပြည့်ညက်နေပေသည်။

သို့သော်လည်း မြို့၏နံပါတ်တစ်စားသောက်ဆိူင်ဖြစ်သည့်ရွှင်ပျော်ပျော်စားသောက်ဆိုင်ကတော့ မှောင်ရီပျိုးသည်နှင့်ချက်ခြင်းပိတ်ကာမည်သည့်ဧည့်သည်မှလက်ခံခြင်းမပြုပေ။

ယနေ့ညတွင်တော့ ရွှင်ပျော်ပျော်စားသောက်ဆိုင်ဆီသို့ လူများတစ်‌ဦးချင်းလည်းကောင်း ၊ နှစ်ယောက်သူံးယောက်တစ်စုလည်းကောင်းဦးတည်၍သွားနေကြပြီး သူတိူ့၏လက်ထဲမှဖိတ်စာနက်လေးများကိုပြလိုက်ရုံနှင့် ဆိုင်ဝင်ပေါက်မှသိုင်းသမားများကဝင်ခွင့်ပြုပေသည်။

ပုံမှန်ဆိုလျှင် ဆိုင်ပေါက်ဝ၌ အဆင့်မြင့်သိုင်းသမားနှစ်ယောက်သာစောင့်ကြပ်လေ့ရှိသော်လည်း ယခုညတွင် အဆင့်မြင့်သိုင်းသမားလေးယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးတို့စောင့်ကြပ်နေသည်။

သူတို့က ဆိုင်ထဲသို့ဝင်မည့်လူများ၏ဖိတ်စာများကိုသေချာစွာစစ်ဆေးပြီးမှဝင်ခွင့်ပြုခြင်းဖြစ်ကာ ယခုလိုဖြစ်ရပ်မျိုးမှာ ခုနစ်ရက်လျှင်တစ်ကြိမ်ဖြစ်တတ်သည်။

ဆိုင်အတွင်းသို့ဖိတ်စာပြ၍ဝင်ခွင့်ရသူများကလည်း မြို့ထဲတွင်လွှမ်းမိုးနိုင်စွမ်းရှိသည့်ပုဂ္ဂိုလ်များ ၊ နိုင်ငံအနှံ့ကျော်ကြားသည့်သူဌေးများနှငိ့ သိုင်းလောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားသည့်လူများဖြစ်ကြသည် ။

ထိုမြင်ကွင်းကလမ်းသွားလမ်းလာများကိုအနည်းငယ်ထူးဆန်းသလိုခံစားရစေမည်ဖြစ်သော်လည်း လောင်းကစားမြို့၏မြို့ခံများကတော့ ရိုးအီနေပြီဖြစ်သည်။

အကြောင်းက ယခုညကား ခုနစ်ရက်တစ်ကြိမ်ကျင်းပသည့် ရွှင်ပျော်ပျော်အဖွဲ့အစည်း၏ ညဉ့်ဦးယံကပွဲဖြစ်သည်ကို သူတိူ့ကောင်းစွာသိရှိ၍ဖြစ်သည်။

All Chapters