ထူးခြားသည့်မိန်းကလေး၊ ချင်းတန်
Vol. 1 Ch. 75
သာယာသည့်ဗျပ်စောင်းသံထွက်ပေါ်လာသည်နှင့် မိန်းမချောလေးခုနစ်ယောက်၏တူရိယာသံများက လုံးဝရပ်တန့်သွားသလို သူတို့၏လှုပ်ရှားမှုများက နေရာတွင်ပက်ရပ်သွားကြသည်။
မသိလျှင် လောကကြီးတစ်ခုလုံး၏ အချိန်စက်ဝိုင်းက တိခနဲရပ်တန့်သွားသည်နှင့်မခြားဘဲ ဗျပ်စောင်းသံတစ်ခုသာထွက်ပေါ်နေသည်။
အစောပိုင်းက မိန်းမချောလေးခုနစ်ယောက်၏ဖျော်ဖြေမှုကို မီးတောက်နေသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသူများမှာ ယခုအခါလုံးဝငြိမ်သက်နေကြသည့်တိုင် သူတို့၏မျက်ဝန်းထဲရှိအလိုဆန္ဒက ပို၍ပင်အားကောင်းလာသည်။
အကြောင်းက ယခုထွက်ပေါ်လာမည့်သူမှာမည်သူမည်ဝါဖြစ်ကြောင်းကိုသူတို့ကောင်းစွာသိရှိ၍ဖြစ်ပြီး ထိုမိန်းကလေးနှင့်နှိုင်းယှဉ်ပါက လက်ရှိမိန်းမချောလေးခုနစ်ယောက်မှာ အတော်ပင်နိမ့်ကျသွားပေသည်။
ထိုအချိန်တွင် မိန်းမချောလေးခုနစ်ယောင်၏နောက်ဘက်ရှိကန်လန့်ကာက ဖြတ်ခနဲကျဆင်းသွားပြီး ပန်းပုရုပ်ထုလေးလိုလှပသည့်အချိုးအဆစ်ရှိသည့်မိန်းကလေးတစ်ယောက်ပေါ်ထွက်လာသည်။။
ထိုမိန်းကလေးမှာ ထိုင်လျက်အနေအထားဖြင့်ရှိနေခြင်းဖြစ်ပြီး သူမ၏ရှေ့တွင် ကြိုးတပ်ဗျပ်စောင်းရှည်တစ်ခုရှိသည်။
ထိုင်လျက်အနေအထားဖြစ်သည့်တိုင် မိန်းမလှလေး၏အချိုးအဆစ်ကျလှသည့်ခန္တာကိုယ်ကိုကောင်းစွာမြင်တွေ့နေရပြီး မို့မောက်သည့်ရင်အစုံ၊ သေးကျဉ်းသည့်ခါးသွယ်သွယ်လေးနှင့် ဖွံထားသည့်တင်ပါးတို့က ကျွမ်းကျင်သည့်ပန်းပုဆရာတစ်ဦးကအနုစိတ်ထုဆစ်ထားသည့်အလား အပိုအလိုမရှိကွက်တိကျနေသည်။
အနက်ရောင်ဝတ်ရုံရှည်မှာ သူမ၏ခန္တာကိုယ်ပေါ်တွင် ချပ်ရပ်စွာရှိနေပြီး ဖြူဖွေးလှပသည့်လက်ချောင်းသွယ်သွယ်လေးများကဗျက်စောင်းကြိုးများကိုအသာအယာ ထိတို့တီးခတ်နေသည်။။
သူမ၏မျက်နှာကိုလည်း အနက်ရောင်ပဝါပါးဖြင့်ဖုံးအုပ်ထားသော်လည်း ရွှန်းလဲ့တောက်ပသည့်မျက်ဝန်းနက်နက်လေးများက လွန်စွာလှပနေပြီး မျက်ဝန်းနက်ကြီးဖြင့်တစ်ချက်အကြည့်ခံရသူတိုင်း စွဲလမ်းနှစ်သက်စေမည့် ဆွဲဆောင်မှုမျိုးကိုပိုင်ဆိုင်ထားသည်။
ထိုမိန်းကလေးကား သူမ၏မျက်နှာကိုဖူံးကွယ်ထားသည့်တိုင် အခန်းထဲရှိလူတိုင်းကိုဆွဲဆောင်နိုင်ပြီး အနက်ရောင်ပဝါပါးလေးက သူမကိုပို၍ပင်ဆန်းကြည်ကာ ပိုင်ဆိုင်လိုစိတ်ပြင်းပြလာစေသည်။
ထို့ထက်ပို၍အံ့ဩဖွယ်ကောင်းသည့်ကမိန်းမလှလေး၏ဗျပ်စောင်းစွမ်းရည်ဖြစ်ပြီး အစောပိုင်းက မိန်းမချောလေးခုနစ်ယောက်၏ဖျော်ဖြေမှုကို ကောင်းမွန်သည်ဟုဆိုရပါလျှင် သူမ၏ဗျပ်စောင်းစွမ်းရည်ကို အကောင့်တကာ့အကောင်းဆုံးဟုညွှန်းဆိုရပေမည်။
သူမ၏ဗျပ်စောင်းသံက တိတ်ဆိတ်အေးချမ်းသည့်တောတောင်ထဲတွင် ညင်သာစွာစီးဆင်းလာသည့်စမ်းချောင်းလေးအလား လွန်စွာသိမ်မွေ့လှပြီး လူအားလုံး၏စိတ်ထဲမှဒေါသမောဟများကိုပင် လျော့နည်းသွားနိုင်စွမ်းရှိသည်။ ။
အစောပိုင်းက မိန်းကလေးကိုမြင်၍လိုချင်တပ်မက်စိတ်ဖြင့်တောက်လောင်နေကြသူများပင် ယခုအချိန်တခဏလေးတွင် သူတို့၏စိတ်ထဲရှိပူပန်မှုများကိုလွှတ်ချနိုင်ကာ တဒင်္ဂငြိမ်းအေးမှုကိုရရှိလာစေသည်။
ထိုဗျပ်စောင်းသံကြောင့် ခန်းမထဲရှိလူအားလုံးကျောက်ရုပ်များလိုငြိမ်သက်သွားကြသလို ဗျပ်စောင်းသံကိူအမြဲလိုလိုကြားဖူးသည့်ဟန်ဝူပင်မနေနိုင်ဘဲ စူးစိုက်ကြည့်လိုက်မိသည်။
ထိုမိန်းကလေးကား နတ်မိမယ်ခုနစ်ပါးထက်ပင် များစွာဆွဲဆောင်မှုရှိသေးသည်။
“ တကယ်အရည်အချင်းပြည့်ဝတဲ့မိန်းကလေးပဲ။ သူသာနန်းမြို့တော်မှာဖျော်ဖြေမယ်ဆိုရင် ဟိုကအနုပညာသည်တွေကို အချိန်ခဏလေးနဲ့ကျော်တတ်နိုင်မှာပဲ...”
သူဌေးကြီး၏တည်ငြိမ်သည့်အသံကြောင့် ဗျပ်စောင်းသံနှင့်မိန်းကလေး၏သွင်ပြင်တို့အောက်တွင် မိန်းမောသွားကြသည့်ကျန်သုံးယောက်မှာအထိတ်တလန့်ဖြစ်သွားကြသည်။
ဟန်ဝူနှင့် ဝူယွမ်တို့သာမကဘဲ သူဌေးကြီး၏နောက်တွင်ရှိသည့် ရိယောင်ပါ သာယာသည့်ဗျပ်စောင်းသံထဲတွင်နစ်မျောသွားခြင်းဖြစ်ပြီး သူဌေးကြီး၏အသံကိုကြားမှ ပြန်သတိဝင်လာကြကာ ကိုယ့်ကိုယ်ကိုအပြစ်တင်လိုက်မိခြင်းဖြစ်၏ ။
ထိုအခိုက် ဟန်ဝူနှငိ့ဝူယွမ်တို့မှာ သူဌေးကြီးကိုချက်ခြင်းလိုလိုကြည့်လိုက်ကြသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် မိန်းကလေးကိုစူးစိုက်ကြည့်နေသည့်တိုင်သူဌေးကြီး၏မျက်ဝန်းထဲတွင် အလိုဆန္ဒတို့မှမပါဝင်သလို သူ၏ပုံစံကလည်း ဗျပ်စောင်းသံထဲတွင်လုံးဝနစ်မျောဟနိမတူပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့ကိုပင် မိန်းမောတွေဝေသွားစေသည့် သူမတူအောင်ထူးခြားပြီးသာယာလှသည့်ဗျပ်စောင်းသံနှင့် တီးခတ်နေသည့်မိန်းကလေးတို့က သူဌေးကြီး၏အာရုံကို လုံလုံလောက်လောက်မဆွဲဆောင်နိုင်ခြင်းဖြစ်သည်။
ဟန်ဝူတို့နှစ်ယောက်၏အံ့ဩတုန်လှုပ်နေသည့်အကြည့်အောက်တွင် သူဌေးကြီးက အသာပြုံးလိုက်ပြီး ဟန်ဝူ့ကိုမေးလိုက်သည်။
“ ဒီကလေးမက ထူးခြားတယ် သူက ဘယ်လိုလုပ်ပြီး မင်းဆီကိုရောက်လာတာလဲ ..”
သူဌေးကြီး၏မေးခွန်းကြောင့်အနည်းငယ်ထူးဆန်းသလိုခံစားလိုက်မိသော်လည်း ဟန်ဝူကအသေအချာစဉ်းစားပြီး ခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်တယ် သူကနည်းနည်းတော့ထူးဆန်းတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဒီမြို့ကိုရောက်လာခဲ့တာဖြစ်ပြီး ကျုပ်ရဲ့အဖွဲ့ကိုဝင်ပါရစေလို့ လာပြီးခွင့်တောင်းခဲ့တယ် ။သူ့နောက်ကြောင်းကိုတော့စုံစမ်းမရခဲ့ဘူး။။
ဒါကတော့သိပ်ပြီးမထူးဆန်းပါဘူး ။ လောင်းကစားမြို့တော်ထဲမှာရှိတဲ့လူတိုင်းက နောက်ကြောင်းကိုလျှို့ဝှက်ထားတဲ့လူတွေအများစုရှိတာကိုး။ ကျုပ်တောင် ကျုပိရဲ့နောက်ကြောင်းကိုဖူံးကွယ်ထားသေးတာပဲ။
တကယ်ထူးဆန်းတဲ့အချက်က သူ့ရဲ့စရိုက်နဲ့စိတ်နေစိတ်ထားပဲ ။
ပြောရရင် သူကချဉ်းကပ်ရခက်တယ်လို့ပြောနိုင်သလို လွယ်ကူတယ်လို့လည်းပြောလို့ရတယ်။
သူ့ရဲ့ရုပ်ရည်၊ အရည်အချင်းနဲ့ဆိုရင်ဘယ်လိုမျိုးဂုဏ်သရေရှိပုဂ္ဂိုလ်မျိုးကိုမဆိုအလွယ်တကူလက်ထပ်လို့ရပြီး ဘဝတစ်ခုလုံး ဩဇာရှိရှိနေသွားလို့ရတယ်။။
သူသာလက်ခံမယ်ဆိူရင် သူ့ကိုလက်ထပ်ချင်နေတဲ့သူဌေးသူကြွယ်တွေ ၊ အစွမ်းထက်သိုင်းသမားတွေဆိုတာ ရေတွက်လို့တောင်မရဘူး။
ဒါပေမယ့် အခုချိန်ထိ ဘယ်သူကမှသူ့ကိုရအောင်မလိုက်နိုင်ကြဘူး...”
ဟန်ဝူ၏စကားကြောင့် သူဌေးကြီး၏အမူအယာကပင်စိတ်ဝင်စားသွားဟန်တူပြီး ဝူယွမ်က ပြူံး၍ရေရွတ်လိုက်သည်။
“ ဒီလိုဆိုငါတောင်နည်းနည်းစိတ်ဝင်စားသွားပြီ. ..”
ဝူယွမ်၏စကားကိုမတုံ့ပြန်ဘဲ ဟန်ဝူက ဆက်ပြောလိုက်သည်။
“ သူက ကျုပ်ရဲ့လက်အောက်ကဆိုပေမယ့် သူအလိုရှိတဲ့အချိန်ထွက်သွားနိုင်တယ်လို့ ကတိစကားထားပြီးသား ။
ပြောရရင် ညဉ့်ဦးယံကပွဲဆိုတာ သူ့ကိုအမှီပြုပြီဖြစ်ပေါ်လာတာလေ။ သူ့လိုအရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ကို ကျုပ်ကဘယ်လိုလုပ်ပြီးလက်လွှတ်ခံနိုင်မှာလဲ...”
ဝူယွမ်က စင်မြင့်ဘက်သို့တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည် ။
“ သူ့ရဲ့ထူးဆန်းတဲ့အကျင့်စရိုက်ကတော့ သူနဲ့တစ်ညတာလက်ခံတွေ့ဆုံတဲ့ဧည့်သည်တိုင်းဆီက သိုင်းသုံးကွက်အသင်ခိုင်းတာပဲ။
သူ့ရဲ့ဉာဏ်ရည်ကလည်းဘယ်လောက်အထိထက်မြက်လဲဆိုရင် အဲဒီသိုင်းသုံးကွက်ကို ညတွင်းချင်းတတ်မြောက်တယ်လို့ဆိုတယ်...”
ထိုနေရာအရောက်တွင် ဝူယွမ်ကထူးဆန်းသည့်အမူအယာဖြင့်ဖြတ်မေးလိုက်သည်။
“ နေပါဦး ဒါဆို သူက ဟိုမိန်းကလေးခုနစ်ယောက်လိုမျိူးပဲလား...”
ဝူယွမ်က စင်မြင့်ပေါ်တွင် ငြိမ်သက်စွာရှိနေသည့် နတ်သမီးခုနစ်ပါးကိုရည်ရွယ်၍မေးလိုက်ခြင်းဖြစ်သည်။
ထိုမိန်းကလေးများမည်မျှလှပချောမွေ့ပါစေ ကပွဲသို့တက်ရောက်သည့်လူများထဲမှ သူတို့သဘောအကျဆုံးလူတစ်ယောက်စီကို တစ်ညတာအိပ်ဖော်အဖြစ်ရွေးချယ်ရပြီး ဤသည်က ယခုလိုကပွဲမျိုးတွင်မထူးဆန်းပေ။
သို့သော် ဗျပ်စောင်းတီးခတ်ခြင်းလွန်စွာကောင်းမွန်လှပြီး ဆွဲဆောင်အားကောင်းလွန်းသည့်မိန်းကလေးပါ ထိုသို့သောမိန်းမမျိုးဖြစ်နေသည်ကို ဝူယွမ်ပင်အံ့ဩနေမိသည်။
ဝူယွမ်၏မေးခွန်းကို ဟန်ဝူကခေါင်းယမ်းပြ၍ဆက်ပြောလိုက်သည်။
“ သူ့ရဲ့တစ်ညတာဖြတ်သန်းတာဆိုတာက မတူဘူး ။ သူက ခန္တာကိုယ်ရောင်းစားတာမဟုတ်ဘဲ အဲဒီတစ်ညလုံးမှာ သူ့ဧည့်သည်ကို ဗျပ်စောင်း ၊ ကဗျာ၊ ပန်းချီ စတဲ့အနူပညာတွေနဲ့ဖျော်ဖြေတာဖြစ်တဲ့အပြင်သိုင်းလောကသားတွေဆိုရင်လည်း ဘယ်လိုအကြောင်းအရာမျိုးမဆိုဆွေးနွေးလို့ရတယ် ။
သူက သိုင်းပညာအများကြီးအဆင့်မမြင့်ပေမယ့် သိုင်းလောကနဲ့ပတ်သတ်တဲ့ဗဟုသုတအများကြီးရှိပြီး ငါ့စိတ်ထင် အခုနှစ်တွေမှာနာမည်ကြီးနေတဲ့သွေးကြက်တူရွေးတောင်သူ့လောက်အစုံအလင်သိဟန်မတူဘူး...
ဘယ်ရှုထောင့်ကပဲကြည့်ကြည့် နာမည်ကြီးအိမ်တော်တွေက သမီးပျိုတွေထက်သာလွန်တယ်။ ဒါတောင်မှ ဒီလိုပရမ်းပတာနေရာမျိုးမှာ ဘာကြောင့်အခုလိုလုပ်နေရတာလဲဆိုတာ စဉ်းစားလို့မရဘူး ...”
ဟန်ဝူ၏စကားကြောင့် ကျန်လူများအံ့အားသင့်သွားကြသလို ဟန်ဝူကိုယ်တိုင်လည်း ထိုအချက်ကိုအံ့အားသင့်နေမိသည်။
ထို့အပြင် သူ မပြောဘဲထားလိုက်သည့်အချက်တစ်ခုကား မိန်းကလေး၏ထက်မြက်လှသည့်ဉာဏ်ရည်ဖြစ်ပြီး ထိုမိန်းကလေးကား သူနှင့်အကြိမ်အနည်းငယ်တွေ့ရုံဖြင့် သူ၏ဇာတ်မြစ်ကိုမှန်းဆနိုင်ကာ နန်ကုန်းမိသားစုမှဖြစ်သည်ကို ဒက်ခနဲသိရှိခဲ့ပေသည်။
ထို့ကြောင့်ပင် ဟန်ဝူကိုယ်တိုင်လည်းမိန်းကလေးကို သာမန်လက်အောက်ငယ်သားလိုမဆက်ဆံဘဲ သူနှင့်တန်းတူမိတ်ဆွေတစ်ဦးလိုသာဆက်ဆံခဲ့ခြင်းဖြစ်သည် ။
ဟန်ဝူ၏စကားအဆုံး၌ သူဌေးကြီး၏မျက်နှာထက်တွင်ပင် စိတ်ဝင်စားသည့်အမူအယာတစ်ခုပေါ်လာပြီး ဟန်ဝူ့ကိုမေးလိုက်သည်။
“ သူ့ရဲ့နာမည်ကဘာတဲ့လဲ...”
ဟန်ဝူကစင်မြင့်ပေါ်ရှိ မိန်းကလေးရှိရာသို့ ငေးကြည့်ရင်း သူဌေးကြီး၏မေးခွန်းကိုပြန်ဖြေလိုက်သည်။
“ ချင်းတန်တဲ့... စန္ဒကူးဆိုတဲ့အဓိပ္ပာယ်ပေါ့...”
စမ်းချောင်းကလေးစီးဆင်းနေသလို သာယာသည်ြဗျပ်စောင်း၏ အသံက အမြင့်သံရောက်လာသော်လည်း လွန်စွာကောင်းမွန်နေသေးသည်။
ဗျပ်စောင်း၏စည်းချက်ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် အချိန်အနည်းငယ်ကြာအောင်မလှုပ်ယှက်ရှိနေကြသည့်မိန်းမချောလေးခုတစ်ယောက်က သူတိူ့၏အရောင်စုံအဝတ်အစားများကိုလှုပ်ယမ်းကာ လှပသည့်ရောင်စုံလိပ်ပြာလေးများသဖွယ်ဝံပျံကပြလာကြသည်။
မိန်းမချောလေးများ၏ အချိုးကျလှပသည့်ခန္တာကိုယ်လေးများကစင်မြင့်ထက်တွင် ဟိုမှသည်သို့ရွေ့လျားနေကြပြီး တဖြေးဖြေးအတက်ပိုင်းသိူ့ရောက်ရှိလာသည့်ဗျပ်စောင်းသံနှင့်လွန်စွာပနံသင့်လှသည်။
သူတို့၏ရောင်စုံအဝတ်အစားများကသက်တံတစ်ခုလိုအရောင်အသွေးစုံလင်နေပြီး ကကြိုးစုံလင်စွာအသုံးတော်ခံနေသည့် နတ်မိမယ်လေးများနှင့်ပင်ဆင်တူနေသည်။
ထိုမြင်ကွင်းက ကြည့်ရှုနေသူတို့၏စိတ်နှလုံးအစံကိုဆွဲကိုင်လှုပ်ယမ်းလို့်သလိုဖြစ်ပြီး အစောပိုင်းက ဗျပ်စောင်းသံကြောင့်သာယာအေးချမ်းနေသည့်စိတ်အစဉ်မှာ မီးတောက်တစ်ခုပေါက်ကွဲလာသလို အရှိန်အဟုန်ပြင်းပြင်းလှုပ်ရှားလာကြသည်။
ဤသည်က စစ်မှန်သည့်နတ်သမီးခုနစ်ဖော်အကဖြစ်ပြီး သူတို့အပတ်စဥ်စောင့်မျှော်နေကြသည့်ညဉ့်ဦးယံကပွဲ၏ အဓိကအကြောင်းရင်းလည်းဖြစ်ပေသည်။
ချင်းတန်၏ ဗျပ်စောင်းစွမ်းရည်ငား အလွန်ပင် မြင့်မားလှသည်။ ညင်သာမှုမှ ပြင်းထန်မှုကို တမဟုတ်ချင်းကူးပြောင်းနိုင်သလို တီးလုံးတိုင်းသည် တမူထူးခြားသော သွက်လက်မှုကိုပြသနေသည်။
သူမ၏ဗျပ်စောင်းသံကိုနားထောင်မိသူတိုင်းအချိန်များကုန်မှန်းမသိကုန်ဆုံးစေကာ လွန်စွာချောမောလှပသည့်မိန်းမချောလေးများ၏ကပြဖျော်ဖြေမှုတို့နှင့်တွဲစပ်ပါက နတ်ဘုံမှအစစ်အမှန်နတ်သမီးခုနှစ်ဖော်သူတို့၏ရှေ့မှောက်ရောက်ရှိနေသည့်အလားပင်။
ကကြိုးစုံလင်စွာ ကပြနေကြသည့်မိန်းမချောလေးခုနစ်ယောက်၏အလည်တွင်တည်ငြိမ်စွာထိုင်လျက်ဗျပ်စောင်းတီးခတ်နေသည့်ချင်းတန်ကတော့ တုနှိုင်းမမှီသည့်နတ်မိမယ်လေးဟုပင်ထင်ရသည်
ထိုအခိုက် ချင်းတန်၏မျက်ဝန်းနက်နက်များက ဖျက်ခနဲပင့်တက်လာပြီး ခန်းမထောင့်ရှိသူဌေးကြီးတို့လူစုကိုကြည့်ကာ ပဝါအောက်မှမျက်နှာထက်တွင် အပြုံးယောင်ယောင်လေးတစ်ခုထွက်ပေါ်လာတော့သည်။။