လျှို့ဝှက်အင်အားစု
Vol. 1 Ch. 79
အဖိုးဟွမ်၏ဂုဏ်ယူဝံ့ကြွားသည့်ပုံစံကိုကြည့်မရဖြစ်လာ၍ တစ်ချိန်လုံး တိတ်တဆိတ်နားထောင်နေသည့်အဖိူးစုက စကားဝိုင်းထဲဝင်ပါလာသည် ။။
“ မင်းကသာမြောက်ကြွကြွဖြစ်နေတာ ကျန်တဲ့အင်အားစုကလူတွေက သိုင်းလောကထဲဆင်းရင်တောင် တိတ်တဆိတ်ပဲမလား ။
နောက်ဆုံး ငါတို့နဲ့သူသေကိုယ်သေတိုက်ခဲ့တဲ့နှင်းငွေ့မိစ္ဆာသခင်နဲ့ ငါတို့ဘက်ကဝင်ပါတဲ့ပထမဓားသခင်တောင် ဘယ်သူမှန်းမသိကြဘူးမဟုတ်လား ။
ဟိုအမျိုးသမီးကြောင့်သာမဟုတ်ရင်ကျောင်းထိုင်ဆရာတော်ဝင်ပါမှာမဟုတ်သလို ငါတို့လည်းသူတို့ဇာတ်မြစ်ကိုသိခွင့်ရမှာမဟုတ်ဘူး... မင်းကတော့ တကယ့်ငကြွားပဲ....”
အဖိုးစု၏စကားကို စန်းဟုန်းလျန်က တိတ်တဆိတ်ခေါင်းညိမ့်လိုက်မိသည်။
ပထမဓားသခင် ဝါ ထင်းရှီဆိုသည့်လူက သူတို့ဝူတန်းတွင်နှစ်နှစ်ကျော်နေခဲ့ပြီး သူနှင့်ပင်ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟုဆိုနိုင်သည်။။
သို့သော်လည်း ထိုတစ်လျှောက်လုံး ထင်းရှီနှင့်ဓားစံအိမ်ပတ်သတ်သည့်အကြောင်းကို သူတို့တစ်စွန်းတစ်စမှမသိခဲ့ရပေ။
သူ၏ဆရာနှင့် ဆရာဖိူးဖိူးတို့ကသိကောင်းသိရှိနေမည်ဖြစ်သော်လည်း သူကိုယ်တိုင်ကတော့လုံးဝမရိပ်စားမိခဲ့ပေ။
ထို့ကြောင့် အဖိုးစု၏စကားအတိုင်း ပြိုင်ဘက်ကင်းအင်အားစုများမှလာပြီး ထင်ရှားနေသူက ကိုယ့်ကိုယ်ကိုသူတော်စင်တောင်ကြားမှဖြစ်သည်ဟုတွင်တွင်ပြောနေသည့်အဖိူးအိုဟွမ်တစ်ယောက်သာရှိပေမည်။
“ မင်းကလည်း ငါက ဒီလူတွေရှေ့ပဲပြောတာပါ...”
ရှောင်ယောင်နှင့်ကြွယ်ယန်တို့ကပင် သူ့ကိုထူးဆန်းသည့်မျက်နှာဖြင့်ကြညိ့လာရာ အဖိုးအိုဟွမ်လည်း တံတွေးသီးမတတ်ဖြစ်သွားပြီးအလျှင်အမြန်ဖြေရှင်းလိုက်ရသည်။။
သူ၏စကားမှာလည်းအမှန်ပင်ဖြစ်ပြီး သူ၏နာမည်ကို သိုင်းလောကထဲတွင် ဆေးတစ်စက်သမားတော်ဟုသိကြပြီး နှစ်တစ်ရာအတွင်းအကောင်းဆုံးသမားတော်သုံးဦးတွင်ပါဝင်သော်လည်း သူ၏ဇာတ်မြစ်ကိုကိုသိရှိသူက လက်ချိုးရေ၍ရလောက်အောင်နည်းပါးသည်။
သို့သော် အဖိုးစုက သူ၏သူငယ်ချင်းပြိုင်ဘက်ကြီးကို ဖြေရှင်းခွင့်ပင်မပေးဘဲ ဆက်တိုက်ထိူးနှက်လိုက်သည်။
“ ပြီးတော့လွန်ခဲ့တဲ့ငါးနှစ်လောက်က ငါကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပြောပြဦးမယ်...”
အဖိုးစု၏လေသံလေးနက်တည်ကြည်လာ၍ အဖိုးအိုဟွမ်ပင် စနောက်ခြင်းမရှိတော့သော်လည်း အပြောင်အပျက်ပုံစံဖြင့်မေးလိုက်သည်။
“ ဘာလဲ မင်းသေခါနီးဖြစ်လာလို့လား...”
“ အေးဟုတ်တယ် ငါကံကောင်းလို့အသက်မသေခဲ့တာ...”
ခေါင်းညိမ့်ကာ ပြန်ဖြေလိုက်သည့် အဖိုးစု၏ အဖြေကြောင့် သူတို့အားလုံးအံ့အားသင့်သွားကြသည်။
အဖိုးစုမှာလက်ရှိသိုင်းလောက၏ထိပ်ဆုံးတွင်ရပ်တည်နေသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ဇာတ်မြုပိနေသည့်လူများမှလွဲ၍ သူနှင့်တန်းတူအဆင့်ရှိသူပင်လက်တစ်ဖက်ပင်ပြည့်မည်မဟုတ်ပေ။
ထိုသို့သောလူမျိုးပင် သေလုမျောပါးဖြစ်ခဲ့သည့်အဖြစ်င အနည်းငယ်ယုံကြည်ရခက်ခဲပေသည်။
“ ကျောင်းထိုင်ဆရာတော်၊ အလယ်ပိုင်းဓားဘုရင်တို့လို ဇာတ်မြုတ်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ နှင်းငွေ့မိစ္ဆာသခင်တို့လောက်အဆင့်ရှိတဲ့လူတွေကလွဲရင် မင်းကိုဘယ်သူကအနိုင်ယူနိုင်လို့လဲ ။
သေလုမျောပါးဖြစ်ဖို့ဆိုရင်ဝေးရော...”
အဖိုးအိုဟွမ်၏လေသံကယုံကြည်ဟန်မတူသော်လည်း အဖိုးစုကခေါင်းယမ်းပြကာထပ်ပြောလိုက်သည်။
“ ငါအတည်ပြောနေတာ လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်အတွင်းမှာ ငါရှောင်ယောင်အတွက် လုံဇီဆေးမြစ်ရှာရင်း နေရာအနှံ့ရောက်ခဲ့တယ်။
တစ်ကြိမ်မှာတော့ ငါ့အသက်တောင်သေလုနီးပါးဖြစ်ခဲ့တယ်။
အဲဒါက ထူးဆန်းတဲ့အင်အားစုတစ်ခုရဲ့ပိုင်နက်ထဲကိုမတော်တဆဝင်ရောက်မိသွားလို့ပဲ...”
အဖိုးစု၏လေသံနှငိ့သူ၏တည်ငြိမ်သည့်အမူအယာက နောက်ပြောင်နေဟန်မတူ၍ အဖိုးအိုဟွမ်ပင်လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အလျှင်အမြန်မေးလိုက်သည်။
“ မင်းက ဘယ်နေရာကိုရောက်သွားလို့လဲ...”
အဖိုးဟွမ်၏အလောတကြီးမေးခွန်းကို အဖိုးစုကဖြေးညင်းစွာခေါင်းညိမ့်ပြရင်းပြန်ဖြေလိုက်သည်။
“ အဲဒီအကြိမ်က လွန်ခဲ့တဲ့ငါးနှစ်လောက်ကပေါ့။ မင်းနဲ့ဆုံဖို့ပြောထားတဲ့အချိန်ကလည်း နီးကပ်လာလို့ ငါလည်းကြံရာမရဖြစ်ပြိး အရှေ့ပိုင်းကသန့်စင်တောင်တန်းအနှံ့ခြေဆန့်ပြီးဆေးမြစ်လိုက်ရှာခဲ့တယ်။။
သန့်စင်တောင်ဆန်းဆိုတာ ဟန်နိုင်ငံရဲ့အထင်ကရနေရာတွေထဲကတစ်ခုမဟုတ်လား။ မြင့်မားရှည်လျားတဲ့တောင်စဉ်တန်းတွေက အနောက်ဘက်ခွန်လွန်နဲတောင်ယှဉ်နိုင်ပြီး တောထူထပ်ချက်က တောအုပ်အခြေကိုပဲလူရောက်နိုင်တယ်။။
ဒီတော့လုံဇီဆေးမြစ်ကိုတွေ့လိုတွေ့ငြားဆိုပြီးငါလည်းသန့်စင်တောင်ဆန်းအနှံ့လိုက်ရှာတာပေါ့ ။
ဒီလိုနဲ့မျက်စေ့လည်လမ်းမှားပြီးနယ်ကျွံလို့မရောက်သင့်တဲ့နေရာတစ်ခုကိုရောက်သွားတယ်။ အဲဒါက တောတောင်တွေအလယ်မှာရှိတဲ့ ထူးဆန်းတဲ့နေရာကြီးတစ်ခုပဲ...အဲဒီနေရာရဲ့ခမ်းနားချက်က တော်ရုံတန်ရုံမြို့ငယ်တစ်ခုစာလောက်ကျယ်ဝန်းပြီး ခမ်းနားတဲ့နန်းတော်ကြီးတစ်ခုနဲ့ အဲဒီနန်းတော်ကိုအမှီပြုပြီးနေတဲ့လူတွေရှိကြတယ်။။
ငါလည်းတောကြီးမျက်မည်းထဲမှာ ဒီလိုနန်းတော်ကြီးတစ်ခုနဲ့ လူနေထိုင်တဲ့နေရာကိုတွေ့တော့ တောမှောက်တယ်တောင်ထင်သေးတာ။ ဒါပေမယ့် တကယ်မဟုတ်ဘူး...”
အဖိုးစု၏စကားကြောင့် အဖိုးအိုဟွမ်လည်း မျက်ခုံးနှစ်ဖက်ကိုထိစပ်လုမတတ်ကြုံ့၍စဉ်းစားလိုက်သော်လည်းအဖြေထွက်မလာပေ။
“ မင်းရောက်သွားတာ နဂါးနန်းတော်လည်းမဖြစ်နိုင်ပါဘူး ။ နဂါးနန်းတော်က မြောင်ပိုင်းမှာကို...ဆက်စမ်းပါဦး...”
အဖိုးစုက အဖိုးအိုဟွမ်ကိုမကျေမနပ်ကြည့်ရင်း ဆက်ပြောဘိုက်သည် ။
“ တောမှောက်တာမဟုတ်ဘူးလို့သိတာက ဟိုကလူတွေကဆီးကြိုတိုက်ခိုက်ကြလို့ဟေ့။
အများစုကသာမန်လူတွေနဲ့တူပေမယ့် အစောင့်သိုင်းသမားတွေလည်းရှိတယ်။ အဲဒိအစောင့်တွေရဲ့သိုင်းပညာက အဆင့်မနိမ့်လှဘူး။ သူတို့ထဲကအနိမ့်ဆုံးလူကတောင်ထိပ်တန်းသိုင်းအဆင့်ရှိပြီး အသက်တွေကလည်း အရမ်းမကြီးကြသေးဘူး ။
ဒါ့အပြင် ဒီကောင်တွေက မမေးမမြန်းနဲ့ထွက်တိုက်ကြတော့ ငါလည်းနည်းနည်းပါးပါးဆုံးမပြီး နန်းတော်ကြီးဆီကိုဦးတည်သွားခဲ့တာပဲ။
အဲဒီကိုရောက်တော့ ငါ့ကိုလူတစ်အုပ်တစ်မကြီးနဲ့ကြိုပြီးစောင့်နေတာ ။ ငါ့ကိုထွက်တိုက်တဲ့လူတွေကတင် အယောက်တစ်ရာကျော်လောက်ရှိတယ်။ ဒီထဲမှာ အဆင့်လွန်ထိပ်သီးတွေတောင်အတော်ပါသေးတယ်။
မနိုင်မှန်းလည်းသိရော ပူးပေါင်းတိုက်ကွက်တွေပါ ပါလာသေးတယ်။။
ဒီလိုမျိုးအင်အားရှိတာ သိုင်းလောကထဲမှာတောင် ဂိုဏ်းကြီးခြောက်ခုပဲရှိပြီး ဒီ့အပြင် မင်းတို့အင်အားစုလေးခုပဲရှိတော့ ဒီလူတွေရဲ့သိုင်းပညာကိုငါလည်းအတော်အံ့ဩသွားတာပေါ့...”
ထိုနေရာအရောက်တွင် အဖိုးအိုဟွမ်ပင်များစွာစဉ်းစားရကြပ်နေပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ မဖြစ်နိုင်ဘူး ဒီလိုမျိုးအင်အားကိုပျိုးထောင်ထားတာ ဘယ်သူတွေများလဲ ။ ငါတို့အင်အားစုကြီးတွေမှာ အစွမ်းထက်သိုင်းပညာရှငိတွေပေါများပေမယ့် အလယ်အလက်အဆင့်တွေက ဒီလောက်လူအများကြီးတော့မရှိဘူး...”
အဖိုးစုကလည်း ခေါင်းညိမ့်၍ထောက်ခံသည့်ဟန်ဖြင့်ဆက်ပြောလိုက်သည်။
“ ငါလည်းအဲဒါကို စဉ်းစားရကြပ်နေတာပါဆို။ ပြီးတော့ သူတို့ရဲ့ပူးပေါင်းတိုက်ကွက်က ရှောင်လင်ရဲ့လောဟန်တစ်ရာ့ရှစ်ပါးဝင်္ကပါ ၊ ငါတို့တေလေဂိုဏ်းရဲ့ခွေးရိုက်တုတ်ဝင်္ကပါတို့ထက်မနိမ့်ကျဘူး။။
ပြီးဝောာ့ အထဲမှာ အဆင့်လွန်ထိပ်သီးတွေလည်းပါတော့ သိုင်းဝိဇ္ဇာအလယ်အဆင့်ကိုတောင်ကောင်းကောင်းထိမ်းသိမ်းနိုင်လိမိ့မယ်။
ဒါပေမယ့် ငါက မသေမျိုးနတ်သားရဲ့အရက်မူးရှစ်ကွက်နဲ့ ခွေးရိုက်တုတ်သိုင်းကိုသုံးပြီးဝင်္ကပါထဲကဖောက်ထွက်လာနိုင်တာပေါ...”
အဖိုးစု၏ အားမာန်ပြည့်ဝသည့်စကားကြောက့် နားထောင်နေကြသူများမှာ သူတို့ကိူယ်တိုင် ထိုတိုက်ပွဲကြီးကိုမြင်တွေ့နေရသည့်အလား ခံစားလိုက်မိကြ၏ ။
အထူးသဖြင့် အဖိုးစုသင်ကြားပေးသည့်အရက်မူးရှစ်ကွက်မှာ မည်မျှအစွမ်းထက်သည်ကို သိရှိလိုက်၍ ရှောင်ယောင်လည်း ကျေနပ်ပီတိဖြစ်သွားမိ၏။
အဖိုးစုက သူ၏စကားကိုဆက်လိုက်သည် ။
“ ဒါတင်မကသေးဘူး ပူးပေါင်းတိုက်ကွက်ပျက်စီးသွားပြီး သူတို့လဲလဲအပြိုပြိုဖြစ်တော့ နန်းတော်ထဲကနေပိုပြီးအစွမ်းထက်တဲ့လူတွေထွက်တာတော့တာပဲ ။
ငါက သူတို့နေရာကိုမတော်တဆရောက်ဘာတာပါလို့ပြောပြီးအထင်လွဲတာကိုဖြေရှင်းရအောင် လူတစ်ယောက်ကိုမှဒဏ်ရာရအောင်လုပ်မထားဘူး။။
ဒါကိုတောင် သူတို့က ငါ့ကိုတန်းပြီးဖမ်းဆီးချင်တော့ ငါလည်းပြန်ပြီးခုခံရတော့တာပေါ့ ။ အခုတစ်ကြိမ်ရင်ဆိုင်ရတာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူရှစ်ယောက်နဲ့သိုင်းဝိဇ္ဇာအဆင့်လူလေးယောက်တို့ပဲ...”
အဖိုးစု၏စကားကြောင့် ရှောင်ယောင်တို့တစ်သိုက်မျက်လုံးပြူးသွားကြပြီး အဖိုးအိုဟွမ်၏အမူအယာပင်အံ့အားသင့်သွားဟန်တူသည် ။
လက်ရှိသိုင်းလောက၏ထိပ်ဆုံး၌ရပ်တည်နေသူများမှာ သိုင်းဝိဇ္ဇာအဆင့်များဖြစ်ပြီး ထိပ်တန်းအင်အားစုများ၏အဓိကထောက်တိုင်များလည်းဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိပြီးပါကတော်ရုံနှငိ့သိုင်းလောကထဲမကျင်လည်ကြတော့ဘဲ သူတို့၏သိုင်းပညာပို၍တိုးတက်ရန်ကိုသာကြိူးစားလေ့ကျင့်နေကြပြီး သူတို့တစ်ကြိမ်ထွက်ပေါ်လာတိုင်း ကြောက်မက်ဖွယ်တိုက်ပွဲကြီးများဖြစ်ပွားတတ်ပေသည်။
ယခု အဖိုးစုပြောသည့်နေရာတွင် အစွမ်းထက်သိုင်းသမား မြောက်များစွာရှိရုံသာမကသိုင်းဝိဇ္ဇာအဆင့်သိုင်းသမားလေးယောက်အထိရှိနေခြင်းက သူတို့ကိုမယုံကြည်နိုင်ဖြစ်သွားစေသည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းတွင်ပင် ထိုမျှသိုင်းဝိဇ္ဇာအရေအတွက်ရှိသည်က ရှောင်လင်နှင့်ဝူတန်းသာရှိပေသည်။
“ ဖြစ်ကောဖြစ်နိုင်ရဲ့လားကွာ...မင်းဟာက ...”
အဖိုးအိုဟွမ်၏လေသံတွင်မယုံကြည်သည့်အရိပ်အယောင်အချို့ပါဝင်နေသော်လည်း အဖိုးစုက ဒေါသတကြီးပုံစံဖြင့်ပြန်ပြောလိုက်သည်။
“ ချီးတဲ့မှ ငါတောင်သေမလိုဖြစ်လာတာ အလကားလိမ်ပြီးပြောပါ့မလား။ ဒီကောင်တွေက အစဥ်အတိုင်းထွက်လာတာအောင့်မေ့ရတယ်။
အစောင့်သိုင်းသမားတွေကိုငါနိုင်ပြီး နန်းတော်ကြီးဆီကိုရောက်သွားတာ့ အဆင့်လွန်ထိပ်သီးတွေတောင်ပါတဲ့လူတစ်အုပ်ကြီးနဲ့တိုက်ရတယ် ။
တစ်ခါသူတို့ကိုနိုင်ပြန်တော့ သိုင်းဝိဇ္ဇာလေးယောက်နဲ့သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူရှစ်ယောက်က ထွက်ပြီးတိုက်ပြန်တယ်။
တစ်ဆင့်ထက်တစ်ဆင့်သိုင်းပညာမြင့်မားတဲ့လူတွေပေါ်လာတော့ ငါလည်းနည်းနည်းလန့်လာတာပေါ့ ။
ဒါပေမယ့် သိုင်းဝိဇ္ဇာလေးယောက်ထဲကတစ်ယောက်ကပဲသိုင်းဝိဇ္ဇာအလယ်အဆင့်ရှိပြီး ကျန်တဲ့သုံးယောက်က သာမန်သိုင်းဝိဇ္ဇာတွေဆိုတော့ အချိန်အတော်ကြာတိုက်ခိုက်ပြီးငါအနိုင်ယူနိုင်ခဲ့တယ်။
အဲဒီမှာ သူတို့ကိုအထင်မလွဲအောင် သေချာရှင်းပြခွင့်ရခဲ့ပေမယ့် သူတို့ကလက်မခံခဲ့ကြဘူး။ ငါ့ကိုတောင် သူတို့နန်းတော်ထဲကိုဝင်ရင်အသက်ချမ်းသာပေးမယ်တွေလုပ်သေးတာ
အတော့်ကိုဘဝင်မြင့်ပြီးကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ပုံစံပဲ။
ငါလည်းဘာဆက်လုပ်ရမလဲစဉ်းစားနေတုန်းမှာ နန်းတော်ထဲကနေ သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်တစ်ယောက်ထွက်လာတာမြင်တော့ တစ်ချိုးထဲထွက်ပြေးရတော့တာပေါ့..”
ထိုနေရာအရောက်တွင်အဖိုးအိုဟွမ်ပင်လှောင်ပြောင်နိုင်ခြင်းမရှိတော့ဘဲ တွေတွေကြီးဖြစ်သွားသည် ။
အဖိုးစု၏စကားကသာအမှန်ဆိုပါက ထိုအင်အားစုက လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး သူတို့အင်အားစုကြီးလေးခုကိုပင်ရင်ဘောင်တန်းနိုင်မည့်အင်အားရှိလေသည်။