← Chapters

ကျောင်းတော်ကိုကျူးကျော်သူ

Vol. 1 Ch. 82

ကျောင်းတော်ကိုကျူးကျော်သူ

Vol. 1 Ch. 82

အဆက်မပြက်မည်ဟည်းနေသည့်ခေါင်း‌လောင်းသံများကြောင့် ရှောင်လင်ကျောင်းတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်နေသည်။

ယခုလိုအချက်ပေးခေါင်းလောင်သံများမည်ဟည်းမလာသည်ကနှစ်ပေါင်းများစွာရှိပြီဖြစ်၍ ဝါရင့်ဆရာတော်များပင်အံ့အားသင့်နေကြသည် ။

အကြောင်းက ခေါင်းလောင်းသံအမျိူးမျိုးခွဲခြားထားရာတွင် ယခုလိုအဆက်မပြက်မြည်ဟည်းနေခြင်းက ကျောင်းတော်သို့ရန်သူတစ်ယောက်ယောက်လာရောက်တိုက်ခိုက်တတ်မှ အချက်ပေးခြင်းဖြစ်ပေသည် ။

တာမောဆောင်မှကမန်းကတန်းထွက်လာကြသည့် ရှောင်ယောင်တို့လူစုမှာ ရှောင်လင်ကျောင်းတော်၏အလယ်ရှိမြေကွက်လက်တွင်ဘုန်းကြီးကိုရင်များစုရုံနေကြသည်ကိုတွေ့လိုက်၍ ထိုနေရာသို့ဦးတည်၍သွားလိုက်ကြသည်။

ကျောင်းတော်၏အလယ်တွင်ရှိသည့် ကျောက်ပြားများအပြည့်ခင်းထားသည့်မြေကွက်လပ်ကြီးမှာလွန်စွာကျယ်ဝန်းလှပြီး ကိုယ်ဖော့ပာာလေ့ကျင့်ရာ ၊ မြင့်မားသည့်တိုင်လုံးကြီးများ ၊ အပြင်အားလေ့ကျင့်သည့်သစ်သားတိုင်များစသည်ဖြင့်လေ့ကျင့်ရေးပစ္စည်းများစွာရှိနေသည်။။

စင်စစ် ထိုမြေကွက်လက်ကြီးက ရှောင်လင်ကျောင်းတော်ရှိ ဘုန်းကြီးကိုရင်များစုပေါင်းသိုင်းပညာလေ့ကျင့်သည့်နေရာဖြစ်သလို အလယ်တွင် စင်မြင့်သဏ္ဍာန်ပြုလုပ်ထားသည့်နေရာက သိုင်းပညာယှဉ်ပြိုင်သည့်နေရာပင်ဖြစ်ပေသည်။

ယခု စင်မြင့်၏အနီးတစ်ဝိုက်တွင်ထူးခြားသည့်ဖြစ်ရပ်တစ်ခုဖြစ်နေပြီး များပြားလှစွာသောရှောင်လင်ဂိုဏ်းသားများမှာ စင်မြင့်ကိုဝန်းရံ၌ အပေါ်ရှိလူအချို့ကိုကြည့်ရှုနေသည်။

ရှောင်ယောင်၏ဆရာ ရွှမ်းမင်ဆရာတော်နှင့် ကျားနဂါးဆရာတော်အချို့ရှိ‌နေပြီး လက်ရှိအချိန်၌ သူတို့၏မျက်နှာကမသာမယာဖြစ်နေကြသည် ။

သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်နှင့် လောဟန်ဆောင်မှဘုန်းကြီးများမှာ စင်မြင့်၏အလယ်နားတွင်ရှိနေပြီး သူတို့၏ပုံစံကအခြေအနေမဟန်ကြပေ။

သူတို့အားလုံးမှာ ဒဏ်ရာကိုယ်စီရရှိထားကြပြီး အချို့ဆိုလျှင်အတော်လေးပြင်းထန်ဟန်တူသည်။။

အံ့ဩဖွယ်‌ကောင်းစွာဖြင့် ဝါစဉ်ကြီးဆရာတော်များမှအပ ရှောင်လင်ဂိုဏ်းသားအလုံးနီးပါးမှာ သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်၌စုရုံးရောက်ရှိနေကြပြီး အချိန်ရှိသရွေ့သိုင်းပညာလေ့ကျင့်နေတတ်သည့် ရှောင်ယောင်၏ဆရာပါရှိနေပေသည်။

စင်မြင့်၏ကျန်တစ်ဖက်၌ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူတစ်စုရှိနေပြီး သူတို့ကိုဦးဆောင်လာသူက အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိမည့်လူတစ်ဦးဖြစ်သည် ။

ထိုလူ၏အသက်အရွယ်က မငယ်လှသော်လည်း ရုပ်ရည်သွင်ပြင်က တည်ကြည်ခန့်ညားနေဆဲဖြစ်ပြီး တောက်ပသည့်မျက်လုံးအစုံတို့က လွန်စွာစူးရှလှပြီး လူတစ်ဖက်သားကိုထိုးဖောက်မြင်နိုင်ဟန်တူသည်။

အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်သူ၏ပုံစံက ခန့်ညားပြီးလွှမ်းမိုးနိုင်စွမ်းရှိကာ မည်သည့်အရာကိုကြုံ‌တွေ့ရပါ‌စေမတုန်မလှုပ်နိုင်သည့်တည်ငြိမ်မှုမျိုးရှိသည် ။

သူ၏နောက်ဘက်တွင် အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားကြသည့် အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်ရှိနေပြီး နောက်ထပ်အနက်ရောင်ဝတ်စုံဝတ် အသက်လေးဆယ်ကျော်ခန့်ရှိမည့်လူတစ်ယောက်ကလက်ရှိ ဆရာတော်ရွှမ်းချင်တို့နှင့်မျက်နှာချင်းဆိုင်နေရာတွင် လက်နောက်ပစ်၍ရပ်နေသည်။

သူတို့က စုစုပေါင်း လူသုံးယောက်သာဖြစ်သည်။။သို့‌သော် ရှောင်လင်ဂိုဏ်းသားလေးရာကျော်ငါးရာခန့်အလယ်တွင်အေးဆေးစွာရပ်နေနိုင်သည်က သူတို့၏အစွမ်းအစနှင့်ယုံကြည်မှုပိုဖော်ပြလျက်ရှိသည် ။

“ ရှောင်လင်ကျောင်းတော်ရဲ့စွမ်းအားကဒီလောက်ပဲလား ဒါဆိုရင်တော့ ကျုပ်တို့ခေါင်းဆောင်ကိုစိတ်ပျက်စေရလိမ့်မယ်...”

လက်နောက်ပစ်၍ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူက မောက်မာသည့်ပုံစံဖြင့်ပြောလိုက်သလို သူ၏စကားကြောင့်ရှောင်လင်ဂိုဏ်းသားများ၏အမူအယာကတင်းမာသွားကြသည်။

အထူးသဖြင့် သူနှင့်မျက်နှာချင်းဆိုင်နေရာရှိ သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်တို့လူစုဖြစ်ပြီး သူတို့၏ပုံစံက ဒေါသထွက်‌နေဟန်တူသည်။

“ မင်းက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုရောက်တာနဲ့ ပြိုင်ဘက်ကင်းပြီထင်တာလား။ အခု ကျုပ်ရှူံးနိမ့်သွားပေမယ့် ရှောင်လင်ကျောင်းတော်မှာ ဒီ့ထက်အစွမ်းထက်တဲ့ဆရာတော်တွေအများကြီးရှိနေသေးတယ်..”

ဆရာတော်ရွှမ်းချင်၏ချေပစကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏လက်တစ်ဖက်ကိုရှေ့သို့ဝေယမ်း၍ဟန်ပါပါပြောလိုက်သည်။

“ ဒါဆိုလည်း ကျုပ်စောင့်နေပါတယ်။ ရှောင်လင်ရဲ့ကျားနဂါးဆရာတော်တွေဆိုတာ ဘယ်မှာလဲ။ ပြီးတော့ ဟိုနားက နာမည်ကျော်ဗုဒ္ဓလက်ဝါးကိုယ်တော်မဟုတ်လား။

ဗုဒ္ဓလက်ဝါးကိုယ်တော်ကရော ကျုပ်နဲ့လက်ရည်စမ်းဖို့စိတ်မဝင်စားဘူးလား...”

အနက်ရောင်ဝတ်စုံဝတ်လူက ရာနှင့်ချီသည့်ရှောင်လင်ဂိုဏ်းသားများကြားတွင်ရောက်ရှိနေသည့်တိုင်တုန်လှုပ်ဟန်မပြဘဲ ရိသဲ့သဲ့ပြောလိုက်သေးသည်။

“ ဒီလူက တမင်ရန်စနေတာပဲ.. “

ရှောင်ယောင်လည်း အနက်ရောင်ဝတ်စုံဝတ်လူ၏ပုံစံကိုတစ်ချက်ကြည့်ရုံနှင့် သူ၏ရည်ရွယ်ချက်ကိုရိပ်စားမိလိုက်ပြီး ဘေးဘက်ရှိ အဖိုးစုတို့ကိုကြည့်လိုက်သည် ။

သို့သော် အဖိုးစုနှင့်အဖိုးအိုဟွမ်တို့၏ပုံစံက လွန်စွာလေးနက်တည်ကြည်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်ခန့်ညားသည့်လူကြီးကိုသာစူးစိုက်ကြည့်နေကြသည်။

“ မဖြစ်နိုင်တာ... ဒီလူကလည်း ..”

“ ဟုတ်တယ် သူကလည်း သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ကိုရောက်နေပြီ...ပြီးတော့ သူ့ကိုငါတစ်ကြိမ်မှမမြင်ဖူးဘူး ။

သိုင်းလောကမှာ ဇာတ်မြုပ်နေတဲ့ပညာရှင်တွေပေါ်ထွက်လာရင်မုန်တိုင်းထန်တတ်တယ်..”

အဖိုးဟွမ်၏မေးခွန်းကို အဖိုးစုကခေါင်းညိမ့်ပြရင်း လေးလံသည့်ပုံစံဖြင့်သက်ပြင်းချလိုက်သည်။

အဖိုးအိုနှစ်ယောက်၏စကားဝိုင်းကို သူတို့နားမလည်နိုင်မှန်းသိ၍ ရှောင်ယောင်နှင့် ကြွယ်စင်းတို့လည်း အခြားလူများပြောသည့်အကြောင်းအရာများကိုသာ အာရုံစိုက်လိုက်ကြသည် ။

“ ဘာဖြစ်နေတာလဲ...”

ဆရာတော်ရွှမ်းနန်က အနီးရှိဘုန်းကြီးတစ်ပါးကိုဆွဲ၍မေးလို့်သည် ။ လက်ရှိအခြေအနေက တင်းမာနေပြီး ရှောင်လင်ကျောင်းတော်၏ဘက်မှအရေးမသာပေ။

ထိုဘုန်းကြီးက စင်မြင့်ထက်သို့အာရုံစိုက်ကြည့်နေစဉ် နှောင့်ယှက်ခံလိုက်ရ၍ မကျေမနပ်ဖြစ်သွားဟန်တူသော်လည်း ဆရာတော်ရွှမ်းနန်ကိုမြင်သည့်အခါ အံ့ဩဝမ်းမြောက်သွားပြီး အရိုအသေပေးကာပြောလိုက်သည်။

“ ဂိုဏ်းတူဦးလေး....ဘယ်ကမှန်းမသိတဲ့ ဒီလူတွေက ကျောင်းတော်ကိုကျူးကျော်လာကြတာပါ ။

သူတို့ကသိုင်းပညာယှဉ်ပြိုင်လိုပေမယ့် ကျောင်းတော်ရဲ့စည်းမျဥ်းအတိုင်း လက်မခံဘဲပြန်လွှတ်တော့ တံခါးဝက အစောင့်ကျနေတဲ့လူတွေကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့ကြပါတယ်။။

ပြီးတော့ သူတို့က ဒီနေရာအထိရောက်လာပြီး ကျောင်းတော်က ဆရာ‌တော်ကြီးတွေပေါ်လာတဲ့အချိန်ထိစောင့်မယ်လို့ပြောကြပါတယ်။

ဒါကြောင့် ဆရာတော်ရွှမ်းချင်နဲ့ လောဟန်အဆောင်က ကိုယ်တော်ဆယ့်ခုနစ်ပါးက လောဟန်ဆယ့်ရှစ်ကွက်ဝင်္ကပါအသေးကိုအသုံးပြုပြီးတိုက်ခိုက်ကြပေမယ့် ဟိုလူတစ်ယောက်ထဲနဲ့သူတို့ကိုအနိုင်ယူနိုင်လိုက်ပါတယ်။

သူတို့က အတော်လေးအစွမ်းထက်ကြတယ်...”

ထိုဘုန်းကြီး၏လေသံကအနည်းငယ်တုန်လှူပ်နေဟန်တူသော်လည်း ဆရာတော်ရွှမ်းနန်ရောက်ရှိလာ၍ ဝမ်းမြောက်နေဟန်လည်းတူသည်။

ဆရာတော်ရွှမ်းနန်က သိုင်းလောကထဲတွင်နာမည်‌မကျော်သော်လည်း ကျောင်းတော်တွင်ဂုဏ်သသတင်းကြီးမားပြီး နှိမ့်ချနေသည့်တိုင် သူ၏မြင့်မားသည့်သိုင်းပညာကြောင့် ရှောင်လင်ဂိုဏ်းသားများ၏လေးစားခြင်းကို ခံရပေသည် ။

“ ရွှမ်းချင်တောင် မနိုင်ဘူးလား...ပြီးတော့ သူ့ဘက်ကလောဟန်တစ်ရာ့ရှစ်ကွက်ဝင်္ကပါတောင်ခင်းပြီးတိုက်သေးတယ်...”

ဆရာတော်ရွှမ်းနန်ပင်အံ့အားသင့်ဟန်ဖြင့်ရေရွတ်လိုက်မိ၏ ။

အကြောင်းက သိုင်းပညာ‌လေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်မှာ လောဟန်အဆောင်၌ အဆောင်မှူးဆရာ‌တော်ခုံးဝန်နှင့်ဆရာတော်ရွှမ်းမင်တို့မှလွဲ၍အစွမ်းအထက်ဆုံးဖြစ်သည်။

သူ၏သိုင်းပညာက စန်းဟုန်းလျန်တို့နှင့်ပင်မတိမ်းမယိမ်းရှိပြီး ယခု ထိပ်တန်းအဆင့်ဘုန်းကြီးဆယ့်ခုနစ်ပါးကိုဦးဆောင်တိုက်ခိုက်သည့်တိုက် တစ်ဖက်လူတစ်ယောက်ထဲကိုအနိုင်မယူနိုင်ခြင်းက အတော်ပင်အံ့ဩစရာကောင်းလှသည်။

ထိုစဉ် အနက်ရောင်ဝတ်စုံဝတ်လူ၏မျက်နှာကိုမြင်လိုက်ရသည့်စန်းဟုန်းလျန်၏မျက်နှာကပြောင်းလဲသွားသည်။

“ သူက တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ပါ ။ ဘယ်လိုဖြစ်ပြီး ဒီကိုတခြားလူတွေနဲ့ပါလာပြီး စိန်ခေါ်တိုက်ခိုက်နေတာပါလိမ့်.. “

စန်းဟုန်းလျန်က တစ်ကိုယ်တည်ူရေရွတ်လိုက်ပြီး သူ၏အနီးရှိဆရာတော်ရွှမ်းနန်ကိုကြည့်လိုက်သည်။

“ ရွှမ်းနန်ဆရာတော် ဒီလူက သိုင်းလောကထဲမှာ မကျော်ကြားဘူး ဆိုပေမယ့် ကြောက်စရာကောင်းတဲ့လူတစ်ယောက်ပဲ။

သူက အရင်တုန်းကဝူတန်းကိုလာပြီးစိန်ခေါ်ဖူးသေးတယ်။ အဲဒီတုန်းကတောင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိပြ ဂိုဏ်းတူဦးလေးချန်းရှောက်နဲ့ လက်ရည်တူတိုက်ခိုက်နိုင်တဲ့လူတစ်ယောက်ပဲ။

အခုချိန်ထိ သိုင်းဝိဇ္ဇာအဆင့်မရောက်သေးပေမယ့်သိပ်ပြီးလိုမယ်မထင်တော့ဘူး...”

စန်းဟုန်းလျန်က ဆရာတော်ရွှမ်းနန်ကိုခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။

ဂိုဏ်းတူဦးလေးချန်းရှောက်ဆိုသူမှာ ဝူတန်းဂိုဏ်း၏အကြီးအကဲချန်းရှောက်ဖြစ်ပြီး ယခင်သိုင်းထိပ်သီးစာရင်းတွင်နံပါတ်နှစ်နေရာ၌ရှိသူဖြစ်သည်။

ယခု အကြီးအကဲချန်းရှောက်က သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိဖြစ်ကာ ထိုလူက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွင်ပင်ရှိနေသေးသည်။

သို့‌သော် သူ၏သိုင်းပညာက အထင်သေးရန်မသင့်ဘဲ ယခုဆရာတော်ရွှမ်းချင်နှင့်သူ့လူများ၏ရှုံးနိမ့်မှုက ဥပမာပြနေပေသည်။

“ သူ့ရဲ့နာမည်ကိုရောသိလား...”

ဆရာတော်ရွှမ်းနန်၏မေးခွန်းကို စန်းဟုန်းလျန်က ခေါင်းညိမ့်ပြလိုက်သည်။

“ အဲဒီတုန်းက သူ့နာမည်ကို ကျိုးတိလို့ပြောခဲ့တယ်။ ဒါပေမယ့် နာမည်ရင်းဟုတ်မဟုတ်တော့မသိဘူး။ ပြီးတော့ လက်ဝါးသိုင်းကိူအဓိကသုံးပြီးအတွင်းအားပြည့်ဝတဲ့လူတစ်ယောက်ပဲ...

သိထားပါ အခုဆိုရင် သူက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဆိုပေမယ့်သိုင်းဝိဇ္ဇာတွေနဲ့တောင်ယှဉ်တိုက်နိုင်ပြီ... “

စန်းဟုန်းလျန်၏ရှင်းပြမှုကြောင့် ဆရာတော်ရွှမ်းနန်လည်း လေးနက်သည့်မျက်နှာဖြင့်ခေါင်းညိမ့်လိုက်သည်။

“ ကောင်းပြီ ရှောင်ယောင် မင်းက ဒကာကြီးစန်းနဲ့ခဏနေခဲ့ဦး.. ပြီးတော့ ဟိုနှစ်ကောင်လည်း လျှောက်သွားမနေနဲ့...”

ဆရာ‌တောရွှမ်းနန်က အရေးအကြောင်းဖြစ်နေသည့်တိုင် ရှောင်ယောင်နှင့်သူ့တပည့်နှစ်ယောက်ကို အသေအချာမှာကြားလိုက်ပြီးသူ၏ခန္တာကိုယ်က အခြားလူများကို လျှင်မြန်စွာဖြတ်ကျော်သွားတော့သည်။

အဖိုးစုတို့နှစ်ယောက်ကလည်း အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ကိုလေးနက်သည့်အမူအယာများဖြင့်စောင့်ကြည့်နေကြသည်။

ထိုစဉ် စင်မြင့်ထက်ရှိဆရာတော်ရွှမ်းမင်တို့ဘက်မှတုံ့ပြန်မှုမရှိ၍ ကျိုးတိဆိုသည့်လူက ထပ်မံရန်စလိုက်ပြန်သည်။

“ ဘာလဲ ရှောင်လင်ကျောင်းတော်မှာ ကျုပ်ကိုတိုက်ခိုက်ဝံ့တဲ့လူတစ်ယောက်မှမရှိတော့ဘူးလား။။

ကျုပ်ကိုတောင်မနိုင်တာ ကျုပ်ရဲ့ခေါင်းဆောင်ဆိုရင်ဘယ်လိုနေမလဲမသိဘူး.. ခေါင်းဆောင်ရဲ့တွက်ကိန်းက ဒီတစ်ကြိမ်တော့မှားပြီနဲ့တူတယ် ရှောင်လင်မှာ လူကြောက်တွေပဲရှိတာ.. .”

ကျိုးတိက ရှောင်လင်ဂိုဏ်းသားများကို အဆက်မပြက်ပုတ်ခတ်ပြောဆို၍ ခန့်ညားသည့်လူ၏ဘက်သို့လှည့်ကာအရိုအသေပေးလိုက်သည်။

All Chapters