← Chapters

နှစ်ယောက်စလုံးကိုစိန်ခေါ်သူ

Vol. 1 Ch. 85

နှစ်ယောက်စလုံးကိုစိန်ခေါ်သူ

Vol. 1 Ch. 85

“ ဝုန်း...”

ကျယ်လောင်သည့်မြည်သံတစ်ခုနှင့်အတူ ကျိုးတိ၏ခန္တာကိုယ်ကြီးက နောက်ဘက်သို့လွင့်စင်ကာ စင်မြင့်နှင့်ရိုက်မိသွားသည်။

ထိုနေရာတစ်ဝိုက်ရှိဖုန်မှုန့်များပင်လွင့်စင်လာပြီး ရွှမ်းနန်ဆရာတော်ကား သူ၏လက်သီးကိုပြန်ရုတ်လိုက်ကာ လက်အုပ်ချီ၍ပြောလိုက်သည်။

“ အောမီတောဖု...ဒကာကြီးရှုံးနိမ့်သွားပြီ....”

ရွှမ်းနန်ဆရာတော်၏စကားကြောင့် လဲကျနေသည့်နေရာမှကြိူးစား၍ထရပ်နေသည့် ကျိုးတိလည်း သွေးတစ်ပွတ်အန်ထုတ်လိုက်ရင်း မဟန်နိုင်ဘဲ ယိုင်နဲ့သွားသည်။

သို့သော် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏နောက်ဘက်ရှိလူငယ်က ကျိုးတိ၏အနီးသို့ရိပ်ခနဲရောက်လာပြီး သူ့ဆရာ၏ခန္တာကိုယ်ကိုဖမ်းထိမ်းထားလိုက်၍ လဲကျသွားခြင်းတော့မရှိပေ။

ထိုအခိုက်တွင် လေးရာကျော်ငါးရာခန့်ရှိမည့် ရှောင်လင်ဂိုဏ်းသားများမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်နေကြပြီး စင်မြင်ထက်ရှိ‌ဆရာတော်ရွှမ်းချင်တို့ပင် အနည်းငယ်ကြောင်အမ်းအမ်းဖြစ်နေမိကြ၏ ။

အကြောင်းကား ကျိုးတိ၏ပရိယာယ်ဆင်မှုကြောင့် ဆရာတော်ရွှမ်းနန်အထိနာလုဆဲဆဲတွင် အခြေအနေကပြောင်းပြန်ဖြစ်သွားပြီး ဆရာတော်ရွှမ်းနန်က လက်ဝါးရိပ်များကြားမှပျောက်ကွယ်သွားကာ အသာစီးရနေသည့်ကျိုးတိက တစ်ကွက်ထဲဖြင့်လွင်စင်သွားခြင်းကြောင့်ဖြစ်သည် ။

ထို့အပြင် ထိုတစ်ကွက်ကမိမိရရထိသွားခြင်းဖြစ်ပြီး ကျိူးတိမှာ အတွင်းဒဏ်ရာပြင်းထန်စွာရ၍ဆက်လက်တိုက်ခိုက်နိုင်ဟန်ပင်မတူတော့ပေ။

“ ကျိုးတိ မင်းရှုံးနိမ့်တာ ကျေနပ်သင့်ပါတယ်။ ဆရာတော်ရွှမ်းနန်က ရေပေါ်ကလျှပ်စီးပညာကိုအောင်မြင်ထားတဲ့အတွက် အငိုက်မိသွားတာ ရှက်စရာမဟုတ်ပါဘူး...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ တည်ငြိမ်အေးဆေးသည့်အသံက ကွင်းပြင်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီး ထိုအခါမှအံ့ဩမင်တပ်နေကြသည့်ရှောင်လင်ဂိုဏ်းသားမှာ ဝမ်းသာအားရအော်ဟစ်လိုက်ကြသည် ။

ထိုစဉ် ဆရာတော်ရွှမ်းချင်နှင့်ကျားနဂါးဆရာတော်များကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တီးတိုးပြောဆိုနေကြသည်။။

“ ရေပေါ်ကလျှပ်စီးလား...”

“ မဖြစ်နိုင်တာ ဒီပညာရပ်က ကျင့်ဖို့ခက်ခဲလွန်းလို့ ဆရာ‌ဖိုးဖိုးခုံးဝန်တောင်မအောင်မြင်ဘူးမဟုတ်လား...”

သူတို့၏မျက်နှာထက်တွင်အံ့ဩတုန်လှူပ်သည့်အရိပ်အယောင်များအပြည့်ရှိနေပြီး ဆရာတော်ရွှမ်းမင်ပင် မလှမ်းမကမ်းရှိရွှမ်းနန်ဆရာတော်ကို တောက်ပသည့်မျက်လုံးများဖြင့်ကြည့်ရှုနေသည်။

ထိုအခိုက် သူအသုံးပြုသွားသည့်လှုပ်ရှားမှုသိုင်းကိုပင် တစ်ဖက်လူကသိရှိနေ၍ ဆရာတော်ရွှမ်းနန်၏မျက်နှာကလေးနက်တည်ကြည်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးကို သတိကြီးစွာကြည့်လိုက်မိသည်။။

ရေပေါ်ကလျှပ်စီးဆိုသည့်ပညာရပ်မှာ လှုပ်ရှားမှုပညာရပ်တစ်ခုဖြစ်ပြီး ရုတ်တရက်ရွေ့ရှားမှုကိုလုပ်ဆောင်နိုင်သည့်ပညာရပ်လည်းဖြစ်သည် ။

အဆင့်ကုန်ထိအောင်မြင်သွားပါက တစ်နေရာမှတစ်နေရာရွေ့ပြောင်းသလို ဖျက်ခနဲပေါ်လာနိုင်ပြီး တိုက်ပွဲတွင်လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်ပညာရပ်လည်းဖြစ်သည်။။

သို့သော် လေ့ကျင့်အောင်မြင်ရန်ခက်ခဲလွန်း၍ လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်ပင်အောင်မြင်ခြင်းမရှိဘဲ ရှောင်လင်ခုနစ်ဆယ့်နှစ်မျိူးတွင်တိမ််မြုပ်နေသည့်ပညာရပ်လည်းဖြစ်၏။

ကံအားလျော်စွာ ဆရာတော်ရွှမ်းနန်က ထိုပညာရပ်ကိုလေ့ကျင့်အောင်မြင်ထားပြီး ယခု တစ်ကြိမ်သာထုတ်သုံးလိုက်ခြင်းဖြစ်သည့်တိူင် တစ်ဖက်လူက သူ၏ပညာရပ်ကိုသိရှိနေ၍ ပထမဆုံးအကြိမ်အဖြစ်တုန်လှုပ်သွားမိသည်။

“ ကျုပ် ...ရှုံးနိမ့်တာကို ဝန်ခံပါတယ်...”

ကျိုးတိက သူ့တပည့်လေး၏ကူညီမှုဖြင့် ဒယီးဒယိုင်ဖြစ်နေရင်းမှ ဆရာတော်ရွှမ်းနန်ကိုသိုင်းလောကထုံးစံအတိုင်းအရိုအသေပေးလိုက်သည်။

သို့သော် သူ၏တင်းမာနေသည့်မျက်နှာနှင့် အလျော့မပေးလိုသည့်မျက်ဝန်းများအရ ယခုရှုံးနိမ့်ရခြင်းကိုလက်ခံရန်ခက်ခဲနေဟန်လည်းတူသည်။

ဤသည်မှာလည်းများစွာထူးဆန်းခြင်းမရှိဘဲ ဆရာတော်ရွှမ်းနန်က သူ၏အပိုင်တိုက်ကွက်ကြားမှရုတ်တရက်ပျောက်ကွယ်သွားကာ တစ်ကွက်ထဲဖြင့်ပွဲသိမ်းလိုက်၍ ကျိုးတိလက်မခံနိုင်ခြင်းက သဘာဝပင်ဖြစ်သည်။

ယခုလည်း သူ့ခေါင်းဆောင်၏စကားကြောင့်သာအရှုံးကိုလက်ခံခြင်းဖြစ်ပြီး အရိုအသေပေးပြီးသည်နှင့် ချာခနဲလှည့်ထွက်၍ စင်မြင်တစ်ဖက်စွန်းသို့သွားကာ အတွင်းဒဏ်ရာကိုကုသရန် အတွင်းအားလှည့်ပတ်နေလိုက်သည်။

ဘေးဘက်တွင်လူငယ်လေးက ကျိုးတိကိုစောင့်ရှောက်ပေးနေပြီး ဆရာတော်ရွှမ်းနန်လည်း တစ်ဖက်လူက အလျော့ပေးသွားပြီဖြစ်၍ သက်ပြင်းသဲ့သဲ့ချလိုက်ကာ ဆရာတော်ရွှမ်းမင်တို့ဆီသို့သွားရန်ပြင်လိုက်သည် ။

သို့သော် တစ်ချိန်လုံးစကားတစ်ခွန်းမှဝင်မပြောသေးသည့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ရှေ့သို့လျှောက်လာပြီး ဆရာတော်ရွှမ်းနန်ကိုဟန့်တားလိုက်သည်။

“ ဆရာတော်ရွှမ်းနန် အပန်းမကြီးဘူးဆိုရင် မင်းရဲ့ဆရာ ခုံးရှဆရာတော်ကိုခေါ်ပေးနိုင်မလား။ ကျုပ် ဆရာတော်ခုံးရှနဲ့သိုင်းပညာဖလှယ်ချင်လို့ပါ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားသံကြောင့် ဆရာတော်ရွှမ်းနန်လည်းချက်ခြင်းပြန်လှည့်လိုက်ပြီး စင်မြင့်အလယ်သို့လျှောက်လာသည့်လူကြီးကိုစူးစိုက်ကြည့်လိုက်သည်။

ထိုလူကြီးက ကျိုးတိ၏ခေါင်းဆောင်ပင်ဖြစ်ဟန်တူပြီး ကျိုးတိတစ်ယောက်ယခုလိုမောက်မာဝင့်ကြွားစွာစိန်ခေါ်နေခြင်းက သူ၏ခိုင်းစေမှုကြောင့်ဖြစ်ကြောင်းမေးခွန်းထုတ်နေစရာပင်မလိုပေ။

ထို့ထက်ပို၍အရေးကြီးသည်က ဆရာတော်ရွှမ်းနန်ပင် သူ၏သိုင်းအဆင့်ကိုမမြင်နိုင်၍ဖြစ်ပြီး အထက်တန်းလွှာတစ်ဦးလိုခန့်ညား၍ဩဇာရှိသည့်ထိုလူကြီးက လွန်စွာအစွမ်းထက်သည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပေမည်။

ဆရာတော်ရွှမ်းနန်၏စူးစိုက်ကြည့်ခြင်းကိုခံရသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အမူအယာက ပြောင်းလဲခြင်းမရှိဘဲ နောက်ဘက်ရှိ ဆရာတော်ရွှမ်းမင်ကိုပါတစ်ဆက်ထဲပြောလိုက်သည်။

“ ပြီးတော့ ဆရာတော်ရွှမ်းမင်ကလည်း မင်းရဲ့ဆရာ ခုံးဝန်ဆရာတော်ကို ဖိတ်ခေါ်ပေးပါဦး... ။

ကျုံဟွာတောင်တိုက်ပွဲမှာ‌တောင်အ‌ရေးပါတဲ့နေရာကပါဝင်ခဲ့တဲ့ လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်ရဲ့သိုင်းပညာက သိုင်းလောကမှာမသိသူမရှိနာမည်ကျော်ပါတယ် ။ ကျုပ်ဒီနေ့ ရောက်လက်စနဲ့ ဆရာတော်ခုံးဝန်နဲ့ပါ သိုင်းပညာဖလှယ်ချင်လို့ပါ...”

လူကြီး၏စကားအဆုံး၌ ရှောင်လင်ဂိုဏ်းသားများအားလုံး ပြန်၍တိတ်ဆိတ်သွားကြပြီး စင်မြင့်အလယ်ရှိထိုလူကြီးကို မယုံကြည်နိုင်သလိုကြည့်လိုက်မိကြ၏ ။

ထိုလူ၏စကားအရ သူက ရှောင်လင်၏ဝါစဉ်ကြီးဆရာတော်နှစ်ပါးကိုပွင့်လင်းစွာစိန်ခေါ်လိုက်ခြင်းဖြစ်ပြီး သူ၏လေသံက ယဥ်ကျေးသိမ်မွေ့သည့်တိုင် မဖြစ်မနေလုပ်ဆောင်မည်ဟုအားလုံးခံစားနေမိကြသည်။

ဆရာတော်ခုံးဝန်မှာ ကျုံဟွာတောင်တိုက်ပွဲတွင်သိုင်းဝိဇ္ဇာများကိုဦး‌ဆောင်၍ နှင်းငွေ့မိစ္ဆာသခင်ကိုဝိုင်းဝန်းတိုက်ခိုက်သော်လည်း ရှုံးနိမ့်ခဲ့ရသည်။

သို့‌သော် ထိုအချက်က ရှက်စရာမဟုတ်ဘဲ နှင်း‌ငွေ့မိစ္ဆာသခင်၏သိုင်းပညာက နောက်တစ်ဆင့်သို့ရောက်ရှိနေ၍ဖြစ်သလို ထိုတိုက်ပွဲတွင်ပါဝင်ခဲ့သည့်သိုင်းဝိဇ္ဇာတိုင်းကလည်း အစွမ်းထက်သိုင်းဝိဇ္ဇာများသာဖြစ်ကြသည်။

ထိုတိုက်ပွဲတွင် အလယ်ပိုင်းမှသိုင်းဝိဇ္ဇာအားလုံးနီးပါးက နှင်းငွေ့မိစ္ဆာသခင်ကိုမှယှဉ်နိုင်သည့်တိုင် သူတို့၏သိုင်းပညာက သာမန်သိုင်းဝိဇ္ဇာများထက်အပြက်အသက်သာလွန်ကြပေသည်။

ယခု အနက်ရောင်ဝတ်စုံဝတ်လူကြီးက လောဟန်မဆောင်မှူးတစ်ဦးထဲကိုသာမက တာမောအဆောင်မှူးဆရာတော်ခုံးရှကိုပါစိန်ခေါ်နေခြင်းဖြစ်သည်။

လက်ရှိရှောင်လင်ကျောင်းတော်၌ ကျောင်းထိုင်ဆရာတော်ပြီးလျှင် ထိုဆရာတော်နှစ်ပါးက အစွမ်းအထက်ဆုံးဟုဆိုနိုင်ပြီး နှစ်များစွာတံခါးပိတ်လေ့ကျင့်နေသည့် ဒုတိယကျောင်းထိုင်ရွှမ်းချန်ဆရာတော်နှင့် ကျန်အဆောင်မှူးနှစ်ယောက်ပင် ထိုဆရာတော်ကြီးများထက်တစ်ဆင့်နိမ့်သေးသည် ။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆရာတော်ခုံးဝန်နှင့်ခုံးရှတို့နှစ်ဦးစလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်စည်။။

သို့သော် ထိုလူကြီးကို မည်သူမှအထင်မသေးဝံ့ကြပေ။

အကြောင်းကား အစောပိုင်းက သိုင်းပညာလေ့ကျင့်ရေးမှူး ဆရာတော်ရွှမ်းချင်နှင့် လောဟန်အဆောင်မှဘုန်းကြီးများကိုပင်အပြက်အသက်အနိုင်ယူထားသည့်ကျိုးတိက သူ၏လက်အောက်မှဖြစ်နေ၍ဖြစ်သည်။။

ထိုစဉ် ‌စင်မြင့်အ‌ရှေ့စွန်းရှိ ဆရာတော်ရွှမ်းမင်ကဆရာတော်ရွှမ်းနန်၏အနီးသို့ရိပ်ခနဲရောက်လာပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကိုတုံ့ပြန်လိုက်သည်။

“ ကျုပ်တို့ရှောင်လင်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာပါဝင်ပေမယ့် တိုက်ခိုက်ရတာကို မနှစ်သက်ကြပါဘူးဒကာကြီး။။

စောစောက ဒကာကြီးရဲ့လူက ကျောင်းဝန်းထဲကို အတင်းအကြပ်ထိုးဖောက်လာပြီး စိန်ခေါ်ပွဲဖြစ်အောင်လုပ်လို့ တိုက်ခိုက်ရပေမယ့် အခုသူလည်းရှုံးနိမ့်သွားပြီဆိုတော့ ဒကာကြီးတို့လှည့်ပြန်တာကောင်းပါလိမ့်မယ်...”

ဆရာတော်ရွှမ်းမင်က အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကို ပြက်သားစွာငြင်းပယ်လိုက်ခြင်းဖြစ်သည်။

ထိုလူက သူကိုယ်တိုင်ပင်ထွင်းဖောက်မမြင်နိုင်သည့်အဆင့်သို့ရောက်ရှိနေသည့်အပြင် အေးချမ်းတိတ်ဆိတ်စွာနေသည့် သူ၏ဆရာများကိုလည်းအနှောင့်အယှက်မပေးလိုပေ။

ဆရာတော်ခုံးဝန်တို့က တိုက်ပွဲအစအဆုံးကိုစောင့်ကြည့်နေခြင်းကိုတော့ ရွှမ်းမင်ဆရာတော်လုံးဝမရိပ်မိရှာပေ။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆရာတော်ရွှမ်းမင်၏ငြင်းပယ်မှုကြောင့် စိတ်ကွက်ဟန်မတူဘဲ ထူးဆန်းစွာပြုံး၍ပြောလိုက်သည် ။

“ ဒါဆိုရင်တော့ ကျုပ်အပြစ်ပြုမိပါပြီ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ထူးဆန်းသည့်အပြုံးကြောင့် ဆရာတော်ရွှမ်းမင်တို့ရင်ထိတ်သွားကြသလို စင်အောက်ရှိအဖိုးအိုနှစ်ယောက်က ရှောင်ယောင်၏ပခုံးတစ်ဖက်တစ်ချက်ကိုပြိုင်တူဆုပ်ကိုင်မိလိုက်ကြ၏။

“ ရှောင်ယောင် သတိထား...”

အဖိုးစု၏ သတိပေးစကားအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူ၏ဦးခေါင်းကိုမော့ကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

“ ဟား ...ဟား...ဟား..”

သူ၏လုပ်ရပ်က ထူးဆန်းသည်ဟုအားလုံးထင်မှတ်နေကြစဉ် နောက်ဆက်တွဲအဖြစ်ကြောင့် မျက်လုံးပြူးသွားကြ၏။

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ ရယ်သံထဲတွင် အားကောင်းသည့်အတွင်းအားလှိုင်းများပါဝင်နေသည့်အတွက် သိုင်းပညာလေ့ကျင့်ရာကွင်းပြင်ရှိ ရှောင်လင်ဂိုဏ်းသားအားလုံး နားနှစ်ဖက်ကိုအုပ်ကိုင်ကာ အလဲလဲအပြိုပြိုဖြစ်ကုန်ကြသည်။

သူ၏ရယ်သံက အဆင့်ဆင့်အားကောင်းလာပြီး စင်မြင့်ကိုဗဟိုပြု၍ ကျောင်းဝန်းတစ်ခုလုံးဟိန်းထွက်နေအောင်ကြားနေရသည်။

အဆင့်မြင့်သိုင်းအဆင့်အောက်နိမ့်ကျသူများမှာ ခန္တာကိုယ်အတွင်းရှိသွေးကြောများ ကဗြောင်းကပြန်ဖြစ်ကုန်သည်ဟုခံစားလိုက်မိကာ ထိတ်လန့်စွာအော်ဟစ်နေကြသည်။

ထိပ်တန်းအဆင့်ရှိသူများနှင့်အဆင့်လွန်သိုင်းထိပ်သီးများက ရယ်သံကိုခုခံနိုင်သည်ဟုဆိုနိုင်သော်လည်း သူတို့လည်း ဖြူဖျော့နေသည့်မျက်နှာများဖြင့်အတွင်းအားကိုအစွမ်းကုန်လှည့်ပတ်နေကြရသည်။

လူငါးရာနီးငါးရှိမည့်ဤကွင်းပြင်တစ်ခုလုံး၌ ရယ်သံကြောင့်မထိခိုက်သူကိုလက်ချိုးရေနိုင်မည်ဖြစ်ကာ အဖိုးအိုနှစ်ယောက်၏အတွင်းအားဖြင့်လွှမ်းခြုံထားသည့်ရှောင်ယောင်ကား အခြားလူများအလဲလဲအပြိုပြိုဝရုန်းသုန်းကားဖြစ်နေသည်ကို ထိတ်လန့်စွာကြည့်လိုက်မိ၏။

“ မကောင်းတော့ဘူး...”

ဆရာတော်ရွှမ်းမင်နှင့်ရွှမ်းနန်တို့လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုဟန်တားမှရမည်ဖြစ်ကြောင်းသိလိုက်ကြသည်။

ထိုလူ၏အတွင်းအားကလွန်စွာနက်ရှိုင်းပြီးသူတို့လို သိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိသူများပင် အတွင်းအားလှည့်ပတ်နေရသည်။

ဤသည်က သူတို့နှစ်ယောက်က အနက်ရောင်ဝတ်စုံဝတ်လူကြီးနှငိ့အနီးဆုံးနေရာ၌ရှိ၍လည်းဖြစ်ပြီး ထိုနေရာတွင်သာထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဆိုပါက ရယ်သံကိုကြားကစပင် ပစ်လဲသွားနိုင်သည်။

အဖိုးအိုနှစ်ယောက်ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ သူတို့ဆက်လက်စောင့်ကြည့်ရန်မသင့်လျော်တော့သည့်အတွက် စင်မြင့်ပေါ်သို့တက်ရန်ဆုံးဖြတ်လိုက်ကြသည် ။

ထိုစဉ် အဝေးဆီမှ သာယာနာပျော်ဖွယ်ရှိသည့် တရားဓမ္မရွတ်ဖတ်သံတစ်ခုလွင့်ပျံ့လာတော့သည်။

All Chapters