သိုင်းဝိဇ္ဇာတို့၏တိုက်ပွဲ
Vol. 1 Ch. 86
“ လေလှိုင်းရှိုက်သံ...”
“ ဒါက ဆရာတော်ခုံးဝန်ပဲ...”
အဖိုးအိုနှစ်ယောက်လည်း အသံပို့လွှတ်ဆက်သွယ်လိုက်ကြပြီး စင်မြင့်ပေါ်သို့တက်မည့်အကြံကိုပယ်ဖျက်လိုက်သည်။
သူတို့နှစ်ယောက်သာလှုပ်ရှားပါက အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုကျိန်းသေပေါက်ဟန့်တားနိုင်သော်လည်း ဤနေရာတွင်သူတို့ကဧည့်သည်ဖြစ်၍ အိမ်ရှင်ကိုမျက်နှာသာပေးရပေမည် ။
ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့်ရှောင်လင်ကျောင်းတွင်လည်း အစွမ်းထက်သိုင်းပညာရှင်များတစ်ယောက်မကရှိနေရာ သူတို့က လူစွမ်းကောင်းဝင်လုပ်ရန်မသင့်လျော်ပေ။
ထို့အပြင် သူတို့လိုသိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့် ဆရာတော်ခုံးဝန်တို့ကလည်း အခြေအနေကိုစောင့်ကြည့်နေသည်ကို သိရှိသည့်အတွက်ချက်ခြင်းဝင်မပါသေးဘဲ နေခြင်းဖြစ်၏ ။
ယခုဆရာတော်ခုံးဝန်တို့က မျက်နှာပြရန်ဆုံးဖြတ်လိုက်၍ အဖိုးစုနှင့်အဖိုးဟွမ်တို့လည်း လူလုံးထွက်ပြမည့်အကြံအစည်ကိုပယ်ဖျက်လိုက်သည်။
ဓမ္မတေးတစ်ပုဒ်ကိုရွတ်ဆိုနေသည့် ဆရာတော်ခုံးဝန်၊ တည်ငြိမ်သည့်မျက်နှာထားရှိသည့် ဆရာတော်ခုံးရှနှင့် အနည်းငယ်အေးစက်စက်အမူအယာဖြစ်နေသည့် ဆရာတော်ခုံးတုတို့က စင်မြင့်ထက်သို့ရှေ့ဆင့်နောက်ဆင့်ရောက်လာကြသည် ။
ထိုဆရာတော်သုံးပါးကိုမြင်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ရယ်သံဖြင့်တိုက်ခိုက်နေခြင်းကိုရပ်လိုက်ကာ ကျေနပ်သည့်ဟန်ဖြင့်တစ်ချက်ပြုံးလိုက်သည်။
ဆရာတော်ခုံးဝန်၏ ဓမ္မတေးက သူ၏အသံလှိုင်းဖြင့်တိုက်ခိုက်ခြင်းကိုချေဖျက်လိုက်သည့်နောက် ဆက်၍ရယ်မောနေလျှင်လည်းမထိရောက်တော့သည်ကို သိရှိ၍ ရပ်တန့်လိုက်ခြင်းဖြစ်သည် ။
အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ရယ်သံကြောင့် အလဲလဲအပြိုပြိုဖြစ်သွားကြသည့် ရှောင်လင်ဂိုဏ်းသားများမှာ ယခုအခါမှ သက်သာရာရသွားကြပြီး ချက်ခြင်းပင်စင်မြင့်နှင့်ဝေးရာသို့ဆုတ်လိုက်ကြသည်။
သူတိူ့၏ပုံစံကအဆိပ်ရှိသတ္တဝါတစ်ကောင်ကိုရင်ဆိုင်နေရသည့်အလား ထိတ်လန့်တုန်လှုပ်နေကြပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုလည်း ကြောက်ရွံ့စွာကြည့်လိုက်ကြ၏
စင်မြင့်ထက်ရှိ ဆရာတော်ရွှမ်းမင်တို့လည်း သူတို့၏ဆရာများပေါ်ထွက်လာသည်ကိုမြင်လိုက်မှ သက်ပြင်းချလိုက်မိကြပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အသံလှိုင်းဒဏ်ကြောင့် အတွင်းဒဏ်ရာရရှိသွားသည့် ဘုန်းကြီးများကိုသယ်သူသွားရန်ခိုင်းစေလိုက်သည်။။
ကံဆိုးရှာသည့်လောဟန်အဆောင်မှဘုန်းကြီးများကား ကျိုးတိ၏လက်ချက်ကြောင့်ဒဏ်ရာကိုယ်စီရရှိခဲ့ကြသည့်အပြင် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အသံလှိုင်းဒဏ်ကိုအနီးဆုံးခံလိုက်ကြရ၍ အချို့ဆိုလျှင်သတိလစ်နေကြပြီဖြစ်သည်။
ထို့နောက် ဆရာတော်ရွှမ်းမင်၊ ဆရာတော်ရွှမ်းနန်နှင့် နှုတ်ခမ်းထောင့်စွန်းမှသွေးများစီးကျနေသည့် သိုင်းပညာလေ့ကျင့်ရေးမှူးဆရာတော်ရွှမ်းချင်တို့လည်း ဝါစဉ်ကြီးဆရာတော်များကို လက်အုပ်ချီအရိုအသေပေးကာ စင်မြင့်ထက်မှတိတ်ဆိတ်စွာဆင်းသွားကြတော့သည်။
အထူးသဖြင့် အစောင့်ဘုန်းကြီးများဒဏ်ရာရရှိမှကြောင့် ကျိုးတိ၏စိန်ခေါ်မှုကိုစိတ်လိုက်မာန်ပါလက်ခံမိသည့်ဆရာတော်ရွှမ်းချင်ဆိုလျှင် မျက်နှာကြီးမည်းမှောင်နေသည်။
သူ၏တပည့်ဆယ့်ခုနစ်ယောက်နှင့် လောဟန်ဝင်္ကပါအသေးဆင်၍တိုက်ခိုက်သည်ကိုပင် ကျိုးတိကိုရှုံးနိမ့်ခဲ့ရပြီး ယခုလည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အသံလှိုင်းဒဏ်ကြောင့် သူ၏လူများအပြင်းအထန်ထိခိုက်ကာသူကိုယ်တိုင်လည်းမတွင်းဒဏ်ရာရရှိခဲ့ပေသည်။
ထိုအဖြစ်ကြောင့် သူ၏စိတ်ထဲ၌ ဒေါသကြီးစွာဖြစ်နေသော်ငြား စင်မြင့်ပေါ်တွင်ဆက်မနေဝံ့ပေ။
အကြောင်းကား လက်ရှိအခြေအနေများက လွန်စွာပြင်းထန်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အသံလှိုင်းဒဏ်ကိုပင် သူတို့မခံနိုင်ရာ တိုက်ခိုက်ရန်ဆိုပါက တစ်ကွက်ပင်ခံနိုင်မည်မဟုတ်သည်ကိုရိပ်စားမိ၍ဖြစ်သည်။
သူတစ်ဦးထဲမဟုတ်ဘဲ အမြဲလိုလိုတည်ငြိမ်သည့်အမူအယာရှိကြသည့် ဆရာတော်ရွှမ်းမင်တို့ပင် သိသိသာသာတုန်လှုပ်နေဟန်တူသည် ။
သူတို့နှစ်ယောက်လုံးက သိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိကြပြီး ဆရာတော်ရွှမ်းမင်ဆိုလျှင် အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း နက်ရောင်ဝတ်စုံဝတ်လူကြီး၏အတွင်းအားနက်ရှိုင်းမှုက သူတို့ထက်အဆများစွာသာလွန်နေသည်ကိုသိရှိလိုက်၍ဖြစ်သည်။
ထိုကဲ့သိူ့ အစွမ်းထက်လှသည့်သိုင်းပညာရှင်တစ်ယောက်နှင့်ရင်ဆိုင်ရာတွင် သူတိူ့၏ဆရာများပင် တစ်ဦးချင်းယှဥ်နိုင်မည်ကို မသေချာလှပေ။
တံခါးနီအဆောင်မှူး ဆရာတော်ခုံးတုက အတွင်းဒဏ်ရာရရှိသွားသည့်ရှောင်လင်ဂိုဏ်းသားများ၊ ဒဏ်ရာပြင်းထန်သည့်လောဟန်အဆောင်မှဘုန်းကြီးများကိုကြည့်ရင်း သူ၏မျက်နှာက ပို၍ပင်တင်းမာလာသည်။
ထိုမြင်ကွင်းကြောင့်ဆရာတော်ရွှမ်းမင်နှင့်ကျားနဂါးဆရာတော်များလို ဆရာတော်ခုံးတု၏အကြောင်းကို ကောင်းစွာသိနေကြသူများက ယနေ့ကိစ္စလွယ်လွယ်နှင့်အဆုံးသက်တော့မည်မဟုတ်မှန်းသိလိုက်ကြသည်။
ရှောင်လင်ဂိုဏ်းသားအများစုက စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်ခုံးယင်၏ စိတ်ကြီးမှုနှင့်ဒေါသဖြစ်လွယ်မှုတို့ကိုသိရှိကြသည့်တိုင် အပြင်သို့သိပ်မထွက်သည့် ဆရာတော်ခုံးတုအကြောင်းကို များစွာမသိကြပေ။
ဆရာတော်ခုံးတုသာဒေါသထွက်ပါက ဆရာတော်ခုံးယင်ထက်ပင်ပိုဆိုးပြီး လွယ်လွယ်နှင့် ဖျောင်းဖြမရသည်ကို သူတို့ကောင်းစွာသိကြ၍ဖြစ်သည်။
“ ဒကာကြီး မင်းက ကျုပ်တို့ရှောင်လင်ကျောင်းတော်ကိုအထင်သေးတာလား..”
ဆရာတော်ခုံးတု၏အေးစက်စက်စကားသံကြောင့် သူ၏အကြောင်းကိုသိကြသူများကဇာတ်လမ်းစပြီဖြစ်မှန်းသိလိုရှိလိုက်ကြသည်။
ဆရာတော်ခုံးတု၏စူးရဲသည့်အကြည့်ကိုရင်ဆိုင်နေရသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကအမူအယာမပျက်ဘဲ သိမ်မွေ့စွာပြုံး၍ပြန်ဖြေလိုက်သည် ။
“ ကျုပ်ပြောပြီးပြီပဲ ကျုပ်က ရှောင်လင်ကျောင်းတော်က ဝါစဉ်ကြီးဆရာတွေတွေနဲ့လက်ရည်စမ်းချင်လို့ပါဆို ။
စောစောကလည်း ဆရာတော်တို့ထွက်လာအောင် ကျုပ်ကတွန်းအားပေးလိုက်တာပါ ရှောင်လင်ဂိုဏ်းသားတွေကို ထိခိုက်အောက်လုပ်ချင်တဲ့ဆန္ဒလုံးဝမရှိပါဘူး...”
သူ၏လေသံယဉ်ကျေးပြီး ခန့်ညားသည့်မျက်နှာသွင်ပြင်ကြောင့် မှန်ကန်ဖြောင့်မက်သည့်အရာရှိတစ်ဦးနှင့်ပင်တူနေသည် ။
သို့သော် အစောပိုင်းကသူ၏လုပ်ရပ်ကိုပြန်တွေးလိုက်မိတိုင်း ရှောင်လင်ဂိုဏ်းသားများအားလုံး ကျောထဲတွင်စိမ့်တက်သွားကြပြီး ထိုလူ့ကိုပို၍ပင်ထိတ်လန့်မိသွားကြသည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဆရာတော်ခုံးတု၏မျက်နှာမှာ ပို၍ပင်အေးစက်လာပြီး ခေါင်းတဆက်ဆက်ညိမ့်လိုက်သည် ။
“ ကောင်းတယ် သိပ်ကောင်းတယ်...”
ယခုအချိန်တွင် ဆရာတော်ခုံးတုတစ်ယောက်မည်မျှဒေါသထွက်နေသည်ကို သူတို့အားလုံးခံစားမိလိုက်ကြသည်။
“ အစ်ကိုတော်ခုံးတု...”
တာမောအဆောင်မှူးဆရာတော်ခုံးရှက ခပ်တိူးတိုးသတိပေးလိုက်သော်လည်း ဆရာတော်ခုံးတုက လက်မခံဘဲ အနက်ရောင်ဝတ်စုံဝတ်လူကြီးကို တင်းမာသည့်လေသံဖြင့်ပြောလိုက်သည် ။
“ ကောင်းပြီ မင်းက ညီတော်ခုံးရှတို့နဲ့လက်ရည်စမ်းယှဉ်ပြိုင်ချင်တာမဟုတ်လား ။ သူတို့နဲ့မတိုက်ခင် ကျုပ်နဲ့အရင်တိုက်ခိုက်ရအောင်.....”
ဆရာတော်ခုံးတု၏စကားကြောင့် ရှောင်လင်ဂိုဏ်းသားများ အံ့သြတုန်လှုပ်သွားကြစဉ် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်ဝန်းများက ပြုံးယောင်သမ်းသွားသည်။
ဆရာတော်ခုံးတု၏စိန်ခေါ်မှုကြောင့် လောဟန်အဆောင်မှူးဆရာတော်ခုံးဝန်ပင်မျက်မှောင်ကြုတ်လိုက်မိပြီး ဆရာတော်ခုံးတုကိုဟန့်တားလိုက်သည်။
“ ညီတော် ခုံးတု နောက်ဆုတ်စမ်း...”
သူတို့သုံးယောက်ထဲတွင် ဆရာတော်ခုံးဝန်က ဝါစဉ်အကြီးဆုံဖြစ်ပြီး ပုံမှန်အချိန်များတွင် သူ၏စကားကိုအားလုံးကနားထောင်ကြသော်လည်း ယခုအခါ ဆရာတော်ခုံးတုကား လက်ခံမည့်ဟန်မတူပေ။
“ အစ်ကိုတော် ဒီလူက ကျောင်းဝန်းထဲအထိကျုးကျော်လာပြီး ကျုပ်တို့ဂိုဏ်းသားတွေကို ထိခိုက်အောင်လုပ်တာ ကျန်းသေပေါက်ပြန်ပြီးဆုံးမပေးရမယ်...”
စိတ်ဆုံးဖြတ်ထားပြီးဖြစ်ဟန်တူသည့် ဆရာတော်ခုံးတု၏ပြက်သားသည့်စကားကြောင့် ဆရာတော်ခုံးဝန်လည်းသက်ပြင်းတစ်ချက်ချပြီး လေးနက်စွာပြောလိုက်သည်။
“ ကောင်းပြီ သတိထားပါ...”
ထိုသို့ပြောပြီးနောက် ဆရာတော်ခုံးဝန်နှင့်ခုံးရှတို့က စင်မြင့်အရှေ့စွန်းသို့ဆုတ်ခွာသွားကြပြီး အလယ်တွင် အေးစက်စက်မျက်နှာရှိသည့်ဆရာတော်ခုံးတုနှင့် တည်ငြိမ်စွာရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူကြီးတို့သာ ကျန်ခဲ့တော့သည်။
“ ဒကာကြီး စနိုင်ပါပြီ...”
ဆရာတော်ခုံးတုက တိုက်ခိုက်တော့မည်ဖြစ်၍သူ၏စိတ်ထဲမှ ဒေါသများ မကျေနပ်မှုများကို ရှင်းထုတ်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
အစွမ်းထက်သိုင်းပညာရှင်များတိုက်ခိုက်ရာတွင် စိတ်အခြေအနေသည်လည်းများစွာအရေးပါပြီး စစိတ်တည်ငြိမ်လေလေ အမှားလုပ်မိရန်နည်းလေလေဖြစ်သည်။
ထို့ကြောင့် ဆရာတော်ခုံးတုကကျောင်းဝန်းထဲသို့ပကျူးကျော်ကာ ဂိုဏ်းသားများစွာကို ထိခိုက်စေခဲ့သည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုအတော်ပင်ဒေါသထွက်နေသော်လည်း တိုက်ခိုက်ခါနီး၌ သူ၏စိတ်ကိုဖိနှိပ်လိုက်ခြင်းဖြစ်သည် ။
ဆရာတော်ခုံးတု၏ အတွေ့အကြုံပြည့်ဝမှုကို စိတ်ထဲမှချီးကျူးလိုက်ရင်း အနက်ရောင်ဝတ်စုံဝတ်လူကြီးလည်း သူ၏လက်တစ်ဖက်ကိုရှေ့သို့ ဆန့်ထုတ်၍ပြောလိုက်သည် ။
“ ကောင်းပြီ ကျုပ်စတိုက်ပြီ ..”
အနက်ရောင်ဝတ်စုံဝတ်လူကြီးက သတိပေးစကားဆိုပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ခန္တာကိုယ်ကရှေ့သို့ရိပ်ခနဲတိုးဝင်လာသည် ။
အနက်ရောင်ဝတ်စုံဝတ်လူကြီးကကိုယ်တစ်ချက်လှုပ်ရှားရုံနှင့် ဆရာတော်ခုံးတု၏ရှေ့သို့ဖျက်ခနဲရောက်ရှိလာကာ သူ၏ကိုယ်ဖော့ပညာက သရဲတစ္ဆေတစ်ကောင်အလားလွန်စွာလျှင်မြန်လှသ ည်။
ထို့အတူ သူ၏လက်ဝါးနှစ်ဖက်က ဆရာတော်ခုံးတု၏ခန္တာကိုယ်အစိတ်အပိုင်းကိုးနေရာသို့တစ်ပြိုင်နက် ဝင်ရောက်လာပြီး မည်သည့်လက်ဝါးရိပ်က အစစ်ဖြစ်သည်ကို သာမန်သိုင်းဝိဇ္ဇာများပင်ခွဲခြားနိုင်မည်မဟုတ်ပေ။
ပြိုင်ဘက်ကစတင်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် ဆရာတော်ခုံးချင်ကလည်း သူ၏လက်ဝါးနှစ်ဖက်ကိုဆန့်ထုတ်ကာ ရှေ့သို့ရိုက်ထုတ်လိုက်သည်။
“ ဝုန်း....ဝုန်း...”
ကျယ်လောင်သည့်မည်သံများနှင့်အတူ အားကောင်းသည့်အတွင်းအားလှိုင်းများက အဆက်မပြက်ထွက်ပေါ်လာပြီးစင်မြင့်အရှေ့ဖျားရှိ ဆရာတော်ခုံးဝန်တို့၏သင်္ကန်းစများပင် တဖျက်ဖျက်လွင့်ကုန်သည်။
စင်အနောက်ဖျားတွင် အတွင်းဒဏ်ရာကုသနေသည့် ကျိုးတုနှင့်သူ့တပည့်လူငယ်တို့ကား တိုက်ပွဲမစမီကပင် စင်အောက်သို့ရှောင်တိမ်းပြီးဖြစ်၍ လေလှိုင်းဒဏ်မှသက်သာရရသွားကြသည်။
ပတ်ပတ်လည်ပေပေါင်ငါးဆယ်ခန့်ကျယ်ဝန်းသည့်စင်မြင့်ထက်တွင်အတွင်းအားလှိုင်းများ လက်ဝါးရိပ်များကပြည့်နှက်နေပြီး ဆရာတော်ခုံးတုနှင့်အနက်ရောင်ဝတ်စုံဝတ်လူကြီးတို့က လှည့်ပတ်တိုက်ခိုက်နေကြသည်။
အစွမ်းထပ်ပညာရှင်များဖြစ်သည့် ဆရာတော်ခုံးဝန်တို့နှစ်ဦးမှလွဲ၍ စင်မြင့်ထက်တွင်မည်သူမှမနေဝံ့ကြဘဲ စင်မြင့်ပေါ်သို့အဆင့်လွန်ထိပ်သီးတစ်ဦးချဉ်းကပ်သွားလျှင်ပင်အတွင်းအားဒဏ်ကြောင့်လွင့်စင်လာပေမည်။
ဤသည်က ပတ်ဝန်းကျင်ကိုပင်သက်ရောက်မှုရှိစေနိုင်သည့် အစွမ်းထက်သိုင်းဝိဇ္ဇာတို့၏တိုက်ပွဲဖြစ်သည် ။
သိုင်းပညာအဆင့်နိမ့်သည့်ရှောင်လင်ဂိုဏ်းသားများကတော့ ရ ထောင်ချီသည့်လက်ဝါးရိပ်များကြား၌ အဆက်မပြက်ရွေ့လျားနေသည့်အနက်ရောင်အရိပ်ကြီးနှင့်အဝါရောင်အရိပ်ကြီးတို့နှစ်ခုကိုသာမြင်နိုင်ကြသည်။
“ အစ်ကိုတော်ခုံးတုက သူ့ရဲ့အစွမ်းအထက်ဆုံးပညာရပ်တွေကိုထုတ်သုံးနေပြီပဲ ..”
တာမောအဆောင်မှူးဆရာတော်ခုံးရှက တိုက်ပွဲကိုကြည့်၍ ရေရွတ်လိုက်သည်။
သူ၏မျက်နှာက လေးနက်တည်ကြည်နေပြီးအတွင်းအားကိုအဆင်သင့်စုစည်းထားကာ အရေးအကြောင်းရှိပါကဝင်ပါနိုင်ရန်အဆင်သင့်ပြင်ဆင်ထားသည်။