ပြင်းထန်သည့်အခြေအနေ
Vol. 1 Ch. 87
ဆရာတော်ခုံးရှပြောသလိုပင် ဆရာတော်ခုံးတုကား တိုက်ပွဲစသည်နှင့် သူ၏အစွမ်းအထက်ဆုံးပညာရပ်များကိုထုတ်သုံးကာ အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုအနိုင်ရရန်အစွမ်းကုန်တိုက်ခိုက်လျက်ရှိသည်။
ပြင်းထန်ကြမ်းတမ်းပြီးဖျက်ဆီးအားကောင်းလှသည့် ဝရဇိန်နတ်လက်ဝါး ၊ ရှုပ်ထွေးဆန်းကြယ်ပြီး ကွက်ပြောင်းများထောင်ချီသည့်လက်တစ်ထောင်ကွမ်ရင်လက်ဝါးနှင့် အရိုးအကြောများကိုထိမရုံနှင့်ဖျက်ဆီးနိုင်သည့် သံမဏိလက်ချောင်းသိုင်းတို့ကို တစ်လှည့်စီအသုံးပြုနေခြင်းဖြစ်သည်။
ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးတွင်ပါဝင်ပြီး လေ့ကျင့်ရခက်သလိုလွန်စွာအစွမ်းထင်လှသည့်ထိုပညာရပ်များထဲမှတစ်ခုခုကို ကျားနဂါးဘွဲ့ရဆရာတော်များပင် အောင်မြင်ရန်မလွယ်ကူသော်လည်း ဆရာတော်ခုံးတုကား ထိုပညာရပ်ကိုကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားနိုင်ကာ တိုက်ပွဲတွင်အဆုံးစွန်အထိအသုံးချနိုင်လေသည်။
ထို့ကြောင့် ဆရာတော်ခုံးတိ၏တိုက်ခိုက်မှုများကလွန်စွာကြောက်မက်ဖွယ်ကောင်းနေခြင်းဖြစ်ပြီး သာမန်သိုင်းဝိဇ္ဇာတစ်ဦးကိုအချိန်တိုအတွင်းအနိုင်ယူနိုင်သည်အထိအစွမ်းထက်လှ၏ ။
သို့သော် သူ၏ပြိုင်ဘက်က ခန့်မှန်းမရသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးဖြစ်နေရာ ဆရာတော်ခုံးတုမှာ ယခုအချိန်ထိအသာစီးမယူနိုင်သေးဘဲ ပြိုင်ဘက်၏တန်ပြန်တိုက်ကွက်များကိုပင် သတိထားကာကွယ်နေရသည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆရာတော်ခုံးတု၏တရစပ်တိုက်ခိုက်မှုများကို ခုခံကာကွယ်နေရရင်း တစ်ချက်တစ်ချက်သာတန်ပြန်တိုက်ခိုက်တတ်သည် ။
ထိုတိုက်ခိုက်မှုများကလည်း တစ်ချက်ဆိုသလောက် ထိရောက်မှုရှိကာ ဆရာတော်ခုံးတု၏မုန်တိုင်းကျသလိုတိုက်ခိုက်မှုမျိုးကိုပင် တန့်သွားစေနိုင်သည်။
သူအသုံးပြုနေသည်က ထူးဆန်းသည့်လက်ဝါးသိုင်းတစ်ခုဖြစ်ပြီး ပြင်းထန်အားကောင်းခြင်း၊ လျှင်မြန်ခြင်းတို့မရှိဘဲ သာမန်ဟုထင်ရသည့်တိုင် လွန်စွာအကွက်စေ့ပြီး ဆရာတော်ခုံးတု၏ဟာကွက်များကိုသာဦးတည်တိုက်ခိုက်တတ်ခြင်းဖြစ်သည် ။
ဆရာတော်ခုံးတု၏တိုက်ကွက်များက လွန်စွာပြင်းထန်သလို လူရိပ်ပင်မပေါ်အောင်လျှင်မြန်လှသည့် အမြန်နှုန်းကလည်းဩချရလောက်သည် ။
ထိုမျှပြင်းထန်လျှင်မြန်သည့်တိုက်ကွက်များကြားမှပင် ပြိုင်ဘက်၏ဟာကွက်ပျော့ကွက်များကို တွေ့မြင်တိုက်ခိုက်နိုင်သည့် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏သိုင်းပညာနှင့်အမြင်စူးရှမှုတို့က လွန်စွာအံ့အားသင့်ဖွယ်ကောင်းလှ၏။
သူတို့၏တိုက်ပွဲက အချိန်တခဏအတွင်းတိုက်ကွက်နှစ်ရာနီးပါးအထိရောက်ရှိနေပြီဖြစ်သော်လည်း ကြည့်ရှုနေကြသူများကားလုံးဝနားမလည်နိုင်ကြပေ။
အကြောင်းကား သူတို့၏မျက်စေ့ထဲ၌ စင်မြင့်ပေါ်တွင်လှည့်ပတ်ရွေ့လျားနေသည့်အရိပ်ကြီးနှစ်ခုနှင့်ရုထောင်ချီသည့်လက်ဝါးရိပ်များလက်သီးရိပ်များကိုသူမြင်နေရ၍ဖြစ်သည် ။
ဤသည်က သူတို့၏ညံ့ဖျင်းမှုလည်းမဟုတ်ဘဲ ထိုအဆင့်ရှိသည့်တိုက်ပွဲမျိုးကို သိုင်းဝိဇ္ဇာများသာ ကောင်းစွာမြင်တွေ့နိုင်ပြီး အဆင့်လွန်ထိပ်သီးများပင် ဆရာတော်ခုံးတုတို့၏လျှင်မြန်သည့်လှူပ်ရှားပုံများကိုကြည့်ရှုရန် ကောင်းစွာလိုက်မမီ၍ဖြစ်သည် ။
“ ဒီအတိုင်းဆိုရင် ညီတော် ခုံးတုရှုံးတော့မယ် ညီတော် ခုံးရှအခြေအနေမဟန်ရင်ဝင်ပါလိုက်...”
တိုက်ပွဲကို တလက်လက်တောက်ပနေသည့်မျက်လုံးများဖြင့်စူးစိုက်ကြည့်နေသည့် ဆရာတော်ခုံးဝန်က ခပ်တိုးတိုးပြောလိုက်သည်။
ရှောင်လင်ကျောင်းတွင် ကျောင်းထိုင်ဆရာတော်ပြီးပါက သိုင်းပညာအမြင့်ဆုံးမှာ သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့်ဆရာတော်ခုံးဝန်သာဖြစ်သည်။
လက်ရှိတိုက်ခိုက်နေသည့် တံခါးနီအဆောင်မှူးဆရာတော်ခုံးတု ၊ တာမောအဆောင်မှူးဆရာတော်ခုံးရှနှငိ့ ဤနေရာသို့ရောက်မလာသည့်စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်တို့က သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်သည် ။
ရှောင်လင်ကျောင်း၏ဒုတိယကျောင်းထိုင် ဆရာတော်ရွှမ်းချင်ကား သာမန်သိုင်းဝိဇ္ဇာအဆင့်သာရှိ၍ အဆင့်တတ်နိုင်ရန် တံခါးပိတ်လေ့ကျင့်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်စည် ။
ကျောင်းထိုင်ဆရာတော်၏ဆရာတူညီဖြစ်သည့် ပိဍိကတ်အဆောင်မှူးကား သိုင်းပညာမြင့်မားသော်လည်း တိုက်ခိုက်ရခြင်းကို လုံးဝမနှစ်သက်ဘဲ လူစုလူဝေးကိုအမြဲလိုလိုရှောင်ကျဥ်ရာ ယခုလိုတိုက်ပွဲမျိုးကိုသေချာပေါက်ဝင်ပါမည်မဟုတ်ပေ။
ထို့ကြောင့် ရှောင်လင်ကျောင်းမှသိုင်းဝိဇ္ဇာတစ်ဝက်ခန့်က ဤနေရာတွင်ရှိမနေသလို ကျန်ရှိနေသည့်သုံးယောက်ထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည့်ဆရာတော်ခုံးဝန်လည်း ရမ်းသမ်းမတိုက်ခိုက်သေးဘဲ တစ်ဖက်လူ၏သိုင်းပညာကိုအကဲခပ်နေခြင်းဖြစ်၏ ။
သို့သော် သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့် ဆရာတော်ခုံးဝန်ကိုယ်တိုင်ပင် တစ်ဖက်လူ၏သိုင်းအဆင့်ကိုထွင်းဖောက်မမြင်နိုင်သည်က အံ့ဩဖွယ်ကောင်းလှ၏။
သိုင်းကွက်သုံးရာနီးပါးသို့ရောက်ရှိလာသည့်အခါ ဆရာတော်ခုံးတုနှင့်အနက်ရောင်ဝတ်စုံဝတ်လူကြီးတို့၏လှုပ်ရှားမှုများက တဖြေးဖြေးနှေးကွေးလာကြသည်။
သူတို့၏တိုက်ကွက်များက သာမန်သိုင်းသမားများပင်မြင်နိုင်သည်အထိအရှိန်လျော့လာသော်လည်း တလိမ့်လိမ့်ထွက်ပေါ်နေသည့်အတွင်းအားလှိုင်းများကိုကြည့်၍ တိုက်ပွဲက အရှိန်မကျသေးကြောင်းသိရှိနိုင်သည်။
ထိုမြင်ကွင်းကြောင့် ရှောင်လင်ဂိုဏ်းသားများအံအားသင့်နေရုံသာမက ရှောင်ယောင်ပင် အဖိုးစုကိုမေးလိုက်မိ၏။
“ အဖိုးစု သူတို့ရဲ့တိုက်ကွက်တွေက ဘာလို့တဖြေးဖြေးနှေးလာတာလဲ...”
ရှောင်ယောင်၏မေးခွန်းကို တိုက်ပွဲအားစူးစိုက်ကြည့်နေသည့် အဖိုးစုက တိုက်ပွဲဆီမှ မျက်နှာမလွှဲဘဲ လေးနက်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည် ။
“ သူတိူ့ရဲ့တိုက်ကွက်တွေက နှေးလာတာမဟုတ်ဘူး အရင်ကထက်ပိုပြီးမြန်လွန်းလို့ သာမန်မျက်စေ့နဲ့လိုက်မမှီတဲ့အရှိန်ကိုရောက်သွားလို့ ဒီအတိုင်းကြည့်ရင်နှေးတဲ့ထင်တာ။
အခု ငါတို့စကားပြောနေတဲ့အချိန်လေးအတွင်းကို နောက်ထပ်သိုင်းကွက်ငါးဆယ်လောက်တိုက်ခိုက်ပြီးသွားပြီ...”
အဖိုးစု၏စကားကြောင့်ရှောင်ယောင်လည်း လွန်စွာအံ့အားသင့်သွားမိသည်။။
ထိုအချိန်တွင် အနက်ရောက်ဝတ်စုံဝတ်လူ၏လက်ဝါးရိုက်ချက်များကြောင့် ဆရာတော်ခုံးတုမှာ အရေးနိမ့်လာနေပြီး သူ၏တိုက်ကွက်များကဖရိုဖရဲဖြစ်လာသည်။
အထူးသဖြင့် တစ်ဖက်လူ၏လက်ဝါးသိုင်းက လွန်စွာထူးဆန်းပြီး လျှင်မြန်ခြင်၊ ပြင်းထန်ခြင်းကင်းမဲ့သော်လည်း သူ၏သိုင်းကွက်အားပျော့သည့်နေရာများကိုသာတည့်တည့်မက်မက်ဝင်ရောက်လာနေ၍ ဆရာတော်ခုံးတုလည်းအချိန်ကြာလေလေ ဟန်ချက်ပျက်လာလေလေဖြစ်ပြီး စတင်၍အရေးနိမ့်လာခြင်းဖြစ်၏။
စင်မြင့်ထက်အောက်နားရှိဆရာတော်ရွှမ်းနန်က ဘေးဘက်ရှိ ဆရာတော်ရွှမ်းမင်ကိုမေးလိုက်သည်။
“ ရွှမ်းမင် ဟိုလူသုံးနေတာ ဘာသိုင်းပညာလဲ မင်းသိလား...”
သိုင်းပညာရူးသွပ်သူဟုနာမည်ပြောင်ပေးထားသည့်ဆရာတော်ရွှမ်းမင်မှာ ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှအများစုကိုအောင်မြင်ထားသည့်အပြင် အားလပ်ချိန်များ၌ပင် ပိဍိကတ်ဆောင်မှ မှတ်တမ်းမှတ်ရာများကိုအချိန်ပြည့်ဖတ်ရှုနေတတ်၍ သိုင်းလောက၏ခေတ်အဆက်ဆက်မှနာမည်ကျောာ်သိုင်းပညာအတော်များများကို နှံ့စပ်စွာသိရှိသည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ ဆရာတော်ရွှမ်းမင်ပါ ချက်ခြင်းပြန်မဖြေနိုင်ဘဲ တိုက်ပွဲကိုမျက်မှောင်ကြုတ်၍စိုက်ကြည့်နေရာမှ ဖြေးညင်းစွာပြောလိုက်သည်။
“ သူ့ရဲ့သိုင်းပညာက အစွမ်းထက်တဲ့ရှေးဟောင်းသိုင်းပညာတစ်ခုဖြစ်နိုင်တယ်။ သူ့ရဲ့ဇာတ်မြစ်ကိုအခုချိန်ထိ ငါမှန်းဆလို့မရသေးဘူး။
ဒါပေမယ့် သေချာတာတစ်ခုက ဂိုဏ်းတူဦးလေး ခုံးတုတော့မကြာခင်ရှုံးနိမ့်တော့မယ်...”
ရွှမ်းမင်ဆရာတော်၏သုံးသပ်မှုနှင့်မရှေးမနှောင်းပင် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးချက်က ဆရာတော်ခုံးတု၏တိုက်ကွက်များကြားမှဖောက်ထွက်လာပြီး ရင်ဝကို တည့်မက်စွာတိုးဝင်တော့သည်။
ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်၍ ဆရာတော်ခုံးတုလည်း မျက်စိမျက်နှာပျက်ကာ နောက်ဘက်သို့ချက်ခြင်းရှောင်တိမ်းလိုက်သော်လည်း နောက်ထပ်လက်ဝါးတစ်ဖက် သူရှောင်တိမ်းမည့်ဘက်ကိုကြိုတင်တွက်ဆထားဟန်ဖြင့် အဆင်သင့်ဝင်ရောက်လာသည်။
“ ဝုန်း...”
“ ဖူး...”
ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဆရာတော်ခုံးတု၏ပါးစပ်မှသွေးများပန်းထွက်ကာ သူ၏ခန္တာကိုယ်ကကျိုးပြတ်သည့်စွန်တစ်ကောက်ပမာ နောက်သို့လွင့်စင်လာ၍ ဆရာတော်ခုံးရှလည်းလေပေါ်သို့ရိပ်ခနဲခုန်တက်ကာအလျှင်အမြန်ဖမ်းယူထားလိုက်ရသည်။
လွင့်စင်လာသည့် ခန္တာကိုယ်ကိုဖမ်းယူလိုက်သည့်ဆရာတော်ခုံးရှပင် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှကိုယ်ရှိန်သက်လိုက်နိုင်ပြီး သူ၏လက်တွင်းရှိဆရာတော်ခုံးတုကား သွေးမရှိသလိုဖြူစုတ်နေသည့်မျက်နှာဖြင့် သတိမရတစ်ချက်ရတစ်ချက်ဖြစ်နေသည်။
သည့်မတိုင်မီက သူတို့နှစ်ယောက်စလုံး တစ်ယောက်မှထိခိုက်ဒဏ်ရာမရကြသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးချက်က အနိုင်အရှုံးကို တစ်ကွက်ထဲဖြင့်ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သလို ရှုံးနိမ့်သွားသည့်ဆရာတော်ခုံးတုကလည်း လွန်စွာဆိုးရွားသည့်အခြေအနေသို့ရောက်ရှိသွားလေသည်။
“ သူ့ကို ပိဍိကတ်ဆောင်ကိုမြန်မြန်ခေါ်သွား...ပြီးရင် ကျောင်းမှာဒကာကြီးဟွမ်လည်းရှိသေးတယ်မလား သူ့ကိုလည်းအကူအညီတောင်းလိုက် “
ဆရာတော်ခုံးတု၏အခြေအနေကိုစစ်ဆေးကြည့်ပြီးနောက် ဆရာတော်ခုံးဝန်ပင် ဆက်လက်တည်ငြိမ်မနေနိုင်တော့ဘဲ အလောတကြီးပြောလိုက်သည်
လက်ရှိအချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးချက်က ဆရာတော်ခုံးတု၏ရင်ဝရှိအရိုးအနည်းငယ်ကိုကျိုးသွားစေသည့်အပြင် ပြင်းထန်သည့်အတွင်းဒဏ်ရာကိုပါရရှိစေခဲ့သည်။
အချိန်မီကုသနိုင်ခြင်းမရှိပါက ထိုဒဏ်ရာမှာ အသက်အန္တရာယ်ကိုပင်ထိခိုက်စေနိုင်သည်အထိပြင်းထန်ပြီး လက်ရည်စမ်းတိုက်ပွဲဟုဆိုသည့်တိုင် ယခုလိုမျိုးအဆင့်ထိဖြစ်သွားခဲ့သည်က အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ရက်စက်မှုကိုဖော်ပြနေပေသည်။
ထို့အပြင် နောက်ဆုံးတိုက်ခိုက်လိုက်သည့်တိုက်ကွက်အရ အနက်ရောင်ဝတ်စုံဝတ်လူကြီး၏သိုင်းအဆင့်က အနည်းဆုံးသိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိမည်ဖြစ်ကာ သိုင်းဝိဇ္ဇာအလယ်အဆင့်သာရှိသည့်ဆရာတော်ခုံးတုကိုလွယ်ကူစွာအနိုင်ယူနိုင်ပါလျက်နဲ့ အချိန်အတော်ကြာပညာလျှိုတိုက်ခိုက်ပြီးမှအပြင်းအထန်ဒဏ်ရာရစေခြင်းဖြစ်သည် ။
ထိုအဖြစ်က ဆရာတော်ခုံးဝန်လို ဒေါသထွက်ခဲလှသည့်တည်ငြိမ်သူတစ်ဦးကိုပင် မျက်နှာတင်းမာသွားစေခဲ့သည်။
စိုးရိမ်ပူပန်သည့်မျက်နှာဖြင့် ဆရာတော်ခုံးတု၏ခန္တာကိုယ်ကိုပွေ့ချီထားသည့်ဆရာတော်ခုံးရှလည်း ကျန်အချက်များကိုဂရုမစိုက်နိုင်သေးဘဲ စင်မြင့်ကြမ်းပြင်ကိုခြေတစ်ချက်ဆောင့်ကာ အရိပ်တစ်ခုလိုပျောက်ကွယ်သွားတော့သည်။
လူအုပ်အတွင်းရှိအဖိုးအိုဟွမ်လည်း ဆရာတော်ခုံးတု၏ဆိုးရွားသည့်အခြေအနေကိုမြင်လိုက်ရ၍ မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ရေရွတ်လိူက်သည်။။
“ ဟိုကောင်က တကယ်ဆော်သဟ ။ ငါမြန်မြန်သွားပြီးကြည့်လိုက်ဦးမယ်...မင်းနဲ့ဆရာတော်ခုံးဝန်ပေါင်းပြီးသူ့ကိုထိမ်းထားလိုက် ။
အခြေအနေမဟန်ရင်တော့ ကျောင်းထိုင်ဆရာတော်ဝင်ပါမယ်လို့မျှော်လင့်ပါတယ်...”
အဖိုးအိုဟွမ်က အဖိုးစုကို တည်ကြည်သည့်အမူအယာဖြင့်မှာလိုက်ပြီး လူအုပ်ကြားမှတိုးထွက်ကာ ပိဍိကတ်ဆောင်သို့ခပ်သုတ်သုတ်လျှောက်သွားတော့သည်။
တင်းမာသည့်အခြေအနေကရုတ်တရက်ရောက်ရှိလာ၍ အဖိုးစုလည်း သူ၏ဘေးရှိရှောင်ယောင့်ကို စန်းဟုန်းလျန်၏လက်သို့အပ်၍ လေးနက်စွာပြောလိုက်သည် ။
“ ဟုန်းလျန် မင်း ရှောင်ယောင်ကိုကာကွယ်ထား နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်ရင် ငါကျိန်းသေပေါက်ဝင်ပါမှရမယ်...”
အဖိုးစု၏ အထူးလေးနက်သည့်ပုံစံကြောင့် စန်းဟုန်းလျန်ပင် စိတ်ပူသွားသော်လည်း ခေါင်းညိမ့်ကာ ပြောလိုက်သည်။
“ စိတ်ချပါ...ဆရာကြီးစု ...”
သူတိူ့နှစ်ဦး၏ကြားတွင်ရှိသည့် ရှောင်ယောင်ကတော့ စင်မြင့်ပေါ်ရှိအနက်ရောင်ဝတ်စုံဝတ်လူကြီးကို တုန်လှူပ်စွာကြည့်နေမိသည်။
သူတစ်ဦးထဲမဟုတ်ပေ ။ စင်မြင့်နှင့်ခပ်လှမ်းခှမ်းသို့ဆုတ်၍ တိုက်ပွဲကိုကြည့်နေကြသည့်ရှောင်လင်ဂိုဏ်းသားအများစုကလည်း ထိတ်လန့်တုန်လှုပ်သည့်အမူအယာများဖြစ်ပေါ်နေကြပြီး ဆရာတော်ရွှမ်းမင်တို့လိုလူများပင် ယခုအချိန်၌ စိုးရိမ်ပူပန်နေကြဟန်တူသည်။