ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်
Vol. 1 Ch. 89
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏တိုက်ကွက်များက ဘက်ပေါင်းစုံမှ ရေပတ်မဝင်အောင်ရောက်ရှိလာပြီး ဆရာတော်ခုံးဝန်မှာ ရှောင်တိမရန်မဆိုထားနှင့်ခုခံရန်ပင်မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် ဆရာတော်ခုံးဝန်၏ခန္တာကိုယိက ရုတ်တရက်ပျောက်ကွယ်သွားပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အပိုင်လက်ဝါးရိုက်ချက်က လေကိုသာထိုးခွင်းမိသွားသည်။
ကြည့်ရှုနေကြသူများလည်း ဆရာတော်ခုံးဝန်၏ရှောင်တိမ်းမှုကို ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး လွန်စွာအံ့အားသင့်နေကြသည်။
အကြောင်းက အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးချက်များကိုရှောင်တိမ်းခုခံမရတော့သည်သိသည်နှင့် ဆရာတော်ခုံးဝန်က ရုတ်တရက်လဲလျောင်းလိုက်သည့်အတွက်ဖြစ်သည်။
အကယ်၍ ဆရာတော်ခုံးဝန်သာ အခိုက်ကိုက်မလုပ်ဆောင်နိုင်ပါက ကိုးယိုးကားယားပုံစံဖြင့်အဆုံးသတ်သွားနိုင်သော်လည်း ယခုမူကား လက်တစ်ဖက်ဖြင့် ဦးခေါင်းကိုထောက်၍ ဘေးတစောင်းအနေအထားဖြင့် ပန်းချီကားထဲမှဗုဒ္ဓကိုယ်ဟန်အတိုင်းရှိနေသည်။
ထိုအဖြစ်က အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုပင်အံ့အားသင်သွားစေဟန်တူပြီး သူမတုံ့ပြန်နိုင်မီ ဆရာတော်ခုံးဝန်၏ခန္တာကိုယ်က လေပေါ်သို့ရိပ်ခနဲတိုးတက်သွားသည် ။
အကြောင်းက ဆရာတော်ခုံးဝန်မှာ စင်မြင့်ကြမ်းပြင်ကို လက်ဖြင့်အသာပုတ်လိုက်၍ဖြစ်ပြီး သူ၏ခန္တာကိုယ်က လေပေါ်သို့မြောက်တက်သွားကာ အပေါ်စီးမှ နေ၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးကို တန်ပြန်လက်သီးချက်များပစ်သွင်းလိုက်သည် ။
“ ဟူး...ခြိမ်း...”
ဆရာတော်ခုံးဝန်၏နက်ရှိုင်းလှသည့်အတွင်းအားကြောင့် လက်သီးချက်များက လွန်စွာအားအင်ပြင်းထန်နေပြီးမိုးခြိမ်းသံနှင့်ဆင်တူသည့်အသံများပင်ထွက်ပေါ်နေသည်ဟုထင်ရသည်။။
ဤသည်က ရှောင်လင်လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးတွင်ပါဝင်သည့်မိုးကြိုးလက်သီးဖြစ်ပြီး ရိုးစင်းသည့်တိုက်ကွက်များကြောင့် လေ့ကျင့်သူမရှိသလောက်ဖြစ်သည့်သိုင်းပညာတစ်ခုလည်းဖြစ်သည် ။
ယခုအချိန်တွင်ကား ဆရာတော်ခုံးဝန်၏လက်ထဲတွင် မိုးကြိုးလက်သီးသိုင်းကသူ၏စွမ်းရည်ကို အပြည့်အဝပြသနေနေပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးပင်အခက်တွေ့သွားရသည် ။
သို့သော် သူကိုယ်တိုင်ကအစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်ရာ ဆရာတော်ခုံးဝန်၏ မိုးသီးကျသလိုတိုက်ကွက်များကြား၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက တည်ငြိမ်နေဆဲဖြစ်ပြီး လက်ဝါးနှစ်ဖက်ကိုဝေ့ယမ်းကာ အတွင်းအားများစွာထည့်သွင်း၍အဆက်မပြက်ရိုက်ထုတ်လိုက်သည်။
“ တိမ်လှိုင်းသုံးဆင့်လက်ဝါးချက်..”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးရိပ်များကထူးဆန်းသည့်ပုံစံဖြင့်ပြေးဝင်သွားကာ သူ၏ရှေ့၌ တံတိုင်းသုံးခုသဖွယ်အဆင့်ဆင့်ရှိနေသည်။
“ ဝုန်း...ဝုန်း...”
အတွင်းအားပေါက်ကွဲသံများက ကျယ်လောင်စွာထွက်ပေါ်နေပြီး ကွင်းပြင်ရှိလူများမှာ အနိမ့်ဆုံးလူကပင် သိုင်းပညာထိပ်တန်းအဆင့်ရှိသော်လည်း ထိုအသံများကြောင့် နားများကိုအုပ်ကိုင်လိုက်မိကြသည် ။
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏လက်ဝါးချက်များက ဆန်းကြယ်ပြီးအစွမ်းထက်သလို ဆရာတော်ခုံးဝန်၏မိုးကြိူးလက်သီးသိုင်း၏ ပေါက်ကွဲအားကလည်းကြောက်မက်ဖွယ်ကောင်းလှ၏ ။
ဆရာတော်ခုံးဝန်၏လက်သီးချက်များကို ဆက်တိုက်ခုခံလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူကြီးပင် နောက်ဘက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။
ဤသည်က တိုက်ပွဲစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ်နောက်ဆုတ်လိုက်ရခြင်းလည်းဖြစ်ပြီး ဆရာတော်ခုံးဝန်ကားအောက်စည်းသို့ရောက်နေရာမှ ရုတ်တရက်အသာစီးပြန်ယူနိုင်သည်ဟုဆိုရပေမည်။
သို့သော် ထိုအချက်ကဆရာတော်ခုံးဝန်က အနက်ရောင်ဝတ်စုံဝတ်လူကြီးထက်သိုင်းပညာမြင့်မားသည်ဟုဆိုလိုခြင်းမဟုတ်ပေ။
အစောပိုင်းက ဆရာတော်ခုံးဝန်၏ထူးခြားသည့်ကိုယ်ဟန်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးအငိုက်မိသွားပြီး ဆရာတော်ခုံးဝန်က အခွင့်အရေးကိုအရယူကာ ဆက်တိုက်တိုက်ခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။
ထို့နောက် သူတို့နှစ်ယောက်စလုံးက မည်သူမှလှုပ်ရှားမှုမရှိကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကြပြီးအချိန်အနည်းငယ်ကြာအောင်ငြိမ်သက်သွားတော့သည် ။
တိုက်ပွဲကိုကြည့်ရှုနေသည့်ရှောင်လင်ဂိုဏ်းသားများလည်း အသက်ပင်ပြင်းပြင်းမရှူဝံ့ကြဘဲ ကွင်းပြင်တစ်ခုလုံးအပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်သွားတော့သည်။
“ ဒကာကြီး သိုင်းကွက်ငါးရာပြည့်သွားမီမလား ..”
ဆရာတော်ခုံးဝန်၏တည်ငြိမ်သည့်မေးခွန်းကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
“ မှန်ပါတယ်...ဆရာတော်အနိုင်ရသွားပါပြီ.. “
သူ၏ဝန်ခံမှုကြောင့် ရင်တထိတ်ထိတ်ရှိနေကြသည့် ရှောင်လင်ဂိုဏ်းသားများမှာ ဝမ်းမြောက်စွာအော်ဟစ်လိုက်ကြသည်။
ခက်ခက်ခဲခဲရရှိလာသည့်နိုင်ပွဲကြောင့် သူတို့က ဆရာတော်ခုံးဝန်မှာ တန်းတူယှဉ်ပြိုင်အနိုင်ရခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏သိုင်ကွက်ငါးရာကိုမရှုံးဘဲခုခံနိုင်ခြင်းဖြစ်သည်ကိုတော့ မေ့လျော့နေကြမိ၏ ။
ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆက်လက်တိုက်ခိုက်မည့်ပုံမရတော့ဘဲ လက်နောက်ပစ်၍ရပ်နေရင်းမှ ခေါင်းတညိမ့်ညိမ့်ဖြင့်ဆက်ပြောလိုက်သည်။။
“ စောစောက ဆရာတော်သုံးသွားတာ ရဟန်းငါးပါးသိုင်းထဲက ကိုယ်ဟန်တစ်ခုမဟုတ်လား။ ရှောင်လင်ရဲ့ရှေးဟောင်းသိုင်းပညာတွေက ပြောင်မြောက်ပါပေမယ် ....”
သူ၏စကားကြောင့်သာ ရှောင်လင်ဂိုဏ်းသားအများစုမှာ ဆရာတော်ခုံးဝန်ရှုံးနိမ့်လုဆဲဆဲအချိန်၌ ရှောင်တိမ်းခဲ့သည့်ကိုယ်ဟန်ကိုပြန်သတိရသွားပြီး အံ့ဩတုန်လှုပ်သွားကြသည်။
ရပ်၊ ထိုင် ၊ လဲ ၊ တားမြစ်၊ မုဒြာဆိုသည့်ကိုယ်ဟန်ငါးခုကိုအခြေခံထားသည့်ရှောင်လင်၏ရဟန်းင်းပါးသိုင်း ရှေးဟောင်းသိုင်းပညာတစ်ခုဖြစ်ပြီး တိုက်ခိုက်ရသည့်သိုင်းပညာမဟုတ်ဘဲ တိုက်ပွဲကိုအထောက်အကူပြုသည့်ပညာရပ်မျိုးဖြစ်သည် ။
ထို့ကြောင့်လည်း ခေတ်အဆက်ဆက်တွင် ထိုသိုင်းပညာကိုလေ့ကျင့်သူလွန်စွာနည်းပါးခဲ့ပြီး ယခုအချိန်၌ ဆရာတော်ခုံးဝန်အသုံးပြုသွားမှသာ သူတို့အထင်မကြီးကြသည့်ထိုပညာရပ်ကမည်မျှအစွမ်းထက်၍ အကျဉ်းအကြပ်ထဲ၌အသုံးဝင်လှသည်ကို သိရှိသွားကြတော့သည်။
“ ငါတော့ ဆုံးဖြတ်လိုက်ပြီး နောက်ရက်ကျရင် ဆရာတော်ရွှမ်းချင်ကိုခွင့်တောင်းပြီး ရဟန်းငါးပါးသိုင်းကိုလေ့ကျင့်တော့မယ်...”
လောဟန်အဆောင်မှဘုန်းကြီးတစ်ပါးက လက်သီးတင်းတင်းဆုပ်၍ရေရွတ်လိုက်သည်။
သူ၏စကားကြောင့် ဘေးဘက်ရှိဘုန်းကြီးတစ်ပါးကလည်း တောက်ပသည့်မျက်ဝန်းများဖြင့်ခေါင်ညိမ့်လိုက်သည်။။
“ ငါကတော့မိုးကြိုးလက်သီးသိုင်းကိုပိုပြီးသဘောကျတယ် ဆရာတော်ခုံးဝန်သုံးသွားတာ ဘယ်လောက်အစွမ်းထက်လဲမြင်တယ်မလား...”
ယခုလို တွေးတောနေကြသူများက ကွင်းပြင်ရှိလူအများစုပင်ဖြစ်ပြီး ယခုတိုက်ပွဲကြောင့်သူတို့၏သိုင်းပညာမည်မျှနိမ့်ကျနေသေးသည်ကိုသတိပြုမိလိုက်ကြသလို သိုင်းကျမ်းဆောင်မှတိမ်မြုပ်နေသည့်သိုင်းပညာများလည်းမည်မျှအစွမ်းထက်သည်ကိုရှင်းရှင်းလင်းလင်းသိလိုက်ကြသည်။
“ ရွှမ်းမင်.. မင်းအဆောင်ကလူတွေတော့ နောက်ရက်ကျရင် သိုင်းပညာအရူးအမူးလေ့ကျင့်ကြတော့မယ်နဲ့တူတယ်...”
ဆရာတော်ရွှမ်းနန်က ဘေးဘက်ရှိဆရာတော်ရွှမ်းမင်၏အနီးသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
သူတို့နှစ်ဦးက စင်မြင့်နှင့်အနီးဆုံးနေရာ၌ရှိသော်လည်း တိုက်ပွဲ၏အားလှိုင်းများကိုသက်ရောက်ခြင်းမရှိဘဲခံနိုင်ကြသညိ။။
သူတို့၏နောက်ဘက်နားတွင် ကျားနဂါးဆရာတော်အနည်းငယ်ရှိနေပြီး သိုင်းပညာလေ့ကျင့်ရေးမှူး ဆရာတော်ရွှမ်းချင်ကား အတွင်းဒဏ်ရာကြောင့် တိုက်ပွဲမစမီကပင်လောဟန်ဆောင်သို့ပြန်သွားပြီဖြစ်သည်။
“ သူတို့က လူသိများတဲ့သိုင်းပညာတွေကိုပဲလေ့ကျင့်ချင်တာလေ ။ ခုနစ်ဆယ့်နှစ်မျိုးသိုင်းပညာတွေအားလုံးက သူ့ဟာနဲ့သူအစွမ်းထက်ပြီးသားဆိုတာကို အကုန်လုံးက သတိမပြုမိကြဘူး။။
ဘာပဲဖြစ်ဖြစ် အခုလိုစိတ်နေစိတ်ထားတွေတိုးတက်လာတာငါတို့ရှောင်လင်အတွက်ကောင်းမွန်တာပေါ့။
ငါကတော့ နောက်ရက်ကျရင် လေ့ကျင့်တဲ့အချိနိကိုပိုတိုးမှဖြစ်တော့မယ်.. “
ဆရာတော်ရွှမ်းမင်၏မျက်နှာက ပကတိတည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းများထက်တွင် အလျော့မပေးသည့်အရိပ်အယောင်များကိုတွေ့နေရသည်။
သူ၏စိတ်ထဲတွင်ကားဆရာတော်ခုံးဝန်နှင့်အနက်ရောင်ဝတ်စုံဝတ်လူကြီးတို့၏အံ့မခန်းသိုင်းပညာကိုမြင်ရပြီးနောက် သူကိုယ်တိုင်လည်း ထိုအဆင့်ကိုကျော်တတ်ရမည်ဟု ပန်းတိုင်တစ်ခုချမှတ်လိုက်မိ၏။
ဆရာတော်ရွှမ်းမင်၏အတွေးတို့ကိုရိပ်စားမိလိုက်၍ ဆရုတော်ရွှမ်းနန်လည်း မတတ်နိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
စင်မြင့်ပေါ်ရှိ ဆရာတော်ခုံးဝန်ကတော့ ပြောင်းလဲမှုမရှိသည့်မျက်နှာဖြင့်တည်ငြိမ်စွာရှိနေပြီး ဖြေးညင်းစွာမေးလိုက်သည်။။
“ ဒါဆိုရင် ဒကာကြီးရဲ့ရည်ရွယ်ချက်ကို ပြောပြလို့ရပြီမလား...”
ဆရာတော်ခုံးဝန်၏အမူအယာကတည်ငြိမ်သော်လည်း စိတ်ထဲတွင် တစ်ဖက်လူ၏ခန့်မှန်းမရသည့်ပုံစံကို သတိကြီးစွာထားနေရသည်
အကြောင်းကအနက်ရောင်ဝတ်စုံဝတ်လူကြီးနှင့်သာ အမှန်တကယ်တိုက်ခိုက်ပါက သူရှုံးနိမ့်ရန်ရာခိုင်နှုန်းများသည်ကိုသိရှိ၍ဖြစ်ပြီး ယခုအချိန်ထိတစ်ဖက်လူ၏ရည်ရွယ်ချက်ကို တိတိကျကျမသိရခြင်းက ဆရာတော်ခုံးဝန်ကိုပူပန်စေသည်။
သူ၏မေးခွန်းအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက လျှို့ဝှက်စွာပြုံး၍ပြန်ဖြေလိုက်သည်။
“ ဒါပေါ့ အခု ကျုပ်ရှုံးနိမ့်သွားတာဆိုတော့ ကျုပ်ရည်ရွယ်ကိုအမှန်အတိုင်းပြောပါ့မယ်။
တကယ်တော့ ကျုပ်က ရှောင်လင်ကျောင်းရဲ့စွမ်းအားကိုသိချင်လို့လာခဲ့တာပဲ ...အထူးသဖြင့် ကျောင်းထိုင်ဆရာတော်နဲ့ပိဍိကတ်ဆရာတော်ကလွဲရင် ဒီမှာ အစွမ်းထက်သိုင်းပညာရှင်ဘယ်လောက်ရှိသေးလဲလို့...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ရှောင်လင်ဂိုဏ်းသားများ အံ့အားသင့်သွားကြရုံသာမက ဆရာတော်ခုံးဝန်ပင်မျက်မှောင်ကြုတ်လိုက်မိသည်။
“ ဒကာကြီးက ဒီကိစ္စအတွက် ကျုပ်တို့ရှောင်လင်ကိုလာစိန်ခေါ်တာလား ညီတော်ခုံးတုကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေပြီးတော့လေ ..”
ဆရာတော်ခုံးဝန်၏လေသံကအနည်းငယ်အေးစက်နေပြီး ဆရာတော်ခုံးတုအတွက် ကျေနပ်ခြင်းမရှိကြောင်းသိသာပေသည်။
သူ၏စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပခုံးတွန့်ပြကာပြန်ဖြေလိုက်သည် ။
“ ဒါကတော့ နည်းနည်းမတော်တဆဖြစ်သွားတာပါ ။ သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်တစ်ယောက်ယောက်က အကြောထောက်ကုသပေးလိုက်ရင်အသက်အန္တရာယ်မရှိပါဘူး။
ပိဍိကတ်အဆောင်မှူးဆရာတော်ရဲ့သိုင်းပညာနဲ့ဆိုရင်လွယ်လွယ်ကုသနိုင်မှပါ...”
ထင်မှတ်မထားသည့် သူ၏အဖြေကြောင့်ဆရာတော်ခုံးဝန်ပင် ရင်ထိတ်သွားမိ၏ ။
အကြောင်းက ဆရာတော်ခုံးတုအပြင်းအထန်ဒဏ်ရာရခြင်းမှာ အနက်ရောင်ဝတ်စုံဝတ်လူကြီးကတမင်စမ်းသပ်လိုက်ခြင်းဖြစ်ပြီး ပြင်ပသို့မထွက်သည့်ပိဍိကတ်အဆောင်မှူး၏သိုင်းပညာကိုသိလို၍လည်းဖြစ်သည်။
သူ၏စကားအတိုင်းပင် ဆရာတော်ခုံးတု၏ဒဏ်ရာများက လွန်စွာပြင်းထန်လှသော်လည်း သူတို့လိုအဆင့်မျိုးရှိသူတစ်ဦးကုသပေးလိုက်ပါက စိုးရိမ်စရာမဟုတ်တော့ပေ ။
ဆရာတော်ခုံးဝန်က သူ့ကိုရင်ဆိုင်ရန်ကျန်ခဲ့ရမည်ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကလည်း သွားရောက်နှောင့်ယှက်ရန်မသင့်ရာ ဆရာတော်ခုံးဝန်ကိုကုသပေးရန် ပိဍိကတ်ဆရာတော်ဆီသို့ခေါ်ဆောင်သွားရန်သာရှိတော့သည်။
စင်စစ် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပိဍိတ်ကတ်ဆရာတော်၏သိုင်းပညာကို အနည်းနှင့်အများသိရှိရန်စမ်းသပ်လိုက်ခြင်းသာ ဖြစ်ပေသည် ။