တောနက်အလယ်မှနန်းတော်
Vol. 1 Ch. 91
“ ခေါင်းဆောင် ဘာလို့ရှောင်လင်ကနေ ဆုတ်ပြေးလာရတာလဲ ခေါင်းဆောင်သာ တကယ်တိုက်ရင် ဆရာတော်ခုံးဝန်ကိုတောင် သိုင်းကွက်ငါးရာအတွင်းအနိုင်ယူနိုင်တယ်မလား...”
ကျိုးတိက စဉ်းစားရခက်သည့်ပုံစံဖြင့်မေးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ရှောင်လင်ကျောင်းမှထွက်ပြေးခဲ့သည်ဟုဆိုနိုင်သော်လည်း သူသာအမှန်တကယ်တိုက်ခိုက်ပါက ကျောင်းထိုင်ဆရာတော်မှလွဲ၍မည်သူမှဟန့်တားနိုင်မည်မဟုတ်ပေ ။
ကျိုးတိ၏စိတ်ထဲမှအတွေးကိုရိပ်စားမိ၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပြုံးလိုက်ပြီး ကျိုးတိ၏တပည့်လူငယ်ကိုကြည့်ကာ မေးလိုက်သည်။
“ မင်းကရော ဘယ်လိုထင်လဲ...”
သူ၏မေးခွန်းကြောင့်လူငယ်လည်းအံ့အားသင့်သွားပြီးမှ ချက်ခြင်းပြန်ဖြေလိုက်သည်။
“ ကျုပ်ထင်တာပြောရရင် ခေါင်းဆောင်ကြီးက ရှောင်လင်ကျောင်းတော်ရဲ့အင်အားကိုစမ်းသပ်ကြည့်ဖို့သွားတာလို့မြင်တယ်။
ဘာကြောင့်လဲဆိုတော့ ဆရာတော်ခုံးတုကိုဒဏ်ရာအပြင်းအထန်ရအောင်လုပ်တာက အပြန်မထွက်တဲ့ ပိဍိကတ်ဆရာတော်ရဲ့သိုင်းအဆင့်ကိုခန့်မှန်းချင်လို့ပဲ။
ပြီးတော့ ဆရာတော်ခုံးဝန်ကိုခေါင်းဆောင်ကြီး သေချာပေါက်အနိုင်နိုင်တယ်ဆိုပေမယ့် နေရာက သူများပိုင်နက်ဆိုတော့ ဆက်ပြီးလုပ်ဖို့်သင့်လျော်ဘူး ။
ပြီးတော့ ကျောင်းထိုင်ဆရာတော်ကသိုင်းလောကအရေးတွေကိုဘယ်လောက်ပဲဝင်မပါဘူးပြောပြော ကျုံဟွာတောင်တိုက်ပွဲမှာ သူရောက်လာခဲ့တာကိုကြည့်ရင် သိုင်းလောကနဲ့ပတ်သတ်လို့ လုံးဝကြီးဥပေက္ခာမပြုသေးဘူးလို့တွေးလို့ရတယ်။
ရှောင်လင်ကျောင်းတော်ထဲမှာ သာဆက်ပြီးရမ်းကားနေရင် ကျောင်းထိုင်ဆရာတော်တောင်သေချာပေါက်ထွက်လာနိုင်တယ်။
ဒါကြောင့် ခေါင်းဆောင်ကြီးက ခုံးဝန်ဆရာတော်နဲ့ အစစ်အမှန်တိုက်ပွဲကို ရှောင်လွှဲပြီး အခုလိုအလျော့ပေးပြီးဆုတ်ခွာခဲ့ရတာလို့မြင်တယ်...”
လူငယ်၏ပြည့်စုံသည့်သုံးသပ်ချက်ကြောင့် ကျိုးတိပင် သူ၏တပည့်ကိုအံ့ဩသလိုကြည့်လိုက်မိသည်။
လူငယ်၏အဖြေအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတဆက်ဆက်ညိမ့်၍ပြောလိုက်သည်။
“ ကောင်းတယ် မင်းရဲ့သုံးသပ်ချက်က ။ ဒါပေမယ့် အဓိကအချက်ကို မဟုတ်သေးဘူး ဆရာတော် ခုံးဝန်နဲ့ဆက်မတိုက်ဘဲ ရှောင်လင်ကျောင်းထဲကဆုတ်ခွာခဲ့တာရဲ့ အဓိကအချက်က အဲဒီနေရာမှာရှိတဲ့ လူနှစ်ယောက်ကြောင့်ပဲ...”
သူ၏စကားကြောင့် လူငယ်၏မျက်ဝန်းထဲတွင်ရှုပ်ထွေးသည့်အရိပ်အယောင်များဖြတ်ပြေးသွားပြီး ပြန်မေးလိုက်သည် ။
“ ကျေးဇူးပြုပြီးအလင်းပြပါဦး...ခေါင်းဆောင်ကြီး ကျုပ်တွေးလို့မရဘူး...”
လူငယ်၏တောင်းပန်စကားကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးကဖြေးညင်းစွာပြောလိုက်သည်။
“ ကြည့်နေတဲ့ လူအုပ်ထဲမှာဆရာတော်ခုံးဝန်ထက်တောင်အစွမ်းထက်တဲ့လူနှစ်ယောက်ရှိနေတယ်။
သူတို့ထဲကတစ်ယောက်က တေလေဂိုဏ်းချုပ်ကြီးစုတိချုံးနဲ့ ကျန်တဲ့တစ်ယောက်ကလည်း သူ့အောက်မနိမ့်ဘူး.။ ပြောစမ်းပါဦး ဒီနှစ်ယောက်သာ စင်ပေါ်တက်ပြီးတိုက်ခိုက်ရင် ငါအနိုင်ရပါဦးမလားလို့...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ကျိုးတိရော လူငယ်ပါ အံ့ဩတုန်လှုပ်သွားကြ၏။
သူတို့အမူအယာကိုကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်းကာ ဆက်လျှောက်သွားလိုက်သည်။
“ မင်းတို့ မြဲမြဲမှတ်ထားဘယ်တော့နေနေ ကိုယ့်ပတ်ဝန်းကျင်ကိုသတိမပြက်ရှိသင့်တယ်။ ဒါမှ အဘက်ဘက်ကကျရောက် လာနိုင်တဲ့အန္တရာယ်တွေကိုကာကွယ်နိုင်မှာ ။
ပြီးတော့ တိုက်ပွဲတစ်ခုခုမှာ ကိုယ်က လုံးဝအနိုင်မရမချင်း စိတ်ကိုလျော့မချနဲ့ အထူးသဖြင့် သိုင်းပညာအဆင့်မြင့်တဲ့လူတွေရဲ့တိုက်ပွဲမှာ အမှားသေးသေးလေးတစ်ချက်က တိုက်ပွဲကိုအလှည့်အပြောင်းဖြစ်သွားစေနိုင်တယ် ။
စောစောက ငါနဲ့ဆရာတော်ခုံးဝန်ရဲ့တိုက်ပွဲမှာဆို သူရဟန်းငါးပါးသိုင်းကိုလေ့ကျင့်ထားမယ်မထင်လို့ ငါတောင်နည်းနည်းအငိုက်မိသွားသေးတယ်။
တကယ်လို့ ငါ့ရဲ့သိုင်းပညာကသာ သူ့ထက်သာလွန်မနေရင် အဲဒီတိုက်ပွဲမှာ သိုင်းကွက်ငါးရာမပြောနဲ့ တစ်ထောင်ကျော်အထိတိုက်ရင်တောင် ဆရာတော်ခုံးဝန်ကိုအနိုင်ရဖို့မသေချာဘူး။
ဂိုဏ်းကြီးခြောက်ဂိုဏ်းက ရှေးရိုးစွဲဆန်ပြီး အမြဲတမ်းတသမတ်ထဲရှိကြပေမယ့် သူတို့ရဲ့အခြေခံအုတ်မြစ်က ခိုင်မြဲလွန်းသလို ခေတ်အဆက်ဆက်မှာ အစွမ်းထက်သိုင်းပညာရှင်တွေအမြဲတမ်းပေါ်ထွက်လာကြတယ် ။
ဒါက ကျန်တဲ့ထိပ်တန်းအင်အားစုတွေ သူတို့ကိုလိုက်မမှီနိုင်တဲ့အဓိကအချက်ပဲ ..”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏နောက်မှ တိတ်ဆိတ်စွာလိုက်ပါလာရင်း ကျိုးတိတို့ဆရာတပည့်ကား သူ၏စကားများကိုစွဲမြဲနေအောင်မှတ်သားထားလိုက်ကြသည် ။
ဤသို့ဖြင့် တောင်ခြေလမ်းမပေါ်သို့ရောက်ရှိလာပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးက အဝေးသို့ငေးရင်း ပြောလိုက်သည်။
“ မင်းတို့က စံအိမ်ကို ပြန်ဦး ...ငါကျန်းနန်ကို သွားလိုက်ဦးမယ်... လောင်းကစားမြို့တော်ကပြန်လာတဲ့စုန်းယောင်လည်း စံအိမ်ကိုပြန်ရောက်နေလောက်ပြီ။
သူ့နဲ့အတူ မိန်းကလေးတစ်ယောက်နဲ့ လူတစ်ယောက်ပါလာလိမ့်မယ် ။ စုန်းယိက သိုင်းလောကထဲမှာဆိုတော့ သူတို့နှစ်ယောက်ကို မင်းနေရာထိုင်ခင်းစီစဉ်ပေးလိုက် ကျိုးတိ...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ကျိုးတိလည်းအရိုအသေပေးလိုက်ပြီး အနည်းငယ်အံ့အားသင့်ဟန်ဖြင့်မေးလိုက်သည်။
“ သူတို့ကရော ကျုပ်တို့အဖွဲ့အစည်းအတွက် အဓိကအဖွဲ့ဝင်တွေဖြစ်လာမှာလားခေါင်းဆောင်...”
ကျိုးတိ၏မေးခွန်းကြောင့်အနက်ရောင်ဝတ်စုံဝတ်လူကြီးက ထူးဆန်းစွာပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။
“ အဓိကအဖွဲ့ဝင်တွေတင်မဟုတ်ဘူး အဓိကအရေးပါတဲ့အဖွဲ့ဝင်တွေပါဖြစ်လာလိမ့်မယ်....”
သူ၏မျက်နှာထက်ရှိအပြုံးက လျှို့ဝှက်ဆန်းကြယ်နေပြီး နောက်ဘက်တွင်ကျန်ခဲ့သည့်တောင်ပေါ်သို့မော့ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ သားကောင်ကိုချောင်းမြောင်းပြီးပစ်ခတ်တာ ဂုဏ်သရေရှိမုဆိုးမဟုတ်ဘူး ။ အခုမှ ကစားပွဲက စိတ်ဝင်စားစရာကောင်းလာမှာ...”
&&&&
အရှေ့ပိုင်းဒေသ၏ နာမည်ကျော်သန့်စင်တောင်တန်း...
ရှည်လျားမြင့်မားသည့်တောင်စဉ်တန်းများနှင့်အတူ နက်ရှိုင်းသည့်တောအခြေအနေတို့ကြောင့် လူသူအရောက်အပေါက်နည်းပြီး တောတွင်းသတ္တဝါများသာ ကြီးစိုးသည့်နေရာဖြစ်သည်။
သန့်စင်တောင်တန်းနှင့်ပတ်သတ်၍ သိုင်းလောကသားများသိကြသည်က တစ်ချိန်က အရှေ့ပိုင်း၏ နာမည်ကျော်ဓားသမားထန်းဝူကြောင့်ဖြစ်သည် ။
ဝူတန်းဂိုဏ်းချုပ်နှင့်ဓားပညာတန်းတူအနေအထားရှိပြီး ရှုံးပွဲမရှိစံချိန်ဖြင့်နာမည်ကျော်ခဲ့သည့်ဓားသမားထန်းဝူကား လွန်ခဲ့သည့်အနှစ်သုံးဆယ်ကျော်က သိုင်းလောကတွင်လျှမ်းလျှမ်းတောက်ခဲ့သူတစ်ဦးလည်းဖြစ်သည် ။
သိူ့သော်လည်း မြစိမ်းရောင်ဓားသမားဆိုသည့်လူတစ်ယောက်ကိုရှုံးနိမ့်ပြီးနောက် သူ၏ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ရသလို သိုင်းလောကမှလည်းအနားယူသွားခဲ့သည်။
ထို့နောက် ဓားသမားထန်းဝူက သန့်စင်တောင်တန်းတစ်နေရာရှိ ရွက်ကြွေတောင်ပေါ်တွင်သာနေထိုင်ခဲ့တော့သည်။
ထန်းဝူမှာ သိုင်းလောကအတွင်းမှထွက်ခွာသွားသည်က နှစ်များစွာကြာပြီဖြစ်သော်လည်းသူ၏တပည့်နှစ်ယောက်ဖြစ်သည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင်ကလည်း ဆရာ့ထက်တပည့်လက်စောင်းထက်ဆိုသလို သိုင်းလောကတွင်နာမည်ကျော်ခဲ့သေးသည် ။
ဒုတိယအကြိမ်စန်နုန်ကျတိုက်ပွဲတွင် ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်တစ်ပါးဖြစ်သူ ငရဲဓားဝမ်းတုအားသတ်ဖြတ်ခဲ့သူက အနက်ရောင်သိမ်းငှက်ချွင်းရှန်ဖြစ်ပြီး ထိုတိုက်ပွဲအပြီးတွင် ချွင်းရှန်မှာ သိမ်းငှက်မင်းဆိုသည့်နာမည်ကိုရရှိခဲ့သူလည်းဖြစ်သည်။
ယခုအချိိန်က ကျုံဟွာတောင်တိုက်ပွဲအပြီးဆယ်နှစ်ကျော်ကြာပြီဖြစ်၍ ထိုစဥ်က နာမည်ကျော်လူငယ်မျိုးဆက်အတော်များများက သိုင်းလောကတွင်မှေးမှိန်လာကြသလို အရှေ့ပိုင်းသိမ်းငှက်ညီနောင်လည်း သိုင်းလောကမှဆုံးစမြုပ်ပျောက်ကွယ်သွားခဲ့ပေသည်။
သို့သော်လည်းသန့်စင်တောင်တန်းဟုဆိုလိူက်သည်နှင့် ရွက်ကြွေတောင်ပေါ်ရှိအရှေ့ပိုင်းဓားသမားနှင့်သူ၏တပည့်နှစ်ယောက်တို့အကြောင်းကို သိုင်းလောကသားများအမှတ်ရနေကြဦးမည်ဖြစ်သည်။
သန့်စင်တောင်တန်း၏အတွင်းဘက်ကျကျတစ်နေရာတွင် ကျယ်ဝန်းပြန့်ပြူးသည့်နေရာတစ်ခုရှိသည်။
ဘေးပတ်လည်တွင်နက်ရှိုင်းသည့်တောအုပ်ကြီးရှိကာ တောင်မြင့်များကပတ်လည်ခြံရံနေသော်လည်း ထိုနေရာလေးကား သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် မြေပြန့်နေရာတစ်ခုဖြစ်သည်။
ထိုမြေကွက်လပ်ပေါ်တွင် လူနေထိုင်သည့်အဆောက်အဦးများရှိနေပြီး တောတောင်ကြားတွင် တသီးတသန့်နေထိုင်လျက်ရှိသည့်သီးခြားမြို့ငယ်လေးတစ်ခုအလားပင်။
မနီးမဝေးတွင်စီးကျနေသည့်ရေတံခွန်မြင့်မြင့်ကြီးက အတော်လေးကြီးမားသည့်စမ်းချောင်းတစ်ခုကိုဖြစ်ပေါ်စေပြီး ထိုစမ်းချောင်းက မြို့ငယ်လေးကိုပတ်ကာစီးဆင်းလျက်ရှိသည်။
လူသူအရောက်အပေါက်မရှိဘဲ နက်ရှိုင်းလှသည့်တောတွင်း၌ ယခုလိုမြို့ငယ်လေးတစ်ခုရှိနေသည်က လွန်စွာထူးဆန်းပြီး မြို့လေး၏အရှေ့ဘက်အကျဆုံး၌ မြင့်မားသည့်နန်းတော်ကြီးတစ်ခုရှိနေသည်က ပို၍ပင်ဆန်းကြယ်နေသေးသည် ။
ဝါးနှစ်ပြန်ခန့်မြင့်မည့်တံတိုင်းကြီးက ကျောက်ဖြူနန်းတော်ကြီး၏ပတ်လည်ကိုကာရံထားသလို ရှေးကျသော်လည်း လွန်စွာလက်ရာမြောက်သည့်အဆောက်အဦးများကလည်း နန်းတော်ကြီးကိုခြံရံ၍တည်ရှိလျက်ရှိသည်။။
အားလုံးထဲတွင် အခမ်းနားဆုံးက အဆောက်အဦးများ၏အလယ်ရှိငါးထပ်နန်းဆောင်ကြီးဖြစ်ပြီး နန်းမြို့တော်မှ ဘုရင့်ရွှေနန်းတော်အငယ်စားလေးတစ်ခုဟုပင်ထင်မှတ်ရ၏။
လက်ရှိအချိန်၌ နန်းဆောင်၏ အပေါ်ဆုံးထပ်တွင်ရှိသည့်လေသာဆောင်တွင် ရှင်းသန့်သည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် သက်လက်ပိုင်းအရွယ်ရှိလူကြီးတစ်ဦးထိုင်နေပြီး သူ၏ဘေးရှိထိုင်ခုံပေါ်တွင် အသက်ခုနစ်ဆယ်ရှစ်ဆယ်ခန့်ရှိမည့်အဖိုးအိုတစ်ဦးရှိနေသည်။
အဖြူရောင်ဝတ်စုံဝတ်လူက ယနေ့ခေတ်၏အဝတ်အစားနှင့်မတူဘဲ ရှေးကျသည့်ဝတ်ရုံကိုဝတ်ဆင်ထားခြင်းဖြစ်ကာ အထက်တန်းကျပြီးခန့်ညားသည့်ရုပ်သွင်က ဩဇာအာဏာပြည့်ဝလျက်ရှိသည် ။
သူ၏ပုံစံက အေးဆေးတည်ငြိမ်သည့်တိုင် တစ်ဖက်လူကိုအလိုလိုသိမ်ငယ်စေသည့် အရှိန်အဝါတစ်ခုထွက်ပေါ်နေပြီး ဤသည်ကလုပ်ယူ၍ရရှိသည့်အရှိန်အဝါမဟုတ်ပေ။
သူ၏လက်ထဲတွင်ကား ကြွေဖြင့်ပြုလုပ်ထားသည့် လက်ဖက်ရည်ကြမ်းခွက်တစ်ခုကိုကိုင်ထားပြီး တင့်တယ်သည့်ဟန်ပန်ဖြင့် ဖြေးညင်းစွာသောက်လျက်ရှိသည်။။
ဘေးရှိအဖိုးအိုကား အနက်ရောင်ဝတ်စုံကိုလျော့တိလျော့ရဲဝတ်ဆင်ထားကာ နှာခေါင်းကောက်ကောက် ၊ မျက်လုံးမှေးမှေးနှင့် မျက်တွင်းကျသည့်မျက်နှာရှိကာ အတော်ပင်ရုပ်ဆိုးသည်ဟုဆိုနိုင်သည်။
သို့သော် အဖိုးအို၏သေးငယ်ကျဉ်းမြောင်းသည့်မျက်လုံးများက စိန်ပွင့်လိုတဖျက်ဖျက်တောက်ပနေပြီး အတွင်းအားပညာရပ်၍ လွန်စွာနက်ရှိုင်းသည့်အဆင့်တစ်ခုကိုရောက်နေမှန်းသိသာပေသည်။
လက်ရှိအချိန်၌ အဖိုးအိုကလေးနက်သည့်အမူအယာဖြင့် အဖြူရောင်ဝတ်စုံဝတ်လူကို တစ်စုံတစ်ခုပြောဆိုလျက်ရှိသည်။
အဖိုးအို၏စကားအဆုံး၌ အဖြူရောင်ဝတ်စုံဝတ်လူက လက်ထဲရှိကြွေခွက်ကိုအသာချလိုက်ပြီးဖြေးညင်းစွာမေးလိုက်သည်။
“ ကျုပ်တံခါးပိတ်လေ့ကျင့်နေတဲ့အချိန်မှာ ကိစ္စကြီးဖြစ်သွားတာပဲ။ ကျူးကျော်လာတဲ့လူက ဘယ်သူလဲဆိုတာ သိပြီးလားအကြီးအကဲမန်...”
သူ၏စကားက ညင်သာသော်လည်း တစ်ဖက်လူပြန်မဖြေဘဲမနေဝံ့အောင် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။