သိုင်းလောကထဲစေလွှတ်မည်
Vol. 1 Ch. 92
အဖိုးအိုက အဖြူရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကိုတည်ကြည်သည့်အမူအယာဖြင့်ပြန်ဖြေလိုက်သည်။
“ သူအသုံးပြုသွားတာ ခွေးရိုက်တုတ်သိုင်းနဲ့ နဂါးနိုင်လက်ဝါးသိုင်းဆိုတော့ သိုင်းလောကထဲက တေလေဂိုဏ်းကဆိုတာ မြေကြီးလက်ခတ်မလွဲပါ ။
ပြီးတော့ သူ့ရဲ့သိုင်းပညာနဲ့ ပုံပန်းသွင်ပြင်အရဆိုရင် တေလေဂိုဏ်းချုပ်လေလွင့်တေလေစုတိချုံးဖြစ်မှာ သေချာပါတယ် ....”
အဖိုးအို၏အဖြေကြောင့် အဖြူရောင်ဝတ်စုံဝတ်လူလည်း လေးနက်သည့်အမူအယာဖြစ်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ အင်း...သိုင်းလောကရဲ့အတွင်းအားအကောင်းဆုံးပုဂ္ဂိုလ်...သူ့ရဲ့သိုင်းပညာကရော တကယ်ပဲ ကျော်ကြားမှုနဲ့ထိုက်တန်ရဲ့လား...”
အဖိုးအိုက ခေါင်းညိမ့်ပြလိုက်ပြီးဆက်ပြောလိုက်သည်။
“ အမှန်ပဲနန်းတော်သခင်...သူက နတ်ဓားဝင်္ကပါကိုအထိအခိုက်မရှိဖြတ်ကျော်လာနိုင်တဲ့အပြင် မြေနတ်ရှစ်ပါးနဲ့ မိုးနတ်လေးပါးကိုတစ်ယောက်ထဲယှဉ်တိုက်နိုင်ခဲ့တယ်။
ဒါတောင် သူကအကုန်ထုတ်တဲ့ပုံမရဘူး။ ကျုပ်ကိုလာအကြောင်းကြားလို့သွားတွေ့တဲ့အချိန်မှာ သူက ချက်ခြင်းတန်းပြီးထွက်ပြေးသွားတာပဲ။
ကျုပ် ချက်ခြင်းလိုက်ပေမယ့် မမှီခဲ့ဘူး ။ သူ့ရဲ့ကိုယ်ဖော့ပညာက အစွမ်းထက်လွန်းလို့ နန်းတော်တစ်ခုလုံးမှာတောင် အဖိုးကြီးလီနဲ့ နန်းတော်သခင်တို့ပဲ လိုက်မီနိုင်လောက်တယ်....”
ထိုစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်ပင် အံ့ဩရိပ်ဖြတ်ပြေးသွားပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ကျုံဟွာတောင်တိုက်ပွဲမှာ အဓိကပါဝင်ခဲ့တဲ့လူဆိုတဲ့အတိုင်းပဲ သူ့ရဲ့သိုင်းပညာက မြင့်မားတာကိုး..။
သူတောင် ဒီလောက်အထိအစွမ်းထက်နေရင် ပထမဓားသခင်နဲ့နှင်းငွေ့မိစ္ဆာသခင်ဆိုတဲ့လူနှစ်ယောက် ဘယ်လောက်အထိအစွမ်းထက်နေမလဲဆိုတာ သိချင်စမ်းပါဘိ ...
အဲဒီနှစ်ယောက်က ငါနဲ့လက်ရည်တူမလားဆိုတာ တကယ်ပဲသိချင်မိတယ်...စိတ်မကောင်းစရာပဲ သူတို့ကအချင်းချင်းတိုက်ခိုက်ပြီးတစ်ယောက်သေသွားတဲ့အပြင် ငါကလည်းသိုင်းလောကထဲကိုဆင်းလို့်မရဘူး ... “
အဖြူရောင်ဝတ်စုံဝတ်လူက စိတ်မကောင်းဖြစ်သည့်လေသံဖြင့် ရေရွတ်လိုက်သော်လည်း သူ၏မျက်ဝန်းများက ဖျက်ခနဲတောက်ပသွားပြီး တိုက်ခိုက်လိုစိတ်ပြင်းပြသည့်အရိပ်အယောင်များရှိနေသည်။
ထိုစကားကြောင့် အဖိုးအိုက အရိုအသေပေးရင်းကြည်ညိုလေးစားသည့်လေသံဖြင့်ပြောလိုက်သည်။
“ နှင်းငွေ့မိစ္ဆာသခင်နဲ့ပထမဓားသခင်ဆိုတဲ့လူတွေရဲ့သိုင်းပညာက ဘယ်လောက်ရှိလို့ နန်းတော်သခင်ကိုနှိုင်းယှဉ်နိုင်မှာလဲ ။
ကျုပ်နဲ့အဖိုးကြီးလီ နှစ်ယောက်ပေါင်းတာတောင် နန်းတော်သခင်ကို သိုင်းကွက်သုံးရာပြည့်အောင်မခုခံနိုင်တာ ။
အခုဆိုရင် နန်းတော်သခင်က အပူလှိူင်းအအေးလှိုင်းအတွင်းအားအဆင့်ကုန်အောင်မြင်ပြီးလို့ ကျုပ်တို့ကို သိုင်းကွက်တစ်ရာအတွင်းမှာတောင်အနိုင်ယူနိုင်လိမ့်မယ် ။
အခုလက်ရှိ နန်းတော်သခင်နဲ့တန်းတူရှိနေမှာ ရှောင်လင်ကျောင်းထိုင်ဆရာတော်် ၊ ဝူတန်းဂိုဏ်းချုပ်ဟောင်း တို့လို မျိုးဆက်ဟောင်းသိုင်းပညာရှင်တစ်ချို့နဲ့ အင်အားစုကြီးလေးခုက ခေါင်းဆောင်တွေပဲကျန်တော့မှာ...”
အဖိုးအို၏စကားကိုသာသိုင်းလောကသားများကြားပါက လွန်စွာအံ့ဩထိတ်လန့်သွားကြပေမည်။
အသက်ငါးဆယ်ဝန်းကျင်သာရှိမည့်ထိုလူက ပြိုင်ဘက်ကင်းဟုဆိုနိုင်မည့်မျိုးဆက်ဟောင်းသိုင်းပညာရှင်များနှင့်ပါ တစ်တန်းထဲဟုဆိုနိုင်ပေသည်။
အဖြူရောင်ဝတ်စုံဝတ်လူက အဖိုးအို၏စကားကို ငြင်းပယ်ခြင်းမပြုဘဲအောက်ဘက်ရှိတောတောင်ရှုခင်းများကိုငေးရင်း ဖြေးညင်းစွာ ပြောလိုက်သည်။
“ ဘာတတ်နိုင်မှာလဲ ငါတို့နန်းတော်သခင်အဆက်ဆက်က သိုင်းလောကထဲမဝင်ပါဘူးလို့ သစ္စာဆိုထားတာကိုး...။
ကြီးမြတ်တဲ့ဝူအင်ပါယာတောင်ပျက်သုန်းပြီးလို့ ခေတ်တွေပြောင်းလာတာ အခုဆိုရင် အနှစ်သုံးရာကျော်လေးရာလောက်တောင်ရှိရောပေါ့...”
သူ၏အသံက လွမ်းဆွတ်ခြင်း၊ နှမျောတသဖြစ်ခြင်းနှင့်စိတ်မကောင်းခြင်းတို့ပါဝင်နေသည်။
ထိုစကားကြောင့် အဖိုးအိုးမျက်နှာလည်း မှိုင်တွေသွားပြီး နန်းတော်သခင်စိတ်ပြောင်းလဲစေရန် ထပ်မေးလိုက်သည်။
“ ဒါနဲ့ တေလေဂိုဏ်းချုပ်ကိုရော ဘယ်လိုဆက်လုပ်လိုက်ရမလဲ...
သူက ဒီနေရာကိုရောက်လာပြီး ကျုပ်တို့ရဲ့တည်ရှိမှုကို သိသွားပြီ ။ သူ့ကိုသိုင်းလောကထဲအထိလိုက်ရှာပြီးရှင်းပစ်လိုက်ရမလား. ။
မိုးနတ်လေးပါးရဲ့အကူအညီနဲ့ဆိုရင် ကျုပ်သူ့ကို သေချာပေါက်သတ်ဖြတ်နိုင်ပါတယ်။
အကယ်၍ အဖိုးအို၏စကားကိုသာ သိုင်းလောကသားများကြားပါက ပို၍ပင်ထိတ်လန့်သွားပေမည်။
လက်ရှိသိုင်းလောကထိပ်ဆုံး၌ရှိနေသည့်တေလေဂိုဏ်းချုပ်ကြီးလိုလူတစ်ယောက်ကို သူတို့ကလွယ်လွယ်ကူကူသတ်ဖြတ်နိုင်သည့်အလားပြောဆိုနေကြပေသည်။
သို့သော် အဖြူရောင်ဝတ်စုံဝတ်လူက ခေါင်းယမ်းပြရင်း ပြုံး၍ပြောလိုက်သည်။
“ ဒီလောက်အထိလဲမလိုပါဘူး ။ ကျုပ်တို့ရဲ့တည်ရှိမှုကို သိတဲ့လူကိုသတ်ရမယ်လို့ ကျုပ်တို့ဘိုးဘေးတွေကလည်း စည်းမျဉ်းသက်မှတ်မထားဘူးလေ။
ကံမကောင်းမကြောင်းမလှလို့သိုင်းလောကထဲကနှင်ထုတ်ခံရပေမယ့် သွေးဆာရက်စက်တဲ့ပုံစံကိုပြောင်းလဲဖိူ့မလိုပါဘူး။
ပြီးတော့ တေလေဂိုဏ်းချုပ်ကြီးရဲ့ ဂုဏ်သတင်းအရဆိုရင် ကျုပ်တို့အကြောင်းကို သိုင်းလောကထဲမှာလူသိရှင်ကြားကြေညာမှာမဟုတ်ဘူးလေ။
ဟိုနေရာလေးခုတည်ရှိတာကိုတောင် သိုင်းလောကထဲမှာ လူနည်းနည်းလေးပဲသိနေတာ ...”
နန်းတော်သခင်၏စကားကြောင့် အဖိုးအိုလည်း တစ်စုံတစ်ရာပြောကြခြင်းမပြုတော့ပေ။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူက ဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ကျူပ်တို့နန်းတော်သခင်အဆက်ဆက်က လူသူမနီးတဲ့နေရာမှာ ဘဝကိုဖြတ်သန်းခဲ့ရပေမယ့် ကျုပ်သမီးလေးကိုတော့ အမြင်ကျယ်အောင်သိုင်းလောကထဲပို့ချင်သေးတယ်...”
အဖြူရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် အဖိုးအို၏မျက်လုံးများပြူးကျယ်သွားပြီး အထိတ်တလန့်မေးလိုက်သည်။
“ မဖြစ်ပါဘူးနန်းတော်သခင် သခင်မလေးက အခုမှဆယ်နှစ်ပဲရှိသေးတာ ။ သူ့ကိုကာကွယ်ဖို့ နန်းတော်ကပညာရှင်တွေလိုက်ပါသွားလို့ရတယ်ဆိုပေမယ့် မဖြစ်သေးပါဘူး...”
အဖိုးအို၏အမှန်ပင်အံ့သြထိတ်လန့်မိသွားခြင်းဖြစ်ပြီး နုနယ်ပြီးအတွေ့အကြုံကင်းမဲ့သည့် သူတို့သခင်မလေးကို သိုင်းလောကအတွင်းစေလွှတ်မည့်အကြံအားလုံးဝသဘောတူမည်မဟုတ်ပေ။
ထိုအကြံပြုသူက နန်းတော်သခင်ဖြစ်နေလျှင်ပင် သူကတော့ ကျိန်းသပေါက်ကန့်ကွက်မည်ဖြစ်သည်။
သူတစ်ဦးတင်မဟုတ်ပေ ။ နန်းတော်ရှိသာမန်အစောင့်မှစ၍ ကောင်းကင်အစောင့်အရှောက်များအထိ သခင်မလေးကို ဂရုမစိုက်သူဟူ၍မရှိပေ။
အပေါ်ယံသွင်ပြင်က မာနကြီးကာ မောက်မာသည်ဟုထင်ရသော်လည်း ပင်ကိုစိတ်ထားဖြူစင်လှသည့် သူတို့၏သခင်မလေးက နန်းတော်သခင်၏တစ်ဦးတည်းသော သွေးသားရင်းချာလည်းဖြစ်ပေသည် ။
အဖိုးအို၏ ပြင်းထန်သည့်ကန့်ကွက်စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက အသာပြုံး၍ပြောလိုက်သည်။
“ ကျုပ်ကလည်းအခုသွားခိုင်းမယ်လို့ပြောတာမဟုတ်ပါဘူး ။ သူအရွယ်ရောက်လာမှပါ ။ သူက အခုတောင် ဆောင်းမီးလျှံအတွင်းအားကိုအဆင့်နှစ်အထိအောင်မြင်ပြီးလို့ အတွင်းအားပညာမှာ ထိပ်တန်းအဆင့်ကိုရောက်နေပြီ။
သူ့ရဲ့သိုင်းပညာကနည်းနည်းလိုအပ်သေးပေမယ့် သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကို အေးအေးဆေးဆေးအနိုင်ယူနိုင်နေပြီ။
နောက်ဆယ်နှစ်လောက်ဆိုရင်တော့ အဆင့်လွန်ထိပ်သီးအဆင့်ကိုသေချာပေါက်ရောက်မှာပဲ။ သူ့ကိုယှဉ်ပြိုင်နိုင်တဲ့လူဆိုလို့ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွေနဲ့ အစစ်အမှန်သိုင်းဝိဇ္ဇာတွေပဲကျနိတော့မှ။
အဲဒီအခါကျမှ သူ့ကို အတွေ့အကြုံရအောင်သိုင်းလောကထဲစေလွှတ်ရမှာ။
သိုင်းလောကထဲက လူငယ်မျိုးဆက်တွေဘယ်လောက်ပါရမီကောင်းကောင်း သမီးလေးကိုမှီဖို့လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး ...”
သူ၏စကားက မောက်မာဝံ့ကြွားဟန်တူသော်လည်း အကြွင်းမဲ့ယုံကြည်မှုတို့လည်းပါဝင်လျက်ရှိသည်။
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် အဖိုးအိုလည်း စိတ်သက်သာရာသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
&&&&
ကျန်းနန်မြို့
ကျန်းနန်မြို့၏ညအချိန်ကားစည်ကားသိုက်မြိုက်နေဆဲပင်။
မီးရောင်စုံထွန်းညိထားသည့် ညဈေးတန်းများတွင်လူအများစည်ကားစွာသွားလာလည်ပတ်နေကြသလို မြို့မြောက်ပိုင်းရှိနာမည်ကျော်နတ်ရေကန်ထဲတွင်လည်း လှေကြီးလှေငယ်အသွယ်သွယ်များစွာရှိသည်။
အပျော်စီးလှေများသာမက လှေထိပ်တွင် မီးအိမ်နီများတပ်ဆင်ထားသည့်လှေများကလည်း မနည်းမနောပင်။
ထိုသင်္ကတက ဖျော်ဖြေရေးပန်းလှေများကိုရည်ရွယ်ခြင်းဖြစ်ပြီး အပေါ်တွင် ချောချောလှလှမိန်းမပျိုများရှိကြသည် ။
သူမတို့က လှေပေါ်သို့တက်ရောက်လာသည့်ဧည့်သည်များကိုအစားအသောက်၊ အနုပညာများဖြင့်ဧည့်ခံရုံသာမက ငွေသုံးနိုင်လျှင် သုံးနိုင်သလို ခန္တာကိုယ်ကိုပင်အရင်းအနှီးပြု၍ဖျော်ဖြေပေးကြသည်။
ထို့ကြောင့် သာယာသည့်ရှုခင်းများနှင့်ရှုမငြီးသည့်နတ်ရေကန်က နေ့ဘက်တွင်သာမန်ခရီးသွားများအကြားကျော်ကြားသလိုညဘက်တွင်အပျော်အပါးလိုက်စားသူတို့ အမြဲမပြတ်ရှိနေသည့်နေရာဖြစ်သည် ။
ကျန်းနန်မြို့နှင့်ခပ်လှမ်းလှမ်းတွင် မီးရောင်များထိန်ညီးနေအောင်ထွန်းညိထားပြီး တိတ်ဆိတ်နေသည့်ခြံဝန်းကျယ်ကြီးတစ်ခုရှိသည်။
ကျန်းနန်မသိသူမရှိသည့်သူဌေးကြီး ဝမ်ဖု၏အိမ်ဂေဟာဖြစ်သည့်ထိုခြံဝန်းကျယ်ကြီးကား နေ့ဘက်တွင် သွားလာလှုပ်ရှားသူများဖြင့်သက်ဝင်လှုပ်ရှားလှသော်လည်း ညဘက်၌ အစောင့်သိုင်းသမားများနှင့် ခြံဝန်းနေအစေခံများသာရှိသည် ။
မိသားစုမရှိဘဲ တစ်ကိုယ်တည်းဖြစ်သည့်သူဌေးကြီးဝမ်ဖုကား ခြံဝန်းအလယ်ရှိခမ်းနားသည့်စံအိမ်ကြီးတွင်ကိုယ်ရံတော်များနှင့်အတူနေထိုင်ကာ နေ့ဘက်တွင်အလှူအတန်းလုပ်ခြင်း ၊ ကျန်းနန်မြို့ထဲသို့သွားရောက်လည်ပတ်ခြင်းစသည့် နေ့စဉ်ကိစ္စရပ်များဖြင့်သာ သူ၏ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်သည်။
ထိုအချိန်တွင် သူဌေးကြီးဝမ်ဖု၏စံအိမ်၏ဘေးရှိအဆောက်အဦးတစ်ခုထက်တွင် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်တို့ရှိနေကြသည်။
ထိုနှစ်ယောက်က သူဌေးကြီးဝမ်ဖု၏စံအိမ်နှင့် ကျန်အဆောက်အဦးများကိုအကဲခပ်နေခြင်းဖြစ်ပြီး တစ်ခါတစ်ရံ လှည့်လည်သွားလာနေသည့်အစောင့်များရောက်လာလျှင် ခန္တာကိုယ်ကိုဝပ်၍ပုန်းကွယ်နေတတ်သည် ။
ထိုနှစ်ယောက်က ဝတ်စုံနက်များကိုဝတ်ဆင်ထားကြ၍ အမှောင်နှင့်ရောနေကာ မျက်လုံးသာဖော်ထားသည့်ခေါင်းစွပ်နက်ကိုယ်စီ စွပ်ထားကြသေးသည် ။
ညလူနှစ်ယောက်က မည်သည့်အကြံအစည်ဖြင့်ရောက်ရှိနေသည်မသိရသော်လည်း လျှို့ဝှက်စွာလှူပ်ရှားနေကြသည့် သူတို့၏အကြံအစည်က ကောင်းမွန်ဟန်မတူပေ။
ခြံဝန်းရှိအစောင့်သိုင်းသမားခုနစ်ယောက် ရှစ်ယောက်ခန့်ကအမြဲလိုလိုတာဝန်ချိန်ပြောင်းကာခြံဝန်းကိုကင်းလှည့်နေကြသော်လည်းကြပ်ကြပ်မက်မက်စောင့်ကြပ်ခြင်းတော့မပြုကြပေ။
အကြောင်းက သူဌေးကြီးဝမ်ဖု၏စံအိမ်တွင် သူတို့အလုပ်လုပ်သည်က ရှစ်နှစ်ကျော်၊ ကိုးနှစ်ခန့်ရှိပြီဆိုသော်ငြား ထိတ်လန့်စရာကိစ္စများကိုမကြုံတွေ့ရ၍ဖြစ်သည်။
သူဌေးကြီးဝမ်ဖုလို အလှူအတန်းရက်ရောပြီး စိတ်ထားကောင်းမွန်လှသူတစ်ဦးထံတွင် ရန်သူဟူ၍မရှိသလောက်ရှားပြီး တစ်ခါတစ်ရံ သူ၏စည်းစိမ်ဥစ္စာများကိုမက်မောသည့် လူဆိုးသူခိုးများသာ ရောက်လာတတ်သည်။
ထိုအချိန်တွင်လည်း သူဌေးကြီးကိုအနီးကပ်စောင့်ကြပ်ပေးနေသည့်ကိုယ်ရံတော်အဖွဲ့က အမြဲလိုလိုဖြေရှင်းလိုက်သည်သာဖြစ်ပြီး သူတိူ့တိုက်ခိုက်စရာပင်မလိုလိုက်ပေ။
မှတ်မှတ်ရရအနေဖြင့် ကိုးနှစ်အတွင်း ကြီးမားသည့်တိုက်ခိုက်မှုသုံးကြိမ်သာကြုံတွေ့ခဲ့ရပြီး တစ်ကြိမ်ဆိုလျှင် အဆင့်လွန်ထိပ်သီးအဆင့်ရှိသည့် အနက်ရောင်တစ်ယောက်သိုင်းသမားတစ်ယောက်စံအိမ်ကိုထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်၏ ။
သူ၏ရည်ရွယ်လျက်က သူဌေးကြီးဝမ်ဖုကိုဖမ်းဆီး၍ နှိပ်စက်ကာ ရွှေငွေရတနာများတောင်းယူမည့်အကြံမှလွဲ၍အခြားမရှိပေ။
သို့သော်လည်း ကံဆိုးရှာသည့်ထိုသိုင်းသမားမှာ ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင် ဝမ်စန်း၏ဓားချက်အောက်တွင်အသက်ပျောက်သွားခဲ့ရသည်။
ခေါင်းဆောင်ဝမ်စန်းအပြင် ကိုယ်ရံတော်အဖွဲ့၌ ထိပ်တန်းအဆင့်သိုင်းသမားသုံးယောက်ရှိပြီး အဆင့်မြင့်သိုင်းသမားဆယ်ယောက်ပါဝင်သည်။
ထို့ကြောင့် သူတို့လို သိုင်းပညာအခြေခံသာရှိသည့် သာမန်အစောင့်များက ရန်သူတိုက်ခိုက်မည်ကို စိတ်ပူစရာမလိုဘဲ ခြံဝန်းကိုအေးအေးဆေးဆေးလှည့်ပတ်စောင့်ကြပ်နိုင်ခြင်းလည်းဖြစ်သည်။