← Chapters

စာကြည့်ခန်းမှတွေ့ဆုံမှု

Vol. 1 Ch. 93

စာကြည့်ခန်းမှတွေ့ဆုံမှု

Vol. 1 Ch. 93

“ ကျွတ်...ကျွတ်..ဒီကောင်တွေက တကယ်ကို သတိပေါ့တာပဲ သာမန်ကာလျှံကာပဲ စောင့်နေကြတာ...”

အဆောက်အဦးခေါင်မိုးပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က အထင်သေးသည့်လေသံဖြင့်ခပ်တိုး‌တိုးပြောလိုက်သည်။

စကားတပြောပြောဖြင့် သူတို့နှင့်ဝေးရာသို့ရောက်သွားသည့်အစောင့်များကိုကြည့်ရင်း ကျန်တစ်ယောက်ကလည်း ခေါင်းညိမ့်ကာပြောလိုက်သည်။

“ အေးကွ...ဒီကောင်တွေလုပ်တဲ့ပုံနဲ့ဆိုရင် သူဌေးကြီးဝမ်ဖု အခုချိန်ထိဘာမှမဖြစ်သေးတာ ကံကောင်းတာပဲ...”

“ ဒါက ကံကောင်းတာမဟုတ်ဘူး သူဌေးကြီးကိုကာကွယ်ပေးနေတဲ့ကိုယ်ရံတော်တွေအစွမ်းထက်လို့ပဲ။ သူတို့ရဲ့ခေါင်းဆောင် ဝမ်စန်းဆိုတာ ကျန်းနန်ကနာမည်ကျော်ထိပ်သီးတစ်ယောက်ပဲ...”

ရုတ်တရက်ပေါ်ထွက်လာသည့်အသံကြောင့် ဝတ်စုံနက်နှစ်ယောက်ထိတ်လန့်တကြားဖြစ်သွားသော်လည်း သူတို့၏အနီးသို့ရောက်နေသည့်လူကိုမြင်လိုက်ရသည့်အခါ စိတ်သက်သာရာရသွားပြီးတစ်ယောက်ကပြောလိုက်သည်။

“ ခေါင်းဆောင်ကလည်း ကျုပ်တို့မှာလန့်သွားတာ ..”

“ အေး မင်းတို့က သူများတွေကိုကျ အပြစ်တင်နေ ငါ့နေရာမှာ ရန်သူတစ်ယောက်ယောက်သာဆိုရင် မင်းတို့နှစ်ယောက်လုံးခေါင်းပြတ်သွားမှာ...။

မင်းတို့ကို ခြံဝန်းအခြေအနေစောင့်ကြည့်ခိုင်းတာ လေပေါနေတယ် ...”

နောက်ထပ်ရောက်လာသူက အပြစ်တင်စကားဆိုလိုက်သော်လည်း ဝတ်စုံနက်နှစ်ယောက်မှာ ပြန်မပြောဝံ့ပေ။

ထိုလူမှာ သူတို့၏ခေါင်းဆောင်ဖြစ်သလို သူ၏ဉာဏ်ရည်နှင့်သိုင်းပညာက သူတို့ထက်များစွာသာလွန်၍ သူဦးဆောင်သမျှကိစ္စတိုင်း၌ အောင်မြင်ခဲ့ရသည်သာဖြစ်သည် ။

အကယ်၍ ဤနေရာတွင်သာ ရှေးဟောင်းပစ္စည်းဆိုင်ရှင်ရှိပါက ဝတ်စုံနက်နှစ်ယောက်၏ခေါင်းဆောင်က တန်ဖိုးမရှိသည့်ဆေးပေါင်းအိုးကို ရွှေသုံးစဖြင့်ဝယ်သွားခဲ့သူဖြစ်မှန်းသိရှိပေလိမ့်မည်။

“ ရော့...ဒါတွေလဲပြီးဝတ်လိုက်ကြ...”

ခေါင်းဆောင်က သူ၏လက်ထဲရှိအဝတ်အစားများကို ဝတ်စုံနက်နှစ်ယောက်ထံသို့ပစ်ပေးလိုက်သည်။

သူ၏လုပ်ရပ်ကြောင့်ကျန်နှစ်ယောက်လည်းအံ့အားသင့်သွားကြပြီး သူတို့ခေါင်းဆောင်ကိုပြန်ကြည့်လိုက်မိကာ အံ့ဩသည့်လေသံဖြင့်မေးလိုက်သည်။

“ ခေါင်းဆောင်ရဲ့အဝတ်အစားတွေက...”

သူတို့ခေါင်းဆောင်၏ အဝတ်အစားများက အောက်ဘက်ရှိအစောင့်များ၏ဝတ်စုံနှင့်တူညီနေမှန်းယခုမှသတိပြုမိလိုက်သည်။

“ လျှာရှည်မနေနဲ့ ငါ့မှာအစီအစဉ်ရှိတယ်...လဲမှာသာလဲလိုက်...”

ခေါင်းဆောင်၏စကားကိုမလွန်ဆန်ဝံ့လဲ ဝတ်စုံနက်နှစ်ယောက်လည်း အညိုရောင်ဝတ်စုံနှစ်ခုကို ခပ်သွက်သွက်လဲလှယ်ဝတ်ဆင်လိုက်ကြသညါ ။

ထိုစဉ် ခေါင်းဆောင်က အလင်း‌ရောင်အနည်းငယ်ရသည့် ခေါင်‌မိုးအစပ်တွင်ထိုင်ကာ ကြေးမုံတစ်ချပ်နှင့် အင်္ကျီအတွင်းမှ ဗူးငယ်လေးများကိုထုတ်၍ သူ၏မျက်နှာကိုပွတ်သပ်နေသည်။

“ ရပြီ ခေါင်းဆောင်....”

ခေါင်းစွပ်များကိုချွတ်ထားသည့်ဝတ်စုံနက်နှစ်ယောက်က ယခုအခါ အညိုရောင်ဝတ်စုံဝတ်သာမန်လူနှစ်ဦးလိုဖြစ်သွားပြီး ဆံပင်ပုံစံများကိုပင်ပြောင်းလဲထားပေသည်။

ယခုအပြင်အဆင်က သူဌေးကြီးဝမ်ဖု၏စံအိမ်မှ အစေခံများ၏သွင်ပြင်ဖြစ်ပြီး သူဌေးကြီးဝမ်ဖု၏ခြံဝန်းနှင့်ပတ်သတ်သည်များကို ပြီးခဲ့သည့်သုံးရက်လုံးလုံး ဂရုတစိုက်လေ့လာခဲ့သည့်အတွက် အသေးစိတ်အချက်ကလေးများကိုပင် သူတို့သိရှိနေပြီဖြစ်သည် ။

သူတိူ့၏ခေါင်းဆောင်ဝတ်ဆင်ထားသည်က အစောင့်များ၏အဝတ်အစားဖြစ်ပြီး အစီအစဉ်အတိအကျကိုမခန့်မှန်းနိုင်သော်လည်းမည်သို့ဆက်လုပ်မည်ကိုအနည်းငယ်ရိပ်စားမိနေပြီဖြစ်သည် ။

“ ကောင်းပြီ သွားရအောင်...နံပါတ်လေးနဲ့ ခုနစ်တို့က အောက်မှာစောင့်နေကြတယ် ။နံပါတ်နှစ်နဲ့ သုံးတို့က သူတို့တာဝန်ပြီးလို့ အထွက်လမ်းကိုစောင့်နေကြပြီ...ပြီးတော့ မင်းတို့နည်းနည်းအနာခံရမယ် “

ခေါင်းဆောင်က လေးနက်သည့်အမူအယာဖြင့်ပြောရင်း ထူးဆန်းစွာပြုံးလိုက်သည် ။

အံ့ဩဖွယ်ကောင်းစွာဖြင့် သူ၏မျက်နှာက အစောပိုင်းကလိုမဟုတ်တော့ဘဲ သာမန်ရုပ်ရည်သာရှိသည့် သက်လက်ပိုင်းလူတစ်ယောက်အသွင်သို့ပြောင်းလဲနေပြီဖြစ်သည်။

&&&

စံအိမ်၏အတွင်းဘက်

သူဌေးကြီးဝမ်ဖု၏စံအိမ်ကြီးထဲတွင် အခန်းများစွာပါဝင်သော်လည်း ဧည့်ခန်း၊ အိပ်ခန်းနှင့် စာကြည့်ခန်းတို့မှလွဲ၍ ကျန်အခန်းများကိုအသုံးပြုခြင်းနည်းပါးလေသည်။

ယခုလည်း သူဌေးကြီးဝမ်ဖုတစ်ယောက် မအိပ်သေးဘဲ ဧည့်ခန်းထဲတွင်ရှိနေကာ သူနှင့်အတူ အခြားလူတစ်ယောက်ပါရှိနေသည်။

ထိုလူက အသက်ငါးဆယ်ဝန်းကျင်ရှိမည်ဖြစ်ပြီး ခန့်ညားသည့်မျက်နှာနှင့် စူးရှသည့်မျက်လုံးတို့ကိုပိုင်ဆိုင်ထားသည်။

တန်ဖိုးကြီးသည့်အနက်ရောင်ချည်ချောဝတ်စုံကိုဝတ်ဆင်ထားပြီး အထက်တန်းကျသည့်သူ၏သွင်ပြင်က လွှမ်းမိုးနိုင်စွမ်းရှိသည့်အငွေ့အသက်တစ်ခုရှိနေသည်။

လက်ရှိအချိန်၌ ကျန်းနန်၏နာမည်ကျော်သူဌေးကြီးက ထိုလူ၏ရှေ့တွင်ထိုင်နေပြီး သူ၏အပြုအမူကအတော်ပင် လေးလေးစားစားပုံစံရှိနေသည်ကိုတွေ့ရပေမည်။

“ ဆိုတော့ ပထမတစ်သုတ်က လေ့ကျင့်ရေးတွေအားလုံးကိုဖြတ်ကျော်နိုင်တာ ဘယ်နှစ်ယောက်ရှိလဲ...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကြောင့် သူဌေးကြီးဝမ်ဖုက လေးနက်သည့်အသံဖြင့်ပြန်ဖြေလိုက်သည်။

“ ပထမတစ်သုတ်ထဲက လူငါးဆယ်ကျော်မှာ ပထမအဆင့်ကိုကျော်ဖြတ်နိုင်တာ အယောက်သုံးဆယ်ကျော်ပြီး ဒုတိယအဆင့်ကိုကျော်ဖြတ်နိုင်တာက နှစ်ဆယ်ကျော်ပဲရှိပါတယ် ။

တတိယအဆင့်လေ့ကျင့်မှုပြီးတော့ လူဆယ့်‌ခြောက်ယောက်ပဲ အသက်ရှင်လျက်ကျန်ရှိပါတယ် ။ သူတို့ထဲက လေး‌ယောက်ကတော့ အင်္ဂါမစုံတော့ပါဘူး...”

အကယ်၍ ဝမ်ဖု၏ယခုအမူအယာကို ကျန်းနန်မြို့ရှိလူများတွေ့ပါက လုံးဝယုံကြည်နိုင်ကြမည်မဟုတ်ပေ။

စိတ်ထားလွန်စွာကောင်းမွန်၍ ကြင်နာတတ်ကာ ကောင်းသတင်းမွှေးပျံ့လှသည့်သူ‌ဌေးကြီးက လူများ၏ သေခြင်းရှင်ခြင်းကို ခံစားချက်မဲ့စွာပြောဆိုနေပေသည်။

ဝမ်ဖု၏လေသံကတည်ငြိမ်နေသော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာကို မသိမသာအကဲခပ်နေသည်။

ထိုအရေအတွက်က နည်းပါး၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူ့ကိုအပြစ်တင်မည်စိုးနေခြင်းဖြစ်သည် ။

သို့‌သော် သူထင်ထားသည်နှင့်ခြားနားစွာ အနက်ရောင်ဝတ်စုံဝတ်လူကြီးက စိတ်မဆိုးဘဲ အသာရယ်မောလိုက်သည်။

“ ကောင်းတယ် ဝမ်ဖု...ငါတို့ရဲ့ဆယ့်ငါးနှစ်လောက်ရင်းနှီးမြုပ်နှံခဲ့မှုတွေက နောက်ဆုံးတော့ အကျိုးခံစားခွင့်ရပြီပေါ့ ။

ပြီးတော့ ကိုးနှစ်တာလေ့ကျင့်ပေးမှူအောက်မှာ အခုလိုအရည်အချင်းပြည့်ဝတဲ့လက်မရွံ့လူသတ်သမားဆယ့်ခြောက်ယောက်ရလာတာ အတော်ကို‌ကောင်းင်းတယ်လို့ပြောရမယ်။

ဆယ့်ခြောက်ယောက်ဆိုတဲ့အရေအတွက်နည်းတယ်လို့ထင်ရပေမယ့် အခုက ပထမအသုတ်ပဲရှိသေးတာကို မင်းသိထားမှပေါ့...။

ပြီးတော့ အင်္ဂါအစုံအလင်မရှိတဲ့လူတွေကိုအထင်မသေးနဲ့ သူတို့က တစ်ချို့နေရာတွေမှာ သာမန်လူတွေထက်တောင်အသုံးကျသေးတယ် “

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာက ဝင်းပနေပြီး မီးအလင်းရောက်‌အောက်တွင် သူ၏မျက်ဝန်းများက စိန်ပွင့်များအလားဖျက်ခနဲတောက်ပသွားသည်။

ထိုအမူအယာက တခဏလေးသာဖြစ်ပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသော်လည်း မျက်စေ့လျှင်သည့် ဝမ်ဖုကား စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။

“ ဘုရား ဘုရား..လေးငါးနှစ်လောက်ပဲမတွေ့တာနဲ့ခေါင်းဆောင်က အများကြီးပိုတိုးတက်လာတာပဲ ။

အခုဆိုရင် သူ့အတွင်းအားက သိုင်းလောကရဲ့ထိပ်ဆုံးကအစွမ်းထက်သိုင်းပညာရှင်တွေထက်တောင်ပိုပြီး နက်ရှိုင်းတဲ့အဆင့်ကိုရောက်နေပြီပဲ ။

သူ့ရဲ့သိုင်းပညာဆိုရင်ဘယ်အဆင့်ထိများရောက်နေမယ့်မသိဘူး...”

မည်သို့ပင်ဖြစ်စေ သူ့ခေါင်းဆောင်၏ကျေနပ်နေသည့်အမူအယာကြောင့် ဝမ်ဖုလည်းစိတ်သက်သာရာရသွားပြီး ပြုံး၍ပြောလိုက်သည်။

“ ဒါတွေက ခေါင်းဆောင်ရဲ့ဉာဏ်ပညာကြောင့်ပါ ။ ခေါင်းဆောင်လိုလူမျိုးကသာ အခုလိုမျိုးကြောက်စရာကောင်းတဲ့အစီအစဉ်ကိုစဉ်းစားမိမှာ...”

ဝမ်ဖု၏စကားက မြှောက်ပင့်သည်ဟုထင်ရသော်လည်း သူ၏လေသံအရ အမှန်ပင်လေးစားမှုရှိမှန်းသိနိုင်သည်။

သူ၏ခေါင်းဆောင်က အကြံအစည်ကြီးမား၍ ကြီးမားသည့်ကိစ္စရပ်များကိုလုပ်ဆောင်နိုင်စွမ်းရှိသည့်အပြင် လက်ရုံးရည်နှလုံးရည်နှင့်ပြည်ဝလှပေသည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးက တည်ငြိမ်သည့်အမူအယာဖြင့်မေးလိုက်သည်။

“ နောက်ထပ် ခြေလှမ်းအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ....”

သူ၏မေးခွန်းကြောင့် ဝမ်ဖုလည်းအလေးအနက်ပုံစံဖြစ်သွားပြီးခေါင်းညိမ့်ပြလိုက်သည်။

“ လောလောဆယ်တော့ ဒီမှာရှိတဲ့ ဂေဟာနှစ်ခုတင်မကဘူး ကျန်းနန်မြို့တဲ့အနီးတစ်ဝိုက်က နောက်ထပ်ဂေဟာ ငါးခုရဲ့အုပ်ထိမ်းခွင့်ကို ကျုပ်ရတော့မယ်။

ဒါပေမယ့် ခေါင်းဆောင်ပေးထားတဲ့ ငွေကြေးကလည်း သိပ်မကျန်တော့ဘူး။။ ဒါတောင် သူဌေးကြီးကျန်းလီအဖြစ်နေတုန်းက ကျုပ် ထိမ်ချန်ထားခဲ့တဲ့ ငွေကြေးတွေကြောင့် ဒီလောက်အထိရပ်တည်နိုင်ခဲ့တာ...”

သူစကားအရဆိုလျှင် ပိုင်ဆိုင်သမျှငွေကြေးဥစ္စာများမှာ အခြားလူတစ်ယောက်ယောက်၏ထောက်ပံ့မှုဖြစ်ကြောင်းသိနိုင်ပြီး ဤသည်က ဝမ်ဖုလိုကြွယ်ဝလှသူတစ်ဦးအတွက် မဖြစ်နိုင်သလောက်ပင်။

သို့သော် ထိုအဖြစ်က အမှန်ပင်ဖြစ်ပြီး လက်ရှိသူ၏ဘဝနေထိုင်မှုပုံစံ၊ ဂုဏ်သတင်း ၊ ကျော်ကြားမှုစသည်တို့က လူအများမြင်သာစေရန် ဖန်တီးထားသည့်အရာတစ်ခုသာဖြစ်ပြီး ဝမ်ဖုဆိုသည့်နာမည်ပင်လျှင်အစစ်မဟုတ်ပေ။

ဝမ်ဖု၏အနည်းငယ်စိုးရိမ်နေသည့်ပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ပြောလိုက်သည်။ ။

“ ဒီအတွက်ဘာမှစိတ်ပူစရာမလိုဘူး မကြာခင်မှာ မင်းဆီကို ငါနောက်ထပ်ကြီးမားတဲ့ပမာဏတစ်ခုပို့လိုက်မယ်။

ပြီးတော့ ရှေ့လျှောက် အခုလိုဟန်ပြမဟုတ်ဘဲ အမှန်အကန်စီးပွားရေးလုပ်ငန်းတွေလုပ်ရတော့မယ်...”

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဝမ်ဖုမှာအတော်ပင်အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။

“ ကျုပ်ကို ရှင်းပြလို့ရမလား ခေါင်းဆောင်ကြီး လက်ရှိလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေဆိုတာကလည်း ကျုပ်တို့လူတွေပဲရှိတာလေ ..ဒါတွေကတော့ တိုးတက်ဖို့လမ်းမမြင်ဘူး ... “

ဝမ်းဖု၏စကားမှာ အမှန်ပင်ဖြစ်ပြီး သူငွေကြေးထည့်ဝင်ထားသည့်လုပ်ငန်းများဆိုသည်ကလည်း သူ၏ပိုင်ဆိုင်မှုများသာဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ထိုလုပ်ငန်းများက ဟန်ပြသာဖြစ်သည်။

ထို့ကြောင့် သူ၏လုပ်ငန်းများကမဆိုးဟုပြောနိုင်သော်လည်း‌ ကောလဟာလသတင်းများအတိုင်း သောက်သောက်လဲဝင်ငွေမရသည့်အပြင် လျှို့ဝှက်ကိစ္စများအတွက်ကြီးမားသည့်ငွေပမာဏကို စိုက်ထုတ်သုံးစွဲထားရ၍ မကြာမီ ငွေပြတ်တော့မည့်အခြေအနေကိုပင်ရောက်ရှိနေသည်။။

All Chapters