သွေးအေးစွာရက်စက်သူ
Vol. 1 Ch. 94
“ မင်းနန်ကုန်းမိသားစုရဲ့ နန်ကုန်းဝူယောင်ကိုကြားဖူးလား....”
အနက်ရောင်ဝတ်ဝတ်လူကြီး၏မေးခွန်းကြောင့် ဝမ်ဖု၏မျက်နှာကပြောင်းလဲသွားပြီးအလျှင်အမြန်မေးလိုက်သည်။
“ ချမ်းသာခြင်းနဂါးဆိုတဲ့ နန်ကုန်းဝူယောင်လား...မဟုတ်မှလွဲရော...”
ဝမ်ဖုအမူအယာက အကြီးအကျယ်အံ့အားသင့်နေဟန်တူပြီး သူ၏မျက်လုံးများလည်းတောက်ပလာသည်။
ကျန်းနန်ရှိလူများက သူ့ကိုထိတိုင်းရွှေဖြစ်သူဟုတင်စားပြီးခေါ်ဆိုကြသော်လည်း စင်စစ် သူ၏ကြွယ်ဝမှုနှင့် အောင်မြင်မှုများက လုပ်ဇာတ်တစ်ခုသာဖြစ်သည်။
တစ်ဖက်တွင် နန်ကုန်းမိသားစု၏ဒုတိယသားနန်ကုန်းဝူယောင်က အမှန်ပင် ထိတိုင်းရွှေဖြစ်သူဖြစ်ကာ နန်ကုန်းဝူယောင်ကိုမြင်ဖူးသူနည်းပါးလှသော်လည်း စီးပွားရေးလောကတွင်သူ၏အမည်ကို မသိသူမရှိပေ။
“ ဟုတ်တယ် နန်ကုန်းဝူယောင်က အခု ငါတို့ရဲ့အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီး ။ အကြာခင်မှာ သူ့ရဲ့စီမံမှုနဲ့အတူ မင်းက တကယ့်သူဌေးကြီးတစ်ယောက်ဖြစ်လာတာ့မယ်။
တစ်ခုတော့ရှိတယ် သူက လူ့ရှေ့ကိုထွက်မှာမဟုတ်ဘူး ။ စီးပွားရေးကိစ္စတွေကို မင်းပဲမျက်နှာပြပြီးစီမံရမယ်...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဝမ်ဖု၏မျက်နှာထက်၌ အပြုံးတစ်ခုထွက်ပေါ်လာပြီး တက်ကြွစွာပြောလိုက်သည်။
“ ကောင်းပါပြီခေါင်းဆောင်..”
သူကိုယ်တိုင်က ခေါင်းဆောင်၏အမိန့်အတိုင်း သူဌေးကြီးတစ်ယောက်သဖွယ်သုံးစွဲနေရသော်လည်း အလုပ်အကိုင်မယ်မယ်ရရမရှိသည့်ဘဝကိုပျင်းရိနေပြီဖြစ်သည် ။
ဝမ်းမြောက်ပျော်ရွှင်နေဟန်တူသည့်ဝမ်ဖု၏အမူအယာကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးပင်ပြုံးလိုက်မိ၏။
ထိုအချိန်၌ အခန်းပြင်မှ အသံတစ်ခုထွက်ပေါ်လာသည်။
“ သူဌေး အပြင်မှာ အစေခံနှစ်ယောက် ရန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေရထားကြပါတယ်။ သူတို့ကိုအစောင့်ခေါင်းဆောင် ဂူရှန်ကခေါ်ဆောင်လာပါတယ်။
ပြီးတော့ အငြင်းပွားမှုကို ဖြေရှင်းဖို့ သူတို့ကို သူဌေးဆီ လွှတ်လိုက်ရမလား.. “
ထိုအသံက ဝမ်ဖု၏ကိုယ်ရံတော်အဖွဲ့ထဲမှတစ်ယောက်ဖြစ်ပြီး ထိုအသံကြောင့် ဝမ်ဖုလည်းမျက်မှောင်ကြုတ်လိုက်မိပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုကြည့်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းညိမ့်ပြလိုက်သည့်အခါမှ ဝမ်ဖု၏မျက်နှာက ပြန်၍တည်ငြိမ်သွားပြီး အေးဆေးသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ အေး အေး....လွှတ်လိုက်ကွယ်...”
ဝမ်ဖု၏အသံက တည်ငြိမ်အေးဆေးလှပြီး ဤသည်က လူအများသိထားကြသည့် ကြင်နာတတ်သည့်ပုံစံဖြစ်သည် ။
ဝမ်ဖုမှာ ကြင်နာတတ်ပြီး အလှူအတန်းရက်ရောလှသလိုလက်အောက်ငယ်သားများအပေါ်တွင်လည်း ကြင်ကြင်နာနာဆက်ဆံတက်သည်။
ထို့ကြောင့်လည်း အနီးကပ်ကိုယ်ရံတော်များမှအစ ခြံဝန်စ၏အစေခံများအဆုံး ဝမ်ဖုကိုချစ်ခင်လေးစားကြခြင်းဖြစ်ပြီး ခြံဝန်းထဲတွင် ပြဿနာတစ်စုံတစ်ခုဖြစ်တိုင်းလည်း ဝမ်ဖုက ဒိုင်ခံဖြေရှင်းပေးရသူလည်းဖြစ်သည်။
“ ကောင်းပါပြီ....”
ကိုယ်ရံတော်ထွက်သွားပြီးသည့်အချိန်မှ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဝမ်ဖုကိုပြောလိုက်သည်။
“ ဝမ်ဖု မင်းလည်း အတော့်ကိုပြောင်းလဲလာတာပဲ ။ အရင်တုန်းကဆိုရင် ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုတဲ့ ကောင်က အခုအစေခံတွေရဲ့ကိစ္စကိုတောင် ဂရုစိုက်နေပါလား...”
သူ၏စကားကြောင့် ဝမ်ဖုလည်း ခေါင်းယမ်းပြလိုက်ပြီး တည်ကြည်သည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ခေါင်းဆောင်ပြောရင်လည်းခံရတော့မှာပဲ။ ကျုပ်လည်း သဏ္ဍာန်လုပ် သရုပ်တူအောင်ကြိုးစားရင် တဖြေးဖြေး လူကောင်းတစ်ယောက်နဲ့တောင်တူလာပြီ....”
ဝမ်ဖု၏မျက်နှာထက်တွင် မှိန်ဖျော့သည့်အပြုံးတစ်ခုရှိနေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် စာကြည့်ခန်းတံခါးပွင့်လာကာ ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ နောက်မှလူသုံးယောက်ပါလာသည်။
ထိုသုံးယောက်အနက် နက်ပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးခါးတွင် ဓားချိတ်ဆွဲထားသူက ယနေ့ညအစောင့်ကျသည့် ခေါင်းဆောင်ဂူရှန်ဖြစ်ပြီး သူ၏တစ်ဖက်တစ်ချက်တွင်ဆွဲခေါ်လာကြသူများကား အလုပ်သမားများ၏ဝတ်စုံကိုဝတ်ဆင်ထားပြီး ဖူးယောင်နေသည့်မျက်နှာများရှိသည့်လူနှစ်ယောက်တို့ဖြစ်သည်။
ကိုယ်ရံတော်များက ဝမ်ဖုနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်လူကြီးရှိနေသည်ကို အံ့ဩဟန်မပြပေ။
အကြောင်းက မနက်ဘက်က စံအိမ်သို့ရောက်ရှိလာသည့်ထိုလူမှာ သူတို့သူဌေး၏မိတ်ဆွေဖြစ်ရုံသာမက သူဌေးပင်လွန်စွာလေးစားရသူတစ်ဦးဖြစ်သည်ကို သူတို့သိထား၍ဖြစ်သည် ။
“ ခေါင်းဆောင် ဒီနှစ်ယောက်က သူတို့အဆောင်မှာ အသာမနေဘဲ တစ်ယောက်တစ်ခွန်းစကားများနေကြတဲ့အပြင် အချင်းချင်းသတ်ပုတ်နေကြလို့ ကျုပ်တို့အစောင့်အဖွဲ့က ပြန်ဖြေခဲ့ရတာပါ။
ဒါတောင် သူတို့က ဆက်ပြီးအငြင်းအခုန်ဖြစ်နေကြတော့ သူတိူ့ပြဿနာကိုဖြေရှင်းရအောင် သူဌေးဆီကိုခေါ်လာတာပါ..”
ဂူရှန်က အလုပ်သမားနှစ်ယောက်ကိုကြည့်၍ တင်းမာသည့်လေသံဖြင့်ပြောရင်း ရှေ့သို့တွန်းထုတ်လိုက်သည်။
သူ၏စကားကြောင့် ဝမ်ဖုလည်းမျက်ခုံးပင့်လိုက်မိကာ မျက်နှာများဖူးယောင်ပေါက်ပြဲနေအောင်ထိုးကြိတ်သတ်ပုတ်ထားကြသည့် အလုပ်သမားနှစ်ယောက်ကိုကြည့်၍ မေးလိုက်သည်။
“ ဘယ်လိုတွေစပြီးဖြစ်ကြတာလဲ...”
ဝမ်ဖု၏ တည်ကြည်လေးနက်သည့်အမူအယာနှင့်စူးရှသည့်အကြည့်ကြောင့် အလုပ်သမားနှစ်ယောက်လည်း ရှေ့သို့တွန့်ဆုတ်တွန့်ဆုတ်ဖြင့်တိုးလာကြသည်။
သူတို့သူဌေး၏ရှေ့သို့ရောက်ရှိသည့်တိုင် ထိုနှစိယောက်ကား တစ်ယောက်ကိုတစ်ယောက်ကျေနပ်သေးဟန်မတူဘဲ မုန်းတီးစွာစိုက်ကြည့်နေကြဆဲပင်။
ရုတ်တရက် အလုပ်သမားတစ်ယောက်၏ခန္တာကိုယ်က ဝမ်ဖု၏အနီးသို့ဖျက်ခနဲတိုးကပ်သွားပြီး သူ၏လက်ထဲသို့မည်သို့ရောက်ရှိနေမည်မသိရသည့်ဓားမြောင်တစ်လက်ဖြင့်ဝမ်ဖု၏လည်ပင်းပေါ်သိုထောက်ထားလိုက်သည်။
ထိုနည်းတူကျန်တစ်ယောက်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုဓားဖြင့်အုပ်မိုးထားပြီး အော်သံတစ်ချက်ထွက်ပါကချက်ခြင်းသတ်ဖြတ်နိုင်စေရန်အဆင်သင့်ပြင်ဆင်ထားသည်။
အဖြစ်အပျက်က လျှင်မြန်လွန်း၍ သူဌေးကြီးဝမ်ဖုရော အနက်ရောင်ဝတ်စုံဝတ်လူကြီးပါမတုံ့ပြန်လိုက်နိုင်ကြဘဲ ဝမ်ဖုက အံ့ဩတုန်လှုပ်သည့်ဟန်ဖြင့်မေးလိုက်သည်။
“ မင်းတို့ ...ဘာလုပ်ကြတာလဲ...”
ထိုအခါမှ ကြောင်အမ်းအမ်းဖြစ်နေကြသည့် ကိုယ်ရံတော်နှစ်ယောက်နှင့်ဂူရှန်တို့လည်း သတိဝင်လာကြပြီး သူတို့၏ဓားများကိုဆွဲထုတ်လိုက်ကြသည်။
“ တစ်ယောက်မှမလှုပ်နဲ့ ပြီးတော့ အကူအညီတောင်းဖို့လဲမကြိုးစားနဲ့မဟုတ်ရင်တော့...”
ဝမ်ဖု၏ဘေးရှိအလုပ်သမားက အေးစက်စက်အသံဖြင့်ပြောရင်း ကြောက်မက်ဖွယ်ကောင်းစွာပြုံးလိုက်သည် ။
ထိုးကြိတ်ဒဏ်ရာများကြောင့် သွေးစများစွန်းထင်းကာ ဖူးယောင်နေသည့်သူ၏မျက်နှာကြီးက မီးရောင်အောက်တွင်ပို၍ပင်ဆိုးရွားနေသည်။
သူတို့၏ချိန်းခြောက်မှုကြောင့် ကိုယ်ရံတော်နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်ဖြစ်ကာ တစ်ယောက် ဒေါသတကြီးမေးလိုက်သည် ။
“ မင်းတို့ ဘာလုပ်ကြတာလဲ....”
ထိုလူ၏မေးခွန်းကြောင့် ပထမအလုပ်သမားက အမြင်ကပ်စွာပြုံးရင်းရယ်မောလိုက်သည်။
“ ဟားဟား...ဘာလုပ်ရမှာလဲ ငွေလိုချင်လို့ဓားပြလာတိုက်တာလေ။ မင်းတို့က ကိုယ့်ခြံဝန်းကအလုပ်သမားတွေရဲ့မျက်နှာကိုတောင်မမှတ်မိတာက ငါတို့အတွက်အခွင့်ကောင်းဖြစ်သွားတာပေါ့...”
သူ၏စကားကြောင့်ကိုယ်ရံတော်များလည်း မျက်နှာကွက်ခနဲပျက်သွားကြပြီး ထိုနှစ်ယောက်မှာ ခြံဝန်းမှအလုပ်သမားများမဟုတ်ဘဲ အပြင်လူများဖြစ်ကြောင်းသိလိုက်သည်။
ထိုအခိုက် ပို၍ကြောက်မက်ဖွယ်ကောင်းသည့်အဖြစ်တစ်ခုဖြစ်လာလေသည်။
“ စွပ်.....”
ဓားရှည်တစ်ချောင်းက ကိုယ်ရံတော်တစ်ယောက်၏နောက်ကျောမှဖောက်ဝင်လာပြီး သူ၏ရင်ဘက်ရှေ့သို့ပင်ရောက်ရှိလာသည်။
“ အွတ်...”
ထိုကိုယ်ရံတော်မှာ ကောင်းစွာအော်ဟစ်ခြင်းပင်မပြုနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီးလဲကျသွားတော့သည်။
ကျန်တစ်ယောက်လည်း ထိုအဖြစ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားစဉ် သူ၏တစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့သည်ကိုရိပ်စားမိလိုက်ပြီး နောက်ဘက်မှ ခပ်တိုးတိုးအသံတစ်ခုကိုပါကြားလိုက်ရသည်။
“ မင်းတို့ကအလုပ်သမားတွေရဲ့မျက်နှာတွေတင် မမှတ်မိတာမဟုတ်ဘူး ။ ငါ့အသံကိုလည်းသေချာမှတ်မထားဘူး...”
စကားအဆုံး၌ ဓားမြောင်တစ်ချောင်းက ထိုကိုယ်ရံတော်၏လည်ပင်းကိုတိရိစွာလှီးဖြတ်သွားပြီး လည်ပင်းမှသွေးများစီးကျလာကာ ဝုန်းခနဲလဲကျသွားတော့သည်။
“ ဟူး....ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်ကိာ ဒီလိုလွယ်လွယ်နဲ့ရှင်းလိုက်နိုင်တာ သိပ်တော့ပျော်စရာမကောင်းဘူး...”
ကိုယ်ရံတော်နှစ်ယောက်ကို လုပ်ကြဲသတ်ဖြတ်လိုက်သည့် အစောင့်ခေါင်းဆောင်ဂူရှန်က ခေါင်းယမ်း၍ရေရွတ်ရင်း သူ၏ဓားမြောင်တိုလေးမှသွေးများကို လဲကျသေဆုံးနေသည့်လူ၏အင်္ကျီဖြင့် ဇိမ်ပြေနပြေသုတ်နေသည် ။
အလောင်းနှစ်ခုမှ စီးကျလာသည့်သွေးများကကြမ်းပြင်ကို တခဏအတွင်းအိုင်ထွန်းသွားစေပြီး သူဌေးကြီးဝမ်ဖု၏ခြေထောက်အနီးသို့ပင်ရောက်ရှိလာသည် ။
ကြောက်မက်ဖွယ်ကောင်းသည့်အဖြစ်အပျက်များကိုဆက်တိုက်ကြုံတွေ့နေရ၍ သူဌေးကြီးဝမ်ဖု၏မျက်နှာက သွေးဆုတ်ဖြူလျော်လျက်ရှိပြီး သူ၏ခန္တာကိုယ်က အဆက်မပြက်တုန်ယင်နေသည်။
သူနှင့်ဆန့်ကျင်ဘက်အနက်ရောင်ဝတ်စုံဝတ်လူကြီးကား နေရာတွင်အေးဆေးတည်ငြိမ်စွာရှိနေဆဲဖြစ်ပြီး သူ၏လည်ပင်းပေါ်တွင် ထက်ရှသည့်ဓားမြောင်တစ်လက်ရှိနေသည်ကိုပင်သတိထားမိဟန်မတူဘဲ ဂူရှန်၏လှူပ်ရှားမှုများကိုသာ စိတ်ဝင်စားသည့်ပုံစံဖြင့်ကြည့်နေသည်။
သူ၏တည်ငြိမ်မှုကြောင့် ဘေးရှိအလုပ်သမားပင် အံ့အားသင့်မိသော်လည်း ထိုလူကသူ၏လက်ခုပ်ထဲမှရေဘဝသို့ရောက်နေပြီဖြစ်၍များစွာဂရုမထားပေ။
အချိန်အနည်းငယ်ကြာမှ ဂူရှန်က ကိုယ်ရံတော်၏အလောင်းဘေးမှထလာကာ ထိုင်ခုံတစ်လုံးကိုဆွဲ၍ ဝမ်ဖု၏ရှေ့တွင်ဝင်ထိုင်ရင်းပြောလိုက်သည်။
“ ကိုင်း.... သူဌေးကြီးဝမ်ဖု သိပ်ပြီးလည်းထိတ်လန့်မသွားပါနဲ့ ကျုပ်အစအဆုံးရှင်းပြပါ့မယ်...”
အပြုံးမျက်နှာဖြင့်ဆိုလိုက်သည့် ဂူရှန်၏စကားကြောင့်ဝမ်ဖု၏ကျောထဲတွင်အေးစိမ့်သွားပြီး ပို၍ပင်ထိတ်လန့်လာမိသည်။
သွေးအေးအေးဖြင့်ရက်စက်သည့်လူတစ်ဦးက သာမန်ရက်စက်သူတစ်ဦးထက်ပို၍ကြောက်မက်ဖွယ်ကောင်းပြီး အကွက်ကျကျစီစဉ်တတ်သည့်သွေးအေးလူသတ်သမားတစ်ဦးကာ အဆများစွာပိုဆိုးပေသည်။
ယခုလည်း ဂူရှန်က သူဌေးကြီးဝမ်ဖု၏စံအိမ်အတွင်းသို့ရောက်နေသည့်တိူင် သူ့အိမ်သူ့ယာလိုသဘောထားနေပြီး တစ်စက်ကလေးမှ စိုးရိမ်ဟန်မတူဘဲ အေးအေးဆေးဆေးရှိလှသည်။