← Chapters

သွေးတံခါးအစီအစဉ်

Vol. 1 Ch. 95

သွေးတံခါးအစီအစဉ်

Vol. 1 Ch. 95

“ အဖြစ်အပျက်ကိုရှင်းပြရရင် ဒီလိုလေ ။ ကျုပ်နဲ့ ကျုပ်လူတွေ‌ ကျန်းနန်ကိုအပန်းဖြေခရီးထွက်လာရင်းနဲ့ အလွန်ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးဝမ်ဖုရဲ့အကြောင်းကိုကြားလိုက်ရတယ်။။

သူဌေးကြီးဝမ်ဖုရဲ့ကြွယ်ဝမှုက ကျန်းနန်မြို့နဲ့ အနီးတစ်ဝိုက်မှာ ပြိုင်ဘက်မရှိဖြစ်တဲ့အပြင် ခင်ဗျားက အလှူအတန်းရက်ရောပြီးကြင်နာတတ်သေးတယ်ဆိုပဲ။

ဒီတော့ ကျုပ်တို့ရဲ့နောက်ပစ်မှတ်အဖြစ်ခင်ဗျားကိုသက်မှတ်ပြီး ခင်ဗျားနဲ့ပတ်သတ်တဲ့အကြောင်းတွေကိုစတင်ပြီးစုံစမ်းခဲ့တယ်ဆိုပါတော့။

ကံကောင်းချင်တော့ ခင်ဗျားအကြောင်းကို လမ်းပေါ်က တွေ့တဲ့လူတစ်ယောက်ယောက်ကိုမေးရင်တောင်အစအဆုံးသိနိုင်လောင်အောင် ဂုဏ်သတင်းကြီးလှတော့ကျုပ်တို့အတွက် ပိုပြီးအဆင်ပြေတာပေါ့ . ။

ဒီလိုနဲ့ ခင်ဗျားရဲ့ခြံဝန်းထဲကိုထိုးဖောက်ဝင်ရောက်ဖို့စတင်ပြီးလေ့လာခဲ့ရတယ်ဆိုပါတော့...”

ဂူရှန်၏လေသံကတည်ငြိမ်လှပြီး သူတို့၏အကြောင်းကို အပြင်လူတစ်ယောက်ယောက်က ပြန်ပြောင်းပြောပြနေသည့်အလားပင် ။

သူ၏လက်တစ်ဖက်တွင် ဓားမြောင်ကိုကိုင်ထားပြီး ထိုင်ခုံနောက်ကျောကိုမှီ၍ ခပ်လျော့လျော့ပုံစံဖြင့်ထိုင်နေသည့်ဂူရှန်၏ပုံစံက ဝမ်ဖုနှင့်စီးပွားရေးကိစ္စများကိုဆွေးနွေးနေသည့်အလားပင်။

သို့သော် လည်ပင်းပေါ်တွင်ရှိနေသည့်ထက်ရှသည့်ဓားမြောင်၏အငွေ့အသက်ကြောင့် သူဌေးကြီးဝမ်ဖုမှာ စိတ်မအေးနိုင်ဘဲထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သလို သူ၏မျက်လုံးများကလည်း ဂူရှန်ကိုသာ ကြောက်လန့်တကြားကြည့်နေမိသည်။

ဝမ်ဖု၏ထိတ်လန့်မှုကို သတိပြုမိ၍ ဂူရှန်ကပြုံး၍ပြောလိုက်သည် ။

“ သိပ်လည်း စိတ်မပူပါနဲ့ ခင်ဗျားတို့သာ အေးအေးဆေးဆေးနေရင် ကျုပ်လူတွေကဘာမှလုပ်မှာမဟုတ်ပါဘူး ။ ဒါပေမယ့် မြောက်ပိုင်းစင်းရွယ်မြို့က အထူးမှာယူထားတဲ့ဒီဓားမြောင်တွေကတော့ အတော်ထက်တယ်နော်...”

ဂူရှန်ကပြောပြောဆိုဆိုဖြင့် ထိုင်ခုံလက်ရမ်းကို လက်ထဲရှိဓားမြောင်ဖြင့်ရမ်းလိုက်သည်။

“ ရွှပ် ...”

ခပ်တိုးတိုးအသံနှင့်အတူမာကျောသည့်ထိုင်ခုံလက်ရမ်းက ရွှံတုံးကဲ့သို့တစ်ချက်ထဲညီညီညာညာပြတ်တောက်သွားရာ သူဌေးကြီးဝမ်ဖု၏နဖူးထက်တွင် ချွေးများပင်သီးလာသည်။

ဂူရှန်က အပြုံးမျက်နှာဖြင့် သူ၏စကားကိုဆက်ပြောလိုက်သည် ။

“ ဆိုတော့ နောက်ထပ်နှစ်ရက်အတွင်းမှာ ခင်ဗျားရဲ့ခြံဝန်းက လူဝင်လူထွက် ၊ အစေခံနဲ့အစောင့်အရေအတွက်၊ ကိုယ်ရံတော်တွေရဲ့သိုင်းအဆင့် စတာတွေကို အသေးစိတ်လေ့လာပြီးမှ အခုလိုအစီအစဉ်လုပ်ထားခဲ့တာပဲ...

တတ်နိုင်သမျှ မတ်ိုက်ခိုက်ရဘဲနဲ့ တိုးတိုးတိတ်တိတ်ပြီးသွားမယ့်အစီအစီပေါ့ ။ ကျုပ်ပြောချင်တာကဒါပါပဲ.. “

ဂူရှန်၏စကားအဆုံးသတ်သွားသော်လည်း ဝမ်ဖု၏မျက်နှာက ပို၍ပင်ပျက်ယွင်းလာသည် ။

သူ၏ရှေ့ရှိလူမှာ သူခန့်အပ်ထားသည့် အစောင့်ခေါင်းဆောင်ဂူရှန်မဟုတ်သည်ကိုတော့ သူကောင်းစွာသိရှိနေပြီဖြစ်သည် ။

ထို့အပြင် တစ်ဖက်လူ၏ရက်စက်မှုနှင့်အကွက်ချမှုတို့က များစွာကြောက်မက်ဖွယ်ကောင်းလှ၍ ဝမ်ဖုမှာ အော်ဟစ်အကူအညီတောင်းဝံ့ခြင်းပင်မပြုပေ ။

အကြောင်းကားလက်ရှိအချိန်တွင် အော်သံတစ်ချက်ထွက်သည်နှင့် သူဦးစွာအသက်ပေးရမည်ကိုနားလည်၍ဖြစ်သည်။

“ မင်း...မင်းတို့ဘာလိုချင်တာလဲ...”

ဝမ်ဖု၏တုန်လှုပ်သည့်လေသံကြောင့် ဂူရှန်ကသူ၏ပခုံးကိုပုတ်၍ ခေါင်းညိမ့်လိုက်သည် ။

“ အခုလိုမျိုးဉာဏ်ကောင်းတာ ကောင်းတယ်။ ကျုပ်တို့လိုချင်တာက ငွေလွှဲလက်မှတ်၊ ရတနာပစ္စည်းတွေလို သယ်ရလွယ်ပြီးတန်ဖိုးကြီးတာတွေပဲ။ ရွှေတွေငွေတွေကိုတော့ အလုပ်ရှုပ်ခံပြီးမယူချင်ဘူး ။

ပြီးတော့ စိတ်ချပါ ကျုပ်တို့က ပစ္စည်းရရင်လူကိုဒုက္ခ‌မပေးတတ်ပါဘူး ခင်ဗျားတို့ကို အကြောပိတ်ထားခဲ့ပြီး အသာတကြည်ပြန်ထွက်သွားမှာ...”

ဂူရှန်က ဝမ်ဖုကိုကြည့်၍ သဘောကျသည့်လေသံဖြင့်ပြောလိုက်သည်။

ထို့နောက် ယခုအချိန်ထိတုန်လှူပ်ခြင်းကင်းမဲ့စွာဖြင့်ထိုင်နေသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကြောင့် သူ၏မျက်ခုံးများမြင့်တက်သွားပြီး မေးလိုက်သည်။

“ ခင်ဗျားရဲ့မိတ်ဆွေက အတော့်ကိုအကြောက်အလန့်မရှိတာပဲ။ သူ့ကိုကျုပ်တို့ကအချိန်မရွေးသတ်ပစ်နိုင်တာတောင် အခုထိတည်ငြိမ်နေတုန်းပဲ။

သိုင်းပညာမတတ်တဲ့သာမန်လူတစ်‌ ယောက်က အခုလိုမျိုးအကြောက်အလန့်မရှိတာ အတော်ရှားတယ် ။။ဒါထက် သူကဘယ်သူများလဲ...”

ဂူရှန်၏စိတ်ဝင်တစားမေးခွန်းကြောင့် ဝမ်ဖု၏တုန်လှုပ်နေသည့် မျက်နှာထက်တွင် ထူးဆန်းသည့်အပြုံးတစ်ခုထွက်ပေါ်လာပြီး ခပ်တိုးတိုးရယ်မောလိုက်သည်။

“ ဂူစန် ....သိုင်းပညာကောင်းသလောက် ပါးနပ်ပြီးဉာဏ်များလွန်းလို့ ရုပ်ပြောင်းမြေခွေးဆိုတဲ့နာမည်ကိုတောင်ရထားတာပဲ ။

ဒါပေမယ့် မင်းက ငရဲကိုသွားမယ့်လမ်းကိုရွေးခဲဘတာပဲ။ ငါ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာသေးတယ် ။

အင်း..အခုမှသတိထားမိတယ်....မင်းရဲ့နာမည်ကလည်း ငါ့အစောင့်ခေါင်းဆောင်ရဲ့နာမည်နဲ့ခပ်ဆင်ဆင်ပဲကိုး...”

ဝမ်ဖု၏လေသံကတည်ငြိမ်လှပြီး သူ၏မျက်နှာထက်တွင် မထီမဲ့မြင်အမူအယာတစ်ခုပင်ရှိနေသည် ။

အစောပိုင်းကဂူရှန်၏ချိန်းခြောက်မှုကြောင့် သွေးထွက်လုမတတ်ကြောက်လန့်တကြားဖြစ်နေသူတစ်ယောက်က အခြားလူတစ်ယောက်လိုပြောင်းလဲသွားခြင်းက ယုံကြည်ရခက်လှသည်။

ထို့ထက်ပို၍အရေးကြီးသည်က ဝမ်ဖုခေါ်လိုက်သည့်နာမည်ကြောင့် ဂူရှန်နှင့်သူ၏လူနှစ်ယောက်လုံးအံ့ဩတုန်လှုပ်သွားခြင်းဖြစ်သည်။

“ ခင်ဗျားက ဘာလို့ကျုပ်နာမည်ကိုသိနေရတာလဲ...”

ဂူရှန် သို့မဟုတ် ရုပ်ပြောင်းမြေခွေးဂူစန်က ဝမ်ဖုကိုကြည့်၍ တင်းမာသည့်လေသံဖြင့်မေးလိုက်သည်။

ဓားမြောင်ကိုတင်းတင်းဆုပ်ထားသည့်သူ၏လက်က အကြောများထောင်ထလာသလို စိတ်ထဲတွင်လည်း အလိုလိုနေရင်း အန္တရာယ်အငွေ့အသက်တို့ကိုခံစားလိုက်မိသည်။

သေခြင်းရှင်ခြင်းအခြေအနေများကိုဖြတ်ကျော်လာသူပီပီ သူ၏အလိုလိုသိစိတ်ကအမြဲလိုလိုမှန်ကန်သည့်အတွက် ဂူစန်‌တစ်ယောက်မျက်နှာပျက်သွားစဉ် ဝမ်ဖု၏အေးစက်စက်အသံထွက်ပေါ်လာသည်။

“ ရှင်းလိုက်တော့...”

ဝမ်ဖု၏စကားအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ခေါင်မိုးထက်မှ ပေါ့ပါးစွာကျဆင်းလာကာ လျှပ်ပြက်သလို ဝင်းလက်သည့်ဓားရောင်နှစ်ခုလက်သွားသည် ။

“ ရွှပ် ..ရွှပ်..”

အေးစက်သည့်မရဏအငွေ့အသက်တို့ထွက်ပေါ်လာပြီး ဝမ်ဖုနှင့်အနင်ရောင်ဝတ်စုံဝတ်လူကြီးတို့ကို ဓားဖြင့်ရွယ်ထားကြသာ့် ဂူစန်၏လူနှစ်ယောက်မှာ အချိန်မီမတုံ့ပြန်နိုင်ကြဘဲ တစ်ကွက်စီဖြင့်သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။

“ ဝုန်း...”

ဂူစန်က အလန့်တကြားနောက်ဆုတ်လိုက်၍သူ၏ထိုင်ခုံက လဲကျသွားတော့သည်။

“ ဘယ်သူလဲ မင်းတို့က ဘယ်သူတွေလဲ...”

ဂူစန်မှာ အမှန်ပင်တုန်လှုပ်နေပြီဖြစ်ကာ လက်ထဲရှိဓားမြောင်ကိုအဆင်သင့်ပြင်၍ ဝတ်စုံနက်နှစ်ယောက်ကိုမေးလိုက်သည်။

ပုံမှန်ဆိုလျှင် ဂူစန်ကသွေးအေးတည်ငြိမ်သူတစ်ဦးဖြစ်သည့်တိုင်ယခုလို သေခြင်းရှင်ခြင်းအခြေအနေသို့ရောက်ရှိနေသည့်အခါ တည်ငြိမ်ခြင်းမရှိနိုင်တော့ပေ။

အထူးသဖြင့် သိုင်းပညာထိပ်တန်းအဆင့်ရှိသည့် သူ၏လူနှစ်ယောင်ကို တစ်ဖက်လူများက လွယ်ကူစွာသတ်ဖြတ်နိုင်ခဲ့၍ဖြစ်သည်။

ဂူစန်၏သိုင်းပညာက သူ့လူများထက်များစွာသာလွန်သော်လည်း အဆင့်လွန်သိုင်းအဆင့်သို့မရောက်သေးဘဲ ထိပ်တန်းလွန်အဆင့်သာရှိပေသည်။

နောက်ရောက်လာသည့် ဝတ်စုံနက်နှစ်ယောက်က ရေခဲလိုအေးစက်သည့်မျက်နှာထားရှိသည့်လူငယ်နှစ်ယောက်ဖြစ်ပြီး အသက်နှစ်ဆယ်ကျော်ခန့်သာရှိပေမည်။

နောက်ထပ်ရောက်ရှိလာခြင်းထက်အခန်းထဲတွင်မူလကပင်ရှိနေသည်ဟုပြောရပေမည်။

သို့သော် ဂူစန်နှင့်သူ၏လူများမှာ လူငယ်နှစ်ယောက်တည်ရှိနေသည်ကို တစ်ချိန်လုံးမရိပ်မိခဲ့ကြပေ။

“ ကျုပ်က ဝမ်ဖုလေ သူ‌ဌေးကြီးဝမ်ဖုပါ...”

ဝမ်ဖုက ဂူစန့်ကိုကြည့်၍ ပြုံးလိုက်သည်။ ယခုတစ်ကြိမ်၌ သူ၏အပြုံးကြောင့် ထိတ်လန့်သွားရသူမှာ ဂူစန်ပင်ဖြစ်ပေသည် ။

လက်ရှိအချိန်၌ ဂူစန်၏အဖြစ်က ရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေသည်။

ဝမ်ဖုကိုသတ်ဖြတ်နိုင်ရန်မဆိုးထားနှင့် ဝမ်ဖု၏ဘေးရှိလူငယ်နှစ်ယောက်ကိုပင် သူအနိုင်ယူနိုင်မည်မဟုတ်ပေ။

လူငယ်နှစ်ယောက်က အသက်များစွာမကြီးကြသေးသည့်တိုင် အန္တရာယ်ရှိသည့်အငွေ့အသက်များထွက်ပေါ်နေပြီး လက်မရွံ့လူသတ်သမားများနှင့်တူညီလှသည်။

ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် လွယ်ကူစွာသတ်ဖြတ်နိုင်သည့်ကြောက်မက်ဖွယ်လူငယ်နှစ်ယောက်ကို ဝမ်ဖုမည်သည့်နေရာက ရှာလာသည်ကိုသူစဉ်းစားမရနိုင်ဘဲဖြစ်နေမိသည်။

ထို့အပြင် သူထွက်ပြေးရန်ကြိုးစားပါက ဝမ်ဖုက ကျိန်းသေပေါက်အကူအညီတောင်းမည်ဖြစ်ပြီး ထိုအခါ ကျန်းနန်ဓားသမားဝမ်စန်းက သေချာပေါက်ရောက်လာမည်ဖြစ်သည်။

သိုင်း‌‌လောကထဲတွင်ပင်ကျော်ကြားသည့် အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်သည့်ဝမ်စန်း၏လက်မှသူလွတ်အောင်ထွက်ပြေးနိုင်မည်မဟုတ်ပေ။

ဝမ်စန်းကို ကြောက်ရွံ့၍လည်းယခုလိုမျိုး အကွက်ကျကျစီစဉ်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ကံမကောင်းစွာဖြင့် သူတို့သိုးဝဝကြီးဟုထင်သည့်လူက ကျားရဲတစ်ကောင်လိုကြောက်မက်ဖွယ်ကောင်းလှသူတစ်ဦးဖြစ်နေပေသည်။

သေသွားသည့်သူ၏လူနှစ်ယောက်ကိုပင် သတိမရနိုင်ဘဲ ဂူစန်တစ်ယောက်မည်သို့ဆက်လုပ်ရမှန်းမသိဖြစ်နေကာ နေရာတွင်ပင် စဉ်းစားရကြပ်နေသည်။

ဓားမြောင်ကို လက်ထဲတွင်တင်းကြပ်စွာဆုပ်ကိုင်ရင်းတုန်လှုပ်နေသည့်အမူအယာဖြင့် ရပ်နေသည့် ဂူစန့်ကိုမကြည့်ဘဲ ဝမ်ဖုက အနက်ရောင်ဝတ်စုံဝတ်လူကိုပြောလိုက်သည်။

“ သူတို့နှစ်ယောက်က ပထမအသုတ်ကိုအောင်မြင်ပြီးတဲ့ထဲက အတော်ဆုံးလူငယ်တွေပဲ။ ဝမ်ရှန်နဲ့ ဝမ်နန်လို့ခေါ်တယ် ...ကောင်လေးတွေ ဒါက ငါတို့ရဲ့ခေါင်းဆောင်ကြီးပဲ...”

ဝမ်ဖု၏စကားကြောင့် ခံစားချက်ကင်းမဲ့ဟန်ဖြင့်ရပ်နေသည့်လူငယ်နှစ်ယောက်ကအနက်ရောင်ဝတ်စုံဝတ်လူကြီးကို ဒူးထောက်အရိုအသေပေးလိုက်ကြ၏။

လူငယ်နှစ်ယောက်ကို အတန်ကြာအောင်စိုက်ကြည့်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်၌ သဘောကျသည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။

“ အသက်နှစ်ဆယ်ကျော်နဲ့ထိပ်တန်းလွန်သိုင်းအဆင့်ဆိုတော့ ထိပ်တန်းအင်အားစုက ပါရမီရှင်တွေနဲ့တောင်ရင်‌ဘောင်တန်းနိုင်တာပဲ ။

ပြီးတော့ သူတို့ရဲ့ပုန်းကွယ်နိုင်စွမ်းက ကောင်းမွန်ပြီး အဆင့်တူတွေဆိုလုံးဝသတိထားမိမှာမဟုတ်ဘူး။ ကောင်းတယ်...ကောင်းတယ်...”

အနက်ရောင်ဝတ်စုံဝတ်လူကြီးက ကောင်းတယ် ဆိုသည့်စကားကိုနှစ်ကြိမ်တိတိရေရွတ်လိုက်သည်ကိုကြည့်၍ များစွာသဘောကျနေသည်ကိုသိနိုင်သည်။

“ အင်း...သူတို့ရဲ့လက်ရှိအဆင့်နဲ့ဆိုရင်...”

အနက်ရောင်ဝတ်စုံဝတ်လူကြီးက စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်လိုက်ကာ သူ၏အမူအယာက ငြိမ်သက်သွားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးတောနေဟန်တူသည် ။

All Chapters