သိုင်းလောက၏အနာဂတ်
Vol. 1 Ch. 96
အတန်ကြာမှ အနက်ရောင်ဝတ်စုံဝတ်လူကြီးကခေါင်းတစ်ချက်ညိမ့်လိုက်ပြီး ဝမ်ဖုကိုပြောလိုက်သည် ။
“ ငါတို့ရဲ့သွေးတံခါးကို တွန်းဖွင့်လို့ရပြီ ...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဝမ်ဖု၏ခန္တာကိုယ်ပင်အနည်းငယ်တုန်ခါသွားပြီး ချက်ခြင်းအရိုအသေပေးလိုက်သည် ။
“ ကျုပ် အကောင်းဆုံးဆောင်ရွက်ပါ့မယ် ခေါင်းဆောင်...”
နှစ်များစွာကြိုးစားခဲ့ရသည့်ကိစ္စတစ်ခု အကောင်အထည်ပေါ်တော့မည်ဖြစ်၍ သူ၏မျက်နှာထက်၌ ဝမ်းမြောက်ပျော်ရွှင်သည့်အရိပ်အယောင်များကိုထင်ရှားစွာတွေ့နေရသည်။
ထို့နောက် ဝမ်ဖုက အခန်းဝနားတွင်ရပ်၍သူတို့ကို အံ့ဩထိတ်လန့်စွာဖြင့်ကြည့်နေသည့် ဂူစန်ကို ဝေ့ကြည့်လိုက်ရင်း အနက်ရောင်ဝတ်စုံဝတ်လူကြီးကိုမေးလိုက်သည်။
“ သူ့ကို ဘာလုပ်လိုက်ရမလဲခေါင်းဆောင်...”
ဝမ်ဖု၏မေးခွန်းကြောင့် ဂူစန်မှာ သိသိသာသာတုန်လှုပ်သွားပြီး သူ၏လက်ထဲမှဓားကိုပစ်ချကာ ချက်ခြင်းဒူးထောက်အရိုအသေပေးလိုက်သည်။
“ သခင်ကြီးတို့ ကျုပ်ကို စိတ်ကြိုက်ခိုင်းစေလို့ရပါတယ်။ ကျုပ်အသက်ကို ချမ်းသာပေးမယ်ဆိုရင် တစ်ဘဝလုံးသစ္စာရှိရှိနဲ့ အမှုထမ်းသွားပါ့မယ်...”
သူ၏ဘက်မှ တစ်စုံတစ်ခုမပြောရသေးမီအညံ့ခံလာသည့်ဂူစန်ကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးပင်အနည်းငယ်အံ့အားသင့်သွားဟန်တူပြီး ရယ်မောလိုက်သည်။
“ ဟဲ ဟဲ.. မင်းက အတော့်ကိုဉာဏ်များတာပဲ။ ဒါကြောင့်လည်း မင်းရဲ့ မလောက်လေးမလောက်စားသိုင်းပညာနဲ့ သိုင်းလောကထဲမှာ အချိန်အကြာကြီးဖျံကျခဲ့တာတောင် အခုချိန်ထိ မသေသေးတာ...
မင်းဆရာ မျက်နှာတစ်ရာသာ မင်းလောက်ပါးနပ်မှုရှိရင် သွေးမိစ္ဆာရဲ့လက်ချက်ကြောင့် အတွင်းအားအစုပ်ခံရပြီးအဆုံးသတ်မသွားလောက်ဘူး...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် ဂူစန်လည်းပို၍ပင်ထိတ်လန့်သွားမိသည် ။
အကြောင်းက အနက်ရောင်သိုင်းလောကတွင်ကျော်ကြားသူတစ်ဦးဖြစ်သည့် မျက်နှာတစ်ရာမှာ သူ၏ဆရာဖြစ်ကြောင်းကိုလွန်စွာနည်းပါးသည့်လူများသိရှိထား၍ဖြစ်သည်။
ထို့ထက်ပို၍အံ့ဩဖွယ်ကောင်းသည်က သူ့ဆရာမျက်နှာတစ်ရာမည်သို့သေဆုံးသွားသည်ကို သူပင်အချိန်အတော်ကြာစုံစမ်းပြီးမှသိခဲ့ခြင်းဖြစ်သည်။
ယခုအနက်ရောင်ဝတ်စုံဝတ်လူကြီးကား သူ့၏နောက်ကြောင်းကိုအစုံအလင်သိရှိထားဟန်တူသည့်အပြင် သူ့ဆရာမည်သို့သေဆုံးသွားသည်ကိုပါ သိရှိနေသည် ။
အမှန်အတိုင်းဆိုရလျှင် ယခုလို အညံ့ခံခြင်းကတစ်ဖက်လူများကိုမယှဉ်နိုင်၍ အသက်မသေရန်ပြုလုပ်ခြင်းလည်းဖြစ်သည်။
သူဌေးကြီးဝမ်ဖုဟု သူတို့သိထားသည့်လူက လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်လူတစ်ယောက်ဖြစ်ပြီး ဝတ်စုံနက်ဝတ်လူငယ်နှစ်ယောက်လို သူလက်သပ်မွေးထားသည့်လူသတ်သမားများမည်မျှရှိမည်ကိုမသိရပေ။
ဝမ်ဖု၏ခေါင်းဆောင်ပင်ဖြစ်ဟန်တူသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကားမည်မျှကြောက်မက်ဖွယ်ကောင်းမည်ကိုစိတ်ကူး၍ပင်မရနိုင်ပေ။
မူလက ထိုလူကြီးကို သိုင်းပညာလုံးဝမတတ်မြောက်သည့်သာမန်လူတစ်ဦးဟုသာထင်ခဲ့သော်လည်း စင်စစ်ထိုလူ၏သိုင်းပညာက သူတိူ့ထက်အဆများစွာသာလွန်နေ၍ မမြင်နိုင်ခြင်းဖြစ်သည်ကိုလည်းရိပ်စားမိလိုက်သည်။
ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ထိုလူနှင့်ဝမ်ဖုတို့၏စကားများအရ သူတို့ထဲတွင် ကြီးမားသည့်အစီအစဉ်ကြီးတစ်ခုရှိနေမည်မှာ မုချပင်ဖြစ်ပြီး ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုနေကြပုံကြည့်၍ သူ့ကိုမည်သည့်နည်းနှင့်မှအသက်ရှင်လျက်ထားမည့်ပုံမပေါ်ပေ။
ထို့ကြောင့် အခြေအနေအရပ်ရပ်ကိုတွက်ဆပြီးနောက် ဂူစန်လည်း သူ၏ဂုဏ်သိက္ခာကိုစွန့်လွှတ်ကာ ဒူးထောက်အညံ့ခံလိုက်ခြင်းဖြစ်သည်။
“ ကျုပ်ကို မယုံကြည်ရင် အဆိပ်ကြွေးပြီးထိမ်းချုပ်လို့ရပါတယ် ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပဲပေးပါ...”
ဂူစန်က အကြိမ်ကြိမ်အရိုအသေပေး၍ပြောလိုက်သည်။
မာနနှင့်ဂုဏ်သိက္ခာကိုအသက်ထက်ပိုတန်ဖိုးထားသည့် အခြားသိုင်းသမားများနှင့်ခြားနားစွာ သူ့အတွက်မူ အသက်မသေပါက ဘာမဆိုလုပ်ရန်အဆင်သင့်ပင်ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူများကလွန်စွာအစွမ်းထက်သူများဖြစ်နေရာ ထိုလူများ၏အစေခံဖြစ်ခွင့်ရလျှင်ပင် သူ၏မူလဘဝထက်သာလွန်ကောင်းသာလွန်သွားနိုင်သည် ။
ဂူစန်၏ လိုက်လျောလှသည့်ပုံစံကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက ပြူံးလိုက်မိသော်လည်း ခေါင်းယမ်းကာပြောလိုက်သည်။
“ ငါက လူတွေကိုဒီလိုမျိုးထိမ်းချုပ်တာသဘောမကျဘူး။ အဲလိုလုပ်တာက ကျွန်ပြုတာနဲ့ ဘာခြားဦးမှာလဲ။
ငါ့ရဲ့လက်အောက်မှာရှိတဲ့လူတိုင်းကို ငါက အကျိုးအမြတ်ပေးတယ်။ မင်းအလိုရှိတဲ့အရာမှန်သမျှကို ငါစွမ်းဆောင်ပေးနိုင်တယ်။
ဒါပေမယ့် မင်းရဲ့ဘက်ကလည်း ထိုက်တန်ရဲ့တန်ဖိုးတစ်ခုရှိကြောင်းသက်သေပြရမယ်...”
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏ လေးနက်သည့်စကားကြောင့် ဂူစန်၏စိတ်ထဲတွင် ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အံ့ဩခြင်းတို့ဖြစ်ပေါ်လာပြီး တည်ကြည်စွာပြောလိုက်သည် ။
“ ကျုပ်ကို ပေးချင်တဲ့တာဝန်ပေးလို့ရပါတယ်။ ကျုပ် အစွမ်းကုန်ကြိုးစားပြီးဆောင်ရွက်ပေးနိုင်ပါတယ်...”
ယခုတစ်ကြိမ်၌ ဂူစန်က စိတ်ရင်းဖြင့် ကတိပြုလိုက်ခြင်းဖြစ်ပေသည်။။
တစ်ဖက်လူများက သူထင်ထားသည်ထက်ပင်ပို၍အင်အားကြီးမားနေပြီး မိုးလောက်ကြီးမားသည့်အကြံအစည်များပင်ရှိနေဟန်တူသည် ။
ထိူသို့သောအင်အားစုမျိုးကိုသာရောက်ရှိသွားပါက သူ၏ဘဝမှာ ခြေတစ်လှမ်းထဲဖြင့်ကောင်းကင်သို့ခုန်တက်သွားသလို ပြောင်းလဲသွားနိုင်သည်။
အနက်ရောင်ဝတ်စုံဝတ်လူကြီး၏မျက်လုံးများက ဒူးထောက်နေသည့်ဂူစန့်ကို ထွင်းဖောက်မတတ်ကြည့်လိုက်ရင်း ခေါင်းညိမ့်လိုက်သည်။
“ ကောင်းပြီ မင်းကို တာဝန်တစ်ခုပေးရတာပေါ့။ ဒီတာဝန်အောင်မြင်ရင် မင်းကို ငါတို့ရဲ့အဓိကအဖွဲ့ဝင်အဖြစ်လက်ခံမယ်...”
&&&&
ရှောင်လင်ကျောင်းဝန်းအတွင်းရှိတာမောဆောင်အနီးတွင် အဖိုးအိုနှစ်ယောက်၊ သက်လက်ပိုင်းအရွယ်ရှိအဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်နှင့် အသက်ဆယ်နှစ်ကျော်အရွယ်ရှိမည့်ကလေးငယ်တစ်ဦးတို့က အတူရှိနေကြသည်။
အဖိုးအိုနှစ်ယောက်က အချင်းချင်းတစ်စုံတစ်ခုကိုအကျေအလည်ပြောဆိုနေဟန်တူပြီး အဖြူရောင်ဝတ်စုံဝတ်လူကား ကလေးငယ်ကိုနှစ်သိမ့်ပေးနေသည်။
ယနေ့နံနက်ခင်း၌ အဖိုးအိုနှစ်ယောက်ရော စန်းဟုန်းလျန်တို့ပါ ရှောင်လင်ကျောင်းတော်မှထွက်ခွာတော့မည်ဖြစ်၍ ရှောင်ယောင်တစ်ယောက်စိတ်မကောင်းဖြစ်ဆန်းခြင်းက အထူးအဆန်းတော့မဟုတ်ပေ။
“ ဆေးစရာစုတ်...တားမရရင်လည်သွားကွာ ပြီးမှဟိုမှာအဖမ်းခံရရင် ငါသတိမပေးဘူးမပြောနဲ့...”
အဖိုးစု၏ အေးစက်စက်လေသံကြောင့် အဖိုးအိုဟွမ်က လှောက်ပြောင်လိုသည့်လေသံဖြင့်ရယ်မောလိုက်သည်။
“ ဟားဟား....ငါ့ကို မင်းလိုများမှတ်နေလား ။ မင်းသာ အသုံးမကျရင် မကျဘူးလို့ ဝန်ခံလိုက် ...
ပြီးတော့ ငါတစ်ယောက်ထဲသွားမှာမဟုတ်ဘူး ဟိုကောင်ကြီးကိုရော ခေါ်သွားမှာ ... ငါတို့နှစ်ယောက်ဆိုရင် နတ်သိုင်းနန်းတော်တစ်ခုလုံးကို မြေလှန်ပစ်လို့ရတယ်..”
အဖိုး၏ဟွမ်၏လေသံက ယုံကြည်မှုပြည့်ဝနေဟန်တူသည် ။
သူ၏စေတနာကို အလေးမထားသည့် အဖိုးအိုဟွမ်၏တုံ့ပြန်မှုကြောင့် အဖိုးစုမှာ အမှန်ပင်ဒေါသထွက်သွားမိသည်။
“ သွားကြ မင်းတို့နှစ်ယောက်လုံးဟိုမှာ သေသွားမှအေးမှာ...”
စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည့်အဖိုးစုစကားကြောင့် ရှောင်ယောင်တို့နှစ်ဦးပင် လှည့်ကြည့်မိလိုက်ကြ၏။
“ ဦးလေးစန်း အဖိုးဟွမ်က ဘယ်သွားမှာမလို့ အဖိုးစု ဒီလောက်ဒေါသထွက်နေတာလဲ...”
ရှောင်ယောင်၏တီးတိုးမေးခွန်းကြောင့် စန်းဟုန်းလျန်လည်း သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။
“ ဆရာကြီးဟွမ်က ဆရာကြီးစုပြောခဲ့တဲ့ နတ်သိုင်းနန်းတော်ကိုလိုက်ရှာမလို့တဲ့..ဒါကြောင့် ဆရာကြီးစုက တားရင်းဒေါသဖြစ်နေတာ...”
စန်းဟုန်းလျန်၏စကားအဆုံး၌ အဖိုးဟွမ်က ရှောင်ယောင်၏အနီးသို့ရောက်လာကာ ပြောလိုက်သည်။
“ ဘာမှစိတ်ပူမနေနဲ့ရှောင်ယောင် ငါတစ်ယောက်ထဲသွားမှာမဟုတ်ဘူး မိတ်ဆွေဟောင်းကြီးတစ်ယောက်ကိုပါ အပါခေါ်သွားမှာ ။
ဒီကောင်က သိုင်းလောကထဲကထွက်ပြီး အရှေ့ပင်လယ်ထဲက မြွေကျွန်းပေါ်မှာ ဇာတ်မြုပ်နေပေမယ့် စပ်စပ်စုစုနိုင်တဲ့နေရာမှာ ငါထက်တောင်သာသေးတယ်။
ငါတို့နတ်သိုင်းနန်းတော်ကိုလိုက်ရှာပြီး ဒီသူတောင်းစားပြောသလို ဟုတ်မဟုတ်သွားကြည့်မလို့...”
အလိုလိုနေရင်းပြဿနာကိုမီးခွက်ထွန်းရှာလိုသည့်အဖိုးဟွမ်ကြောင့် ရှောင်ယောင်လည်းဘာဆက်ပြောရမှန်းပင်မသိတော့ပေ။
အဖိုးစုကလည်း ရှောင်ယောင်၏အနီးသို့ရောက်လာပြီး သူ၏ဦးခေါင်းကိုပွတ်သပ်ရင်းပြောလိုက်သည်။
“ ဒီကောင့်အတွက်ပူမနေနဲ့ မိုးနဲ့မြေကြီးနဲ့ညှပ်ပြီးသတ်ရင်တောင် လွတ်လမ်းကိုရအောင်ရှာနိုင်တဲ့ကောင်မျိူး ။
ပြီးတော့ သူနဲ့အတူသွားမယ့်လူကလည်း ငါတို့နဲ့မတိမ်းမယိမ်းအဆင့်ရှိတယ်။။
ဒီတော့ သူတို့ကံမကောင်းရင် သေလုမျောပါးဖြစ်ရုံလောက်ပဲအဆော်ခံရမှာပါ.. “
အဖိုးစုက ရှောင်ယောင်ကိုမှာသလိုဖြင့် အဖိုးဟွမ်ကို ဖဲ့လိုက်သေးသည်။ ထို့နောက်မှ လေးနက်သည့်အသံဖြင့်ဆက်ပြောလိုက်သည် ။
“ မင်းစိတ်ထဲမှာ ဘာမှတွေးမနေဘဲ သိုင်းပညာကိုကြိုးစားလေ့ကျင့်ဟုတ်ပြီလား...။
ငါကတော့ အရင်ရက်ကလာသွားတဲ့လူအကြောင်းကိုစုံစမ်းရင်း သိုင်းလောကထဲဆင်းတော့မယ်။ နောက်နှစ်တွေမှာလည်း ဒီကိုပြန်လာနိုင်မှာမဟုတ်တော့ဘူး ။
မင်းဦးလေးစန်းကလည်း သိုင်းလောကထဲမှာပြန်ကျင်လည်နေပြီ။ မင်းလည်း သိုင်းလောကထဲမှာ ကျင်လည်လို့ရတဲ့အဆင့်ထိရောက်အောင် မြန်မြန်လေ့ကျင့်ထား...”
အဖိုးစုက ရှောင်းယောင်ကိုမှာနေရာမှ စန်းဟုန်းလျန်ကိုကြည့်ရင်း တစ်ခါထဲပြောလိုက်သည်။
“ ပြီးတော့ ဟုန်းလျန် မင်းလည်းဂရုစိုက်ဦး။ သိပ်မကြာခင်မှာ သိုင်းလောကကြီးဆူပွတ်တော့မယ်လို့ငါခံစားမိနေတယ်။
ဒီဆယ်နှစ်အတွင်းမှာ ဟိုကောင်တွေက သိုင်းမဟာမိတ်ဆိုတာကိုဖွဲ့ပြီး အနက်ရောင်သိုင်းလောကကိုဖိနှိပ်နေလို့ အနက်ရောင်သိုင်းသမားတွေက ပြန်ပြီးထကြွချင်နေကြပြီ။
တစ်ခါ အနက်ရောင်သိုင်းလောကရဲ့ ထိပ်တန်းဂိုဏ်းကြီးငါးခုကလည်း သိုင်းမဟာမိတ်လို အဖွဲ့သစ်တစ်ခုတည်ထောင်တော့မယ်လို့သတင်းရထားတယ်။။
အခုဆိုရင် သိုင်းပညာမြင့်မားတဲ့ အဆင့်လွန်ထိပ်သီးတွေ ၊ တစ်ကိုယ်တော်အနက်ရောင်သိုင်းသမားတွေကို စည်းရုံးနေတဲ့အပြင် ဝင်ချင်တဲ့လူတိုင်းကိုဝင်ခွင့်ပြုမယ်လို့ သိထားတယ်။
တကယ့်ကို အရှုပ်ထုပ်တွေပဲ။ ဒီကောင်တွေနှစ်ဖွဲ့ရဲ့တိုက်ပွဲကလည်း သေချာပေါက်ဖြစ်လာလိမ့်မယ်...”
အဖိုးစု၏သတိပေးစကားကြောင့် စန်းဟုန်းလျန်လည်း တည်ကြည်သည့်အမူအယာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
သူတို့၏စကားများကိုနားထောင်နေရင်း ဘေးဘက်ရှိရှောင်ယောင်ကလည်း တစ်ကိုယ်တည်းရေရွတ်လိုက်မိသည် ။
“ စိတ်ချပါ ကျနော်လည်း အဖိုးစုတို့ ဦးလေးစန်းတို့လို သိုင်းလောကထဲမှာ လက်မထောင်နိုင်တဲ့အဆင့်ထိရောက်အောင် လေ့ကျင့်ပါမယ်...”
သူ၏စကားထဲတွင် ပြင်းပြသည့်ဆန္ဒနှင့် မဆုတ်မနစ်သည့်ဇွဲတို့ပါဝင်လျက်ရှိသည် ။