ရှစ်နှစ်ခန့်ကြာပြီးနောက်
Vol. 1 Ch. 97
နွေမိုးဆောင်းအလီလီပြောင်းကာ အချိန်များက လျှင်မြန်စွာကုန်ဆုံးသွားတော့သည် ။
လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က ကျုံဟွာတောင်တိုက်ပွဲအပြီးတွင် ခရမ်းရောင်သွေးလဂိုဏ်း လုံးဝပျက်စီး၍ အနက်ရောင်သိုင်းလောကတစ်ခုလုံးအင်အားချိနဲ့ကာ အဖြူရောင်သိုင်းလောကသားများ များစွာအသာစီးရလာခဲ့သည် ။
ထိုအဖြစ်က ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း သိုင်းမဟာမိတ်လို အစွန်းရောက်အဖြူရောင်အဖွဲ့အစည်းပေါ်လာပြီး သိုင်းလောက၏အေးချမ်းမှုကို ထိမ်းသိမ်းမည်ဟုကြွေးကျော်ကာ အနက်ရောင်သိုင်းလောကသားများကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့ကြသည်။
ပထမဆယ့်နှစ်နှစ်အတွင်းက အပေါ်ယံအေးချမ်းနေသော်လည်း အတွင်းထဲတွင် ဖွဲမီးပမာလှိုက်စားပြီး တစ်ဘက်နှင့်တစ်ဘက် ရန်ငြိုးရန်စများပို၍ကြီးထွားလာခဲ့သည် ။
အဖြူရောင်အင်အားစုများ၏ဘက်မှကြည့်လျှင်လည်း နှင်းငွေ့မိစ္ဆာသခင်နှင့်ခရမ်းရောင်သွေးလဂိုဏ်းတို့ကြောင့် အမှောင်ခေတ်ကိုဖြတ်သန်းခဲ့ရပြီးဖြစ်၍ နောက်တစ်ကြိမ်ထိုသို့မဖြစ်စေရန်အနက်ရောင်သိုင်းသမားများကိုဖိနှိပ်နေခြင်းဖြစ်သည်။
သို့သော် မူလကပင် စည်းမရှိကမ်းမရှိစိတ်ထဲရှိသလိုလုပ်တတ်သည့်အနက်ရောင်သိုင်းလောကသားများက ထိုဖိနှိပ်မှုများကိုလက်မခံသည်က သေချာသလောက်ပင် ။
ဖိလွန်းလျှင်ကြွသည်ဟုဆိုသည့်စကားအတိုင်း သိုင်းမဟာမိတ်ကြောင့် အနက်ရောင်သိုင်းလောကသားများက မခံချင်စိတ်ဖြင့်ပေါင်းစည်းခဲ့ပြီး မိစ္ဆာဝိညာဉ်ဆိုသည့်အဖွဲ့သစ်တစ်ခုပင်ပေါ်လာခဲ့သည်။
အနက်ရောင်သိုင်လောက၏ထိပ်တန်းဂိုဏ်းကြီးငါးခုဦးဆောင်ဖွဲ့စည်းထားသည့်ထိုအဖွဲ့အစည်းက နောက်ပိုင်းရှစ်နှစ်အတွင်းအင်အားကြီးမားလာခဲ့ပြီးယခုလိုလျှင် သိုင်းမဟာမိတ်နှင့်ရင်ဘောင်တန်းနိုင်သည့်အင်အားစုကြီးတစ်ခုအဖြစ်သို့ပင်ရောက်ရှိလာပေသည်။
ရှောင်လင်ဦးဆောင်သည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းကား ထိုပဋိပက္ခကိုဝင်မပါဘဲ လက်ရှောင်နေခဲ့ကြသည် ။
ထို့ကြောင့် လက်ရှိသိုင်းလောက၌ အင်အားပြိုင်ဆိုင်နေသည်က အဖြူရောင်အင်အားစုဆယ်ခုကျောထောက်နောက်ခံပေးထားသည့်သိုင်းမဟာမိတ်နှင့် အနက်ရောင်ဂိုဏ်းကြီးငါးခုတို့၏ မိစ္ဆာဝိညာဉ်အဖွဲ့ဖြစ်သည်။
သူတို့က ပွင့်လင်းစွာတိုက်ခိုက်ခြင်းမရှိကြသေးသော်လည်း တွေ့သည့်နေရာတွင် ဦးသည့်ဘက်က ဆော်နေကြပြီဖြစ်သည်။
ကျုံဟွာတောင်တိုက်ပွဲ၏သက်ရောက်မှုကြောင့် အနက်ရောင်သိုင်းလောကသားများနှင့်အဖြူရောင်သိုင်းသမားများကလည်း တဇောင်းစေးနှင့်မျက်ချေးလို မျက်နှာချင်းဆိုင်၍ပင်မရတော့သည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် ကျုံဟွာတောင်တိုက်ပွဲကြီးဖြစ်ပွားသည်မှာ အနှစ်နှစ်ဆယ်ကြာပြီဖြစ်၍ အင်အားစုအသီးသီးက သူတိူ့၏ထိခိုက်မှုများကိုပြန်လည်ဖြည့်တင်းကာ မူလအခြေအနေသို့ရောက်ရှိနေကြလေပြီ။
ထို့ကြောင့်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကဲစမ်းမှုများကလည်း မကြာခဏရှိနေကြသေးသည်။
မငြိမ်မသက်ဖြစ်နေသည့်အခြေအနေများကြားတွင် သိုင်းလောကသူရဲကောင်းများပေါ်ထွက်လာတတ်သည်က ဓမ္မတာပင်ဖြစ်ပြီး ယခုနှစ်များအတွင်း သိုင်းလောက၏ပါရမီရှင်လူငယ်များ များစွာပေါ်ထွက်လာကြသည်။
အဖြူရောင်သိုင်းလောကရော အနက်ရောင်သိုင်းလောကပါမကျန်ပါဝင်သည့် သိုင်းလောက၏လွှမ်းမိုးသူများစာရင်းကိုလည်း စွန်းအိမ်တော်မှပြန်လည်ပြုစုခဲ့သည်။
ကျုံဟွာတောင်တိုက်ပွဲကိုအခြေခံ၍ပြုလုပ်ထားသည့် ထိုစာရင်းတွင် လက်ရှိသိုင်းလောကတွင်ကျင်လည်နေသူအများစုပါဝင်ပြီး ကျော်ကြားသည့်ဂိုဏ်းချုပ်များ ၊ ဇာတ်မြုပ်နေကြသူများ၊ သိုင်းလောကမှပျောက်ကွယ်သွားသူများကိုတော့ ထည့်သွင်းထားခြင်းမရှိပေ။
ဤသို့ဖြင့်ဧကရာဇ်နှစ်ပါး ၊ အရှင်သခင်သုံးယောက် ၊ နဂါးခုနစ်ကောင် ၊ သခင်ဆယ်ပါးနဲ့နတ်ဆိုးရှစ်ယောက်၊ လူငယ်ထိပ်သီးဆယ်ယောက်ဆိုသည့်စာရင်းတစ်ခုထွက်ပေါ်လာခဲ့ပေသည်။
သိုင်းလောက၏ထိပ်ဆုံး၌ရှိသည့် ဧကရာဇ်နှစ်ပါးမှာ ပထမဓားသခင်နှင့်နှင်းငွေ့မိစ္ဆာသခင်တို့မှလွဲ၍အခြားမဟုတ်ဘဲ ထိုနှစ်ယောက်အနက်တစ်ယောက်က သေဆုံးကာ ကျန်တစ်ယောက်က သိုင်းလောကမှဇာတ်မြုပ်သွားသော်လည်း သူတို့၏အမည်ကိုလေးစားသမှုဖြင့်ထည့်သွင်းထားခြင်းဖြစ်သည်။
အရှင်သခင်သုံးယောက်က သိုင်းဝိဇ္ဇာအဆင့်တွင်အစွမ်းအထက်ဆုံးဟုသက်မှတ်နိုင်သည့်လူသုံးယောက်ဖြစ်ပြီး တေလေဂိုဏ်းချုပ်စုတိချုံး၊ ဝူတန်းဂိုဏ်းချူပ်ကြီး ကျန်းဟုန်းချင် ၊ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်တို့ဖြစ်ကြသည်။
တေလေဂိုဏ်းချုပ်ကြီးနှင့် ဝူတန်းဂိုဏ်းချုပ်ကြီးတို့မှာ သိုင်းလောကထဲသို့မဆင်းကြတော့သော်လည်း သူတို့၏အမည်ကို လွှမ်းမိုးနိုင်သူများစာရင်းတွင်ထည့်သွင်းထားဆဲပင်။
ထို့အတူ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်သည်လည်းသိုင်းလောကမှအနားယူသွားပြီးဖြစ်သော်ငြား ကျုံဟွာတောင်တိုက်ပွဲတွင်ပြသခဲ့သည့် သူ၏စွမ်းရည်က တေလေဂိုဏ်းချုပ်ကြီးတို့နှင့်တတန်းထဲထားနိုင်ပေသည်။
ထို့နောက်မှစ၍ ကျန်စာရင်းရှိလူများမှာ လက်ရှိသိုင်းလောကတွင်ကျင်လည်နေသူများဖြစ်ပြီး နဂါးခုနစ်ကောင်ဆိုသည်က သိုင်းဝိဇ္ဇာအဆင့်သို့တက်ရောက်နိုင်ပြီး ယခုနှစ်များတွင်ကျော်ကြားလာသည့်ဒုတိယမျိုးဆက်များဖြစ်ကြသည်။
ပြီးခဲ့သည့်မျိုးဆက်တစ်ခုလုံးတွင် ကျော်ကြားသည့် ပါရမီရှင်လူငယ်အယောက်နှစ်ဆယ်ကျော်သုံးဆယ်ခန့်ရှိသော်လည်း ထိုစာရင်းဝင်နိုင်သူက ခုနစ်ယောက်သာရှိသဖြင့် သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိရန်မည်မျှခက်ခဲသည်ကိုသိရှိနိုင်သည်။
သခင်ဆယ်ပါးနှင့် နတ်ဆိုးရှစ်ယောက်ကား သိုင်းမဟာမိတ်ခေါင်းဆောင်ဆယ်ယောက်နှင့် မိစ္ဆာဝိညာဉ်ခေါင်းဆောင်ရှစ်ယောက်ကိုခေါ်ဆိုခြငိးဖြစ်သည်။
လူငယ်ထိပ်သီးဆယ်ယောက်စာရင်းကတော့ အသက်သုံးဆယ့်ငါးနှစ်အောက်မှအစွမ်းအထက်ဆုံးလူငယ်များကိုစာရင်းပြုစုထားခြင်းဖြစ်ပြီး အဖြူအနက်လူငယ်မျိူးဆက်အားလုံးပါဝင်ပေသည်။
စွန်းအိမ်တော်၏ထုတ်ပြန်မှုအရ ထိုစာရင်းရှိလူငယ်ဆယ်ယောက်က နောင်တစ်ချိန်တွင် သိုင်းဝိဇ္ဇာအဆင့်သို့သေချာပေါက်ရောက်ရှိမည်ဖြစ်ပြီး ယခင်မျိူးဆက်မှထိပ်တန်းလူငယ်များထက်ပင်သာလွန်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။
ထို့အတွက်ကြောင့် သိုင်းလောကတစ်ခုလုံးရှိလူငယ်များမှာ ထိုစာရင်းတွင်ပါဝင်နိုင်ရန်အပြင်းအထန်ကြိုးစားနေကြ၍ စာရင်းရှိနာမည်များမှာ မကြာခဏပြောင်းလဲနေသည်ဟုဆိုရမည်။
မည်သို့ပင်ဖြစ်စေ သိုင်းလောကမှတ်တမ်းကိုကိုင်ဆောင်သူလက်ရှိစွန်းအိမ်တော်သခင် စွန်းချမ့်အို ပြုလုပ်သည့်စာရင်းဖြစ်၍ သိုင်းလောက၏လွှမ်းမိုးသူများစာရင်းကိုအဖြူအနက်သိုင်းလောကသားများအားလုံး သဘောတူလက်ခံကြပေသည် ။
ဤသို့ဖြင့် သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်အဖွဲ့တို့အားပြိုင်မှုများ၊ အဖြူအနက်ပဋိပက္ခများ၊ ထိပ်တန်းအင်အားစုများ၏အကဲစမ်းမှုများနှင့် လူငယ်ထိပ်သီးဆယ်ယောက်နေရာအတွက်ပြိုင်ဆိုင်မှုများကြောင့် ယခုနှစ်များအတွင်း သိုင်းလောကတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်နေသည်ဟုဆိုရပေမည်။
ရှောင်လင်ကျောင်းအပါအဝင် ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းလောကအရေးများကိုဝင်မစွက်သော်လည်း သတိထား၍စောင့်ကြည့်နေကြပြီး သူတို့၏ပုံစံက ကိစ္စကြီးတစ်စုံတစ်ခုဖြစ်ပွားတော့မည့်အလားပင်။
အကြောင်းကိစ္စများစွာကြောင့် သိုင်းလောကတစ်ခုလုံးဆူပွတ်နေချိန်၌ ရှောင်လင်ကျောင်းတော်ရှိတာမောအဆောင်နောက်မှ မြေကွက်လပ်ထဲတွင် အသက်နှစ်ဆယ်ခန့်ရှိမည့်လူငယ်တစ်ယောက်သည်လည်း သိုင်းပညာအပြင်းအထန်လေ့ကျင့်လျက်ရှိပေသည်။
အပြာရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့် သူ၏ခန္တာကိုယ်က မြင့်မားကြံ့ခိုင်ပြီး ယောင်္ကျားပီသသည့်ကိုယ်ဟန်ရှိပေသည်။
ညီညာကျယ်ပြန့်သည့်နဖူး၊ ထူထဲသည့်မျက်ခုံးများအောက်ရှိ ကြည်လင်စူးရှသည့်မျက်ဝန်းအစုံ ၊ပေါ်လွင်သည့်နှာတံတို့က လူငယ်၏ရုပ်ရည်သွင်ပြင်ကိုချောမောခန့်ညားစေပြီး တင်းတင်းစေ့ထားသည့်နှုတ်ခမ်းနှင့် ခိုင်မာသည့်မေးရိုးတို့က အရေးကြုံလျှင် ဆုံးဖြတ်ချက်ပြက်သားမည့်လူမျိုးမှန်းသိသာစေမည်။
သူ၏ပြင်းထန်သည့်လက်သီးချက်များက လေကိုထိုးခွင်းနေပြီး နဂါးပျိုတစ်ကောင်ရေကစားနေသည့်သဖွယ် တက်ကြွကာအားမာန်ပြည့်ဝလှသည်။
ထိုလူငယ်ကား ရှောင်လင်ကျောင်းတွင် ဆယ်နှစ်မိုးသိုင်းပညာသင်ယူနေသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ပေ။
လွန်ခဲ့သည့်ရှစ်နှစ်က သူ၏သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ပြီးနောက်တွင် ရှောင်ရှောင်မှာ အပြင်အားလမ်းစဉ်ကိုသာမက အတွင်းအားလမ်းစဉ်ကိုပါလေ့ကျင့်ခဲ့သည်။
ပုံမှန်ဆိုလျှင် လမ်းစဉ်နှစ်ခုလေ့ကျင့်သူများမှာမည်သည့်နည်းနှင့်မှရှေ့ရောက်နိုင်မည်မဟုတ်သော်လည်း သွေးကြောမကြီးခြောက်ခုကိုဖွင့်လှစ်ထားသည့်ရှောင်ယောင်အတွက် ဖြေးဖြေးမှန်မှန်တိုးတက်ခဲ့လေသည်။
ရှောင်ယောင်အတွက်အားနည်းချက်တစ်ခုက သူ၏စမှတ်နောက်ကျနေခြင်းပင်ဖြစ်၏ ။
သိုင်းလောကအတွင်းရှိထိပ်တန်းအင်အားစုမှမျိုးဆက်သစ်များမှာ ငယ်စဉ်ကပင် ဆေးဝါးအမျိုးမျိူးမှီဝဲ၍ အသက်လေးငါးနှစ်ခန့်တွင်သိုင်းပညာစတင်သင်ကြားကြသော်လည်း ရှောင်ယောင်ကား အသက်ဆယ့်နှစ်နှစ်ကျော်မှသာ အတွင်းအားစတင်လေ့ကျင့်နိုင်ခဲ့သည်။
ထို့အပြင်လမ်းစဉ်နှစ်ခုလျှောက်သူဖြစ်၍ သူ၏လေ့ကျင့်မှုကသူများထက်နှစ်ဆခန့်နှေးကွေးသွားမည်ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် သွေးကြောမကြီးခြောက်ခုဖွင့်လှစ်ပြီးခြင်းကြောင့် ထိုအားနည်းချက်ကို ပြင်ဆင်နိူင်ခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်၌သူ၏လေ့ကျင့်မှုအမြန်နှုန်းက ပါရမီရှင်များနှင့်မနှိုင်းယှဉ်နိုင်သော်လည်း သာမန်လူတစ်ယောက်ထက်တော့သာလွန်နေသေးသည်။
ယခု ရှစ်နှစ်ခန့်လေ့ကျင့်ပြီးနောက်တွင် သူ၏အပြင်အားလမ်းစဉ်မှာ ထိုက်သင့်သလောက်ပေါက်မြောက်လာပြီးဖြစ်သလို အတွင်းအားလမ်းစဉ်တွင်လည်း ထိပ်တန်းသိုင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။
သူနှင့်သက်တူရွယ်တူများဖြစ်သည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ထိပ်တန်းလွန်သိုင်းသမားများဖြစ်နေကြပြီး အဆင့်လွန်ထိပ်သီးအဆင့်နှင့်အနည်းငယ်သာကွာဝေးတော့သည်။
သူတို့နှစ်ယောက်ကရှောင်လင်၏လူငယ်မျိုးဆက်တွင်အထူးချွန်ဆုံးလူများဟုဆိုနိုင်ပြီး သူတိူ့ထက်သာလွန်သူဟူ၍ လွန်ခဲ့သည့်ဆယ်နှစ်က တံခါးနီဆောင်ကိုဖြတ်ကျော်ကာ သိုင်းလောကတွင်ကျင်လည်နေသည့် ဆရာတော်ရွှမ်းစီးတစ်ယောက်သာရှိပေမည်။
သို့သော်လည်း သိုင်းပညာအဆင့်မြင့်သည့်ကြွယ်ယန်တို့နှစ်ယောက်က ရှောင်ယောင်ကိုနှစ်ယောက်ပေါင်းတိုက်လျှင်ပင်အနိုင်မယူနိုင်ကြပေ။
အကြောင်းက ရှောင်ယောင်၏လက်ရှိအဆင့်က ထိပ်တန်းအဆင့်သာဖြစ်သော်လည်းသူ၏အပြင်အားလမ်းစဉ်နှင့်ပေါင်းလိုက်ပါက အဆင့်လွန်ထိပ်သီးတစ်ဦးနှင့်ပင်ယှဉ်နိုင်၍ဖြစ်ပေသည်။
ထို့အပြင် ခံစစ်အားပြုသည့်သူ၏တိုက်ခိုက်ပုံကြောင့်လည်း ကြွယ်ယန်တို့နှစ်ယောက်မှာ ရှောင်ယောင့်ကိုတစ်ကြိမ်မှအနိုင်မယူနိုင်ခြင်းဖြစ်သည် ။
“ အစ်ကိုကြီး ငါတို့ ထပ်ပြီးတိုက်ခိုက်ရအောင်....”
တာမောဆောင်ဘက်ဆီမှ အော်ဟစ်သံနှင့်အတူ အဝါရောင်အရိပ်ကြီးတစ်ခုလွင့်လာ၍ ရှောင်ယောင်လည်းပြုံးလိုက်မိရင်း သူ၏လက်သီးကိုမြောက်၍ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။
“ ဝုန်း...”
ကျယ်လောင်သည့်မည်သံနှင့်အတူ အဝါရောင်အရိပ်ကြီးက နောက်ဘက်သို့ပြန်ဆုတ်ပေးလိုက်ရပြီး သူ၏နေရာမှတစ်လက်မမှမရွေ့သည့်ရှောင်ယောင်ကိုကြည့်ကာ မကျေမနပ်လေသံဖြင့်ပြောလိုက်သည်။
“ အခုထိ အစ်ကိုကြီးကို ထိတ်တိုက်အနိုင်မယူနိုင်သေးပါလား...”
ထိုလူရိပ်ကား အစအနောက်သန်သည့်ကိုရင်ကြွယ်ယန်မှလွဲ၍အခြားမဟုတ်ဘဲ အရွယ်ရောက်လာပြီဖြစ်သည့်လူငယ်တစ်ယောက်ဖြစ်လာသည့်တိုင် သူ၏ခန္တာကိုယ်က ဝိတ်ကျမလာသေးပေ။
ကြီးမားသည့်ခန္တာကိုယ်၊ အမြဲလိုလိုပြုံးရွှင်သည့်မျက်နှာထားတို့ရှိသည့် ကြွယ်ယန်ကား လူအများလေးစားရလောက်သည့်ဘုန်းတော်ကြီးတစ်ပါးနှင့်ဆင်တူလှသည်။
သို့သော်လည်း ကြွယ်ယန်ကတော့သူ့ကိုထိုသို့ပြောခြင်းအားမနှစ်သက်၍ မကြာခဏလူထွက်မည်ဟုကြွေးကျော်လေ့ရှိသူတစ်ဦးလည်းဖြစ်သည် ။
ကံမကောင်းစွာဖြင့်သူ၏သိုင်းပညာက အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိရန်အနည်းငယ်လိုအပ်နေသေးရာ တံခါးနီဆောင်ကိုဖြတ်ကျော်ရန်လည်းမဖြစ်နိုင်သေးဘဲ ယခုအချိန်ထိ တာမောဆောင်တွင်နေရဆဲပင်။
“ ကြွယ်ယန်. တတိယညီလေးကရော...”
ရှောင်ယောင်က ယခုအချိန်ထိ ကြွယ်စင်း၏အရိပ်အယောင်ကိုမမြင်သေး၍မေးလိုက်ခြင်းဖြစ်သည် ။
တာမောဆောင်၌ ဆယ်နှစ်ခန့်အတူတူနေပြီးနောက်တွင် သူတို့သုံးယောက်၏ဆက်ဆံရေးက ညီရင်းအစ်ကိုများထက်ပင်ရင်းနှီးလာခဲ့ကြသည်။
ထို့ကြောင့်လည်းငယ်စဉ်က အပြောင်အပျက်ပြုလုပ်ထားခဲ့ကြသည့် သွေးသောက်ညီအစ်ကိုနာမည်များကိုပင်ဆက်လက်ခေါ်ဝေါ်နေကြခြင်းဖြစ်၏ ။
ရှောင်ယောင်က တစ်စုံတစ်ခုကိုတွေးမိလိုက်၍မျက်မှောင်ကြုတ်ကာမေးလိုက်သည် ။
“ မဟုတ်မှလွဲရော မင်းသူ့ကိုအလုပ်မပြီးခင်ထားခဲ့တာတော့မဟုတ်ပါဘူးနော်...”