← Chapters

နှစ်ယောက်တစ်ယောက်

Vol. 1 Ch. 98

နှစ်ယောက်တစ်ယောက်

Vol. 1 Ch. 98

ရှောင်ယောင်၏သံသယဝင်နေသည့်ပုံစံကြောင့် ကြွယ်ယန်လည်း သူ၏ဦးခေါင်းကိုပွတ်ရင်းအလျှင်အမြန်ဖြေရှင်းလိုက်သည်။

“ မဟုတ်ပါဘူးအစ်ကိုကြီးရ ကြွယ်စင်းက အလုပ်လက်စသတ်ပြီးရင်လာတော့မှာပါ...”

ထိုသို့ပြောနေစဉ်မှာပင် တာမောဆောင်အနောက်တံခါးမှ ရေပုံးကြီးတစ်ပုံကိုဆွဲလာသည့်ဘုန်းကြီးပျိုတစ်ပါးထွက်လာပြီး ရှောင်ယောင်ကိုလက်ဝေ့ယမ်းပြလိုက်သည် ။

“ ခဏနေရင် ကျုပ်လာခဲ့မယ်အစ်ကိုကြီး...”

ရေပုံးထဲရှိရေနောက်များကို အဆောင်ဘေးတွင်သွန်ကာ ထိုဘုန်းကြီးက တာမောဆောင်ထဲသို့ပြန်ဝင်သွားတော့သည်။

ငယ်စဥ်ကပုံစံနှင့် ကွာခြားမှုမရှိသည့် ကြွယ်ယန်နှင့်ခြားနားစွာ ကြွယ်စင်းက ယောင်္ကျားပီသသည့်လူငယ်တစ်ဦးဖြစ်လာပေသည်။

သူ၏ရုပ်ရည်ကချောမောသည်ဟုမဆိုနိုင်သော်လည်း ကြည့်ကောင်းပြီး နေ့စဉ်သိုင်းပညာကြိုးစားလေ့ကျင့်နေမှုကြောင့် ကြံ့ခိုင်သည့်ခန္တာကိုယ်ကိုလည်းပိုင်ဆိုင်ထားသည်။

ရှောင်လင်၏လူငယ်မျိုးဆက်နှစ်ရာကျော်ထဲတွင် မည်မျှသိုင်းပညာလေ့ကျင့်ပါစေ ဝိတ်ကျမလာသည်က ကြွယ်ယန်တစ်ယောက်သာရှိပေမည်။

သူတို့နှစ်ယောက်၏အကျင့်စရိုက်များကတော့ ငယ်စဉ်ကအတိုင်းမပြောင်းမလဲတည်ရှိနေကြဆဲပင်။

ကြွယ်ယန်က အစအနောက်သန်ကာ ပျော်ပျော်နေဆဲဖြစ်သလို ကြွယ်စင်းကလည်း စကားနည်းပြီးအလုပ်ကြိုးစားသူတစ်ဦးဖြစ်နေဆဲပင်။

သူတို့၏စိတ်ရင်းများက ဖြူစင်ပြီး သဘောရိုးသာရှိကြ၍ ရှောင်ယောင်လည်း ထိုနှစ်ယောက်ကိုသူ၏ညီငယ်များလို ချစ်ခင်စောင့်ရှောက်ပေးနေခြင်းဖြစ်၏ ။

ယခုနှစ်များအတွင်း သူတိူ့အချိန်ဇယားမှာ ရိုးရှင်းပေသည်။

နံနက်ပိုင်းတွင် ဘုရားဝတ်တက်ခြင်း၊ နံနက်စာစားခြင်း စုပေါင်းရွတ်ဖတ်ခြင်းများလုပ်ဆောင်ပြီးနောက်တွင် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က တာမောဆောင်၏လုပ်ငန်းတာဝန်များကိုလုပ်ဆောင်နေရသည်။

ရှောင်ယောင်ကား နံနက်စာစားပြီးချိန်မှစ၍ မနက်ပိုင်းတစ်လျှောက်လုံးသိုင်းပညာလေ့ကျင့်နေပြီး သည်ကြားထဲတွင်သူ၏ဆရာရွှမ်းမင်ဆရာတော်နှင့် နေ့စဥ်လေးနာရီခန့်လေ့ကျင့်ပေသည်။

လေးနာရီဆိုသည့်အချိန်က နည်းပါးသည့်အချိန်ဟုဆိုနိုင်သော်လည်း ဆရာတော်ရွှမ်းမင်လို သိုင်းပညာရပ်များစွာနှံ့စပ်ကျွမ်းကျင်သည့် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်က အနီးကပ်သင်ပြပေး၍ ရှောင်ယောင်တစ်ယောက် အချိန်တိုအတွင်းများစွာတိုးတက်လာခြင်းဖြစ်ပေသည်။

ထို့နောက် ဆရာ‌တော်ရွှမ်းမင်ထွက်ခွာသွားပြီးချိန်၌ ရှောင်ယောင်တစ်ဦးထဲပြန်လည်လေ့ကျင့်ကာ ကြွယ်ယန်တို့အလုပ်တာဝန်များပြီးဆုံးမည့်အချိန်ကိုစောင့်နေခြင်းဖြစ်၏ ။

သူတို့သုံးယောက်က နေ့လည်စာမစားမီအချိန်တွင် အချင်းချင်းလက်ရည်စမ်းကြပြီး အမြဲလိုလိုရှောင်ယောင်ကအနိုင်ရသည်ဟုဖြစ်၏။

တစ်ခါတစ်ရံတွင် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်ကြသေးသည်။

သူတို့၏သိုင်းပညာက များစွာမကွာဟသော်လည်း ကြွယ်စင်းက အမြဲလိုလိုအရှုံးပေးသည်သာဖြစ်သည်။

မတူညီသည့်အရပ်ဒေသများ၊ ကွဲပြားသည့်မိသားစုနောက်ခံအသီးသီးမှရောက်လာကြသော်လည်း ညီရင်းအစ်ကိုများလိုရင်းနှီခင်မင်လှသည့်သူတို့သုံး‌ယောက်၏သံယောဇဉ်က မည်သည့်အချိန်တွင်မှပြောင်းလဲသွားမည်မဟုတ်ဘဲ တည်ရှိနေပေမည်။

ယခုလည်း ကြွယ်စင်းကအလုပ်များလက်စသတ်နေစဉ် ကြွယ်ယန်က ဦးစွာထွက်လာ၍ ရှောင်ယောင်ကို အလစ်ဝင်တိုက်ခြင်းဖြစ်၏ ။

ကံမကောင်းစွာဖြင့် ရှောင်ယောင်ကအမြဲလိုလိုသတိမပြက်ရှိနေသည့်အတွက် ကြွယ်ယန်တစ်ယောက် တစ်ကွက်ထဲဖြင့်နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။

“ ဟဲ ဟဲ...ဒီနေ့တော့ ကျုပ်တို့ သေချာပေါက်အနိုင်ရမှာပါ...”

ကြွယ်ယန်က သူ၏လက်ဝါးနှစ်ဖက်ကိုပွတ်သတ်ကာ ပဟေဠိဆန်သည့်ပုံစံဖြင့်ရယ်မောလိုက်၍ ရှောင်ယောင်လည်း ထိုကောင်နိုင်ကွက်တစ်စုံတစ်ခုရှိနေသည်ကို ရိပ်မိလိုက်သည်။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကရှောင်ယောင်ထက်သိုင်းအဆင့်မြင့်သော်လည်း အပြင်အားလမ်းစဉ်ရော အတွင်းအားလမ်းစဉ်ပါလျှောက်သည့်ရှောင်ယောင်က တိုက်ပွဲစွမ်းအားတွင် သူတို့ထက်များစွာသာလွန်သည်။

သူတို့အချင်းချင်းတိုက်ခိုက်တိုင်း ရှောင်ယောင်က နှစ်ယောက်တစ်ယောက်ယှဉ်ပြိုင်အနိုင်ယူနိုင်ခဲ့သည်။

ထို့ကြောင့်လည်း မခံချိမခံသာဖြစ်နေသည့် ကြွယ်ယန်ကအမြဲလိုလိုရှောင်ယောင်ကိုအနိုင်ယူနိုင်ရန်ကြံဆနေပေသည်။

“ ဟိုမှာ တတိယညီလေးလာပြီ...”

ရှောင်ယောင်က ကြွယ်ယန့်ကိုအရေးမလုပ်တော့ဘဲ အနောက်ဘက်တံခါးမှထွက်လာသည့်ကြွယ်စင်းကိုကြည့်လိုက်သည် ။

ကြည်လင်သည့်မျက်နှာထားနှင့်ကြင်နာတတ်ဟန်တူသည့်ကြွယ်စင်းမှာ အလုပ်တာဝန်တိုင်းကို မည်မျှပင်ပန်းသည်ဖြစစေ မညည်းမညူလုပ်ဆောင်တတ်သူတစ်ဦးလည်းဖြစ်၏။

သူ၏ပင်ကိုယ်ပါရမီက ကြွယ်ယန်ထက်နိမ့်ကျသည့်တိုင် ကြိုးစားမှုတစ်ခုထဲဖြင့် ကြွယ်ယန့်ကိုအမှီလိုက်ခဲ့ပြီး သူတိူ့နှစ်ယောက်ကား ရှောင်လင်၏လက်ရှိမျိုးဆက်တွင်ထိပ်ဆုံး၌ရှိနေသူများလည်းဖြစ်ကြသည်။

“ အစ်ကိုကြီး ကြွယ်ယန် စောင့်နေတာကြာသွားလား...”

ကြွယ်စင်းက သူ၏နဖူးမှချွေးစက်များကိုသုတ်ရင်းမေးလိုက်သည်။

တစ်မနက်လုံးအဆောင်တွင်းသန့်ရှင်းလေးလုပ်နေ၍ သူ၏သင်္ကန်းတွင် ရေစိုကွက်များရှိနေပြီး ခြေလက်ဆေးကြောလာသည့်တိုင် ဖုန်မှုန့်အချို့ရှိနေသေးသည်။

သူ၏စကားကြောင့် ရှောင်ယောင်လည်း အလုပ်မပြီးမီထွက်လာသည့်ကြွယ်ယန့်ကိုတစ်ချက်ကြည့်လိုက်မိသည်။

ရှောင်ယောင်၏အပြစ်တင်လိုသည့်အကြည့်ကိုရင်ဆိုင်ရ၍ ကြွယ်ယန်က လျှာထုတ်လိုက်ပြီး အလျှင်အမြန်ပြောလိုက်သည်။

“ လာလာ...ကြွယ်စင်း ဒီနေ့ မင်းနဲ့ငါနှစ်ယောက်ပေါင်းပြီး အစ်ကိုကြီးကိုအနိုင်ယူရအောင် ...”

ကြွယ်ယန်၏ တက်ကြွသည့်ပုံစံကြောင့် ကြွယ်စင်း၏မျက်ဝန်းများက အရောင်တစ်ချက်လက်သွားပြီး ခေါင်းညိမ့်ပြလိုက်သည်။

“ ကောင်းပြီ...”

စကားနည်းပြီးအလုပ်ကြိုးစားသည့်ကြွယ်စင်းသည်လည်း သိုင်းပညာနှင့်ပတ်သတ်လျှင်အရူးအမူးကြိုးစားတတ်ပြီး ထို‌နေရာတွင် ရှောင်ယောင်၏ဆရာ ဆရာတော်ရွှမ်းမင်နှင့်ပင်နှိုင်းယှဉ်နိုင်သည်။

သူ့ညီငယ်နှစ်ယောက်၏စိတ်အားထက်သန်သည့်အမူအယာကြောင့်ရှောင်ယောင်လည်း ပြုံးလိုက်မိသည်။

“ စကြတာပေါ့....”

ထို့နောက် သူတို့သုံးယောက်က လူချင်းခွဲလိုက်ကြပြီး ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ရှောင်ယောင်ကို ပူးပေါင်းတိုက်ခိုက်ကြမည်ဖြစ်သည်။

“ လာပြီဟေ့...”

အော်ဟစ်သတိပေးသံနှင့်အတူ ‌ကြွယ်ယန်၏ခန္တာကိုယ်ကြီးက ရှောင်ယောင်ဆီသို့လှစ်ခနဲခုန်ဝင်လာသည်။

ကြွယ်ယန်က သူ၏ဝဖိုင်သည့်ခန္တာကိုယ်နှင့်မလိုက်အောင် မြန်ဆန်စွာလှုပ်ရှားနိုင်ပြီး ရှောင်လင်လျှို့ဝှက်ခုနစ်ဆယ့်နှစ်မျိုးမှ နဂါးဖမ်းခြေလှမ်းကိုလေ့ကျင့်ထား၍ လှုပ်ရှားမှုများကလည်း ထိပ်တန်းအဆင့်ရှိသည် ။

သို့သော် သူ့ထက်ပို၍မြန်ဆန်သည်က ရှောင်ယောင်၏နောက်ဘက်သို့ရိပ်ခနဲ‌ရောက်လာသည့် ကြွယ်စင်းဖြစ်ပြီး သူလေ့ကျင့်အောင်မြင်ထားသည့် ရှုပ်ထွေးပြီးအစွမ်းထက်လှသောအရိပ်တစ်ရာခြေလှမ်းကြောင့် သူ၏ကိုယ်ဖော့ပညာက ကြွယ်ယန်ထက်ပင်သာလွန်နေသေးသည်။

သို့သော် ထိုအဖြစ်ကို ကြိုတင်ရိပ်စားမိနေသည့် ရှောင်ယောင်၏ခြေထောက်က ကြွယ်စင်းဆီသို့ဦးစွာဝင်ရောက်လာပေသည်။

လေဝှေ့ကန်ချက်‌ဆိုသည့်ခြေထောက်သိုင်းက ရှောင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးတွင် လေ့ကျင့်သူမရှိသလောက်ဖြစ်သော်လည်း ရှောင်ယောင်ကား သူ့ဆရာရွှမ်းမင်ဆရာတော်၏‌ညွှန်ကြားမှုကြောင့် အောင်မြင်အောင်လေ့ကျင့်ထားနိုင်ခဲ့သည်။

သာမန်သိုင်းလောကသားများတွင် ခြေထောက်သိုင်းကိုလေ့ကျင့်သူလွန်စွာနည်းပါးပြီး အဆင့်မြင့်သိုင်းသမားတို့၏တိုက်ပွဲတွင် ခြေထောက်သိုင်းက များစွာအထောက်အကူမပြုနိုင်၍ဖြစ်သည် ။

သို့သော်လည်း ရှောင်ယောင်လိုအပြင်အားလမ်းစဉ်ကိုပါလျှောက်သူတစ်ဦးအတွက် သူ၏တစ်ကိုယ်လုံးကိုလက်နက်အဖြစ်အသုံးပြုနိုင်ရန်ရည်ရွယ်ထားရ၍ ‌လက်သီး ၊ လက်ဝါးသိုင်းများသာမက ခြေထောက်နှင့်‌လက်ချောင်းသိုင်းများအထိ အမျိူးအစားလုံလင်အောင်လေ့ကျင့်ထားရသည်။

ရှောင်ယောင်၏ပါရမီကြောင့်လည်း ရှစ်နှစ်အတွင်း နောက်ထပ်သိုင်းပညာခြောက်မျိုးအထိအောင်မြင်အောင်လေ့ကျင့်နိုင်ခဲ့ပြီး မူလတတ်မြောက်ထားသည့် ရွှေခေါင်းလောင်းသိုင်းနှင့်သံမဏလက်သီးသိုင်းတို့ကိုထည့်တွက်ရသေးခြင်းမရှိပေ။

“ ဖောင်း...”

ကျယ်လောင်သည့်အသံနှင့်အတူ ရှောင်ယောင်ရော ကြွယ်စင်းပါနောက်ဆုတ်ပေးလိုက်ကြရ၏

ပထမဆုံးတိုက်ခိုက်မှုကို ရှောင်ယောင်က လက်ဦးမှုယူ၍တိုက်ခိုက်ခြင်းဖြစ်သော်လည်း ကြွယ်စင်းက မာကျောပြင်းထန်လှသည့် ပန်းလော့လက်ဝါးကိုအသုံးပြုကာခုခံလိုက်ခြင်းဖြစ်၍ နှစ်ဦးစလုံးပြိုင်တူဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။

ထိုစဉ် နောက်ဘက်မှ ပြင်းထန်သည့်လေခွင်းသံနှင့်အတူ ကြွယ်ယန်၏လက်သီးချက်က လှစ်ခနဲဝင်ရောက်လာတော့သည်။

“ မိုးဖြိုသံမဏိလက်သီး...”

မျက်နှာချင်းဆိုင် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းကို နှစ်သက်သည့် ကြွယ်ယန်က အားအင်ပြင်းထန်သည့်သိုင်းပညာအများစုကို လေ့ကျင့်ပြီး ယခုအသုံးပြုလိုက်သည့် မိုးဖြိုသံမဏိလက်သီးမှာလည်း ထိုအထဲမှတစ်ခုဖြစ်သည်။

ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ပူးပေါင်းတိုက်ခိုက်မှုက ပထမဆုံးအကြိမ်မဟုတ်ဘဲ လွန်စွာအကွက်စေ့လှသည်။

ယခုလည်း ကြွယ်စင်းနှင့်ထိတ်တိုက်တွေ့ဆုံပြီး နောက်သို့ဆုတ်ပေးလိုက်ရသည့်ရှောင်ယောင်ကို ကြွယ်ယန်က အဆင်သင့်ဆီးကြိုတိုက်ခိုက်လိုက်ခြင်းဖြစ်။

သူတို့၏ပူးပေါင်းမှုက သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးကိုပင် အခက်တွေ့သွားစေနိုင်သည့်တိုက်ခိုက်မှုမျိုးဖြစ်သည်။

သို့သော် သူတို့သုံးယောက်က နေ့တိုင်းလိုလို ယှဉ်ပြိုင်တိုက်ခိုက်နေကြ၍ ရှောင်ယောင်က ပြာယာခတ်ခြင်းမရှိဘဲ ခန္တာကိုယ်ကိုအနည်းငယ်လှည့်ကာ သူ၏လက်သီးဖြင့် ခံဆောင်ပေးလိုက်သည်

“ ဟားဟား... ငါလည်း မိုးဖြိုသံမဏိလက်သီးကိုတတ်ထားပါတယ်ကွ...”

ရှောင်ယောင်၏ရယ်မောသံအဆုံး၌ သူတို့၏လက်သီးများထိတ်တိုက်ဆုံတွေ့သွားပြီး ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်‌လာတော့သည်။

“ ဝုန်း..”

ရှောင်ယောင်လက်သီးပြင်းအားကြောင့် ကြွယ်ယန်မှာ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးမှအရှိန်ထိမ်းလိုက်နိုင်သည်။

သို့သော် ရှောင်ယောင်က ကြွယ်ယန့်ကို နားချိန်မပေးဘဲ အရိပ်တစ်ခုလိုကပ်လိုက်နေပြီး ပြင်းထန်အားကောင်းသည့်လက်သီးလျက်များဖြင့်ဆက်တိုက်တိုက်ခိုက်လိုက်သည်။

“ ဝုန်း.. ဝုန်း....”

ကျယ်‌လောက်သည့်ပေါက်ကွဲသံများအဆက်မပြက်ထွက်ပေါ်နေသလို သူတို့နှစ်ယောက်စလုံး၏ပတ်ဝန်းကျင်တွင် လက်သီးရိပ်များပြည့်နေသည်။

ရှောင်ယောင်၏အဆက်မပြက်တိုက်ကွက်များကိုခုခံကာကွယ်နေရင်း နောက်သို့တစ်ဆုတ်ထဲဆုတ်နေရ၍ ကြွယ်ယန်၏မျက်နှာထက်၌ မလိုလားသည့်အမူအယာတစ်ခုထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်။

“ အစ်ကိုကြီး မင်းက ညစ်တာ ဒါကိုငါ့အရင်သင်ထားမှတော့ ငါ့ထက်ပိုပြီးကျွမ်းတာပေါ့...”

သူတို့နှစ်ဦးစလုံးက တူညီသည့်သိုင်းပညာကိုအောင်မြင်ထားကြသော်လည်း ရှောင်ယောင်ကဦးစွာလေ့ကျင့်ထားသူဖြစ်၍ မိုးဖြိုသံမဏိလက်သီးကို ကြွယ်ယန်ထက်ပို၍ကျင်လည်စွာအသုံးပြုနိုင်ပေသည်။

ထိုစကားကိုကြား‌သော်လည်း ရှောင်ယောင်ကတိုက်ခိုက်နေခြင်းကိုရပ်တန့်ခြင်းမရှိဘဲ ပြောလိုက်သည်။

“ မင်းရဲ့ ပန်းလော့လက်ဝါးကိုထုတ်လိုက်လေ...”

All Chapters