ဝှက်ဖဲကိုယ်စီထုတ်သုံးပြီ
Vol. 1 Ch. 99
ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ရှောင်လင်၏ထိပ်တန်းလူငယ်မျိုးဆက်များပီသစွာ လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိူးမှ ငါးမျိုးစီအထိလေ့ကျင့်အောင်မြင်ထားကြပြီး အသစ်တစ်မျိူးစီထပ်မံလေ့ကျင့်နေကြသည် ။
ထိုအရည်အချင်းက ရှောင်လင်၏ပါရမီရှင်ဆိုသည့် ဆရာတော်ရွှမ်းစီးနှင့်ပင်များစွာကွာဟမှုမရှိပေ။
ထို့ကြောင့် ကြွယ်ယန်၏ မကျေမနပ်စကားကိုကြားသည်နှင့်ရှောင်ယောင်က ပြန်၍ချေပလိုက်ခြင်းဖြစ်သည်။
ထိုစဉ် ဘေးဘက်ဆီမှ လျှင်မြန်စွာတိုးဝင်လာသည့်အရိပ်တစ်ခုနှင့်အတူ ကြွယ်စင်း၏ စကားသံကိုပါကြားလိုက်ရသည်။
“ အစ်ကိုကြီး ကျုပ်ကို မေ့နေတာလား...”
ကြွယ်စင်း၏ စကားသံနှင့်အတူ လွန်စွာလျှင်မြန်လှသည့် လက်ချောင်းတိုက်ကွက်များက ရှောင်ယောင်ဆီသို့ ဝင်ရောက်နေပြီဖြစ်သည် ။
မိုးကြိုးငါးစင်းလက်ချောင်းဟုခေါ်ဆိုနိုင်သည့်ထိုပညာရပ်မှာ လျှင်မြန်ခြင်းကိုအထူးပြုထားပြီး တစ်ဖက်လူ၏ခန္တာကိုယ်သွေးကြောများကိုဦးတည်တိုက်ခိုက်ရသည့် ပန်းခူးလက်သိုင်းနှင့်ဆင်တူသည် ။
သို့သော် သူက ပန်းခူးလက်သိုင်းလောက်ရှုပ်ထွေးခြင်း ၊ကွက်ပြောင်းများစွာပါဝင်ခြင်းမရှိဘဲ လျှင်မြန်မှုကိုသာအထူးပြုထားသည်။
ထို့ကြောင့် မိုးကြိုးငါးစင်းလက်ချောင်းသိုင်းမှာ သံမဏိလက်ချောင်းတို့လို အခြားလက်ချောင်းသိုင်းများနှင့်စာလျှင် နိမ့်ကျသည့်အတွက်လေ့ကျင့်သူမရှိသော်လည်း ဆရာတော်ရွှမ်းမင်၏စကားအရဆိုလျှင် မိုးကြိုးငါးစင်းလက်ချောင်းသိုင်း၏အစွမ်းအပြည့်အစုံက လွန်စွာကြောက်မက်ဖွယ်ကောင်းသည်ဟုဆိုပေသည် ။
ကြွယ်စင်းထိုသိုင်းပညာကိုလေ့ကျင့်မည်ဟုပြောစဉ်က ရှောင်ယောင််တို့ပင်အံ့အားသင့်ရသေးသည်။
မည်သို့ပင်ဖြစ်စေ အနီးကပ်တိုက်ပွဲမျိုးတွင် မိုးကြိုးငါးစင်းလက်ချောင်းသိုင်းကလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်ကို ဝန်ခံရပေမည်။
ယခုလည်း ကြွယ်ယန့်ကို အသာစီးမှဖိနှိပ်တိုက်ခိုက်နေသည့် ရှောင်ယောင်ကိုအလုပ်ရှုပ်သွားစေခဲ့သည်။
ရှောင်ယောင်လည်း ကြွယ်စင်း၏ လျှင်မြန်သည့်လက်ချောင်းတိုက်ကွက်များကို မိုးဖြိုသံမဏိလက်သီးသိုင်းနှင့်ဆက်လက်မခုခံနိုင်တော့၍ သူ၏အဓိကသိုင်းပညာသုံးခုထဲမှတစ်ခုဖြစ်သည့် ရွှေခေါင်းလောင်းသိုင်းကိုထုတ်သုံးလာရတော့သည်။
ရှောင်လင်သံမဏိလက်သီးနှင့်ရွှေခေါင်းလောင်းသိုင်းတို့ကို လွန်ခဲ့သည့်ရှစ်နှစ်ကပင်သူအောင်မြင်ပြီးဖြစ်၍ ယခုအချိန်တွင် ကျွမ်းကျင်အဆင့်ထိပင်လေ့ကျင့်ထားနိုင်ကာ သူတတ်မြောက်ထားသည့်သိုင်းပညာများထဲတွင် ခုခံကာကွယ်ရာ၌ နံပါတ်တစ်ပညာရပ်လည်းဖြစ်သည်။
ရှောင်ယောင်၏သိုင်းကွက်များက ပြောင်းလဲသွားပြီး ရာနှင့်ချီသည့်လက်ဝါးရိပ်များထွက်ပေါ်လာရာ ကြွယ်စင်း၏လက်ချောင်းရိပ်များမှာ ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေမိသည်။
သို့တိုင် ကြွယ်စင်းက အလျော့မပေးဘဲ ပြင်းထန်အားကောင်းလှသည့်ပန်းလော့လက်ဝါးကို ပြောင်းလဲအသုံးပြု၍ ရှောင်ယောင်ကိုတိုက်ခိုက်လိုက်သည်။
တစ်ဖက်တွင် ကြွယ်စင်း၏ဝင်တိုက်မှုကြောင့် သက်သာရာရသွားသည့်ကြွယ်ယန်က သူ၏သင်္ကန်းလက်စနှစ်ဖက်ကိုပင့်ကာ ဒေါနှင့်မောနှင့်ပြောလိုက်သည်။
“ ကြွယ်စင်း ဒီခေါင်းလောင်းစုတ်ကြီးကို ငါတို့နှစ်ယောက်ပေါင်းပြီးခွဲရအောင်....”
ကြွယ်ယန်က ပါးစပ်မှကြုံးဝါးနေရုံတင်မဟုတ်ဘဲ တိုက်ပွဲအတွင်းသို့ခုန်ဝင်လာကာ ကြွယ်စင်းနှင့်ပူးပေါင်း၍ ရှောင်ယောင်ကိုဝိုင်းဝန်းတိုက်ခိုက်လိုက်သည်။
သူတို့တစ်ယောက်ချင်းစီက ထိပ်တန်းလွန်သိုင်းသမားများဖြစ်ကြသည့်အပြင် သူတို့တတ်မြောက်ထားသည့်ပညာရပ်များနှင့်ဆိုပါက သာမန်အဆင့်လွန်သိုင်းသမားတစ်ယောက်ကိုယှဉ်တိုက်နိုင်စွမ်းရှိသည်။
ယခု သူတို့နှစ်ယောက်ပေါင်းတိုက်ခိုက်မှုများက သာမန်အဆင့်လွန်ထိပ်သီးများကိုပင်အနိုင်ယူနိုင်စွမ်းရှိသည်အထိ ပြင်းထန်လှပြီး လေထဲတွင် တဝုန်းဝုန်းမည်ဟည်းနေပေသည်။
ကြွယ်ယန်ရော ကြွယ်စင်းပါ ပန်းလော့လက်ဝါးသိုင်းကိုအောင်မြင်ထားပြီးဖြစ်၍ သူတိူ့၏လက်ဝါးချက်များကလွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး ရှောင်ယောင်ကို ဘက်ပေါင်းစုံမှလှည့်ပတ်တိုက်ခိုက်နေသည်။
သို့သော် သူတို့မည်မျှတိုက်ခိုက်နေပါစေ ရှောင်ယောင်က နေရာတွင်ကျောက်ချသလိုရပ်နေကာ အရပ်ရှစ်မျက်နှာမှတိုက်ခိုက်မှုများကို ရွှေခေါင်းလောင်းသိုင်းဖြင့်ကာကွယ်နေသည်။
ရွှေခေါင်းလောင်းသိုင်းပညာက သိုင်းလောကတွင် မသိသူမရှိသလောက်ကျော်ကြားသည့်ရှောင်လင်၏ပညာရပ်တစ်ခုဖြစ်သလို သူ၏အစွမ်းကကျော်ကြားမှုနှင့်ထိုက်တန်လှသည်။
ယခုလည်း ရွှေခေါင်းလောင်းသိုင်းကို ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားနိုင်သည့်ရှောင်ယောင်၏ခံစစ်ကို ကြွယ်စင်းတို့နှစ်ယောက် မကျော်ဖြတ်နိုင်ကြဘဲ သူတို့၏အနီးတွင် လက်သီးရိပ်များ ၊ လက်ဝါးရိပ်များသာပြည့်နှက်နေတော့သည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ပန်းလော့လက်ဝါးကိုသာမကဘဲ သူတို့တတ်မြောက်ထားသည့်အခြားသိုင်းပညာရပ်များကိုပါ ထုတ်ဖော်အသုံးပြုနေသည့်တိုင် ရှောင်ယောင်၏အင်္ကျီစကိုပင် ထိအောင်မတိုက်နိုင်သေးပေ။
တစ်ဖက်တွင် ရှောင်ယောင်ကလည်း ငြိမ်သက်နေသည့်ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးကို တည်ငြိမ်စွာရပ်၍ ကျရောက်လာသည့်တိုက်ကွက်မှန်သမျှကို အေးဆေးစွာခုခံနေသည်။
သူတိူ့၏တိုက်ပွဲက သိုင်းကွက်နှစ်ရာကျော်ကိုပင်ရောက်ရှိလာပြီး ထိုအချိန်အထိ ရှောင်ယောင်၏ခံစစ်ကိုမထိုးဖောက်နိုင်သေးရာ နှစ်ဦးစလုံး စိတ်မရှည်ဖြစ်လာမိကြ၏။
“ အစ်ကိုကြီးက ရွှေခေါင်းလောင်းသိုင်းအားကိုးနဲ့ညစ်နေပြန်ပြီ...”
တိုက်ခိုက်ရင်း မကျေမနပ်ပုံစံဖြင့်ရေရွတ်လိုက်သည့် ကြွယ်ယန်၏စကားကို ကြွယ်စင်းက ခေါင်းညိမ့်ထောက်ခံလိုက်သည်။
အကြောင်းကား သူတို့သုံးဦးယှဉ်ပြိုင်မှုပြုတိုင်း အမြဲလိုလိုရှောင်ယောင်က ရွှေခေါင်းလောင်းသိုင်းကိုသုံး၍ ခုခံကာကွယ်ထားပြီး သူတို့ခြေကုန်လက်ပမ်းကျမှပြန်တိုက်ကာအနိုင်ယူခြင်းကြောင့်ဖြစ်သည်။
ထိပ်တန်းလွန်သိုင်းအဆင့်ရှိသည့်သူတိူ့၏အတွင်းအားများက ရှောင်ယောင်ထက် သာလွန်သော်လည်း ရှောင်ယောင်က အပြင်အားကိုပါလေ့ကျင့်ထားခြင်းဖြစ်ရာ သူတို့ထက်များစွာပို၍ခံနိုင်ရည်မြင့်မားပေသည်။။
ထို့ကြောင့် ယခုလည်း သူတို့၏တိုက်ကွက်များကို ရှောင်ယောင်က ပြန်လည်ရင်ဆိုင်ခြင်းမပြုဘဲ ခုခံခြင်းသာပြုနေပြီး သူတို့အတွင်းအားလျော့နည်းမည့်အချိန်ကိုစောင့်နေခြင်းဖြစ်သည်။
သူတို့၏မကျေနပ်မှုကိုသိရှိ၍ ရှောင်ယောင်ကလည်း ပြုံးစစဖြင့် နောက်ပြောင်လိုက်သည်။
“ မင်းတို့ငါ့ခံစစ်ကိုထိုးဖောက်နိုင်ရင် ငါအရှုံးပေးမယ်လေ...”
သူ၏စကားကြောင့် ကြွယ်ယန်၏မျက်လုံးများက ဝင်းလက်သွားပြီး သဘောကျစွာ ရယ်မောလိုက်သည်။
“ ကျုပ်က အစ်ကိုကြီးဆီက ဒီစကားကိုစောင့်နေတာ လာစမ်း..”
ကြွယ်ယန်က အော်ဟစ်မာန်သွင်းလိုက်ပြီး သူ၏သိုင်းကွက်များကိုပြောင်းလဲလိုက်သည်။
“ ဒါက ကျုပ်အသစ်အောင်မြင်ထားတဲ့မိုးကြိုးလက်သီးသိုင်းပဲ....”
ကြွယ်ယန်၏ဝင့်ကြွားသည့်စကားသံနှင့်အတူ လွန်စွာပြင်းထန်လှသည့်လက်သီးချက်များကရှောင်ယောင်ဆီသို့ဆက်တိုက်ဝင်ရောက်လာသည်။
“ ဝုန်း...ဝုန်း...”
လက်သီးနှင့်လက်ဝါးအချက်များစွာဆုံတွေ့သွားပြီး ကျယ်လောင်သည့်ပေါက်ကွဲသံများက အဆက်မပြက်ထွက်ပေါ်နေသည်။
မိုးကြိုးလက်သီးသိုင်းမှာ အတွင်းအားပြည့်ဝလျှင်ပြည့်ဝသလောက်အစွမ်းထက်သည့်သိုင်းပညာတစ်ရပ်ဖြစ်ပြီး ထိုပညာရပ်ကို ဆရာတော်ခုံးဝန်က ထူးဆန်းသည့်လူကြီးနှင့်တိုက်ပွဲတွင်အသုံးပြုခဲ့ပြီးဖြစ်သည် ။
ထိုတိုက်ပွဲတွင်ပြသခဲ့သည့် မိုးကြိုးလက်သီး၏စွမ်းရည်ကြောင့် ရှောင်လင်ဂိုဏ်းသားများအကြားတွင် အချိန်အတော်ကြာသည်အထိရေပန်းစားခဲ့သေးသည် ။
သိူ့သော်လည်း လေ့ကျင့်ရခက်ခဲခြင်းနှင့် အောင်မြင်သွားလျှင်ပင်အတွင်းအားပြည့်ဝမှအစွမ်းထက်လာမည်ဖြစ်၍ အများစုက အချိန်အနည်းငယ်လေ့ကျင့်ပြီးနောက်လက်လျော့သွားကြသည်။
မျှော်လင့်မထားဘဲ ငကြွားကြွယ်ယန်က မိုးကြုးလက်သီးသိုင်းကိုကြိတ်၍လေ့ကျင့်ထားပြီး ယခုလိုသူအောင်မြင်သည့်အချိန်မှ ရှောင်ယောင်ကိုအနိုင်ယူရန်ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။
“ ဟူး...ဝုန်း...”
လေခွင်းသံများ ၊ ပေါက်ကွဲသံများက အဆက်မပြက်ထွက်ပေါ်နေပြီး ရှောင်ယောင်လည်း ပထမဆုံးအကြိမ်အဖြစ် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။
ထိပ်တန်းလွန်သိုင်းအဆင့်သာရှိသေးသည့် ကြွယ်ယန်က ဆရာတော်ခုံးဝန်လိုအဆင့်မျိုးနှင့်လွန်စွာဝေးကွာသေးသော်လည်း မိုးကြိုးလက်သီး၏ ပြင်းထန်ကြမ်းတမ်း၍ ပေါက်ကွဲအားကောင်းသည့်သဘာဝကြောင့် ရှောင်ယောင်ပင်နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။
ထိုအဖြစ်ကြောင့် ဘေးဘက်ရှိကြွယ်စင်း၏မျက်လုံးများလည်းတောက်ပသွားသည် ။
ထို့နောက် ကြွယ်ယန်၏အဆက်မပြက်လက်သီးချက်များကို ခုခံနေသည့် ရှောင်ယောင်ဆီသို့ လျှင်မုန်စွာတိုးဝင်လာကာ တက်ကြွသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ကျုပ်လည်း ဒီရက်ပိုင်းကမှ သိုင်းပညာအသစ်တစ်ခုအောင်မြင်ထားသေးတယ်...”
ကြွယ်စင်း၏စကားသံနှင့်အတူ သူ၏လက်ဝါးချက်များက ရှောင်ယောင်ဆီသို့တိုးဝင်လာတော့သည်။
ကြွယ်စင်း၏လက်ဝါးချက်များက လွန်စွာလျှင်မြန်ခြင်းမရှိသလို ပြင်းထန်အားကောင်းခြင်းလည်းမရှိပေ။
သို့သော် လက်ဝါးချက်များကခန့်မှန်းရခက်ပြီး ထင်မှတ်မထားသည့်နေရာများမှဝင်ရောက်လာတတ်သလို ကြွယ်ယန်၏မိုးကြိူးလက်သီးချက်များကို သတိထားခုခံနေရသည့်ရှောင်ယောင်၏ဟာကွက်နေရာများကိုသာဝင်ရောက်လာခြင်းဖြစ်၏ ။
ထိုအဖြစ်ကြောင့် ရှောင်ယောင်၏အမူအယာက အံ့အားသင့်သွားဟန်တူပြီး လွှတ်ခနဲပြောလိုက်မိသည် ။
“ ဒါက လေထဲကလက်ဝါးသိုင်းမဟုတ်လား...”
ရှောင်ယောင်၏မေးခွန်းကို ခေါင်းညိမ့်ပြရင်း ကြွယ်စင်းက ယခင်ကထက်ပို၍ဖိဖိစီးစီးတိုက်ခိုက်လာသည်။
တစ်ဖက်တွင် ကြွယ်ယန်ကလည်း ကြွယ်စင်းသည်လည်း သူ့လိုသိုင်းပညာအသစ်တစ်ခုကိုအောင်မြင်ထားကြောင်းသိလိုက်ရ၍ ပျော်ရွှင်ဝမ်းမြောက်သွားပြီး လက်သီးချက်များအတွင်းသို့အတွင်းအားများစွာထည့်သွင်းကာ တက်ကြွစွာပြောလိုက်သည်။
“ ဟားဟား... ကောင်းတယ် ဒီတစ်ကြိမ်တော့ အစ်ကိုကြီးကိုသေချာပေါက်နိုင်ပြီပဲ...”
စင်စစ် ဆရာတော်ရွှမ်းနန်က သူတို့၏ဆရာဖြစ်သော်လည်း သိုင်းပညာသင်ကြားရာတွင် ဝင်မစွက်ဘဲ သူတို့သင်ကြားလိုသည့်ပညာရပ်များကိုလွတ်လပ်စွာရွေးချယ်စေခဲ့သည်။
ထို့နောက်မှ ဆရာတော်ရွှမ်းနန်က ထိုသိုင်းပညာ၏အားသာချက်အားနည်းချက်များကိုရှင်းပြကာ သင်ကြားပြသပေးခြင်းဖြစ်ပေသည်။
သူ၏သင်ကြားရေးပုံစံက ရှောင်ယောင်၏ ဆရာဆရာတော်ရွှမ်းမင်နှင့်မတူညီသော်လည်း ကြွယ်ယန်တို့နှစ်ယောက်မှာ သူ၏လက်အောက်၌ အခြားကိုရင်ဘုန်းကြီးများထက် လျှင်မြန်စွာတိုးတက်လာကြသည်သာဖြစ်သည် ။
ထို့ကြောင့် ကြွယ်ယန်တစ်ယောက် မိုးကြိုးလက်သီးသိုင်းကို ကြိတ်၍လေ့ကျင့်ထားသည်ကို သိရချိန်၌ ကြွယ်စင်းပါအံ့ဩသွားခြင်းဖြစ်ပြီး ကြွယ်စင်း လေထဲကလက်ဝါးသိုင်းအောင်မြင်ထားခြင်းကို ကြွယ်ယန်ကမသိရှိခြင်းဖြစ်သည် ။
သူတို့နှစ်ဦးက ပါးစပ်မှ စကားအဆက်မပြကပြောနေကြသလို တိုက်ကွက်များကလည်း ယခင်ကထက် သိသိသာသာ ပြင်းထန်လာကြသည်။
သူတို့၏ဝှက်ဖဲများကိုထုတ်သုံးရင် ရှောင်ယောင်ကို အသာစီးယူနေနိုင်ကာ မကြာမီအနိုင်ရတော့မည်ဆိုသည့်အသိကြောင့် ကြွယ်ယန်ရောကြွယ်စင်းပါ တက်ကြွနေကြခြင်းဖြစ်၏။
လက်ရှိအချိန်၌ ရှောင်ယောင်၏အခြေအနေက စတင်ဆိုးရွားနေပြီဖြစ်ပြီး ကြွယ်ယန်၏မုန်တိုင်းကျသလို ပြင်းထန်သည့်လက်သီးချက်များနှင့် ခန့်မှန်းရခက်သည့် ကြွယ်စင်းတို့၏လက်ဝါးချက်များကြောင့် အောက်စည်းသို့ရောက်ရှိနေပေသည်။
ရှစ်နှစ်လုံးလုံး အလုပ်ဖြစ်လာသည့်ရှောင်ယောင်၏နည်းဗျူဟာသည်လည်း ယခုတစ်ကြိမ်တွင် ပျက်စီးတော့မည်ဖြစ်ကာ သူ၏ရွှေခေါင်းလောင်းသိုင်းက ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏လိုက်ဖက်ညီသည့်သိုင်းပညာများကိုတားဆီးနိုင်ခြင်းမရှိတော့ပေ။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့က သူ့ကိုအနိုင်ယူရန်မည်မျှကြိုးစားနေကြကြောင်းသိလိုက်ရ၍ ရှောင်ယောင်၏စိတ်ထဲတွင် အံ့ဩမိသော်လည်း သူတို့၏တိုးတက်မှုအတွက်ပျော်ရွှင်စိတ်လည်းဖြစ်မိသည် ။
သို့သော် မကြာမီရှူံးနိမ့်တော့မည့်အခြေအနေသို့ရောက်ရှိနေသည့်တိုင် ရှောင်ယောင်၏မျက်နှာကတည်ငြိမ်နေဆဲဖြစ်ပြီး ပြုံး၍ပြောလိုက်သည်။
“ မင်းတို့က ငါ့ကိုဒီလောက်အထိအနိုင်ယူချင်နေကြတယ်ဆိုတော့လည်း ငါ့ရဲ့သံလက်သီးကိုမြည်းကြည့်လိုက်ကြပေါ့...”