← Chapters

နေ့စဉ်ဘဝဖြတ်သန်းမှု

Vol. 1 Ch. 100

နေ့စဉ်ဘဝဖြတ်သန်းမှု

Vol. 1 Ch. 100

တာမောဆောင်နှင့်ကပ်လျက်ဖြစ်သည့်အခန်းငယ်လေးတစ်ခုထဲတွင်

အသက်ငါးဆယ်ဝန်းကျင်ရှိမည့်ဆရာတော်နှစ်ပါးက ရှောင်ယောင်တို့ကြွယ်ယန်တို့နှစ်ယောက်၏တိုက်ခိုက်မှုများကို စူးစိုက်ကြည့်နေကြသည်။

ဝဲဘက်မှဆရာတော်က ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် တည်ငြိမ်သည့်မျက်နှာရှိကာ သူ့ကိုကြည့်မိသူတိုင်း အလိုလိုနေရင်းစိတ်အေးချမ်းမှုကိုခံစားရနိုင်သည်။

ကျန်တစ်ပါးက ကြံ့ခိုင်သန်မာသည့်ကိုယ်ဟန်ရှိပြီး တည်ငြိမ်လှသည့်အမူအယာဖြင့် ကြည်ညိုဖွယ်ကောင်းသည့်ဆရာတော်ဖြစ်သည်။

ထိုဆရာတော်နှစ်ပါးကား တာမောဆောင်နှင့် လော‌ဟန်ဆောင်တို့၏လက်ထောက်ကျောင်းထိုင်များဖြစ်ကြပြီး အချင်းချင်းလွန်စွာရင်းနှီးသည့်ဆက်ဆံရေးရှိကြသည့် ဆရာတော်ရွှမ်းနန်နှင့်ရွှမ်းမင်တို့ပင်ဖြစ်ကြသည်။

ရှောင်ယောင်တို့သုံးယောက်၏တိုက်ပွဲကိုကြည့်နေရင်းမှ ဆရာတော်ရွှမ်းမင်က ပြောလိုက်သည်။

“ မင်းရဲ့တပည့်တွေက တကယ်မဆိုးဘူး။ သူတို့က လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးထဲက ‌ငါးမျိုးစီအောင်မြင်ထားကြတဲ့အပြင် တိုက်ပွဲမှာ ကောင်းကောင်းပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိသေးတယ် ။

ဒီပုံစံအတိုင်းသာဆက်သွားရင် ရှောင်ယောင်ရဲ့ရွှေခေါင်းလောင်းသိုင်းကို သိုင်းဆယ်ကွက်အတွင်းချေဖျက်နိုင်လိမ့်မယ်...”

ဆရာတော်ရွှမ်းမင်၏ချီးကျူးစကားကြောင့် ဆရာတော်ရွှမ်းနန်လည်းအသာပြုံးလိုက်ပြီး တိုက်ပွဲကိုအကြည့်မလွှဲဘဲပြောလိုက်သည်။

“ မင်းလိုလူမျိုးဆီက အခုလိုချီးကျူးစကားကြားရတာ ဒီကောင်လေးတွေအတွက် စိတ်ချရပါပြီ။

ဒါပေမယ့် တိုက်ပွဲစွမ်းအားကျရင် ရှောင်ယောင်က အများကြသာလွန်နေတယ်မလား...”

ဆရာတော်ရွှမ်းနန်၏စကားကို မငြင်းဆန်ဘဲ ရွှမ်းမင်က ခေါင်းညိမ့်ပြလိုက်သည်။

“ မင်းတပည့်တွေကို သူနဲ့တော့သွားပြီးယှဉ်လို့မရဘူး။ ရှောင်ယောင်က အပြင်အားလမ်းစဉ်ရဲ့ ရွှေဝတ်ရုံလွှာကျင့်စဉ်မှာ အတော်ခရီးရောက်နေပြီ။

အခု သူ့ရဲ့အပြင်အားသီးသန့်နဲ့တင် ထိပ်တန်းအဆင့်သိုင်းသမားတွေနဲ့ကောင်းကောင်းယှဉ်တိုက်နိုင်ပြီး ။

ပြီးတော့သွေးကြောမကြီးခြောက်ခုဖွင့်ပြီးတာက သူ့ကိုအတော်အကျိုးရှိသွားစေခဲ့တယ် ။

ရှစ်နှစ်အတွင်းမှာအတွင်းအားလုံးဝမရှိတဲ့ဘဝကနေ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ဖြစ်လာတာ မင်းကြားဖူးလို့လား ။ ဆရာကြီးဟွမ်သင်ပေးခဲ့တဲ့ အတွင်းအားကျင့်စဉ်ရဲ့အစွမ်းကလည်း တစိတ်တပိုင်းပါဝင်နေတာပေါ့...”

ဆရာတော်ရွှမ်းမင်၏စကားဆုံး၌ ရွှမ်းနန်၏အမူအယာက ထူးထူးခြားခြားဖြစ်သွားပြီး အတန်ကြာအောင် ငြိမ်သက်နေပြီးမှပြောလိုက်သည်။

“ ငါသူ့ကို သိုင်းလောကထဲစေလွှတ်တော့မယ်...သူက အရွယ်ရောက်နေပြိဖြစ်သလို သိုင်း‌လောကအတွေ့အကြုံလည်းရသင့်နေပြီ။

သူ့ဘဝကို ဘယ်လိုဆက်ပြီးလျှောက်ရမယ်ဆိုတာကတော့ သူကိုယ်တိုင်ပဲဆုံးဖြတ်မှာပေါ့ ...”

ဆရာတော်ရွှမ်းနန်၏လေသံက ထူးခြားသည့်ခံစားမှုများပါဝင်နေပေသည်။။

ထိုစကားကြောင့် ဆရာတော်ရွှမ်းမင်မှာ အံ့အားသင့်သွားဟန်တူသော်လည်း ‌ဖြေးညင်းစွာခေါင်းညိမ့်ပြရင်းထောက်ခံလိုက်သည်။

“ ဒါလည်းဟုတ်ပါတယ် ။ အခုသူ့ရဲ့အဆင့်နဲ့ဆိုရင် သာမန်အဆင့်လွန်ထိပ်သီးတွေကိုတောင်ကောင်းကောင်းအနိုင်ယူနိုင်နေပြီပဲ။

ဒါပေမယ့် သူသိုင်းလောကထဲကို ဆင်းခွင့်ရဖို့က ငါ့ရဲ့စစ်ဆေးမှုကိုတော့အောင်မြင်မှရမယ်...ငါ့ရဲ့တစ်ဦးတည်းသောတပည့်က သိုင်းလောကထဲက လူငယ်မျိူးဆက်ပါရမီရှင်တွေထက်မနိမ့်ကျနေစေရဘူး ... “

ဆရာတော်ရွှမ်းမင်၏လေသံက တည်ငြိမ်နေပြီး သူ၏မျက်လုံးများက တလက်လက်တောက်ပလျက်ရှိသည်။

&&&

တိုက်ပွဲအတွင်း၌ကြွယ်ယန်၏ မိုးကြိူးလက်သီးနှင့် ကြွယ်စင်း၏ လေထဲကလက်ဝါးသိုင်းတို့က လိုက်ဖက်ညီစွာပူးပေါင်းတိုက်ခိုက်နေကြ၍ ရှောင်ယောင်မှာ အသဲအသန်ခုခံကာကွယ်နေရသည်။

ယခုပုံစံအတိုင်းဆက်သွားပါက သူ၏ရွှေခေါင်းလောင်းအကာအကွယ်ပင်ပျက်စီးသွားတော့မည်ဖြစ်ပြီးထိုအချက်ကိုရိပ်စာမိ၍ ရှောင်ယောင်လည်း အော်ဟစ်မာန်သွင်းကာပြောလိုက်သည်။

“ ရှောင်လင်သံမဏိလက်သီး...”

ရှောင်ယောင်က ရွှေခေါင်းလောင်းသိုင်းကိုဆက်လက်အသုံးမပြုတော့ဘဲ နောက်သို့ရိပ်ခနဲခုန်ဆုတ်လိုက်ပြီး တစ်ဖန် ရှေ့သို့တရှိန်ထိုးပြေးဝင်သွားသည်။

လျှင်မြန်သွက်လက်လှသည့်သူ၏တိုက်ကွက်အကူးအပြောင်းကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းရင်ထိတ်သွားပြီး သူတို့ဆီသို့တရှိန်ထိုးပြေးဝင်လာသည့်ရှောင်ယောင်ကို ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။

သို့သော် ရှောင်ယောင်၏ခန္တာကိုယ်က ဘေးဘက်ဘယ်ညာသို့ ယိမ်းယိုင်သွားပြီး သူတို့၏တိုက်ကွက်များကိုထူးဆန်းသည့်ကိုယ်ဟန်ဖြင့်ရှောင်တိမ်းလိုက်နိုင်သည်။

အရက်မူးခြေလှမ်းသိုင်း သို့မဟုတ် မသေမျိုးနတ်သား၏အရက်မူးရှစ်ကွက် တေလေဂိုဏ်း၏မူပိုင်သိုင်းပညာများထဲမှတစ်ခုဖြစ်ပြီး အဆင့်တူများ၏တိုက်ခိုက်မှုများကို တစ်ချန်လုံးအသာအယာရှောင်တိမ်းနေနိုင်သည်အထိ အစွမ်းထက်လှ၏။

အကယ်၍ ရှောင်ယောင်သာ အရက်မူးခြေလှမ်းကို တိုက်ပွဲအစကအသုံးပြုထားပါက ရွှေခေါင်းလောင်းသိုင်းကိုပင်ထုတ်သုံးစရာမလိုဘဲကြွယ်ယန်တိူ့၏တိုက်ခိုက်မှုများကိုမထိခိုက်ဘဲရှောင်တိမ်းနေနိုင်ပေသည်။

ယခု ရှောင်ယောင်က ထိုသိုင်းပညာကိုရုတ်တရက်အသုံးပြုလာသည့်အတွက် ကြွယ်ယန်ရော ကြွယ်စင်းပါအချိန်မီမတုန့်ပြန်နိုင်ကြတော့ဘဲ သူတို့၏တိုက်ကွက်များကြားမှ ရှောင်ယောင်ကျော်ဖြတ်လာသည်ကိုကြည့်နေရတော့သည်။

အနီးကပ်တိုက်ပွဲများတွင် အပြင်အားလမ်းစဉ်လျှောက်သူ များနှင့် ခန္တာကိုယ်ကျင့်ကြံသူများကလွန်စွာကြောက်မက်ဖွယ်ကောင်းကြပြီး ယခုလည်း ရှောင်ယောင်က မျက်စေ့တမှိတ်အချိန်အတွင်း ကြွယ်ယန့်ကိုနှစ်ချက်တိတိဆင့်ကန်လိုက်ကာ ကြွယ်စင်းကိုလည်းတစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။

“ ဖောင်း.. ဖောင်း...”

“ ဝုန်း...”

လူရိပ်သုံးခုကပူးကပ်သွားကြပြီး ဦးစွာလွင့်စင်လာသူက ကြွယ်ယန်၏ဝဝဖိုင်ဖိုင့်ခန္တာကိုယ်ကြီးပင်ဖြစ်သည်။

လျှင်မြန်ဖျက်လက်၍ သတိကြီးလှသည့်ကြွယ်စင်းက ရှောင်ယောင်၏ပထမတိုက်ကွက်ကို အရိပ်တစ်ရာခြေလှမ်းဖြင့်ရှောင်တိမ်းလိုက်နိုင်သော်လည်း လူချင်းနီးကပ်လှသည့်အချိန်မျိုးတွင် ဒုတိယသိုင်းကွက်ကိုရှောင်တိမ်းနိုင်ခြင်းကားမရှိတော့ပေ။

“ ဝုန်း...”

ရှောင်ယောင်၏ လက်သီးက သူ၏ပခုံးစွန်းကို ထိုးမိသွားပြီး ကြွယ်စင်း၏ခန္တာကိုယ်သည်လည်းအလားတူ လွင့်စင်သွားလေသည်။

သို့သော် သူကိုယ်တိုင်က ကိုယ်ဖော့ပညာကောင်းမွန်လှပြီး ရှောင်ယောင်၏တိုက်ကွက်ကလည်း အားအင်များစွာထည့်သွင်းမထားရာ ကြွယ်ယန်က ပုံပျက်ပန်းပျက်လွင့်မသွားဘဲ အသာကိုယ်ရှိန်သက်ကာ ဆင်းလိုက်နိုင်သည်။

သို့‌သော် သူ၏အမူအယာကအနည်းငယ်မှိုင်တွေနေပြီးမှ သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ အစ်ကိုကြီးကို ကျုပ်တို့ရှုံးသွားပြန်ပြီ...”

ကြွယ်စင်း၏လေသံက အံ့အားသင့်ခြင်းနှင့်မယုံကြည်နိုင်ခြင်းတို့ပါဝင်နေပြီး သူနှင့်ကြွယ်ယန်တို့ အစွမ်းကုန်သုံးကာ ပူးပေါင်းတိုက်ခိုက်သည့်တိုင် ရှောင်ယောင်က အလွယ်တကူအနိုင်ယူသွားသည်အား လက်ခံရခက်နေမိ၏။

ယခင်အကြိမ်များတွင် သူတို့ရှုံးနိမ့်ရခြင်းမှာ ရှောင်ယောင်က ရွှေခေါင်းလောင်းသိုင်းဖြင့်တစ်ချိန်လုံးခုခံကာ သူတို့နှစ်ယောက်အတွင်းအားနည်းပါးလာမှပြန်အနိုင်ယူခြင်းကြောင့်ဖြစ်သည်။

ယခုတစ်ကြိမ်၌ ရှောင်ယောင်၏ ရွှေခေါင်းလောင်းအကာအကွယ်ကို ချေဖျက်နိုင်သည့်အခါ အနိုင်ရတော့မည်ဟုတွေးခဲ့မိကြသော်လည်း ရှောင်ယောင်၏သိုင်းပညာက သူတို့မျှော်လင့်ထားသည်ထက်ပင်အစွမ်းထက်လွန်းနေသည်။

ဤသည်က ရှောင်ယောင်ကို ဒေါသထွက်ခြင်းမဟုတ်ဘဲ သူ၏သိုင်းပညာနိမ့်ကျနေသေးသည်ကိုစိတ်ပျက်မိခြင်းဖြစ်ပေသည်။

ကြွယ်စင်း၏စိတ်ဓာတ်ကျနေသည့်အဖြစ်ကို ရိပ်စားမိလိုက်၍ ရှောင်ယောင်က သူ၏ပခုံးကိုပုတ်ကာနှစ်သိမ့်လိုက်သည်။

“ ဟားဟား...စိတ်ဓာတ်မကျပါနဲ့ ငါလည်းအစွမ်းကုန်သုံးခဲ့ရတာပါ။ အရက်မူးခြေသိုင်းကြောင့်သာမဟုတ်ရင်အခုလိုမျိုးအငိုက်ဖမ်းပြီးအနိုင်ယူနိုင်မှာမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်ပါ ငါပြောခဲ့သလိုပဲ ရွှေခေါင်းလောင်းသိုင်းကို ချေဖျက်နိုင်ပြီဆိုတော့ မင်းတို့နှစ်ယောက်အနိုင်ရသွားပါပြီ.. “

ရှောင်ယောင်၏စကားအဆုံး၌ လဲကျနေသည့် ကြွယ်ယန်က ရိပ်ခနဲခုန်ထလာပြီး အလျှင်အမြန်ပြောလိုက်သည်။

“ ဟားဟား..အစ်ကိုကြီးရဲ့စကားကို ပြန်ရုတ်သိမ်းလို့မရဘူးနော် ။ ဒီတစ်ခါကျုပ်တို့အနိုင်ယူနိုင်ပြီ...”

ကြွယ်ယန်က ရှောင်ယောင်၏ လေဝှေ့ကန်ချက်နှစ်ချက်ကိုတည့်မက်စွာထိမှန်သွားသော်လည်း အတွင်းအားများစွာထည့်သွင်းမထား၍ ရင်ဘက်အနည်းငယ်အောင့်သွားသည်မှအပ ဘာမှမဖြစ်ပေ။

သို့‌သော် လေကြီးမိုးကြီးပြောပြီးမှ ရှောင်ယောင်ကိုရှုံးနိမ့်ရသည့်အတွက် အနည်းငယ်မရှက်ရွံ့နေ၍ လဲကျနေရာမှမထဘဲ ဆက်အိပ်နေခြင်းဖြစ်၏ ။

ယခု ရှောင်ယောင်က ကြွယ်စင်းကိုနှစ်သိမ့်နေစဉ် သူကအခွင့်ကောင်းယူကာ ခုန်ထလာပြီး စကားဖြင့်အနိုင်ယူလိုက်ခြင်းဖြစ်ပေသည်။

ရှေ့ဘက်တွင် ရှောင်ယောင်၏ခြေထောက်ရာကြီးနှစ်ခုထင်နေလျက် ဖုန်များပေလူးနေသည့်ကြားမှ ပြုံးရွှင်နေသည့်ကြွယ်ယန်၏ပုံစံကိုကြည့်၍ ရှောင်ယောင်တို့နှစ်ဦးလည်း မနေနိုင်ဘဲ ရယ်မောလိုက်မိကြ၏ ။

ဤသို့ဖြင့် ကြွယ်စင်းသည်လည်း သူ၏စိတ်ထဲမှ စိတ်ပျက်မှုများမည်သည့်နေရာသို့လွင့်စင်သွားတော့မှန်းပင်မသိလိုက်တော့ပေ။

ဤသို့ဖြင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း တစ်ဦးချင်းယှဉ်ပြိုင်လိုက်ကြပြီး ယခုတစ်ကြိမ်၌ ရှောင်ယောင်ကဘေးမှပွဲကြည့်သမားဖြစ်ပေသည်။

ကြွယ်ယန်က ထိတ်တိုက်ရင်ဆိုင်အနိုင်ယူရခြင်းကို နှစ်သက်၍ အားအင်ပြင်းထန်သည့်သိုင်းပညာများကိုသာလေ့ကျင့်ထားပြီး ကြွယ်စင်းကား တိုက်ခိုက်ခြင်းနှင့်ခုခံခြင်းအလေးပေးသည့် သိုင်းပညာများကိုသာမက အရိပ်တစ်ရာခြေလှမ်းလို အရှောင်အတိမ်းကိုယ်ဖော့ပညာနှင့် လက်နက်ပုန်းပညာဖြစ်သည့် ပန်းညှပ်လက်ချောင်းကိုပါလေ့ကျင့်ထားသေးသည်။

သူတိူ့၏သိုင်းပညာများကို ခြုံ၍သုံးသပ်ရပါက ကြွယ်ယန်မှာ တိုက်စစ်အားသန်သည့်လူတစ်ယောက်ဖြစ်ပြီး ကြွယ်စင်းကား သိုင်းပညာရပ်အမျိုးစုံအောင်လေ့ကျင့်ထားသည့်ပြီးပြည့်စုံသူတစ်ဦးလည်းဖြစ်ပေသည်။

သို့‌သော် ကြွယ်စင်းက သူ၏စရိုက်အတိုင်း သိုင်းကွက်ရာပေါင်းများစွာယှဥ်ပြိုင်ပြီးနောက် ရှုံးနိမ့်သည်ဟုဝန်ခံလာခဲ့သည် ။

အကယ်၍ အစစ်အမှန်တိုက်ပွဲသာဆိုပါက ကြွယ်စင်းက သေချာပေါက်အနိုင်ယူနိုင်မည်ကို ဘေးမှကြည့်နေသည့်ရှောက်‌ယောင်က ရှင်းလင်းစွာသိရှိနေပေသည်။

ထို့နောက် နေ့လည်စာစားချိန်လည်း နီးကပ်လာပြီဖြစ်၍ သူတို့သုံးယောက်က မြေကွပ်လပ်အစပ်ရှိသစ်ပင်ကြီး၏အရိပ်အောင်တွင်ထိုင်ကာ ထွေရာလေးပါး‌ပြောဆိုလျှက်ရှိသည် ။

အထူးသဖြင့် စကားများသည့်ကြွယ်ယန်က ဒိုင်ခံပြောသမားဖြစ်ကာ ကျောင်းဝန်းထဲရှိမည်သည့်ဘုန်းကြီးသိုင်းပညာအသစ်အောင်မြင်သည်မှအစ ကိုရင်ငယ်များအချင်းချင်းရန်ဖြစ်သည်အဆုံး သူသ်ိနေပေသည် ။။

စကားနည်းပြီးတိတ်ဆိတ်သည့်ကြွယ်စင်းနှင့် အချိန်ရှိသရွေ့သိုင်းပညာလေ့ကျင့်နေသည့်ရှောင်ယောင်တို့ကားနားထောင်သမားသက်သက်သာဖြစ်သည်။

ဤသည်က သူတို့၏နေ့စဉ် ဘဝဖြတ်သန်းမှုဖြစ်ကာ နေ့လည်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်ပြီးချိန်၌ ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ဆရာတော်ရွှမ်းနန်ဆီမှသိုင်းပညာသင်ယူမည်ဖြစ်ပြီး ရှောင်ယောင်ကား တစ်ဦးထဲပြန်၍လေ့ကျင့်မည်ဖြစ်ပေသည်။

သူတို့၏ဘဝက ရိုးစင်းသော်လည်း ညည်းငွေ့စရာမကောင်းဘဲ ကျေနပ်စရာကောင်းသည့်နေထိုင်မှုပုံစံပင်ဖြစ်ပေတော့သည် ။

All Chapters