← Chapters

ရိုးစင်းသည့်ပင်ကိုယ်စိတ်ထား

Vol. 1 Ch. 101

ရိုးစင်းသည့်ပင်ကိုယ်စိတ်ထား

Vol. 1 Ch. 101

ရှောင်ယောင်တို့သုံး‌ယောက်မှာ ထွေရာလေးပါးပြောဆိုရင်းမှ သိုင်းပညာအကြောင်းကို စကားရောက်သွားကြသည် ။

ထိုအခါ ကြွယ်စင်းက ရှောင်ယောင်ကိုသိလိုစိတ်ပြင်းပြသည့်ပုံစံဖြင့်မေးလိုက်သည်။

“ အစ်ကိုကြီး စောစောက ကျုပ်တို့တိုက်ကွက်တွေကိုရှောင်တိမ်းပြီး အနီးကိုချက်ခြင်းရောက်လာတာ ဘာခြေလှမ်းသိုင်းလဲ။

ကျုပ်ရဲ့အရိပ်တစ်ရာခြေလှမ်းက ရှုပ်ထွေးဆန်းပြားပြီး အစွမ်းထက်ပေမယ့်အခုလိုမလုပ်နိုင်ဘူး...”

ကြွယ်စင်း၏မေးခွန်းကိုကြားမှ ကြွယ်ယန်ကလည်း ခေါင်းညိမ့်ပြီး ဝင်မေးလိုက်သည်။

“ ဟုတ်တယ်အစ်ကိုကြီး အဲဒီတုန်းက ကျုပ်နဲ့ ကြွယ်စင်းတို့ တိုက်ကွက်တွေဆက်တိုက်တိုက်ခိုက်တာတောင် အစ်ကိုကြီးကို လုံးဝမတိုက်နိုင်ခဲ့ဘူး...”

သူတို့နှစ်ယောက်၏ စိတ်ဝင်တစားအမူအယာများကြောင့် ရှောင်ယောင်လည်းပြုံးလိုက်မိပြီး ဖြေးညင်းစွာရှင်းပြလိုက်သည်။

“ ဒါက အဖိုးစုသင်ပေးတဲ့ အရက်မူးခြေလှမ်းသိုင်းပဲ‌လေ ။ ခြေကွက်တွေကိုတင်အခြေခံတာမဟုတ်ဘဲနဲ့ ထူးခြားတဲ့လှုပ်ရှားမှုပုံစံတွေရောပါလို့ မင်းတို့တိုက်ကွက်တွေကိုအလွယ်တကူရှောင်တိမ်းနိုင်တာပဲ။

ပြီးတော့ ဒီသိုင်းကို ငါတတ်ထားတာ ငယ်ငယ်ထဲကလေ ဒါကြောင့်ကျွမ်းကျင်အဆင့်ထိရောက်ပြီး အခုလိုထိထိရောက်ရောက်သုံးနိုင်တာ။

ပြီးတော့ တတိယညီလေးကလည်း မင်းတတ်ထားတဲ့အရိပ်တစ်ရာခြေလှမ်းကိုသာ ကျွမ်းကျင်အဆင့်ထိရောက်သွားရင် ငါ့ထက်မနိမ့်ပါဘူး...”

ကြွယ်စင်းကိုအားပေးစကားပြောဆိုရင်း ရှင်းပြလိုက်သည့်ရှောင်ယောင်၏စကားကြောင့် သူတို့နှစ်ဦး၏စိတ်ထဲမှသံသယများရှင်းလင်းသွားကြသည် ။

“ ဒီခြေလှမ်းသိုင်းပဲကိုး ဒါပေမယ့် အစ်ကိုကြီးလေ့ကျင့်နေတုန်းကပုံစံကိုကြည့်ရတာ ဒီလောက်အထိအစွမ်းမထက်သလိုပဲ တိုက်ပွဲထဲကျ တကယ့်ကိုကြောက်စရာကောင်းတဲ့လှုပ်ရှားမှူသိုင်းပဲ..”

ကြွယ်စင်းက ခေါင်းညိမ့်ပြရင်းပြောလိုက်သည်။

ယခင်က ရှောင်ယောင် ထိုခြေလှမ်းသိုင်းလေ့ကျင့်နေသည်ကို သူတို့အကြိမ်များစွာမြင်ဖူးသော်ငြားယခုလိုအစွမ်းထက်နေမည်ဟု ထင်မှတ်မထားမိပေ။

ဘေးဘက်ရှိ ကြွယ်ယန်ကလည်းအလားတူခေါင်းညိမ့်ရင်း မကျေနပ်သည့်လေသံဖြင့် ကြွယ်စင်းကို ပြောလိုက်သည်။

“ မင်းကမှ အရိပ်တစ်ရာခြေလှမ်းနဲ့ မနိုင်ရင်ရှောင်တိမ်းထွက်ပြေးလို့ရသေးတယ် ငါ့နဂါးဖမ်းခြေလှမ်းဆို တိုက်ခိုက်တဲ့နေရာမှာပဲအသုံးကျတော့ မနိုင်ရင်တောင်ထွက်ပြေးဖို့မလွယ်ဘူး...”

ကြွယ်ယန်၏ရှုံ့မဲ့နေသည့်အမူအယာကိုကြည့်၍ သူတို့နှစ်ဦးစလုံးရယ်မောလိုက်မိကြသည်။

ထိုစဉ် သူတို့၏နောက်နားမှတည်ငြိမ်သည့်အသံတစ်ခုထွက်လာသည် ။

“ မင်းကများ နဂါးဖမ်းခြေလှမ်းကို အပြစ်တင်နေသေးတယ်။ မင်းသာ ကျွမ်းကျင်အဆင့်ထိလေ့ကျင့်နိုင်ရင် တိုက်ပွဲထဲမှာ အလွန်အသုံးဝင်ကြောင်းသိလာလိမ့်မယ်။

ပြီးတော့ သူ့ရဲ့လျှင်မြန်သွက်လက်တဲ့ခြေလှမ်းကွက်တွေက တခြားသိုင်းပညာတွေကိုပါ အားဖြည့်ပေးနိုင်သေးတယ်...”

ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ရှောင်ယောင်တို့သုံးယောက်လည်း အံ့အားသင့်သွားကြပြီး အသံပိုင်ရှင်ကိုသိရှိ၍ အလျှင်အမြန်ထရပ်လိုက်ကြသည်။

သူတို့နှင့်ခြေလှမ်းအနည်းငယ်အကွာတွင် ဆရာတော်ရွှမ်းနန်နှင့် ဆရာတော်ရွှမ်းမင်တို့ရောက်ရှိနေကြပြီး ကြွယ်ယန့်ကို အပြစ်တင်လိုက်သူက ဆရာတော်ရွှမ်းမင်ပင်ဖြစ်သည်။

“ ဆရာ...”

“ ဂိုဏ်းတူဦးလေး..”

ရှောင်ယောင်တို့သုံး‌ယောက်လည်းဆရာတော်နှစ်ပါးကိုအရိုအသေပေးလိုက်ကြပြီး ကြွယ်ယန်ကား အီးမှန်ထားသည့်မျက်နှာဖြင့် သူ့ဆရာရွှမ်းနန်ကို ခိုးကြည့်လိုက်သည် ။

သူ၏သိုင်းပညာကိုမကျေမနပ်ပြောဆိုနေစဉ် ဆရာတော်နှစ်ပါးက အနီးသို့ရောက်နေမည်ဟု တွေးထင်မထားမိပေ။

သို့သော်လည်း ဆရာတော်ရွှမ်းနန်က ကြွယ်ယန့်ကိုအပြစ်တင်မည့်ဟန်မပြဘဲ ရှောင်ယောင်ကိုစူးစိုက်ကြည့်လိုက်ပြီး တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။။

“ ရှောင်ယောင်...”

ပုံမှန်အချိန်များနှင့်မတူဘဲ ထူးထူးခြားခြားလေးနက်တည်ကြည်နေသည့်ဆရာတော်ရွှမ်းနန်၏အမူအယာကြောင့် ရှောင်ယောင်လည်းရင်ထိတ်သွားမိသည်။

ဘေးဘက်ရှိ ဆရာတော်ရွှမ်းမင်လည်း သူ့ကိုတည်ငြိမ်စွာ ကြည့်နေသည်ကိုမြင်လိုက်၍ တစ်စုံတစ်ခုထူးခြားနေပြီဟုလည်းရိပ်စားမိလိုက်၏ ။

“ အဖိုးလေး ကျနော့်ကိုဘာခိုင်းစရာရှိလို့လဲ...”

ရှောင်ယောင်၏မေးခွန်းကို ခေါင်းယမ်းပြလိုက်ပြီး ဆရာတော်ရွှမ်းနန်က ဖြေးညင်းစွာပြောလိုက်သည်။

“ မင်း...မနက်ဖြန်မနက် ရွှမ်းမင်ရဲ့သိုင်းပညာစစ်ဆေးမှုကို အောင်မြင်ရင် သိုင်းလောကထဲကို ဆင်းလို့ရပြီ.. “

ဆရာတော်ရွှမ်းနန်ဆီမှမျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ ရှောင်ယောင်လည်းနေရာတွင် ကြက်သေသေသွားမိသလို ဘေးဘက်ရှိကြွယ်ယန်တို့လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြ၏ ။

&&&&

ညအချိန်

ထိန်ထန်သာနေသည့်လမင်းကြီး၏အလင်းရောင်က ရှောင်လင်ကျောင်းတော်တစ်ခုလုံးကို ဖြန့်ကျက် ကျရောက်နေပြီး ငွေရောင်အလင်းတန်းများဖြင့်လွှမ်းခြုံလျက်ရှိသည် ။

ကျောင်းဝန်းထဲတွင် မီးများထိန်လင်းနေသည့်အဆောင်များစွာရှိပြီး တာမောဆောင်၏အနောက်ဘက်ရှိမြေကွက်လပ်လေးတွင်ကား အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောင်နှင့် ဘုန်းကြီးပျိုနှစ်ပါးမှာ မြေပြင်တွင်အေးဆေးစွာပက်လက်လှန်၍ ကြယ်ရောင်စုံကောင်းရင်ကြီးကို ငေးကြည့်နေကြသည်။

ဆရာတော်ရွှမ်းနန်၏စကားအရ မနက်ဖြန်၌ ဆရာတော်ရွှမ်းမင်၏စစ်ဆေးမှုကိုအောင်မြင်ပါက သိုင်းလောကထဲသို့ဆင်းခွင့်ရမည်ဟုဆိုသဖြင့် ရှောင်ယောင်တစ်ယောက်စိတ်လှုပ်ရှားကာ အိပ်မပျော်နိုင်ဘဲဖြစ်နေသည် ။

ထိုနည်းတူ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်း ရုတ်တရက်ရှောင်ယောင်ထွက်ခွာရတော့မည်ဟုသိလိုက်၍ သူတို့၏စိတ်ထဲတွင်တစ်မျိူးတစ်မည်ခံစားနေရရပြီး ရှောင်ယောင်ရှိနေသည့် မြေကွက်လပ်သို့ရောက်လာကြခြင်းဖြစ်၏ ။

သူတို့ငယ်စဉ်ကပင် သိုင်းပညာလေ့ကျင့်ရာနေရာဖြစ်ခဲ့သည့်မြေကွက်လပ်လေးက မူလအတိုင်းတည်ရှိနေဆဲဖြစ်သလို ခပ်လှမ်းလှမ်းရှိသစ်ပင်ကြီးကလည်း သစ်ရွက်များဝေဖြာကာ ပို၍ပင်ကြီးထွားနေပြီဖြစ်သည် ။

အချိန်က အတော်ပင်ညဉ့်နက်ပြီဖြစ်သည့်တိုင် တာမောဆောင်အတွင်းဘက်တွင်လည်း မီးရောင်လင်းလက်နေသည်ကိုကြည့်ခြင်းဖြင့်ဆရာတော်ရွှမ်းနန်လည်း အိပ်စက်ခြင်းမပြုသေးသည်ကိုသိရှိနိုင်ပေသည်။

“ အစ်ကိုကြီး မင်းသိုင်း‌လောကထဲ ဆင်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားနေရလဲ....”

ရုတ်တရက် ထမေးလိုက်သည့် ‌ကြွယ်ယန်၏မေးခွန်းကြောင့် ရှောင်ယောင်လည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး အနည်းငယ်စဉ်းစားကာပြန်ဖြေလိုက်သည်။

“ ဘယ်လိုပြောရမလဲ ပထမတော့ အံ့ဩသွားတာပေါ့။ ပြီးတော့ ပျော်လဲပျော်သလို နည်းနည်းစိတ်မကောင်းလည်းဖြစ်မိသေးတယ်...”

ဆယ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ရသည့်ကျောင်းတော်ကြီးနှင့် ဆရာတော်ရွှမ်းနန်နှင့်ရွှမ်းမင်တို့လို အကြီးအကဲများ၊ ကြွယ်ယန်နှင့်ကြွယ်စင်းတို့လိုညီအစ်ကိုရင်းနှီးသူများကို ခွဲခွာရမည်ဖြစ်၍ ဝမ်းနည်းစိတ်ဖြစ်မိသည်က မထူးဆန်းပေ ။

ဆရာတော်ရွှမ်းနန်၏စကားထဲတွင် မနက်ဖြန်အချိန်၌ ဆရာတော်ရွှမ်းမင်၏စစ်ဆေးမှုကိုအောင်မြင်မှသိုင်း‌လောကထဲဆင်းရမည်ဟုပါရှိသော်လည်း ထိုစစ်ဆေးမှုကို အောင်မြင်နိုင်မည်ဟု သူအသေအချာသိရှိနေသည်။

ရှောင်ယောင်၏အဖြေကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းလည်း တိတ်ဆိတ်သွားကြပြီး စကားနည်းသည့်ကြွယ်စင်းက မေးလိုက်သည်။

“ အစ်ကိုကြီးရဲ့အိပ်မက်ကဘာလဲ ...”

ကြွယ်စင်း၏မေးခွန်းကို ချက်ခြင်းပြန်မဖြေနိုင်သေးဘဲ ငေးငိုင်သွားမိသည်။

ရှောင်ယောင်၏ ငယ်ဘဝမှာ သူ့မိခင်ပုံသွင်းသည့်အတိုင်းဖြစ်ခဲ့ရပြီး စာပေ၊ အနုပညာစသည်တို့ကို ဝါသနာမပါဘဲ နှံ့စပ်အောင်လေ့လာသင်ယူခဲ့ရသည် ။

တစ်ခါတစ်ရံအဖိုးစုပြောပြတတ်သည့် သိုင်းလောအကြောင်းအရာများကြောင့် သူငယ်စဉ်ကပင် သိုင်းပညာကိုလွန်စွာစိတ်ဝင်စားသော်လည်း ထိုကိစ္စကို ပြင်းပြင်းထန်ထန်တားမြစ်သည့်သူ့မိခင်ကြောင့် သူ၏ဆန္ဒကို စိတ်ထဲတွင်သာမြိုသိပ်ခဲ့ရသည်။

တစ်ဖန်သူ့မိခင်သေဆူံးပြီးချိန်၌ ‌စန်းဟုန်းလျန်နှင့်အတူရှောင်လင်ကျောင်းသို့ရောက်လာခဲ့ပြီး သူလွန်စွာသင်ယူလိုသည့်သိုင်းပညာနှင့်ထိတွေ့ခွင့်ရခဲ့သည်

ထို့နောက် လွန်ခဲ့သည့်ရှစ်နှစ်က သူ၏သွေးကြောမကြီးများကိုဖွင့်လှစ်ပြီး၍ ရောဂါပျောက်ကင်းသွားချိန်တွင်လည်းသိုင်းပညာကို အပတ်တကုတ်ကြိုးစားခဲ့ပြီး သူ၏ဆန္ဒက အခြားလူများနည်းတူသိုင်းလောကတွင်ကျင်လည်ကာ သိုင်းသမားတစ်ယောက်ဖြစ်လိုခြင်းပင်ဖြစ်သည် ။

ဤသည်က သူ၏ရိုးရှင်းသည့်စိတ်ဆန္ဒလေးတစ်ခုသာဖြစ်ပြီး အခြားလူများလို သိုင်းလောကပထမဖြစ်ရန်၊ နာမည်ကျော်ကြားရန်၊ မိန်းမလှလေးများကိုပိုင်ဆိုင်ခွင့်ရရန် စသည့်ထက်သန်သည့်ရည်မှန်းချက်များလည်းသူ့ဆီတွင်လုံးဝရှိမနေပေ။

ရှောင်ယောင်က မေးခွန်းကိုပြန်မဖြေသေးဘဲ တိတ်ဆိတ်နေသော်လည်း ကြွယ်စင်းက သက်ပြင်းတစ်ချက်ချ၍ လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ အစ်ကိုကြီးရဲ့စိတ်က သိပ်ပြီး အပူအပင်ကင်းတယ် ။ ကျုပ်တို့ဆရာလိုမျိူးပဲ။

ဘယ်ကိစ္စကိုပဲမဆို အလွယ်တကူဖြေရှင်းနိုင်စွမ်းရှိပြီး သိုင်းပညာ၊ စာပေ စတဲ့အရာတွေအားလုံးမှာ ပါရမီ ထူးချွန်တာတောင် ဘယ်တုန်းကမှမကြွားဝါဖူးဘူး။။

ပြီးတော့ တခြားလူတွေလို လောဘ၊ ဒေါသတွေ နည်းပါးပြီး တကယ့်ကိုတည်ငြိမ်တဲ့စိတ်ထားရှိတယ်...”

ကြွယ်စင်း၏လေသံကအနည်းငယ်ထူးခြားနေပြီး ရှောင်ယောင်၏စိတ်ထားကို အားကျနေဟန်တူသလို သူ၏မျက်ဝန်းများက မှုန်မှိုင်းလျက်ရှိသည်။

ထိုစကားကြောင့် ရှောင်ယောင်လည်းသူ၏ဘေးဘက်ရှိကြွယ်စင်းကို လေးနက်စွာကြည့်လိုက်မိ၏ ။

ကြွယ်စင်း၏နောက်ခံက ရိုးရှင်းပြီး ငယ်စဉ်ကပင်မိဘမဲ့တစ်ယောက်ဖြစ်ကာ ရှောင်လင်ကျောင်းသို့အရောက်လာပြီးသိုင်းပညာသင်ကြားခွင့်ရခဲ့သည်။

သူ၏စရိုက်က စကားနည်းကာ တိတ်ဆိတ်ပြီး ဇွဲကောင်းကာ အလုပ်ကြိုးစားသူတစ်ဦးလည်းဖြစ်သည်။

ကြွယ်စင်း၏အကြောင်းက ထိုမျှရိုးစင်းလှသော်လည်း ရှောင်ယောင်၏စိတ်ထဲတွင် ကြွယ်စင်းကို အနည်းငယ်ထူးဆန်းသည်ဟုထင်နေမိ၏။

အကြောင်းက တစ်ခါတစ်ရံငေးငိုင်နေတတ်သည့် ကြွယ်စင်း၏ပုံစံက ကြီးလေးသည့်ဝန်ထုပ်ဝန်ပိုးများကိုထမ်းရွက်ထားရသည်နှင့်ဆင်တူပြီး သိုင်းပညာသင်ယူလေ့ကျင့်ရာတွင် သူ၏ကြိုးစားမှုကလည်း ပြင်းပြလွန်းပေသည်။

ရှောင်ယောင်လည်း ကြွယ်စင်းကို အချိန်အနည်းငယ်ကြာအောင် စိုက်ကြည့်‌နေမိပြီး တစ်စုံတစ်ခုမေးမည်ပြုလိုက်စဉ် ကြွယ်ယန်ကဝင်ပြောလိုက်သည် ။

“ ဟေ့ ဒုတိယညီလေး ဟိုဟာကို ထုတ်လိုက်တော့လေ...”

အရင်းမရှိအဖျားမရှိပြောလာသည့်သူ၏စကားကို ရှောင်ယောင်ကနားမလည်သော်လည်း ကြွယ်စင်း၏မျက်လုံးများက တောက်ပသွားသည် ။

All Chapters