← Chapters

ပေါ်ထွက်လာသည့်သွေးနီတံခါး

Vol. 1 Ch. 102

ပေါ်ထွက်လာသည့်သွေးနီတံခါး

Vol. 1 Ch. 102

ထို့နောက် သူတို့နှစ်ယောက်က ထထိုင်လိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြွယ်ယန်က ခေါင်းညိမ့်ပြလိုက်သည် ။

သူတို့၏ထူးခြားသည့်အပြုအမူကြောင့် ရှောင်ယောင်လည်း ထထိုင်လိုက်မိပြီး တစ်စုံတစ်ခုမေးမည်ပြုစဉ် ကြွယ်စင်းက နောက်တွင်ဝှက်ထားသည့်အဝတ်ထုပ်တစ်ခုကို ရှောင်ယောင်၏လက်ထဲသို့ထည့်ပေးလိုက်သည်။

“ ဒါက အစ်ကိုကြီးအတွက် ကျုပ်တို့ပြင်ဆင်ထားတာ အထဲမှာ နေ့လည်က ကျုပ်တောင်အောက်ဆင်းရင််ဝယ်လာတဲ့ အဝတ်အစားနှစ်စုံရယ် ကြွယ်ယန့်ဆီက ငွေနည်းနည်းရယ်ပါတယ်...”

ကြွယ်စင်း၏စကားကြောင့် ရှောင်ယောင်လည်း အံ့အားသင့်သွားမိပြီး အဝတ်ထုပ်ကိုချက်ခြင်းဖြေကြည့်လိုက်သည်။

အထဲ၌ အနက်ရောင်သိုင်းဝတ်စုံတစ်ထည်နှင့် အဖြူရောင်ချည်ချောဝတ်စုံတစ်ထည်တို့ရှိနေပြီး ရွှေတုံးအနည်းငယ်နှင့် ငွေလွှဲလက်မှတ်များကိုတွေ့လိုက်ရသည်။

ရှောင်ယောင်မှာ ရှောင်လင်ကျောင်းတွင်သာကြီးပျင်းလာသည်သာဖြစ်၍ အဝတ်အစားချေးမများဘဲ သိုင်းပညာလေ့ကျင့်ရာတွင် ရေရှည်ဝတ်ဆင်နိုင်ရန်တောင်ခြေမြို့လေးမှ သာမန်ဖျင်ကြမ်းဝတ်စုံများကိုမှာယူဝတ်ဆင်လေ့ရှိပြီး ယခုလိုချည်ချောဝတ်စုံများကိုမမြက်ရသည်ပင် အချိန်အတော်ကြာပြီဖြစ်သည် ။

ဝတ်စုံများနှင့်အတူရှိနေသည့် ရွှေတုံးကလေးငါးခုနှင့် တစ်ထောင်တန်ငွေလွှဲလက်မှတ်ဆယ်ရွက်တို့က ရှောင်ယောင်ကိုပို၍အံ့ဩသွားစေသည်။

ထိုပမာဏက လွန်စွာများပြားသည်မဟုတ်သော်လည်း ရှောင်ယောင်အတွက်အချိနိအတိုင်းအတာတစ်ခုအထိသုံးစွဲရန်လုံလောက်ပေသည်။

ထို့အပြင် ရှောင်ယောင်လိုငယ်စဉ်ကပင် ငွေများစွာအသုံးမပြုဖူးသည့်လူတစ်ယောက်အတွက် ယခုငွေကြေးက သူကိုင်ဖူးသမျှထဲတွင် အများဆုံးဖြစ်ပေသည်။

“ ကျုပ်တို့ရဲ့ စေတနာကိုမငြင်းပါနဲ့အစ်ကိုကြီး။ ရွှေတုံးနဲ့ငွေလွှဲလက်မှတ်တွေက ကျုပ်ဒီကိုမလာခင် မေမေပြင်ဆင်ပေးလိုက်တာ... မြို့ကြီးတွေက ဘယ်ငွေတိုက်မှပဲထုတ်ထုတ် ထုတ်လို့ရတယ်... “

ကြွယ်ယန်၏လေသံကအနည်းငယ်ထူးခြားနေပြီး သူ၏အိမ်ကိုပြန်အမှတ်ရနေဟန်တူသည်။ ပြီးမှ အပြံးမျက်နှာဖြင့်ဆက်ပြောလိုက်သည်။

“ ဒီကိုရောက်တော့ သုံးလို့လည်းမရတာနဲ့ ကျုပ်အစ်ကိုကြီးကို ပေးလိုက်ဖို့ဆုံးဖြတ်ခဲ့တာ။ ကျုပ်အတွက်လည်း နည်းနည်းချန်ထားပါသေးတယ်။

ကြွယ်စင်းကမှ အစ်ကိုကြီးအတွက်ဝတ်စုံဝယ်ပေးရအောင် သူဒီကိုလာတုန်းက ပါလာတဲ့ ငွေတွေကို အကုန်သူံးလိုက်ရတာ ...”

“ ဒုတိယအစ်ကိုလိုပဲပေါ့ ကျုပ်လည်း ငွေတွေကို ဘာမှသုံးလို့မရတာ...အစ်ကိုကြီးကကျုပ်တို့ထဲမှာ အခန့်ညားဆုံးဖြစ်တဲ့အပြင် သိုင်းလောကကိုအစောဆုံးဆင်းခွင့်ရတော့ သားသားနားနားဖြစ်နေမှရမယ်လေ.....။

သခင်လေးတစ်ယောက်လို အထက်တန်းကျကျဝတ်စားပြီး နတ်သမီးလေးတစ်ယောက်ကို အမိဖမ်းလိုက်.. “

စကားနည်းပြီး တိတ်ဆိတ်သည့်ကြွယ်စင်းကပင် ယခုလိုစနောက်လာသည့်အတွက် သူတိူ့သုံးယောက်လုံး သဘောကျစွာရယ်မောလိုက်မိကြသည်။

ကြွယ်ယန်တို့နှစ်ယောက်က ဘာမှမဟုတ်သည့်ပုံစံဖြင့်ပြောလိုက်သော်လည်း ထိုပစ္စည်းများထဲတွင်ပါဝင်နေသည့် တိုင်းဆမရသည့် ရင်းနှီးခင်မင်မှုတို့ကြောင့် ရှောင်ယောင်လည်း သူ၏ရင်ထဲတွင်လွန်စွာနွေးထွေးသွားပြီး သူ၏တစ်ဖက်တစ်ချက်တွင်ထိုင်နေသည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ပခုံးများကို တင်းတင်းဖတ်ထားလိုက်သည်။

“ မင်းတို့နှစ်ယောက်က ငါ့ရဲ့ထားဝရညီငယ်တွေပဲ။ မင်းတို့ဘာအခက်အခဲပဲဖြစ်ဖြစ် ငါ့ကို အရင်ဆုံးသတိရကြ။ ပြီးတော့ တံခါနီဆောင်ကိုဖြတ်ပြီး သိုင်းလောကထဲကိုဆင်း‌နိုင်အောင်ကြိုးစားကြ...”

ရှောင်ယောင်၏ စိတ်ရင်းခံစားမိလိုက်သောကြောင့် ကြွယ်ယန်နှစ်ယောက်လည်း နွေးထွေးစွာပြုံးလိုက်မိကြသော်လည်း ကြွယ်ယန်က သူ၏စရိုက်အတိုင်း ရှောင်ယောင်၏လက်တွင်းမှရုန်းထွက်၍ လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည် ။

“ ကျုပ်ကိုလွှတ်အစ်ကိုကြီး ကျုပ်ကမိန်းမချောလေးတွေကိုပဲ သဘောကျတယ်...”

အတည်ပေါက်နှင့် ဟာသလုပ်လိုက်သည့် ကြွယန်၏ပုံစံကြောင့် ရှောင်ယောင်တို့လည်း ကြောင်အသွားပြီးမှ ကြွယ်ယန့်ကို ဝိုင်းဝန်းရိုက်နှက်လိုက်ကြသည်။

စင်စစ် ကြွယ်ယန်တို့နှစ်ဦးသည်လည်း ရှောင်လင်တွင်ရှိလာသည်မှာ နှစ်အတော်ကြာပြီဖြစ်သည့်တိုင် ယခုအချိန်ထိ ဘုန်းကြီးစိတ်မရှိကြသေးဘူးမဟုတ်လား။

ထို့နောက် သူတို့သုံးယောက်က အပူအပင်ကင်းမဲ့စွာဖြင့် ပြန်အိပ်လိုက်ကြပြီး ကောင်းကင်ကိုမော့ကြည့်ရင်း စကားစပ်မိစပ်ရာပြောဆိုလိုက်ကြပြန်သည်။

အနက်ရောင် ကမ္မလာခြုံလွှမ်းထားသလို မဲမှောင်နေသည့်ကောင်းကင်ပြင်တွင် ပြန့်ကျဲနေသည့်ကြယ်ပွင့်လေးများက သူ့ထက်ငါအပြိုင်အဆိုင်ဖြင့် အရောင်တလက်လက်တောက်ပလျက်ရှိပေသည်။

&&&&

သန်းခေါင်အချိန်သို့နီးကပ်လာပြီဖြစ်၍ မြို့တစ်ခုလုံးရှိလူများ အိပ်မောကျနေပြီဖြစ်ကာ တစ်ခါတစ်ရံ ဆွဲငင်စွာဟစ်အော်နေသည့် လေလွင့်ခွေးများ၏အသံများသာထွက်ပေါ်နေသည်။

အလယ်ပိုင်း‌ဒေသတွင်တည်ရှိသည့် စီးစန်းမြို့လေးကား အတော်အသင့်ကြီးမားပြီး ကူးသန်းရောင်းဝယ်ရေးအချက်အခြာကျသည့်မြို့လေးလည်းဖြစ်သည်။

မြို့ထဲရှိ ဆွန်းယင် သိုင်းသင်တန်းကျောင်းမှာမသိသူမရှိဘဲ နာမည်ကျော်သိုင်းသမားဆွန်းယင်တည်ထောင်ထားခြင်းဖြစ်သည့်အတွက်ကြောင့်လည်း အနီးအနားဝန်းကျင်ရှိမြိုများတွင်ပါနာမည်ရသည့် ကျောင်းတစ်လည်းဖြစ်သည်။။

ကျော်ကြားသည့်အဖြူရောင်သိုင်းသမားတစ်ဦးဖြစ်သည့် ဆွန်းယင်က သိုင်းလောကမှအနားယူကာ သူ၏မြို့လေးတွင်ပြန်အခြေချ၍ သူတတ်မြောက်ထားသည့်သိုင်းပညာများကိုပြန်လည်ဖြန့်ဝေပေးနေခြင်းလည်းဖြစ်သည်။

အခကြေးငွေကို အဓိကမထားဘဲ စိတ်သဘောကောင်းသည့် သိုင်းဆရာဆွန်းယင်ကြောင့်လည်း သူ၏သင်တန်းကျောင်းက လေးငါးနှစ်အတွင်း တဟုန်ထိုးကြီးမားလာပြီး ယခုဆိုလျှင် သင်တန်းသားတစ်ရာကျော်နှစ်ရာခန့်အထိပင်ရှိနေပြီဖြစ်သည်။

မြို့အနောက်ပိုင်းရှိ ဆွန်းယင်သိုင်းသင်တန်းကျောင်း၏ခြံဝန်းမှာ တိတ်ဆိတ်နေပြီး ခြံဝန်းထဲရှိအဆောက်အဦးများက မီးရောင်များထိန်လင်းနေသည်။

သင်တန်းကျောင်းတွင်နေထိုင်သည့်သင်တန်းသားများအိပ်မောကျနေပြီဖြစ်သော်လည်း စံအိမ်ကြီး၏အနောက်ဘက်ကပ်လျက်ဥယျာဉ်လေးထဲတွင်ကား အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းအရွယ်ရှိမည့်လူတစ်ဦးမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက်ရှိသည် ။

အနည်းငယ်‌ချောင်ကျနေသည့်မျက်နှာပုံစံ၊ ညိုမည်းနေသည့်မျက်ကွင်းများနှင့်ပင်ပန်းနွမ်းနယ်နေသည့်ထိုလူ၏ပုံစံက ရက်အတော်ကြာအနားမယူရသေးသည့်လူတစ်ယောက်ဟုထင်ရစေသည်။

အမှန်လည်း ဆွန်းယင်သိုင်းသင်တန်းကျောင်း၏ တည်ထောင်သူဖြစ်သည့် ဆွန်းယင်မှာ ညဘက်များတွင် အိပ်စက်ခြင်းမပြုဝံ့သည်က သုံးလေးရက်ခန့်ရှိပြီဖြစ်သည် ။

သင်တန်းကျောင်းရှိသင်တန်းသားများနှင့် လက်ထောက်သင်ကြားရေးမှူးများပင် သူတို့ဆရာယခုရင်ပိုင်းစိတ်မကြည်သည်ကို သိသိသာသာသတိပြုမိကြပြီး တင်းမာသည့်မျက်နှာထားဖြင့် အချိန်ပြည့်အခန်းအောင်းနေသည့်ဆွန်းယင်ကြောင့်မည်သူမှမေးမြန်းဝံ့ခြင်းလည်းမရှိပေ။

ဆွနန်းယင်ယခုလိုဖြစ်နေသည်က လေးရက်ရှိပြီဖြစ်ပြီး ပို၍တိတိကျကျဆိုရလျှင် လွန်ခဲ့သည့်လေးရက်မြောက်နေ့၏နံနက်ပိုင်းက သူ့ထံသို့ရောက်ရှိလာသည့် စာလေးတစ်စောင့်ကြောင့်ပင်ဖြစ်၏။

စာရွက်ထဲတွင် ရှည်လျားသည့်စာလုံးများစွာမပါဘဲ မင်နီဖြင့်ဆွဲထားသည့်တံခါးလေးတစ်ချပ်သာပါရှိသည်။

သို့သော် ထိုတံခါးနီလေးက ဆွန်းယင်လိုအတွေ့အကြုံရင့်သိုင်းသမားကြီးတစ်ယောက်ကို တုန်လှူပ်ချောက်ခြားစေခဲ့ပြီး ထိုစာရရှိသည့်နေ့မှစ၍ ညဘက်များပင်အိပ်မပျော်သည်အထိဖြစ်စေခဲ့သည်။

စင်စစ် ထိုအနီရောင်တံခါးပုံက မင်ဖြင့်ရေးသားထားခြင်းမဟုတ်ဘဲ သွေးဖြင့်ဆွဲထားခြင်းဖြစ်သည်။

သွေးနီတံခါး

ထိုနာမည်က လက်ရှိသိုင်းလောကထဲတွင်မသိသူမရှိသည့်နာမည်ဖြစ်သည်။

လွန်ခဲ့သည့်ရှစ်နှစ်မှစ၍ ကြေးစားလူသတ်အဖွဲ့အဖြစ် ပွဲထွက်လာသည့်သွေးနီတံခါးမှာ ပထမနှစ်နှစ်စ်အတွင်း အဆင့်လွန်ထိပ်သီးငါးယောက်နှင့် ထိပ်တန်းအဆင့်သိုင်းသမားကိုးယောက်အပါအဝင် သိုင်းသမား‌လေးဆယ်ကျော်ကိုလုပ်ကြံသတ်ဖြတ်ခဲ့သည်။

လုံလောက်သည့်ငွေပမာဏကိုရရှိပါက မရဏမင်း၏နှုတ်ခမ်းမွှေးကိုပင်ဆွဲနုတ်ဝံ့သည့်ဆိုသောသွေးနီတံခါးမှာ ယခုအချိန်အထိမအောင်မြင်သည့် အကြိမ်မရှိခဲ့သေးပေ။

ကောလဟာလများအရ သွေးနီတံခါးရှိလူသတ်သမားများကို အဆင့်များခွဲခြားထားပြီးအဆင့်မြင့်လေလေ ပို၍ဈေးကြီးပေးရလေလေဖြစ်သည်။

ထို့အပြင် သူတို့နှင့်ဆက်သွယ်ရန်ကလည်း လွန်စွာခက်ခဲပြီး သူ့အဆက်အသွယ်နှင့်သူသွားမှ သွေးနီတံခါးကိုအလုပ်အပ်နိုင်ပေမည်။

ပေါ်ထွက်လာပုံက လွန်စွာထူးဆန်းသည့်အပြင် သူတို့၏အကြောင်းနှင့်ပတ်သတ်သည့် အချက်အလက်များကို စွန်းအိမ်တော်နှင့်ကြက်တူရွေးအဖွဲ့ပင်များစွာမသိရသည့်အချက်က သွေးနီတံခါးကို ပို၍လျှို့ဝှက်ဆန်းကြယ်စေသည် ။

ထိုက်တန်သည့်ငွေပမာဏရရှိပါက အဖြူအနက်မရွေးသတ်ဖြတ်တတ်သည့်သွေးနီတံခါးမှာ သိုင်း‌လောကကိုတည်ငြိမ်မှုရှိ‌စေရမည်ဟု ကြွေးကျော်ခဲ့သည့် သိုင်းမဟာမိတ်အတွက်တော့ ခေါင်းခဲစရာတစ်ခုပင်ဖြစ်ပေသည်။

သူတို့၏ထူးခြားချက်တစ်ခုက လုပ်ကြံသတ်ဖြတ်မည့်လူထံသို့ ရက်အနည်းငယ်ကြိုတင်၍သတိပေးလေ့ရှိသလို မည်မျှအကာအကွယ်များထူထပ်နေပါစေ ရအောင်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်။

ထို့အပြင် သေဆုံးသူများ၏ခန္တာကိုယ်ပေါ်တွင်လည်း သူတို့၏အမှတ်အသားကိုချန်ရစ်ခဲ့သေးသည်။

ထိုသတိပေးချက်ကိုအခွင့်ကောင်းယူ၍ သိုင်းမဟာမိတ်က သွေးနီတံခါးမှလူသတ်သမားများကို ဖမ်းဆီးရန်ကြံစည်ခဲ့ဖူးသည်။

ထိုညက သတိပေးစာရရှိထားသည့်လူတစ်ယောက်၏အိမ်၌ သိုင်းမဟာမိတ်မှသိုင်းသမားများစွာကြိုတင်ပုန်းအောင်းနေပြီး လုပ်ကြံသူရောက်ရှိလာပါက ဝိုင်းဝန်းဖမ်းဆီးရန်ကြံစည်ခဲ့ကြသည် ။

သို့သော် သိုင်းမဟာမိတ်၏အဆင့်လွန်ထိပ်သီးနှစ်ယောက်၊ ထိပ်တန်းအဆင့်သိုင်းသမား‌ခြောက်ယောက်တို့စောင့်ကြပ်နေသည့်ကြားမှ နောက်တစ်နေ့မနက်ခင်း၌ အိမ်ရှင်၏အလောင်းကိုသာတွေ့ခဲ့ရသည်။

ထိုဖြစ်ရပ်ကြောင့် သိုင်းမဟာမိတ်၏ဂုဏ်သိက္ခာများစွာကျဆင်းခဲ့ရသလို သွေးနီတံခါး၏ပစ်မှတ်ထားခံရပါက လွတ်မြောက်နိုင်စွမ်းမရှိဟုလူအများပြောဆိုလာကြတော့သည်။

ထို့နောက်ပိုင်းတွင် သိုင်းမဟာမိတ်က သွေးနီတံခါးကိုဖြိုခွင်းရန် အင်အားကုန်သုံး၍ အပြင်းအထိကြိုးစားခဲ့‌ပြီး ထောင်ချောက်များစွာလည်း ချမှတ်ခဲ့ကြသည် ။

သူတို့၏အားထုတ်မှုများကြောင့် သွေးနီတံခါးမှလူသတ်သမားအနည်းငယ်ကိုဖမ်းဆီးရမိခဲ့သလို သူတို့အတွက်အလုပ်လုပ်ပေးနေသည့် ဆက်သွယ်ရေးသမားများကိုလည်းဖမ်းဆီးရမိခဲ့သည်။

သို့သော်ထိုလူများထံမှတစ်စုံတစ်ခုမသိရသေးမီ သူတို့အားလုံးက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသလို အများစုကဖမ်းမိသည့်နေရာတွင်ပင် သတ်သေသွားကြခြင်းဖြစ်၏။

အံ့ဩဖွယ်ကောင်းသည့်အချက်ကား သွေးနီတံခါးမှလူသတ်သမားများမှာ အသက်သုံးဆယ်ပင်မပြည့်သည့်လူငယ်များဟု သိရခြင်းဖြစ်သည်။

သို့သော် သူတို့၏ခေါင်းဆောင်၊ ဌာနချုပ်နှင့်ကျန်အကြောင်းအရာများကို တစ်စွန်းတစ်စမှမသိခဲ့ရဘဲ နောက်ပိုင်း၌ ထိုဖမ်းဆီးမှုများတွင်ပါဝင်ခဲ့ကြသူများတစ်ဦးပြီးတစ်ဦး လုပ်ကြံခံရခြင်းကြောင့်သိုင်းမဟာမိတ်ပင်တုန်လှုပ်ချောက်ခြားကာ သွေးနီတံခါးကိုဆက်လက်ပစ်မှတ်ထားဝံ့ခြင်းမရှိတော့ပေ။

ဤသို့ဖြင့် သိုင်း‌လောကတွင်ပေါ်ထွက်လာပြီး ရှစ်ခန့်ကြာပြီးသည့်အခါတွင်ကား ‌သွေးနီတံခါးမှာ သိုင်းလောကတွင်မသိသူမရှိသည့် နံပါတ်တစ်ကြေးစားအဖွဲ့အစည်းဖြစ်လာခဲ့တော့သည်။

ဥယျာဥ်ထဲတွင် လမ်းလျှောက်နေသည့် ဆွန်းယင်လည်း သွေးနီတံခါးအကြောင်းပြန်လည်တွေးတောနေရာမှ သူ၏ခန္တာကိုယ်အနည်းငယ်တုန်ယင်သွားသည်။

အကြောင်းကား သူနှင့်မလှမ်းမကမ်းနေရာ၌ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ကိုတွေ့မြင်လိုက်ရခြင်းကြောင့်ဖြစ်ပြီး ခပ်မှိန်မှိန်လင်းနေသည့်မီးရောင်အောက်တွင် မလှုပ်မယှက်ရပ်နေသည့်ထိုလူ၏ပုံစံက တစ္ဆေတစ်ကောင်အလားပင်။

ဟန်အမူအယာကင်းမဲ့နေပြီး သွေးမရှိသလိုဖြူလျော်နေသည့်မျက်နှာရှိပြီး ခါးတွင်ဓားတစ်ချောင်းကို ချိတ်ဆွဲထားသည့်ထိုလူက အသက်နှစ်ဆယ်ကျော်သာရှိမည့်လူငယ်လေးတစ်ဦးဖြစ်သည်။

သို့သော် ထိုလူငယ်ကိုမြင်သည်နှင့် ဆွန်းယင်၏အမူအယာက ပျက်ယွင်းသွားပြီး အနည်းငယ်တုန်လှုပ်နေသည့်လေသံဖြင့်မေးလိုက်သည်။

“ မင်းက သွေးနီတံခါးကလား...”

All Chapters