← Chapters

အန္တရာယ်များသည့်တိုက်ပွဲ

Vol. 1 Ch. 103

အန္တရာယ်များသည့်တိုက်ပွဲ

Vol. 1 Ch. 103

ဆွန်းယင်၏မေးခွန်းကို လူငယ်က တိတ်ဆိတ်စွာ ခေါင်းညိမ့်ပြလိုက်သည်။

သူ၏အပြုအမူကြောင့် ဆွန်းယင်လည်း သက်ပြင်းတစ်ချက်ချလိုက်မိပြီး ထပ်မေးလိုက်သည်။။

“ မင်းက လုပ်ကြံသတ်ဖြတ်တဲ့လူတစ်ယောက်မဟုတ်လား ဘာလို့ ငါ့ကိုအခုလို ထွက်ပြီးတွေ့တာလဲ...”

ဆွန်းယင်၏မေးခွန်းကြောင့် လူငယ်၏မျက်လုံးများတောက်ပသွားပြီး အေးစက်စက်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ခင်ဗျားက ရဲရင့်ပြီး သတ္တိရှိတဲ့လူတစ်ယောက်ပဲ။ သွေးနီဖိတ်စာပို့ထားတာလေးရက်ကြာပြီးတာတောင် ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောသလို ဘယ်သူ့ကိုမှလဲအကူအညီမတောင်းဘူး ။

ဒီတော့ ခင်ဗျားလိုလူတစ်ယောက်ကို ကျုပ်နောက်ကျောကနေလုပ်ကြံတာထက် မျက်နှာချင်းဆိုင်တိုက်ခိုက်ပြီးသတ်ဖြတ်မယ်လို့ဆုံးဖြတ်ခဲ့တာ...”

စကားများစွာပြောလေ့မရှိသူတစ်ယောက်ကဲ့သို့ လူငယ်၏စကားလုံးများက တစ်လုံးနှင့်တစ်လုံးအနည်းငယ်ခြားနေပြီး လေသံက အနိမ့်အမြင့်မရှိပေ။

သို့သော် သူ၏စကားကိုကြားပြီး ဆွန်းယင်၏မျက်နှာထက်၌ ဖျော့တော့သည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ ကျုပ် တခြားလူတွေကိုမပြောတာ သူတို့ကိုပါ ဒုက္ခ‌မရောက်စေချင်လို့ပဲ ။အထူးသဖြင့် ကျုပ်ရဲ့တပည့်လေးတွေပေါ့ ။ သူတို့သာဒီအကြောင်းကိုသိရင် ကျိန်းသေပေါက်ကျုပ်ကိုကာကွယ်ကြမှာပဲ။

အခန့်မသင့်ရင် သူတို့အသက်တွေပါဆုံးရှူံးရနိုင်တော့ ကျုပ်ဘယ်သူ့ကိုမှဖွင့်မပြောဖို့ဆုံးဖြတ်ခဲ့တာပဲ...”

သူ၏စကားမှာ မှန်ကန်ပြီး သူ့တပည့်များပါ သူအတွက်ဘေးဒုက္ခကျရောက်မည်စိုး၍ ထိုအကြောင်းကိုမည်သူ့ကိုမှမပြောဘဲ စံအိမ်အတွင်းအတူနေထိုင်သည့်တပည့်များကိုပင် မောင်းထုတ်ထားခဲ့ခြင်းဖြစ်သည် ။

ဆွန်းယင်က သူ၏သဘောထားကိုရှင်းပြလိုက်သော်ငြား လူငယ်၏မျက်နှာက ပြောင်းလဲခြင်းမရှိဘဲ အေးတိအေးစက်ပုံစံဖြင့်ပြန်ပြောလိုက်သည်။

“ ခင်ဗျား လုပ်ရပ်ကမှန်တယ် ...”

လူငယ်၏ တိုတောင်းပြက်သားသည့်စကားအဆုံး၌ သူတို့နှစ်ဦးစလုံးတိတ်ဆိတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကြသည်။

သည့်မတိုင်မီက လေးရက်လုံးလုံး ပူပန်သောကများစွာဖြင့် စိတ်ဒုက္ခရောက်ရသော်လည်း ယခုလိုသေခြင်းတရားကိုနဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရသည့်အခါ ဆွန်းယင်၏စိတ်ကထူးထူးခြားခြားတည်ငြိမ်နေပေသည်။

ဤသည်က သိုင်းလောကတွင်နှစ်‌ပေါင်းများစွာကျင်လည်ပြီးရရှိလာသည့်အလေ့အကျင့်တစ်ခုဖြစ်သလို သူ့ကိုသတ်ဖြတ်ရန်ရောက်လာသည့် လူငယ်ကိုမသတ်နိုင်ပါက သူသေဆုံးရမည်မှာ သေချာသလောက်ရှိပေသည်။

ထို့ကြောင့် ဆွန်းယင်၏စိတ်ကလည်း ထူးထူးခြားခြားတည်ငြိမ်အေးဆေးနေပြီး ဝတ်စုံနက်ဝတ်လူငယ်ကိုသာ စိုက်ကြည့်နေမိ၏။

သူ၏စိတ်ထဲတွင်တော့ လူငယ်၏ငယ်ရွယ်သည့်အသက်အရွယ်ကိုအံ့ဩနေမိသော်လည်း အထင်သေးဝံ့ခြင်းတော့မရှိပေ။

အကြောင်းကလူငယ်၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အန္တရာယ်အငွေ့အသက်ကို သူကောင်းစွာခံစားမိ၍ဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်ထိုလူငယ်မှာ လွန်စွာကြောက်စရာကောင်းသူတစ်ဦးပင်တည်း...။

ရုတ်တရက် သူတို့နှစ်ဦးစလုံးက ဓားကိုယ်စီဆွဲထုတ်လိုက်ကြပြီး စကားတစ်ခွန်းမှမဆိုကြဘဲ တစ်ယောက်ကို တစ်ယောက် ပြေးဝင်၍တိုက်ခိုက်လိုက်ကြသည်။

“ ထန်း...”

တိတ်ဆိတ်‌နေသည့်ပတ်ဝန်းကျင်၌ ဓားနှစ်လက်ထိတွေ့သံက ကျယ်လောင်စွာထွက်ပေါ်လာပြီး လူငယ်၏ဓားကိုင်လက်တစ်ခုလုံးထုံကျင်သွားသည်။

ဆွန်းယင်မှာ သာမန်သိုင်းထိပ်သီးတစ်ယောက်သာဖြစ်သော်လည်း ထိပ်တန်းလွန်အဆင့်သာရှိသည့်လူငယ်ထက်အတွင်းအားများစွာ သာလွန်နေသေးပေသည်။

ပထမဆုံးတိုက်ကွက်၌အသာစီးရမှုကြောင့် ဆွန်းယင်၏စိတ်ထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး နောက်ထပ်တိုက်ကွက်များကို အဆက်မပြက်ထုတ်ဖော်လာတော့သည်။

သူ၏ငွေလရောင်ဓားသုံးဆယ့်ခြောက်ကွက်က ဆွန်းယင်ကိုငွေဓားရှင်ဟူ၍ကျော်ကြားစေသည့်သိုင်းပညာတစ်ခုဖြစ်ပြီး ငွေရောင်သမ်းနေသည့်ဓားသွားက မီးရောင်အောက်တွင် တလက်လက်တောက်ပလျှက်ရှိသည်။။

ဝတ်စုံနက်လူငယ်က ပထမဆုံးတိုက်ကွက်အရေးနိမ့်ချိန်မှစ၍ တိုက်စစ်မဆင်နိုင်ဘဲ ရှောင်တိမ်းခုခံနေရသည်။

သူ၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်ရှိသည့်အတွက်ကြောင့်သာ ယခုအချိန်ထိ ထိခိုက်ဒဏ်ရာမရဘဲခုခံနိုင်ခြင်းဖြစ်ပြီး အတွင်းအားနှင့်သိုင်းပညာသီးသန့်သာဆိုပါက ဆွန်းယင်ကများစွာသာလွန်ပေသည်။

အထူးသဖြင့် အတွင်းအားကွာခြားမှုကြောင့် လက်နက်ချင်းမရင်ဆိုင်မိစေရန်သတိထားနေရခြင်းက လူငယ့်ကိုအရေးနိမ့်စေပြီး တိုက်ပွဲစတင်ချိန်မှတစ်လျှောက်လုံး အောက်စည်းသို့သာရောက်ရှိနေသည်။

သူတို့၏တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး တောက်ပသည့်ဓားရောင်များ၊ ထက်ရှသည့်ဓားလှိူင်းများက ပတ်ဝန်းကျင်တစ်ခုလူံးပျံ့နှံ့နေသည်။

အနီးအနားရှိသစ်ပင်ငယ်များမှာ ဓားလှိူင်းများကြောင့် အပိုင်းပိုင်စအစစဖြစ်ကုန်ပြီး တိုက်ပွဲဖြစ်နေသည့်နေရာတစ်ဝိုက်မှာ မုန်တိုင်းငယ်တစ်ခုဝင်မွှေသွားသည့်အလားရှုပ်ပွလျက်ရှိသည်။

လက်ရှိအချိန်၌ သူတို့၏တိုက်ပွဲက သိုင်းကွက်သုံးရာ‌ကျော်ရောက်ရှိလာပြီဖြစ်သလို လူငယ်၏ခန္တာကိုယ်ပေါ်တွင်အသေးစားဒဏ်ရာသူံးလေးခုပင်‌ထွက်ပေါ်နေပြီဖြစ်သည်။

ဒဏ်ရာမှနီစွေးသည့်သွေးများက စီးကျနေသော်လည်း ဖြူဖျော့အေးစက်သည့်လူငယ်၏မျက်နှာကပြောင်းလဲခြင်းမရှိဘဲ ဟန်အမူအယာကင်းမဲ့စွာဖြင့် ဆွန်းယင်ကိုဆက်လက်တိုက်ခိုက်နေသည်။

သို့သော်လည်း သိုင်းအဆင့်နိမ့်ကျနေမှုကြောင့် လူငယ်မှာ အောက်စည်းမှရုန်းမထွက်နိုင်သေးဘဲ သူ၏ကိုယ်ဖော့ပညာလွန်စွာထက်မြက်နေသည့်အတွက်ကြောင့်သာမဟုတ်ပါက ဆွန်းယင်၏ဓားကွက်အောက်တွင်အသက်ပျောက်ပြီးဖြစ်နေပေမည်။

ဆွန်းယင်မှာ တိုက်ခိုက်နေရင်းတစ်စုံတစ်ခုမှားယွင်းနေသည်ဟုစတင်ခံစားမိလာသည် ။

အကြောင်းက သူ့လို အတော်အသင့်ကျော်ကြားသည့် အဆင့်လွန်ထိပ်သီးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန်ရောက်လာသည်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့်လူငယ်တစ်ယောက်ဖြစ်နေကာ ထိုလူငယ်၏သိုင်းပညာကထူးချွန်သည်ဟုဆိုနိုင်သည့်တိုင်သူ့ကိုသတ်ဖြတ်ရန်မဆိုထားနှင့်အနိုင်ယူရန်ပင်မဖြစ်နိုင်သေးပေ။

သွေးနီတံခါးလိုကျော်ကြားလှသည့်အဖွဲ့အစည်းမျိူးတွင် အဆင့်လွန်ထိပ်သီးအဆင့်ရှိသူမရှိဟုပြောလျှင်မည်သူမှယုံကြည်ကြမည်မဟုတ်ဘဲ ယခုလို ထိပ်တန်းလွန်အဆင့်သာရှိသည့်လူငယ်တစ်ယောက်ရောက်လာသည်က အတော်ပင်ထူးဆန်းလှသည်။

တိုက်ခိုက်နေရင်း အာရုံတစ်ချက်ပျံ့လွင့်သွား၍ ဆွန်းယင်၏ဓားကွက်ထဲတွင် ဟာကွက်တစ်ခုပေါ်လာကာ တိုက်ပွဲကိုအပြည့်အဝအာရုံစိုက်ထားသည့်လူငယ်၏မျက်လုံးများကတောက်ပသွားသည်။

ထို့နောက် သူ၏ဓားက ဆွန်းယင်၏ဟာကွက်နေရာသို့အတိအကျတိုးဝင်လာပြီး အဆက်မပြက်ဖိအားပေးတိုက်ခိုက်နေသည့်ဆွန်းယင်မှာ ပထမဆုံးအကြိမ်အဖြစ်နောက်ဆုတ်ပေးလိုက်ရပေသည်။

“ ထန်း...ထန်း...”

ဓားချင်းထိခတ်သံများကအဆက်မပြက်ပေါ်တွင်လာပြီး အတွင်းအားနိမ့်ကျမှုကြောင့် အတွင်းဒဏ်ရာရကာ လူငယ်၏နှုတ်ခမ်းထောင့်စွန်းမှသွေးများပင်စီးကျနေပြီဖြစ်သည် ။

သို့သော် သူ၏မျက်နှာက ခံစားချက်အရိပ်အယောင်မတွေ့ရဘဲ ဟန်အမူအယာကင်းမဲ့နေဆဲဖြစ်ပြီး ဆွန်းယင်ကိုသာ အဆက်မပြက်တိုက်ခိုက်နေသည်။

တိုက်ပွဲ၏ရေချိန်ကပြောင်းလဲသွားပြီး အစောပိုင်းက တစ်ချိန်လုံးဖိအားပေးတိုက်ခိုက်နေသည့်ဆွန်းယင်မှာ တစ်ကွက်မှားပြီးနောက် အောက်စည်းသို့ပြန်ရောက်နေသည်။။

အကြောင်းကား တန်ပြန်တိုက်စစ်‌ဆင်နေသည့် လူငယ်၏ဓားကွက်များကလွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အတွက်ကြောင့်ဖြစ်ပြီး ဆွန်းယင်မှာ ခုခံရှောင်တိမ်းရင်းဖြင့် အောက်စည်းသို့ရောက်နေခြင်းဖြစ်သည်။

လူငယ်၏ဓားသိုင်းကပထမဆုံးအကြိမ်တိုက်ခိုက်စဉ်ကနှင့်ခြားနားစွာ ခုခံကာကွယ်မှုဟူ၍လုံးဝမရှိတော့ဘဲ တိုက်စစ်သီးသန့်သာတိုက်ခိုက်နေခြင်းဖြစ်သည်။

သူ၏ဓားကွက်များထဲတွင် ဟာကွက်အပြည့်ရှိနေပြီး ဆွန်းယင်အနေဖြင့် လူငယ့်ကိုအကြိမ်များစွာထိ‌ခိုက်အောင်လုပ်နိုင်သော်ငြား မလုပ်နိုင်ခဲ့ပေ။

ထိုဟာကွက်များကိုတိုက်ခိုက်လိုက်သည်နှင့်လူငယ်၏ဓားက သူ၏သေကွင်းသေကွက်နေရာများသို့တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ထိုသို့သောစွန့်စားမှုမျိုးကိုပြုလုပ်ရန် ဆွန်းယင်အနေဖြင့်မဆုံးဖြတ်နိုင်ဘဲဖြစ်နေသည် ။

ထို့ကြောင့် လူငယ်က တိုက်စစ်သီးသန့်ဓားသိုင်းဖြင့် ပြောင်းလဲတိုက်ခိုက်ပြီးနောက် သိုင်းကွက်ငါးဆယ်အတွင်း ဆွန်းယင်ကို အကြပ်အကျဉ်းထဲသို့ကျရောက်သွားစေခဲ့သည်။

သူတို့၏တိုက်ပွဲက ပို၍ရှည်ကြာလာပြီး ဓားနှစ်လက်ကလည်း အကြိမ်များစွာထိတွေ့ပြီးဖြစ်စည်။

ထိုသို့လက်နက်ချင်းထိတွေ့ရာမှတစ်ဆင့် ဆွန်းယင်၏အားကောင်းသည့်အတွင်းအားကြောင့် လူငယ်၏မျက်နှာက ပို၍‌ဖြူဖွေးလာပြီး သူ၏အတွင်းဒဏ်ရာက ပိုဆိုးရွားလာဟန်တူသည်။

သို့‌သော် လူငယ်က အလျော့ပေးနောက်ဆုတ်မည့်ပုံမရဘဲ ဆွန်းယင်၏သေကွင်းသေကွက်နေရာများကိုသာ တရကြမ်းဦးတည် တိုက်ခိုက်နေပေသည်။

ဆွန်းယင်လည်း တစ်ဖက်လူ၏ဓားကွက်များကြားတွင်ပိတ်မိ‌လာသည့်အတွက် ယခုပုံစံအတိုင်းဆက်သွားမည်မဖြစ်နိုင်တော့မှန်းသိ၍ အော်ဟစ်မာန်သွင်းကာ သူ၏ငွေလရောင်ဓားသိုင်းထဲမှအစွမ်းအထက်ဆုံးဓားကွက်ဖြစ်သည့် နှလုံး‌ဖောက်ဓားကွက် ကို ထုတ်ဖော်လိုက်တော့သည်။

“ ‌ယား...”

ဆွန်းယင်၏အော်ဟစ်မာန်သွင်းသံနှင့်အတူ သူ၏လက်ထဲမှဓားက လူငယ်၏ဓားကို ပြင်းထန်စွာရိုက်ဖယ်လိုက်သည်။

ဆွန်းယင်၏ဓားက လူငယ်၏ဓားကွက်ကို ဖောက်ထွက်လာပြီး သူ၏ရင်ဘက်ဆီသို့ ရိပ်ခနဲတိုးဝင်သွားသည့်အတွက် လူငယ်မှာ ရှောင်တိမ်းရန်အချိန်မရတော့သလို ခုခံရန်လည်းလွယ်ကူမည်မဟုတ်ပေ။

သို့ရာတွင် လူငယ်၏‌ အမူအယာကင်းမဲ့သည့်မျက်နှာကပြောင်းလဲခြင်းမရှိဘဲ သူ၏လှုပ်ရှားမှုများကိုရပ်တန့်လိုက်သည်။

“ ဟမ်....”

လူငယ်၏အပြုအမူကြောင့် ဆွန်းယင်တစ်ယောက်အံ့အားသင့်သွားသော်လည်း သူ၏လက်ထဲမှဓားက လူငယ်၏ရင်ဘက်အတွင်းသို့စိုက်ဝင်သွားပြီဖြစ်သည်။

သို့သော်လူငယ်က ဆွန်းယင်အံ့အားသင့်၍အနည်းငယ်တုံ့ဆိုင်းနေသည့်အချိန်လေးအတွင်း သူ၏ခန္တာကိုယ်ကိုအနည်းငယ်တိမ်းစောင်းပေးလိုက်ပြီး အေးစက်သည့်ဓားသံားက သူ၏နှလုံးဘေး တစ်လက်မနေရာမှကပ်၍စိုက်ဝင်သွားသည်။

“ စွပ်.. “

ဆွန်းယင်၏ဓားကလူငယ်၏ရင်ဘက်အတွင်းသို့ဝင်ရောက်သွားပြီး သူ၏ခန္တာကိုယ်က ယိမ်းယိုင်သွားသည်။

သူ၏တိုက်ကွက်ကိုလူငယ်ယခုလိုတည့်တိုးခံဆောင်မည်ကိုမျှော်လင့်မထားမိ၍ ဆွန်းယင်တစ်ယောက် အံ့အားသင့်သည့်မျက်နှာဖြင့်ရှိနေစဉ် ရိပ်ခနဲဝင်ရောက်လာသည့်လူငယ်၏ဓားကိုမြင်လိုက်ရပြီး ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်၏။

ထိုအခါမှ လူငယ်၏လုပ်ရပ်က ထောင်ချောက်တစ်ခုဖြစ်သည်ကို ရိပ်စားမိလိုက်ပြီး ဓားကိုလက်လွှတ်၍ရှောင်တိမ်းရန်ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ...။

“ ရွှပ်...”

ခပ်တိုးတိုးအသံတစ်ချက်နှင့်အတူ လူငယ်၏ဓားက ဆွန်းယင်၏လည်ပင်းကိုလှီးဖြတ်သွားခဲ့သည်

အံ့ဩရာမှ ထိတ်လန့်တုန်လှုပ်သည့်အမူအယာဖြင့်ရှိနေသည့် ဆွန်းယင်ကား သွေးများပန်းထွက်လာသည့်လည်ပင်းကိုအုပ်ကိုင်ရင်း သူ၏အမြင်အာရုံများမည်းမှောင်လာသည်ဟု ခံစားမိလိုက်ကာ နောက်သို့ဝုန်းခနဲလဲကျ‌သွားတော့သည်။

All Chapters