ဆရာ၏စစ်ဆေးမှု
Vol. 1 Ch. 104
ဆွန်းယင်ကို အောင်မြင်စွာသတ်ဖြတ်နိုင်လိုက်သော်လည်း လူငယ်၏အခြေအနေက မကောင်းလှပေ။
ဝုန်းခနဲ လဲကျသွားသည့်ဆွန်းယင်၏အလောင်းနှင့်ရှေ့ဆင့်နောက်ဆင့်ပင် လူငယ်၏ခန္တာကိုယ်ကလည်း ခွေခနဲဖြစ်သွားတော့သည် ။
လူငယ်က ဆွန်းယင်နှင့်အသက်လုတိုက်ပွဲအတွင်း အတွင်းဒဏ်ရာရရှိထားသည့်အပြင် နောက်ဆုံးတိုက်ကွက်မှ သူရရှိထားသည့်ဒဏ်ရာက သေလောက်သည့်ဒဏ်ရာကြီးဖြစ်သည်။
ထိုအခြေအနေမျိုးတွင်မည်မျှစိတ်ဓာတ်ခိုင်မာသူတစ်ဦးပင် မောဟိုက်ပင်ပန်းစွာဖြင့်လဲကျသွားမည်ဖြစ်သော်လည်း လူငယ်ကား စိတ်ကိုတင်းကာ လဲကျမသွားစေရန် ကြိုးစားလိုက်သည်။
ထို့နောက် လူငယ်က သူ၏လျှာကိုကိုက်၍သတိကိုပြန်စုစည်းလိုက်ရင်း ရင်ဘက်အတွင်း၌ မြုပ်ဝင်နေသည့်ဓားရှည်ကို အံတင်းတင်းကြိတ်ရင်းဆွဲထုတ်လိုက်သည်။
“ စွပ်.. “
ခပ်တိုးတိုးအသံနှင့်အတူ ဓားဒဏ်ရာမှ သွေးများအဆက်မပြက်စီးကျလာသည်။
သူ၏ရင်ဘက်အတွင်းသို့လေးလက်မခန့်မြုပ်ဝင်သွားသည့်ဆွန်းယင်၏ဓားရှည်က ခန္တာကိုယ်တစ်ဝက်ကျော်ကို ထိုးဖောက်သွားခဲ့သည်။
သို့သော် ဓားရှည်ရောက်မလာမီ မျက်တောက်တလတ်အချိန်လေး၌ အချိန်ကိုက်ရှောင်တိမ်းလိုက်မှုကြောင့် သူ၏နှလုံးနှင့် အရေးကြီးသည့်အင်္ဂါအစိတ်အပိုင်းများကိုတော့ ထိတွေ့သွားခြင်းမရှိပေ။
ဤသည်က သူငယ်စဉ်အချိန်ထဲကသင်ကြားခဲ့ရသည့်ပညာရပ်များထဲမှတစ်ခုဖြစ်ပြီး ရန်သူ၏တိုက်ကွက်ကို ထိတ်တိုက်ခံဆောင်ပြီး အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများကိုမထိရန် အကြိမ်များစွာလေ့ကျင့်ခဲ့ရသည်။
သူ၏ခန္တာကိုယ်ပေါ်ရှိ ဆယ်ခုထက်မနည်းသည့်အမာရွက်များက လေ့ကျင့်မှု၏သက်သေပင်။
ပြင်းထန်သည့်အတွင်းဒဏ်ရာနှင့် သွေးများဆုံးရှုံးမှုကြောင့် လူငယ်၏ဦးခေါင်းက မိုက်ခနဲဖြစ်သွားသော်လည်း သူ၏သတိကားရှိနေဆဲပင်။
လူငယ်က သွေးများအဆက်မပြက်စီးကျနေသည့်ဒဏ်ရာအနီးမှအကြောအနည်းငယ်ကိုထိုးပိတ်ကာ အင်္ကျီအတွင်းမှ အဖြူရောင်အမှုန့်အနည်းငယ်ကိုယူ၍ ဒဏ်ရာအတွင်းသိပ်လိုက်သည်။
ထိုဆေးမှုန့်က သူ၏ဒဏ်ရာမှသွေးထွက်ခြင်းကို လုံးဝတားဆီးမပေးနိုင်သော်လည်း သွေးထွက်လွန်၍ သေဆုံးခြင်းမှတော့ကာကွယ်ပေးနိုင်ပေ
မည် ။
လူငယ်၏အပြုအမူက ကိုယ့်အိမ်ကိုယ့်ယာရောက်နေသလို အေးအေးဆေးဆေးရှိလှကာ ထိုဖြစ်စဉ်တစ်လျှောက်လုံး သူ၏ခံစားချက်ကင်းမဲ့သည့်မျက်နှာက လုံးဝပြောင်းလဲမသွားပေ။
ထို့နောက် သူ၏ဓားကို ဓားအိမ်အတွင်းပြန်ထည့်၍ လဲကျသေဆုံးနေသည့် ဆွန်းယင်၏အလောင်းအနီးတွင်ထိုင်လိုက်သည်။
“ ခင်ဗျားနဲ့ကျုပ် ရန်ငြိုးရန်စမရှိပေမယ့် အလုပ်သဘောအရ ကျုပ်အလုပ်ကို အောင်မြင်အောင်လုပ်ခဲ့ရပါတယ် ။ ကျုပ်ကို နောင်ဘဝကျရင် ပြန်ပြီးလက်စားချေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျုပ်နာမည်က ယန်မင်ပါ...”
လူငယ်က ဆွန်းယင်၏ အံ့ဩထိတ်လန့်ဟန်ဖြင့်ပွင့်ဟနေသေးသည့်မျက်လုံးများကို လက်ဖြင့်သပ်၍ပိတ်ပေးလိုက်ပြီးခပ်တိုးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူ၏အင်္ကျီအတွင်းမှ အဖြူရောင်စာရွက်ကလေးတစ်ရွက်ကိုထုတ်၍ ဆွန်းယင်၏အလောင်းပေါ်သို့ပစ်ချလိုက်ပြီး ဥယျာဉ်အတွင်းမှ လျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။
လူငယ်ထွက်သွားပြီးအချိန်အနည်းငယ်အကြာ၌ ဆွန်းယင်၏အလောင်းနှင့်မလှမ်းမကမ်းရှိသစ်ပင်ကြီးတစ်ပင်ထက်မှ လူရိပ်တစ်ခု ခုန်ချလာသည်။
အနက်ရောင်ထိုလူ၏ကိုယ်ဟန်က လွန်စွာပေါ့ပါးပြီး ထွက်ခွာသွားသည့်လူငယ့်ထက်ပင် ကိုယ်ဖော့ပညာသာလွန်နေသေးသည်။
သူ၏မျက်နှာထက်၌ အနက်ရောင်မျက်နှာဖုံးတစ်ခုကိုတပ်ထားပြီး မျက်လုံးပေါက်မှမြင်နေရသည့် အေးစက်စက်မျက်လုံးအစုံတို့က တလက်လက်တောက်ပလျက်ရှိသည်။
အနက်ရောင်ဝတ်စုံဝတ်လူက သေဆုံးနေသည့်ဆွန်းယင်၏အလောင်းကိုစစ်ဆေးလိုက်ပြီး သူ၏အင်္ကျီအတွင်းမှ စာအုပ်တစ်အုပ်ကိုထုတ်ယူလိုက်သည်။
ထိုစာအုပ်ထဲ၌ နာမည်မည်မျှပါသည်ကိုမသိရသော်လည်း စာအုပ်ကအတော်ပင်ထူထဲသည်။
အနက်ရောက်ဝတ်စုံဝတ်လူက ဆွန်းယင်၏အလောင်းမှ သွေးအနည်းငယ်ကိုလက်ညိုးဖြင့်တို့လိုက်ပြီး စာအုပ်ထဲတွင်ရေးမှတ်ထားသည့်နာမည်များအနက် ဆွန်းယင်ဆိုသည့်နာမည်ကို သွေးဖြင့်တားလိုက်သည်။
ထို့နောက် စာအုပ်ကိုပြန်သိမ်းကာ လူငယ်ပျောက်ကွယ်သွားသည့်ဘက်သို့ကြည့်၍ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ ဒီကောင်လေးက အပိုအလုပ်တွေလုပ်တတ်ပေမယ့် အရည်အချင်းကတော့ ထိပ်တန်းပဲ။ သူ့ရဲ့သိုင်းအဆင့်မြင့်လာရင် ရွှေအဆင့်ကိုတိုးပေးဖို့ ခေါင်းဆောင်ကို အသိပေးရမယ်...”
အနက်ရောင်ဝတ်စုံဝတ်လူက တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အမှောင်ထဲသို့တိုးဝင်ကာ တစ္ဆေတစ်ကောင်ပမာ လျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့နံနက်၌ စံအိမ်နောက်ဘက်ဥယျာဉ်ထဲတွင် လဲကျသေဆုံးနေသည့် ဆွန်းယင်၏အလောင်းကို သူ၏တပည့်များရှာတွေ့သွားခဲ့ပြီး သိုင်းသင်တန်းကျောင်းတစ်လုံး ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံများ ၊ ဝမ်းနည်းစွာ ငိုကြွေးသံများဖုံးလွှမ်းသွားတော့သည်။
အလောင်းပေါ်တွင်တွေ့ခဲ့ရသည့် သွေးနီတံခါးပုံအမှတ်အသားအရ ဆွန်းယင်သေဆုံးခဲ့ခြင်းက သွေးနီတံခါး၏လက်ချက်ဖြစ်ကြောင်းသိနိုင်ပြီး ထိုအဖြစ်ကြောင့်စီးသန်းတစ်မြို့လုံးတုန်လှုပ်ချောက်ခြားသွားကြပေသည်။
ဤသို့ဖြင့် သွေးနီတံခါးကြောင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့်သိုင်းသမားစာရင်းတွင်ကား နာမည်တစ်ခု ထပ်တိုးလာပြီဖြစ်သည်။
&&&&
နံနက်ခင်း
ရွှေအိုရောင်အလင်းတန်းများက ကမ္ဘာမြေကြီးပေါ်သို့ဖြာကျနေစဉ် သိုင်းပညာလေ့ကျင့်သည့်မြေကွပ်လပ်၌ လူနှစ်ယောက်မျက်နှာချင်းဆိုင်ရပ်နေကြသည်။
အဝါရောက်သင်္ကန်းကိုဝတ်ဆင်ထားသည့် လွန်စွာတည်ငြိမ်သည့်မျက်နှာထားရှိသည့်ဘုန်းကြီးတစ်ပါးနှင့် အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ချောမောခန့်ညားသည့်လူငယ်လေးတစ်ယောက်တို့က ခြေဆယ်လှမ်းအကွာတွင်ရပ်၍ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေကြသည်။
ယနေ့နံနက်ခင်းက ရှောင်ယောင်အတွက် အရေးကြီးသည့်နေ့ဖြစ်၍ ဆရာတော်ရွှမ်းနန်နှင့် ကြွယ်ယန်၊ ကြွယ်စင်းတို့ပါ မလှမ်းမကမ်းရှိသစ်ပင်ကြီးအောက်၌ရပ်နေကြပြီး ရှောင်ယောင်တို့နှစ်ယောက်ကို ကြည့်ရှုနေကြသည်။
ဆရာတော်ရွှမ်းနန်က ရှောင်ယောင်ကို သိုင်းလောကထဲစေလွှတ်လိုသော်ငြား ဆရာတော်ရွှမ်းမင်က သူ၏စစ်ဆေးမှုရှိသေးသည်ဟုဆိုခဲ့သည့်အတွက် ယခုလိုဖြစ်နေခြင်းဖြစ်သည်။
“ ရှောင်ယောင် အသင့်ဖြစ်ပြီလား...”
ဆရာတော်ရွှမ်းမင်၏တည်ငြိမ်သည့်မေးခွန်းကြောင့် ရှောင်ယောင်လည်း အသက်ရှူနှုန်းကိုထိမ်းညှိကာ ခေါင်းညိမ့်ပြလိုက်သည်
စင်စစ် ရှောင်ယောင်သိုင်းပညာသင်ကြားခဲ့သည့်ဆယ်နှစ်လုံးလုံးတွင် သူ၏ဆရာနှင့်ယှဉ်ပြိုင်တိုက်ခိုက်တိုင်း ရှုံးနိမ့်ခဲ့သည်သာဖြစ်သည် ။
ဤသည်က ကြွယ်ယန်တို့နှစ်ယောက်ကို အမြဲလိုလိုအနိုင်ယူခဲ့ခြင်းအတွက်ဝဍ်လည်ခြင်းလည်းဖြစ်နိုင်ပြီး ရှောင်ယောင်ကား သူ၏ဆရာကိုတစ်ကြိမ်မှအနိုင်မယူနိုင်သည်က အမှန်ပင်ဖြစ်သည် ။
ဆရာတော်ရွှမ်းနန်က သူ၏အတွင်းအားကို ရှောင်ယောင်နှင့်တန်းတူသာထား၍တိုက်ခိုက်လေ့ရှိသည့်တိုင် သိုင်းဝိဇ္ဇာတစ်ယောက်၏ထိုးထွင်းသိမြင်မှု ၊ သိုင်းပညာရပ်များကိုနားလည်သဘောပေါက်မှုတို့က အဆင့်နိမ့်သူများထက်အဆများစွာသာလွန်ပြီး ဆရာတော်ရွှမ်းနန်လို များပြားလှသည့်သိုင်းပညာများကိုနှံ့စပ်ကျွမ်းကျင်သူတစ်ဦးကားပို၍ပင်အစွမ်းထက်နေသေးသည်။
ရှောင်ယောင်အတွက် အမြင့်ဆုံးစံချိန်က ဆရာတော်ရွှမ်းမင်၏သိုင်းကွက်တစ်ရာကို ခုခံနိုင်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲပြီးနောက်တွင်လည်း သုံးရက်ခန့်အိပ်ယာထဲလဲခဲ့ရသည်။
ရှောင်ယောင်၏အားသာချက်ဖြစ်သည့် အပြင်အားလမ်းစဉ်သည်လည်း အဆုံးစွန်ထိမရောက်သေးရာ ဆရာတော်ရွှမ်းမင်၏ သံမဏိခန္တာကိုယ်ကိုလိုက်မှီရန်များစွာလိုအပ်သေးသည်။
ထို့ကြောင့်လည်း သူတို့နှစ်ဦးယှဉ်ပြိုင်တိုင်း ရှောင်ယောင်တစ်ယောက် ရိုက်နှံ့ခံရခြင်းဖြစ်၏။
ထိုသို့ရိုက်နှက်ခံရတိုင်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ဝမ်းသာအားရကြည့်ရှုနေတတ်ကြသော်လည်း ယနေ့တွင်ကား ရှောင်ယောင်အနိုင်ရစေရန်ကြိတ်၍ဆုတောင်းနေမိကြ၏ ။
အကြောင်းက ဆရာတော်ရွှမ်းမင်၏အတည်တိုက်မည့်ပုံစံကြောင့် သူတို့စိုးရိမ်ပူပန်နေခြင်းဖြစ်ကာ ဆရာတော်ရွှမ်းမင်၏စစ်ဆေးမှုကိုသာ မအောင်မြင်ပါက ရှောင်ယောင်တစ်ယောက် သိုင်းလောကအတွင်းသို့ဆင်းခွင့်ရမည်မဟုတ်၍ဖြစ်သည်။
“ အစ်ကိုကြီး ကြိုးစားထား...”
ရုတ်တရက်ထွက်ပေါ်လာသည့် ကြွယ်ယန်၏ကျယ်လောင်သည့်အသံကြီးကြောင့် သူတို့အားလုံးအံ့အားသင့်သွားကြပြီး ဆရာတော်ရွှမ်းမင်၏လက်က ကြွယ်ယန်၏နဖူးပေါ်သို့ ဒေါက်ခနဲကျရောက်သွားတော့သည်။
“ တိတ်တိတ်နေစမ်း...”
သူ့ဆရာ၏မာန်မဲမှုကြောင့် ကြွယ်ယန်တစ်ယောက်ဇာတ်လေးပုသွားစဉ် ကြွယ်စင်းက ဆရာတော်ရွှမ်းနန်ကိုမေးလိုက်သည်။
“ ဆရာ အစ်ကိုကြီးက ဂိုဏ်းတူဦးလေးရွှမ်းမင်ကိုအနိုင်ယူနိုင်ပါ့မလား ။ မနေ့ကပြောတုန်းက စစ်ဆေးမှုဆိုပေမယ့် အခုက ဂိုဏ်းတူဦးလေးက တကယ်ကြီးတိုက်ခိုက်တော့မှာလေ...”
ပုံမှန်အချိန်များတွင် တိတ်တဆိတ်နေတတ်ပြီးစကားနည်းသည့်ကြွယ်စင်းပင် ရှောငခယောင်အတွက် ပူပန်မိသည်။
သူ၏စကားကြောင့် ဆရာတော်ရွှမ်းနန်၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး အေးဆေးစွာပြောလိုက်သည်။
“ စောင့်ကြည့်နေပါ။ ဒီနေ့ ရှောင်ယောင်ရဲ့ တကယ့်အစွမ်းအစကိုမြင်ရလိမ့်မယ်။ အရင်တုန်းက မင်းတို့နှစ်ယောက်နဲ့တိုက်ခိုက်တော့ သူက အစွမ်းကုန်သုံးထားတာလို့ထင်လို့လား...”
“ ဘယ်လို...”
ဆရာတော်ရွှမ်းနန်၏စကားအဆုံး၌ ကြွယ်စင်းတစ်ယောက် အံ့အားသင့်သည့်အသံထွက်လာရုံသာမက နီရဲနေသည့်နဖူးကိုပွတ်နေရင်း ကြွယ်ယန်၏မျက်လုံးများလည်းပြူးကျယ်သွားတော့သည်။
ထိုစဉ် ရှောင်ယောင်နှင့် ဆရာတော်ရွှမ်းမင်တို့၏ ခန္တာကိုယ်များက ပြိုင်တူရွေ့လျားသွားကြပြီး ပြင်းထန်သည့်တိုက်ကွက်များကစတင်ထွက်ပေါ်လာတော့သည်။
“ ဝုန်း...”
“ ဖြောင်း...”
ရှောင်ယောင်၏ခြေကန်ချက်က ဦးစွာဝင်ရောက်သွားသော်လည်း သူ၏ခြေထောက်ကိုပုတ်ထုတ်၍ တန်ပြန်ဝင်ရောက်လာသည့် ဆရာတော်ရွှမ်းမင်၏လက်ဝါးကို ရှောင်ယောင်တစ်ယောက် သေလုမြောပါးရှောင်တိမ်းလိုက်ရသည်။
ယခုအကြိမ်က ပထမဆုံးတိုက်ကွက်ဖလှယ်ခြင်းဖြစ်သော်လည်း ဆရာတော်ရွှမ်းမင်၏တိုက်ခိုက်ပုံက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
သူ၏လက်ဝါးဖြင့်ရိုက်ထုတ်ခံလိုက်ရသည့်ခြေထောက်တစ်ချောင်းလုံး ထုံကျင်သွားသော်ငြား ထိုမျှဖြင့်ရှောင်ယောင်ကို တားဆီးရန်လွယ်ကူမည်မဟုတ်ပေ။
“ အုန်း...”
ဝုန်း...ဝုန်း...”
ကျယ်လောင်သည့်အသံများက အဆက်မပြက်ထွက်ပေါ်နေပြီး သိုင်းပညာလေ့ကျင့်ရာမြေကွက်လပ်မှာ လေပွေတစ်ခုဝင်မွှေ့သွားသည့်အလား ဖုန်တထောင်းထောင်းထနေသည် ။
နှစ်ဦးစလုံးက မာကျောသည့်ခန္တာကိုယ်များကိုပိုင်ဆိုင်ထားကြသူများပီပီ အားအင်ပြင်းထန်သည့်သိုင်းပညာများကိုသုံး၍ တစ်ယောက်ကိုတစ်ယောက်ရင်ဆိုင်တိုက်ခိုက်နေကြသည် ။
လျှင်မြန်သွက်လက်သည့် လက်သီးရိပ်များ၊ အားအင်ပြင်းထန်သည့် လက်ဝါးရိုက်ချက်များနှင့် တစ်ချက်ထိရုံဖြင့် ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုသွေးပွက်ပွက်အန်သွားစေနိုင်သည့်ခြေကန်ချက်များက ရှောင်ယောင်ဆီမှထွက်ပေါ်နေသည်။
ယခုတိုက်ပွဲက သူ၏သိုင်းလောကသားတစ်ယောက်ဖြစ်ရန်ဆိုသည့်ရွည်ရွယ်ချက်အထမြောက် ၊ မမြောက် ဆုံးဖြတ်ပေးမည့်တိုက်ပွဲဖြစ်၍ ရှောင်ယောင်မှာ တတ်မြောက်သမျှသိုင်းပညာရပ်အားလုံးကို အိပ်သွန်ဖာမှောက်ထုတ်သုံးနေရသည်။