← Chapters

စစ်ဆေးမှုပြီးဆုံးခြင်း

Vol. 1 Ch. 105

စစ်ဆေးမှုပြီးဆုံးခြင်း

Vol. 1 Ch. 105

“ ဆရာ...အစ်ကိုကြီးရဲ့သိုင်းပညာက...”

ပြင်းထန်လှသည့်တိုက်ပွဲကိုကြည့်ရင်း အံ့အားသင့်တုန်လှုပ်နေသည့်ကြွယ်ယန်က တံတွေးတစ်ချက်မြိုချ၍မေးလိုက်မိ၏။

လက်ရှိအချိန်၌ ဆရာတော်ရွှမ်းမင်နှင့်ရှောင်ယောင်တို့က ပြင်းထန်အားကောင်းလှသည့်သိုင်းကွက်များဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေကြသည်။

သူတို့က ထိပ်တန်းအဆင့်အတွင်းအားကိုသာအသုံးပြုထားသည့်တိုင် သာမန်အ‌ဆင့်လွန်ထိပ်သီးများကိုလွယ်လွယ်ကူကူအနိုင်ရနိုင်သည့်အဆင့်ရှိပေသည်။

အထူးသဖြင့် သူတို့နှင့်ယှဥ်ပြိုင်စဉ်က ရှောင်ယောင်၏တိုက်ကွက်များနှင့် ယခုတိုက်ကွက်များက အတော်ပင်ကွာခြားနေပြီး ယခုအချိန်တွင် သူနှင့်ကြွယ်စင်းတို့ပူးပေါင်းတိုက်ခိုက်လျှင်ပင် ရှောင်ယောင်ကိုသိုင်းကွက်တစ်ရာမပြည့်မီရှုံးနိမ့်သွားနိုင်သည်။

ကြွယ်ယန်၏အံ့ဩတုန်လှုပ်နေသည့်ဟန်ကြောင့် ဆရာတော်ရွှမ်းနန်လည်း လေးနက်သည့်လေသံဖြင့်ပြောလိုက်သည် ။

“ ဒါက ငါပြောတဲ့ ကွာခြားမှုပေါ့။ မင်းတို့နှစ်ယောက်က ရှောင်လင်ရဲ့လူငယ်မျိုးဆက်မှာတော့ ထိပ်တန်းမှာရှိကြပါတယ် ။ ဒါပေမယ့် ရှောင်ယောင်လို ကြိုးစားပြီးအရည်အချင်းထူးချွန်လွန်းတဲ့သူတွေကိုတော့ မမှီနိုင်သေးဘူး။။

ပြီးတော့ သိုင်းလောကထဲကပါရမီရှင်တွေထဲမှာ ရှောင်ယောင်ထက်မနိမ့်ကျတဲ့လူတွေအများကြီးရှိလိမ့်မယ်...”

‌ဆရာတော်ရွှမ်းနန်၏ဆုံးမစကားကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးလက်သီးကိုတင်းတင်းဆုပ်လိုက်မိကြ၏။

ရှောင်ယောင်က သူတို့နှင့်ယှဉ်ပြိုင်သည့်ဆယ်နှစ်လုံးလုံးမည်သည့်အကြိမ်ကမှအစွမ်းကုန်မသုံးခဲ့သည်ကိုလည်းသဘောပေါက်လိုက်မိကြသည် ။

ကြွယ်ယန်နှင့် ကြွယ်စင်းတို့၏မျက်လုံးများကတလက်လက်တောက်ပနေပြီး အမူအယာက လေးနက်တည်ကြည်နေကြသည်။

ဤသည်က သူတို့အတွက် တွန်းအားတစ်ခုပင်ဖြစ်ကာ သူတို့၏ပန်းတိုင်အဖြစ် ရှောင်ယောင်ကိုအမှီလိုက်နိုင်ရမည်ဟု တိုင်ပင်မထားဘဲ အလိုလိုတွေးလိုက်မိကြသည် ။

ဤသည်က ရှောင်ယောင်ကို မနာလိုဖြစ်ခြင်းမဟုတ်ဘဲ လူငယ်တစ်ယောက်၏ ထက်သန်တက်ကြွသည့်စိတ်ဆန္ဒသက်သက်သာဖြစ်ပေသည် ။

“ ဝုန်း...”

“ ဝုန်း...”

ရှောင်ယောင်နှင့်ဆရာတော်ရွှမ်းမင်တို့၏တိုက်ကွက်များက မကြာခဏရင်ဆိုင်မိနေပြီး ကျယ်လောင်သည့်အသံများလည်းထွက်ပေါ်လျက်ရှိသည်။

ရှောင်ယောင်မှာ ရွှေဝတ်ရုံလွှာကျင့်စဉ်ကို လေ့ကျင့်နေသည်မှာ အတော်ပင်ခရီးရောက်နေပြီဖြစ်ပြီး သူ၏ခန္တာကိုယ်ကသာမန်လူများထက်မာကျောကာ အပြင်အားသည်လည်း လွန်စွာအားကောင်းနေပြီဖြစ်သည် ။

အပြင်အားနှင့်အတွင်းအားတို့ပေါင်းစပ်ထား၍ရှောင်ယောင်၏တိုက်ကွက်များကလွန်စွာအားကောင်းနေခြင်းဖြစ်ပြီး အဆင့်တူများဆိုလျှင် သိုင်းကွက်များစွာခုခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လည်း ရှောင်ယောင်ကထိပ်တန်းအဆင့်ဖြင့်သာမန်အဆင့်လွန်ထိပ်သီးများကိုအနိုင်ယူနိုင်စွမ်းရှိခြင်းဖြစ်ကာ ထိုသို့သောတိုက်ပွဲစွမ်းအားက သိုင်းလောက၏သမိုင်းတစ်လျှောက်တွင်ပင် လွန်စွာရှားပါးမည်ဖြစ်သည်။

အပြင်အားလမ်းစဉ်လျှောက်သူတစ်ဦးအနေဖြင့် တိုက်ပွဲတွင် အတွင်းဒဏ်ရာရခြင်း မောပန်းနွမ်းနယ်ခြင်း၊ အတွင်းအားကုန်ခမ်းခြင်းစသည့်အဖြစ်တို့ကိုစိုးရိမ်စရာလိုမည်မဟုတ်ပေ။

သို့တိုင် ဆရာတော်ရွှမ်းမင်၏တိုက်ကွက်များနှင့်ထိတ်တိုက်ရင်ဆိုင်မိတိုင်းသူ၏ခြေလက်များဆီမှ ထုံကျင်မှုကိုခံစားရမိသေးသည် ။

ရှောင်လင်၏သံမဏိခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်ထားသည့် ဆရာတော်ရွှမ်းမင်၏ခန္တာကိုယ်က ရှောင်ယောင်ထက်ပင်သာလွန်နေပြီး နောက်ပိုင်းတွင် ရှောင်ယောင်က သာလွန်‌သွားမည်ဖြစ်သော်လည်း ယခုအချိန်တွင်ကား ဓားလှံမတိုးသည့် ဆရာတော်ရွှမ်းမင်၏ခန္တာကိုယ်မှာ ရှောင်ယောင်ထက်များစွာမာကျောနေပေသည်

ဆရာတော်ရွှမ်းမင်က ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှအများစုကို ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားနိုင်သည့်အပြင် ဗုဒ္ဓလက်ဝါးသိုင်းလို ရှေးဟောင်းသိုင်းပညာအနည်းငယ်ကိုပါအောင်မြင်ထားသေးသည်။

သို့သော် ရှောင်ယောင်နှင့်တိုက်ခိုက်စဉ်တစ်လျှောက်လုံး တူညီသည့်သိုင်းပညာကိုသာအသုံးပြုနေပြီး ကျွမ်းကျင်အဆင့်ထိရောက်ရှိထားသည့်သူ၏သိုင်းကွက်များက ရှောင်ယောင်ထက်သာလွန်နေသည်ကို မေးနေစရာပင်မလိုပေ။

ဆရာတော်ရွှမ်းမင်က သူအသုံးပြုသည့်သိုင်းကွက်များကို တူညီစွာပြောင်းလဲအသုံးပြုနေ၍ ရှောင်ယောင့်အနေဖြင့်အနည်းငယ်အခက်ကြုံရသော်လည်း ယခုအဖြစ်က သူ့အတွက် အကျိုးရှိစေသည်။

အကြောင်းကား တူညီသည့်သိုင်းကွက်များကို အသုံးပြုနေသည့်ပြိုင်ဘက်က သူ့ထက်ကျွမ်းကျင်နေရာ ရှောင်ယောင်တစ်ယောက် မိမိ၏ ဟာကွက်ပျော့ကွက်များကို ပြန်မြင်လာခြင်းဖြစ်သည်။

ဤသည်က ရှောင်ယောင်အတွက် အမှားများကိုပြင်ဆင်နိုင်စေကာ ပို၍တိုးတက်စေပြီး ဆရာတော်ရွှမ်းမင်၏ စစ်ဆေးမှုရည်ရွယ်ချက်ပင်ဖြစ်သည် ။

တိုက်ပွဲစတင်သည်က အချိန်အတော် ကြာမြင့်နေပြီဖြစ်သလို သူတို့၏သိုင်းကွက်များကလည်းငါးရာကျော်လာပြီဖြစ်သည်။

ယခုအချိန်ထိ အားအင်လျော့နည်းခြင်းမရှိဘဲ ပြင်းထန်စွာတိုက်ခိုက်နေကြသည့်လူနှစ်ယောက်ကိုကြည့်ရင်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့က အံ့ဩမှုမှတပါး အခြားခံစားချက်များကို မတွေးနိုင်တော့ပေ။

ရှောင်ယောင်တို့၏တိုက်ပွဲက တိုက်ပွဲအစကလိုပြင်းထန်နေခြင်းဖြစ်ပြီး ရှောင်ယောင်သည်လည်း သူ့ဆရာ၏ရည်ရွယ်ချက်ကို ရိပ်မိ၍ အဖိုးစုသင်ပေးသည့်အရက်မူးခြေလှမ်းကို အသုံးမပြုဘဲ ရှောင်လင်သိုင်းပညာသီးသန့်ကိုသာအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်စည်။

သိုင်းကွက်ငါးရာမပြည့်မီက ရှောင်ယောင်အနေဖြင့် ဆရာတော်ရွှမ်းမင်ကို သူတစ်ပြန်ကိုယ်တစ်ပြန်ယှဉ်ပြိုင်နိုင်သေးသော်လည်း ကြာလာသည်နှင့် ဆရာတော်ရွှမ်းမင်၏တိုက်ကွက်များကို ရင်ဆိုင်ရခက်ခဲလာ တဖြေးဖြေးအရေးနိမ့်လာပြီဖြစ်သည် ။

သို့သော် ခံစစ်ကိုလုံခြုံစွာထား၍ ရွှေခေါင်းလောင်းသိုင်းကို အသုံးပြုနေသည့်ရှောင်ယောင်ကိုကား ဆရာတော်ရွှမ်းမင်လည်း အချိန်တိုဖြင့် အနိုင်ရဦးမည်မဟုတ်ပေ။

သို့ရာတွင် ဆရာတာ်ရွှမ်းမင်က သူ၏အတွင်းအားကို တစ်ဆင့်မြှင့်၍အသုံးပြုလာသည့်အခါ ရှောင်ယောင်လည်း လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပေ။

“ ဝုန်း..ဝုန်း...”

“ ဖြောင်း...”

ပြင်းထန်ကြမ်းတမ်လှသည့် ဝရဇိန်နတ်လက်ဝါးသိုင်း၏ လက်ဝါးရိုက်ချက်ငါးခုကိုခံရအပြီးတွင် ရှောင်ယောင်၏ခံစစ်က လုံးဝပြိုပျက်သွားရပြီး သူ၏ခန္တာကိုယ်က နောက်ဘက်သို့လွင့်စင်သွားသည်။

ဆရာတော်ရွှမ်းမင်၏လက်ဝါးချက်ထဲတွင်ပါဝင်သည့်အင်အားက သာမန်အဆင့်လွန်ထိပ်သီးတစ်ယောက်ကို အတွင်းဒဏ်ရာရစေနိုင်သော်လည်း ရွှေဝတ်ရုံလွှာသိုင်း၏ ကြွက်သားထိမ်းချုပ်ခြင်းအဆင့်ကိုရောက်ရှိနေသည့်ရှောင်ယောင်အတွက်ကား အနည်းငယ်နာကျင်စေရုံသာရှိသည်။

လက်ရှိ ရှောင်ယောင်က အရိုးမာကျောခြင်းအဆင့်ပြီးနောက် ၊ အကြောသန်စွမ်းခြင်း၊ ကြွက်သားထိမ်းချုပ်ခြင်းနှင့် အရေပြားသန့်စင်ခြင်းအဆင့်ဟူ၍ လေးဆင့်ရှိသည့်ရွှေဝတ်ရုံလွှာကျင့်စဉ်တွင် တတိယအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သံမဏိခန္တာကိုယ်ကျင့်စဉ်လို ဓားလှံမတိုးသည့်ခန္တာကိုယ်ကျင့်စဉ်မျိုးက အတွင်းအားနှင့်တွဲဖက်လေ့ကျင့်ရပြီး ရွှေဝတ်ရုံလွှာကျင့်စဉ်ကား အပြင်အားလမ်းစဉ်သီးသန့်ဖြစ်သည်။

အပြင်အားလမ်းစဉ်တွင်ပင် ကျင့်စဉ်ပေါ်မူတည်၍ လေ့ကျင့်ရသည့်ပုံစံကွဲပြားသွားပြီး ရှောင်ယောင်လေ့ကျင့်နေသည့်ရွှေဝတ်ရုံလွှာကျင့်စဉ်ကား ခန္တာကိုယ်အတွင်းပိုင်းကိုဦးစွာလေ့ကျင့်ပြီးမှအပြင်ပိုင်းကိုလေ့ကျင့်ရခြင်းဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးအဆင့်ဖြစ်သည့် အရေပြားသန့်စင်ခြင်းအဆင့်ကိုပြီးမြောက်မှ ဓားလှံမတိုးသည့်ခန္တာကိုယ်ကိုရရှိမည်ဖြစ်သော်လည်း ကျန်အဆင့်များကိုအောင်မြင်ခြင်းက အဆင့်လွန်ထိပ်သီးအဆင့်နှင့်တူညီသည်။

အကြောင်းကားအရိုးခိုင်မာခြင်းအဆင့်ကိုအောင်မြင်ထားသည့်ရှောင်ယောင်အတွက် သူ၏ခန္တာကိုယ်ရှိအရိုးအကြောများမှာ သံမဏိလိုမာကျောနေပြီဖြစ်ပြီး ခြေလက်များကို ဓားဖြင့်ခုတ်ဖြတ်လျှင်ပင် ပြက်တောက်နိုင်မည်မဟုတ်ပေ။

အကြောသန်စွမ်းခြင်းအဆင့်ကား သူ၏ခန္တာကိငယ်ရှိ အကြောအချင်များကိုအားကောင်းစေပြီး အသုံးပြုသမျှသိုင်းပညာရပ်တိုင်းကို သာမန်လူများထက် ပို၍ကောင်းစွာအသုံးပြုနိုင်ပေသည်။

ဤသည်က တတ်မြောက်ထားသည့်သာမန်သိုင်းပညာရပ်တစ်ခုကို ထိပ်တန်းသိုင်းပညာရပ်လိုအစွမ်းထက်အောင်ပြောင်းလဲပေးနိုင်သည့် ရှောင်လင်၏ရှေးဟောင်းကျင့်စဉ်တစ်ခုဖြစ်သည့်အကြောပြောင်းသိုင်းကျမ်းနှင့်ဆင်တူသော်လည်း အကြောပြောင်းသိုင်းကျမ်းကား ပို၍အစွမ်းထက်ပေသည်။

တတိယအဆင့်ဖြစ်သည့် ကြွက်သားထိမ်းချုပ်ခြင်းအဆင့်တွင်ကား ခန္တာကိုယ်ရှိကြွက်သားများနှင့်အလိုရှိသလိုထိမ်းချုပ်နိုင်၍ ထိုအဆင့်ကိုသာပြီးမြောက်သွားပါက အဆိပ်မှန်သမျှကိုခံနိုင်စွမ်းရှိလာမည်ဖြစ်သလို အတွင်းဒဏ်ရာရမည်ကိုလည်းစိုးရိမ်စရာမလိုတော့ဘဲ မိမိထက်အတွင်းအားမြင့်မားသူများနှင့်လည်းရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။

ရှောင်ယောင်က ကြွက်သားထိမ်းချုပ်ခြင်းအဆင့်ကိုရောက်ရှိနေသည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ မအောင်မြင်သေးပေ။

ပထမအဆင့်ဖြစ်သည့် အရိုးသန်စွမ်းခြင်းအဆင့်ကို နှစ်နှစ်အတွင်းအောင်မြင်ခဲ့သော်လည်း ကျင့်စဉ်၏နောက်ပိုင်းရောက်လေပို၍ခက်ခဲလေလေဖြစ်၍ ယခုလိုနှေးကွေ့နေသည်က သာမန်သာဖြစ်သည် ။

ရှောင်ယောင်လို သွေးကြောမကြီး‌ခြောက်ခုဖွင့်လှစ်ထားခြင်းမရှိသည့် သာမန်လူတစ်ယောက်သာ လမ်းစဉ်နှစ်ခုလုံးလျှောက်ရန်ကြိုးစားပါက သူ၏တိုးတက်မှုနှုန်းက လိပ်လိုနှေးကွေးသွားမည်ဖြစ်ပြီး မည်သည့်လမ်းစဉ်တွင်မှဖြစ်ဖြစ်မြောက်မြောက်ရှိမည်မဟုတ်ပေ။

ယခု ရှောင်ယောင်လည်း ဆရာတော်ရွှမ်းမင်၏လက်ဝါးချက်ကြောင့် နောက်သို့လွင့်စင်သွားသော်ငြား ချက်ခြင်းခုန်ထလိုက်ပြီး အဆင်သင့်ပြင်လိုက်သည်။

သို့သော် ဆရာတော်ရွှမ်းမင်ကသူ၏နေရာတွင်ရပ်ကာ ရှောင်ယောင်ကို တည်ကြည်လေးနက်သည့်အမူအယာဖြင့်ကြည့်ရှုနေသည်။

သူ၏ပုံစံအရ စစ်ဆေးမှုပြီးဆုံးသွားပြီဖြစ်မှန်းရိပ်စားမိ၍ ရှောင်ယောင်၏နှလုံးများ တဒိန်းဒိန်းခုန်လာမိသလို ခပ်လှမ်းလှမ်းမှရပ်ကြည့်နေသည့် ကြွယ်ယန်တို့ပင် စိတ်လှုပ်ရှားမိကြ၏။

ထို့နောက် ဆရာတော်ရွှမ်းမင်၏တည်ငြိမ်သည့်စကားသံက စတင်ထွက်ပေါ်လာသည် ။

“ မင်းက အတွင်းအားလမ်းစဉ်မှာ ထိပ်တန်းအဆင့်ကိုပဲရောက်သေးပေမယ့် တိုက်ပွဲစွမ်းအားအရ သာမန်အဆင့်လွန်ထိပ်သီးတွေကိူလွယ်လွယ်ကူကူအနိုင်ယူနိုင်တယ် ။

မင်းရဲ့အပြင်အားလမ်းစဉ်သီးသန့်ကလည်း ထိပ်တန်းလွန်အဆင့်သိုင်းသမားတစ်ယောက်နဲ့ညီမျှပြီး အတွင်းအားလမ်းစဉ်ပါပေါင်းရင် သာမန်ထိပ်သီးအဆင့်တွေ့ကိုအနိူင်ယူနိုင်မှာ ။

ဒါပေမယ့် ကြောက်စရာကောင်းတဲ့အဆင့်လွန်ထိပ်သီးတွေနဲ့တိုက်ခိုက်ရင် မင်းသေချာပေါက်ရှုံးနိမ့်ရမှာဖြစ်ပြီး သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဆိုရင်တော့ သိုင်းကွက်ဘယ်လောက်မှတောင်ခံနိုင်မှာမဟုတ်ဘူး ...”

ဆရာတော်ရွှမ်းမင်၏စကားသံက ဆက်လက်ထွက်ပေါ်နေသလို ရှောင်ယောင်၏စိတ်လှုပ်ရှားမှုများလည်းမြင့်တက်လာပြီး လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။

“ မင်းရဲ့အားနည်းချက်က သိုင်းပညာ‌လေ့ကျင့်ချိန်နည်းပါးသေးတာဖြစ်ပြီး ငါ့ရဲ့သဘောအရဆိုရင်တော့ နောက်လေးငါနှစ်ထပ်ပြီးလေ့ကျင့်စေချင်သေးတယ်။ ဒါဆိုရင် သိုင်းဝိဇ္ဇာတစ်ဝက်အအဆင့်တွေကိုတောင် မင်းကြောက်စရုမလိုတော့ဘူး...”

ဆရာတော်ရွှမ်းမင်၏စကားကမှန်ကန်ပြီး ရှောင်ယောင်အတွက်သိုင်းပညာနှင့်စတင်‌ထိတွေ့ခဲ့သည်မှာ ဆယ်နှစ်ခန့်သာရှိပြီး အတွင်းအားလေ့ကျင့်သည်မှာလည်း ရှစ်နှစ်သာရှိသေးသည်။

ထိုအချိန်အတောအတွင်း လမ်းစဉ်နှစ်ခုလုံးကို ထိပ်တန်းအဆင့်ထိရောက်ရှိနိုင်သည့်ပါရမီနှင့်အရည်အချင်းကလွန်စွာအံ့ဩဖွယ်ကောင်းလှပြီး တိုက်ပွဲစွမ်းအားအရ အဆင့်လွန်ထိပ်သီးများနှင့်ပင်တူညီနေသည် ။

ဆရာတော်ရွှမ်းမင်ပြောသလိုသာ နောက်ထပ်လေးငါးနှစ်သာထပ်မံလေ့ကျင့်ပြီးပါက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင်အနိုင်ယူနိုင်ပေမည် ။

သို့‌သော် ရှောင်ယောင်၏စိတ်ထဲတွင်ကား သိုင်းလောကတွင်ကျင်လည်လိုစိတ်ကြီးစိုးနေပြီး တစ်ညလုံးအိပ်မပျော်ခဲ့သည်အထိပင် ။

မည်သို့ပင်ဖြစ်စေ တည်ငြိမ်အေးချမ်းပြီး အပူအပင်ကင်းမဲ့သည့် ရှောင်ယောင်၏စိတ်ဓာတ်အရ မည်သည့်အရာကိုမှ မဖြစ်မ‌နေရဟူ၍ဆန္ဒပြင်းပြသည်မရှိဘဲ ဆရာတော်ရွှမ်းမင်က သိုင်းလောကထဲဆင်းခွင့်မပြုလျှင်လည်း ကြည်ဖြူစွာဖြင့်လက်ခံမည်ဖြစ်သည်။

ဆရာတော်ရွှမ်းမင်က သူ၏စကားကိုဆက်မပြောသေးဘဲ ရှောင်ယောင်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

ဘေးမှကြည့်နေကြသည့် ကြွယ်ယန်တို့ပင် မျှော်လင့်တကြီးဖြင့်စိတ်လှုပ်ရှားနေကြသော်လည်း ရှောင်ယောင်၏မျက်နှာကတော့ များစွာပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။

စင်စစ် ရှောင်ယောင်လည်း သိုင်းလောကထဲသို့ဆင်းလိုသည့်ဆန္ဒရှိပေသည်။

ယမန်နေ့က ဆရာတော်ရွှမ်းနန်က သူ့ကိုသိုင်းလောကထဲသို့ဆင်းခွင့်ပြုလိုက်ပြီဟုဆိုချိန်၌ သူ၏စိတ်ထဲတွင်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။

သို့သော်လည်း ယခု ဆရာတော်ရွှမ်းမင်၏ပုံစံအရ သိုင်းလောကအတွင်းစေလွှတ်လိုသေးဟန်မတူဘဲ ရှောင်ယောင်လည်း ပြန်၍တည်ငြိမ်သွားခြင်းဖြစ်ပေသည် ။

“ ဒီတော့ မင်းရဲ့သိုင်းအဆင့်ကနိမ့်ကျနေသေးပေမယ့် အတွေ့အကြုံရအောင် သိုင်းလောကထဲဆင်းခွင့်ပြုလိုက်မယ် ။

ဒါပေမယ့် ရှောင်လင်ကျောင်းရဲ့နာမည်ကိုသုံးပြီး မကောင်းတဲ့လုပ်ရပ်တွေလုပ်နေရင်တော့ ငါကိုယ်တိုင်မင်းကိုလိုက်ရှာပြီး ဆုံးမပစ်ရလိမ့်မယ်...”

ဆရာတော်ရွှမ်းမင်၏မျက်နှာထက်၌ အပြုံးရိပ်လေးတစ်ခုရှိနေပြီးသူ၏စကားကိုအဆုံးသက်လိုက်သည်။

မျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ ရှောင်ယောင်လည်း အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ချက်ခြင်းလိုလိုဒူးထောက်အရိုအသေပေး၍ ‌တည်ကြည်လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

“ စိတ်ချပါဆရာ ...ကျနော် သိုင်းလောကထဲမှာ လူအများအကျိူးကိုသယ်ပိုးတဲ့သိုင်းသမားကောင်းတစ်ယောက်ဖြစစေရပါမယ်ဘို့ ကတိပြုပါတယ်..”

ရှောင်ယောင်က ဒူးထောက်နေရာမှသုံးကြိမ်တိတိအရိုအသေပေးလိုက်သည်။

အရွယ်ရောက်ကာ ပညာပြည့်စုံနေပြီဖြစ်သည့် သူ့တပည့်ကိုကြည့်နေရင်းဆရာတော်ရွှမ်းမင်၏တည်ငြိမ်သည့်မျက်နှာထက်တွင်ပင်သဘောကျသည့်အရိပ်အယောင်များအထင်းသားမြင်တွေ့နေရသည် ။

တဖန် ရှောင်ယောင်လည်း ခပ်လှမ်းလှမ်းရှိသစ်ပင်အောက်သို့ကြည့်လိုက်သည့်အခါ သူ့ကိုအပြုံးမျက်နှာဖြင့်ကြည့်နေသည့် ဆရာတော်ရွှမ်းနန်နှင့် သူ့ကိုယ်စား ပို၍ပင်ပျော်ရွှင်နေဟန်တူသည့် ကြွယ်ယန်တို့နှစ်ယောက်ကိုပါမြင်လိုက်ရပေသည်။။

ထို့နောက် သူတို့အားလုံးကို နှုတ်ဆက်စကားပြောလိုက်ပြီး အဆင်သင့်ပြင်ဆင်ထားသည့်အဝတ်ထုပ်ကိုဆွဲကာ ရှောင်လင်ကျောင်း၏ရှေ့ဘက်တံခါးဆီမှထွက်လာခဲ့တော့သည် ။

ကြွယ်ယန်နှင့်ကြွယ်စင်းကား ရှောင်ယောင်အတွက် ပျော်ရွှင်ဝမ်းမြောက်မိကြသလို အားကျနေကြဟန်လည်းတူသည်။

ဆရာတော်ရွှမ်းနန်ကား ဆုံးမစကားအနည်းငယ်သာ‌ပြောပြီး သေးငယ်သည့်တာဝန်လေးတစ်ခုကိုပေး၍ သူ့ကို ကောင်းကောင်းမွန်မွန်နေထိုင်ရန်သာ မှာကြားလိုက်သည်။

ကျောင်းတော်ထဲတွင် ဆယ်နှစ်ခန့်နေလာခဲ့၍ ကျောင်းတော်ရှိလူတိုင်းက ရှောင်ယောင်ကိုမျက်မှန်းတန်းမိနေကာ တံခါးစောင့်တာဝန်ကျနေသည့် ဘုန်းကြီးများကပင် နှုတ်ဆက်စကားဆိုနေကြသေးသည် ။

ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့ရသည့် ကျောင်းတော်ကြီးကား ပုံမှန်အချိန်များလိုပင် တိတ်ဆိတ်အေးချမ်းနေဆဲပင်။

ရှောင်ယောင်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ရှောင်လင်ကျောင်းတော်ကြီး၏ဘက်သို့လှည့်၍ သူ့အပေါ်ကျေးဇူးရှိခဲ့ဖူးသူများကို မှန်းဆကာ သုံးကြိမ်တိတိဂါရဝပြုပြီးမှ တောင်အောက်သို့ဆသ်းလာခဲ့သည်

အားမာန်သစ်များဖြင့်ပြည့်ဝနေသည့် သူ၏ခြေလှမ်းများက တက်ကြွလျက်ရှိပေသည်။

&&&&

××××ရှောင်လင်ကျောင်းမှသိုင်းဗေဒါ ပထမတွဲ ပြီးပါပြီ ။

ဒုတိယတွဲကို ဆက်လက်စောင့်မျှော်ကြပါရန် ။ ×××

All Chapters