← Chapters

အခန်း (၁၂၆)

Vol. 11 Ch. 126

အခန်း (၁၂၆)

Vol. 11 Ch. 126

ချင်းရို့ကတော့ အလုပ်ဝင်ပြီး တစ်နှစ်အကြာမှာကလေးမွေးဖွားခဲ့သည်ဖြစ်ရာ ယခု သူမမှာလည်း လစာဝင်ငွေ ၃၆ယွမ်နှင့် သာမန်အလုပ်သမားတွေရဲ့ လုပ်ခနဲ့တူညီတဲ့ လစဉ်ထောက်ပံ့ကြေး ၈ယွမ်ရှိလေ၏။

အိမ်ထောင်မရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဆဲပင်။ ကန်တင်းမှာရှိတဲ့ စားသောက်ကုန် အမျိုးအစားအားလုံးအတွက် အခကြေးငွေက အတော်လေး ဆင်တူလေ၏။ တစ်လကို အများကြီးမစုနိုင်ပါချေ။

အကယ်၍ မင်းက တစ်လကို ၂၅ယွမ်လောက် သုံးမယ်ဆိုရင် မကြာခဏ အသားဟင်းစားနိုင်လိမ့်မယ်... မင်းက နည်းနည်းလေးပိုစုချင်တယ်ဆိုရင်တော့ သက်သက်လွတ်ပဲ စားနိုင်လိမ့်မယ်။ ဒီလိုဆို အစားအစာနဲ့ အဝတ်အထည်တွေအတွက် ၁၆၊ ၁၇ယွမ်လောက်ဆို လုံလောက်လေပြီ။

ထိုအခါ ဆပ်ပြာ၊ အဝတ်အထည်နှင့် သားရေဖိနပ်တွေ ဝယ်ရန်၊ အားလပ်ရက်တွေမှာ ရုပ်ရှင်သွားကြည့်ရန်၊ စာအုပ်တွေဝယ်ရန် အစရှိသည်တို့ကို အသုံးပြုနိုင်ပြီး လူလတ်တန်းစားဘဝလေးကို ဖြတ်သန်းနိုင်လေ၏။

အိမ်ထောင်ပြုလိုက်ရင်တော့ ကွဲပြားသွားပေလိမ့်မည်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ချင်ရင်တော့ အိမ်တံခါးကိုသော့ခတ်ပြီး ရှင်သန်ရမည်ပင်။

မည်သည့်ခေတ်ကာလတွင်မဆို သာမန်အလုပ်သမားတွေအတွက် အိမ်ထောင်ပြုခြင်းဟာ ဘဝနေထိုင်မှုကို ကျဆင်းစေလေသည်။

မင်းက ကန်တင်းက စားစရာတွေကို မစားဘဲ အိမ်မှာချက်ပြုတ်မယ်ဆိုရင်လည်း ငွေအများကြီးစုနိုင်မှာမဟုတ်ဘူး။

အသီးအရွက်တွေက တစ်ပေါင်ကို ဆင့်အနည်းငယ်သာရှိပေမယ့် အိမ်မှာ ချက်ပြုတ်ချင်တယ်ဆိုရင် ထင်းနဲ့ မီးသွေးတချို့ လိုအပ်ပေမည်။

ချင်းရို့က သူမအသုံးပြုခဲ့တဲ့ ထင်းနဲ့ မီးသွေး တစ်လစာကို တွက်ချက်ကြည့်နေလျက်။ သူမတို့အိမ်မှာတော့ နှစ်မျိုးစလုံးကို သုံးစွဲလေသည်။

သူမရဲ့ယောက္ခမတွေနှင့် အစ်မမိသားစုတို့ အိမ်မှာ ညစာစားဖို့လာကြတဲ့အခါ အိမ်မှာရှိတဲ့ မီးဖို နှစ်ခု၊ သုံးခုလုံးကို အသုံးပြုခဲ့သည်။ မီးသွေးနဲ့မီးဖိုကို ရေတည်ရာမှာ သုံးလေ့ရှိသဖြင့် တွက်ချက်ကြည့်ပြီးနောက် မီးသွေးဖိုး တစ်ရက်ကို ၄၊ ၅ယွမ် ကုန်ကျပြီး ထင်းအနည်းငယ်ကို ထည့်တွက်လိုက်ပါက မီးဖိုအတွက်ပဲ ၁၇၊ ၁၈ယွမ် ကုန်ကျစရိတ်ရှိနေခဲ့သည်။

ဤသို့ဖြင့် မီးဖိုအတွက်နဲ့တင် သူမရဲ့ တစ်လ လစာတစ်ဝက် ကုန်သွားမည်ဖြစ်ရာ အရမ်းဆိုးရွားလေ၏။ ထင်းမီး၊ ဆန်၊ ဆီ၊ ဆား၊ ဆော့စ်၊ ရှာလကာရည်၊ လက်ဖက်ခြောက်တွေအပြင် တစ်လ ၅ယွမ်နှုန်းနဲ့ ဆိတ်နို့ကိုလည်း မှာထားသေးသည်...

ကဲ... မိသားစုမှာ စရိတ်စကအများကြီးရှိတယ်နော်။

ဟုတ်ပါတယ်၊ မင်းကိုယ်တိုင် မီးဖိုစတည်ခဲ့မယ်ဆိုရင် ငွေစုနိုင်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးထားရင်လည်း ဟင်းသီးဟင်းရွက်ဖိုး ကုန်ကျသက်သာသလို ကြက်တွေမွေးထားခဲ့ရင် ကြက်ဥအတွက် စရိတ်သက်သာပေမည်။ သို့တည်းမဟုတ် သစ်သွားခုတ်မယ်၊ မီးသွေးသွားကောက်မယ်ဆိုပါကလည်း အသုံးစရိတ်တချို့ သက်သာပေလိမ့်မည်။

ခုတ်ထားပြီးသားထင်းနှင့် မခုတ်ရသေးတဲ့ထင်းရဲ့ ဈေးဟာ မတူကြပေ။ ငွေစုလိုပါက ဒီလိုအသေးအဖွဲကိစ္စတချို့မှာ နေ့တိုင်း လုပ်အားနှင့် ဖြေရှင်းရတတ်ပေသည်။

ချင်းရို့နှင့် လုယန်၊ ဝမ်ယွမ်ကျန်းနှင့် ရွှယ်ရှောင်ဟွေ့တို့ဟာ ကလေးမရှိသေးတဲ့ အသစ်စက်စက်စုံတွဲတွေကဲ့သို့ပင် သူတို့တစ်ယောက်စီတိုင်းက တစ်လကို အစားအသောက်လက်မှတ် ၃၀ကီလိုခန့် ရရှိကြရာ သူတို့က ဂျုံကောင်း၊ ဆန်ကောင်းတွေကို ဝယ်ယူကြပြီး ထမင်းဖြူနှင့် ဘန်းမုန့်ပေါင်းတွေကို နေ့တိုင်း စားနိုင်ကြသလို သူတို့ရဲ့ လစာ အပြည့်အဝသုံးနိုင်ကြ၏။

ဒါပေမယ့် ကလေးတွေရှိလာပြီဆိုရင်တော့ ဖိအားတွေ နှစ်ဆဖြစ်လာမယ်ဆိုတာ သေချာနေလေပြီ။

ချင်းရို့တို့မိသားစုအခြေအနေမှာ တော်တော်လေးကောင်းပေသည်။ ရှမင်ရှီးက သူမတို့ဆီမှာ မကြာခဏ အတူတူစားလေ့ရှိသလို သူ့အမေကလည်း စစ်တပ်မှာ အသုံးစရိတ်များစွာမရှိ၍ သူမက ရိက္ခာအနေနဲ့ တစ်လကို ယွမ် ၆၀ပေးပြီး တစ်ရက်ကို ပျမ်းမျှ ၂ယွမ်လောက်ကုန်ကျတဲ့ နို့မှုန့်နှင့် အဆာပြေမုန့်တချို့ကို မကြာမကြာ ပို့ပေးလေ့ရှိသည်။

ယခုခေတ် ရေအောက်ရေငုပ်သင်္ဘောတွေရဲ့ နေ့စဉ်စားသောက်မှုစံနှုန်းမှာ တစ်နေ့လျှင် ၂ယွမ်ကျော်ရှိတယ်လို့ ဆိုသော်လည်း သူတို့တွေက ဒီကုန်ကျစရိတ်အတွက် ပေးဆောင်ရန် မလိုအပ်ပေ။ လုပ်ခလစာမှာ တော်တော်များပေမယ့် ပင်လယ်ထဲတွင် အလုပ်လုပ်ရတာ ခက်ခဲပင်ပန်းသလို အန္တရာယ်မြင့်မားလေရာ နေရာကလည်း ကျဥ်းမြောင်းပြီး ငြီးငွေ့ဖွယ်ကောင်းသလို ဆူညံနေတတ်သည်။

သင်္ဘောပေါ်က အင်ဂျင်နီယာတွေအတွက်တော့ ၄၀ကနေ ၅၀ဒီဂရီအထိ အပူချိန်မြင့်မြင့်၌ အလုပ်လုပ်ရတာ မလွယ်ကူဘူးလေ။

သူမရဲ့ ယောက္ခမတွေဆီမှာ ပင်စင်လစာတွေရှိပြီး သူတို့က ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ကို အိမ်မှာ ပြုစုစောင့်ရှောက်ဖို့ ကူညီပေးခဲ့ကြ၏။ သူတို့မှာ အသုံးစရိတ်အများကြီးမရှိတဲ့အတွက် အမြွှာလေးတွေအတွက် နို့မှုန့်တွေအများကြီးဝယ်ပေးသလို အသားတွေ၊ နှမ်း၊ မြေပဲတို့ကိုလည်း မကြာခဏဆိုသလို ဝယ်ပေးလေ့ရှိပေသည်။

ယခုဆိုလျှင် တစ်လအသုံးစရိတ်နုတ်ပြီးတဲ့နောက် ချင်းရို့နှင့် လုယန်တို့မှာ ယွမ်၁၀၀ကျော်ပိုလျှံနေသေးတာကြောင့် သူတို့ရဲ့ဘဝလေးဟာ အတော်လေး အဆင်ပြေနေသည်ပင်။

ဤနည်းဖြင့် တွက်ချက်ကြည့်ပါက တစ်နှစ်ကို ယွမ် ၁၀၀၀ စုနိုင်ပေမည်။ လုယန် အိမ်ထောင်ပြုပြီးနောက်တွင် အိမ်ထောင်မပြုခင်ကလိုမျိုး ငွေစုနိုင်စွမ်းမရှိတော့ပေ။

"ဒါက ငါးကြင်းလား?"

"အဲဒါကို xxတပ်ခွဲက ဝယ်ပြီးသွားပြီ"

ဤနေရာတွင် စိုက်ပျိုးရေးခြံနှင့် ငါးဖမ်းကုမ္ပဏီများစွာရှိလေ၏။ ငါးဖမ်းတပ်ဖွဲ့တွေ ပြန်လာကြသည်နှင့် အဖွဲ့တိုင်းက ထောက်ပံ့ရေးပစ္စည်းတွေကို လာရောက်စုဆောင်းတတ်ကြသည်။ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း အစဥ်အတိုင်းယူတတ်ကြသည်ဖြစ်ရာ မြေပြင်တပ်ဖွဲ့က ကမ်းရိုးတန်းကို ဦးစားပေးထားပြီး သူတို့ကို ဦးစွာရွေးချယ်စေမည်ဖြစ်သည်။

"ကောင်းပါပြီ ရဲဘော်ရေ၊ ဒီအထဲမှာ ငါးဥတွေ ပါမပါကြည့်ဖို့ ကူညီပေးနိုင်မလားနော်? အထဲက ငါးဥတွေလိုချင်လို့..."

ချင်းရို့ ရဲတင်းစွာ မေးလိုက်သည်။

"ကောင်းပါပြီ"

ချင်းရို့က ငါးဥအိတ်ကြီးတစ်လုံးကို အိတ်ထဲထည့်ကာ ရေဘဝဲနှင့် မက်ကရယ်ငါးများစွာကို ယူလိုက်၏။ အနောက်မှ အမျိုးသမီးတစ်ယောက်က ချင်းရို့ မက်ကရယ်ငါးတွေ အများကြီး ဝယ်နေတာကိုတွေ့လိုက်တဲ့အခါ သူမရဲ့မျက်လုံးတွေ တွန့်သွားခဲ့သည်။

အနက်ရောင်ငါးတဖြစ်လည်း လူသိများတဲ့ မက်ကရယ်ငါးဟာ ကမာ၊ ခုံး၊ ပုစွန်တို့ထက် များစွာ အဖိုးတန်လေ၏။ လူအများစုကတော့ တရုတ်နှစ်သစ်ကူး ညစာစားပွဲအတွက်သာ စားနိုင်ကြပေသည်။

မက်ကရယ်ငါးမှာ အရိုးနည်းပြီး အသားပိုများ၍ ငါးအသားတွေကို ဖက်ထုပ်လုပ်ဖို့ သုံးနိုင်သလို၊ ဆားဖြင့် နှပ်ထားပြီး နေလှန်းထားနိုင်သည်။ ၄င်းကို ထမင်းအပေါ်မှာ ပေါင်းလိုက်တဲ့အခါ အရမ်းမွှေးပြီး အရသာရှိနေရောပဲ။

တစ်စုံတစ်ယောက်က မထိန်းနိုင်တော့ဘဲ စကားနည်းနည်းပြောလာခဲ့သည်။

"ရှောင်ချင်းရေ နင့်မိသားစုမှာ ကောင်လေးနှစ်ယောက်ပိုလာပြီဆိုတော့ နင် နည်းနည်းခြိုးခြံချွေတာပြီး နေတတ်ဖို့ သင်ယူရမယ်နော်"

ချင်းရို့ အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်သည်။

လီချင့်ဟွားလည်း ငါးတွေအများကြီးဝယ်လိုက်ရာ သူတို့ဘေးနားမှ အမျိုးသမီးတွေဟာ သူမကိုတွေ့တော့ ဒေါသထွက်သွားကြသည်။ ထိုအမျိုးသမီးတွေဟာ သားသမီးများစွာရှိပြီး ညစာဘာစားရမလဲဆိုပြီး သောင်းကျန်းတတ်ကြသည်။

"ဟွားဟွားရေ နင် တက်ကြွလာတာ သိပ်မကြာသေးဘူးနော်"

ဆံပင်တိုတိုနဲ့အမျိုးသမီးက မျက်ခုံးပင့်လျက် ပြောလာခဲ့သည်။

"နင် အရင်ကထက် ပိုပြီးလုံ့လဝီရိယရှိလာတာပဲ"

"ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ခြားနားတယ်လေ။ နျိုယဲ့က မကြာခင်မှာ ညီလေးတစ်ယောက်ရတော့မှာပဲနော်"

"သူ့မေမေက သူ့အတွက် ညီအကိုမောင်နှမတွေ များများပိုပေးပါစေကွယ်"

ချင်းရို့က လုယန်နှင့် လက်ထပ်ခဲ့ပြီး သူတို့ရဲ့ ဇနီးမောင်နှံဘဝဟာ ချိုမြိန်ပြီး ကြည်နူးဖွယ်ကောင်းလှ၏။ လူတော်တော်များများက သူမအား မနာလိုဖြစ်ကြသော်လည်း သူတို့အမြဲတမ်း မနာလိုအဖြစ်ရဆုံးလူကတော့ လီချင့်ဟွားပင်။

သူမဟာ လူတွေမျက်လုံးထဲက ဆူးတစ်ချောင်းဖြစ်နေလေရဲ့။

ချင်းရို့က ချောမောလှပပြီး အသံကောင်းသူဖြစ်သလို သူမက အနုပညာအဖွဲ့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး အနုပညာကျောင်းလည်း တက်ဖူးကာ အခုဆို ကြေငြာသူတစ်ယောက်တောင် ဖြစ်လာခဲ့လေပြီ။ သူမက ခြံဝင်းကိုလည်း ကောင်းစွာပြုစုဂရုစိုက်တတ်ပြီး အချက်အပြုတ်လည်း ကျွမ်းကျင်သူပင်။

ထိုကဲ့သို့သော ချင်းရို့ရဲ့ ရုပ်ရည်နှင့် အရည်အချင်းတွေကြောင့်... ဟုတ်တာပေါ့၊ လူအများစုက သူမကို မနာလိုဖြစ်နေရသော်လည်း သူမဟာ ဒီလိုဘဝမျိုးနေဖို့ ထိုက်တန်တယ်လို့ ခံစားခဲ့ကြရသည်။

သူတို့နဲ့အတူတူပဲဖြစ်တဲ့ လီချင့်ဟွားအတွက်မူ သူမဟာ လှပပေမယ့် ပညာမတတ်တဲ့ ကျေးလက်မိန်းကလေးဖြစ်သလို ကလေးတွေမွေးဖို့နေနေသာသာ အလုပ်လုပ်ဖို့ ပျင်းရိလွန်းသူဖြစ်သဖြင့် လူတော်တော်များများကို စိတ်မသက်မသာဖြစ်စေလေ၏။

နောက်ပိုင်းတွင် သူမက ဒါရိုက်ဘာတစ်ယောက်ဖြစ်လာခဲ့ရာ လူတွေကို ထိတ်လန့်စေပြီး မနာလိုဖြစ်စေခဲ့ပြန်သည်။

All Chapters