အခန်း (၁၂၉)
Vol. 11 Ch. 129
"မင်းလက်ထပ်ပြီးပြီလား? မင်းမိန်းမရဲ့ အဝတ်တွေကို လျှော်ဖွပ်ဖူးလား? မင်းမိန်းမအတွက် ဘန်းမုန့်ပေါင်းတွေ လုပ်ကျွေးပြီးပြီလား? သားသမီးတွေရဲ့ အနှီးကို မင်းလျှော်ပြီးပြီလား?"
ကျောက်ကျန်းဟုန် မဆိုင်းမတွပြောလာခဲ့သည်။
"ဒါက မိသားစုထဲက အမျိုးသမီးတွေ လုပ်သင့်တာပဲလေ"
"ဒါဆို လောင်လုက မင်းထက်အများကြီးသာတယ်ကွာ။ ငါသာ မိန်းမတစ်ယောက်ဆိုရင်တော့ လောင်လုကိုပဲ သေချာပေါက်လက်ထပ်မှာ"
ကျန်းချန်ပေ့ ဝန်မခံချင်ပေမယ့် သူသာ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် သူ့ဘေးအိမ်က လောင်လုကိုပဲ လက်ထပ်ချင်လိမ့်မည်ဖြစ်ကြောင်းကိုတော့ ရိုးရိုးသားသား ပြောရပေမည်။
လောင်လျိုကို လက်ထပ်ပြီး ပေါ့ပေါ့ပါးပါးနေရတာ ကောင်းတယ်ဆိုသော်ငြား သူကတော့ ရုပ်ရည်ပိုရှိတဲ့ လောင်လုကို ရွေးနေဦးမှာပဲ။
မဟုတ်သေးဘူး၊ နှစ်ယောက်စလုံးမကောင်းပါဘူးလေ၊ သူတို့တွေက သူ့ကို ဒုက္ခတွေဆောင်ကျဥ်းလာကြတဲ့ အယုတ်တမာကောင်တွေပဲ။
"ကြည့်လိုက် ဘေးအိမ်က လောင်လုက သူ့သားတွေရဲ့ အနှီးတွေကို လျှော်ဖွပ်ဖို့ ထွက်လာပြန်ပြီကွာ"
ကျန်းချန်ပေ့ ဘေးအိမ်က ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေ၏။ နတ်ဆိုးအကြောင်း ပြောနေရင်း နတ်ဆိုးရောက်လာလေပြီ။
"ဘာ?!!"
"မင်းကိုကြည့်လိုက်စမ်း၊ မင်း ဒီလောက်မိုက်မဲနေတာ မင်းလက်ထပ်မရသေးဘူးမလား? အိမ်ထောင်မပြုရသေးရင် လုယန်ဆီက ကောင်းချီးနည်းနည်းလောက် သွားယူလိုက်လေ"
"လု- လုယန်?"
ကျောက်ကျန်းဟုန်က အဝေးတစ်နေရာ ဘေးအိမ်က လူတစ်ယောက်ဟာ ခြံထဲဆင်းလာတာကို တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားရလျက်။
သူ့မိတ်ဆွေဟောင်းကြီးနဲ့ ဒီလိုမျိုးတွေ့ဖို့ သူ့စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားရသေးဘူးလေ။
လာသင့်တာကတော့ လာမှာပဲပေါ့။
ကျောက်ကျန်းဟုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးခြံဝင်းဆီသို့ လျှောက်သွားလိုက်၏။ လုယန်က အနှီးတွေလျှော်ဖွပ်နေဆဲ။
အမှန်တကယ်မှာတော့ လုယန်က ကျောက်ကျန်းဟုန်ကို သတိပြုမိသော်လည်း အတွေ့အကြုံရှိတဲ့ ဖခင်ကောင်းတစ်ဦးအနေဖြင့် သူ့သားတွေရဲ့ အနှီးတွေကို တတ်နိုင်သမျှ အမြန်ဆုံး လျှော်ဖွပ်သင့်သည်ပင်။ သူ အခုမှ စလျှော်ခါစဖြစ်သလို မကြာခင် ပြီးသွားတော့မှာပဲလေ။
"လောင်ကျန်းရေ မတွေ့ရတာ အတော်ကြာပြီကွာ"
မူလကတော့ ကျောက်ကျန်းဟုန်ဟာ လုယန်ကို တွေ့တွေ့ချင်း တိုက်ခိုက်ချင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လုယန်ကို ရိုးရိုးသားသား ပွေ့ဖက်လိုက်ပြီး သူ့ရဲ့ လက်မောင်းကို ပုတ်ကာ ပြောလိုက်၏။
"ညီအစ်ကိုရေ ငါမင်းကို မတွေ့ရတာ တော်တော်ကြာပြီကွာ၊ မင်း ငါ့ကိုတောင် မဆက်သွယ်ဘူးနော်"
- သူငယ်ချင်းဟောင်းတွေရဲ့ တွေ့ဆုံပွဲလေးပဲ...
သူတို့တွေ ဆိုးသွမ်းခဲ့ကြတဲ့အချိန်တွေကို မှတ်မိနေတုန်းပဲကွာ။
နှစ်အတော်ကြာ စစ်မှုထမ်းခဲ့တဲ့ သူ့လိုလူတစ်ယောက်အတွက်တော့ တစ်နှစ်ပတ်လုံး အိမ်ပြန်ခဲလေသည်။ သူတို့တွေက တစ်နေရာဆီ ကွဲကွာသွားခဲ့ကြသလို အချိန်အတော်ကြာ အဆက်အသွယ်မရှိတော့တဲ့ အခြေအနေရောက်သွားခဲ့ကာ သူ နေ့တိုင်းတွေ့နေခဲ့ရတဲ့သူတွေကတော့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေပင်။
ဤအချိန်တွင် အတိတ်က မိတ်ဆွေကောင်း ညီအစ်ကိုကောင်းတွေ ပြန်လည်တွေ့ဆုံကြတဲ့အခါ အမျိုးသမီးရေးရာကိစ္စတွေကို ခဏတာ ဘေးဖယ်ထားနိုင်လေ၏။
လုယန် ပြုံး၍ သူ့လက်ကို ရိုက်လိုက်ရင်း "မင်းလည်း ငါ့ကို မဆက်သွယ်ဘူးလေကွ"
"ဝင်ခဲ့ ငါ့အိမ်မှာလာထိုင်ဦး"
ကျောက်ကျန်းဟုန် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ရာ ခုနကအထိ သတိမထားမိသေးပေမယ့် အခုတော့ ခြံဝင်းက တကယ့်ကို လှပနေတာကို တွေ့လိုက်ရလေ၏။ လေတိုက်တဲ့အခါ လေထဲမှာ မွှေးကြိုင်တဲ့ ပန်းရနံ့တွေရှိနေပြီး လှမ်းကြည့်လိုက်တာနဲ့ ခြံထဲက ဒန်းပေါ်မှာ ပန်းလေးတွေ ဝေဝေဆာဆာ ယှက်နွယ်ဖူးပွင့်နေကြတာကို တွေ့မြင်လိုက်ရသည်။
ပွင့်ချပ်လေးတွေဟာ လေထဲမှာ တလှုပ်လှုပ်ယိမ်းနွဲ့နေပြီး နေရောင်အောက်တွင် မြက်ခင်းပြင်ဟာလည်း အထူးတလည် စိမ်းစိုတောက်ပနေလျက်။ ကျွန်းရဲ့ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူဖွေးဖွေးလေးတွေကြောင့် အရောင်အသွေးမှာ ထူးထူးခြားခြား ပိုမိုသန့်စင်နေပြီး လှပနေတာပဲ ဖြစ်နိုင်လေရဲ့။
အခြားတစ်ဖက်တွင် ဟင်းသီးဟင်းရွက်ဥယျာဥ်ရှိပြီး မဟူရာကျောက်လေးနဲ့တူတဲ့ ခရမ်းချဥ်သီးသေးသေးလေးတွေ၊ ခရမ်းရောင်ခရမ်းသီးတွေနှင့် အပြာရောင်သပွတ်သီးတွေရှိနေလေ၏။ ဆောင်းရာသီမှန်း သိသာထင်ရှားနေပေမယ့် ရိတ်သိမ်းမှုကောင်းမွန်နေဆဲ။
"ဒါ မင်းခြံလား?"
ကျောက်ကျန်းဟုန် လွန်စွာအံ့အားသင့်နေမိသည်။
"အင်းလေ ငါ့မိန်းမက လှလှပပလေး လုပ်ပေးထားတာပဲ"
လုယန်က သူ့ကို အိမ်ထဲဖိတ်ခေါ်လိုက်ပြီး "ငါ့မိန်းမက အခု သူ့အစ်မအိမ်သွားနေတာလေ၊ ငါ့အမေနဲ့အဖေက အိမ်ပြန်သွားတော့ အခု သားလေးတွေကို ကြည့်ဖို့အတွက် ငါတစ်ယောက်ထဲကျန်နေခဲ့တာ။ ငါ့သားတွေတော့ အိပ်ပျော်နေတယ်ကွာ"
ကျောက်ကျန်းဟုန်တစ်ယောက် လုယန်နှုတ်မှထွက်တဲ့ အသက်ဝင်လှစကားတွေကြောင့် စိတ်ရှုပ်ထွေးသွားရလျက် 'ငါ့မိန်းမ၊ ငါ့သားတွေတဲ့လား'
ပြီးတော့ စကားပြောနေတဲ့ ဒီကောင့်အမူအရာကလည်း... ဘယ်လိုပြောရမလဲ... နည်းနည်းလေးနူးညံ့နေသလိုပဲနော်။
သူက အသက် ၁၄၊ ၁၅နှစ် အရွယ်တုန်းက ဒီလူရဲ့ ကြမ်းကြုတ်တဲ့မျက်နှာထားကိုပဲ တွေ့ခဲ့ဖူးတာလေ။ အခု သူ့ရှေ့ကလူကတော့ ရင့်ကျက်လာပြီး ချောမောနေလိုက်တာ။ သူ့ဇနီးအကြောင်း ပြောလိုက်တာနဲ့ သူ့နှုတ်ခမ်းထောင့်က ထွက်ပေါ်လာတဲ့ အပြုံးလေးကြောင့် လူတွေကို မေ့လဲကျစေနိုင်တယ်ကွာ။
ကျောက်ကျန်းဟုန် အဆင်မပြေဖြစ်နေ
ချိန်တွင် နံရံပေါ်ရှိ ဓာတ်ပုံတွေကို မြင်လိုက်ရသည်။
လောင်လုရဲ့ အိမ်နံရံမှာ ဓါတ်ပုံတွေ အများကြီးရှိနေတာပဲ။ ဓာတ်ပုံထဲတွင် လုယန်ရဲ့ ဘေးမှာ အမျိုးသမီးတစ်ဦးရှိနေလေရာ မိတ်ဆက်ပေးစရာပင် မလိုတော့။ ဒါက သူ့မိန်းမ ချင်းရို့ပဲဖြစ်ရမယ်။
ဓာတ်ပုံထဲက အမျိုးသမီးဟာ ချောမောလှပသူဖြစ်ပြီး ချစ်စရာကောင်းစွာ ပြုံးထားလေသည်။ ဓာတ်ပုံတိုင်းတွင် လုယန်က သူမနှင့်အတူ ရပ်နေခဲ့ပြီး နှစ်ယောက်သား အလွန်ရင်းနှီးတယ်ဆိုတာ လိမ်ပြောစရာပင်မလိုပေ။ မျက်စိရှိတဲ့သူတိုင်း သူတို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာတွေကို မြင်နိုင်လေ၏။ သည့်အပြင် မိသားစုလေးယောက်ဓာတ်ပုံမှာ ပိုလို့တောင်သိသာပါသေးသည်။
ရုပ်တူတဲ့ သားနှစ်ယောက်ရှိနေတာပဲ...
ကျောက်ကျန်းဟုန်: "…"
သူ ခဏတာ ထိတ်လန့်သွားရကာ သူ့လာရင်းကိစ္စကိုတောင် မေ့လုမတတ်ဖြစ်သွားရလျက်။
သို့သော် ဤအခိုက်အတန့်တွင် အပြင်ဘက်မှ နူးနူးညံ့ညံ့အသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လုယန် လုယန် လုကောရေ လာပြီး ကြည့်ပါဦး၊ ကျွန်မတို့ သားလေးတွေအတွက် ချစ်စရာကောင်းတဲ့ အဝတ်သေးသေးလေးတွေ ပြန်ယူလာတယ်၊ မမလုပ်ပေးထားတာတွေလေ!!"
ချင်းရို့ ခြံထဲသို့ ပြန်ရောက်သည်နှင့် ရေစိုနေဆဲ အနှီးတွေကို တစ်ချက်ကြည့်လိုက်၏။ စုံထောက်ချင်းကတော့ အနှီအကြောင်းအရာရိုးရိုးလေးမှတစ်ဆင့် သူမရဲ့ ခင်ပွန်း အိမ်ပြန်ရောက်နေပြီဆိုတာ ကောက်ချက်ချလိုက်လေပြီ။
"ရှင် သိရဲ့လား၊ ကျွန်မ မူကြိုမှာ သွားကနေတာကိုလေ ကျွန်မအစ်မတောင် သိနေပြီ။ ရှက်စရာကြီးရှင်၊ ဒါပေမဲ့ ရှောင်ကျင်းရိက သူ့အဒေါ်, ကျွန်မကို သစ္စာဖောက်သွားတာပဲ"
ချင်းရို့ ပြောရင်းဆိုရင်း အိမ်ထဲဝင်လာခဲ့သည်။ သို့သော် သူမ အိမ်ထဲဝင်ပြီးတာနဲ့ ဧည့်သည်တစ်ယောက်ရှိနေတာကို တွေ့လိုက်ရလေ၏။
ချင်းရို့ - "..."
"မင်္ဂလာပါ ရဲဘော်"
အခန်းထဲမှာ လူစိမ်းတစ်ယောက် တကယ်ပဲ ထိုင်နေတာဖြစ်ပြီး ထိုသူလည်း အရပ်ရှည်သလို အလွန်တက်ကြွပုံပေါ်လေ၏။ သူ့တွင် နဖူးကျဥ်းကျဥ်းရှိပြီး အဝတ်အစားကို ကြည့်လိုက်ပါက သူလည်း အရာရှိတစ်ဦးဖြစ်မှန်းသိနိုင်ပေသည်။
လုယန်က သူမအား မိတ်ဆက်ပေးလာရာ "ဒါက ကိုယ့်သူငယ်ချင်းကြီး လောင်ကျောက်-ကျောက်ကျန်းဟုန်တဲ့"
"မင်္ဂလာပါ ရဲဘော်ကျောက်"
လုယန်က သူ့ဇနီးလေးရဲ့ ပုခုံးကို ဖက်လိုက်ပြီး ဆက်လက်၍ မိတ်ဆက်ပေးလာ၏။
"ဒါကတော့ ငါ့မိန်းမ ချင်းရို့"
"မနှစ်တုန်းက ငါ သူမကို ပထမဆုံးတွေ့တွေ့ချင်းမှာပဲ ချစ်မိသွားတာလေ။ မင်းသူငယ်ချင်းရဲ့ ၂၅နှစ်တာကာလအတွင်းမှာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာ အဲဒါပထမဆုံးအကြိမ်ပဲကွ။ သူမနဲ့တွေ့ပြီးတဲ့နောက် ငါ ပြန်ရောက်တဲ့အခါ လက်ထပ်ဖို့ လျှောက်လွှာ ချက်ချင်းတင်ပစ်လိုက်တာ"
"ဒီနှစ်တော့ ငါတို့ဆီမှာ ကလေးနှစ်ယောက်ရှိလာပြီ"
ကျောက်ကျန်းဟုန်လည်း သူ့ရှေ့မှ စုံတွဲကို ကြည့်လိုက်ပြီး သူ မည်သို့မည်ပုံ ခံစားနေရသလဲဆိုတာကို မပြောတတ်တော့ပေ။ သူ့ဦးခေါင်းနောက်ဘက်ကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်သလိုပင်။
ထို့နောက် မသိစိတ်အလျောက် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်လေ၏။
"မင်္ဂလာပါ မရီး၊ အဲ မဟုတ်သေးပါဘူး မဒမ်"
(T/N: sister-in-lawပဲသုံးထားတာဆိုတော့ မရီး/ခယ်မထဲက မရီးကိုပဲရွေးလိုက်ပါတယ်နော်။ ဟိုးအရှေ့နားမှာတုန်းက ပြောထားဖူးလို့လေ။ လုယန်က ကျောင်းတုန်းက သူ့ကိုယ်သူ စီနီယာလိုနေခဲ့လို့ သူ့နဲ့ သက်တူရွယ်တူအားလုံးနီးပါးက သူ့ကို တာ့ကောလို့ ခေါ်ခဲ့ရတယ်လေ၊ ပြီးတော့ အမှန်သိသွားတော့လည်း နှုတ်ကျိုးသွားပြီဖြစ်တယ်ဆိုလို့ပါ 😁)
"သူမက မင်းရဲ့မရီးပဲလေ၊ ငါ့အရှေ့မှာ မဒမ်လို့ ဘာလို့ခေါ်နေတာလဲကွာ ညီအစ်ကိုရေ?"
ကျောက်ကျန်းဟုန်: "…"