အခန်း (၁၃၁)
Vol. 11 Ch. 131
ကျောက်ကျန်းဟုန်က ချုံကျိုးကျွန်းသို့ ပြောင်းရွှေ့တော့မယ်လို့ ကြားသိရတဲ့အခါ လုယန်လည်း ထိုနေရာမှာရှိနေသည်ဖြစ်၍ ထန်ရို့ အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမက နှစ်ပေါင်းများစွာ အလိုလိုက်ချစ်ခင်ခြင်းခံခဲ့ရပြီး လက်ရှိဆေးရုံတွင် နေရတာလည်း ငြီးငွေ့လာခဲ့ပြီ။
ထန်ရို့က သူမရဲ့ အဝတ်အစားတွေနှင့် သူမရဲ့အသားအရေကို ကြည့်လိုက်သည်။ သူမရဲ့ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ အသားအရေ၊ ဆံပင်တွေဖြင့် လုယန်ရဲ့ လက်ရှိဇနီးနှင့် သွားရောက်နှိုင်းယှဥ်ပြပြီးတော့ သူ ဘယ်လောက်မျက်စိကန်းခဲ့သလဲဆိုတာကို သိစေလိုက်မယ်။
ထန်ရို့လည်း လုယန်ရဲ့ ဇနီး ချင်းရို့ကို ရွှံ့နွံထဲ တက်နင်းလိုက်မယ့်အကြောင်း စိတ်ကူးယဉ်နေလေ၏။ အနှီချင်းရို့ဟာ သူမရဲ့ အစားထိုးဟုတ်ဟုတ် မဟုတ်ဟုတ် သူမကတော့ ဒါကို အလေးအနက်ထားရမှာပဲလေ။
ဒီချင်းရို့က သူမလောက်မကောင်းကြောင်း၊ လုယန်ဟာ သူမနဲ့အတူတူမရှိနိုင်ခဲ့ရင်တောင်မှ သူမလောက် မတော်တဲ့မိန်းမတစ်ယောက်နဲ့ သူ လက်ထပ်ခဲ့ကြောင်း သိစေလိုက်မယ်လေ၊ အဲဒါက အကောင်းဆုံးပဲ မဟုတ်လား?
ဒီလူဆိုးကြီးကို နောင်တရစေချင်တယ်!
သူကန်းနေခဲ့လို့၊ သူမလို မိန်းမကောင်းတစ်ယောက်နဲ့ လွဲချော်ခဲ့ရလို့ သူ့ကို နောင်တရစေချင်တယ်...
ဒါပေမယ့် ရုတ်တရက်ကြီး... ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းတော့မှာတဲ့လား ? !
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ? !
ထန်ရို့ရဲ့ ချုံကျိုးကျွန်းကို သွားရတော့မယ့် အိပ်မက်လေးဟာ ပျက်စီးသွားလေပြီ။
ကျောက်ကျန်းဟုန်က သူမကို ကွာရှင်းလိုက်ရင် သူမ ချုံကျိုးကျွန်းကို မသွားနိုင်တော့ရုံသာမက သူမရဲ့ သာယာလှပတဲ့ဘဝလေးလည်း ဆုံးရှုံးသွားတော့မှာလေ။ ပိုကြောက်စရာကောင်းသည်မှာ ဆေးရုံရှိ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲ ဟာသဖြစ်သွားမှာကိုပါပဲ။
ဘုရားရေ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?
ထန်ရို့ ကျောက်ကျန်းဟုန်ကို ဆက်သွယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် ကျောက်ကျန်းဟုန်က သူမကို လျစ်လျူရှုခဲ့ပြီး သူမလည်း သူ့ကို ဆက်သွယ်လို့မရခဲ့ပေ။
"ကွာရှင်းတော့! မြန်မြန် ကွာရှင်းလိုက်စမ်း!"
"ထန်ရို့ အခု ငါ့မောင်က နင့်ကို ကွာရှင်းချင်နေပြီ၊ မြန်မြန်သဘောတူလိုက်တော့ဟဲ့။ ငါ့မောင်က နင့်လိုမိန်းမမျိုးကို မကြိုက်တော့ဘူး..."
ကျောက်မိသားစုလည်း ကျောက်ကျန်းဟုန်က နောက်ဆုံးမှာတော့ ထန်ရို့ကို ကွာရှင်းဖို့ ဆန္ဒရှိကြောင်း သိသွားကြတဲ့အခါ သူတို့အားလုံး ဂုဏ်ပြုရန် မီးရှူးမီးပန်းတွေတောင် ပစ်ဖောက်လိုကြ၏။
ဒီကလေးက နောက်ဆုံးတော့ ကြိုးပေါ်မှာ တွဲလောင်းချိတ်မနေတော့ဘူးပဲ။
ကျောက်ကျန်းဟုန် ကွာရှင်းရန် ဆန္ဒရှိလာပြီဆိုကတည်းက သူတို့ကလည်း သူတို့ကွာရှင်းစေဖို့အတွက် တတ်နိုင်သမျှနည်းလမ်းမျိုးစုံကို လုပ်ရပေမည်။ ဒီလူနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းခွင့် လုံးဝအခွင့်အရေးမပေးနိုင်ဘူးပဲ။
ကျောက်မိသားစုရဲ့ အမျိုးသမီးနှစ်ယောက်ဟာ ထန်ရို့ဆေးရုံမှာ အလှည့်ကျပြဿနာသွားရှာတတ်ကြပြီး ကွာရှင်းတော့မယ့် ဇနီးသည်တစ်ယောက်ဟာ ကျောက်မိသားစုနှင့် ဘာမှမသက်ဆိုင်တော့ကြောင်း ပြသရန်ပင်။ ပြဿနာပိုကြီးလေ ပိုကောင်းလေပဲပေါ့။
အရင်တုန်းက အကြီးဆုံးယောက်မကို အမြဲဆန့်ကျင်ခဲ့တဲ့ ထန်ရို့ဟာ အားကိုးစရာလူမရှိတော့ပေ။
ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အနှီစိတ်လှုပ်ရှားဖွယ်ကြီးကို အပျော်သဘော တိတ်တဆိတ် ကြည့်ရှုခဲ့ရာ သူမကို ပို၍ အရှက်ရစေခဲ့၏။
ထန်ရို့ သူမကိုယ်သူမ အားပေးလိုက်ရင်း ပြောလ်ုက်လေ၏။
"ဒါက နားလည်မှုလွဲနေတာပါ။ ကျောက်ကျန်းဟုန်က တစ်ခုခုကို နားလည်မှုလွဲနေတာပဲဖြစ်ရမယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ သူ ငါ့ဆီ ဖုန်းခေါ်ပြီး ချုံကျိုးကျွန်းကို သူနဲ့အတူတူလိုက်မလားလို့ မေးခဲ့တာလေ။ ဒါပေမဲ့ သူ့စိတ်က ၁ရက်၊ ၂ရက်အတွင်းမှာပဲ ပြောင်းသွားတာဆိုတော့ သူ ဟိုမှာ တစ်ယောက်ယောက်နဲ့တွေ့သွားပြီး တစ်ခုခုကို နားလည်မှုလွဲသွားတာပဲဖြစ်ရမယ်"
"ဟုတ်တယ် သူ လုယန်နဲ့ တွေ့သွားလို့ပဲဖြစ်ရမယ်။ လုယန်က ချင်းရို့နဲ့ လက်ထပ်လိုက်တာကိုလည်း သိသွားလို့ သူ ငါနဲ့ လုယန်ရဲ့ ဆက်ဆံရေးကို နားလည်မှုလွဲသွားတာဖြစ်မယ်..."
"ဟမ့်! ဒီကိစ္စတွေကို ငါမသိဘူးလို့ နင်ထင်နေတာလား? လုယန်ရဲ့ ဇနီးက သူ့အတွက် ဝဝကစ်ကစ်သားနှစ်ယောက် မွေးပေးထားတာဟဲ့။ သူတို့လင်မယားက အရမ်းချစ်ခင်ကြပြီးတော့ နင်နဲ့ဘာဆက်ဆံရေးမှမရှိဘူးဆိုတာ သိပြီးသား။ ငါတို့ ကျောက်မိသားစုက ဘာမှ နားလည်မှုလွဲမှာမဟုတ်ဘူးဟဲ့"
"နင် ငါတို့ကျွေးတာစား၊ ငါတို့မိသားစုကို အသုံးချပြီးတော့ ဒီနှစ်တွေထဲမှာ ငါ့မောင်အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသလား? ဟမ်! နင့်လိုလူမျိုးကို လက်ထပ်ခဲ့တာကိုက ငါ့မောင် ရှစ်ဘဝလောက် ကံဆိုးသွားခဲ့တာပဲ၊ အခု သူ သတိပြန်ဝင်လာခဲ့ပြီဆိုတော့ နင် ငါတို့ကျောက်မိသားစုကို ဘာဒုက္ခမှလာမပေးနဲ့တော့"
…
၁၉၇၃ခုနှစ် ဇန်န၀ါရီလကုန်တွင် ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ ၆လပြည့်ပြီဖြစ်၍ ချင်းရို့လည်း သူတို့လေးတွေကို ဖြည့်စွက်အစားအစာတွေဖြစ်တဲ့ ကြက်ဥအနှစ်သက်သက်၊ ကြိတ်ချေထားတဲ့ ငါးအသား၊ တို့ဖူး၊ ရွှေဖရုံသီးစသည်တို့ကို စတင်ကျွေးလာခဲ့၏။ ကလေးနှစ်ယောက်ကလည်း ဘာကျွေးကျွေး အားလုံးကို စားနိုင်ကြလေသည်။
ကလေးတွေက ဖြည့်စွက်စာတွေစားပြီးနောက် ချင်းရို့ ရှိနေခဲ့ရင် သူမရဲ့ရင်သားတွေကို လှမ်းဆွဲကာ ခဏလောက် နို့စို့ချင်နေကြပါသေးသည်။
"မင်းတို့အစားကြီးတဲ့သရဲလေးတွေ! အခုလေးတင် စားပြီးသွားကြတာမဟုတ်ဘူးလား?!"
"အား အား အား ! !"
ချင်းရို့က သူတို့လေးတွေကို ဖြည့်စွက်စာတွေကျွေးပြီးနောက် သူတို့စားသမျှတွေ အစာကြေစေရန်အတွက် နို့မတိုက်သေးသော်လည်း အနှီပေါက်စလေးနှစ်ယောက်ဟာ ဘာတွေဖြစ်နေမှန်းကို မသိတော့ပေ။ သူတို့ကလည်း စားဖို့ပဲသောင်းကျန်းနေကြလျက်။
"ဒီလောက်မြန်မြန်ကြီး အစာကြေသွားတာတော့မဟုတ်ဘူးမလား?"
ချင်းရို့လည်း ကလေးတွေကို ကြိတ်ချေထားတဲ့ ရွှေဖရုံသီးအနည်းငယ် ထပ်ကျွေးလိုက်ရာ ပေါက်စလေးတွေကလည်း စိတ်ပျက်လက်ပျက်နဲ့ စားလိုက်ပြန်သည်။
ယခုဆို ကလေးတွေက ထထိုင်နိုင်နေပြီဖြစ်သည်။ နေ့အပူချိန် တအားမြင့်တာကို စဥ်းစားမိသွား၍ ချင်းရို့က ကလေးတွေအား အနီရောင်ပုဝါလေးတွေ ဝတ်ဆင်ပေးလိုက်ပြီး ဓာတ်ပုံများစွာရိုက်ခဲ့ပေသည်။
တော်တော်လေးရုပ်ဆင်တူကြတဲ့ အမြွှာလေးနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြရာ မှန်ကြည့်နေသည့်အတိုင်းပင်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးကျယ်ကျယ်ဖွင့်ထားကြလျက် မျက်နှာချင်းဆိုင်က အကိုကြီး(ညီလေး)ကို ကြည့်နေခဲ့ကြပြီး သူတို့ပါးစပ်ထောင့်မှ သွားရည်တွေစီးကျလာကာ ဗလုံးဗထွေး ရေရွတ်သံတွေ ထွက်ပေါ်လာလေ၏။
"ကျိုးကျိုးရေ သားညီလေးကို သွားဖက်လိုက်"
"အာ အာ အာ..."
အနှီကလေးပေါက်စလေးတွေမှာ သွားတွေ စပေါက်လာပြီဖြစ်ရာ သူတို့ပါးစပ်ဖွင့်လိုက်တဲ့အခါ အောက်ဘက်မှ အချွန်အတက် သွားဖြူဖြူလေးနှစ်ချောင်း ထွက်ပေါ်လာသဖြင့် ရူးတူးတူးနဲ့ ချစ်စဖွယ်ကောင်းနေလေ၏။
ထိုသွားလေးတွေကြောင့် သူတို့ အမြဲလိုလို သွားရည်တွေယိုနေကြရသည်ပင်။ သူတို့ရဲ့ အနှီးတွေကို လျှော်ရရုံသာမက သွားရည်ခံလေးတွေကိုပါ လျှော်ဖွပ်နေရချေပြီ။
"မင်းမားမားရဲ့လက်မှာ တံတွေးတွေရွှဲအောင်လုပ်တယ်ပေါ့လေ၊ ဖက်ထုပ်လေးရေ... မင်းလူညစ်ကလေးကတော့... ဟမ် နေပါဦး... မင်းက အကြီးလေးပဲ"
"အစ်ကိုကြီးဆိုတာက ညီငယ်လေးအတွက် ဦးဆောင်လမ်းပြဖြစ်ရမယ်လေ"
ကလေးတွေဟာ နူးညံ့ဖြူစင်ကြလေသည်။ မနက်ခင်းတိုင်း ချင်းရို့က ကလေးတွေရဲ့ပါးပါးလုပ်ပေးထားတဲ့ ကလေးတွန်းလှည်းလေးထဲမှာ သားလေးနှစ်ယောက်ကို ထိုင်စေပြီး ခြံထဲမှာ ၁၀မိနစ်လောက် နေပူစာလှုံဖို့ ခေါ်သွားတဲ့အခါ တခြားမိသားစုဝင်တွေက မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိသည်။
အမြွှာလေးနှစ်ယောက်ဟာ လှလှပပလေး ကြီးပြင်းလာကြတာပဲလို့ သူတို့အားလုံး ပြောကြတာပဲ။
ချင်းရို့လည်း မှန်နေတာပဲလေလို့ သူမဘာသာတွေးနေမိလျက်။
သူမရဲ့ ပေါက်စလေးတွေဟာ အစားသမားတွေဖြစ်ကြကာ မဝကြသော်ငြား အတော်လေးသန်မာကြသည်။ သူတို့လေးတွေရဲ့အဖေနှင့် တူကြသည်ပင်။
မျက်နှာထက်တွင် ကလေးအဆီလေးတွေရှိနေပြီး လက်မောင်းတိုတိုလေးတွေဟာ ကြာရိုးအဆစ်နဲ့တူလေသည်။ သူတို့ရဲ့အသားအရေမှာ နူးညံ့ချောမွတ်နေပြီး အရိုးအဆစ်တွေ ကြီးမားသော်လည်း သူတို့ကိုပွေ့ချီထားတဲ့အခါ အရိုးလုံးဝမရှိသလိုမျိုး အသားပြည့်ပြည့်လေးတွေကိုသာ ခံစားမိပေသည်။
အကြောင်းသည်ကား သူတို့အဖေရဲ့ မျိုးရိုးဗီဇ အားကောင်းလွန်းသောကြောင့်ပင်။ အမြွှာနှစ်ယောက်စလုံးက လုယန်နှင့် တစ်ထပ်တည်းတူကြ၍ အပြင်လူတွေက ကလေးတွေကို တွေ့တဲ့အခါ မေးစရာပင်မလိုဘဲ ခေါင်းဆောင်လုရဲ့ သားတွေမှန်း သိကြသည်။
အမြွှာလေးတွေက လုယန်ရဲ့ အရပ်ပုပု၊ ချစ်စရာဗားရှင်းတစ်ခုပါပဲ။
ရလဒ်အနေဖြင့် ချင်းရို့က ယခု လုယန်ကို ကြည့်တဲ့အခါ သူဟာ လေးနက်လွန်းတယ်လို့ ခံစားနေမိတော့သည်။
ထို့ကြောင့် ချင်းရို့က လုယန်အား လေးနက်တဲ့မျက်နှာထားဖြင့် ပြောလိုက်လေ၏။
"ရှင့်အဖွဲ့သားတွေ ကလေးတွေကိုကြည့်ဖို့ ခဏခဏလာရင် အနာဂတ်မှာ သူတို့ ရှင့်အလုပ်တွေကို နှောင့်နှေးစေမှာလား? ကျွန်မအထင်တော့ ရှင်လည်း ကျွန်မတို့သားတွေလိုပဲ မိုက်မဲတာပဲနော်၊ လွယ်လွယ်လေးအရူးလုပ်လို့ရတယ်"
"ကိုယ်တို့သားတွေက မတုံးပါဘူးကွာ၊ သူတို့လေးတွေက ဘယ်မှာတုံးအမိုက်မဲလို့လဲ?"