← Chapters

အခန်း (၁၃၃)

Vol. 11 Ch. 133

အခန်း (၁၃၃)

Vol. 11 Ch. 133

လူတစ်ယောက်ဟာ အတွေးတွေများပြားလွန်းလာသည်နှင့်အမျှ သူတို့အတွေးတွေလည်း ပို၍ပင် ဆင်ခြင်တုံတရားကင်းမဲ့လာတတ်သည်။

ဘေးအိမ်က သားနှစ်ယောက်ဟာ သူ့သမီးထက် တစ်နှစ်လောက်ပဲ ကြီးတာကြောင့် သူတို့ထဲကတစ်ယောက်ကို သားမက်ရွေးချယ်လို့ရပေမည်။

သူ့တို့အဖေရဲ့ အသွင်အပြင်ကိုကြည့်လိုက်ပါက အနှီကလေးလေးနှစ်ယောက်ဟာ ချောမောမှာပဲဆိုတော့ ပြဿနာတစ်စုံတစ်ရာ မရှိပါချေ။

သူတို့လေးတွေက သူ့ရဲ့သားမက်ဖြစ်ဖို့ရာ ကောင်းမွန်လှတဲ့ ကိုယ်စားလှယ်လောင်းတွေပဲ၊ ပြီးတော့ ကလေးတွေက အနာဂတ်မှာ ငယ်ရည်းစားတွေဖြစ်ရင်လည်းဖြစ်လာမှာပေါ့လေ... သူတို့လေးတွေ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိလာနိုင်တာပဲ...

ဘေးအိမ်က လှန်းထားတဲ့ အနှီးနှစ်ထည်ဟာ သူ့ရဲ့အနာဂတ်သားမက်လောင်းတွေ ဖြစ်လာနိုင်တာပဲ။

ဖခင်တစ်ဦးအနေနဲ့ သူ့သမီးကို သူ့ဆီကနေ လုယက်သွားမယ့် ကောင်စုတ်လေးကို မကျေနပ်သော်ငြား ကလေးတွေကို အဖေက ထိန်းရတယ်လို့ ပြောထားကြသဖြင့် အနာဂတ်ကျ သူ့သမီးအစား ထိုကောင်စုတ်လေးက ကလေးတွေရဲ့ အနှီးတွေကို လျှော်ဖွပ်ပေးဖို့ ကူညီပေးမယ်ဆိုရင် သူ့ကို လက်ခံနိုင်ပါတယ်လေ။

ဒီလိုတွေးကြည့်တဲ့အခါ စိတ်ထဲမှာ နည်းနည်းလေး ပျော်ရွှင်သွားရလေပြီ။

ဒီအနှီးလေးတွေကို ပိုလို့တောင် မျက်စိပဒေသာဖြစ်လာချေပြီ။

ကျန်းမိသားစုနဲ့မတူစွာပင် လီချင့်ဟွားကတော့ သူမရဲ့ကလေးကို ကိုယ်ဝန်ဆောင်ပညာရေးမပေးပေမယ့် ကျန်းချန်ပေ့ အာ့ဟူတီးချိန်တိုင်း သူမလည်း လာကြည့်တတ်သည်။ ဘာပဲဖြစ်ဖြစ် သူမမှာလည်း ဘာမှလုပ်စရာမှမရှိဘဲ။

"အရမ်းကောင်းတယ်ဟေ့၊ ငါ့သမီးကိုလည်း နောင်တစ်ချိန်မှာ အာ့ဟူသင်ယူခွင့်ပေးမယ်"

လီချင့်ဟွားက လောင်ကျန်းရဲ့ အာ့ဟူကို အတော်လေးသဘောကျလေ၏။

ချင်းရို့လည်း ဖိတ်ခေါ်လိုက်ပါသေးသည်။

"နောင်ကျ ငါ့သားလေးနှစ်ယောက်နဲ့အတူတူ နင့်ကလေးလည်း တယောသင်လို့ရတယ်လေ"

"တယောက နားထောင်လို့မကောင်းပါဘူး"

လီချင့်ဟွားက လုယန် တယောတီးခတ်တာကို တစ်ခါမှ မကြားဖူးသေးပေ။

ချင်းရို့: "…"

အစ်မဟွားဟွားရေ နင် တစ်ခုခုတော့ အထင်လွဲနေပြီနော်...

ဝမ်ယွမ်ကျန်း မိသားစုဝင်းထဲသို့ ပြောင်းရွှေ့ပြီးနောက် သူ့ဇနီး ရွှယ်ရှောင်ဟွေ့ နှင့် လွန်စွာ ပလဲပနံသင့်ကြ၏။ ဝမ်ယွမ်ကျန်းမှာ မူလကတည်းက နူးညံ့ညင်သာသူတစ်ယောက်ဖြစ်ရာ ရွှယ်ရှောင်ဟွေ့နှင့် စကားများရန်ဖြစ်ခြင်းမရှိခဲ့။

သို့သော် အစားအသောက်နှင့် ပတ်သက်တဲ့ ပြဿနာသေးသေးလေးတော့ရှိနေပေသည်။

ဟုတ်ပါတယ်... အဲဒါက ပြဿနာကြီးတော့မဟုတ်ပါဘူးလေ...

ဝမ်ယွမ်ကျန်းက မိသားစုခြံဝင်းသို့ ပြောင်းလာလာချင်းမှာပင် ခြံထဲတွင် အဝါရောင်ငရုတ်ပင်ကို စိုက်ဖို့ ချက်ချင်းသင်ယူခဲ့သည်။ သူက အစပ်ကြိုက်သူဖြစ်၍ သူ့ဘဝရဲ့ အထူးခြားဆုံးဖြစ်တဲ့ ငရုတ်သီးကို အဆုံးရှုံးမခံနိုင်ပါပေ။

သူ့ဇနီး ရွှယ်ရှောင်ဟွေ့က ငရုတ်သီးကို မကြိုက်သလို မုန်းလည်းမမုန်းပေ။ သူမလည်း နေ့တိုင်း ငရုတ်သီးကို စားနိုင်သလို ချိုချိုချဥ်ချဉ်တွေကိုလည်း နှစ်သက်သောကြောင့် သူတို့နှစ်ဦးသား အစားအသောက် ကောင်းကောင်းစားကြလေသည်။

တစ်ခုတည်းသောအချက်မှာ သူ့ဇနီးလေးက အချဥ်စိမ်ထားတဲ့ ပင်လယ်စာအစိမ်း၊ ပုဇွန်အစိမ်း၊ ဂဏန်းအစိမ်း... စသဖြင့် စားရတာ နှစ်သက်သူပင်။

လောင်ဝမ်လည်း နှစ်ကြိမ်လောက် စားကြည့်မိတော့ အရသာရှိတယ်လို့ ထင်ပေမယ့် အဲဒါတွေကို တကယ်မစားချင်ခဲ့ပေ။ ထို့ကြောင့် သူ့ဇနီးလေးကို အိမ်မှာ ဒီလိုမျိုး စားခွင့်ပေးပြီးတော့ သူက ပင်လယ်စာပြုတ်နှင့် ငရုတ်သီးစပ်စပ်လေးတွေပဲ စားလိုက်၏။

ရှက်ရွံ့တတ်တဲ့ ရွှယ်ရှောင်ဟွေ့က ညစာစားပွဲမှာ ပုဇွန်ချဉ်ဘူးကို ဖွင့်လိုက်ပြန်လေပြီ။

လောင်ဝမ်: "..."

'အနံ့က ကောင်းပေမယ့် ငါ မစားချင်ဘူး၊ အချိန်ကြာလာတာနဲ့အမျှ ငါ ကျင့်သားရလာမှာပါလေ' လို့ လောင်ဝမ်တွေးနေမိလျက်။

မိသားစုခြံဝင်းဆီသို့ပြောင်းရွှေ့ပြီး နှစ်လအကြာတွင် သူ့ဇနီးလေး ရွှယ်ရှောင်ဟွေ့ထံမှ သတင်းကောင်းထွက်လာလေပြီ။ သူမက လုမိသားစုဆီမှ ကောင်းချီးတွေ ရရှိခဲ့၍ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရလာတာလို့ ပြောကြလေ၏။

ထို့အတွက်ကြောင့် လောင်ဝမ်တစ်ယောက် သူ့သူငယ်ချင်းကြီးကို အထူးတလည် ကျေးဇူးတွေတင်နေပါတော့သည်။

သူ့ဇနီးလေး ကိုယ်ဝန်ရှိပြီးနောက် ပုဇွန်ချဥ်အစိမ်းတွေ မစားနိုင်တော့တဲ့အခါ ဝမ်ယွမ်ကျန်းမှာ စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်နိုင်ခဲ့ချေ။

သူကတော့ အရင်လိုမျိုး အမြော်အမြင်ကြီးတဲ့ ယောကျာ်းတစ်ယောက်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားမှာဖြစ်ပြီး သူ့ဘိုးဘေးတွေရဲ့ အတွေ့အကြုံကို နက်နက်နဲနဲ နားလည်သဘောပေါက်ရပေမည်။

သူ့အတွက် ကောင်းသော်ငြား အရာရှိလုအတွက်ကတော့ စိတ်သောကရောက်စရာပါပဲ။

လုယန်က လောင်ဝမ်ရဲ့ အကောင်းဆုံးစီနီယာတစ်ယောက်ဖြစ်လာခဲ့၏။ လုယန်က မနှစ်ကမှ ဖခင်တစ်ဦးဖြစ်လာခဲ့ရာ အတွေ့အကြုံများစွာရှိသူပင်။ သူ့ဆီက မသင်ယူရင် သူ ဘယ်သူ့ဆီကနေ သွားသင်ရမလဲနော်?

"ကလေးမွေးခါစလေးက ဘာနဲ့တူလဲ?"

"ဆူညံကြလား? ကလေးထိန်းရတာ ခက်လား?"

"ကိုယ်ဝန်ဆောင်မိန်းမကို ငါ ဘယ်လိုဂရုစိုက်ရမလဲ?"

*

လုယန်တစ်ယောက် ဒီမေးခွန်းတွေကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရ၍ အနှီလောင်ဝမ်ကို သူထပ်မမြင်ချင်တော့ပေ။ လုယန်ကတော့ လောင်ဝမ်တစ်ယောက် မရပ်မနား စကားတွေပြောနေတာကို နားထောင်နေရခြင်းထက် တိတ်တဆိတ်နေတတ်တဲ့ ရဲဘော်လောင်မာနှင့်အတူ နေဖို့ပဲရွေးချယ်ပေမည်။

ကလေးတွေအကြောင်းပြောနေတယ်ပေါ့? ချီးပဲပြောလိုက်!

သို့သော် လုယန်က ဘယ်လောက်ပဲ လျစ်လျူရှုနေပါစေ ရဲဘော်လောင်ဝမ်ရဲ့ အပြုသဘောဆောင်တဲ့ သင်ယူလိုစိတ်ကို သူ မဖျက်စီးနိုင်ခဲ့ပေ။

"ကလေးအနှီးကို ဘယ်လိုလျှော်ရတာလဲ?"

"ငါ့ကို စမ်းလုပ်ခိုင်းကြည့်ပါလား?"

*

ခြံထဲ၌ ရဲဘော်လောင်ဝမ်က လုယန်လက်ထဲက အနှီးကို လုယူတော့မလိုပင်။ လုယန်က ဒေါသထွက်လွန်းသဖြင့် သူ့ကို မအောင်မြင်စေချင်တာကြောင့် မြန်မြန်လျှော်ဖွပ်ပြီးတာနဲ့ ထွက်သွားပါတော့သည်။

- ချီးပဲ၊ ဒီကောင်က ငါ့ဆီကနေ အနှီးတွေကိုတောင် လာလုချင်နေတာ။

ဘေးအိမ်က အမျိုးသားနှစ်ယောက်ဟာ အနှီးတွေအတွက် တိုက်ခိုက်နေကြရာ ကျန်းချန်ပေ့က သူတို့နှစ်ယောက်အား "သစ္စာဖောက်"ဆိုတဲ့အကြည့်နဲ့ ကြည့်နေခဲ့သည်။

ကမ္ဘာကြီးက ပိုမိုဆိုးရွားလာပြီး လူတွေရဲ့နှလုံးသားဟာ အရင်ကလောက် မကောင်းကြတော့ဘူးပဲကွာ... သူ ဒါမျိုးတစ်ခါမှမမြင်ဖူးသေးဘူး...

ဒါပေမယ့် သူ အခန်းထဲပြန်ရောက်တဲ့အခါ ပြန်တွေးကြည့်မိတော့ အနှီးတွေက သူ့ရဲ့အနာဂတ်သားမက်လောင်းလေးဟာ မဟုတ်ဘူးလား? ဒါဆို သူလည်း သွားလုသင့်သလားဟေ?

လောင်ဝမ်ရဲ့မိန်းမလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ မိန်းကလေးမွေးလာမှာလည်း ဖြစ်နိုင်တာပဲ။

ဒါဆို သူ လောင်လုနှင့် ကလေးတွေရဲ့စေ့စပ်ပွဲကို မြန်မြန်စီစဥ်ဖို့လိုနေပြီလား?

ကျန်းချန်ပေ့ တစ်ညလုံး ချီတုံချတုံဖြစ်နေလျက်။ တွေးကြည့်မိတော့မှပဲ သူ ဟိုဘက်အိမ်က အနှီးတွေကို သွားယူလို့မရသေးတာကြောင့် လက်လျှော့လိုက်ရလေသည်။

ယခုအချိန်တွင် တရုတ်နှစ်သစ်ကူးနီးလို့လာပြန်လေပြီ။ ၁၉၇၂ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်ပြီး နှစ်သစ်တစ်နှစ် စတင်တော့မည်ဖြစ်သည်။ အခြေအနေတွေက ခက်ခဲပေမယ့် နှစ်သစ်အတွက် လူတိုင်းက တက်တက်ကြွကြွ ပြင်ဆင်နေကြလေ၏။

ချင်းရို့က မက်ကရယ်ငါးနည်းနည်း ဝယ်ရုံတင်မကဘဲ ဝက်သားကိုလည်း များများလိုချင်ခဲ့သည်။ မနှစ်က သူတို့မိသားစုခြံဝင်းအဖွဲ့အစည်းတွင် ဝက်တွေမွေးထားခဲ့ရာ ဒီနှစ်မှာတော့ အိမ်ထောင်စုတိုင်း ဝက်သားခွဲတမ်းအများကြီးရနိုင်လေ၏။ ချင်းရို့က လုယန်အား ကြွေရည်သုတ်ဇလုံကြီးကို ကိုင်ထားစေကာ ဝက်သားအတွက် တန်းစီစောင့်ဆိုင်းစေခဲ့သည်။

မိသားစုဝင်အုပ်စုကြီးထဲတွင် လုယန်က အလွန်ထင်ရှားပေါ်လွင်လှတဲ့ ဇလုံကြီးကို ကိုင်ထားသူတစ်ယောက်ပင်။

"ရှောင်လုရေ မင်းရဲ့မိန်းမရော ဘယ်မှာလဲ?"

"ဘယ်လိုအသားရွေးမှာလဲ?"

"ရှောင်ချင်း ဒီနေ့ အိမ်မှာ မရှိဘူးလား?"

*

ဝက်ဗိုက်သားဇလုံကြီးကို ယူပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ လုယန်က သူ့ဇနီးလေးအား ပြောလိုက်သည်။

"နောက်နှစ်ကျ မင်းကိုယ်တိုင်ပဲ ဝက်သားသွားယူလိုက်နော်"

"အင်းပါ ကျွန်မက ပြန်မသယ်လာနိုင်မှာစိုးလို့..."

"ဒါဆို အတူတူသွားကြတာပေါ့"

"ကောင်းပြီ! ကလေးလေးတွေကိုပါ ခေါ်သွားကြမယ်လေ"

နောက်နှစ်ဆို သူတို့ရဲ့ ကလေးတွေ လမ်းလျှောက်နိုင်တော့မှာပဲလေ။ နှစ်သစ်ကူးမှာ အသားခွဲဝေခြင်းလိုမျိုး သက်ဝင်လှုပ်ရှားစရာကောင်းတဲ့ အချိန်အခါကို အတူတူဆင်နွှဲကြဖို့အတွက် မိသားစုတစ်စုလုံး စည်းရုံးသင့်တာပေါ့။

အဲဒီအချိန်ကျရင် သူတို့ဇနီးမောင်နှံက ဝက်သားအိုးကြီးကို သယ်မယ်၊ ကလေးတွေက အိုးသေးသေးလေးကို သယ်ကြပေါ့...

ယခုနှစ်တွင် အသားများများပိုရခဲ့သည်ဖြစ်ရာ ချင်းရို့လည်း ဝက်အူချောင်းတချို့ကို ကင်ဖို့ စီစဥ်ထားပေမယ့် ရာသီဥတုကြောင့် ဒီနေရာမှာ ဝက်အူချောင်းကင်တွေက အရသာအရမ်းကြီးရှိမှာမဟုတ်လောက်ပေ။

နောက်နှစ်ကျမှပဲ ကွမ်ချန်မှ ဝက်အူချောင်းတစ်ချို့ဝယ်ခိုင်းဖို့ တစ်ယောက်ယောက်ကို မှာလိုက်တာပဲ ပိုကောင်းပါတယ်လေ။

"*ဖောဖော ဒီနှစ် ကိတ်မုန့်ကြော်လုပ်ကြရအောင်နော်"

(*ချွေးမက ကိုယ့်ယောကျ်ားရဲ့အမေကို ခေါ်တဲ့အခေါ်အဝေါ်ပါ တစ်နည်း ယောက္ခမပေါ့နော်)

"ဂေါ်ဖီချဉ်ယူဖို့ ဟွားဟွားအိမ်သွားလိုက်ဦးမယ်၊ ကျွန်မ ဂေါ်ဖီထုပ်ချဉ်နဲ့ ဝက်စတူးကြာဇံ လုပ်ပေးမယ်နော်"

တရုတ်နှစ်သစ်ကူးအတွင်း သူတို့တွေ လတ်လတ်ဆတ်ဆတ်ဝက်သားကို စားနိုင်မည်ဖြစ်သလို ဝက်သားဖက်ထုပ်တွေလည်း ပြုလုပ်နိုင်ရုံတင်မက ဝက်သားလုံးတွေလည်း လုပ်စားလို့ရပြီး ဝက်သားနှပ်၊ ဝက်နံရိုးချိုချဥ်နှင့် စားလေ့စားထမရှိတဲ့ လိုင်ချီးနှင့်ဝက်သားချိုချဥ် စတဲ့ဟင်းလျာတွေကို စားနိုင်ပေမည်။

All Chapters