← Chapters

အခန်း (၂၅၆၆-၂၅၆၈)

Vol. 108 Ch. 2566-2568

အခန်း (၂၅၆၆-၂၅၆၈)

Vol. 108 Ch. 2566-2568

အပိုင်း (၂၅၆၆)

မွန်းစတားဗိုလ်ချုပ်မှာ အသက်ရှင်ခွင့် ရလို့ရငြား ခေါင်းထဲပေါ်လာသည့်အရာကို ကောက်ပြောလိုက်ခြင်းသာ ဖြစ်သော်ငြား ရန်ကိုင့်၏လှုပ်ရှားမှု ရပ်တန့်သွားသည်ကိုမြင်သော် မွန်းစတားဗိုလ်ချုပ်မှာ မျှော်လင့်ချက်လင်းရောင်ခြည်ကို တွေ့လိုက်ရသည့်အလား ချက်ချင်း ထပ်၍ ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ဆရာ… ကျုပ်မှာ လက်အောက်ငယ်သားတွေရှိပါတယ်… သူတို့ကိုသာ လိုက်ပြီး ရှာခိုင်းလိုက်မယ်ဆိုလို့ရှိရင် ဆရာတစ်ယောက်တည်း ရှာနေတာထက် အများကြီး ပိုလွယ်ကူသွားမှာပါ…”

(ဒါလည်း ဟုတ်တာပဲ…)

ရေခဲနှလုံးသားတောင်ကြားမှ တတိယအကြီးအကဲကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား လာတွေ့ရပြီ ဖြစ်သည့်အတွက်ကြောင့် ဤအတိုင်း မျက်ကွယ်ပြုထား၍လည်း မဖြစ်နိုင်။ သို့သော်ငြား တတိယအကြီးအကဲ၏ လှုပ်ရှားမှုပညာရပ်မှာ အလွန်ကိုမှ ထူးဆန်းလှသလို သူမ၏ ကိုယ်ပျောက်ပညာရပ်မှာလည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူနှင့် ကျန်းရို့ရှီ နှစ်ယောက်တည်းသာ လိုက်ရှာနေမည်ဆိုပါက မည်သို့ပင် ကြိုးစားနေစေကာမူ တတိယအကြီးအကဲကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်။ သို့ရာတွင် မွန်းစတားဗိုလ်ချုပ်၏ လက်အောက်ငယ်သားများ၏ အကူအညီကိုသာ ရလိုက်မည်ဆိုပါက တတိယအကြီးအကဲအား ရှာသည့်ကိစ္စသည် ပို၍ လွယ်ကူသွားနိုင်ပေသည်။

ရန်ကိုင် စိတ်အေးလက်အေး ရှိစေနိုင်ရန်အတွက် မွန်းစတားဗိုလ်ချုပ်မှာ အံကိုကြိတ်၍ နောက်တစ်ကြိမ် ထပ်၍ ကမ်းလှမ်းလိုက်ပြန်လေသည်။ “ဆရာသာ ဆန္ဒရှိမယ်ဆိုလို့ရှိရင် ကျုပ်ရဲ့ ဝိဉာဉ်အမှတ်အသားကို ပေးထားပါ့မယ်… အဲ့ဒါဆိုရင် ကျုပ်သစ္စာဖောက်မှာကို ဆရာစိတ်ပူစရာမလိုတော့ပါဘူး…”

“ပေး…” ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်ပြလိုက်သည်။

“ဟုတ်…” မွန်းစတားဗိုလ်ချုပ်၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။ ရန်ကိုင်၏ အကြည့်စူးစူးကို သတိပြုမိလိုက်သော် တုံ့နှေးမနေရဲတော့ဘဲ မျက်လုံးပိတ်ကာ ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်လေ၏။ ခဏအကြာတွင် ရွှေရောင်အမျှင်တန်းလေးတစ်ခု သူ့နဖူးထက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ထိုရွှေရောင်အမျှင်တန်းကို အသာအယာ ဖမ်းယူလိုက်လေ၏။

မွန်းစတားဗိုလ်ချုပ် တစ်ချက်ငြီးတွားလိုက်ပြီး မျက်နှာမှာလည်း ဖြူလျော်သွားခဲ့သည်။

မွန်းစတားဗိုလ်ချုပ်၏ ဝိဉာဉ်အမျှင်တန်းကို သူ့အသိစိတ်ပင်လယ်ထဲတွင် ထည့်သိမ်းထားလိုက်ပြီးသည့်နောက် ရန်ကိုင်သည် အနန္တဓါးကို ပြန်သိမ်း၍ အမိန့်ပေးလိုက်လေ၏။ “ထပေတော့…”

မွန်းစတားဗိုလ်ချုပ်မှာ စိတ်ထဲကြိတ်၍ ငြီးတွားနေခဲ့ပါသော်ငြား အသက်ရှင်နိုင်ခဲ့သည့်အတွက်မူ ဝမ်းသာမိနေခဲ့လေသည်။ ချက်ချင်း ကုန်းထ၍ ဖုန်များကို ခါကာ သက်ပြင်းချလျက် နှစ်ပိုင်းပြတ်ထွက်သွားသော သူ၏ စီးတော်သားရဲကို လှမ်းကြည့်လိုက်လေသည်။

“ဆရာ… အဲ့သခင်မလေးကို ရပ်ပေးဖို့ ပြောလို့ရမလား… တော်ကြာ သူ မတော်တဆ ထိခိုက်သွားဦးမယ်…” မွန်းစတားဗိုလ်ချုပ်သည် သူ့လက်အောက်ငယ်သားများနှင့် တိုက်ခိုက်နေသော ကျန်းရို့ရှီကို ညွှန်ပြရင်းမှ ပြောလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ကျန်းရို့ရှီကို လှမ်းပြောလိုက်လေ၏။

မွန်းစတားဗိုလ်ချုပ်ကလည်း သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်လေသည်။ “အကုန်လုံး ရပ်လိုက်ပေတော့…”

မွန်းစတားဗိုလ်ချုပ်၏ အမိန့်ကို ရလိုက်ပြီးသည်နှင့် ကျန်းရို့ရှီနှင့် တိုက်ခိုက်နေသော မွန်းစတားသားရဲများမှာ ချက်ချင်း နောက်သို့ ဆုတ်သွားခဲ့ကြလေသည်။ မြေပြင်ထက်တွင်တော့ အလောင်းနှစ်လောင်း ရှိနေခဲ့လေ၏။

ကျန်းရို့ရှီသည် တာအိုသခင်တတိယအဆင့်သာ ရှိသေး၍ သူမနှင့်အဆင့်တူ မွန်းစတားသားရဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်နေရသည့်တိုင် မည်သည့်ဒဏ်ရာမှ ရထားခြင်းမရှိဘဲ တစ်ဖက်ရန်သူများအနက်မှ နှစ်ဦးကိုပင်လျှင် ပြန်၍တိုက်ခိုက်နိုင်သည်ကို ကြည့်ပါက သူမ၏စွမ်းရည်ကို မြင်တွေ့နိုင်ပေသည်။ မွန်းစတားဗိုလ်ချုပ်မှ သူ့လက်အောက်ငယ်သားများအား အချိန်မီ ရပ်တန့်ခိုင်းလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက နောက်ထပ် မွန်းစတားမျိုးနွယ်စုဝင် မည်မျှ ထပ်သေမလဲ ဆိုသည်ကို မည်သူမျှ ပြောနိုင်လိမ့်မည် မဟုတ်ချေ။

မွန်းစတားမျိုးနွယ်စုဝင်များသည် သူတို့၏ခေါင်းဆောင်နှင့် ရန်ကိုင်တို့ဆီသို့ လှမ်းကြည့်လိုက်လေသည်။ နှစ်ဦးသားမှာ အတူတူ ရင်ပေါင်တန်း ရပ်နေကြသည်ကို မြင်သော် နားမလည်နိုင် ဖြစ်သွားခဲ့ကြလေသည်။

မွန်းစတားဗိုလ်ချုပ်က အသာအယာချောင်းဟန့်လျက် ရှင်းပြလိုက်လေ၏။ “အကုန်လုံး နားလည်မှုလွဲသွားတာ… ဒီဆရာက ငါတို့ဘက်ကပဲ… ဆက်တိုက်ခိုက်နေစရာ မလိုတော့ဘူး…”

သူ့ကိုယ်သူ ရန်ကိုင်၏ လက်အောက်ငယ်သားဖြစ်သွားသည်ဟု ဝန်မခံချင်ပေ။ ထိုသို့ဆိုလျှင် ကုန်းကောက်စရာ မျက်နှာ ရှိတော့လိမ့်မည်မဟုတ်။ ပြောနေလျက်မှ မွန်းစတားဗိုလ်ချုပ်သည် ရန်ကိုင့်ဆီသို့ မသိမသာ‌လေး လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်သည် မျက်နှာသေဖြင့်သာ ရှိနေသည်ကိုမြင်သော် စိတ်အေးသွားတော့လေ၏။

မွန်းစတားမျိုးနွယ်စုဝင်များမှာမူ တစ်ဦးကိုတစ်ဦး နားမလည်နိုင်ဟန်ဖြင့် ကြည့်နေကြလေသည်။ ထိုနှစ်ယောက်သည် လူသားမျိုးနွယ်စုဝင်များ ဖြစ်ကြရကား၊ မည်သို့များ သူတို့၏ ဘက်တော်သားများ ဖြစ်နေရသနည်း။

သို့ရာတွင် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့၏ ကြောက်မက်ဖွယ်ရာခွန်အားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးသည့်နောက် မည်သည့်မေးခွန်းကိုမှ သွားမမေးရဲခဲ့ပေ။ ထိုသို့လုပ်လိုက်ပါက ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

“နောက်ပိုင်းကျ ဒီဆရာကိုတွေ့ရင် ငါ့ကိုတွေ့သလိုပဲဆက်ဆံ… နားလည်ကြလား…” မွန်းစတားဗိုလ်ချုပ်သည် ရန်ကိုင်ကိုညွှန်ပြရင်း ထပ်အော်ပြောလိုက်လေသည်။

မွန်းစတားမျိုးနွယ်စုဝင်များမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေကြပါသော်ငြား ခေါင်းတော့ ညိတ်ပြလိုက်ကြပေသေးသည်။

ထိုအခါ မွန်းစတားဗိုလ်ချုပ်က ရန်ကိုင်ဘက်သို့လှည့်၍ ဖားဖားယားယား ပြုံးလျက် ပြောလိုက်လေသည်။ “ဆရာ… ခရီးဝေးက လာခဲ့ရတာဆိုတော့ မောနေလောက်ပြီပေါ့… ကျုပ်နေတဲ့တောင်မှာ လာနားပါလား…”

“နားဖို့…” ရန်ကိုင်ကမူ မွန်းစတားဗိုလ်ချုပ်အား မျက်နှာသာပေးမနေခဲ့ဘဲ လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။ “ဟိုတစ်ယောက်ကို မြန်မြန်သွားရှာပေတော့… ရှာမတွေ့ရင်တော့ ပြစ်ဒဏ်က သေဒဏ်ပဲနော်…”

မွန်းစတားဗိုလ်ချုပ်က ခါးသက်စွာပြုံး၍ ပြန်ပြောလိုက်လေသည်။ “ဆရာ နားမလည်သေးလို့… အဲ့အမျိုးသမီးက ကြောက်သွားပြီဆိုရင် တော်တော်နဲ့ ပြန်ပေါ်လာလေ့မရှိတော့ဘူး… အဲ့အချိန်အတွင်းမှာ သူ့ကိုလိုက်ရှာလည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး…”

ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “မင်း ဘာပြောချင်တာလဲ…”

မွန်းစတားဗိုလ်ချုပ်က ဆက်၍ ရှင်းပြလိုက်လေသည်။ “အဲ့အမျိုးသမီးက အရမ်းကြောက်တတ်တာဆရာရဲ့… သူ့ကို ကြောက်အောင် လုပ်မိသွားပြီဆိုလို့ရှိရင် တစ်လနှစ်လလောက်ထိ ပြန်ပေါ်လာလေ့ မရှိတော့ဘူး… အဲ့အချိန်တွင်းမှာ သူ့ကိုလိုက်ရှာနေလည်း အပိုပဲ… သူ့ကိုရှာချင်ရင် အကောင်းဆုံးနည်းလမ်းက သူ ပြန်ပေါ်လာတဲ့အချိန်ထိ စောင့်ဖို့ပဲရှိတယ်…” ရန်ကိုင်မှ သူ့အား မယုံသင်္ကာအမူအယာဖြင့် ကြည့်နေသည်ကိုမြင်သော် မွန်းစတားဗိုလ်ချုပ် ဇောချွေးပြန်သွားခဲ့လေသည်။ “ဆရာ ကျုပ်အမှန်ကိုပြောနေတာပါ… မယုံရင် ဒီကောင်တွေကို မေးကြည့်လို့ရပါတယ်…”

ရန်ကိုင်ကိုယ်တိုင်သည်လည်း တတိယအကြီးအကဲ ကြောက်တတ်သည်ကို ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကယောင်ချောက်ခြားဖြစ်နေသည့် သူမ၏စိတ်အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် မွန်းစတားဗိုလ်ချုပ် သူ့အား လိမ်နေခြင်းမဖြစ်လောက်။ ထို့အပြင် မွန်းစတားဗိုလ်ချုပ်၏အသက်သည် ရန်ကိုင့်လက်ထဲတွင် ရှိနေခြင်းဖြစ်လေရာ ထိုမွန်းစတားဗိုလ်ချုပ်သည် သူ့အား သစ္စာဖောက်ရဲလိမ့်မည် မဟုတ်ချေ။

“ရှာလို့မတွေ့ဘူးဆိုရင်တောင် ဆက်ပြီးတော့သာရှာထား… တစ်ခုခုအကြောင်းထူးတာနဲ့ ငါ့ကို လှမ်းအကြောင်းကြားလိုက်…” ရန်ကိုင်က ပြောလိုက်လေသည်။

မွန်းစတားဗိုလ်ချုပ် လိမ်နေခြင်းမဟုတ်မှန်း သိပါသော်ငြား ရန်ကိုင်ကမူ တတိယအကြီးအကဲအား မြန်နိုင်သမျှမြန်မြန် ရှာတွေ့ချင်ပေသည်။

“ဟုတ်ကဲ့… ဟုတ်ကဲ့… ဟုတ်ကဲ့ပါ…” ရန်ကိုင့်အား ဖျောင်းဖြ၍ မရသည့်အတွက်ကြောင့် သူ့လက်အောက်ငယ်သားများအား ထိုအမျိုးသမီးကို လိုက်ရှာထားရန်၊ ရှာတွေ့သည်နှင့် သူ့အား ချက်ချင်း အကြောင်းကြားရန်သာ ပြောလိုက်ရတော့လေသည်။

အမိန့်ရသည့်နောက်တွင် မွန်းစတားဗိုလ်ချုပ်၏ လက်အောက်ငယ်သားများသည် ချက်ချင်း လူစုခွဲကာ ရှာပုံတော်ခရီး ထွက်ကြတော့လေ၏။ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့အား တောင်ဆီသို့ လိုက်ပို့ရန် ငါးယောက်သာ ကျန်နေရစ်ခဲ့ပေသည်။

“ငါတို့ ဘယ်မှာ နားမှာလဲ…” ရန်ကိုင်က မွန်းစတားဗိုလ်ချုပ်အား ကြည့်၍ မေးလိုက်လေသည်။

မွန်းစတားဗိုလ်ချုပ်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ဒီလမ်းအတိုင်းပါ ဆရာ… ဒီနေရာနဲ့သိပ်မဝေးပါဘူး… နေ့တစ်ဝက်လောက်သွားရင် ရောက်ပါတယ်…”

ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး မွန်းစတားဗိုလ်ချုပ်ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ပျံသန်းလာလိုက်လေ၏။

ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း ကျန်းရို့ရှီမသိ။ သို့သော်ငြား မည်သည့်အပိုမေးခွန်းမှ သွားမေးမနေခဲ့ပေ။ ရန်ကိုင်နှင့်အတူ ပျံသန်းနေစဉ်အတောအတွင်း မွန်းစတားဗိုလ်ချုပ်နားမှ ဖြတ်သွားစဉ် မွန်းစတားဗိုလ်ချုပ်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။

မွန်းစတားဗိုလ်ချုပ်မှာ မည်သို့ပင်ဖြစ်စေကာမူ ဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော မွန်းစတားမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေဆဲ။ ထိုသို့ဖြစ်လေရာ သူသည် ဘာကြောင့်များ ဤမျှ ကြောက်တတ်နေရလေသနည်း။ ဤမွန်းစတားဗိုလ်ချုပ်သည် လူသားမျိုးနွယ်စုထဲရှိ ငကြောက်များနှင့် မခြားချေ။ ကျန်းရို့ရှီကြားထားသည်မှာမူ ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များသည် လွန်စွာကိုမှ ရဲစွမ်းသတ္တိရှိကြ၍ သေခြင်းကိုပင်လျှင် မကြောက်ရွံ့ဟူ၍ပင်။ ထိုသို့ဖြစ်လေရာ လက်ရှိ မွန်းစတားဗိုလ်ချုပ်၏ ပုံစံကို မြင်ပြီးသည့်နောက် ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များအပေါ် သူမ၏အထင်အမြင်မှာ အောက်ဆုံးသို့ ထိုးကျသွားရလေတော့သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ…” ရန်ကိုင်က သွားနေရင်းမှ ရုတ်တရက် ကောက်မေးလိုက်လေသည်။

မွန်းစတားဗိုလ်ချုပ်က လက်သီးဆုပ်၍ သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်လေသည်။ “ကျုပ်နာမည်က ရန်ယိုဝေ့ပါဆရာ…”

“မွန်းစတားဘုရင် ယင်ဖေးအကြောင်းကို မင်းပြောတာ ငါကြားလိုက်သေးတယ်… သူက ဘယ်သူလဲ…” ရန်ကိုင်က မေးလိုက်လေသည်။

ရန်ယိုဝေ့က အလေးအနက်အမူအယာဖြင့် ချက်ချင်း ပြန်ပြောလိုက်လေ၏။ “ဆရာယင်ဖေးက နတ်အရှင်လက်အောက်မှာ ခစားနေတဲ့ မွန်းစတားဘုရင်ရှစ်ပါးထဲက တစ်ပါးပါဆရာ… သူ့ခွန်အားက အဆင့်ဆယ့်နှစ် အထွတ်အထိပ်ကို ရောက်နေပါပြီ…”

“မွန်းစတားဘုရင်ရှစ်ပါး…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။ “ဒီတော့ နောက်ထပ် မွန်းစတားဘုရင် ခုနှစ်ပါး ထပ်ရှိသေးတယ်ပေါ့…”

ရန်ယိုဝေ့က ရယ်သွမ်းသွေးလျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေ၏။ “ခုနှစ်ပါးတင် မဟုတ်ပါဘူးဆရာ… စုစုပေါင်း မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး ရှိပါတယ်…”

ရန်ကိုင် ထိတ်လန့်သွားလေသည်။ “များလိုက်တာ… အဲ့မွန်းစတားဘုရင်တွေအကုန်လုံးက ဧကရာဇ်တတိယအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာလား…”

ရန်ယိုဝေ့က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်ပါတယ်ဆရာ… မွန်းစတားဘုရင်ရာထူးကို ရထားတဲ့သူတိုင်းက ဧကရာဇ်တတိယအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ လူတွေချည်းပါပဲ… ရှင်းရှင်းပြောရရင် အဲ့လိုခွန်အား ပိုင်ဆိုင်ထားတဲ့ မွန်းစတားမျိုးနွယ်စုဝင်တွေက သုံးဆယ့်နှစ်ယောက်ထက်မနည်း ရှိပါတယ်… ဒါပေမဲ့ မွန်းစတားဘုရင်ရာထူးက သုံးဆယ့်နှစ်ယောက်စာပဲ ရှိပါတယ်… အဆင့်ဆယ့်နှစ် အထွတ်အထိပ်ကို ရောက်ပြီး မွန်းစတားဘုရင်မဟုတ်တဲ့ နတ်အရှင်တွေလက်အောက်မှာ တိုက်ရိုက် ခစားနေတဲ့ အခြားသူတွေလည်း ထပ်ရှိပါသေးတယ်… သူတို့ရဲ့ခွန်အားက မွန်းစတားဘုရင်တွေအောက် နည်းနည်းလေးမှ မနိမ့်ကျပါဘူး… အချို့ဆိုလို့ရှိရင် မွန်းစတားဘုရင်တွေထက်တောင် ပိုပြီး အားကောင်းပါသေးတယ်…”

ရန်ကိုင် လေအေးတစ်ရှိုက် ရှူသွင်းမိသွားသည်။ ဤနေရာသို့ မလာခင်က ရှေးဟောင်းကုန်းမြေထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များ ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခုမှသာလျှင် ရှေးဟောင်းကုန်းမြေကို သူအထင်သေးမိနေသေးမှန်း ရန်ကိုင် နားလည်သွားတော့သည်။

ကြယ်တာရာအစုအဝေးထဲ၌ပင်လျှင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ပညာရှင်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းများ မရှိကြချေ။ ဂိုဏ်းတစ်ဂိုဏ်းသည် အများဆုံးမှ ဧကရာဇ်တတိယအဆင့် ခုနှစ်ဦး၊ ရှစ်ဦးလောက်ကိုသာ ပိုင်ဆိုင်ထားနိုင်ပေသည်။

တစ်နည်းဆိုရသော် ရှေးဟောင်းကုန်းမြေ၏ခွန်အားသည် ကြယ်ဝိဉာဉ်နန်းတော်ငါးခုပေါင်းစာခန့် ရှိနေ၏။

ထို့အတွက်ကြောင့် လူတိုင်းမှာ ရှေးဟောင်းကုန်းမြေအား အလွန်ကိုမှ အန္တရာယ်များသည့် တားမြစ်နေရာကြီးတစ်ခုဟု သတ်မှတ်ထားသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ ဤရှေးဟောင်းကုန်းမြေကြီးသည် ထင်ထားသည်ထက်ကို ပို၍အန္တရာယ်များလှသည်။

ရန်ကိုင် ရန်ယိုဝေ့အား မသတ်ပစ်လိုက်သည်မှာ ကံကောင်းသွားခဲ့ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက သူ့အနေဖြင့် ဤကဲ့သို့သော အကြောင်းအရာများကို သိခွင့်ရလိမ့်မည် မဟုတ်ချေ။

ရှေးဟောင်းကုန်းမြေ၏ အခြေအနေကို သိသွားပြီးသည့်နောက်၌ ရှောင်ရှောင်ကို ရှာရမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကိုင်မှာ ပို၍ပင် စိတ်ပူလာခဲ့ရတော့သည်။

“အဲ့ဒါဆိုလို့ရှိရင် မင်းပြောပြောနေတဲ့ နတ်အရှင်ဆိုတာ ဘယ်သူလဲ…” ရုတ်တရက် ရန်ကိုင်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ကောက်မေးလိုက်လေသည်။

“နတ်အရှင်က နတ်အရှင်ပါပဲဆရာ…” ရန်ယိုဝေ့က အဓိပ္ပာယ်ပါပါ ပြုံးလျက် “သူတို့တွေက ရှေးဟောင်းကုန်းမြေတစ်ခုလုံးကို အုပ်ချုပ်နေတာပါ… အင်း ဟုတ်သားပဲ… ဆရာတို့ လူသားတွေ ခေါ်ဝေါ်ပုံအရဆိုရင်တော့ နတ်အရှင်က နတ်သားရဲကို ရည်ညွှန်းတာပါ…”

(ငါထင်ထားတဲ့အတိုင်းပဲ…)

ကောလဟာလများအတိုင်း ဤရှေးဟောင်းကုန်းမြေကြီးထဲတွင် နတ်သားရဲများ အမှန်တကယ်ကို တည်ရှိနေကြပေသည်။

ကျန်းရို့ရှီမှာလည်း ရန်ယိုဝေ့အား အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

ရန်ယိုဝေ့က ထပ်၍ ပြောလိုက်လေသည်။ “ရှေးဟောင်းကုန်းမြေမှာ စုစုပေါင်း နတ်အရှင်လေးပါးရှိပါတယ်… တစ်ယောက်ချင်းစီတိုင်းမှာ မွန်းစတားဘုရင်ရှစ်ပါးနဲ့ ဘုရင်ချုပ်နှစ်ပါးစီ ရှိကြပါတယ်…”

(နတ်အရှင်လေးပါး… ဒီတော့ နတ်သားရဲလေးကောင်တောင် ဒီမှာ ရှိနေတာပေါ့…) ရန်ကိုင့်မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

သူ့ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်မားလှပါသော်ငြား ရန်ကိုင်သည် နတ်သားရဲတစ်ကောင်၏ပြိုင်ဘက် မဟုတ်သေးပေ။

ရန်ယိုဝေ့သည် ရန်ကိုင်၏ အမူအရာကို စဉ်ဆက်မပြတ် အကဲခတ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ထိတ်လန့်အံ့ဩသွားသည်ကိုမြင်သော် ကြိတ်၍ ဝမ်းသာသွားခဲ့လေ၏။ သူ့ကိုပင်လျှင် မျက်နှာသာမပေးခဲ့သော ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေ၏ ခွန်အားကို ကြားသိရပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်နေသည့်ပုံပင်။

ထို့နောက်တွင် ရန်ကိုင်သည် ရန်ယိုဝေ့ဘက်သို့လှည့်၍ အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “နတ်အရှင်တွေ မွန်းစတားဘုရင်တွေ ဘယ်လောက်ပဲအားကောင်းအားကောင်း မင်းရဲ့သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာပဲ ရှိနေတာကိုတော့ မှတ်ထားဦး”

ယခုတစ်ကြိမ်တွင်တော့ ရန်ယိုဝေ့၏မျက်နှာ ဖြူလျော်သွားရသည့်အလှည့်ပင်။ ပျာတီးပျာယာဖြင့် ချက်ချင်း ပြန်၍ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ဆရာ… ကျုပ်က ဆရာ့အပေါ် လုံးဝကို သစ္စာရှိမှာပါ… ကျေးဇူးပြုပြီး အဲ့တစ်ချက်ကိုတော့ နားလည်ပေးပါဆရာ…”

(သစ္စာရှိမှာ… သောက်ပိုတွေ… ငါတို့သိတာ ဘယ်လောက်ကြာသေးလို့လဲ… အဲ့ဒါကိုများ သစ္စာရှိတာတွေ လာပြောနေတယ်… မင်းက တကယ်ကို ပိပိရိရိနဲ့ မလိမ်တတ်တဲ့ကောင်ပဲကွ…)

“စိတ်မပူနဲ့… အဲ့အမျိုးသမီးကို ရှာတွေ့တာနဲ့ ငါ မင်းရဲ့ ဝိဉာဉ်အမှတ်အသားကို ပြန်ပေးမယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ရန်ယိုဝေ့က ဝမ်းသာသွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ဆရာ… ကျုပ် အဲ့အမျိုးသမီးကိုတွေ့အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရှာပေးပါ့မယ်”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၆၇)

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် တောင်တစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။ ဤနေရာတွင် ရန်ယိုဝေ့နေသည့် လိုဏ်ဂူစံအိမ်တည်ရှိနေ၏။ ရန်ယိုဝေ့၏ ပြောပုံအရ ဤတောင်နှင့်တကွ ပတ်ပတ်လည်ရှိ တောင်ဆယ်လုံးသည် သူ့အပိုင်များ ဖြစ်ကြပေသည်။

ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ပီစန်းမှပေးခဲ့သော ကျောက်စိမ်းပြားကိုထုတ်ယူ၍ စစ်ဆေးကြည့်လိုက်လေသည်။ သူလက်ရှိ ရှိနေသည့်နေရာမှာ မြေပုံထဲတွင် ဖော်ပြထားသည့် နေရာကို ကျော်လွန်သွားပြီမှန်း သိလိုက်လေသည်။ မြေပုံထဲတွင် ဤနေရာအား နီကျင့်ကျင့် အစက်တစ်စက်ဖြင့်သာ အမှတ်အသားပြုထားလေ၏။

တောင်ပေါ်သို့သွားရာလမ်းတစ်ဝက်တွင် တောင်အတွင်းပိုင်းထဲဆီသို့ ဦးတည်နေသည့် လိုဏ်ဂူတစ်လုံး ရှိနေခဲ့လေသည်။ တောင်အတွင်းပိုင်းထဲတွင်တော့ လိုဏ်ဂူပေါင်းမြောက်မြားစွာကို တူးထားခဲ့လေ၏။ ရန်ယိုဝေ့သည် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့အား လိုဏ်ဂူတစ်ခုဆီသို့ ခေါ်သွားပေးခဲ့ပြီး ဦးညွှတ်ကာ ပြန်ထွက်လာခဲ့လေသည်။

လိုဏ်ဂူထဲသို့ ရောက်လာပြီးသည့်နောက် လိုဏ်ဂူလေးမှာ အတော်လေးကိုမှ ကျဉ်းမြောင်းကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ လိုဏ်ဂူထဲ၌ အခန်းငါးခန်း ရှိနေပေသည်။ ဤနေရာမှာ ရန်ယိုဝေ့နေသည့်နေရာ ဖြစ်လောက်ပေ၏။ အခန်းငါးခန်းအပြင် ခမ်းနားသည့် အခင်းအကျင်းများဖြင့် တန်ဆာဆင်ထားသော ကျောက်တုံးကုတင်များလည်း ရှိနေကြပေသည်။

ဂူထဲရှိ အခြားတစ်နေရာတွင်တော့ တောင်ကျစမ်းရေကို အသုံးပြုလျက် တည်ဆောက်ထားသည့် သဘာဝရေပူစမ်းတစ်ခု ရှိနေခဲ့လေ၏။ ရေမှာ သလင်းကျောက်နှယ် ကြည်လင်လှကာ ရေအပူချိန်မှာလည်း သင့်တော်သည့် အနေအထားသာ ဖြစ်လေသည်။

“ဒီကောင်တွေက လောကစည်းစိမ်ကို ဘယ်လိုခံစားရမှန်း တကယ်သိတဲ့ကောင်တွေပဲကွ…” ရန်ကိုင်သည် အနီးအနားရှိ ကျောက်တုံးညောင်စောင်းတစ်ခုပေါ် လျှောက်သွားရင်းမှ ထိုင်ချလျက် ပြုံးကာ ပြောလိုက်လေသည်။

“ဆရာ… ရို့ရှီတို့ အခု ဘာလုပ်ကြမလဲ…” ကျန်းရို့ရှီသည် ရန်ကိုင့်အနားတွင် ထိုင်၍ မေးလိုက်လေသည်။

“ဘာလုပ်ရမလဲဆိုတာ ငါ သေချာတောင် မစဉ်းစားရသေးဘူး…” ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်လေ၏။ ရှေးဟောင်းကုန်းမြေသို့ လာရင်းမှ ဤကဲ့သို့သော အဖြစ်အပျက်များနှင့် တိုက်တိုက်ဆိုင်ဆိုင် လာကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လာရင်းကိစ္စမှာ ရှောင်ရှောင်ကို ရှာဖို့ရာ ဖြစ်ပါသော်ငြား တတိယအကြီးအကဲကိုလည်း ဤအတိုင်း လွှတ်ထား၍ မဖြစ်ပေ။

သူနှင့် ရှောင်ရှောင်ကြားတွင် ဆက်သွယ်ချက်တစ်ခု ရှိပေသည်။ ထို့အတွက်ကြောင့် ရှောင်ရှောင်သည် ဝေးဝေးလံလံတွင်သာ ရှိမနေပါက ရန်ကိုင်အနေဖြင့် ရှောင်ရှောင်၏ တည်နေရာကို အာရုခံနိုင်ပေလိမ့်မည်။

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ကျန်းရို့ရှီအား အချက်ပြလိုက်ရာ ကျန်းရို့ရှီလည်း တံခါးကို အလျင်အမြန် သွားဖွင့်ပေးလေ၏။

အခန်းအပြင်ဘက်၌ ရန်ယိုဝေ့ ရပ်စောင့်နေခဲ့လေသည်။ သူနှင့်အတူ အစေခံမလေးနှစ်ဦးပါ ပါလာခဲ့လေသည်။ အစေခံမလေးတစ်ဦးသည် ဝိုင်အိုတစ်အိုးကို ကိုင်ဆောင်ထားခဲ့ပြီး အခြားတစ်ဦးမှာမူ အသီးများထည့်ထားသည့် လင်ဗန်းတစ်ချပ်ကို ကိုင်ထားခဲ့သည်။ နှစ်ဦးစလုံးသည် လှပသည့်မျက်ဝန်းများ၊ ချောမွေ့လှသည့် အသားအရေနှင့် ရမက်သွေးကြွဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်များကို ပိုင်ဆိုင်ထားကြ၏။ ပုရိသယောကျာ်းအပေါင်း သွားရည်ကျစရာ နေရာများကိုမူ အဝတ်ပါးပါးလေးဖြင့်သာ ဖုံးအုပ်ထားခဲ့လေသည်။ အထူးသဖြင့် နှင်းဖြူရောင်သန်းနေသော ပေါင်တံလေးများမှာ ပုရိသယောကျ်ားများ ရင်ဖိုဖွယ်ရာပင်။

အမျိုးသမီးနှစ်ဦးသည် လူသားများ မဟုတ်ကြချေ။ သူတို့ဆီမှ မွန်းစတားချီများ အထင်းသား ထွက်ပေါ်နေလေ၏။ သို့သော်ငြား လူအသွင်ကို ယူနိုင်သည့် မျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် ကျင့်ကြံနိုင်ကာ အသိဉာဏ်ကို ပိုင်ဆိုင်ထားရပေလိမ့်မည်။

အမျိုးသမီးနှစ်ဦးမှာလည်း ဂူထဲရှိလူ မည်သူမှန်း သိချင်နေလေသည်။ ပုံမှန်အားဖြင့် သူမတို့သည် ရန်ယိုဝေ့ကိုသာ ခစားသည့်လူများ ဖြစ်ကြပါသော်ငြား ယခုတစ်ကြိမ်တွင် ရန်ယိုဝေ့သည် သူမတို့အား အခြားတစ်ယောက်ကို သွားရောက်ခစားရန် ပြောလာခဲ့သည်။ ရန်ယိုဝေ့ကိုယ်တိုင်ပင်လျှင် တလေးတစား ဆက်ဆံနေရသည့်လူသည် စင်စစ် အဆင့်အတန်းနိမ့်သည့်လူ မဖြစ်နိုင်ပေ။

သူတို့အထင်မှာမူကား ဤနေရာသို့ အားကောင်းလှသည့် မွန်းစတားဗိုလ်ချုပ် သို့မဟုတ် မွန်းစတားဘုရင်တစ်ပါးပါး ရောက်လာပြီဟူ၍သာ။ ထိုသို့သာမဟုတ်ပါက ရန်ယိုဝေ့အနေဖြင့် သူ၏အသုံးတော်ခံများကို မည်ကဲ့သို့များ အခြားလူတစ်ယောက်အား သွားရောက်ခစားရန် စေခိုင်းပါမည်နည်း။

အခန်းတံခါးပွင့်လာပြီးသည့်နောက် ရန်ယိုဝေ့မှာ အထဲသို့ လှမ်းကြည့်လိုက်လေသည်။ ‘ဆရာ’ ဟု လှမ်းမခေါ်ရသေးခင်မှာပင် ပြောတော့မည့်စကားများကို ပြန်မျိုချလိုက်ပြီး ကျန်းရို့ရှီကိုကြည့်ကာ အံ့ဩတကြီးဖြင့် မေးလိုက်လေ၏။ “သခင်မလေး… ဒီမှာဘာလုပ်နေတာလဲ… ဆရာရော…”

ကျန်းရို့ရှီသည် ရန်ယိုဝေ့အား နိုးနိုးကြားကြားအမူအယာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ဝိုင်အိုးနှင့် လင်ဗန်းများအား သယ်လာကြသော မပေါ်တပေါ် ဝတ်စားထားသည့် လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် အမျိုးသမီးနှစ်ဦးအား လှမ်းကြည့်လိုက်လေသည်။ ကျန်းရို့ရှီ၏မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ အထူးသဖြင့် အမျိုးသမီးနှစ်ဦးသည် တံခါးပေါက်မှတစ်ဆင့် အထဲသို့ ချောင်းကြည့်နေသည်ကို မြင်လိုက်သည့်အခါတွင်ပင်။ နောက် ဘာဆက်ဖြစ်တော့မလဲ ဆိုသည်ကို သူမ ဧကန်အမှန် သိနေလေသည်။ ထို့အတွက်ကြောင့် ကျန်းရို့ရှီ စိတ်မသက်မသာ ဖြစ်လာတော့၏။

ချက်ချင်း ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်လေရာ ရန်ကိုင်သည်လည်း အမျိုးသမီးနှစ်ဦးအား သေသေချာချာကို ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။

ထို့အတွက်ကြောင့် ကျန်းရို့ရှီသည် ချက်ချင်းပဲ တံခါးအပြင်ဘက်သို့ထွက်၍ တံခါးအား ဆောင့်ပိတ်ချလိုက်ကာ အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်လေ၏။ “ဆရာ ပင်ပန်းနေလို့ နားနေတယ်… ဘာကိစ္စလဲ…”

ရန်ယိုဝေ့က ရယ်သွမ်းသွေးလျက် ဦးညွှတ်ကာ ပြန်ပြောလိုက်လေသည်။ “ဒီလိုပါ သခင်မလေး… ဆရာက ဒီကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာဆိုပေမဲ့ ဒီတောင်မှာ သူ့အတွက် စိတ်အပန်းဖြေစရာနေရာ ဘာမှမရှိတော့ ကျုပ်လည်း ဆရာသုံးဆောင်လို့ရအောင်ဆိုပြီး ဝိုင်အိုးတစ်အိုးနဲ့ အသီးတွေ လာပို့ပေးတာပါ… ဆရာ မငြင်းဖို့ မျှော်လင့်ပါတယ်…”

ကျန်းရို့ရှီသည် ချက်ချင်းပဲ ဝိုင်အိုးနှင့် အသီးများအား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်လေ၏။

ရန်ယိုဝေ့မှာ ကျန်းရို့ရှီ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိခဲ့ချေ။ ထို့အတွက်ကြောင့် ကျန်းရို့ရှီမှ လမ်းဖယ်ပေးရန်ကိုသာ စောင့်နေခဲ့လေသည်။ သို့ရာတွင် ကျန်းရို့ရှီကမူ လမ်းမဖယ်ပေးဘဲ တံခါးပေါက်ဝတွင် အစောင့်တစ်ဦးကဲ့သို့သာ ပိတ်ရပ်ထားခဲ့သည်။ သူမပုံစံကို ကြည့်ရသလောက် သူတို့အား အထဲသို့ ပေးဝင်မည့်ပုံမပေါ်။ ထို့အတွက်ကြောင့် ရန်ယိုဝေ့လည်း မတတ်သာတော့ဘဲ သူနှင့်အတူ ပါလာသော အမျိုးသမီးနှစ်ဦးအား လှမ်း၍ အချက်ပြလိုက်ရလေသည်။ အမျိုးသမီးနှစ်ဦးမှာလည်း သူတို့ယူလာသည့် ပစ္စည်းများကို ကျန်းရို့ရှီလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“အခြားဘာကိစ္စရှိသေးလဲ…” ဝိုင်အိုးနှင့် အသီးများကို ယူထားလိုက်ပြီးသည့်နောက်တွင် ကျန်းရို့ရှီက စိတ်မရှည်ဟန်ဖြင့် ထပ်မေးလိုက်လေသည်။

ရန်ယိုဝေ့က ဖားဖားယားယားပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဆရာက ခရီးဝေးကလာတာဆိုတော့ ပင်ပန်းနေမှာပေါ့… ဒါကြောင့် အနားယူ အပန်းဖြေ ရေချိုးနေတဲ့အချိန်မှာ သူ့ကို ကူညီပေးဖို့အတွက် ဒီအစေခံမလေးနှစ်ဦးကို ခေါ်လာပေးခဲ့ပါတယ်… သခင်မလေးများ…”

သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကျန်းရို့ရှီသည် သူမလက်ကို ဆန့်ထုတ်၍ ထွက်ပေါက်ဆီသို့ လက်ညှိုးထိုးပြနေကြောင်း တွေ့လိုက်ရလေသည်။

ရန်ယိုဝေ့လည်း ကျန်းရို့ရှီညွှန်ပြနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ဘာကိုမှ မတွေ့ရ။ ထို့ကြောင့် နားမလည်နိုင်ဟန်ဖြင့် ခေါင်းကုတ်လိုက်လေသည်။

“ဆရာ့ကို ကူညီပေးဖို့ ငါရှိပြီးသား… သူတို့တွေ မလိုဘူး… နင်တို့အားလုံး ပြန်ထွက်သွားလို့ရပြီ… ဟိုရူးနေတဲ့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ သတင်းကလွဲလို့ အခြား ဘာမဟုတ်တဲ့ ကိစ္စနဲ့ ဆရာ့ကို လာနှောင့်ယှက်ရဲလို့ရှိရင် ရှင်တို့ရဲ့ ခွေးအသက်တွေကို ကျွန်မ နှုတ်ယူပစ်မယ်မှတ်…” ကျန်းရို့ရှီက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကောက်ပြောလိုက်လေသည်။

ရန်ယိုဝေ့ အံ့အားသင့်သွားခဲ့လေ၏။ ဤသခင်မလေးကို သူ မည်ကဲ့သို့ ရန်စမိလို့ ရန်စမိလိုက်မှန်း နားမလည်နိုင်ခဲ့ချေ။ သို့သော်ငြား ကျန်းရို့ရှီမှာ ရန်ကိုင်ခေါ်လာသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမအား ဘာမှပြန်မပြောရဲခဲ့ပေ။

ခေါင်းကုတ်၍ တောင်းပန်လိုက်ပြီးသည့်နောက် အမျိုးသမီးနှစ်ဦးကိုခေါ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားလေ၏။ အမျိုးသမီးနှစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် လာခဲ့ရပါသော်ငြား စိတ်ပျက်ပျက်ဖြင့်သာ ပြန်သွားခဲ့ရလေသည်။

“အရှက်မရှိတဲ့ မြေခွေးမတွေ…” ကျန်းရို့ရှီသည် ဝိုင်အိုးနှင့် အသီးလင်ဗန်းကို ကိုင်ရင်းမှ အံကြိတ်ကာ ရေရွတ်လိုက်လေ၏။

(အရှက်မရှိတဲ့မြေခွေးမတွေကများ ငါ့ဆရာကို လာပြီးတော့ ချိန်ရွယ်ရဲတယ်… ရဲတင်းလိုက်တဲ့ကောင်မတွေ… စိတ်ပျက်ဖို့ကောင်းလိုက်တာ… ဆရာကိုယ်တိုင်ကလည်း အဲ့အမျိုးသမီးတွေကို ကြည့်နေလိုက်တာများ… ဆရာ့အကြည့်က ပုံမှန်နဲ့ကို မတူတော့ဘူး…)

ထိုသို့တွေးပြီးသည့်နောက် ဒေါမာန်တကြီးဖြင့် အခန်းတံခါးကို ဆောင့်ဖွင့်၍ အထဲသို့ ဝင်တော့မည်အပြု သူမ၏ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ရလေသည်။

ယခုမှသာလျှင် သူမနှင့်အတူ ရှိနေစဉ်အတောအတွင်း သူမ၏ဆရာသည် အခြား မည်သည့်အမျိုးသမီးနှင့်မှ နီးကပ်သည့် ဆက်ဆံရေးမျိုး မရှိခဲ့ကြောင်း ပြန်သတိရသွားခဲ့သည်။ သူမသည် ကလေးတစ်ယောက်မဟုတ်တော့သည့် အတွက်ကြောင့် ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စများကို နားလည်နေခဲ့လေပြီ။ ရန်ကိုင်၏ ကျင့်ကြံခြင်းနှင့်သာ ဆိုပါက သူသာ အမျိုးသမီးတစ်ဦးကို လိုချင်လာလျှင် ထောင်ပေါင်းများစွာသော မိန်းမချောလေးများ သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာကြပေလိမ့်မည်။ ရန်ကိုင်အဖို့ သူကြိုက်သည့်လူကို ခေါင်းခေါက်ရွေးရုံပင်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုသို့ တစ်ခါမှ မလုပ်ခဲ့ချေ။ သူ့အချိန်အများစုအား ကျင့်ကြံရင်း၊ အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ရင်းဖြင့်သာ ကုန်ဆုံးနေခဲ့ရသည်။

(ယောက်ျားတစ်ဦးက အမျိုးသမီးတွေကို မကြိုက်ဘဲ ဘယ်နေပါ့မလဲ… ဆရာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အခုလိုမျိုး ထိန်းထားရတာလဲ…)

ရုတ်တရက် သူမကိုယ်သူမ ပြန်၍ အပြစ်တင်ချင်မိလာလေသည်။ ထိုအမျိုးသမီးများကို မောင်းမထုတ်သင့်ဟု သူမစိတ်ထဲ ခံစားလာရသည်။ ဆရာ့၏အကြည့်ကို ကြည့်ရသလောက် ဆရာသည် ထိုမြေခွေးမနှစ်ဦးကို အတော်လေး စိတ်ဝင်စားသည့်ပုံပင်။ သို့သော်ငြား သူမကမူ စိတ်လိုက်မာန်ပါ မောင်းထုတ်ပစ်လိုက်လေသည်။

ကျန်းရို့ရှီသည် စိုးရိမ်တကြီးဖြင့် အခန်းတံခါးကိုဖွင့်၍ ရန်ကိုင့်ဆီသို့ သွားကာ ဝိုင်အိုးနှင့် အသီးလင်ဗန်းကို ချပေးလိုက်လေသည်။ ထို့နောက် ရန်ကိုင်၏အမူအယာကို သေသေချာချာ အကဲခတ်ကြည့်လေ၏။

ရန်ကိုင်ကမူ ခေါင်းတစ်ချက်သာညိတ်လိုက်ပြီး ဘာမှမပြောခဲ့ပေ။

(ငါ ဟိုမြေခွေးမနှစ်ကောင်ကို မောင်းထုတ်လိုက်လို့ ဆရာ ဒေါသမထွက်ဘူးလား… ကြည့်ရတာ ဒေါသထွက်တဲ့ပုံတော့ မပေါက်ဘူး…) ကျန်းရို့ရှီမှာ ရုတ်တရက်ဆိုသလို အတွေးများလျက် စိတ်ပူလာရတော့သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ကျန်းရို့ရှီက နှုတ်ခမ်းလေးကိုကိုက်၍ မေးလိုက်လေသည်။ “ဆရာ… အဝေးကြီးကလာရတာဆိုတော့ ပင်ပန်းနေမှာပါ့… ကျွန်မ ဟို အမျိုးသမီးနှစ်ဦးကို ဆရာ့အတွက် ခစားပေးဖို့ ပြန်ခေါ်လိုက်ရမလား…”

ထိုသို့ပြောပြီးသည့်နောက် ကျန်းရို့ရှီ၏မျက်နှာလေး ရဲတက်သွားခဲ့လေသည်။

ရန်ကိုင်ကမူ ဝိုင်အိုးကို တစ်ချက် နမ်းရှုံ့ကြည့်ရင်းမှ ခေါင်းပင်မဖော်ပဲ ပြန်ပြောလိုက်လေ၏။ “မလိုဘူး…”

ရန်ကိုင်ကမူ ထိုအမျိုးသမီးနှစ်ဦး၏ မွန်းစတားသားရဲအသွင်ကို စစ်ဆေးကြည့်နေခြင်းသာ ဖြစ်ပေသည်။ သူ့အကြည့်ထဲ အခြား မည်သည့်စိတ်မှ မပါဝင်ခဲ့။

“ဒါဆိုရင် ရို့ရှီကိုယ်တိုင် ဆရာ့ကို ကူညီပေးရမလား…”

အဟွတ်…

ရန်ကိုင်မှာ တံတွေးသီးသွားခဲ့ပြီး သောက်လက်စဝိုင်များကို ထွေးထုတ်မိသွားခဲ့လေသည်။ ထို့နောက် ပျာယီးပျာယာဖြင့် လက်တွင်ပေကျံနေသော ဝိုင်များကို ပြန်သုတ်လိုက်လေ၏။

ထိုအချင်းအရာကိုမြင်သော် ကျန်းရို့ရှီ တခစ်ခစ်ဖြင့် ထရယ်တော့လေသည်။ သူမ၏အင်္ကျီလက်စများကို သုံး၍ စိုရွှဲနေသော ရန်ကိုင့်၏အဝတ်အစားများကို အသာအယာ သုတ်ပေးလိုက်လေသည်။

သင်းပျံ့သည့် ကိုယ်သင်းရနံ့လေးကို ရလိုက်သော် ရန်ကိုင်သည် အပြည့်အဝပွင့်လန်းနေပြီဖြစ်သော ကျန်းရို့ရှီအား စိုက်ကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “ရို့ရှီတောင် အရွယ်ရောက်လာပြီပဲ…”

ကျန်းရို့ရှီအား ကျန်းမိသားစုမှ ခေါ်လာစဉ်က သူမသည် အရွယ်မရောက်သေးသည့် ကောင်မလေးတစ်ဦးသာ ဖြစ်ပေသေးသည်။ သို့သော်ငြား သူ့နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်လာပြီးသည့်နောက် ကျန်းရို့ရှီသည် ငွားငွားစွင့်စွင့် ပွင့်လန်းနေသော မိန်းမချောလေးတစ်ဦး ဖြစ်လာခဲ့သည်။

ထိုစကားကိုကြားသော် ကျန်းရို့ရှီ ရှက်သွားခဲ့ပြီး သူမ၏လှုပ်ရှားမှုများမှာလည်း ယာယီမျှ တန့်သွားခဲ့ရလေသည်။

ရန်ကိုင်သည် ကျန်းရို့ရှီ၏ပုခုံးကို ပုတ်လျက် သူမအား ထရန် ပြောပြီးသည့်နောက် သူကိုယ်တိုင်လည်း ထ၍ အင်္ကျီတွင် ကပ်ပေနေသော ဝိုင်များကို ခါထုတ်ကာ ပြောလိုက်လေ၏။ “နောက်ပိုင်း နင်ကြိုက်တဲ့ ယောက်ျားတစ်ယောက်ယောက် တွေ့ရင် ငါ့ကိုပြော… နင် သူ့ကို လက်ထပ်လို့ရအောင် ငါနင့်ကို ကူညီပေးမယ်…”

ထိုစကားကိုကြားသော် ကျန်းရို့ရှီသည် ခါးသက်သက်အမူအယာဖြင့် နှုတ်ခမ်းလေးကို ကိုက်လိုက်လေသည်။

“ဘာမှမဖြစ်ဘူး… ငါ့အတွက် ဘာမှ စိတ်မပူနဲ့… နင့်ကျင့်ကြံခြင်းကိုသာ ဂရုစိုက်… တစ်ခုခုအကြောင်းထူးတာနဲ့ ငါ နင့်ကို လှမ်းခေါ်လိုက်မယ်…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ သူမအား ပြန်သွားရန် ပြောလိုက်လေသည်။

ကျန်းရို့ရှီ ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ။ ‘ဟုတ်ကဲ့’ ဟူသော စကားတစ်ခွန်းကို ပြော၍သာ ရန်ကိုင့်ဆီမှ ပြန်ထွက်လာခဲ့လေ၏။

ရန်ကိုင်နေသည့် လိုဏ်ဂူထဲမှ ပြန်ထွက်လာပြီး လိုဏ်ဂူတံခါးကို ပိတ်ချလိုက်ပြီးသည့်နောက် ကျန်းရို့ရှီသည် သူမ၏ပါးနှစ်ဖက်ကို လက်ဖြင့်ကိုင်ကာ သူမနေသည့် လိုဏ်ဂူတံခါးပေါက်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။ သူမကိုယ်သူမ ဤနေ့မှ ဘာဖြစ်လို့ ဖြစ်နေမှန်းကို လုံးဝ နားမလည်နိုင်ခဲ့ချေ။ ပုံမှန်အားဖြင့် သူမ လုံးဝ မပြောရဲသည့် စကားလုံးများကို ယနေ့တွင်မူ အရူးတစ်ယောက်နှယ် ထုတ်ပြောနေခဲ့သည်။ သူမ ပြောသွားခဲ့သည့် စကားလုံးများကို ပြန်စဉ်းစားကြည့်မိလိုက်သော် ကျန်းရို့ရှီမှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူး၍သာ ပြေးပုန်းချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

သူမ၏ စိတ်ထဲတွင် ကိန်းအောင်းနေသော ထိုခံစားချက်များကို ယနေ့တွင်သာ ထုတ်မပြောလိုက်ပါက သူမစိတ်ထဲ ထိုကဲ့သို့ ခံစားလို့ ခံစားရနေမှန်းကို သတိပင် ပြုမိလိမ့်မည်မဟုတ်ပေ။

(အစ်မဟွာပြောတဲ့အတိုင်း ငါ အရွယ်ရောက်လာတာများလား …)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၆၈)

ရန်ကိုင်သည် ကျင့်ကြံရင်းဖြင့်သာ သူ့အချိန်ကို ကုန်ဆုံးနေခဲ့သည်။

ကျန်းရို့ရှီ၏ မောင်းထုတ်ခြင်း ခံလိုက်ရပြီးသည့်နောက်ပိုင်း ရန်ယိုဝေ့ နောက်တစ်ကြိမ် ထပ်ပေါ်မလာတော့ချေ။ ရန်ယိုဝေ့ပေါ်မလာသော်ငြား သူသစ္စာဖောက်သွားမည်ကို ရန်ကိုင် စိတ်မပူ။ ရန်ယိုဝေ့၏ ဝိဉာဉ်အမှတ်အသားသည် သူ့တွင် ရှိနေသည် မဟုတ်ပေလော။

ကျန်းရို့ရှီသည်လည်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသည့်အလား နောက်တစ်ကြိမ် ထပ်ပေါ်မလာတော့ချေ။ လက်ရှိ သူမသည် တာအိုသခင်တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သကဲ့သို့ ကြယ်ပျက်ပင်လယ်ထဲတွင်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည့်အတွက်ကြောင့် အနှေးနှင့်အမြန် ဧကရာဇ်အဆင့်သို့ တက်လှမ်းရပေတော့မည်။

တစ်လကြာပြီးသည့်နောက် တံခါးခေါက်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် မျက်လုံးပွင့်လာခဲ့ပြီး သူ့လက်အား ဝှေ့ယမ်းလျက် အခန်းတံခါးကို လှမ်းဖွင့်လိုက်လေ၏။

ရန်ယိုဝေ့သည် အထဲသို့ ဝင်လာကာ တလေးတစားဖြင့် ပြောလိုက်လေသည်။ “ဆရာ… ကျုပ် သတင်းအချို့ ရထားပါတယ်….”

ရန်ကိုင်မှာ တတိယအကြီးအကဲကိစ္စနှင့် ပတ်သက်၍ ဆက်လက် နှောင့်နှေးမနေချင်တော့ပေ။ တတိယအကြီးအကဲကိစ္စကို မြန်နိုင်သမျှ မြန်မြန် အပြီးသတ်၍ ရှောင်ရှောင်အား ဆက်ရှာရပေဦးမည်။ ထို့အတွက်ကြောင့် ရန်ယိုဝေ့ပြောသည်ကို ကြားပြီးသည့်နောက် မဆိုင်းမတွ အခန်းထဲမှ ထွက်လာခဲ့လေသည်။

တစ်ချိန်တည်းတွင်လည်း ကျန်းရို့ရှီအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ အကြောင်းကြားလိုက်လေ၏။ ရန်ကိုင့်ဆီမှ သတင်းစကားကို ကြားပြီးသည့်နောက် ကျန်းရို့ရှီသည် သူမအခန်းထဲမှ အလျင်စလို ထွက်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သည် သူတို့နေထိုင်ရာ လိုဏ်ဂူအသီးသီးဆီမှ ထွက်၍ ရှေးဟောင်းကုန်းမြေထဲရှိ တစ်နေရာဆီသို့ ပျံသန်းသွားကြလေသည်။

လမ်းတစ်လျှောက်တွင် ရန်ယိုဝေ့သည် သူရှာတွေ့ထားသမျှ အကြောင်းအရာများကို အသေးစိတ်တင်ပြလေသည်။

ရန်ယိုဝေ့၏ အမိန့်ကို ရပြီးသည့်အချိန်မှစ၍ သူ့လက်အောက်ငယ်သားများသည် တတိယအကြီးအကဲအား မရပ်မနား လိုက်ရှာနေခဲ့လေရာ လွန်ခဲ့သည့် တစ်ရက်က သူ့လက်အောက်ငယ်သားတစ်ဦးဆီမှ တတိယအကြီးအကဲကို ရှာတွေ့ပြီဟူသည့်အကြောင်း သတင်းရလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ယိုဝေ့လည်း ရန်ကိုင့်အား ချက်ချင်း လာအကြောင်းကြားခြင်း ဖြစ်လေသည်။ တတိယအကြီးအကဲကို ရှာတွေ့သွားသည့် တပည့်မှာတော့ သူမနားသို့ ကပ်မသွားခဲ့ဘဲ ခပ်လှမ်းလှမ်းမှသာ စောင့်ကြည့်နေပေသည်။ တတိယအကြီးအကဲသည် အလွန်ကိုမှ သတိကြီးပေသည်။ ထို့အတွက်ကြောင့် သူ့လက်အောက်ငယ်သားသည်သာ သူမနားသို့ ကပ်သွားမည်ဆိုပါက တတိယအကြီးအကဲ ကျိန်းသေ ထွက်ပြေးသွားပေလိမ့်မည်။ ထို့အပြင် ရန်ယိုဝေ့၏ လက်အောက်ငယ်သားများမှာလည်း တတိယအကြီးအကဲ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

တတိယအကြီးအကဲသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်ဟူသောအချက်ကို ရန်ယိုဝေ့ မသိလောက်ချေ။ ထို့ကြောင့်သာမဟုတ်ပါက တတိယအကြီးအကဲအား သူ့ခွန်အားဖြင့် မည်ကဲ့သို့များ သွားရောက်တိုက်ခိုက်ရဲပါမည်နည်း။

သူ့လက်အောက်ငယ်သားများပြောပုံအရ တတိယအကြီးအကဲကို မြစ်တစ်စင်းနားတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ရှာတွေ့ရခြင်းမှာလည်း တတိယအကြီးအကဲမှ အချိန်အတော်ကြာအောင် ပုန်းနေပြီးသည့်နောက် ရေချိုးရန်အတွက် ထွက်လာသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

ထိုစကားကိုကြားသော် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်လေ၏။ လူများများရှိခြင်းသည် အချို့သော ကိစ္စများကို အမှန်တကယ် လုပ်ရကိုင်ရ ပိုမိုလွယ်ကူသွားစေပေသည်။

ရန်ယိုဝေ့အား မသတ်လိုက်သည်မှာလည်း မှန်သွားခဲ့သည်။ သူ့ဘာသာ ဆက်ရှာနေမည်ဆိုပါက ယခုအချိန်ထိတိုင် တတိယအကြီးအကဲကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

မကြာမီ ရန်ကိုင်တို့အဖွဲ့သည် ရန်ယိုဝေ့ပြောသည့်မြစ်နားသို့ ရောက်လာခဲ့လေသည်။ မြစ်နားသို့ ရောက်ခါနီးတွင် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးသည် သူတို့ဆီသို့ ပျံသန်းလာခဲ့လေ၏။

ထိုလူအား သေချာစစ်ဆေးကြည့်နေပြီးသည့်နောက် ရန်ယိုဝေ့က အလျင်စလို ပြောလိုက်လေ၏။ “အဲ့ဒါ ကျုပ်လက်အောက်ငယ်သားပဲ…”

ရန်ယိုဝေ့သည် ရှေ့သို့ ပြေးထွက်သွားခဲ့ပြီး ထိုမွန်းစတားမျိုးနွယ်စုဝင်နှင့် စကားနည်းနည်းပါးပါး သွားပြောကြည့်သည်။ ထို့နောက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်ဘက်သို့ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်လေ၏။

ပြောင်းလဲသွားသော ရန်ယိုဝေ့၏အမူအယာကိုမြင်သော် ရန်ကိုင်က အလျင်စလို လှမ်းမေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ…”

ရန်ယိုဝေ့က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်သည်။ “ကျုပ်တို့ကို ရှာတွေ့သွားပြီ…”

“ထပ်ပြီး ထွက်ပြေးသွားပြန်ပြီလား…” ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့လေသည်။ ယခင်တစ်ခါက ထွက်ပြေးပြီးသည့်နောက်တွင် တတိယအကြီးအကဲသည် တစ်လမျှကြာအောင် ပုန်းအောင်းနေခဲ့သည်။ ယခုတစ်ကြိမ်သာ ထပ်မံထွက်ပြေးသွားမည်ဆိုပါက မည်မျှကြာအောင် ထပ်မံပုန်းအောင်းနေမည်မှန်း မသိရတော့ချေ။ ရန်ကိုင်အနေဖြင့် ဤမျှ အချိန်ကုန်မခံနိုင်။

“ထွက်ပြေးသွားတယ်လို့လည်း ပြောလို့ရတယ်… မပြေးဘူးလို့လည်း ပြောလို့ရတယ်…” ရန်ယိုဝေ့မှာ မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း သိမနေခဲ့။

“ခင်ဗျား ဘာပြောချင်နေတာလဲ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။

ရန်ယိုဝေ့က သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။ “အဲ့အမျိုးသမီးက သင်္ချိုင်းထဲကို ဝင်သွားတာ…”

“ဘာသင်္ချိုင်းလဲ…” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ဝိဉာဉ်တစ်သောင်းသင်္ချိုင်းပဲ…” ရန်ယိုဝေ့က ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ပြောလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က အေးစက်စက်ဖြင့် ရယ်မောလျက် အမိန့်ပေးလိုက်လေသည်။ “ဘာသင်္ချိုင်းပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးကွာ… သူ့ကိုသာ ဆက်ပြီးတော့ ထောက်လှမ်းထား… မဟုတ်ရင်တော့ မင်းတို့အားလုံး အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်နော်…”

ရန်ယိုဝေ့က အံ့အားသင့်တကြီး ပြန်ပြောလိုက်လေ၏။ “ဆရာက အခုလိုပြောတာ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းအကြောင်း မသိသေးလို့… သိသာသိသွားခဲ့ရင် ဆရာပြောတဲ့အတိုင်း ကျုပ်တို့ ဘာလို့ မလုပ်နိုင်လဲဆိုတာကို သိသွားလိမ့်မယ်…”

ရန်ကိုင်သည် ရန်ယိုဝေ့အား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “ကောင်းပြီလေ… ဒါဆိုရင် အဲ့သင်္ချိုင်းက ဘာသင်္ချိုင်းလဲ…”

ရန်ယိုဝေ့က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းက မမြင်နိုင်တဲ့ နေရာတစ်ခုပါပဲဆရာ… အဲ့နေရာက ရှေးဟောင်းကုန်းမြေက သက်ရှိတွေရဲ့ သင်္ချိုင်းလို့လည်း ပြောလို့ရပါတယ်…”

“ဘယ်လိုလုပ်ပြီး မမြင်နိုင်ရတာလဲ…”

ရန်ယိုဝေ့က ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့သင်္ချိုင်း ဘယ်မှာရှိလဲဆိုတာကို ဘယ်သူမှ မသိကြဘူး… သွားရှာလို့လည်း မရဘူး…”

ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထပြောလိုက်လေသည်။ “မင်း အခုပဲ ဟိုအမျိုးသမီး ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲ ဝင်သွားတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား… အဲ့ဒါကို ဘယ်မှာ ရှာရမှန်းမသိဘူးလို့ လာပြောနေတာ မင်း ငါ့ကို လာနောက်နေတာလား…”

ကျန်းရို့ရှီသည်လည်း ရန်ယိုဝေ့အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။ ရန်ယိုဝေ့သည် ယခုတစ်မျိုး တော်ကြာတစ်မျိုး ပြောနေခဲ့သည်။ ထို့အတွက်ကြောင့် သူမကိုယ်တိုင်သည်လည်း ရန်ယိုဝေ့အား မယုံသင်္ကာ ဖြစ်မိလေသည်။

သူသာ ယခုကိစ္စကို ကောင်းကောင်းမရှင်းပြပါက အသက်နှင့်ကိုယ် အိုးစားကွဲတော့မည်မှန်း သိလိုက်သော် ရန်ယိုဝေ့မှာ အထိတ်ထိတ် အလန့်လန့်ဖြင့် ပြန်ပြောလိုက်လေ၏။ “စိတ်ကိုထိန်းပါဦးဆရာ… အမှန်ကိုပြောနေတာပါ… ရှေးဟောင်းကုန်းမြေက လူတွေအကုန်လုံး ဝိဉာဉ်တစ်သောင်းသင်္ချိုင်းအကြောင်း သိကြပါတယ်… ဆရာမယုံရင် ကြိုက်တဲ့လူကို လိုက်မေးလို့ရပါတယ်… ကျုပ်ဘယ်လိုလုပ်ပြီး ဆရာ့ကို လိမ်ရဲပါ့မလဲ…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ထပ်ပြောလိုက်လေသည်။ “ဆက်ပြော…”

ယခုလောလောဆယ် အသက်ရှင်ဦးမည်မှန်း သိလိုက်သော် ရန်ယိုဝေ့သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ အတွေးများကို သေချာစီစစ်ပြီးသည့်နောက် စ၍ ရှင်းပြလိုက်လေ၏။ “ဝိဉာဉ်တစ်သောင်းသင်္ချိုင်းက ခြေရာခံလို့လည်းမရ၊ မြင်လည်းမမြင်နိုင်တဲ့ နေရာတစ်ခုပါ… အဲ့ဝိဉာဉ်တစ်သောင်းသင်္ချုင်းက ရှေးဟောင်းကုန်းမြေထဲမှာ သူပေါ်ချင်တိုင်းပေါ်လာတာပါ… ပေါ်လာပြီဆိုလို့ရှိရင် တစ်ရက်နှစ်ရက် ကြာတတ်သလို လနဲ့ချီပြီးတော့လည်း ကြာတတ်ပါတယ်… ဒါပေမဲ့ အဲ့လိုပေါ်လာတဲ့အချိန်တိုင်း ဝင်ပေါက်တစ်ခုပဲ ရှိပါတယ်… အဲ့အချိန်အတွင်း ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲကို ဝင်ချင်တယ်ဆိုလို့ရှိရင် အဲ့ဝင်ပေါက်ကနေပဲ အထဲကိုဝင်လို့ရပါတယ်… ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာတော့ အထဲကို ဝင်သွားပြီးတဲ့ လူတိုင်း ဘယ်သူမှ ပြန်မထွက်လာနိုင်ကြပါဘူး… ဝိဉာဉ်တစ်သောင်းသင်္ချိုင်း ပေါ်လာပြီဆိုတာနဲ့ ရှေးဟောင်းကုန်းမြေထဲမှာရှိတဲ့ သေခါနီးသက်ရှိတွေ မွန်းစတားသားရဲတွေအကုန်လုံး အထဲထဲကိုဝင်ပြီးတော့ သူတို့သေမှာကို သွားထိုင်စောင့်လေ့ရှိပါတယ်… အဲ့ဒါကြောင့်ပဲ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းလို့ ခေါ်တာပါ… ရှေးဟောင်းကုန်းမြေထဲမှာ ဝိဉာဉ်တစ်သောင်းသင်္ချိုုင်းနဲ့ သွေးတံခါးက တားမြစ်နေရာကြီးနှစ်ခုပါ…”

(သွေးတံခါးက ဘာကြီးလဲ…) သွေးတံခါး မည်သို့သောနေရာမှန်း ရန်ကိုင်မသိ။ သို့ရာတွင် တားမြစ်နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ကျိန်းသေကို အန္တရာယ်များရပေလိမ့်မည်။

လက်ရှိကိစ္စကိုသာ အာရုံစိုက်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း သွေးတံခါးအကြောင်း သွားမမေးခဲ့ပေ။ “ဒီတော့ မင်းပြောတဲ့ပုံအရ ဆိုလို့ရှိရင် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းက ရှေးဟောင်းကုန်းမြေထဲက သေခါနီးလူတွေ သူတို့သေရမဲ့အချိန်ကို သွားထိုင်စောင့်နေတဲ့ နေရာပေါ့ ဟုတ်လား…”

“ဟုတ်ပါတယ် ဆရာ…” ရန်ယိုဝေ့က ဦးညွှတ်၍ ပြန်ပြောလိုက်လေသည်။

“ဒါဆိုရင် ဟိုအမျိုးသမီး ဘာလို့ အဲ့ထဲကို ဝင်သွားတာလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ ထပ်မေးလိုက်လေသည်။

ရန်ယိုဝေ့သည် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ (အဲ့ဒါ ငါ့ကို လာမေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲကွ…) သို့သော်ငြား ပေါ်ပေါ်ထင်ထင်တော့ အထွန့်မတက်ရဲခဲ့ပေ။ ကြိုးစားပြုံးရင်းမှ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါနဲ့ပတ်သက်ပြီး ကျုပ်လည်း နားမလည် ဖြစ်နေရတာပါ… ဒါပေမယ့် သူ အထဲကို ဝင်သွားပြီဆိုမှတော့ သူ့အတွက်တော့ အခြေအနေကောင်းတဲ့ပုံတော့ မပေါ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ အားအကောင်းဆုံး မွန်းစတားဘုရင်တွေတောင် အဲ့ထဲဝင်သွားပြီးတာနဲ့ သေမှာကို ထိုင်စောင့်နေရလို့ပါပဲ…”

ရန်ကိုင်သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် လက်ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်လေ၏။ “ရှေ့ကနေသွား… ငါ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းဆိုတာ ဘယ်လိုမျိုးလဲ သွားကြည့်ကြည့်ဦးမယ်…”

ထိုအချင်းအရာကိုမြင်သော် ရန်ယိုဝေ့စိတ်ထဲ ကြိတ်၍ ငြီးတွားလိုက်လေသည်။ သူ လေကုန်ခံခဲ့ရသည်မှာ အဖတ်မတင်ခဲ့ပေ။ ရန်ကိုင့်အား ထိုနေရာသို့ မသွားရန် ဖျောင်းဖျချင်ပါသော်ငြား ရန်ကိုင်ကမူ ခေါင်းမာမာဖြင့်သာ ဆက်သွားချင်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူလည်း မတတ်သာဘဲ ရှေ့မှ လမ်းပြပေးရတော့လေ၏။

မကြာမီ ရန်ကိုင်တို့အဖွဲ့သည် တောင်ကြားတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုတောင်ကြားရှေ့နားသို့ ရောက်သည်နှင့် မွန်းစတားမျိုးနွယ်စုဝင်များစွာ ခြုံပုတ်အသီးသီးမှ ထွက်လာကြလေ၏။ အားလုံးမှာ ရန်ယိုဝေ့၏ လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။

“ဆရာ…” မွန်းစတားမျိုးနွယ်စုဝင်များမှာ ချက်ချင်း အလေးပြုလိုက်ကြသည်။

ရန်ယိုဝေ့သည် သူ့လက်ကို ဝှေ့ယမ်း၍ ထိုလူများကို ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေရန် အချက်ပြလိုက်ပြီးသည့်နောက် ရန်ကိုင့်အား အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်သည် တောင်ကြားကို စိုက်ကြည့်ရင်းမှ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းကို လိုက်ရှာနေခဲ့လေ၏။ သို့သော်ငြား ဘာကိုမှမတွေ့သဖြင့် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည်။ “သင်္ချိုင်းကရော…”

ရန်ယိုဝေ့သည် သူ့လက်အောက်ငယ်သားတစ်ဦးကို လှမ်းကြည့်လိုက်လေသည်။ ထိုမွန်းစတားမျိုးနွယ်စုဝင်က အရှေ့တည့်တည့်ကို ညွှန်ပြရင်း ချက်ချင်း ပြန်ပြောလိုက်လေ၏။ “အရှေ့နားမှာပါပဲ…”

“ငါ့ကို လာနောက်မနေနဲ့တော့နော်…” ရန်ကိုင့်မျက်နှာ သုန်မှုန်လာခဲ့လေသည်။

ရန်ယိုဝေ့မှာ အထိတ်ထိတ် အလန့်လန့် ဖြစ်သွားပြီး အလျင်စလို ပြောလိုက်လေ၏။ “ဆရာ့ကို မနောက်ရဲပါဘူး… အဲ့ဝိဉာဉ်တစ်သောင်းသင်္ချိုင်းရဲ့ ဝင်ပေါက်ကို တကယ်ကို မမြင်နိုင်တာပါ… သေခါနီးလူတွေပဲ အဲ့ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းရဲ့ ဝင်ပေါက်ကို မြင်နိုင်တာပါ…”

“မင်း တကယ်ပြောနေတာလား…” ရန်ကိုင်သည် ရန်ယိုဝေ့အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင့်၏ အားကောင်းသော ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့‌ချေ။ သို့သော်ငြား ရန်ယိုဝေ့၏ပုံစံကို ကြည့်ရသလောက် လိမ်နေသည့်ပုံမပေါ်။

“ဆရာ မမြင်နိုင်ဘူးလား…” ကျန်းရို့ရှီက ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။

“ဘာကိုမြင်ရမှာလဲ….” ရန်ကိုင်သည် ကျန်းရို့ရှီအား အံ့ဩတကြီးဖြင့် ကြည့်လိုက်လေသည်။

“အဲ့နားမှာ မီးခိုးရောင်တံခါးတစ်ချပ် ရှိနေတယ်လေ…” ကျန်းရို့ရှီသည် တစ်ခုသော နေရာဆီသို့ ညွှန်ပြရင်း ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် အနီးအနားတွင် ရှိနေသည့် မွန်းစတားမျိုးနွယ်စုဝင်အားလုံး ကျန်းရို့ရှီအား မယုံနိုင်ဟန်အထင်းသားဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ကျန်းရို့ရှီညွှန်ပြနေသည့် နေရာဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပါသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ “ဘာမှမရှိပါဘူး…”

“မဖြစ်နိုင်ပါဘူး… အဲ့မှာ ကျိန်းသေကို ရှိနေပါတယ်…” ကျန်းရို့ရှီ မယုံသင်္ကာ ဖြစ်သွားတော့လေ၏။

ရန်ယိုဝေ့သည် ကျန်းရို့ရှီအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “သခင်မလေးက သင်္ချိုင်းရဲ့ဝင်ပေါက်ကို မြင်နိုင်တာလား…”

“ဟုတ်တယ်…” ကျန်းရို့ရှီမှာလည်း ဘာကြောင့် ဤကဲ့သို့ ဖြစ်နေလို့ ဖြစ်နေမှန်း မသိပေ။

ရန်ယိုဝေ့၏အမူအယာသာလျှင် ထူးဆန်းနေခြင်းမဟုတ်။ အခြားသော မွန်းစတားမျိုးနွယ်စုဝင်များ၏ အမူအယာများမှာလည်း ထူးဆန်းနေကုန်ကြလေသည်။

ရန်ကိုင်သည် ထိုလူများကို အေးစက်စက်အမူအယာဖြင့် ကြည့်ကာ မေးလိုက်လေသည်။ “သေခါနီးလူတွေပဲ အဲ့ဝင်ပေါက်ကို မြင်နိုင်တယ်လို့ မင်းတို့ပြောတာ မဟုတ်ဘူးလား… အခု ဒါက ဘယ်လိုဖြစ်ရပြန်တာတုန်း… ရို့ရှီက သေခါနီးလူတစ်ယောက်လို့ မင်းတို့ပြောချင်နေတာလား…”

ကျန်းရို့ရှီသည် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း မျက်မှောင်လေးကို ကြုတ်ကာ ရန်ယိုဝေ့အား ဒေါမာန်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။

ရန်ယိုဝေ့သည် သူမအား သေခါနီးနေပြီဟု ပြောလိုက်ခြင်းပေလော။ သူမထင်ထားသကဲ့သို့ပင် ရန်ယိုဝေ့သည် ကောင်းသည့်လူတစ်ယောက်မဟုတ်။

ရန်ယိုဝေ့မှာတော့ အော်ငိုမိမတတ် ဖြစ်နေခဲ့လေသည်။ “အဲ့လို ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး ဆရာရယ်… ဒီမှာရှိနေတဲ့လူတိုင်း အဲ့လိုတွေပဲ ပြောကြလို့ ကျုပ်လည်း ဝိဉာဉ်တစ်သောင်းသင်္ချိုင်း ဆိုတာ သေခါနီးလူတွေပဲ မ မြင်ရတဲ့သင်္ချိုင်းတစ်ခုမှန်း သိထားရတာပါ... အခုကိစ္စနဲ့ပတ်သက်လို့ ကျုပ်လည်း ဘာဖြစ်လို့ဖြစ်နေမှန်းကို လုံးဝမသိတာပါ…” ထို့နောက်တွင် ရန်ယိုဝေ့သည် သူ့လက်အောက်ငယ်သားတစ်ဦးကို ဆွဲခေါ်၍ လည်တိုင်မှကိုင်ရင်း ဒေါမာန်တကြီးဖြင့် မေးလိုက်လေသည်။ “သင်္ချိုင်းရဲ့ဝင်ပေါက်က ဒီမှာရှိတယ်ဆိုတာ သေချာလား…”

ထိုမွန်းစတားမျိုးနွယ်စုဝင်က အလျင်စလို ခေါင်းညိတ်လိုက်လေ၏။ “သေချာပါတယ်ဆရာ… သေချာပါတယ်… အစောပိုင်းက အမျိုးသမီး အဲ့ထဲကို ဝင်သွားခဲ့တာပါ… သူဝင်သွားတဲ့အချိန် ဝင်ပေါက်က ဖျတ်ခနဲ လက်သွားပါတယ်… အဲ့ဒါကြောင့်ပဲ ကျုပ်တို့ အဲ့မှာ ဝင်ပေါက်ရှိနေမှန်း သိရတာပါ…”

ဘေးနားတွင်ရှိနေသော မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးကလည်း သူပြောသည်မှာ အမှန်ဖြစ်ကြောင်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

ထိုအခါမှသာ ရန်ယိုဝေ့သည် ထိုလူအား လွှတ်ပေးလိုက်ပြီး ရန်ကိုင့်ဘက်သို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေ၏။

“ဒုန်း… ဒုန်း… ဒုန်း…” ထိုစဉ် ကျယ်လောင်သည့် ခြေသံများစွာ ထွက်ပေါ်လာခဲ့လေသည်။ ဧရာမ အကောင်ကြီးတစ်ကောင်ကောင် လာနေသည့်ပုံပင်။ ထိုအသံထွက်ပေါ်လာရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော သစ်ပင်များမှာလည်း တဝုန်းဝုန်း ပြိုကျ ပျက်စီးနေခဲ့လေသည်။

ရန်ကိုင်လည်း ထိုဘက်ဆီသို့ လှမ်းကြည့်လိုက်လေရာ ဧရာမပုံရိပ်ကြီးတစ်ခု တောအုပ်အတွင်းမှ တစ်လှမ်းချင်းတစ်လှမ်းချင်း လှမ်းလာနေကြောင်း တွေ့လိုက်ရလေသည်။ ထိုပုံရိပ်ကြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေ၏။

မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာသည် ထိုပုံရိပ်ကြီး၏ အပေါ်ဘက်ဆီမှနေ၍ ပျံသန်းနေရင်း အလွန်ကိုမှ စိုးရိမ်ပူပန်နေဟန်ဖြင့် အဆက်မပြတ် အော်ဟစ်နေကြလေသည်။

All Chapters