အခန်း (၂၅၆၉-၂၅၇၁)
Vol. 108 Ch. 2569-2571
အပိုင်း (၂၅၆၉)
“ဆရာ… အဲ့ဒါ ဆရာညိုရဲ့လူတွေပဲ…” ရန်ယိုဝေ့၏ လက်အောက်ငယ်သားတစ်ဦးသည် သူ့အနားသို့ကပ်ကာ လာပြောလေ၏။
ထိုစကားကိုကြားသော် ရန်ယိုဝေ့၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လေပေါ်သို့ ပျံတက်၍ သေသေချာချာ စစ်ဆေးကြည့်လိုက်လေ၏။ ထို့နောက် အလန့်တကြား ထအော်လေ၏။ “ညိုချွမ်းပဲ…”
ညိုချွမ်းအကြောင်းကို ရန်ကိုင့်အား ရန်ယိုဝေ့မှ ရှင်းပြထားပြီး သွားခဲ့လေပြီ။ ညိုချွမ်းသည် ရန်ယိုဝေ့ကဲ့သို့ပင် မွန်းစတားဗိုလ်ချုပ်တစ်ဦး ဖြစ်လေ၏။
ရန်ကိုင်သည် ရန်ယိုဝေ့အား သူတို့နှစ်ယောက် အတူတူပူးပေါင်း၍ ညိုချွမ်းအား သတ်ပစ်လျှင် ကောင်းမလားဟု မေးရန် စဉ်းစားနေခြင်း ဖြစ်ပေသည်။ သို့မှသာ သူနှင့် ရန်ယိုဝေ့တို့ ပူးပေါင်းနေသည့်အကြောင်း သတင်းမပျံ့သွားပေလိမ့်မည်။ သို့သော်ငြား ရန်ယိုဝေ့သည် သူ့ဘာသာ ပျံတက်သွားခဲ့ပြီး အကျယ်ကြီး အော်ပြောလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ “လူအိုကြီးညို… မင်း ဘာလုပ်ချင်နေတာလဲ…”
သို့သော်ငြား တစ်ဖက်လူသည် သူ့အား မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။
ရန်ယိုဝေ့၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် လှမ်းမေးလေ၏။ “လူအိုကြီးညို… ငါလူအိုကြီးရန်လေ… ငါ့ကို သေသေချာချာ ကြည့်ကြည့်ပါဦးဟ…”
ညိုချွမ်းနှင့်အတူ ပျံသန်းလာနေသည့် မွန်းစတားမျိုးနွယ်စုဝင်များမှာလည်း ရန်ယိုဝေ့အား သတိထားမိသွားခဲ့ကြပြီး အချို့မွန်းစတားမျိုးနွယ်စုဝင်များသည် မျက်ရည်ရွဲလဲဖြင့် အော်ဟစ်အကူအညီတောင်းလေ၏။ “ဆရာရန်… ကျေးဇူးပြုပြီး ကျုပ်တို့ဆရာကို ကူညီပေးပါဦးဗျာ… ဆရာက ဘာဖြစ်လို့ ဖြစ်နေမှန်း မသိဘူး… မွန်းစတားသားရဲပုံစံ ရုတ်တရက်ပြောင်းပြီးတော့ ဒီလမ်းအတိုင်း တောက်လျှောက်ကိုပြေးထွက်လာတာပဲ… ကျုပ်တို့ ဘယ်လိုလိုက်တားတား တားလို့ကို မရဘူး… ကျုပ်တို့ပြောနေတာကိုလည်း တစ်ခွန်းမှ ပြန်မပြောဘူး…”
ထိုစကားကိုကြားသော် ရန်ယိုဝေ့သည် မမြင်နိုင်သည့် သင်္ချိုင်းတံခါးပေါက်ရှိနေသည့် နေရာဆီသို့ ဝမ်းနည်းနေသည့် အရိပ်အယောင်အချို့ဖြင့် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သက်ပြင်းမောကြီးချလျက် သူ့လက်အား ဝှေ့ယမ်းကာ ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေ၏။
“ဘုန်း ဘုန်း ဘုန်း…”
မိုးခြိမ်းမတတ် အသံနှင့်အတူ သစ်ပင်များ တစ်ပင်ပြီးတစ်ပင် ပျက်စီးလဲကျနေခဲ့လေသည်။ မကြာမီ ရန်ကိုင်ရှေ့တွင် ဧရာမနွားသိုးကြီးတစ်ကောင် ပေါ်လာခဲ့လေ၏။ နွားသိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်တောက်နေခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အက်ကြောင်းများဖြင့် ပြည့်နေခဲ့လေသည်။ အက်ကြောင်းများသည် ထိုမွန်းစတားအိုကြီးမှာ အလွန်ကိုမှ သက်တမ်းရင့်နေပြီဖြစ်ကြောင်းကို ဖော်ပြနေခဲ့လေ၏။ ၎င်း၏ခွာတစ်ခုချင်းစီသည် အိမ်တစ်လုံးစာမျှ ကြီးမားလှကာ ခွာများ မြေပြင်ပေါ်သို့ ကျဆင်းလာတိုင်း မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားရသည်။
သံလျက်နှင့်တူသည် ဦးချိုနှစ်ချောင်းမှာတော့ မွန်းစတားသားရဲ၏ နဖူးထက်မှ ထိုးထွက်နေခဲ့လေသည်။ သို့သော်ငြား ထိုချိုနှစ်ချောင်းအနက် တစ်ချောင်းမှာ ဖြတ်တောက်ခြင်း ခံထားရလေ၏။
(ဒီတော့ သူက မွန်းစတားဗိုလ်ချုပ်ညိုချွမ်းပေါ့…)
“ဘာဖြစ်သွားတာလဲ…” ရန်ကိုင်သည် ရန်ယိုဝေ့ကို ကြည့်၍ မေးလိုက်၏။
“သူ့အချိန်ရောက်လာပြီလေ… သူ အခု သင်္ချိုင်းထဲကို ဝင်တော့မှာ...” ရန်ယိုဝေ့က သက်ပြင်းမောကြီး ချလိုက်လေ၏။ သူ့လေသံထဲ ဝမ်းနည်းသည့်အရိပ်အယောင်တို့ ပါဝင်နေခဲ့လေသည်။ ရန်ယိုဝေ့ကို ကြည့်ရသည်မှာ ညိုချွမ်းနှင့် အတော်လေးရင်းနှီးသည့်ပုံပင်။
ရန်ကိုင်သည် ညိုချွမ်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီး မမြင်နိုင်သည့် သင်္ချိုင်းတံခါး ရှိနေသည့်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားဟန်ဖြင့် ပြောလိုက်လေ၏။ “ဝိဉာဉ်တစ်သောင်းသင်္ချိုင်းက ခေါ်နေတာကို သူခံစားမိတာလား…”
ရန်ယိုဝေ့က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ရှေးဟောင်းကုန်းမြေမှာ ရှိနေတဲ့လူတိုင်း သေခါနီးအချိန် ရောက်ပြီဆိုတာနဲ့ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းရဲ့ တည်နေရာကို ခံစားနိုင်ကြတယ်… အဲ့အချိန်ကြရင် သူတို့ဘာသာသူတို့ အဲ့သင်္ချိုင်းထဲ အလိုလိုဝင်သွားကြရော… လူအိုကြီးညို ဟူး…” ထို့နောက် သက်ပြင်းအမောကြီး ထပ်ချလိုက်ပြန်လေသည်။
“ငါသိပြီ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
သူသည် ညိုချွမ်းနှင့် ခင်မင်ရင်းနှီးသူတစ်ဦး မဟုတ်။ ထို့အပြင် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းမှာ အစစ်အမှန် ဟုတ်မဟုတ်လည်း မသိချေ။ သို့သော်ငြား ဝိဉာဉ်တစ်သောင်းသင်္ချိုင်း တကယ်ရှိမရှိကို အတည်ပြုနိုင်မည့်နည်းလမ်းတစ်ခု ရှာတွေ့သွားခဲ့လေပြီ။
လူအိုကြီးညိုချွမ်း၏ လက်အောက်ငယ်သားများမှာ သူ့အား အဆက်မပြတ် အော်ခေါ်နေကြသည်။ သို့သော်ငြား ညိုချွမ်းမှာတော့ သင်္ချိုင်းဝင်ပေါက်ရှိနေသည့်နေရာဆီသို့ သွားရန်ကိုသာ သိတော့သည့်အလား မည်သည့်အော်ခေါ်သံကိုမှ ပြန်ထူးမနေဘဲ ဝိဉာဉ်တစ်သောင်း သင်္ချိုင်းဆီသို့သာ တည့်တည့်မတ်မတ် သွားနေလေ၏။
မကြာခင်တွင် ရန်ယိုဝေ့၏ လက်အောက်ငယ်သားများဆီမှ တစ်ဆင့် ညိုချွမ်း၏ လက်အောက်ငယ်သားအားလုံး အကြောင်းစုံကို သိသွားကြတော့လေ၏။ သူတို့ဆရာ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ သွားနေခြင်းမှန်း သိလိုက်ကြလိုက်သော် အကုန်လုံးမှာ ဝမ်းနည်းကုန်ကြပြီး စတင်၍ အော်ဟစ်ငိုကြွေးကြတော့လေသည်။
အကုန်လုံး၏အကြည့်အောက်တွင် ညိုချွမ်းသည် တောင်ကြားဆီသို့ လျှောက်သွားပြီး ရုတ်တရက် ရပ်လိုက်လေသည်။ ထို့နောက် ခေါင်းကိုမော့လျက် ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးလိုက်ပြီးသည့်နောက် ရှေ့သို့ ဆက်သွားလေ၏။
ထို့နောက်တွင် ရန်ကိုင့်မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
အကြောင်းမှာ ဟင်းလင်းပြင်ထဲ မီးခိုးရောင်အလင်းတံခါးတစ်ချပ် ဗြုန်းစားကြီး ပေါ်လာသည့် အတွက်ကြောင့်ပင်။ ထိုအလင်းတံခါးမှာ ဆယ်မီတာမက မြင့်မားပြီး ယခုအချိန်ထိတိုင် ကျန်းရို့ရှီမှလွဲ၍ မည်သူမျှ မမြင်နိုင်ခဲ့ပေ။ လူအိုကြီးညိုချွမ်းကြောင့်သာ မဟုတ်လျှင် ထိုတံခါးကို အခြားသူများ မြင်နိုင်လိမ့်မည် မဟုတ်။
ရန်ယိုဝေ့ပြောခဲ့သည်မှာ အမှန်ဖြစ်နေခဲ့သည်။ ရှေးဟောင်းကုန်းမြေ၏ သေခါနီးလူများသည်သာ ထိုသင်္ချိုင်းတံခါးကို အာရုံခံနိုင်ကြပေသည်။
သင်္ချိုင်းတံခါးကို ဖြတ်ကျော်ပြီးသည့်နောက် ညိုချွမ်း၏ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် သင်္ချိုင်းတံခါးမှာလည်း ပြန်လည်၍ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ယိုဝေ့မှာတော့ သက်ပြင်းသာ ချနေခဲ့လေ၏။
“တကယ်ကြီး သင်္ချိုင်းဝင်ပေါက် ရှိနေတာပဲ…” သူကိုယ်တိုင်မြင်တွေ့ရပြီးသည့်နောက်တွင် တတိယအကြီးအကဲ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ ဝင်သွားသည်မှာ အမှန်မှန်း ရန်ကိုင်လည်း အတည်ပြုလိုက်နိုင်ပေ၏။
(ငါ အခု ဘာလုပ်ရမှာလဲ…) ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့လေသည်။ ထူးဆန်းသောသင်္ချိုင်းထဲ၌ မည်ကဲ့သို့သော အန္တရာယ်များ ရှိနေမလဲ သူမသိချေ။ ထို့အပြင် သူသာ သင်္ချိုင်းထဲသို့ ဝင်သာဝင်သွားနိုင်ပြီး ပြန်မထွက်လာနိုင်လျှင်လည်း ပြဿနာတက်ရပေလိမ့်မည်။ သူကိုယ်တိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားပါသော်ငြား မဆင်မခြင် မလှုပ်ရှားဝံ့ပေ။
သို့သော်ငြား ကျန်းရို့ရှီကိုယ်တိုင်သည်လည်း သင်္ချိုင်းဝင်ပေါက်ကို မြင်နိုင်သည့်အချက်မှာ အလွန်ကိုမှ ထူးဆန်းနေခဲ့လေသည်။
ဤကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်လည်း ကျန်းရို့ရှီဘက်သို့ လှည့်ကြည့်၍ တစ်ခုခုမေးတော့မည်အပြု ကျန်းရို့ရှီကိုယ်တိုင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ သင်္ချိုင်းဝင်ပေါက်ဆီသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် မသိလိုက်မသိဘာသာဖြင့် သူမလက်အား ဝင်ပေါက်ဆီသို့ ဆန့်ထုတ်လိုက်လေသည်။ သူမ၏မျက်လုံးလေးများသည် ညို့ဓါတ်မိထားသည့်အလား ငေးငိုင်ငိုင် ဖြစ်နေ၏။
“ရို့ရှီ… နင် ဘာလုပ်နေတာလဲ…” ရန်ကိုင်က ရုတ်တရက် ထအော်လေသည်။ ကျန်းရို့ရှီ၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ချက်ချင်း အသိပြန်ဝင်လာလေ၏။ သူမကိုယ်တိုင် မသိလိုက်မသိဘာသာဖြင့် သင်္ချိုင်းဝင်ပေါက်နားသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသော် ကျန်းရို့ရှီမျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်း ပြန်ဆုတ်လာခဲ့လိုက်လေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ မမြင်ရသော သင်္ချိုင်းဝင်ပေါက်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ယခုတစ်ကြိမ်တွင်တော့ သင်္ချိုင်းဝင်ပေါက် အပြည့်အဝ ထွက်ပေါ်လာခဲ့လေသည်။
တောင်ကြားထဲတွင် ဧရာမ မီးခိုးရောင်အလင်းတံခါးပေါက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အလင်းတံခါးဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်၏ ထိမှန်ခြင်း ခံလိုက်ရသည့် မွန်းစတားမျိုးနွယ်စုဝင်တိုင်း သူတို့၏ ခန္ဓာကိုယ် လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ လူတိုင်း တုန်လှုပ်ခြောက်ခြားကုန်ကြပြီး အရူးအမူး ထအော်ကြတော့လေ၏။
ရန်ကိုင်သည်လည်း မျက်လုံးကျွတ်ထွက်မတတ် မျက်လုံးပြူးကျယ်သွားခဲ့လေ၏။ မီးခိုးရောင်အလင်းနှင့် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူကိုယ်တိုင်ပင်လျှင် တစ်ချက်ကလေးမှ လှုပ်ရှား၍မရတော့ချေ။ လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းလင့်ကစား အလုပ်မဖြစ်ခဲ့။
အသက်ရှင်နေသည့် လူသားအားလုံးနှင့် မွန်းစတားမျိုးနွယ်စုဝင်အားလုံးမှာ မဒူဆာမျက်လုံးဖြင့် အကြည့်ခံလိုက်ရသလို ကျောက်ရုပ်များ ဖြစ်သွားကြသည့်အလား။
“ဆရာ… ကျွန်မ…” ကျန်းရို့ရှီမှာ အော်ငိုခါနီး ဖြစ်နေခဲ့လေသည်။ သူမ ဘာလုပ်မိလို့ လုပ်မိမှန်း သူမကိုယ်တိုင်လည်း မသိ။ ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင့်ဆီသို့ ခေါင်းလေး စောင်းကြည့်လိုက်သည့်အခိုက် ရန်ကိုင် ကိုယ်တိုင်သည်လည်း လှုပ်ရှားလို့ မရသဖြင့် အသည်းအသန် ရုန်းကန်နေရကြောင်း တွေ့လိုက်သော် ကျန်းရို့ရှီ စိုးရိမ်သွားခဲ့လေသည်။
အဖြစ်အပျက်အားလုံးသည် မည်သူမျှ မတုံ့ပြန်နိုင်ခင် လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်မှာ တစ်ခဏမျှကြာအောင် ရုန်းကန်နေလိုက်သည့်တိုင် ရုန်းမထွက်နိုင်မှန်း သိလိုက်သော် အံကိုကြိတ်၍ တောင်နဲ့မြစ်ခေါင်းလောင်းအား ဆင့်ခေါ်ရန် ပြင်လိုက်လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ဝင်ပေါက်တံခါးမှာ နောက်တစ်ကြိမ် ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။ ဝင်ပေါက်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် တောင်ကြားအနီးတစ်ဝိုက်တွင် ရှိနေသော သက်ရှိအားလုံးသည်လည်း ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။
သုဿန်တစပြင်နှယ် တိတ်ဆိတ်မှုများသာ ကြီးစိုးနေသည့် နေ၊လ၊ကြယ်၊ ပန်းပွင့်၊ သစ်ပင်များ မရှိသည့် ထူးဆန်းသော အနက်ရောင်ကမ္ဘာကြီးထဲဝယ် ရန်ကိုင်၊ ကျန်းရို့ရှီနှင့် မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာ အတူတကွ ပေါ်လာခဲ့ကြသည်။
ရန်ကိုင်သည် ကျန်းရို့ရှီဆီသို့ တည်နေရာခုန်ကူးသွားလိုက်ပြီး သူ၏ ဧကရာဇ်ချီဖြင့် သူမအား လွှမ်းခြုံကာ ဘေးပတ်ဝန်းကျင်အား နိုးနိုးကြားကြားဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် မြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် ငေးကြောင်ကြောင် ဖြစ်သွားခဲ့ရလေသည်။ လူတိုင်းသည် အရိုးတောင်ကြီးတစ်လုံးပေါ်တွင် ရပ်နေခြင်း ဖြစ်လေသည်။ ဤနေရာတွင် အရွယ်အစား၊ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော အရိုးခြောက်များကို မျက်စိတစ်ဆုံး မြင်တွေ့နေရသည်။ ထိုအရိုးဖြူများမှာ နှစ်ပေါင်းများစွာအကြာက သေဆုံးသွားခဲ့သော မွန်းစတားမျိုးနွယ်စုဝင်များ၏ အရိုးခြောက်များသာ ဖြစ်ကြလေသည်။
“ဝူး…”
သားရဲအော်သံတစ်သံ ထွက်ပေါ်လာသဖြင့် လှမ်းကြည့်လိုက်ရာ ဝင်ပေါက်ထဲသို့ သူတို့ထက်စော၍ ဝင်လာသည့် ညိုချွမ်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
လက်ရှိတွင် ညိုချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းလှသည့် သေခြင်းချီများမှ လွှမ်းခြုံထားခဲ့လေ၏။ အရိုးတောင်၏ တစ်နေရာတွင် ငြိမ်သက်စွာ လှဲလျောင်းရင်း ညိုချွမ်းသည် သူသေရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
အလင်းစက်ကလေးများသည် ပိုးစုန်းကြူးလေးများအလား ညိုချွမ်း၏ ခန္ဓာကိုယ်ကြီးဆီမှ အစီအရီ ထွက်ပေါ်နေခဲ့ပြီး မီးခိုးရောင်ကမ္ဘာ၏ အတွင်းပိုင်းဆီသို့ ပျံသန်းသွားနေကြသည်။ တစတစ စိမ့်ထွက်နေသော အလင်းစက်ကလေးများ နှင့်အတူ ညိုချွမ်း၏ အသက်ဓာတ်သည်လည်း တဖြည်းဖြည်း ယုတ်လျော့လာနေခဲ့လေ၏။
“ဒီတော့ ဒါက ဝိဉာဉ်တစ်သောင်းသင်္ချိုင်းပေါ့…” ရန်ကိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
(ငါ ဒီအစုတ်အပြတ်နေရာကြီးထဲကို ဘယ်လိုရောက်လာရတာလဲ…) ရန်ကိုင့်မှာ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ ဝင်၍ တတိယအကြီးအကဲအား လိုက်ရှာလျှင် ကောင်းမလား ထိုသို့မလုပ်ဘဲ အပြင်ဘက်တွင်သာ ဆက်နေလျှင်ကောင်းမလား ဝေခွဲမရ ဖြစ်နေစဉ်မှာပင် စိတ်လိုလက်ရမဟုတ်ဘဲ ဤနေရာထဲသို့ အတင်းအကြပ် ဆွဲခေါ်ခံလိုက်ရသည်။
“တောင်းပန်ပါတယ်နော် ဆရာ… ရို့ရှီကိုယ်တိုင်လည်း ဘာတွေဖြစ်လို့ဖြစ်သွားမှန်း မသိလိုက်လို့ပါ…” ကျန်းရို့ရှီမျက်နှာမှာ ပြိုတော့မည့်မိုးနှယ် ဖြစ်နေခဲ့လေသည်။ သူမ အမှားတစ်ခု လုပ်လိုက်မိပြီမှန်း နားလည်နေခဲ့လေသည်။ သို့သော်ငြား တမင်တကာ လုပ်လိုက်ခြင်းမဟုတ်။ ထိုစဉ်က သူမ၏ခန္ဓာကိုယ်သည် သူမ၏ထိန်းချုပ်မှုအောက်၌ ရှိမနေခဲ့ပေ။
ရှေးဟောင်းကုန်းမြေထဲ ဝင်လာပြီးသည့်နောက် သူမခန္ဓာကိုယ်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေမှန်း ခံစားခဲ့ရသည်။ သို့သော်ငြား သူမကြောင့် သူမ၏ဆရာသည်ပါ ယခုကဲ့သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ခဲ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ရန်ကိုင်သည် ကျန်းရို့ရှီအား ကြည့်လျက် ဘာမှပြန်မပြောဘဲ သူမခေါင်းကိုသာ အသာအယာ ပုတ်ပေးလိုက်လေ၏။
ယခုမှပြောနေ၍လည်း မထူးတော့ချေ။ ကိစ္စအားလုံးသည် ဤအခြေအနေထိ ဖြစ်လာပြီးပြီ ဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ရှီအား အပြစ်တင်နေလို့ရော ဘာများ အကျိုးထူးဦးပါမည်နည်း။ ထို့အပြင် ကျန်းရို့ရှီသည် ယခုကဲ့သို့ဖြစ်အောင် တမင်တကာ လုပ်ခဲ့ခြင်းမှ မဟုတ်လေဘဲ။ ယခုအချိန်တွင် အရေးကြီးဆုံးသည် ဤနေရာမှ မည်ကဲ့သို့ ထွက်ရမလဲဆိုသည်ကို စဉ်းစားရန်သာ ဖြစ်လေသည်။
ရန်ကိုင်သည် ရန်ယိုဝေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရန်ယိုဝေ့သည် ရှေးဟောင်းကုန်းမြေကြီးထဲတွင် ကြီးပြင်းလာသည့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းအကြောင်းကို သူ့ထက်ပို၍ သိထားရပေလိမ့်မည်။ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲမှ ထွက်နိုင်သည့် နည်းလမ်းတစ်ခုခုသာ ရှိမည်ဆိုပါက ထိုနည်းလမ်းကို ရန်ယိုဝေ့သာ သိနိုင်ပေလိမ့်မည်။
သို့သော်ငြား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ထိုကိစ္စနှင့်ပတ်သက်၍ ရန်ယိုဝေ့ သူ့အား ကူညီနိုင်လိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိသွားခဲ့လေသည်။ အကြောင်းမှာ လက်ရှိအချိန်တွင် ရန်ယိုဝေ့နှင့် မွန်းစတားမျိုးနွယ်စုဝင်များသည် သူတို့ရောက်နေသည့်နေရာတွင် ငေးကြောင်ကြောင်ဖြင့် ရပ်နေသည့် အတွက်ကြောင့်ပင်။ အနက်ရောင်ချီစွမ်းအားများမှာ သူတို့ခန္ဓာကိုယ်အား ရစ်သိုင်းထားကြပြီး အလင်းစက်ကလေးများမှာမူ သူတို့၏ခန္ဓာကိုယ်ဆီမှ တသဲ့သဲ့ ထွက်လာနေကြ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၇၀)
ညိုချွမ်းဖြစ်သကဲ့သို့ အခြားသော မွန်းစတားသားရဲများလည်း ဖြစ်နေကြလေသည်။ အလင်းစက်များ စိမ့်ထွက်နေသည်နှင့်အမျှ ထိုမွန်းစတားသားရဲများ၏ အသက်စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် ယုတ်လျော့လာနေကြသည်။
ညိုချွမ်းမှာ သူ့ဘာသာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပါသော်ငြား ရန်ယိုဝေ့နှင့် အခြားမွန်းစတားမျိုးနွယ်စုဝင်များမှာတော့ မဆီမဆိုင် ဤထဲသို့ အလိုလို ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်လေသည်။
“ဆရာ… ကျေးဇူးပြုပြီး ကျုပ်ကိုကယ်ပါဦး…” ရန်ကိုင် သူ့အား ကြည့်နေသည်ကို သတိထားမိသော် ရန်ယိုဝေ့မှာ ကတုန်ကယင်လေသံဖြင့် လှမ်းအကူအညီတောင်းလေသည်။
ရန်ကိုင်က ကသိကအောက်အမူအယာဖြင့် လက်သီးတင်းတင်းဆုပ်၍ ချောင်းဟန့်ရင်း ပြန်ပြောလိုက်လေ၏။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလည်း ဘာမှမတတ်နိုင်ဘူး… မင်းကိုယ်မင်းပဲ အားကိုးရတော့မှာ…”
ရန်ကိုင်ကိုင်တိုင်သည်လည်း ရန်ယိုဝေ့အား မကယ်ပေးနိုင်ချေ။ ရန်ယိုဝေ့တို့အား ကမ္ဘာငယ်လေးထဲသို့ထည့်၍ ကယ်လိုက်လို့ရပါသော်ငြား ကမ္ဘာငယ်လေးမှာ ပေါက်ကြား၍မရသော သူ၏လျှို့ဝှက်ချက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် မယုံရသည့်လူများကို ကမ္ဘာငယ်လေးထဲသို့ မထည့်နိုင်ချေ။ ကမ္ဘာငယ်လေးထဲသို့ ထည့်လိုက်မည်ဆိုလျှင်ပင် ဤဝိဉာဉ်တစ်သောင်းသင်္ချိုင်း၏ သက်ရောက်ခံရမှုမှ လွတ်ကင်းသွားနိုင်မလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ရှိပေသေးသည်။
ထိုစကားကိုကြားသော် ရန်ယိုဝေ့ တုန်လှုပ်ချောက်ခြားသွားခဲ့သည်။ သို့သော်ငြား မကြာခင်တွင် ရန်ကိုင့်ကိုကြည့်၍ အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။ “ဆရာ… ဆရာတို့ကျတော့ ဘာဖြစ်လို့ ဘာမှမဖြစ်ရတာလဲ…”
မွန်းစတားမျိုးနွယ်စုဝင်များနှင့်အတူတူ သင်္ချိုင်းထဲသို့ ဆွဲခေါ်ခံလိုက်ရပါသော်ငြား သူနှင့် ကျန်းရို့ရှီမှာ ဘာမှမဖြစ်ခဲ့ပေ။ မွန်းစတားမျိုးနွယ်စုဝင်များမှာ အသက်စွမ်းအင်များကို လျင်မြန်စွာ ဆုံးရှုံးနေရချိန် ရန်ကိုင်တို့ကမူ ဘာမှမဖြစ်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်ကိုယ်တိုင်သည်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်လိမ့်မည် မဟုတ်ချေ။
“ငါလည်းမသိဘူး… ကြည့်ရတာ ငါတို့တွေက ရှေးဟောင်းကုန်းမြေရဲ့ ဒေသခံတွေ မဟုတ်လို့နဲ့တူတယ်… ဒီသင်္ချိုင်းက ရှေးဟောင်းကုန်းမြေရဲ့ ဒေသခံတွေရဲ့ သင်္ချိုင်းလို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ အခြားသော အကြောင်းအရင်းတစ်ခုကို သူမစဉ်းစားတတ်တော့ပေ။
“အဲ့ဒါကြောင့်လား..” ထိုစကားကိုကြားသော် ရန်ယိုဝေ့၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့မျက်လုံးထဲ အမုန်းတရားတို့ ထွက်ပေါ်လာခဲ့လေသည်။
(အခုလိုတွေဖြစ်လာတာ မင်း ငါ့ကို အဲ့အမျိုးသမီးကို လိုက်ရှာခိုင်းခဲ့လို့ပဲ… အဲ့အမျိုးသမီးကို လိုက်မရှာခဲ့လို့ရှိရင် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းနဲ့လည်း လာတိုးမှာ မဟုတ်သလို ဒီထဲလည်း ဆွဲခေါ်ခံရမှာမဟုတ်ဘူး … အကုန်လုံး မင်းကြောင့် ဖြစ်လာရတာ။ အဲ့ဒါကို မင်းက ဘာမှမကူညီပေးဘဲ ဒီအတိုင်း မတ်တပ်ရပ်ကြည့်နေတယ်ပေါ့)
ရန်ယိုဝေ့မှာ အလွန်ကိုမှ ဒေါသူပုန်ထလာကာ သူ့စိတ်ထဲ ရန်ကိုင့်အား တစ်စစီ ဆုတ်ဖြဲပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေသည်။
“ဆရာ… ဒီတိုင်း ရပ်ကြည့်နေလို့ မရဘူးနော်…” ရန်ယိုဝေ့က အံကြိတ်၍ ထပ်အော်ပြောလိုက်ပြန်သည်။
ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။ “ငါ ဘာမှမလုပ်နိုင်ဘူးလို့ မင်းကို ငါပြောပြီးသွားပြီလေ… ဒီသင်္ချိုင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို အဲ့တစ္ဆေသရဲတွေပဲ သိလိမ့်မယ်…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် ရန်ယိုဝေ့ကိုကြည့်လျက် မျက်လုံးမှေးစင်းကာ အေးစက်စက်အမူအယာဖြင့် မေးလိုက်လေ၏။ “ဘာလဲ… မင်း ဒေါသထွက်နေတာလား…”
(အခုလို ဖြစ်နေတာ ဘယ်သူက ဒေါသမထွက်ပဲ နေမှာလဲကွ…) မည်သို့ပင်ဖြစ်နေစေကာမူ သေရတော့မည် ဖြစ်သည့်အတွက်ကြောင့် ရန်ယိုဝေ့မှာ ယခင်ကကဲ့သို့ ကြောက်မနေတော့ပေ။ အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ဆရာ… ခင်ဗျား အခုနေ တစ်ခုခု မလုပ်လို့ရှိရင် ကျုပ်နဲ့အတူ ခင်ဗျားကိုပါ ဆွဲမခေါ်သွားဘူးလို့ ကျုပ်မပြောနိုင်ဘူးနော်…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါ့ကို မင်းနဲ့အတူ ဆွဲခေါ်သွားဖို့ ဟုတ်လား… မင်းရဲ့သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာ ရှိနေတာကို မင်းမသိတာလား… ငါ့အတွေးတစ်ချက်နဲ့ မင်းကို သတ်ပစ်လိုက်လို့ရတယ်ကွ… အဲ့ဒါကိုတောင် မင်းက ငါ့ကို မင်းနဲ့အတူ ဆွဲခေါ်သွားနိုင်မယ်လို့ ထင်နေသေးတယ်ပေါ့…”
ရန်ယိုဝေ့ မျက်နှာပျက်သွားခဲ့လေ၏။ ဒေါသထွက်နေသည့်အတွက်ကြောင့် သူ၏ဝိဉာဉ်အမှတ်အသားသည် ရန်ကိုင်လက်ထဲတွင် ရှိနေသည်ဆိုသောအချက်ကို မေ့လျော့သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ကိုလည်း ဘာမှမလုပ်နိုင်မှန်း သိလိုက်သည့်နောက် ရန်ယိုဝေ့သည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားပြီး ထအော်တော့လေသည်။ “ဆိုးလိုက်တဲ့ကံကွာ… ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်တဲ့အထိ ခက်ခက်ခဲခဲ ကျင့်ကြံလာရပြီးတာတောင် ငါ့ဘဝကြီးကို ကောင်းကောင်းမပျော်ပါးရဘဲနဲ့ သေရတော့မယ်… ကောင်းကင်က တကယ်ကို မမျှတပါလား… မိုးကောင်းကင်… ဒီလူအိုကြီးနဲ့ မင်းနဲ့ ဘယ်တော့မှ အတူမရှိနိုင်ဘူးကွ…”
ရန်ယိုဝေ့၏ အသံထဲ ဝမ်းနည်းမှုတို့ ပြည့်နေခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အခြားသော မွန်းစတားမျိုးနွယ်စုဝင်များမှာလည်း ဝမ်းနည်းကုန်ကြလေ၏။
ဤသင်္ချိုင်းထဲသို့ ရောက်လာပြီးနောက် သူတို့၏ကံကြမ္မာကို ကြိုမြင်နေခဲ့ရပေသည်။ သို့သော်ငြား ရန်ယိုဝေ့ကဲ့သို့ အလွန်အကြူး တုံ့ပြန်မနေခဲ့။ မည်သို့ပင်ဖြစ်နေစေကာမူ သူတို့ကိုယ်တိုင်သည်လည်း အလွန်ကိုမှ ဝမ်းနည်းနေခဲ့ရသည်မှာတော့ အမှန်ပင်။
ရန်ကိုင်က ပြောလိုက်လေ၏။ “အဲ့လိုပုံစံကြီးနဲ့ အော်ငိုမနေစမ်းပါနဲ့ကွာ… မင်းသေရင်တောင် အကုန်လုံးက မင်းနဲ့အတူ လိုက်သေပေးဦးမှာ… မင်းတစ်ယောက်တည်း အဖော်မဲ့ အထီးကျန်နေမှာမဟုတ်ဘူး… မင်းကိုအဖော်ပြုပေးမဲ့လူတွေမှ အများကြီး…”
ရန်ယိုဝေ့သည် မျက်ရည်များကိုသုတ်လျက် ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းသာ ငါ့နေရာမှာဆိုရင် အခုလိုမျိုး ပြောနိုင်မှာမဟုတ်ဘူး… ဒီနေရာက ရှေးဟောင်းကုန်းမြေက ဒေသခံတွေရဲ့ သင်္ချိုင်းကွ… မင်းနဲ့ ဘာမှမှ မဆိုင်တာ…”
ရန်ကိုင်က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှဆက်ပြောမနေတော့ပေ။ တကယ်ဆိုလျှင်လည်း ဤနေရာသည် သူ့အပေါ် သက်ရောက်ခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်၍ အလွန်ကိုမှ ထူးဆန်းသလို ခံစားနေခဲ့ရသည်။
“ငါပြောသလိုပဲ ငါတို့က ဒေသခံတွေမဟုတ်လို့ ဘာမှမဖြစ်တာလား”
ထိုအခိုက်အတန့်တွင် သွေးပျက်ဖွယ်ရာ အော်မြည်သံများနှင့်အတူ အနက်ရောင်အမျှင်တန်းလေးများ အရိုးဖြူများအောက်ဆီမှ ပျံသန်းထွက်လာကြလေသည်။ အပြင်သို့ ရောက်လာပြီးသည့်နောက်တွင် ထိုအနက်ရောင်အမျှင်တန်းလေးများသည် ပုံသဏ္ဍာန်အမျိုးမျိုးရှိသော မွန်းစတားသားရဲများအသွင်သို့ ပြောင်းကာ အသက်ရှင်နေသော မွန်းစတားမျိုးနွယ်စုဝင်များပေါ်သို့ ခုန်အုပ်ကြလေ၏။
ထိုပုံရိပ်ယောင်မွန်းစတားသားရဲများမှ တစ်ကြိမ်ဝင်ဆောင့်လိုက်တိုင်း အသက်ရှင်ကျန်ရစ်နေသည့် မွန်းစတားမျိုးနွယ်စုဝင်များ၏ အသက်စွမ်းအင် ယုတ်လျော့သွားခဲ့ရလေသည်။ သူတို့ခန္ဓာကိုယ်ဆီမှ အလင်းစက်ကလေးများ ထွက်ပေါ်လာသည့်နှုန်းမှာလည်း သိသိသာသာကို မြန်ဆန်လာခဲ့လေ၏။
“သားရဲဝိဉာဉ်…” ရန်ယိုဝေ့၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေသည်။
ရန်ကိုင့်၏အမူအယာမှာလည်း ပြောင်းလဲသွားခဲ့ရသည်။ အကြောင်းမှာ အရိုးတောင်အောက်ခြေဆီမှ ထောင်ပေါင်းများစွာသော သားရဲဝိဉာဉ်များပေါ်လာသည့် အတွက်ကြောင့်ပင်။ သားရဲဝိဉာဉ်များမှာ ယင်ဝိဉာဉ်များကဲ့သို့ပင် အလွန်ကိုမှ အားကောင်းလှသော ယင်ချီကို ထုတ်လွှတ်နေလေ၏။ မျက်တောင်တစ်ခတ်အတွင်း အရိုးဖြူတောင်ပတ်လည်၌ မရေမတွက်နိုင်အောင် များပြားလှသော သားရဲဝိဉာဉ်များ ထွက်ပေါ်လာခဲ့လေသည်။ သားရဲဝိဉာဉ်များကိုမြင်သော် ကျန်းရို့ရှီ၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး ရန်ကိုင့်နားသို့ တိုးကပ်သွားခဲ့လေ၏။
ယင်ဝိဉာဉ်များနှင့် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် သားရဲဝိဉာဉ်များကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အင်းစက်ချုပ်နှောင်လက်ကောက်ကို မဆိုင်းမတွ ထုတ်ယူလိုက်လေသည်။ ထို့နောက် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ထုတ်လွှတ်၍ သူ့ပတ်ပတ်လည်အား ဝန်းရံထားစေလိုက်လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော သားရဲဝိဉာဉ်များမှာ ၎င်းတို့၏ အိပ်မက်ဆိုးကို မြင်တွေ့လိုက်ရသည့်အလား ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ဆီမှ ထွက်ပြေးကုန်ကြလေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် သားရဲဝိဉာဉ်များအပေါ် ဤမျှ အကျိုးသက်ရောက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် နောက်နောင် ဝိဉာဉ်ဝါးမျိုအင်းစက်များကို သေချာ ပျိုးထောင်ရမည်ဟု စိတ်ထဲကြိတ်၍ ဆုံးဖြတ်ထားလိုက်လေ၏။ ဝိဉာဉ်ဝါးမျိုအင်းစက်များကိုသာ အထွတ်အထိပ် အခြေအနေသို့ ရောက်အောင် ပျိုးထောင်နိုင်မည်ဆိုပါက ရှုယဉ်သာမဟာဧကရာဇ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ကြောက်နေစရာ မလိုတော့ချေ။
(ခွေးမသား သက်ကြားအိုကြီး… ငါ့ထက်ပိုအားကောင်းနေလို့ပေါ့ကွာ..) ရန်ကိုင့်စိတ်ထဲ ဒေါမာန်တကြီးဖြင့် ကျိန်ဆဲလိုက်သည်။
ရန်ယိုဝေ့နှင့် အခြားသော မွန်းစတားမျိုးနွယ်စုဝင်များ၏ အော်သံများ သင်္ချိုင်းထဲ အစီအရီ ပေါ်ထွက်လာနေကြလေသည်။ မကြာမီ အော်သံများမှာ တဖြည်းဖြည်း ဆိတ်သုဉ်းလာခဲ့ကာ တစ်ခဏအကြာတွင် သင်္ချိုင်းတစ်ခုလုံး ပကတိ တိတ်ဆတ်ခြင်းတို့က အကြွင်းမဲ့ ကြီးစိုးသွားတော့၏။
သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ရန်ယိုဝေ့၏ ဝိဉာဉ်အမှတ်အသားလည်း ကွဲကြေသွားကြောင်းကို ရန်ကိုင် သတိထားမိလိုက်သော် ရန်ကိုင်လည်း သက်ပြင်းသာ ချလိုက်လေ၏။
“ဆရာ… ကျေးဇူးပြုပြီး ရို့ရှီအတွက် လမ်းဖွင့်ပေးလို့ရမလား…” ကျန်းရို့ရှီက ရုတ်တရက် တောင်းဆိုလိုက်လေသည်။
ရန်ကိုင်လည်း ကျန်းရို့ရှီ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းမသိ။ တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်ဆိုသည့်အတိုင်း အစောပိုင်းက ကျန်းရို့ရှီ၏လုပ်ရပ်ကြောင့် ဤသင်္ချိုင်းထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင့်မှာ အတော်လေးကိုမှ အထိတ်အလန့် ဖြစ်သွားရလေသည်။ သို့သော်ငြား ကျန်းရို့ရှီမှ တံဆိပ်တုံးကြီးအား ထုတ်ယူလိုက်သည်ကိုမြင်သော် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ချက်ချင်းပဲ ဝိဉာဉ်ဝါးမျိုအင်းစက်များအား အပေါက်တစ်ပေါက်ဖွင့်ပေးရန် အမိန့်ပေးလိုက်လေ၏။
ကျန်းရို့ရှီသည် ထိုအပေါက်မှတစ်ဆင့် တံဆိပ်တုံးကို အပြင်သို့ ပစ်ထုတ်လိုက်ပြီးနောက် လက်ကွက်များကို စတင် ဖန်တီးတော့လေသည်။
အပြင်သို့ ရောက်လာပြီးသည့်နောက် တံဆိပ်တုံး၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့လေရာ မကြာမီတွင် တံဆိပ်တုံးသည် အိမ်တစ်လုံးစာမျှ ဖြစ်လာခဲ့ရလေသည်။
ကျန်းရို့ရှီ၏ လက်ကွက်များနှင့်အတူ ချိန်းကြိုးများ တံဆိပ်တုံးဆီမှ ထွက်ပေါ်လာကာ ဘေးပတ်ပတ်လည်သို့ ပျံထွက်သွားကြကုန်လေ၏။
အနီးအနားတွင် ရှိနေကြသော သားရဲဝိဉာဉ်များမှာ ထိုချိန်းကြိုးများအား မည်သို့မှ မခုခံနိုင်ဘဲ ချိန်းကြိုးများ၏ အလွယ်တကူ ရစ်ပတ်ခြင်း ခံလိုက်ရလေ၏။
ချိန်းကြိုးများ၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့် သားရဲဝိဉာဉ်အားလုံး ကျန်းရို့ရှီ၏ ထိန်းချုပ်မှုအောက်တွင် တံဆိပ်တုံးထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရကုန်လေသည်။ သားရဲဝိဉာဉ်များမှာ မည်သို့ပင် ရုန်းကန်နေစေကာမူ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။
“ဝိဉာဉ်တစ်သောင်းတံဆိပ်တုံးကို နင်သန့်စင်ပြီးသွားပြီပေါ့…” ရန်ကိုင်သည် အံ့အားသင့်နေဟန်ဖြင့် ကျန်းရို့ရှီအား လှမ်းကြည့်ကာ မေးလိုက်၏။
“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ သန့်စင်လို့ပြီးသွားတာ…” ကျန်းရို့ရှီက ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။ “အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် လာပြီး အသုံးဝင်နေမယ်လို့ မထင်ထားခဲ့ဘူး…”
ပုံမှန်အားဖြင့် ဝိဉာဉ်တစ်သောင်း တံဆိပ်တုံးထဲသို့ ထည့်သွင်းရန် သားရဲဝိဉာဉ်များကို ရှာဖွေဖို့ရာ မလွယ်ကူပါသော်ငြား ဤဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများ၏ ဝိဉာဉ်များ နေရာအနှံ့တွင် ရှိနေကြပေသည်။ ထိုသားရဲဝိဉာဉ်များကိုသာ ဝိဉာဉ်တစ်သောင်းတံဆိပ်တုံးထဲ ထည့်ပိတ်ထားလိုက်နိုင်မည်ဆိုပါက ဤဧကရာဇ်အဆင့် မှော်ရတနာ၏ စွမ်းအားမှာ သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။
သားရဲဝိဉာဉ်များကို အပြင်ဘက်တွင် အလွန်ကိုမှ ရှာရခက်ပေသည်။ တကယ်တော့ သားရဲဝိဉာဉ်တစ်ခုကို ရရှိရန်အတွက် မွန်းစတားသားရဲတစ်ကောင်ကို အရင်ဦးစွာ သတ်ပစ်ရပေမည်။ ထို့နောက် ထိုသားရဲဝိဉာဉ်ကို လျှို့ဝှက်နည်းလမ်းတစ်ခုကိုသုံး၍ သန့်စင်ရပေလိမ့်မည်။ ကံမကောင်းခဲ့ပါက သန့်စင်နေစဉ်အတောအတွင်း သားရဲဝိဉာဉ်ကို ထိခိုက်သွားစေနိုင်ကာ သားရဲဝိဉာဉ်၏ခွန်အားကို လျော့ကျသွားစေနိုင်ပေသည်။
သို့သော်ငြား ဤနေရာသည် သားရဲဝိဉာဉ်များ သူ့ဘာသာသူ စုဝေးနေကြသည့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ထိုဝိဉာဉ်တစ်သောင်းတံဆိပ်တုံးအတွက် သုခဘုံကြီးဖြစ်သည်ဟုပင် ပြော၍ရသည်။
ကျန်းရို့ရှီသာ ဤနေရာတွင် ရှိနေသည့် သားရဲဝိဉာဉ်အားလုံးကို ဝိဉာဉ်တစ်သောင်းတံဆိပ်တုံးထဲသို့ ထည့်ပိတ်၍ ချိတ်ပိတ်ထားသော သားရဲဝိဉာဉ်များကိုသာ ရန်သူများနှင့် ရင်ဆိုင်ရာတွင် အသုံးပြုလိုက်မည်ဆိုပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး ထိုစွမ်းအားအောက်ဝယ် တသိမ့်သိမ့် တုန်ရီသွားရပေလိမ့်မည်။
ချိန်းကြိုးသံများမှာ ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ ကျန်းရို့ရှီ တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း ရာနှင့်ချီသော သားရဲဝိဉာဉ်များ ဝိဉာဉ်တစ်သောင်းတံဆိပ်တုံးထဲသို့ ဆွဲခေါ် ခံရ၏။ ကျန်းရို့ရှီမှာ ထိုကဲ့သို့ ထပ်တလဲလဲကို ထိုင်လုပ်နေခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မှာ ကျန်းရို့ရှီအား အားပင် အားကျမိသွားခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၇၁)
ဘာသာပြန်သူ_တိမ်တိုက်
ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် ရှိနေသော မည်သည့်သားရဲဝိဉာဉ်မဆို မည်မျှပင် အားကောင်းနေစေကာမူ သားရဲတစ်သောင်းတံဆိပ်တုံး၏ သံကြိုးများဆီမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိဘဲ တံဆိပ်တုံးထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဆွဲခေါ်ခြင်း ခံနေရသည်။ ထိုသားရဲဝိဉာဉ်များထဲတွင် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများနှင့်ပင် ယှဉ်နိုင်သော သားရဲဝိဉာဉ်များလည်း ပါရှိနေခဲ့လေသည်။
ဤခရီး ပြီးသွားသည့်နောက်တွင် သားရဲတစ်သောင်းတံဆိပ်တုံး၏ စွမ်းအားမှာ သိသိသာသာကို မြင့်တက်လာရပေတော့မည်။
သို့သော်ငြား လက်ရှိအချိန်ထိ ရန်ကိုင်သည် ဤဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲမှ မည်ကဲ့သို့ ပြန်ထွက်လို့ ထွက်ရမလဲ ဆိုသည်ကို မသိသေးချေ။ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်သွားဖို့ရာလည်း ဖြစ်နိုင် မဖြစ်နိုင် မသိရသေး။
“ဝုန်း… ဝုန်း… ဝုန်း…”
သားရဲဝိဉာဉ်များ အချင်းချင်း ပွတ်မိ တိုက်မိရာမှာ အရိုးတောင်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး အဖြူရောင်အရိုးများမှာလည်း အမှုန်များ ဖြစ်သွားကုန်ကြလေသည်။
ထိုအဖြူရောင်အရိုးများ အလယ်ဆီမှ အဝါရောင်ဖျော့ဖျော့ တောက်နေသည်ကို ရန်ကိုင် ရုတ်တရက် တွေ့ရှိသွားခဲ့သည်။ ရန်ကိုင်လည်း ထိုအဝါရောင်ဖျော့ဖျော့ အလင်းလုံးလေးအား လှမ်းဖမ်းယူ၍ ကြည့်လိုက်ရာ မွန်းစတားအမြုတေတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအဝါရောင်အလင်းလုံးဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများအရ ဤမွန်းစတားအမြုတေသည် အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်၏ အမြုတေသာ ဖြစ်ပေသည်။ ရန်ကိုင်သည် ထိုမွန်းစတားအမြုတေကို ကိုင်ရင်းမှ ခေတ္တကြာမျှ ငေးကြောင်ရပ်နေခဲ့သည်။ ထို့နောက် အကြံကောင်းတစ်ခုကို စဉ်းစားမိသွားသည့်အလား သူ့လက်အား ဝှေ့ယမ်းလျက် လေပြင်းများကို ဖန်တီးကာ တိုက်ခတ်စေတော့လေ၏။
“ဝုန်း… ဝုန်း… ဝုန်း…”
ပြာမှုန်များအဖြစ် ပြောင်းလဲသွားကုန်သော အရိုးမှုန်များမှာ ရုတ်တရက် တိုက်ခိုက်လာသည့် လေပြင်းများကြောင့် အဝေးတစ်နေရာဆီသို့ လွင့်ပျံသွားကုန်ကြလေသည်။ အရိုးမှုန်များ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထိုနေရာ၌ အရောင်တလက်လက် တောက်နေသော မွန်းစတားအမြုတေပေါင်းများစွာ ကျန်ရစ်ခဲ့လေ၏။
“ဟား ဟား ဟား…” အရောင်အမျိုးအစားစုံလင်လှသည့် မွန်းစတားအမြုတေများကို ကြည့်ရင်း ရန်ကိုင် သည်းလှိုက်အူလှိုက် အော်ဟစ်ရယ်မောတော့လေသည်။
ကျန်းရို့ရှီသည် သားရဲဝိဉာဉ်များကို တံဆိပ်တုံးထဲသို့ ထည့်သွင်းရာတွင် အလုပ်ရှုပ်နေပါသော်ငြား ရန်ကိုင့်၏လှုပ်ရှားမှုများကိုလည်း သတိထားမိပေသည်။ ထို့ကြောင့် လှမ်း၍ မေးလိုက်လေ၏။ “ဆရာ… အဲ့မွန်းစတားသားရဲတွေက သေသွားတာနဲ့ သူတို့ရဲ့အမြုတေတွေက ဒီမှာ ကျကျန်ခဲ့တာလား…”
“ဟုတ်လောက်တယ် ရို့ရှီရေ… ငါတို့တော့ ချမ်းသာပြီ…” ရန်ကိုင်သည် ပျော်ရွှင်စွာ ပြန်ပြောလိုက်ပြီးသည့်နောက် မွန်းစတားအမြုတေများကို စတင်ကောက်ယူတော့လေ၏။
အမြုတေများမှာ အဆင့်အမျိုးမျိုး ရှိကြပြီး အနိမ့်ဆုံးမှာ အဆင့်ကိုးဖြစ်ကာ အမြင့်ဆုံးမှာတော့ အဆင့်ဆယ့်နှစ် ဖြစ်ပေသည်။ မရေမတွက်နိုင်သော မွန်းစတားသားရဲပေါင်းများစွာသည် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲတွင် သေဆုံးသွားကြပြီးသည့်နောက် သူတို့၏ဝိဉာဉ်များသည် သားရဲဝိဉာဉ်များ ဖြစ်လာကြကာ အသွေးအသားများမှာ ပျောက်ကွယ်သွားခဲ့ပြီး အမြုတေများ ကျကျန်ရစ်ခဲ့ပေသည်။
ဤနေရာတွင် သားရဲဝိဉာဉ်များ မရေမတွက်နိုင်အောင် ရှိနေလေသဖြင့် မွန်းစတားအမြုတေများမှာလည်း မြောက်မြားစွာ ရှိနေရပေလိမ့်မည်။
(ငါသာ ဒီသင်္ချိုင်းထဲမှာရှိတဲ့ မွန်းစတားအမြုတေ အကုန်လုံးကို တူးထုတ်သွားနိုင်လို့ကတော့ အချီကြီးပွပြီပဲ…) သူ့မြင်ကွင်းထဲ ပေါ်လာသော မွန်းစတားအမြုတေများကို ကောက်ယူပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်အား ဝှေ့ယမ်း၍ အရိုးမှုန်များကို ထပ်မံဖယ်ရှားပစ်လိုက်သည်။ ထို့နောက်တွင် အရွယ်အစား အရောင် မျိုးစုံရှိကြသော မွန်းစတားအမြုတေများ ထပ်မံ ထွက်ပေါ်လာပြန်လေ၏။
ကျန်းရို့ရှီသည် သားရဲဝိဉာဉ်များကို တံဆိပ်တုံးထဲသို့ အတတ်နိုင်ဆုံး ဆွဲယူနေစဉ် ရန်ကိုင်ကမူ မွန်းစတားအမြုတေများကို ရနိုင်သမျှ ကောက်ယူနေခဲ့လေသည်။ နှစ်ယောက်စလုံးသည် မိမိတို့၏တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေခဲ့ကြသည်။
အရိုးများကို ဖယ်ရှားပြီး အမြုတေများကို လိုက်ကောက်ရင်း တဖြည်းဖြည်းနှင့် ပင်ပန်းလာခဲ့ရသော် ရန်ကိုင်သည် ထိုကဲ့သို့မလုပ်တော့ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အမြုတေများကို ခြေရာခံကာ ရှာတွေ့သည်နှင့် ရွှေရောင်သွေးမျှင်များကိုထုတ်လွှတ်၍ အမြုတေများကို သူ့ဆီသို့ ဆွဲယူလေသည်။ ထိုနည်းအရ အချိန်ကုန်လည်း သက်သာသလို လူလည်း မပင်ပန်းရတော့ပေ။
အချိန်တိုအတွင်း အနီးအနားတွင် စုဝေးနေကြသော သားရဲဝိဉာဉ်အားလုံး တံဆိပ်တုံးထဲသို့ ရောက်ရှိသွားကြပြီး ထိုအနီးတစ်ဝိုက်တွင် ရှိနေသော အမြုတေများမှာလည်း ရန်ကိုင့်၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားကုန်ကြလေသည်။ ရေတွက်မကြည့်ရသေးပါသော်ငြား သူရရှိထားသည့် မွန်းစတားအမြုတေအရေအတွက်မှာ တစ်သောင်းကျော်လိမ့်မည်မှန်းတော့ ရန်ကိုင်ပြောနိုင်ပေသည်။
“နေရာပြောင်းကြရအောင်…” လက်ရှိ ရှိနေသည့် နေရာတစ်ခုလုံးကို အပြောင်ရှင်းထုတ်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရို့ရှီအား နောက်တစ်နေရာဆီသို့ ချက်ချင်း ခေါ်သွားလေ၏။ ဤနေရာမှ မည်ကဲ့သို့ ထွက်ရမလဲ ဆိုသည်ကိုမူ နောက်မှသာ စဉ်းစားပေတော့မည်။ လက်ရှိအချိန်တွင် အမြုတေများကို ကောက်ရန်မှာ အရေးအကြီးဆုံးသာ ဖြစ်လေသည်။
မကြာမီ နောက်ထပ် အရိုးတောင်တစ်လုံးဆီသို့ ရောက်ရှိလာခဲ့ကြလေ၏။ ကျန်းရို့ရှီသည် သားရဲတစ်သောင်း တံဆိပ်တုံးကိုထုတ်၍ သားရဲဝိဉာဉ်များကို ဆွဲယူနေစဉ် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မွန်းစတားအမြုတေများကို ရှာဖွေနေခဲ့သည်။
လက်ဖက်ရည်တစ်ခွက်စာ မရှိတတ်သေးခင်အချိန်မှာပင် ရန်ကိုင်နှင့် ကျန်းရို့ရှီသည် ထိုတောင်တစ်ခုလုံးတွင် ရှိနေသော သားရဲဝိဉာဉ်များနှင့် မွန်းစတားအမြုတေများကို အပြောင်ရှင်းပစ်ခဲ့လေသည်။ ထို့နောက် နောက်တစ်နေရာသို့ ထပ်သွားပြန်လေ၏။
ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သည် နေရာများကို အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ကျန်းရို့ရှီသည် ပေါ်လာသမျှ သားရဲဝိဉာဉ်အားလုံးကို အပိုင်သိမ်းယူနေပြီး ရန်ကိုင်ကမူ တွေ့သမျှ အမြုတေအားလုံးကို ကောက်ယူနေခဲ့လေသည်။
ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသော နတ်အရှင်လေးပါးသည်သာ ဤအကြောင်းကို သိလိုက်မည်ဆိုပါက ဆွေ့ဆွေ့ခုန်နေကြပေလိမ့်မည်။
ဤနေရာတွင် နေ၊ လ၊ ကြယ်တို့ မရှိသည့်အတွက်ကြောင့် အချိန်ကုန်လို့ကုန်မှန်း မသိရပေ။ သို့ရာတွင် ရန်ကိုင်မှတ်ထားရသလောက် သူတို့ ဤနေရာသို့ ရောက်နေသည်မှာ သုံးရက်ခန့် ရှိသွားလေပြီ။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် သင်္ချိုင်းတစ်ခုလုံးအား အပြောင်ရှင်းခါနီး ဖြစ်နေခဲ့သည်။
ဤနေရာသည် ကမ္ဘာငယ်လေးတစ်ခုစာမျှ ကျယ်ဝန်းသော သင်္ချိုင်းတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့သည် သားရဲဝိဉာဉ်များကို စုဆောင်းနေသလို အမြုတေများကို လိုက်လံကောက်ယူနေရသည့် အတွက်ကြောင့် ဤသင်္ချိုင်းတစ်ခုလုံးအား အပြည့်အဝ စူးစမ်းရန်အတွက် သုံးရက်ခန့် အချိန်ယူလိုက်ရခြင်း ဖြစ်ပေသည်။ ဤအတိုင်းသာ လျှောက်ပတ်၍ သွားကြည့်မည်ဆိုပါက တစ်နာရီအတွင်း သင်္ချိုင်းတစ်ခုလုံးကို နှံ့စပ်အောင် သွားနိုင်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ သားရဲတစ်သောင်းတံဆိပ်တုံးတစ်ဝိုက်တွင် ရစ်သိုင်းနေသော ယင်ချီမှာ ပိုပို၍ သိပ်သည်းလာခဲ့ရလေသည်။ ကျန်းရို့ရှီအနေဖြင့် တံဆိပ်တုံးကို အသက်မသွင်းသေးသည့်တိုင် တံဆိပ်တုံး၏စွမ်းအားကို မည်သူမဆို အထင်းသား ခံစားမိနိုင်သည်။ ကျန်းရို့ရှီပြောပုံအရ သားရဲတစ်သောင်းတံဆိပ်တုံးမှာ သားရဲဝိဉာဉ်များနှင့် ပြည့်ခါနီးနေခဲ့လေပြီ။ ရေတွက်မကြည့်ရသေးသည့်တိုင် သားရဲတစ်သောင်းတံဆိပ်တုံးထဲ၌ အနည်းဆုံး သားရဲဝိဉာဉ်များ သိန်းဂဏန်းခန့် ရှိနေပြီဟု ပြော၍ရပေသည်။
ထိုပမာဏမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များမှ စားသောက်သွားသော သားရဲဝိဉာဉ်များ မပါသေးပေ။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ဤရက်များအတွင်း အတော်လေးကိုမှ စားသောက်ခဲ့ကြပေသည်။ တံဆိပ်တုံးထဲတွင် ရှိနေသော သားရဲဝိဉာဉ်များမှာ ကျန်းရို့ရှီစုဆောင်းထားသမျှ သားရဲများ၏ တစ်ဝက်သာဖြစ်ပြီး ကျန်တစ်ဝက်ကိုမူ ဝိဉာဉ်ဝါးမျိုအင်းစက်များမှ စားသုံးသွားခြင်း ဖြစ်သည်။ ယခုဆိုလျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲချင်နေသည့်အလား အိပ်စက်အနားယူချင်သည့် အရိပ်အယောင်များပင် ပြလာနေခဲ့လေပြီ။
ရန်ကိုင်ရရှိခဲ့သည့် မွန်းစတားအမြုတေ အရေအတွက်မှာလည်း သန်းနှင့်ချီပေသည်။ လက်ရှိအချိန်တွင် ကမ္ဘာငယ်လေးထဲ၌ တောင်နှယ် ပုံထပ်နေသော မွန်းစတားအမြုတေများ ရှိနေကြလေ၏။ အပြင်ဘက်ရှိ မည်သည့်အင်အားစုကြီးတွင်မှ ဤမျှများပြားလှသော မွန်းစတားအမြုတေများ မရှိကြပေ။ မဟာဧကရာဇ်များမှ တည်ထောင်ထားကြသော ဂိုဏ်းများတွင်ပင်လျှင် ဤမျှ များပြားလှသော မွန်းစတားအမြုတေများ ရှိမနေကြ။
ဝိဉာဉ်တစ်သောင်းသင်္ချိုင်းတစ်ခုလုံးအား နှံ့စပ်စွာ လျှောက်ပတ်ကြည့်ပြီးသည့်နောက်တွင် မည်သည့်သားရဲဝိဉာဉ်အမြုတေမှ မကျန်တော့မှန်း အတည်ပြုပြီးသည့်အခါ ရန်ကိုင်လည်း တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဆရာ… အဲ့ဘက်ကိုသွားမှာလား…” ကျန်းရို့ရှီသည် သားရဲတစ်သောင်းတံဆိပ်တုံးကို ပြန်သိမ်း၍ ရန်ကိုင့်ဘေးတွင် ရပ်နေလိုက်လေသည်။
လွန်ခဲ့သောရက်များအတွင်း ရန်ကိုင်နှင့် ကျန်းရို့ရှီသည် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းတစ်ခုလုံးအနှံ့ လျှောက်သွားခဲ့သော်ငြား ထွက်ပေါက်ကိုမူ မတွေ့ခဲ့ရပေ။ ပင်းယွင်၏ တတိယတပည့်နှင့် ပတ်သက်သော သဲလွန်စများကိုလည်း မတွေ့ခဲ့ရ။ ဤဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲ ထွက်ပေါက်ရှိမည်ဆိုပါက မည်သည့်သားရဲအရိုးခြောက်မှ ရှိမနေသည့် ဘက်တွင်သာ ရှိနေရပေလိမ့်မည်။ ရန်ကိုင်တို့နှစ်ဦးမှာတော့ ထိုအရပ်အား သွား၍ မစစ်ဆေးကြည့်ရသေးချေ။
ထိုနေရာသည် ဝိဉာဉ်တစ်သောင်းသင်္ချိုင်း၏ အလယ်ဗဟိုဖြစ်လောက်သည်။ ဝိဉာဉ်တစ်သောင်း သင်္ချိုင်းထဲသို့ ဝင်လာကြသည့် မည်သည့်မွန်းစတားသားရဲမဆို ထိုအလယ်ဗဟိုသို့ မသွားကြဘဲ ထိုအလယ်ဗဟိုအား စက်ဝိုင်းပုံစံ ဝိုင်းပတ်၍သာ သေရမည့်အချိန်ကို စောင့်ဆိုင်းကြပေသည်။ ထို့အတွက်ကြောင့် အလယ်ဗဟိုတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေလေ၏။
ရန်ကိုင်သည် မွန်းစတားအမြုတေများကို စုဆောင်းရင်းဖြင့်သာ အလုပ်ရှုပ်နေသဖြင့် ထိုကိစ္စကို အာရုံမစိုက်ခဲ့ပေ။
(ငါ သွားစစ်ဆေးကြည့်ရမယ်… ဒီထဲကို တတိယတပည့် ရောက်နေတယ်ဆိုလို့ရှိရင် အဲ့မှာပဲ ဖြစ်လောက်တယ်… သူ အခု အသက်တောင်မှ ရှင်သေးရဲ့လားမသိဘူး…)
ခေါင်းညိတ်ပြီးသည့်နောက် ရန်ကိုင်သည် ကျန်းရို့ရှီနှင့်အတူ ဝိဉာဉ်တစ်သောင်းသင်္ချိုင်း၏ အလယ်ဗဟိုဆီသို့ ပြေးထွက်သွားလေသည်။
အရိုးတောင်များကို ဖြတ်ကျော်လာပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦးသည် ဟာလာဟင်းလင်းဖြစ်နေသည့် နေရာဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။ တစ်ချက်မျှ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အရှေ့ဘက်ဆီမှ မီးခိုးရောင်တောက်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခိုက် ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ တစ်ခဏအကြာ၌ ပျော်ရွှင်စွာ ပြုံးလိုက်လေ၏။ အကြောင်းမှာ ထိုမီးခိုးရောင်သည် သူမြင်ခဲ့ဖူးသော ဝိဉာဉ်တစ်သောင်းသင်္ချိုင်း၏ တံခါးပေါက်သာ ဖြစ်သည့်အတွက်ကြောင့်ပင်။
ဤနေရာတွင် တကယ်ကြီး ထွက်ပေါက်တစ်ခု ရှိနေလောက်ပေသည်။ သူတို့သည်သာ ဤထွက်ပေါက်မှတစ်ဆင့် ထွက်သွားနိုင်မည်ဆိုပါက ရန်ကိုင့်အနေဖြင့် ထွက်သွားဖို့ရာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲရန် ကြိုးစားနေစရာ မလိုတော့ပေ။
ရန်ကိုင်သည် ချက်ချင်း အရှိန်တင်လိုက်တော့လေ၏။ သို့သော်ငြား သွားနေရင်းမှ ရန်ကိုင့်၏ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး အောက်သို့ ငုံ့ကြည့်လိုက်မိလေသည်။
ကျန်းရို့ရှီသည်လည်း မျက်လုံးအပြူးသားဖြင့် အောက်သို့ ငုံ့ကြည့်လိုက်လေ၏။
အကြောင်းမှာ သူတို့အောက်တွင် အရိုးပေါ်အရေတင်ဖြစ်နေသော ခန္ဓာကိုယ်ကြီးတစ်ခု ရှိနေသည့် အတွက်ကြောင့်ပင်။
ထိုလူ၏ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေသလို သူ့တစ်ကိုယ်လုံးမှာလည်း အလွန်ကိုမှ ပိန်လှီအားနည်းနေပါသော်ငြား အသက်ရှင်နေသေးသည်မှာတော့ လုံးဝ ယုံမှားသံသယ ရှိစရာမလိုပေ။ သိပ်သည်းလှသော အနက်ရောင်ချီများသည် ထိုလူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့ပြီး အလင်းစက်ကလေးများမှာ ထိုလူ၏ ခန္ဓာကိုယ်ဆီမှ တစ်စ တစ်စ စိမ့်ထွက်နေခဲ့လေ၏။
“မွန်းစတားမျိုးနွယ်စုဝင်လား…” ကျန်းရို့ရှီက ရေရွတ်လိုက်လေသည်။ ထိုလူသည် တစ်ချက်ကြည့်ရုံဖြင့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးမှန်း သိနိုင်ပေသည်။ ထို့အပြင် သာမန်မျိုးနွယ်စုဝင်သာလျှင်မဟုတ် အလွန်ကိုမှ အားကောင်းလှသည့် မျိုးနွယ်စုဝင်တစ်ဦး ဖြစ်ပေသည်။
“မွန်းစတားဘုရင်ပဲ…” ရန်ကိုင်က ထိတ်လန့်နေဟန်ဖြင့် ပြောလိုက်လေ၏။
ဤနေရာသည် မွန်းစတားမျိုးနွယ်စုဝင်များ ခြေချနိုင်လောက်သည့် နေရာတစ်ခု မဟုတ်သည့်အတွက်ကြောင့် မွန်းစတားဘုရင်တစ်ဦး ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာသလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ဤနေရာသို့သာ မွန်းစတားမျိုးနွယ်စုဝင်များ ခြေချနိုင်သည်ဆိုပါက အလောင်းများသည် ဤနေရာအနီးတစ်ဝိုက်တွင် ပုံထပ်နေရပေလိမ့်မည်။
ထို့အပြင် ဤမွန်းစတားဘုရင်သည် သေကောင်ပေါင်းလဲဖြစ်နေသည့်တိုင် အသက်ရှင်နေသေးသည်မှာတော့ သေချာပေသည်။ သူ၏ အသက်စွမ်းအင် တစ်စ တစ်စ ယုတ်လျော့လာနေသည်ကို ခုခံရန် အသည်းအသန် ကြိုးစားနေခဲ့ပါသော်ငြား အချည်အနှီးသည်သာ။ လက်ရှိပုံစံကို ကြည့်ရသလောက် သူ့အနေဖြင့် ကြာကြာခံနိုင်တော့မည့် ပုံမပေါ်။
အားအကောင်းဆုံးသော မွန်းစတားဘုရင်သည်ပင်လျှင် ဤနေရာသို့ ဝင်လာပြီးသည့်နောက် သေရမည်ကို ထိုင်စောင့်နေရန်သာ ရှိတော့သည်ဟု ရန်ယိုဝေ့ပြောသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ လက်ရှိ သူတို့ရှေ့တွင် ရှိနေသော မွန်းစတားဘုရင်သည် အကောင်းဆုံးဥပမာ ဖြစ်လေသည်။
မွန်းစတားဘုရင်တစ်ပါးဖြစ်လာရန်အတွက် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကဲ့သို့ အားကောင်းရန် လိုအပ်ပေသည်။ သို့သော်ငြား ထိုမျှ အားကောင်းလှသည့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဤနေရာထဲသို့ ဝင်လာပြီးသည့်နောက် ပြန်မထွက်နိုင်တော့ပေ။
ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုမွန်းစတားဘုရင်ပေါ်မှ ဖြတ်ပျံသွားလေ၏။
မွန်းစတားဘုရင်မှာလည်း ရန်ကိုင်တို့ကို မြင်လိုက်ရပြီးသည့်နောက် အံ့အားသင့်သွားခဲ့လေသည်။
“လူသားတစ်ဦးက ဘယ်လိုလုပ်ပြီး…” မွန်းစတားဘုရင်၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ အသက်မဲ့နေသော သူ့မျက်လုံးများထဲ အံ့အားသင့်နေသည့်အရိပ်အယောင်တို့ ထွက်ပေါ်လာ၏။
မွန်းစတားဘုရင်၏ အံ့အားသင့်နေသည့် အသံကို ကြားလိုက်သော် ရန်ကိုင်က မျက်ခုံးပင့်လျက် မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်လေသည်။ “ခင်ဗျား ဒီနေရာကနေ တစ်ယောက်ယောက်ဖြတ်သွားတာကို မြင်လိုက်သေးလား…”
မွန်းစတားဘုရင်သည် သင်္ချိုင်းကုန်းခြေတစ်ဖက်လှမ်းနေပြီ ဖြစ်ပါသော်ငြား အလွန်တရာကိုမှ မောက်မာနေဆဲ။ ရန်ကိုင့်၏အမေးကိုကြားသော် ထီမထင်ဟန်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင် မင်းကို ဘာဖြစ်လို့ ပြောပြရမှာလဲ…”
ရန်ကိုင်က မီးခိုးရောင်တံခါး ရှိနေသည့်ဘက်ဆီသို့ ညွှန်ပြရင်းမှ ပြန်ပြောလိုက်လေ၏။ “ကျုပ် အဲ့ကနေဖြတ်သွားတော့မှာ… ခင်ဗျားလိုက်ချင်တယ်ဆိုရင် ကျုပ် ခင်ဗျားကို ခေါ်သွားပေးလို့ရတယ်…”
ရန်ကိုင့်၏ကမ်းလှမ်းချက်ကို မွန်းစတားဘုရင် အမှန်တကယ် စိတ်ဝင်စားသွားခဲ့လေသည်။ ထိုစကားကိုကြားပြီးသည့်နောက် အသက်မဲ့နေသော သူ့မျက်လုံးများ အရောင်တလက်လက် တောက်ပလာခဲ့သည်။ သို့သော်ငြား မကြာမီတွင် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မင်း ဘာဖြစ်လို့ ဒီလောက်တောင် ကြင်နာနေရတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကြင်နာတယ်လို့မခေါ်ဘူး… အလဲအလှယ်လုပ်တာလို့ ခေါ်တယ်… ကျုပ် ခင်ဗျားဆီက လိုချင်တဲ့ဟာရှိသလို ခင်ဗျားကလည်း ကျုပ်ဆီကနေ လိုချင်တဲ့ဟာရှိတယ်… ခင်ဗျားကလည်း ကျုပ်သိချင်တာကို ပြောပြပေးမယ်ဆိုလို့ရှိရင် ခင်ဗျားကို ခေါ်သွားပေးဖို့က ကိစ္စမရှိဘူး…”