အခန်း (၂၅၇၂-၂၅၇၄)
Vol. 108 Ch. 2572-2574
အပိုင်း (၂၅၇၂)
ဘာသာပြန်သူ_တိမ်တိုက်
“ပြီးတော့ ခင်ဗျားကိုလိမ်လို့လည်း ကျုပ်အတွက် ဘာအကျိုးမှ ရှိတာမှမဟုတ်တာ… ခင်ဗျားက အနှေးနဲ့အမြန် သေရတော့မှာပဲဟာကို…” ရန်ကိုင်က ဆက်ပြောလိုက်သည်။
မွန်းစတားဘုရင်က ပြန်၍ပြောလိုက်၏။ “မင်းတို့လူသားတွေရဲ့စကားက ဟဲ ဟဲ ဟဲ…”
ထိုအခါ ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ခင်ဗျားမယုံမှတော့လည်း ထားလိုက်ပေတော့ပေါ့…”
“နေဦး…” ရန်ကိုင် လှည့်ထွက်သွားတော့မည်အပြု မွန်းစတားဘုရင်က လှမ်းခေါ်လိုက်လေသည်။
ရန်ကိုင်သည် ပြန်လှည့်၍ မျက်လုံးမှေးစင်းကာ လှမ်းကြည့်လိုက်လေသည်။
မွန်းစတားဘုရင်သည် သူ့ဘာသာသူ ပွစိပွစိ ရေရွတ်နေပြီးသည့်နောက်တွင် ပြောလိုက်လေ၏။ “ဒီဘုရင်ကို အရင်ခေါ်ထုတ်သွားပေး… အဲ့ဒါဆို မင်းသိချင်နေတာကို ပြောပြပေးမယ်…”
“အိပ်မက်သာ မက်နေလိုက်…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် မွန်းစတားဘုရင်အား ဆက်၍ ဂရုစိုက်မနေတော့ပေ။
ရန်ကိုင် တကယ်ကြီးထွက်သွားတော့မည်ကို မြင်သော် မွန်းစတားဘုရင် စိတ်စောလာခဲ့လေသည်။ သူ့တွင် ရန်ကိုင်နှင့် ဆွေးနွေးနေရန် အချိန်မရှိတော့သည့်အတွက်ကြောင့် လှမ်း၍အော်ပြောလိုက်လေသည်။ “ဟုတ်တယ်… တစ်ယောက်ယောက် ဒီနားကနေ ဖြတ်သွားတယ်…”
ရန်ကိုင်၏ခြေလှမ်းများ နောက်တစ်ကြိမ် ရပ်တန့်သွားခဲ့ပြန်သည်။ ထို့နောက် မွန်းစတားဘုရင်ဘက်သို့လှည့်၍ ပြန်ပြောလိုက်လေ၏။ “ကျုပ်ကိုလာနောက်မနေနဲ့… မဟုတ်ရင် ချက်ချင်း ထွက်သွားမှာ…”
မွန်းစတားဘုရင်၏မျက်နှာ သုန်မှုန်သွားခဲ့ပါသော်ငြား မည်သည့်စကားမှ ပြန်မပြောရဲခဲ့ပေ။
ရန်ကိုင်က ပြောလိုက်လေ၏။ “ဒီနားကနေ ဖြတ်သွားတဲ့လူက ဘယ်လိုပုံစံရှိလဲ…”
မွန်းစတားဘုရင်က ဒေါသတကြီးဖြင့် ပြန်ပြောလေ၏။ “အမျိုးသမီးတစ်ဦးပဲ… ဆံပင်တွေက ဖွာကြဲလန်နေပြီး အရူးတစ်ယောက်အတိုင်းပဲ… ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးလှဲနေတဲ့ ဒီဘုရင်ရဲ့ နဖူးကိုတောင်မှ မွန်းစတားအမြုတေတစ်ခုနဲ့ လာပိတ်ပေါက်သွားသေးတယ်… ဒီဘုရင် အခုလိုမျိုးဖြစ်နေလို့ပေါ့… မဟုတ်လို့ရှိရင် သူအနိုင်ကျင့်တာ ခံခဲ့ရမှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ရန်ကိုင် ရယ်ချင်ပတ်ကျိ ဖြစ်သွားခဲ့လေသည်။ တတိယတပည့်သည် ထိုကဲ့သို့ တကယ်ကြီး လုပ်လောက်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်၍ မေးလိုက်လေ၏။ “သူ အဲ့ဘက်ကို ထွက်သွားတာလား…”
“ဟုတ်တယ်…”
ထိုစကားကို ကြားသည့်အခါမှ ရန်ကိုင် စိတ်သက်သာရာ ရသွားတော့လေသည်။ ဤနေရာသည် အလွန်ကိုမှ အန္တရာယ်များသည့်အတွက်ကြောင့် တတိယတပည့် တစ်ခုခုဖြစ်သွားမည်ကို စိတ်ပူနေရခြင်း ဖြစ်ပေသည်။ ဤနေရာတွင်ရှိနေသည့် သားရဲဝိဉာဉ်များမှာ ရန်စလို့ကောင်းသည့်အရာများ မဟုတ်ကြချေ။ ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်၍ ထပ်မေးလိုက်သည်။ “သူထွက်သွားနိုင်တယ်ဆိုရင် ခင်ဗျားက ဘာဖြစ်လို့ ဒီမှာ ပိတ်မိနေရတာလဲ…”
မွန်းစတားဘုရင်က မကျေမချမ်းဖြင့် ပြန်၍ ပြောလိုက်လေသည်။ “အခု မင်းလည်းထွက်သွားနိုင်တာပဲကို ဒီဘုရင်က ဘာဖြစ်လို့ ဒီမှာ ပိတ်မိနေရသေးတာလဲ… ငါတို့တွေက ရှေးဟောင်းကုန်းမြေရဲ့ ဒေသခံတွေ ဖြစ်နေလို့ပဲ… ဒီဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲမှာ ရှေးဟောင်းကုန်းမြေရဲ့ ဒေသခံတွေက အကြီးအကျယ် ဖိနှိပ်ခံရတယ်… ဒီဘုရင် ဒီကို အမှတ်မထင် ရောက်လာမိခဲ့တာ… အခုတော့ ဘယ်လိုမှကို ပြန်ထွက်လို့မရတော့ဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် မွန်းစတားဘုရင်သည် သက်ပြင်းတစ်ချက်ချ၍ ထပ်ပြောလိုက်ပြန်လေသည်။ “အကောင်းနဲ့အဆိုးဆိုတာ အမြဲတမ်းကို ဒွန်တွဲနေခဲ့တာ… ဒီဘုရင် ဒီကိုရောက်မလာခင်တုန်းက ဒီဘုရင်ရဲ့ဘဝကြီးက အတော်လေးကိုမှ သာယာခဲ့တာ… အခုတော့ သေမင်းတံခါးဝကို ရောက်နေခဲ့ရပြီ…”
မွန်းစတားဘုရင်ကဲ့သို့ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ မှားပြီး ရောက်လာခဲ့ကြသည့် ရှေးဟောင်းကုန်းမြေ၏ ဒေသခံများ မည်မျှပင် ရှိနေလိမ့်မည်နည်း။ ထိုလူများသည် သေချိန်မတိုင်မီ ဤနေရာသို့ ရောက်လာခဲ့ရပါသော်ငြား ဤထဲသို့ရောက်လာပြီးသည့်တိုင် သေရမည့်အချိန် မတိုင်သေးသည့်တိုင် သေရမည်ကို ထိုင်စောင့်နေကြရုံသာ ရှိပေသည်။
ဤမွန်းစတားဘုရင်၏ မြင့်မားလှသည့် ခွန်အားကြောင့်သာ သားရဲဝိဉာဉ်များ၏လက်မှ လွတ်မြောက်၍ ထွက်ပေါက်အနီးသို့ ရောက်အောင် လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် သူ၏အသွေးအသား တစ်ခုတစ်လေမျှပင် ကျန်ရစ်တော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင့်၏အမေးကို ပြန်ဖြေပြီးသည့်နောက်တွင် မွန်းစတားဘုရင်က ပြောလိုက်လေသည်။ “မင်းမေးချင်တာရှိသေးရင် မြန်မြန်ထပ်မေးလိုက်… ဒီဘုရင် အကြာကြီး တောင့်ခံမထားနိုင်တော့ဘူး…”
“ဘာမေးခွန်းမှ မရှိတော့ဘူး…” ရန်ကိုင်က ခေါင်းခါပြလိုက်သည်။
ရန်ကိုင့်၏စူးရှသည့်အကြည့်ကိုမြင်သော် မွန်းစတားဘုရင် ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေသည်။ ရန်ကိုင်သည် ပြောပြီးသားစကားအား ပြန်လည်ရုတ်သိမ်းတော့မည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် မွန်းစတားဘုရင်မှာ ဝမ်းလည်း ဝမ်းနည်းမိသလို ဒေါသလည်း ထွက်သွားခဲ့ရသည်။ လူသားများသည် သူတို့၏ပြောစကားကို မည်သည့်အခါကမှ တည်လေ့ရှိမကြောင်း သူသိပြီးသားပင်။ သို့သော်ငြား ဤနေရာမှ လွတ်လို့လွတ်ငြား သဘောတူမိလိုက်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုမူ တစ်ဖက်လူသည် ကတိမတည်ရုံသာလျှင် မဟုတ်ဘဲ သူ့ကိုပင်လျှင် သေတွင်းထဲသို့ မြန်မြန်ရောက်အောင် တွန်းပို့တော့မည့်ပုံပင်။
ရန်ကိုင် သူ့အား သတ်တော့လိမ့်မည်ဟု ထင်နေခဲ့ပါသော်ငြား ရန်ကိုင်သည် အတွေးနက်နေသည့် အမူအယာဖြင့် ခဏမျှကြာအောင် ရပ်နေပြီးသည့်နောက် ပြောလိုက်လေသည်။ “ခင်ဗျားရဲ့ဝိဉာဉ်အမှတ်အသားပေး… အဲ့ဒါဆိုရင် ခင်ဗျားကို အသက်ရှင်ခွင့်ပေးမယ်…” ရန်ယိုဝေ့၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ခဲ့စဉ်က ရန်ယိုဝေ့ သူ့အတွက် မည်မျှ အသုံးဝင်ခဲ့ကြောင်း ရန်ကိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သူ့အနေဖြင့် ဤမွန်းစတားဘုရင်၏ သေခြင်းရှင်ခြင်းကိုသာ ထိန်းချုပ်ထားနိုင်မည်ဆိုပါက တတိယတပည့်ကို မဆိုထားနှင့် ရှောင်ရှောင်နှင့်ပတ်သက်သော သဲလွန်စများကိုပင်လျှင် ရှာတွေ့နိုင်လောက်ပေသည်။
ထို့အပြင် ဤမွန်းစတားဘုရင်၏ ကာကွယ်မှုကို ရရှိသွားပြီးသည့်နောက် ရှေးဟောင်းကုန်းမြေထဲ သွားလာလှုပ်ရှားရသည်မှာ ပို၍ လွယ်ကူအဆင်ပြေလာပေလိမ့်မည်။
ရန်ကိုင့်၏စကားကိုကြားသော် မွန်းစတားဘုရင်သည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ချက်ချင်း ပြန်အော်ပြောလိုက်လေ၏။ “အိပ်မက်သာ မက်နေလိုက်…”
သူသည် ရှေးဟောင်းကုန်းမြေကြီးထဲတွင် ရှိနေသော အလွန် အဆင့်အတန်းမြင့်မားလှသည့် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးအနက်မှ တစ်ပါးဖြစ်လေရာ ရန်ကိုင့်၏အစေခံလုပ်ရန် မည်ကဲ့သို့များ သဘောတူနိုင်ပါမည်နည်း။ ဤလူသားသည် သူ့ထက် အများကြီး ပိုအားနည်းကြောင်း အလွယ်တကူ ပြောနိုင်ပေသည်။ သူ၏ အထွဋ်အထိပ် အခြေအနေတွင်သာ ရှိနေမည်ဆိုပါက ဤကဲ့သို့သော လူသားတစ်ဦးကို အလွယ်လေးသတ်ပစ်နိုင်ပေသည်။ ထို့အတွက်ကြောင့် သူ့ဝိဉာဉ်အမှတ်အသားကို ထိုကဲ့သို့သော လူသားတစ်ဦးဆီ ပေးဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။
ရန်ကိုင်သည် မွန်းစတားဘုရင်အား သွား၍ ဖိအားမပေးခဲ့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေ၏။ “ဘဝဆိုတာ သေပြီးသွားရင် ဘာမှ ရနိုင်တော့မှာမဟုတ်ဘူး… အသက်ရှင်နေမှပဲ မျှော်လင့်ချက်ဆိုတာ ရှိနိုင်တာ…”
မွန်းစတားဘုရင်က ပြန်ပြောလေ၏။ “မင်းတို့လိုလူသားတွေရဲ့ ကျွန်ဘဝရောက်ပြီး ဘယ်အချိန်သေရမလဲဆိုတာကို ထိုင်တွေးပူနေရတာထက်စာရင်တော့ အများကြီးပိုသာသေးတယ်…”
ရန်ကိုင်သည် မွန်းစတားဘုရင်ကို ကြည့်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “မွန်းစတားဘုရင်… ခင်ဗျားမှာ သမီးတွေ သားတွေ မရှိဘူးလား… ခင်ဗျားသာ ဒီမှာသေသွားရင် သူတို့ဘဝ ဘာဖြစ်သွားမလဲဆိုတာကို စဉ်းစားကြည့်ဖူးလား… ခင်ဗျားတစ်ချိန်က နိုင်လိုမင်းထက်လုပ်ခဲ့တဲ့ မွန်းစတားမျိုးနွယ်စုဝင်တွေက ခင်ဗျားမရှိတော့ရင် ခင်ဗျားရဲ့မိသားစုဝင်တွေအပေါ် ညှာတာနေမှာမဟုတ်ဘူးနော်… ပြီးတော့ ခင်ဗျားမှာ မိန်းမတွေ ကိုယ်လုပ်တော်တွေလည်း ရှိလောက်မှာပေါ့ ဟုတ်တယ်မလား… ခင်ဗျားသွားပြီဆိုတာနဲ့ ခင်ဗျားရဲ့ မိန်းမတွေ ကိုယ်လုပ်တော်တွေက အခြားလူတွေရဲ့လက်ထဲကို ရောက်သွားကုန်မှာ… ခင်ဗျားစဉ်းစားကြည့်စမ်း… ခင်ဗျားပိုင်ဆိုင်ခဲ့တဲ့အရာတွေကို အခြားသူတွေက ပျော်ပျော်ကြီးခံစားနေတာကိုလေ… သူတို့ရဲ့ဘဝတွေက အမှောင်တွင်းနက်ထဲကို ရောက်သထက်ကို ရောက်သွားတော့မှာ… ဘယ်တော့မှ အလင်းရောင်ကို ပြန်မြင်နိုင်တော့မှာမဟုတ်ဘူး… ခင်ဗျား သေသေချာချာစဉ်းစားနော်…”
ထိုစကားကိုကြားသည့်အခါ မွန်းစတားဘုရင်၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။ ရန်ကိုင်၏စကားလုံးတစ်လုံးချင်းစီတိုင်းသည် သူ၏ချက်ကောင်းကို လာရောက်ထိမှန်နေခဲ့သည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ တွေဝေသွားရတော့လေ၏။ အထူးသဖြင့် အခြားသူများ ပြုသမျှ နုသမျှ ဘဝသို့ ရောက်သွားရမည့် သူ့မိန်းမနှင့် ကိုယ်လုပ်တော်များအကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခိုက်တွင်ပင်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် မွန်းစတားဘုရင်၏မျက်လုံးများ နီရဲလာခဲ့ပြီး နှာငွေ့များ တဖူးဖူး ထုတ်လာတော့လေသည်။
သို့ရာတွင် ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ကျန်းရို့ရှီမှာ အလွန်ကိုမှ မအီမသာ ဖြစ်လာရတော့လေသည်။ သူမ၏မျက်နှာမှာလည်း ရှက်လွန်းသဖြင့် ရဲတက်လာတော့လေ၏။ (ဆရာ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ပြောရက်တာလဲ… ရှက်ဖို့ကောင်းလိုက်တာ…)
မွန်းစတားဘုရင်၏ မျက်နှာအမူအယာမှာ စဉ်ဆက်မပြတ်ကို ပြောင်းလဲနေတော့လေသည်။ သူ့စိတ်အခြေအနေမှာ တည်ငြိမ်နိုင်ခြင်း မရှိတော့သည့်အတွက်ကြောင့် အလင်းစက်များ သူ့ခန္ဓာကိုယ်ဆီမှ စိမ့်ထွက်နေသည့်နှုန်းမှာလည်း ပိုပို၍ မြန်ဆန်လာခဲ့လေ၏။
သို့ရာတွင် အဆုံး၌ ရန်ကိုင်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ “ကျွန်အဖြစ်ခံမယ့်အစား ဒီဘုရင် အသေပဲခံလိုက်မယ်…”
(ဒီကောင်က တကယ်ကို စိတ်မာတာပဲကွ…) ရန်ကိုင် အနည်းငယ်ကြောင်သွားခဲ့ပြီး မွန်းစတားဘုရင်ကိုပင်လျှင် လေးစားမိသွားခဲ့လေသည်။ သာမန်လူတစ်ဦးသာဆိုလျှင် သေရတော့မည်ဆိုပါက ရန်ကိုင်၏တောင်းဆိုချက်ကို ကျိန်းသေ သဘောတူပေလိမ့်မည်။ ရန်ယိုဝေ့ကိုယ်တိုင်ပင်လျှင် ရန်ကိုင်၏တောင်းဆိုချက်ကို သဘောတူခဲ့သည် မဟုတ်ပေလော။ သို့သော်ငြား ဤမွန်းစတားဘုရင်ကမူ လုံးဝကို လက်မခံခဲ့ချေ။
အနုနည်းဖြင့် အလုပ်မဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း အကြမ်းနည်းသုံး၍ ဖြဲခြောက်ရုံသာ ရှိတော့ပေသည်။ ထို့ကြောင့် ကျန်းရို့ရှီဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ရို့ရှီ… လုပ်လိုက်ပေတော့…”
ကျန်းရို့ရှီမှာ စစချင်း ရန်ကိုင်ဘာပြောချင်နေသလဲ ဆိုသည်ကို နားမလည်ခဲ့ပါသော်ငြား မကြာမီ လိုရင်းကို နားလည်သွားခဲ့ပြီး သားရဲတစ်သောင်းတံဆိပ်တုံးကို ချက်ချင်း ထုတ်ယူလိုက်လေ၏။
မွန်းစတားဘုရင်ကမူ လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။ “ငါ့ကိုသတ်ချင်ရင် သတ်ပစ်လိုက်… လေကုန်ခံမနေနဲ့…” မွန်းစတားဘုရင်ကမူ သေရမည်ကို လုံးဝမကြောက်သည့်ပုံပင်။
ရန်ကိုင်သည် စကားတစ်ခွန်းမှမပြောခဲ့ပေ။ ကျန်းရို့ရှီကမူ လက်ကွက်များကို အဆက်မပြတ်ဖန်တီးရင်း သားရဲတစ်သောင်းတံဆိပ်တုံးကို ကျဲချလိုက်လေသည်။ ချက်ချင်းဆိုသလို အရွယ်အစား၊ ပုံသဏ္ဍာန်၊ အမျိုးအစား စုံလင်ကြသော သားရဲဝိဉာဉ်များ သားရဲတစ်သောင်းတံဆိပ်တုံးဆီမှ စုပြုံ၍ ထွက်လာခဲ့ကြလေ၏။
ထိုသားရဲဝိဉာဉ်များကို မြင်ပြီးသည့်နောက် မွန်းစတားဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။
ကျန်းရို့ရှီက ပြောလိုက်လေသည်။ “ဒါက သားရဲတစ်သောင်း တံဆိပ်တုံးပဲ… ဒီတံဆိပ်တုံးက မွန်းစတားသားရဲတွေရဲ့ ဝိဉာဉ်တွေကို ထိန်းချုပ်နိုင်တယ်… ရှင် ကျွန်မဆရာပြောတဲ့အတိုင်း အညံ့ခံမှာလား ဒါမှမဟုတ် ဒီသားရဲတစ်သောင်း တံဆိပ်တုံးကို သုံးပြီးတော့ ရှင့်ဝိဉာဉ်ကို ဆွဲထုတ်ပစ်ရမလား… ကြိုက်တာရွေး…”
မွန်းစတားဘုရင်၏ ခန္ဓာကိုယ်ကြီးမှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရီလာပြီး ရန်ကိုင့်အား လက်ညှိုးငေါက်ငေါက်ထိုးရင်းမှ အော်ပြောလိုက်လေသည်။ “မင်း… မင်း အရမ်းလွန်မလာနဲ့နော်…”
မွန်းစတားဘုရင်သည် အညံ့ခံမည့်အစား သေသာ သေလိုက်ပေမည်။ သူ့ဝိဉာဉ်အမှတ်အသားကို အသက်ရှင်နိုင်ရန်အတွက် တစ်ဖက်လူလက်ထဲသို့ မည်သည့်နည်းနှင့်မျှ ထည့်ပေးလိမ့်မည်မဟုတ်။ သို့သော်ငြား သားရဲတစ်သောင်းတံဆိပ်တုံး ပေါ်လာပြီးသည့်နောက် သူ့ဆုံးဖြတ်ချက်မှာ စတင်၍ ယိုင်နဲ့လာရတော့သည်။ သေသွားသည့်တိုင် မွန်းစတားဘုရင်မှာ အေးအေးဆေးဆေးဖြင့် အနားယူလို့ရမည့်ပုံမပေါ်။ သားရဲတစ်သောင်းတံဆိပ်တုံးသည် သူ့ဝိဉာဉ်ကို ဆွဲထုတ်၍ သူ့အား ကျွန်သဖွယ် အသုံးချနေပေဦးမည်။ ထိုသို့ဖြစ်ရခြင်းမှာ သေသွားသည်ထက်ပင် ပို၍ ဆိုးလှပေသည်။
ရန်ကိုင်သည် အဓိပ္ပာယ်ပါပါပြုံးလျက် ကျန်းရို့ရှီအား သားရဲတစ်သောင်းတံဆိပ်တုံးကို ပြန်သိမ်းထားရန် အချက်ပြလိုက်ပြီးသည့်နောက်တွင် မွန်းစတားဘုရင်၏ ပုခုံးကိုပုတ်၍ ရှင်းပြလိုက်လေသည်။ “ဒီလောက်ကြီးလည်း အဖြစ်သည်းပြမနေစမ်းပါနဲ့ မွန်းစတားဘုရင်ရာ… ခင်ဗျားက အညံ့ခံမဲ့အစား အသေပဲခံချင်တယ်… ခင်ဗျားစိတ်ဓာတ်ကိုတော့ ငါတကယ်လေးစားတယ်ဆိုပေမဲ့ ငါတို့က မျိုးနွယ်စုမှမတူကြတာ… ဒီအတိုင်းပြောထားလိုက်ရုံလေးနဲ့ မင်းကိုကယ်ဖို့က မဖြစ်နိုင်ဘူးလေ…”
“မင်း ငါ့ကို ကတိပေးထားခဲ့တာပဲ…” မွန်းစတားဘုရင်သည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်က မေးစေ့ကို ပွတ်သပ်ရင်းမှ ပြန်ပြောလိုက်လေ၏။ “အချိန်တွေက ပြောင်းလဲကုန်ပြီကွ… လူတော်တစ်ယောက်ဆိုတာ အခြေအနေ အချိန်အခါကိုလိုက်ပြီး ပြုမူရတယ်တဲ့… မွန်းစတားဘုရင် ငါမင်းကို ခက်ခဲအောင်မလုပ်ချင်ဘူး… ငါပြောတဲ့အတိုင်း အညံ့ခံလိုက်… မင်းကိုလည်း ဘာမှ လွန်လွန်ကျူးကျူးခိုင်းမှာမဟုတ်ဘူး… ငါ့အတွက် ကိစ္စလေးအချို့လုပ်ခိုင်းရုံပဲ… အဲ့ကိစ္စတွေပြီးသွားတာနဲ့ ငါလည်း ရှေးဟောင်းကုန်းမြေကနေ ထွက်သွားတော့မှာ… အဲ့ခါကြရင် မင်းရဲ့ဝိဉာဉ်အမှတ်အသားကို ပြန်ပေးမယ်…”
“ငါမင်းကို ယုံဦးမယ်လို့ ထင်နေသေးတာလား…” မွန်းစတားဘုရင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။
ရန်ကိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။ “မင်းမှာ ရွေးချယ်စရာရော ရှိလို့လား…”
(ဒီခွေးသူတောင်းစားကောင်ကတော့ကွာ…) မွန်းစတားဘုရင် ကြိတ်၍ ကျိန်ဆဲနေခဲ့လေ၏။
“ငါ့မှာ မင်းနဲ့ လေကုန်ခံနေဖို့ အချိန်မရှိတော့ဘူး… မင်းရဲ့ဝိဉာဉ်အမှတ်အသားကို ပေးရင်ပေး… မပေးရင်တော့ မင်းကိုသတ်ပြီးတော့ပဲ မင်းဝိဉာဉ်ကို သားရဲတစ်သောင်းတံဆိပ်တုံးထဲ ထည့်ပစ်ရတော့လိမ့်မယ်… မင်းကြိုက်တာကိုရွေး…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်လေသည်။
ထိုအချိန်အတောအတွင်း ကျန်းရို့ရှီသည် သားရဲတစ်သောင်းတံဆိပ်တုံးကို ထိန်းချုပ်၍ မွန်းစတားဘုရင်၏ ဦးခေါင်းတည့်တည့်တွင် ပျံဝဲနေစေလိုက်လေသည်။ သူသာ ပြောသည့်အတိုင်း မလုပ်ပါက ကျန်းရို့ရှီသည် သူ့ဝိဉာဉ်ကို ချက်ချင်း ဆွဲထုတ်ယူမည့်ပုံပင်။
မွန်းစတားဘုရင်မှာ အညံ့မခံချင်ပါသော်ငြား ရွေးချယ်စရာ မရှိတော့သည့်အတွက်ကြောင့် အံကြိတ်၍သာ သဘောတူလိုက်ရလေသည်။ “ကောင်းပြီ…”
ရန်ကိုင်က တပြုံးပြုံးဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။
မွန်းစတားဘုရင်သည် ပညာရပ်တစ်မျိုးကို ထုတ်သုံးလိုက်လေသည်။ မကြာမီ သူ့နဖူးထက်ဆီမှ ရွှေရောင်အလင်းမျှင်တစ်ခု ဖြာထွက်လာခဲ့လေ၏။ ရန်ကိုင်သည် ထိုအလင်းမျှင်ကို ချက်ချင်း ယူလိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲတွင် ထည့်သိမ်းလိုက်လေသည်။
(ဒီသင်္ချိုင်းထဲမှာ ရန်ယိုဝေ့ကို ဆုံးရှုံးသွားရပေမယ့် သူ့အစား မွန်းစတားဘုရင်တစ်ယောက် ရလိုက်တာဆိုတော့ အမြတ်ထွက်သွားတာလို့တောင် ပြောလို့ရတယ်…)
ဝိဉာဉ်အမှတ်အသားကို ပေးလိုက်ပြီးသည့်နောက်တွင် မွန်းစတားဘုရင်မှာ ရုတ်ချည်းကို အားနည်းလာခဲ့ကာ အချိန်မရွေး သေတော့မည့်အလား ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်သည် မွန်းစတားဘုရင်ကိုဆွဲ၍ မီးခိုးရောင်တံခါးပေါက်ဆီသို့ ပြေးထွက်သွားရင်းမှ မေးလိုက်လေ၏။ “အဲ့ကနေထွက်သွားလို့ အဆင်ပြေတယ်မလား…”
မွန်းစတားဘုရင် ခေါင်းညိတ်ပြလိုက်သည်။ သူ့အကြည့်မှာတော့ တောက်ပနေခြင်းမရှိတော့ချေ။ ယနေ့တွင် ကံကောင်းသဖြင့် အသက်ရှင်ခဲ့ရပါသော်ငြား လွတ်လပ်ခွင့်ကိုမူ ဆုံးရှုံးခဲ့ရသည်။ သူ့ဘဝကြီးတစ်ခုလုံးကို အစေခံတစ်ဦးအဖြစ်သာ ကုန်ဆုံးသွားရပေတော့မည်။ ဤသည်မှာ သူလိုချင်သည့်ဘဝမျိုးမဟုတ်။ ထို့အတွက်ကြောင့် သေမင်းခံတွင်းမှ လွတ်လာခဲ့သည့်တိုင် အနည်းငယ်မျှပင် ပျော်မနေခဲ့။ ထို့အစား အလွန်ကိုပင်လျှင် စိတ်ဓာတ်ကျနေခဲ့ရသည်။
မကြာမီတွင် ရန်ကိုင်သည် မွန်းစတားဘုရင်နှင့်အတူ အလင်းတံခါးရှေ့သို့ ရောက်လာခဲ့လေသည်။ ဧကရာဇ်ချီကို လှည့်ပတ်၍ မွန်းစတားဘုရင်နှင့် ကျန်းရို့ရှီတို့ကို ရစ်ပတ်စေလိုက်ပြီးသည့်နောက် တံခါးပေါက်ဆီသို့ ပြေးထွက်သွားလေ၏။
တံခါးပေါက်ကို ဖြတ်ကျော်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏မြင်ကွင်းအဖုံဖုံမှာ ပြောင်းလဲသွားခဲ့ရသည်။ တောင်နှယ်ပုံထပ်နေသော မည်သည့်အရိုးဖြူမှ ရှိမနေတော့ဘဲ စိမ်းလန်းစိုပြေလှသော တောအုပ်ကြီးက အစားထိုးဝင်ရောက်လာခဲ့လေ၏။
မိုးထိမတတ်မြင့်မားလှသော သစ်ပင်ကြီးများသည် ပတ်ပတ်လည်အနှံ့ ရှိနေခဲ့ကြလေသည်။ အရိုင်းစွမ်းအားမှာလည်း လေထုထဲ၌ ပြန့်နေခဲ့လေ၏။ ဤနေရာသည် ရှေးဟောင်းကုန်းမြေထဲရှိ တစ်နေရာသာ ဖြစ်လေသည်။
(အဲ့ကနေထွက်ဖို့ ဒီလောက်တောင်လွယ်တာလား…) ရန်ကိုင် အနည်းငယ် အံ့အားသင့်နေမိခဲ့လေသည်။
ကြည့်ရသလောက် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းသည် ရှေးဟောင်းကုန်းမြေကြီးထဲမှ ဒေသခံများအတွက်သာ အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခု ဖြစ်သည့်ပုံပင်။ သို့သော်ငြား ထိုထဲမှ ထွက်လာနိုင်ရန်အတွက် မရေမတွက်နိုင်သော သားရဲဝိဉာဉ်များ၏ တိုက်ခိုက်မှုကို အရင်ဦးစွာ ဖြတ်ကျော်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ယမမင်းဆီသို့ ကူးတို့ခမပေးဘဲ ရောက်သွားပေလိမ့်မည်။
(ဒီနေရာက ငါတို့ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲ ဝင်သွားတုန်းက တွေ့ခဲ့တဲ့ တောင်ကြားနဲ့လည်းမတူဘူး… ငါတို့ အခု ဘယ်ကိုရောက်နေတာလဲ…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၇၃)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်တို့ပေါ်လာသည့်အခါ အသံဗလံအချို့ ထွက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး ရန်ကိုင်တို့ရှိနေရာဘက်ဆီသို့ လာရောက်စစ်ဆေးကြည့်လေ၏။ သို့ရာတွင် ထိုမွန်းစတားမျိုးနွယ်စုဝင်မှာ သူတို့အနားသို့ ရောက်မလာနိုင်သေးခင်မှာပင် မွန်းစတားဘုရင်သည် မာန်သွင်းအော်ဟစ်၍ လျှပ်စီးတန်းတစ်ခုအလား ထိုမွန်းစတားမျိုးနွယ်စုဝင်အား ခုန်အုပ်လိုက်လေ၏။
မွန်းစတားမျိုးနွယ်စုဝင်မှာမူ သူ့အား မည်သူမှ အလစ်ချောင်းတိုက်ခိုက်လိုက်သလဲ ဆိုသည်ကိုပင် မသိလိုက်ဘဲ မြေပြင်ပေါ်သို့ အားယားမှောက်ကာ လဲကျသွားလေ၏။ မွန်းစတားဘုရင်သည် သားကောင်၏လည်ပင်းကို ကိုက်ခဲ၍ သွေးများကို တစ်လုတ်ပြီးတစ်လုတ် စုပ်တော့လေသည်။ မွန်းစတားမျိုးနွယ်စုဝင်မှာ မည်သို့မှ ပြန်မလုပ်နိုင်ခဲ့ဘဲ နာကျင်စွာ အော်ဟစ်ရင်းဖြင့်သာ အဆက်မပြတ် ရုန်းကန်နေခဲ့လေ၏။ သို့ရာတွင် သူ့ရုန်းကန်မှုမှာ အချီးနှီးသည်သာ။ တဖြည်းဖြည်းနှင့် ဆက်၍ မရုန်းနိုင်တော့ဘဲ အော်ဟစ်သံများမှာလည်း တိုးလျလာခဲ့ရလေသည်။
မကြာမီ မွန်းစတားဘုရင်သည် ကျေနပ်သွားဟန်ဖြင့် ထရပ်လာ၍ နှုတ်ခမ်းတွင် ကပ်ပေနေသော သွေးများကို သုတ်လိုက်လေသည်။ မွန်းစတားမျိုးနွယ်စုဝင်၏ သွေးသည် မွန်းစတားဘုရင်အား အတော်လေးကိုမှ အားပြည့်သွားစေသည့်ပုံပင်။ အရိုးပေါ်အရေတင်ဖြစ်နေသော သူ့ခန္ဓာကိုယ်မှာ အနည်းငယ် ပြည့်တင်းလာပြီး အသားအရောင်မှာလည်း အနည်းငယ်ရွှန်းစိုလာခဲ့လေသည်။
ထို့နောက် ရန်ကိုင့်အား ရှုပ်ထွေးသည့်မျက်ဝန်းများဖြင့် တစ်ချက်လှမ်းကြည့်လာခဲ့သည်။ သို့ရာတွင် အဆုံး၌ ခေါင်းငုံ့၍သာ သက်ပြင်းတစ်ချက် ချလိုက်လေ၏။
“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ မွန်းစတားဘုရင်…” ရန်ကိုင်က မေးလိုက်လေသည်။
“ရှဲ့ဝူဝေ…” မွန်းစတားဘုရင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောသည်။ သူသည် အစေခံတစ်ဦးဖြစ်နေပြီဖြစ်သော်ငြား ရန်ကိုင်မှ သူ့အား နိုင်လိုမင်းထက် ပြုမူခြင်း မရှိသည်ကိုမြင်သော် မွန်းစတားဘုရင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူ့အား အပြင်သို့ ခေါ်ထုတ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား အစေခံသဖွယ် ဆက်ဆံမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။ ထိုသို့သာဖြစ်ပါက မွန်းစတားဘုရင်ဟူသော သူ၏ဂုဏ်သိက္ခာမှာ ရစရာမရှိအောင် ပျက်စီးသွားရပေတော့မည်။
“မဆိုးဘူးပဲ နာမည်က…” ရန်ကိုင်က ပြုံးလိုက်လေသည်။
ရှဲ့ဝူဝေကမူ ဘာမှပြန်မပြောခဲ့ပေ။ ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် မေးလိုက်လေ၏။ “ဒီဘုရင် မင်းကို ဘယ်လိုခေါ်ရမလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “သခင်လေးရန်လို့ ခေါ်လို့ရတယ်…”
ရှဲ့ဝူဝေက ခေါင်းညိတ်လျက် ပြန်ပြောလေ၏။ “သခင်လေးရန်… ခုနတုန်းက ဒီဘုရင် မင်းအတွက် တစ်ခုခု လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်နော်… ဘာလုပ်ပေးရမှာလဲ…”
ရန်ကိုင်၏အလုပ်ကို မြန်မြန်ပြီးအောင် ကူလုပ်ပေး၍ သူ၏လွတ်လပ်မှုကို ပြန်လိုချင်နေလေပြီ။ ထို့အတွက်ကြောင့် အပြင်သို့ရောက်သည်နှင့် လိုရင်းကိုသာ ချက်ချင်း တန်းမေးလိုက်တော့၏။
“အလျင်လိုစရာမလိုပါဘူး…” ရန်ကိုင်က ပြောလိုက်သည်။ “ခင်ဗျားနေတဲ့နေရာဆီ ကျုပ်ကို အရင်ခေါ်သွားပေး… အဲ့ရောက်မှ ဘာလုပ်ရမလဲဆိုတာ ပြောမယ်… ကျုပ်ကိစ္စက လူတွေအများကြီးလိုတယ်…”
(ငါနေတဲ့နေရာဆီ…) ရှဲ့ဝူဝေ စိတ်ညစ်သွားတော့သည်။ မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သည်နှင့်အညီ သူ၏အဆင့်အတန်းမှာ အလွန်ကိုမှ ထူးခြားလှပေသည်။ လူသားတစ်ဦးနှင့် တွဲသွားတွဲလာပြုနေသည်ကို အခြားသူများ မြင်သွားလျှင် မကောင်း။ ပိုဆိုးသည်မှာ သူသည် ထိုလူသား၏ အမိန့်အတိုင်း လိုက်လုပ်နေသည်ဟူသော အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက မည်သည့်မျက်နှာနှင့် လူရှေ့သူရှေ့သို့ ထွက်ရတော့မည်နည်း။
မွန်းစတားဘုရင် မည်သည်ကို တွေးနေသလဲ ဆိုသည်ကို သဘောပေါက်သည့်အလား ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “စိတ်မပူနဲ့ မွန်းစတားဘုရင်… ကျုပ် ခင်ဗျားကို ခက်ခဲအောင် လုပ်မှာမဟုတ်ဘူး… ခင်ဗျားလက်အောက်ငယ်သားတွေ မေးလာလို့ရှိရင် ဒီသခင်လေးက အပြင်က ခင်ဗျားရဲ့မိတ်ဆွေလို့သာ ပြောလိုက်… ရှေးဟောင်းကုန်းမြေက ခင်ဗျားတို့လို မွန်းစတားမျိုးနွယ်စုဝင်တွေမှာ လူသားမိတ်ဆွေ တစ်ယောက်နှစ်ယောက်လောက်ရှိတာ ဘာမှ ဒီလောက် အဆန်းကြီးမဟုတ်ဘူးမလား…”
ရှဲ့ဝူဝေ မျက်မှောင်ကြုတ်လျက် သဘောမတူချင်တူချင်ဖြင့် တူလိုက်လေသည်။ “ကောင်းပြီလေ…”
သူ့ဝိဉာဉ်အမှတ်အသားသည် ရန်ကိုင့်လက်ထဲသို့ ရောက်နေသည့်အတွက်ကြောင့် ရန်ကိုင်၏အမိန့်အား မနာခံချင်လျှင်ပင် နာခံရပေလိမ့်မည်။ ထိုသို့ဖြင့် ရန်ကိုင်တို့သုံးဦးသည် ရှေးဟောင်းကုန်းမြေ၏ အတွင်းပိုင်းဆီသို့ ထွက်လာခဲ့ကြလေသည်။
ဆူညံသံများကြောင့် လာရောက်စစ်ဆေးကြသည့် မွန်းစတားမျိုးနွယ်စုဝင်အချို့ ရှိသော်ငြား ထိုလူအားလုံးသည် ရှဲ့ဝူဝေ၏ အစာများသာ ဖြစ်သွားခဲ့ကြရသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် မိုးထိမတတ် မြင့်မားလှဿည့် တောင်တစ်လုံး ရန်ကိုင်တို့ရှေ့တွင် ပေါ်လာခဲ့သည်။ တောင်ပေါ်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားကြသော ပုံကြမ်းကြမ်း အဆောက်အဦးအချို့ ရှိနေခဲ့လေသည်။ ၎င်း၏ဘေးဘက်ခြမ်းတွင်တော့ မွန်းစတားမျိုးနွယ်စုဝင်များ နေထိုင်နေကြသည့် မရေမတွက်နိုင်အောင် လိုဏ်ဂူပေါင်းများစွာ ရှိနေကြသည်။
ရန်ကိုင်တို့ ရောက်ရှိလာကြသည့်အခါ တောင်ပေါ်တွင် နေနေကြသည့် မွန်းစတားသားရဲမျိုးနွယ်စုဝင်များ နိုးနိုးကြားကြား ဖြစ်သွားကုန်ကြလေသည်။ ချက်ချင်းပဲ ဂူထဲမှထွက်၍ လာရောက်စစ်ဆေးကြပါသော်ငြား မည်သူရောက်လာသလဲ ဆိုသည်ကို မမြင်နိုင်သေးခင်မှာပင် ရန်ကိုင်တို့သုံးဦးသည် အဓိကခန်းမထဲသို့ ပြေးဝင်သွားပြီးနေကြလေပြီ။
ခန်းမထဲတွင်ရှိနေသော အစေခံချောချောလှလှလေးများသည် ရှဲ့ဝူဝေအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါဆရာ…”
ရှဲ့ဝူဝေမှာ စိတ်မကြည်သဖြင့် အစေခံမလေးများကို တစ်ချက်ကလေးမှပင် ဂရုစိုက်မနေဘဲ ခန်းမထဲဆီသို့သာ ပြေးထွက်သွားလေ၏။
ခန်းမထဲတွင် အရိုးများဖြင့် ပြုလုပ်ထားသော ပုလ္လင်တစ်လုံး ရှိနေခဲ့လေသည်။ ရှဲ့ဝူဝေသည် ထိုပုလ္လင်တည့်တည့်ဆီသို့ လျှောက်သွားလိုက်ပြီး အငြိမ်သားဖြင့် ထိုင်ချလိုက်လေသည်။ သို့သော်ငြား မကြာမီတွင် ရှဲ့ဝူဝေ ရှက်သွားတော့လေသည်။
သူ့အိမ်သို့ ပြန်ရောက်လာပြီးသည့်နောက်မှသာလျှင် သူ့စိတ် တည်ငြိမ်သွားနိုင်တော့လေသည်။ ထို့အတွက်ကြောင့် ကြုံနေရသည့် ပြဿနာကိုပင်လျှင် မေ့လျော့သွားခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်မှ သူ့အား တပြုံးပြုံးဖြင့် ကြည့်နေသည်ကိုမြင်သော် ရှဲ့ဝူဝေ အလျင်အမြန် ထရပ်လိုက်လေ၏။
“အဲ့မှာပဲ ဆက်ထိုင်နေ မွန်းစတားဘုရင်… ကျုပ်က အပြင်ကနေလာတဲ့ ခင်ဗျားရဲ့မိတ်ဆွေတွေပဲ…” ရန်ကိုင်က ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ ပြောလိုက်သည်။ ဤမွန်းစတားဘုရင်မှာ အတော်လေးကိုမှ စိတ်ဓာတ်မာကြောသူမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူအား ခက်ခဲအောင်မလုပ်ချင်။ တကယ်တော့ ရန်ကိုင်သည် မွန်းစတားဘုရင်၏ အကူအညီကို လိုအပ်နေသေးသည် မဟုတ်ပေလော။
ထိုအခါမှသာ မွန်းစတားဘုရင်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် ခြေပစ်လက်ပစ် ပုလ္လင်ပေါ် ထိုင်ချလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “သခင်လေးရန်… ကျေးဇူးပြုပြီး ထိုင်ပါဦး…”
ရန်ကိုင်လည်း ယဲ့ယဲ့လေးပြုံးလျက် အနားတစ်နေရာတွင်ရှိနေသော ထိုင်ခုံတစ်လုံးတွင် သွားထိုင်နေလိုက်လေသည်။ ထို့နောက် လှည့်ပတ်၍ကြည့်လိုက်ရာ နန်းတော်အပြင်အဆင်နှင့် နန်းတော်အသိုက်အဝန်းသည် ရန်ယိုဝေ့၏ နေရာထက် အဆပေါင်းများစွာ သာလွန်ကြောင်း တွေ့လိုက်ရလေသည်။ မွန်းစတားဘုရင်ဆိုသည့်အတိုင်းပင် ရန်ယိုဝေ့ကဲ့သို့သော မွန်းစတားဗိုလ်ချုပ်တစ်ဦးသည် ရှဲ့ဝူဝေနှင့် လုံးဝ မယှဉ်နိုင်ပေ။ ဝင်လာလာချင်းမှာပင် တောင်တစ်ဝိုက်၌ ဧကရာဇ်အဆင့် လူသားပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်ဆယ့်နှစ်မွန်းစတားသားရဲများစွာ ရှိနေကြောင်း ရန်ကိုင် အာရုံခံမိခဲ့သည်။
(မွန်းစတားဘုရင်တစ်ယောက် ဒီလောက် ဧကရာဇ်အဆင့် ပညာရှင်တွေ အများကြီး ရှိနေလို့ရှိရင် မွန်းစတားဘုရင် သုံးဆယ့်နှစ်ယောက်ဆိုရင် ဘယ်လောက်တောင်များမလဲ မသိဘူး… ပြီးတော့ နတ်သားရဲလေးပါးလည်း ရှိနေသေးတယ်…)
(ဒီလောက် မွန်းစတားသားရဲတွေနဲ့ မွန်းစတားမျိုးနွယ်စုဝင်တွေ အကုန်လုံးသာ အပြင်ဘက်ကို ကျူးကျော်လာမယ်ဆိုလို့ရှိရင် မဟာဧကရာဇ်ဆယ်ပါးသာ အတူမပူးပေါင်းရင် ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး…)
(ရှေးဟောင်းကုန်းမြေက တကယ်ကို အထင်သေးလို့ မရဘူးပဲ…)
ကျန်းရို့ရှီသည် ဘေးပတ်ဝန်းကျင်အား စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်ရင်း ရန်ကိုင့်နောက်တွင် ငြိမ်ငြိမ်လေး ရပ်နေခဲ့လေသည်။
“အထဲဝင်လာခဲ့…” ရှဲ့ဝူဝေက ပြောလိုက်လေသည်။
အားကောင်းလှသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားကြသော မွန်းစတားမျိုးနွယ်စုဝင်ခြောက်ဦး ခန်းမထဲသို့ ဝင်လာကြလေ၏။ တစ်ယောက်ချင်းစီတိုင်းသည် အားကောင်းလှသည့် ဖိအားကို ထုတ်လွှတ်နေခဲ့လေသည်။ ထိုလူများကို မြင်လိုက်သည့်နောက် ရန်ကိုင်၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။ အကြောင်းမှာ အကုန်လုံးသည် ဧကရာဇ်ဒုတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော် အဆင့်ဆယ့်နှစ် အလယ်အလတ်အဆင့် မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်နေကြသည့် အတွက်ကြောင့်ပင်။
မွန်းစတားမျိုးနွယ်စုဝင်ခြောက်ဦးသည် ခန်းမထဲသို့ ဝင်လာပြီးနောက် တလေးတစားဖြင့် နှုတ်ဆက်လိုက်လေ၏။ “နှုတ်ဆက်ပါတယ်ဆရာ…”
ရှဲ့ဝူဝေသည် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် ကိန်းကြီးခန်းကြီးလုပ်မနေခဲ့ဘဲ ပြန်၍ ပြောလိုက်လေ၏။ “ဒီဘုရင်မရှိတုန်း ဘာမှဖြစ်မသွားဘူးမလား…”
ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲသို့ သူမတော်တဆ ရောက်သွားခဲ့သည် ဆိုသည့်အကြောင်းကို သူ့လက်အောက်ငယ်သားများအား ပြောမပြခဲ့ပေ။ ထိုသို့သာဆိုလျှင် ထိုထဲမှ သူမည်ကဲ့သို့ ထွက်လာသလဲ ဆိုသည်ကို ရှင်းပြရခက်ပေလိမ့်မည်။
ဘယ်ဘက်တွင်ရှိနေသော ပိန်ပိန်ပါးပါး မွန်းစတားမျိုးနွယ်စုဝင်က ရှေ့သို့တက်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဆရာ့ကို ဒီလက်အောက်ငယ်သား တင်ပြစရာ ကိစ္စတစ်ခု ရှိပါတယ်….”
“ဘာကိစ္စလဲ…” ရှဲ့ဝူဝေက ထူးမခြားနားဟန်ဖြင့် မေးလိုက်လေသည်။ မျက်တောင်တစ်ချက်ပင်မခတ်ပဲ လက်ထဲတွင်ရှိနေသော ရေနွေးကြမ်းကိုသာ အသာအယာ မော့သောက်နေခဲ့လေ၏။ ထိုရေနွေးကြမ်းအား မည်သည့်ပစ္စည်းများနှင့် ဖော်စပ်ထားသလဲ မသိရလေရာ ရေနွေးကြမ်း၏အရောင်မှာ သွေးရောင်တောက်နေခဲ့လေသည်။
ထိုစကားကိုကြားသည့်အခါ ပိန်ပိန်ပါးပါးနှင့် မွန်းစတားမျိုးနွယ်စုဝင်သည် ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော ရန်ကိုင့်အား လှမ်းကြည့်လိုက်လေသည်။
ရှဲ့ဝူဝေသည် ရေနွေးကြမ်းအား ကုန်စင်အောင် သောက်ပစ်လိုက်ပြီးသည့်နောက် ခွက်ကိုချကာ မျက်ခုံးပင့်၍ ပြောလိုက်လေ၏။ “ပြောသာပြော… ဒီနေရာမှာ ဘယ်သူမှ အပြင်လူမဟုတ်ဘူး… သခင်လေးရန်က ဒီဘုရင်ရဲ့မိတ်ဆွေပဲ… မင်း လွတ်လွတ်လပ်လပ်ပြောလို့ရတယ်…”
သူ့ဝိဉာဉ်အမှတ်အသားသည် ရန်ကိုင်လက်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ရှဲ့ဝူဝေလည်း ဘာမှမတတ်နိုင်တော့ပါချေ။ သေခြင်းရှင်ခြင်းမှာ ရန်ကိုင်၏လက်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်အား ထွက်သွားစေချင်သည်ဆိုလျှင်ပင် ထွက်သွားအောင်မလုပ်နိုင်ပေ။ သူလည်း လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ အလွန်ကိုမှ ကူကယ်ရာမဲ့နေမိသလို နောင်တလည်း ရနေမိပေသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် သူ့လက်အောက်ငယ်သားများကို အထဲသို့ဝင်လာရန် ဖိတ်မခေါ်ခဲ့ပေ။ ယခုမူ ဤအခြေအနေထိ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ဆက်သွားရုံသာ ရှိတော့ပေသည်။
ထိုစကားကိုကြားသည့်အခါ ခန်းမထဲသို့ ဝင်လာကြသည့် မွန်းစတားမျိုးနွယ်စုဝင်များ ထိတ်လန့် အံ့အားသင့်သွားကုန်ကြလေသည်။ လူသားတစ်ဦး သူတို့မွန်းစတားဘုရင်အနားတွင် ထိုင်နေသည်ကို မြင်သည့်အခါ သူတို့စိတ်ထဲ သံသယဝင်မိခဲ့ရပေသည်။ လူသားသည် မည်ကဲ့သို့နောက်ခံကို ပိုင်ဆိုင်ထား၍များ မွန်းစတားဘုရင်သည် သူ့အား ဤကဲ့သို့ ဆက်ဆံနေရလေသနည်း။ သို့သော်ငြား ထိုလူသားမှာ ရှဲ့ဝူဝေ၏ မိတ်ဆွေဖြစ်နေကြောင်း ကြားသိလိုက်ရပြီးနောက် မွန်းစတားမျိုးနွယ်စုဝင်များမှာ ပို၍ကို ထိတ်လန့်သွားကြရတော့သည်။
(ဘယ်မွန်းစတားဘုရင်မှာများ လူသားမိတ်ဆွေရှိလို့လဲ…)
သို့ရာတွင် သူတို့၏ဆရာ မွန်းစတားဘုရင်သည် ရှေးဟောင်းကုန်းမြေထဲမှထွက်၍ လူသားနယ်မြေသို့ တစ်ခါသွားခဲ့ဖူးကြောင်းကို ပြန်သတိရသွားခဲ့သည်။ ထိုစဉ်က အသက်အန္တရာယ်နှင့်ကြုံရကာ သေခါနီးပင် ဖြစ်ခဲ့ရပြီး လူသားတစ်ဦး၏ ကူညီပေးခဲ့မှုကြောင့် ရှေးဟောင်းကုန်းမြေထဲသို့ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့အတွက်ကြောင့် ဤလူသားသည် သူတို့၏ဆရာ မွန်းစတားဘုရင်ကို ကယ်ဆယ်ခဲ့သော လူသားကျေးဇူးရှင် ဖြစ်ရမည်ဟု ထင်သွားကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အပေါ် ထိုမွန်းစတားမျိုးနွယ်စုဝင်များ၏ အကြည့်နှင့် အမြင်မှာလည်း မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။
ပိန်ပိန်နှင့် မွန်းစတားမျိုးနွယ်စုဝင်က စတင်၍ အစီအရင်ခံလိုက်လေ၏။ “ဆရာ… သွေးတံခါးမှာ ပြောင်းလဲမှုအချို့ ဖြစ်သွားပါတယ်…”
“သွေးတံခါး…” ရှဲ့ဝူဝေသည် မျက်မှောင်ကြုတ်လျက် သူ့လက်အောက်ငယ်သားကို အထိတ်တလန့်ဖြင့်ကြည့်လိုက်လေ၏။ တစ်ဖက်လူက ခေါင်းညိတ်ပြနေသည်ကိုမြင်သော် ရှဲ့ဝူဝေ၏အသက်ရှုနှုန်း မြန်ဆန်လာခဲ့ပြီး အလျင်အမြန် ပြန်မေးလိုက်လေသည်။ “မင်း သေရောသေချာရဲ့လား…”
မွန်းစတားမျိုးနွယ်စုဝင်က ပြန်ပြောလိုက်လေ၏။ “သေချာပါတယ်ဆရာ… သွေးတံခါးပြောင်းလဲသွားတာကို မွန်းစတားဘုရင်ရှီလဲ့ရဲ့ လက်အောက်ငယ်သားတစ်ယောက် အရင်မြင်ခဲ့တာပါ… အခြားသူတွေလည်း အဲ့တာကို မြင်ခဲ့ပါတယ်… သူတို့အကုန်လုံးကလည်း ဟုတ်တယ်လို့ အတည်ပြုထားပြီးကြပြီ… အခုတော့ အဲ့သွေးတံခါးရဲ့ ပြောင်းလဲမှုက နတ်အရှင်လေးပါးကိုတောင် နိုးနိုးကြားကြား ဖြစ်သွားစေလို့ နတ်အရှင်လေးပါးက လူတွေလွှတ်ပြီး စုံစမ်းခိုင်းနေပါပြီ…”
ထိုစကားကိုကြားပြီးသည့်နောက် ရှဲ့ဝူဝေမှာ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ထရပ်၍ အလျင်စလို အမိန့်ပေးလိုက်လေသည်။ “ငါ့ကို အသေးစိတ်ပြောပြစမ်း…”
“ဟုတ်ကဲ့…” မွန်းစတားမျိုးနွယ်စုဝင်သည် သူသိထားသမျှ အကြောင်းအရာများကို သေချာရှင်းပြတော့လေသည်။ “လွန်ခဲ့တဲ့တစ်လလောက်က ဖြစ်သွားတာပါ… အဲ့တုန်းက သွေးတံခါးက သွေးနီရောင်တောက်လာပြီးတော့ အနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ်ကို ထောင်တက်သွားပါတယ်… ဒါပေမယ့် အဲ့လိုဖြစ်သွားတာ ခဏလေးပါပဲ… အဲ့လိုဖြစ်သွားပြီးတဲ့နောက်ပိုင်း သွေးတံခါးက အရင်ကနဲ့ သိပ်မတူတော့ပါဘူး… သွေးတံခါးကနေလည်း စွမ်းအင်တစ်မျိုး သူ့ဘာသာသူ ဖြာထွက်နေပါသေးတယ်… တော်တော်များများက အဲ့စွမ်းအားရဲ့ ဆွဲဆောင်တာခံရပြီး အနီးကပ်သွားဖို့လုပ်ပေမဲ့ အနီးရောက်တာနဲ့ အကုန် သေကုန်ကြတာပါပဲဆရာ…”
“သွေးမျိုးဆက်ဆွဲဆောင်ခံရတာလား…” ရှဲ့ဝူဝေ၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့လေသည်။
မွန်းစတားမျိုးနွယ်စုဝင်က ခေါင်းညိတ်ပြလိုက်၏။ “အဲ့လိုပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်… လက်အောက်ငယ်သားကိုယ်တိုင်လည်း တစ်ချက် သွားစစ်ဆေးကြည့်လိုက်ပါသေးတယ်… အဲ့တုန်းက သွေးတံခါးဆွဲဆောင်တာခံရပြီးတော့ အထဲကို ပြေးဝင်သွားမိခါနီးပဲ… ရှုယုနဲ့အခြားသူတွေ အလျင်အမြန် တားထားလိုက်လို့… မဟုတ်ရင် လက်အောက်ငယ်သားလည်း သေနေလောက်ပါပြီ… အဲ့အချက်တွေကို ကြည့်လို့ရှိရင် သွေးတံခါးပွင့်လာတော့မယ်ဆိုပြီးတော့ ကောက်ချက်ချနိုင်ပါတယ်… ကြည့်ရတာ ရှေးဟောင်းကောလဟာလတွေက အမှန်ဖြစ်နေတဲ့ပုံပါပဲ…”
ထိုစကားကိုကြားပြီးသည့်နောက် ရှဲ့ဝူဝေမှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားကာ ထိုင်နေသည့်ပုလ္လင်တစ်ဝိုက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့လေသည်။ ခဏအကြာတွင် ရပ်၍ အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေ၏။ “နတ်အရှင်လေးပါးကရော ဘာပြောထားလဲ…”
မွန်းစတားမျိုးနွယ်စုဝင်က ပြန်ပြောလိုက်လေ၏။ “နတ်အရှင်လေးပါးကတော့ မဟုတ်မမှန်တဲ့ ကောလဟာလတွေကို မယုံဖို့နဲ့ ကိုယ့်အသက်ကို အလကားသက်သက် အဆုံးရှုံးမခံဖို့ အမိန့်ပေးထားပါတယ်… အခုဆိုလို့ရှိရင် မွန်းစတားဘုရင်ချုပ်ရှစ်ပါးကို စေလွှတ်ပြီးတော့ သွေးတံခါးနားကို ဘယ်သူမှ မကပ်လာအောင် စောင့်ကြပ်ထားခိုင်းပါတယ်…”
“ကောလဟာလအမှားတွေ ဟုတ်လား…” ရှဲ့ဝူဝေက လှောင်ပြုံးပြုံးလိုက်လေသည်။ “သွေးမျိုးဆက်ဆွဲဆောင်ခံရတယ်ဆိုတာ မသိစိတ်အရကို ဖြစ်နေတာ… လူတိုင်းပါးစပ်ကို လိုက်ပိတ်လိုက်ရုံနဲ့ အကုန်လုံးအဆင်ပြေသွားပြီလို့ နတ်အရှင်တွေ ထင်နေကြတာလား.. ဘာမှမဟုတ်ဘူး… နောက်ထပ် နတ်အရှင်အသစ်တွေ ထပ်ပေါ်လာမှာကို သူတို့စိတ်ပူနေကြတာ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၇၄)
ဘာသာပြန်သူ_တိမ်တိုက်
ရှဲ့ဝူဝေ၏ အကြောက်အလန့်ကင်းသည့် ပုံစံကို မြင်ပြီးသည့်နောက် သူ့လက်အောက်ငယ်သားများ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ကြသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲမှနေ၍ တွေးလိုက်ကြလေသည်။ (ဆရာက တကယ်ကို သွေးဆူလွယ်တာပဲ… ဒီနေရာမှာ အပြင်လူတွေ မရှိနေလို့ပေါ့ကွာ… မဟုတ်ရင်တော့ ဒီအကြောင်းကိုသာ နတ်အရှင်တွေ ကြားသွားလို့ရှိရင် ဆရာ ကျိန်းသေ ဒုက္ခရောက်မှာ…)
“သွေးတံခါးက ဘာကြီးလဲ…” အနားတွင် ထိုင်နားထောင်နေသော ရန်ကိုင်က ဝင်မေးလိုက်လေသည်။
ရန်ယိုဝေ့ဆီမှ သွေးတံခါးသည် ရှေးဟောင်းကုန်းမြေ၏ တားမြစ်နေရာကြီးတစ်ခု ဖြစ်သည်ဆိုသည့်အကြောင်းကို ကြားသိခဲ့ရသည်။ သို့ရာတွင် ထိုစဉ်က သူ့တွင် အာရုံစိုက်စရာ အခြားကိစ္စများ ရှိနေသည့် အတွက်ကြောင့် သွေးတံခါးကိစ္စကို မမေးခဲ့ပေ။ ယခု ရှဲ့ဝူဝေ၏ လက်အောက်ငယ်သားများမှာ သွေးတံခါးအကြောင်း ပြောလာသလို ရှဲ့ဝူဝေကိုယ်တိုင်ကလည်း သွေးတံခါးကိစ္စကို အလွန်ကိုမှ အလေးအနက်ထားနေသည်ကိုမြင်သော် ရန်ကိုင့်စိတ်ထဲ သိချင်လာခဲ့လေသည်။ သွေးတံခါးသည် နတ်အရှင်လေးပါးမှပင်လျှင် အရေးတယူပြုရသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် အလွန်ကိုမှ အရေးကြီးသည့် အရာတစ်ခု ဖြစ်သည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။
ရန်ကိုင်သည် ရှောင်ရှောင်နှင့်တကွ တတိယတပည့်ကို လိုက်ရှာနေခြင်း ဖြစ်လေရာ ဤနေရာအကြောင်းကို ပိုသိထားသည်မှာ သူ့အတွက် အကျိုးမယုတ်ချေ။ ရန်သူအကြောင်းကိုသိလျှင် တိုက်ပွဲတစ်ရာကိုပင်လျှင် အနိုင်ယူရသည်ဟူသော ဆိုရိုးစကားပင် ရှိသည်မဟုတ်ပေလော။
ရန်ကိုင့်၏မေးခွန်းကို ကြားသည့်အခါမှသာ ဤနန်းတော်ထဲတွင် မွန်းစတားမျိုးနွယ်စုဝင်များအပြင် အပြင်လူနှစ်ဦးလည်း ရှိနေသေးသည် ဆိုသည့်အကြောင်းကို ရှဲ့ဝူဝေ ပြန်သတိရသွားတော့သည်။ သူ့ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုအချက်ကိုပင်လျှင် မေ့လျော့သွားမိကြောင်း ပြန်စဉ်းစားမိလိုက်သော် ရှဲ့ဝူဝေ၏မျက်နှာ မဲ့သွားခဲ့ရသည်။
“အဆင်မပြေရင်လည်း မပြောပါနဲ့ ဘာမှမဖြစ်ပါဘူး…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အစေခံမလေး လာချပေးထားသော ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်လေသည်။ သို့သော်ငြား ရေနွေးကြမ်းအနံ့ကို ရလိုက်ပြီးသည့်နောက် မသောက်ရဲတော့ချေ။ ဤရေနွေးကြမ်းကို သွေးဖြင့် လုပ်ထားမည်ကို ရန်ကိုင် အမှန်တကယ် လန့်နေမိလေသည်။
ရန်ကိုင်သည် ဒီအတိုင်းပြောလိုက်ခြင်း ဖြစ်ပါသော်ငြား ရှဲ့ဝူဝေကမူ ရန်ကိုင့်၏စကားကို မသိကျေးကျွန် မပြုရဲခဲ့ပေ။ ရန်ကိုင်သည် သွေးတံခါးကို အမှန်အကန် စိတ်ဝင်စားနေမိသလို သူ့စိတ်ထဲတွင် မည်ကဲ့သို့ တွေးနေသည်ကိုလည်း ရှဲ့ဝူဝေမသိ။ ထို့အတွက်ကြောင့် ရှဲ့ဝူဝေလည်း ဇာတ်လမ်းအတိုင်း လိုက်ကရုံသာ တတ်နိုင်ခဲ့လေသည်။ “ဘယ်ကသာ အဆင်မပြေရမှာလဲ… ရှင်းရှင်းပြောရရင် သွေးတံခါးက လူသားတွေအတွက် ဘာမှအသုံးမဝင်ဘူး…. အဲ့ဒါက ရှေးဟောင်းကုန်းမြေရဲ့ တားမြစ်နေရာကြီးတွေထဲက တစ်ခုပဲ…”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “သွေးတံခါးနဲ့ ဝိဉာဉ်တစ်သောင်းသင်္ချုင်းက ရှေးဟောင်းကုန်းမြေရဲ့ တားမြစ်နေရာကြီးနှစ်ခုလို့ အခြားတစ်ယောက်ပြောတာ ကျုပ်ကြားဖူးတယ်… အဲ့ဒါအမှန်ပဲလား…”
ရှဲ့ဝူဝေက ခေါင်းညိတ်ပြလိုက်လေ၏။ “ဟုတ်တယ်… အမှန်ပဲ… ဝိဉာဉ်တစ်သောင်းသင်္ချိုင်းက ရှေးဟောင်းကုန်းမြေထဲက ဒေသခံတွေ သေခါနီးအချိန်ကြရင် သွားတဲ့နေရာ… သွေးတံခါးကတော့ ဒီကဒေသခံတွေ ဘဝသစ်တစ်ခုကို ရဖို့အတွက် သွားတဲ့နေရာပဲ… တစ်ခုက သေဖို့အတွက် နောက်တစ်ခုက ဘဝအသစ်တစ်ခုအတွက်…”
“ဘယ်လို ဘဝအသစ်တစ်ခုလဲ…” ရန်ကိုင် ကြောင်သွားလေ၏။
ရှဲ့ဝူဝေက အလျင်အမြန် ရှင်းပြလိုက်လေသည်။ “ရှေးဟောင်းကောလဟာလတွေအရတော့ သွေးတံခါးကို ဖြတ်ကျော်သွားနိုင်မယ်ဆိုလို့ရှိရင် ဘိုးဘေးတွေရဲ့ သွေးမျိုးဆက်နဲ့အတူ ပြန်လည်မွေးဖွားလာနိုင်ပြီး နတ်သားရဲတစ်ကောင် ဖြစ်လာနိုင်တယ်တဲ့…”
“နတ်သားရဲတစ်ကောင် ဖြစ်လာမှာ…” ရန်ကိုင် ထိတ်လန့်သွားလေ၏။ “ဒီတော့ ခင်ဗျားသာ သွေးတံခါးထဲကို ဝင်နိုင်မယ်ဆိုလို့ရှိရင် နတ်သားရဲတစ်ကောင် ဖြစ်လာနိုင်မှာပေါ့…”
ရှဲ့ဝူဝေက ခေါင်းညိတ်ပြလိုက်လေသည်။ “အဲ့လိုပြောလို့ရတယ်… ဒါပေမဲ့ တကယ်ဟုတ်မဟုတ်တော့ ဘယ်သူမှ မသိကြဘူး… ရှေးဟောင်းကုန်းမြေဖြစ်ပေါ်လာကတည်းက သွေးတံခါးက ရှိနေခဲ့တာ… ဒါပေမယ့် ငါတို့သိတဲ့ ဘယ်သူမှ သွေးတံခါးနားကို မရောက်ဖူးဘူး… အထဲကိုဝင်ဖို့ဆိုရင်တော့ ဝေးလာဝေး… ကောလဟာလတွေကတော့ ပြန့်နေတုန်းပဲ… ရှေးဟောင်းကုန်းမြေထဲမှာရှိတဲ့ အားအနည်းဆုံး မွန်းစတားမျိုးနွယ်စုဝင်တွေတောင် အဲ့အကြောင်းကို သိကြတယ်… ပြီးတော့ ရှေးဟောင်းကုန်းမြေထဲမှာရှိတဲ့ ဒေသခံတွေအကုန်လုံးက နတ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြတဲ့လူတွေ… အားနည်းတဲ့သွေးမျိုးဆက်နဲ့ အားကောင်းတဲ့သွေးမျိုးဆက်ဆိုပြီး ကွာသွားတာပဲရှိတယ်… ဒီတော့ အားကောင်းချင်တယ်ဆိုလို့ရှိရင် ပါရမီပါဖို့လိုသလို သွေးမျိုးဆက်သန့်စင်နေဖို့လည်း လိုတယ်… သွေးမျိုးဆက်ကိုသာ နိုးထနိုင်မယ်ဆိုလို့ရှိရင်တော့ ဘိုးဘေးတွေလို နတ်သားရဲတစ်ကောင် ဖြစ်လာနိုင်လိမ့်မယ်…”
“ဒီလောကကြီးမှာ အဲ့လိုမျိုး ဆန်းကြယ်တဲ့ နေရာတစ်ခုလည်း ရှိနေသေးတာလား…”
“ဆန်းကြယ်လား မဆန်းကြယ်လားတော့ မသိဘူး.. နတ်သားရဲတွေအကုန်လုံးက အဲ့သွေးတံခါးကနေ အရင်းခံလာတာလို့တော့ ပြောကြတာပဲ… ဒါပေမဲ့ ကောလဟာလတွေက ဟိုးရှေးခေတ်ကတည်းက တစ်ယောက်စကား တစ်ယောက်နားကနေ လက်ဆင့်ကမ်းလာတာဆိုတော့ တကယ်ဟုတ်မဟုတ် ဘယ်သူမှ အတည်ပြုနိုင်ကြဘူး… ဘယ်လိုပဲဖြစ်ဖြစ် သွေးတံခါးဆိုတာ ရှေးဟောင်းကုန်းမြေက ဒေသခံတွေအတွက် ကံစမ်းနိုင်တဲ့နေရာတစ်ခုပဲလေ… နဂါးဂိတ်ကိုဖြတ်ကျော်ပြီး ငါးတစ်ကောင်ကနေ နဂါးဖြစ်သွားနိုင်တဲ့ ကောလဟာလတွေလည်း ရှိတယ်မလား… အဲ့ထဲကတိုင်းပဲ သွေးတံခါးဆိုတာ နဂါးဂိတ်ပဲ… ဒီတော့ သွေးတံခါးကို ဖြတ်ကျော်ဖို့ မကြိုးစားချင်တဲ့လူ ဘယ်သူရှိမှာလဲ…”
“မွန်းစတားဘုရင်… ခင်ဗျားလည်း အဲ့ကို သွားစမ်းကြည့်ချင်နေတာလား…” ရန်ကိုင့်မျက်လုံးထဲ ထူးဆန်းသည့်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။
ရှဲ့ဝူဝေက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ နတ်အရှင်တွေပေါ်မှာပဲ မူတည်မှာပေါ့… ဒါပေမဲ့ အခု ဘုရင်ချုပ်တွေကို လွှတ်ပြီးတော့ သွေးတံခါးနားကို ဘယ်သူမှ ကပ်မလာနိုင်အောင် လုပ်ထားတာဆိုတော့ ငါတို့လည်း အဲ့နေရာကို သွားနိုင်လောက်မှာမဟုတ်ဘူး… ဒါပေမဲ့ အခုလိုလုပ်လိုက်တာက ဒီကိစ္စကနေ ခေါင်းရှောင်ပြေးသွားတာနဲ့ အတူတူပဲ… ရှင်းရှင်းပြောရရင် သွေးတံခါးအကြောင်းကို ဘယ်သူတွေအသိဆုံးလဲဆိုရင် နတ်အရှင်တွေ အသိဆုံးလို့ပဲ ပြောရမယ်…”
ရန်ကိုင်ခေါင်းညိတ်ပြလိုက်သည်။ ရှဲ့ဝူဝေပြောသည်ကို နားထောင်ပြီးသည့်နောက် သွေးတံခါး မည်မျှအရေးပါမှန်း နားလည်သွားတော့လေသည်။ သွေးတံခါးသည် ဘိုးဘေးသွေးမျိုးဆက်ကို ပြန်လည်နိုးထစေ၍ ဘဝသစ်တစ်ခုကို ပေးစွမ်းနိုင်သည့် နေရာတစ်ခုဖြစ်ကာ ဝိဉာဉ်တစ်သောင်းသင်္ချိုင်းမှာတော့ ရှေးဟောင်းကုန်းမြေ၏ ဒေသခံများအား နောက်ဘဝသို့ ကူးပြောင်းအောင် လုပ်ပေးနိုင်သည့် နေရာတစ်ခုဖြစ်လေသည်။ ထိုနေရာနှစ်ခုမှာ လုံးဝကို ဆန့်ကျက်ဘက်ပင်။
(ဒီလောကကြီးက အရမ်းကို ဆန်းကြယ်လွန်းပါလား…) ရန်ကိုင့်စိတ်ထဲ ကြိတ်၍ တွေးလိုက်လေသည်။ သူသာ ရှောင်ရှောင်ကိုရှာရန်အတွက် ရှေးဟောင်းကုန်းမြေကြီးထဲသာ ဝင်မလာခဲ့ပါက ဤလောကကြီးထဲ ဤမျှဆန်းကြယ်သည့် နေရာတစ်ခု ရှိနေလိမ့်မည်မှန်း ရန်ကိုင် သိခဲ့ရလိမ့်မည် မဟုတ်ပေ။
“နတ်အရှင်တွေက သူတို့ရဲ့အာဏာစက်ကို ဖြန့်ကျက်နေတာ တော်တော်ကြာနေပြီ… အခု ဒီကိစ္စမှာလည်း ဘုရင်ချုပ်ရှစ်ပါးကိုတောင် လွှတ်ထားတယ်ဆိုတော့ အခုလောလောဆယ်တော့ ဘယ်သူမှ ထူးထူးဆန်းဆန်း လုပ်ရဲဦးမှာမဟုတ်သေးဘူး… ဒါပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက်နိုးထလာနိုင်မဲ့ အခွင့်အရေးကို ဘယ်သူက လက်လွှတ်ချင်မှာလဲ… သူတို့လုပ်ရပ်က ဒီလောက်အကျိုးရှိမယ်လို့တော့ ငါမထင်ဘူး… ငါ့အမိန့်ကိုထုတ်ပြန်လိုက်… သွေးတံခါးကို အနီးကပ်စောင့်ကြည့်ထားဖို့… တစ်ခုခုပြောင်းလဲသွားတယ်ဆိုရင် ချက်ချင်း ငါ့ကို ပြန်လာသတင်းပို့… ဟိုသက်ကြားအိုကြီးတွေ ဒီအတိုင်း ငြိမ်နေမယ်လို့တော့ ငါမထင်ဘူး…” ရှဲ့ဝူဝေက သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါဆရာ…” ထိုအမိန့်ကို ရပြီးသည့်နောက် ပိန်ပိန်နှင့် မွန်းစတားမျိုးနွယ်စုဝင်မှာ ချက်ချင်း ပြန်ဆုတ်သွားခဲ့လေသည်။
ရှဲ့ဝူဝေသည် ပုလ္လင်နားတွင်ရပ်၍ အချိန်အတော်ကြာအောင် အတွေးနက်နေပြီးသည့်နောက်၌ ရန်ကိုင့်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ “သခင်လေးရန်… မင်း ဒီဘုရင်ဆီကနေ အကူအညီတစ်ခုခု တောင်းစရာရှိတယ်လို့ ပြောတယ်နော်… ဘာအကူအညီတောင်းချင်တာလဲ…”
“လူတစ်ယောက်ကို ရှာခိုင်းမလို့…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“လူရှာဖို့…” ရှဲ့ဝူဝေ အံ့အားသင့်သွားလေသည်။
“ခင်ဗျားမြင်ခဲ့တဲ့ ဟိုအရူးမကို ရှာခိုင်းမလို့ပဲ…” ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ဟင်းလင်းပြင်ကို တောက်လိုက်ရာ လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး တတိယတပည့်၏ပုံစံ ထွက်ပေါ်လာခဲ့လေသည်။
ထို့အတွက်ကြောင့် ရှဲ့ဝူဝေ၏မျက်နှာကြီး သုန်မှုန်သွားခဲ့ရလေသည်။
တတိယတပည့်သည် ဝိဉာဉ်တစ်သောင်းသင်္ချိုင်းထဲမှ ဖြတ်သွားစဉ် သူ့နဖူးအား မွန်းစတားအမြုတေနှင့် ပိတ်ပေါက်ခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။
“ဒီအမျိုးသမီးက စိတ်နှံ့တော့တာမဟုတ်ဘူး… သူ့ပုံစံနဲ့ ရှေးဟောင်းကုန်းမြေထဲမှာ ဆက်နေတာ အတော်လေးကို အန္တရာယ်များတယ်… ဒါကြောင့် သူ့ကို ပြန်ခေါ်သွားမလို့…”
(ဒီလောက်လည်း မခက်ပါလား…) ယခုမှပဲ ရှဲ့ဝူဝေ စိတ်သက်သာရာ ရနိုင်တော့လေသည်။ ရန်ကိုင်သည် သူ့ဝိဉာဉ်အမှတ်အသားကို ရပြီးသည့်နောက် သူ့အား အန္တရာယ်များသည့် ကိစ္စတစ်ခုခု လုပ်ခိုင်းမည်ဟု ထင်နေခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော ကိစ္စလေးသာ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှဲ့ဝူဝေသည် သမင်ခေါင်း၊ ကြွက်မျက်လုံးနှင့် လူဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ရှုယု… ဒီအမျိုးသမီးကို တစ်ချက် စောင့်ကြည့်ထားကွာ… သူနဲ့ပတ်သက်ပြီး တစ်ခုခုသဲလွန်စရတာနဲ့ ငါ့ကို ချက်ချင်း ပြန်လာသတင်းပို့… သူ့ကို လုံးဝ မထိခိုက်စေနဲ့နော်…”
ရှုယုဟူသော သမင်ခေါင်းနှင့် မွန်းစတားမျိုးနွယ်စုဝင်က ချက်ချင်း လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။ “ဟုတ်ကဲ့ပါဆရာ…”
ထို့နောက် ခန်းမထဲမှ ထွက်သွားလေသည်။
ထို့နောက်တွင် ရှဲ့ဝူဝေသည် ရန်ကိုင့်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “အဲ့အမျိုးသမီးသာ ရှေးဟောင်းကုန်းမြေထဲမှာ ရှိနေသေးတယ်ဆိုလို့ရှိရင် သူပေါ်လာတာနဲ့ ဒီဘုရင်ရဲ့လက်အောက်ငယ်သားတွေဆီကနေ ကျိန်းသေ သတင်းရလိမ့်မယ်… သခင်လေးရန် ဘာမှစိတ်မပူနဲ့… ဒီမှာပဲ အေးအေးဆေးဆေး ထိုင်စောင့်နေ…”
ရန်ကိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ “မွန်းစတားဘုရင်ကို အလုပ်ရှုပ်အောင် လုပ်မိလိုက်လို့ အားနာပါတယ်နော်…”
ရှဲ့ဝူဝေက မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေ၏။ “သခင်လေးရန်ရဲ့ကိစ္စက ဒီဘုရင်ရဲ့ကိစ္စပဲဟာကို… အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး… လာ… သခင်လေးရန် နားရမဲ့နေရာဆီ ဒီဘုရင်ခေါ်သွားပေးမယ်…”
ရှဲ့ဝူဝေသည် ရန်ကိုင့်အား ဤနေရာမှ မြန်မြန်သာ မောင်းထုတ်ချင်နေမိတော့ပေသည်။ ရန်ကိုင် သူ့အနားတွင် ရှိနေခြင်းသည် သူ့အား အလွန်ကိုမှ မသက်မသာ ဖြစ်စေသည်။ သူ့လက်အောက်ငယ်သားများမှာ သူ့စကားနှင့်အမူအယာများမှတစ်ဆင့် သဲလွန်စအချို့ ရသွားမည်ကို စိတ်ပူနေခြင်း ဖြစ်ပေသည်။
“အဲ့ဒါကတော့ ခဏနေပါဦး…” ရန်ကိုင်က သူ့လက်ကိုမြှောက်၍ ဖြတ်ပြောလိုက်လေ၏။ “ကျုပ် မွန်းစတားဘုရင်ကို တောင်းဆိုချင်တဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်…”
ရှဲ့ဝူဝေ မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင့်အား မပျော်မရွှင်ဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင်ကမူ ရှဲ့ဝူဝေကို မသိကျေးကျွန်ပြုလျက် ရှောင်ရှောင်ပုံစံကို ပြတော့မည်အပြု မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံတစ်သံ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထို့နောက်တွင် တောင်တစ်လုံးလုံး လှုပ်ခါလာပြီး နန်းတော်မှာလည်း ဘယ်ညာယိမ်းထိုးတော့လေသည်။ အစေခံမလေးများ ကြောက်လန့်တကြား ထအော်ကုန်ကြပြီး ခန်းမထဲတွင်ရှိနေကြသည့် မွန်းစတားမျိုးနွယ်စုဝင်လေးဦး၏ အမူအယာများပင်လျှင် ပြောင်းလဲသွားကုန်ကြလေသည်။
“ဝေါင်း…” ဟိန်းသံတစ်သံမှာ တောင်အောက်အနက်ပိုင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုနေရာတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ချုပ်နှောင်ထားခြင်း ခံရသည့် သားရဲကြီးတစ်ကောင် ရှိနေသည့်အလား။ ဟိန်းသံမှာ သာမန်ဟိန်းသံတစ်သံသာ ဖြစ်ပါသော်ငြား ထိုဟိန်းသံထဲ ဒေါသတရားတို့ကို မည်သူမဆို အတိုင်းသား ခံစားမိကြပေသည်။
ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ရှဲ့ဝူဝေဆီသို့ လှမ်းကြည့်လိုက်လေသည်။ ဤနေရာတွင် ဘာဖြစ်လို့ဖြစ်နေမှန်း သူနားမလည်။ ဤတောင်အောက်တွင် မည်ကဲ့သို့သော မွန်းစတားသားရဲတစ်ကောင် ချုပ်နှောင်ထားခံရသလဲ ဆိုသည်ကိုလည်း သူမသိချေ။
ရှဲ့ဝူဝေ၏အမူအယာ သုန်မှုန်သွားခဲ့ပြီး သူ့ရှေ့တွင်ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်များကို ကြည့်လျက် အော်မေးလိုက်လေသည်။ “အဲ့ကောင် ခုထိ အညံ့မခံသေးဘူးလား…”
မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ကောင်က တော်တော်ခေါင်းမာတယ်ဆရာ… ကျုပ်တို့ ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး လုံးဝကို အညံ့မခံဘူး…”
“အမှိုက်ကောင်တွေ…” ရှဲ့ဝူဝေက ဆူပူလိုက်ရာ မွန်းစတားမျိုးနွယ်စုဝင်လေးဦးစလုံး ခေါင်းငုံ့သွားခဲ့ကြလေသည်။
“ဒီဘုရင်ကိုယ်တိုင်ပဲ သွားကြည့်ရတော့မှာပေါ့…” ရှဲ့ဝူဝေက ပြန်ပြောလိုက်လေ၏။ ထိုသားရဲကြီး၏ အခြေအနေကို သွားစစ်ဆေးရန်အတွက် နန်းတော်ထဲမှ ထွက်တော့မည့်အပြု ရှဲ့ဝူဝေ၏ခြေလှမ်းများ ရပ်သွားခဲ့ပြီး နောက်သို့ ပြန်လှည့်၍ ပြောလိုက်လေသည်။ “အခုကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ် သခင်လေးရန်… ဒီဘုရင်မှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ပါ… ဒီဘုရင်ကိုယ်တိုင် သွားရင်ဆိုင်ဖြေရှင်းရမှာမို့လို့ အစေခံမလေးတွေကပဲ သခင်လေးရန် နားနေရမယ့်နေရာဆီ ခေါ်သွားပေးပါလိမ့်မယ်… နောက်ကြတော့မှပဲ ဒီဘုရင်ကိုယ်တိုင် လာပြီး ဒီကိစ္စအတွက် တောင်းပန်ပါ့မယ်…”
“မလိုပါဘူး… ကျုပ်လည်း လိုက်ကြည့်ရတာပေါ့…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။
ရှဲ့ဝူဝေလည်း ဘာမှ ပြန်မပြောနေခဲ့ပေ။ သူ့အနေဖြင့် တားချင်လျှင်ပင် တားနိုင်လိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် ရန်ကိုင့်စိတ်ကြိုက်သာ လုပ်ခွင့်ပေးထားလိုက်လေသည်။
မွန်းစတားမျိုးနွယ်စုဝင်လေးဦးသည်လည်း သူတို့နောက်မှ အလျင်စလို လိုက်လာခဲ့ကြလေသည်။ သို့ရာတွင် သူတို့စိတ်ထဲ၌ ကြိတ်၍ မကျေမနပ် ဖြစ်နေခဲ့လေသည်။ သူတို့ဆရာ၏ ဤလူသားအပေါ်ဆက်ဆံပုံနှင့် သူတို့အပေါ် ဆက်ဆံပုံမှာ အလွန်ကိုမှ ကွာခြားလှပေသည်။
ခန်းမထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် လိုဏ်ဂူတစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။ ထို့နောက် ထိုလိုဏ်ဂူထဲသို့ ဝင်လာခဲ့လေ၏။
လိုဏ်ဂူထဲတွင် အောက်ဘက်ဆီသို့ ဦးတည်နေသော လှေကားထစ်များ ရှိနေခဲ့ပြီး လမ်းတစ်လျှောက် လိုဏ်ဂူတစ်ဖက်တစ်ချက်စီတွင် ညလင်းကျောက်များ တပ်ဆင်ထားခဲ့လေသည်။ ရန်ကိုင်တို့သည် ထိုလှေကားအတိုင်း ဆင်းလာခဲ့လိုက်သည်။ မီတာထောင်နှင့်ချီအောင် အောက်သို့ ဆင်းလာပြီးသည့်နောက်တွင် ကျယ်ပြောလှသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုဆီသို့ ရောက်လာခဲ့ကြလေသည်။
ထိုနေရာတွင် မွန်းစတားမျိုးနွယ်စုဝင်ပေါင်းများစွာ စုဝေးနေကြလေ၏။ သို့သော်ငြား လက်ရှိအချိန်တွင် ထိုမွန်းစတားမျိုးနွယ်စုဝင်များမှာ အားကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား အတော်များများမှာ မူရင်းအသွင်ပုံစံသို့ ပြောင်းလဲထားကြပြီး တစ်ခုသောနေရာဆီသို့ အထိတ်ထိတ် အလန့်လန့်ဖြင့် လှမ်းကြည့်နေကြလေသည်။
ရှဲ့ဝူဝေတို့အဖွဲ့ ရောက်လာသည့်အခါ ထိုမွန်းစတားမျိုးနွယ်စုဝင်များမှာ ချက်ချင်း လမ်းဖယ်ပေးလိုက်ကြလေ၏။
ရှဲ့ဝူဝေသည် သူ့လူများအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးအား လှမ်းအော်ပြောလိုက်လေ၏။ “ဘာတွေဖြစ်နေတာလဲ…”
ထိုမွန်းစတားမျိုးနွယ်စုဝင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိပါဘူးဆရာ… ဒီကောင်က ရုတ်တရက်ကြီးနိုးလာပြီး ထသောင်းကျန်းနေလို့… ကျုပ်တို့ခွန်အားနဲ့ ဒီကောင့်ကို ဘယ်လိုမှ ဖိနှိပ်လို့မရဘူး… အဲ့ကောင်ကို ဖိနှိပ်ဖို့လုပ်ရင်းနဲ့ ကျုပ်တို့ ရောင်းရင်းညီအစ်ကိုအချို့တောင် သေသွားခဲ့ရပါသေးတယ်… ဆရာကိုယ်တိုင်သာ ဆင်းမလာခဲ့ရင် ဒီကောင် ဒီကနေ လွတ်သွားလောက်ပါပြီ…”
“ထွက်သွားကြစမ်း… အသုံးမဝင်တဲ့ကောင်တွေ…” ရှဲ့ဝူဝေက မကျေနပ်သည့်အမူအယာဖြင့် ထိုမွန်းစတားမျိုးနွယ်စုဝင်ကို တွန်းထုတ်လိုက်ပြီးသည့်နောက် မြေအောက်လိုဏ်ခေါင်းအတွင်းပိုင်းဆီသို့ လျှောက်သွားလေ၏။
“ဝေါင်း…” ကျယ်လောက်သည့် ဟိန်းဟောက်သံနှင့်အတူ လေပြင်းများ တဖျတ်ဖျတ် တိုက်ခတ်လာတော့လေသည်။
ရန်ကိုင်လည်း စပ်စုလိုစိတ်ဖြင့် အတွင်းပိုင်းဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။ သို့သော်ငြား မြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် မှင်တက်သွားခဲ့လေသည်။ မိုးကြိုးပစ်ခံရလိုက်သည့်အလား ငေးကြောင်ကြောင်ဖြင့် ရပ်နေလေ၏။ ထို့နောက် ကတုန်ကယင်လေသံဖြင့် ရေရွတ်လိုက်လေ၏။ “ရှောင်ရှောင်…”
ရန်ကိုင်နှင့် မီတာပေါင်းများစွာအကွာတွင် အနက်ရောင်ချိန်းကြိုးများဖြင့် ချုပ်နှောင်ထားခံရသည့် ဆယ့်ငါးမီတာခန့် အမြင့်ရှိသော ဧရာမသတ္တဝါကြီးတစ်ကောင် ရှိနေခဲ့လေသည်။ သတ္တဝါကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်တုံးကျောက်သားများဖြင့် ထုလုပ်ထားခြင်း ဖြစ်၏။ ထိုအကောင်ကြီးမှာ ရှောင်ရှောင်မှ ကျောက်ဘီလူးအသွင်သို့ ပြောင်းသွားပြီးသည့်နောက် ဖြစ်ပေါ်လာသည့် ပုံစံနှင့် အလွန်ကိုမှ ဆင်တူပေသည်။