← Chapters

အခန်း (၂၅၇၈-၂၅၈၀)

Vol. 108 Ch. 2578-2580

အခန်း (၂၅၇၈-၂၅၈၀)

Vol. 108 Ch. 2578-2580

အပိုင်း (၂၅၇၈)

ဘာသာပြန်သူ_တိမ်တိုက်

ရှောင်ရှောင်ခေါ်ဆောင်ရာအတိုင်း လိုက်ပါသွားလိုက်ရာ မကြာမီ ကျယ်ဝန်းလှသည့် မြေနေရာကျယ်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြလေသည်။

ထိုနေရာတွင် ကျောက်တုံးဝိဉာဉ်ရှစ်ဦး စုဝေးနေကြပြီး အကုန်လုံးသည် ကျောက်တုံးပန်းကန်များ ခင်းကျင်းထားသော ကျောက်စားပွဲတစ်လုံးပတ်လည်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။ ထိုကျောက်တုံးဝိဉာဉ်များ၏ နောက်ဘက်အသီးသီးတွင်တော့ ကျောက်တုံးထိုင်ခုံအချို့ ရှိနေကြလေ၏။

ကျောက်တုံးဝိဉာဉ်ကလန်၏ အကြီးအကဲသည် စားပွဲထိပ်တွင် ထိုင်လျက် ရန်ကိုင်လာနေသည့်ဘက်ဆီသို့ ပြုံးကာ ကြည့်နေခဲ့လေသည်။

ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ ရောက်လာသည့်အခါ စားပွဲဝိုင်းပတ်လည်တွင် မတ်တပ်ရပ်နေကြသော‌ ကျောက်တုံးဝိဉာဉ်များသည် ရန်ကိုင်တို့အား ဆီးကြိုနှုတ်ဆက်ကြလေသည်။ ရန်ကိုင်ကလည်း ပြန်၍ နှုတ်ဆက်လိုက်လေသည်။ ထိုကျောက်တုံးဝိဉာဉ်များမှာ ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသည့် မြောက်မြားလှစွာသော သက်ရှိများထက် မရေမတွက်နိုင်အောင် အသက်ပိုကြီးလေရာ ရန်ကိုင်အနေဖြင့် ရိုင်းပျ၍ မဖြစ်ပေ။

အကြီးအကဲ၏ဘေးတွင် နေရာလွတ်နေသည့် ကျောက်တုံးထိုင်ခုံနှစ်လုံး ရှိနေခဲ့လေသည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့အတွက် ပြင်ထားသည်မှာ အသိသာပင်။

ရန်ကိုင်တို့ရောက်လာသော် အကြီးအကဲက လက်ကိုမြှောက်၍ ပြောလိုက်လေ၏။ “ဧည်သည့်တော်နှစ်ဦး ရောက်လာပြီပေါ့… ထိုင်ကြပါဦး…”

ရန်ကိုင်လည်း ခေါင်းညိတ်၍ အကြီးအကဲဘေးနားတွင် ရှိနေသော ကျောက်တုံးထိုင်ခုံဆီသို့ သွားကာ ထိုင်ချလိုက်လေ၏။ ထိုအချင်းအရာကိုမြင်သော် ကျန်းရို့ရှီလည်း ရန်ကိုင်နည်းတူ သူ့ဘေးနားတွင် ထိုင်ချလေသည်။ ထိုအချိန်အတောအတွင်း ရှောင်ရှောင်သည် စားပွဲဝိုင်း၏ တစ်ဖက်ဆီသို့ သွားကာ အခြားသော ကျောက်တုံးဝိဉာဉ်များနှင့်အတူ ထိုင်လိုက်လေသည်။

ဤနေရာသို့ ရောက်လာသည့်တိုင် ရှောင်ရှောင်မှာ အဆော့သန်နေသေးသဖြင့် သူ့ဘေးနားတွင်ရှိနေသော ကျောက်တုံးဝိဉာဉ်က သူ့ခေါင်းအား ကောက်ခေါက်တော့လေ၏။ ထိုအခါမှသာ ရှောင်ရှောင် ငြိမ်သွားတော့လေသည်။

“အဝေးကလာတဲ့ ဧည့်သည်တွေကို ကြိုဆိုခွင့်ရတာ ငါတို့ကျောက်တုံးဝိဉာဉ်ကလန်အတွက် ဂုဏ်ယူစရာပါပဲ… ဒီကပစ္စည်းတွေက အရမ်းကြီး နှစ်လိုဖွယ်ဖြစ်မနေတာတော့ စိတ်ထဲမထားပါနဲ့နော်…” အကြီးအကဲက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။ သူ့လေသံကို ဖွဖွလေးသာ ပြောနေပါသော်ငြား သူ၏အသံမှာ ရန်ကိုင်၏နားထဲ ဟိန်းထွက်သွားခဲ့လေ၏။

ရန်ကိုင်က ထရပ်၍ ပြန်ပြောလိုက်လေသည်။ “ဘယ်ကသာ အကြီးအကဲရာ… ခင်ဗျားတို့ကလန်ရဲ့ အခုလို ကြိုဆိုခြင်းခံရတာတောင် ကျုပ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ… ကျုပ် ဘာမှ စိတ်ထဲမထားပါဘူး…”

အကြီးအကဲက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ငါတို့ကျောက်တုံးဝိဉာဉ်ကလန်က အဖွဲ့သားနည်းနည်းပဲရှိတယ်… ဒီမှာ မင်းမြင်နေရတဲ့ လူတွေအကုန်လုံးက ကလန်တစ်ခုလုံးမှာရှိတဲ့ အဖွဲ့သားတွေပဲ… အားလုံး ဧည့်သည်တော် မင်းတို့ကို ခွဲလို့ရအောင် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးလိုက်ကြဦး…”

“ဟုတ်ကဲ့…” ကျောက်တုံးဝိဉာဉ်အားလုံး သံပြိုင် ပြန်ထူးလိုက်ကြလေသည်။ ထို့နောက် တစ်ယောက်ချင်းစီ ရန်ကိုင်အား နှုတ်ဆက်လိုက်ကြလေ၏။

“ရှီယီပါ…”

“ရှီအာပါ…”

“ရှီစန်းပါ…”

…

“ရှီပါ့ပါ…”

ထိုနာမည်များကိုကြားသော် ရန်ကိုင် ကြောင်သွားတော့လေသည်။

ကျောက်တုံးဝိဉာဉ်များ၏နာမည်မှာ အလွန်ကိုမှ ရိုးစင်းလှသည်။ ထိုကျောက်တုံးဝိဉာဉ်များသည် သူတို့ကိုယ်သူတို့ နံပတ်စဉ်ရေတွက်ထားခြင်းသာ ဖြစ်လေသည်။ အကြီးအကဲနှင့် ရှောင်ရှောင်ကိုပါ ထည့်တွက်လိုက်သော် ဤနေရာတွင် စုစုပေါင်း ကျောက်တုံးဝိဉာဉ်ဆယ်ဦး ရှိနေခဲ့ပေသည်။ တကယ်ကို အရေအတွက် နည်းလွန်းလှပေသည်။

ကျောက်တုံးဝိဉာဉ်များမှာ သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးလိုက်ပါသော်ငြား ရန်ကိုင်ကမူ ယခုအချိန်ထိ မည်သူသည် မည်သူဖြစ်သလဲ ဆိုသည်ကို မခွဲခြားနိုင်သေးပေ။ အကုန်လုံးမှာ တစ်ပုံစံတည်းသာ ဖြစ်နေသည့်အတွက်ကြောင့် သူ့ခမျာ အလွန်ကိုမှ ခေါင်းရှုပ်နေရသည်။

တစ်ဖက်လူအား ယခုအချိန်ထိ မည်သူမည်ဝါမှန်း အမျိုးအစားမခွဲနိုင်သေးပါသော်ငြား ယဉ်ကျေးသမှုတော့ ပြုပေးရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ယခုမှသာ မှတ်မိသွားချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်လေ၏။ ကျောက်တုံးဝိဉာဉ်ရှစ်ဦးစလုံး သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးသည့်နောက်တွင် အကြီးအကဲက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။ “ငါတို့ကျောက်တုံးဝိဉာဉ်ကလန်မှာ ဆယ်ဦးထက်ပိုပြီး ရှိလို့မရဘူး… ဆယ်ဦးထက်ပိုသွားပြီဆိုတာနဲ့ ပိုသွားတဲ့တစ်ယောက်က သေရမှာပဲ… ဒါ ကောင်းကင်ကြီးရဲ့ အလိုပဲပေါ့…”

ရန်ကိုင်က အံ့အားသင့်သွားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဆယ်ဦးထက်မပိုဘူး ဟုတ်လား…”

အကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်…”

ယခုမှသာ ရန်ကိုင် နားလည်သွားတော့လေသည်။ (အဲ့ဒါကြောင့်ပဲ ရှောင်ရှောင်ကိုမွေးတုန်းက အသက်ရှင်ပြီး ဟိုတစ်ယောက်ကိုမွေးတုန်းက အသက်မရှင်တာကိုး…)

ထိုစဉ်က သူ့ကိုယ်သူ ကံမကောင်းလှလေတကားဟု ထင်မှတ်ခဲ့ပါသော်ငြား ယခုမှသာ ထိုသို့ဖြစ်ရခြင်းမှာ ကောင်းကင်အလိုမှန်း ရန်ကိုင်သိနေတော့လေသည်။ သူမွေးဖွားပေးခဲ့သည့် ပုံစံနှင့်ပတ်သက်၍ မည်သည့်မှားယွင်းမှုမှ မရှိပေ။

သူ၏ ကျောက်တုံးကိုယ်ပွားသည်သာ ယခုနေထွက်လာပါက ကျောက်တုံးဝိဉာဉ်ကလန်များသာ မည်ကဲ့သို့ တုံ့ပြန်မလဲ ဆိုသည်ကို ရန်ကိုင် သိချင်မိပေသည်။

အကြီးအကဲက ဆက်၍ပြောလိုက်လေ၏။ “ကလန်သားတွေက နည်းတယ်ဆိုပေမဲ့ ပြင်ပလောကကြီးနဲ့ ဘာပြဿနာမှမရှိဘူး… ဒါကြောင့်ပဲ ငါတို့ အခုချိန်ထိ အသက်ရှင်နိုင်ခဲ့တာ…”

“ကဲ… စကားပြောတာက ဒီလောက်ဆိုရင်တော့ တော်လောက်ပြီပေါ့… ညနေခင်းပါတီ စကြတာပေါ့…” အကြီးအကဲက ကြင်နာသိမ်မွေ့သည့်လေသံဖြင့် ဆက်ပြောလိုက်လေသည်။ “ဒီနေရာကြီးက ရိုးရှင်းတော့ ဧည့်သည်တော်တို့ကို အသီးတွေနဲ့ အသီးဝိုင်ကလွဲပြီး ဘာမှ တည်ခင်းဧည့်ခံစရာ မရှိတော့ဘူး… အဲ့ဒါနဲ့ပတ်သက်ပြီး ဧည့်သည်တော်တို့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

“မလိုပါဘူး အကြီးအကဲ… မလိုပါဘူး…” ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။

ရန်ကိုင်မှာတော့ ထိုကဲ့သို့ပြောနေရင်း အနည်းငယ် ခေါင်းရှုပ်နေခဲ့လေသည်။ အကြီးအကဲသည် သူ့အား အသီးများ၊ အသီးဝိုင်နှင့် တည်ခင်းဧည့်ခံမည်ဟု ပြောနေပါသော်ငြား စားပွဲပေါ်တွင် မည်သည့်အသီး၊ အသီးဝိုင်မှ ရှိမနေခဲ့ချေ။ ကလန်သားအားလုံး ဤနေရာတွင် ရောက်နေပြီဖြစ်လေရာ မည်သူကများ စားသောက်ဖွယ်ရာများကို ယူလာပေးမည်နည်း။ ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ ရှောင်ရှောင်နှင့်တကွ အခြားသော ကျောက်တုံးဝိဉာဉ်ကိုးဦးသည် မလှုပ်မယှက် ထိုင်နေကြောင်းကို တွေ့လိုက်ရလေသည်။ တကယ့်တကယ်ဆိုလျှင် တောအုပ်အတွင်းပိုင်းဆီသို့ လှမ်းကြည့်နေကြသည့် အကုန်လုံး၏ မျက်ဝန်းများထဲ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေခဲ့လေ၏။

(ဘာတွေဖြစ်နေတာလဲ…) ရန်ကိုင်စိတ်ထဲ သံသယရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား မည်သို့ပင် နားမလည်နိုင်ဖြစ်နေစေကာမူ စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့လေ၏။

အကြီးအကဲသည် တစ်ယောက်ယောက်အား ခေါ်နေသည့်အလား လက်ခုပ်နှစ်ကြိမ်တီးလိုက်လေသည်။

ရုတ်ချည်းဆိုသလို ဘေးပတ်ဝန်းကျင်တစ်ဝိုက်တွင် ရှိနေသော သစ်ပင်အားလုံး ကာလာရောင်စုံဖြင့် တောက်ပလာတော့လေသည်။ သေးသွယ်လှသော ပုံရိပ်လေးများသည် ရုတ်ချည်း ထွက်ပေါ်လာသည့် အလင်းဖဲကြိုးများမှတစ်ဆင့် ကောင်းကင်ပေါ်မှ သက်ဆင်းနေသည့်အလား ထွက်ပေါ်လာကြလေသည်။

သူ့လက်တစ်ဖဝါးအရွယ်လောက်သာရှိသော သေးငယ်လှသည့် ပုံရိပ်လေးများ ဆန်းကြယ်စွာ ထွက်ပေါ်လာသည်ကိုမြင်သော် ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။ ထိုပုံရိပ်လေးများမှာ အရောင်တလက်လက်သာ တောက်ပနေပြီး ကိုယ်ပိုင်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားဟန်မတူ။

ရာနှင့်ချီသော ထိုလူသေးသေးလေးများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာသည့်အခိုက် တောအုပ်တစ်ခုလုံးမှာ ရုတ်ချည်း အသက်ဝင်လှုပ်ရှားလာရတော့လေသည်။ ထိုလူလေးများထဲ အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်နေကြပေသည်။ အမျိုးသမီးများသည် လက်မောင်းနှင့် ခြေထောက်များကို လှစ်ဟပြထားသော အလွန်သေးငယ်လှသည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ကြသည်။

ထိုလူသေးသေးလေးများသည် အမျိုးမျိုးသော ပစ္စည်းများကို သယ်ဆောင်လျက် ကျောက်တုံးစားပွဲခုံပေါ်သို့ ပျံသန်းလာကာ သူတို့သယ်လာသည့် ပစ္စည်းများကို ချလိုက်ကြသည်။

မကြာမီတွင် ကျောက်စားပွဲတစ်ခုလုံး ကျောက်တုံးဖန်ခွက်များ၊ ဝိုင်အိုးများ၊ အသီးများဖြင့် ပြည့်နေသည့် ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။ ခြင်းများကိုမူကား နွယ်ကြိုးများဖြင့် ရက်လုပ်ထားသည့်ပုံပင်။ ထိုခြင်းများထဲတွင် စားသုံးရန် အဆင်သင့်ဖြစ်နေသော သန့်ရှင်းပြီးသား အသီးအမျိုးမျိုး ရှိနေကြလေသည်။

ရန်ကိုင်နှင့် ကျန်းရို့ရှီမှာမူ ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြလေ၏။

နတ်မိမယ်လေးတစ်ပါးသည် ရန်ကိုင်ဆီသို့ ပျံသန်းလာ၍ သူမသယ်လာသည့် ခြင်းတောင်းကို ချလိုက်လေသည်။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်စဉ် ရန်ကိုင်မှ သူမအား မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်ကိုမြင်သော် သူမ၏ပါးပြင်လေးများ ရဲတက်လာခဲ့ပြီး မျက်နှာကိုအုပ်၍ ချက်ချင်း ပြန်ဆုတ်သွားလေ၏။ သူ့လုပ်ရပ်ကြောင့် တစ်ဖက်လူကြောက်သွားသည်ကိုမြင်သော် ရန်ကိုင်လည်း အားတုံ့အားနာ ဖြစ်သွားခဲ့ရသည်။

ထိုအချိန်အတောအတွင်း ကျန်းရို့ရှီသည် အမျိုးသမီးတစ်ဦး၏ ပါးကို သူမလက်ညှိုးဖြင့် သွားတို့ကြည့်လိုက်လေသည်။ ထိုအမျိုးသမီးမှာ ဒေါသထွက်သွားဟန်ရကာ သူမလက်ညှိုးကို ရိုက်ထုတ်လိုက်ပြီး ခြေဆောင့်မာန်ဆောင့်ဖြင့် ပျံထွက်သွားလေ၏။

ထိုအဖြစ်အပျက်ကြောင့် ကျန်းရို့ရှီ လျှာလေးတစ်လစ်တစ်လစ် ဖြစ်သွားလေ၏။ သို့တိုင် ထိုအလွန်တရာကိုမှ သေးငယ်လှသော လူလေးများကို သေသေချာချာကို လိုက်ကြည့်နေလေ၏။

“အကြီးအကဲ… သူတို့တွေက…” နောက်ဆုံးတွင် ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်အကြီးအကဲဘက်သို့လှည့်၍ မေးလိုက်တော့လေသည်။

“သူတို့တွေက သစ်သားဝိဉာဉ်ကလန်ကပဲ… ငါတို့ကျောက်တုံးဝိဉာဉ်ကလန်နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တည်ရှိနေကြတာပေါ့… ရှင်းရှင်းပြောရရင် သူတို့တွေက ငါတို့ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ အားအကိုးရဆုံး မဟာမိတ်တွေပဲ…” တစ်ချက်မျှ ရပ်ပြီးသည့်နောက် ကျောက်တုံးဝိဉာဉ်အကြီးအကဲက ဆက်၍ပြောလိုက်လေ၏။ “ကိစ္စတော်တော်များများမှာ ငါတို့ကျောက်တုံးဝိဉာဉ်ကလန်က သူတို့အကူအညီကို လိုအပ်တယ်လေ… သူတို့ကလည်း တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းတော့ ငါတို့ရဲ့အကူအညီကို ပြန်လိုအပ်တာပေါ့… တိုက်ခိုက်တာမကျွမ်းဘူးဆိုလို့ရှိရင် ဒီရှေးဟောင်းကုန်းမြေထဲမှာ အသက်ရှင်ဖို့က လွယ်တာမဟုတ်ဘူး… ဒါကြောင့်မို့ ငါတို့က တစ်ဦးကိုတစ်ဦး အမှီသဟဲပြုပြီး တည်ရှိနေကြတာ…”

ရန်ကိုင်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ “အဲ့လိုကိုး…”

ထိုလူသေးသေးလေးများသည် တိုက်ခိုက်ရာတွင် မကျွမ်းကျင်လှချေ။ သာမန်မွန်းစတားသားရဲတစ်ကောင်သည်ပင်လျှင် မြောက်မြားလှစွာသော ထိုလူသေးသေးလေးများကို သတ်ပစ်နိုင်လေရာ ရှေးဟောင်းကုန်းမြေကဲ့သို့သော အန္တရာယ်များသည့် နေရာမျိုးတွင် အသက်ရှင်လိုပါက အားကောင်းသည့် လူတစ်ဦးအပေါ် မှီခိုမှသာ အဆင်ပြေပေလိမ့်မည်။

ရှေးဟောင်းကုန်းမြေသို့ လာသည့်ခရီး၌ အကြောင်းအရာများစွာကို ရန်ကိုင် သိခဲ့ရပေသည်။ ရှောင်ရှောင်၏ကလန်သားများနှင့် တွေ့ခွင့်ရခဲ့ရုံမက အံ့အားသင့်ဖွယ်ကောင်းလှသော သစ်သားဝိဉာဉ်ကလန်နှင့်လည်း တွေ့ခွင့်ရသည်။ သာမန်လူများသာဆိုလျှင် ထိုကဲ့သို့သော မျိုးနွယ်စုနှစ်ခု ဤလောကကြီး၌ တည်ရှိလို့ တည်ရှိနေမှန်းကိုပင်လျှင် သိကြလိမ့်မည် မဟုတ်ချေ။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း အခြားသူများနှင့် တစ်နည်းတစ်ဖုံ ကွဲပြားနေသည့် သစ်သားဝိဉာဉ်လေးတစ်ကောင် ပျံသန်းလာခဲ့လေသည်။ သူမသည် ကျော့ရှင်းသားနားလှသည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏အရှိန်အဝါမှာလည်း အခြားသော သစ်သားဝိဉာဉ်ကလန်များထက် ပို၍ မြင့်မြတ်ကာ သန့်စင်လှပေသည်။ ထို့အပြင် သူမခေါင်းထက်တွင် ထူးဆန်းသော သရဖူတစ်ခုကိုလည်း ဆောင်းထားသေး၏။

အကြီးအကဲက မိတ်ဆက်ပေးလိုက်လေ၏။ “ဒါက သစ်သားဝိဉာဉ်ကလန်ရဲ့ ကလန်ခေါင်းဆောင် မူနပဲ…”

ရန်ကိုင်က အလျင်စလို ထရပ်၍ နှုတ်ဆက်လိုက်လေ၏။ “ရန်ကိုင် စီနီယာမူကို နှုတ်ဆက်ပါတယ်…”

သစ်သားဝိဉာဉ်ကလန်ခေါင်းဆောင်သည် ရန်ကိုင်၏ လက်တစ်ဖဝါးစာ အရွယ်မျှသာ ရှိသည့်အတွက်ကြောင့် အတော်လေးကိုမှ ချစ်စဖွယ်ကောင်းသော်ငြား သူမကလန်တစ်ခုလုံး၏ ကလန်ခေါင်းဆောင်ဖြစ်သည်နှင့်အညီ သူမသည် နှစ်ပေါင်း မရေမတွက်နိုင်ကြာအောင် ရှင်သန်လာခဲ့သူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူမအား စီနီယာဟု ခေါ်ဝေါ်သုံးစွဲလိုက်ခြင်းသာ ဖြစ်လေသည်။

မူနက အသာအယာပြုံးလျက် ပြန်ပြောလိုက်လေ၏။ “နင်က ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ ဧည့်သည်ဆိုမှတော့ ငါတို့သစ်သားဝိဉာဉ်ကလန်ရဲ့ ဧည့်သည်ပဲပေါ့… အခု ဒီရောက်နေတုန်း ကိုယ့်အိမ်ကိုယ်ယာလိုပဲနေ… ဘယ်သူ့မှ အားနာနေစရာ မလိုဘူး…”

အကြီးအကဲက ပြုံး၍ ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင်တော့ သစ်သားဝိဉာဉ်ကလန်ရဲ့ အသီးတွေနဲ့ သစ်သီးဝိုင်ကို စားရဖို့ သောက်ရဖို့က တော်တော်လေးကို ခက်တယ်လို့ ပြောလို့ရတယ်… ဒီကဧည့်သည် ရောက်လာလို့ပဲ ငါတို့ အခုလိုမျိုး စားခွင့်ရတာ…”

မူနက သူမ၏ပါးစပ်လေးကို အုပ်လျက် ပြုံးကာ ပြောလိုက်လေ၏။ “အကြီးအကဲ… ရှင် ကျွန်မတို့ကို အဲ့လိုမျိုး မစွပ်စွဲသင့်ဘူးလေ… ကျွန်မတို့ သစ်သားဝိဉာဉ်ကလန်က အသီးတွေ ဝိုင်တွေနဲ့ ပတ်သက်လာရင် ဘယ်တုန်းက တွန့်တိုခဲ့ဖူးလို့လဲ…”

ထိုစကားကိုကြားသည့်အခါ ကျောက်တုံးဝိဉာဉ်အားလုံး ရယ်သွမ်းသွေးလိုက်ကြလေသည်။ သူတို့ကြည့်ရသည်မှာ သစ်သားဝိဉာဉ်ကလန်မှ စားကောင်းသောက်ဖွယ်ရာများကို မကြာခဏ ရရှိခဲ့သည့်ပုံပင်။

လက်ရှိအခြေအနေကို ကြည့်ရသလောက် မျိုးနွယ်စုနှစ်ခုသည် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုနေကြရုံသာမက နှစ်ဦးသားကြားတွင်လည်း ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရှိလိမ့်မည်မှန်း ရန်ကိုင် ခန့်မှန်းမိသွားခဲ့လေသည်။

အကြီးအကဲက သူ့လက်ကိုမြှောက်လျက် ပြောလိုက်လေ၏။ “ဧည့်သည်တော်တွေက အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ ဒီလိုမျိုး မင်္ဂလာအချိန်မျိုးမှာ မူးတဲ့ထိ စားကြသောက်ကြတာပေါ့ကွာ…”

ထိုစကားကိုကြားသည့်အခါ ကျောက်တုံးဝိဉာဉ်အားလုံး သံပြိုင် အော်ဟစ်ကြွေးလိုက်ကြပြီး ကျောက်စားပွဲပေါ်တွင် တဘန်းဘန်းမြည်သံများကို ပြုကြတော့လေသည်။ သူတို့လုပ်နေသည့်ပုံသည် ဧည်သည့်တစ်ဦးကို ကြိုဆိုနေသည့် ပုံနှင့်မတူဘဲ တိုက်ပွဲတစ်ပွဲသို့ မသွားမီ နောက်ဆုံးသောစားသောက်ပွဲကို ဆင်နွှဲနေကြသည့် စစ်သည်တော်များနှင့်သာ တူပေသေးသည်။ ထိုကဲ့သို့သော ကြမ်းတမ်းလှသည့် ကျောက်တုံးဝိဉာဉ်ကလန်သည် သိမ်မွေ့လွန်းလှသော သစ်သားဝိဉာဉ်ကလန်နှင့် မည်ကဲ့သို့များ အမှီသဟဲပြုကာ နေထိုင်နေကြသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။

လက်ရှိအချိန်တွင် ရှောင်ရှောင်သည်ပင်လျှင် စိတ်လှုပ်ရှားမှုကြောင့် အရူးတစ်ပိုင်းနှယ် ဖြစ်နေလေ၏။

အမျိုးသမီးသစ်သားဝိဉာဉ်များ ရုတ်တရက် ထွက်ပေါ်လာပြီး ဝိုင်အိုးအသီးသီးကို ကိုင်ကာ စားပွဲဝိုင်းတွင် ထိုင်နေကြသည့် လူတစ်ဦးချင်းစီ၏ ခွက်ထဲသို့ ဖြည့်ပေးလိုက်လေသည်။

ရန်ကိုင်အား ဝိုင်ခွက်လာဖြည့်ပေးသည့် သစ်သားဝိဉာဉ်အမျိုးသမီးမှာ အစောပိုင်းက ရန်ကိုင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရပြီး ရှက်ရှက်ဖြင့် ထွက်ပြေးသွားသည့် သစ်သားဝိဉာဉ်သာ ဖြစ်လေသည်။ ထိုသစ်သားဝိဉာဉ်မှ ဝိုင်အိုးအား မနိုင့်တနိုင်ဖြင့် သယ်လာသည်ကိုမြင်သော် ရန်ကိုင်က အလျင်စလို ပြောလိုက်လေ၏။ “ရတယ်… ငါ့ဘာသာငါ လုပ်လိုက်မယ်… အလုပ်ရှုပ်ခံနေစရာ မလိုဘူး…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သစ်သားဝိဉာဉ်လေးသည် ရန်ကိုင်အား မျက်ရည်ရွဲလဲဖြင့် ရုတ်တရက် စိုက်ကြည့်လာခဲ့လေသည်။ သူမပုံစံမှာ အလွန်ကိုမှ သနားစဖွယ်ကောင်းလှသည်။

ရန်ကိုင်လည်း သူပြောလိုက်သည့်စကားမှာ မည်သို့များ မသင့်တော်သလို ဖြစ်သွားလဲဆိုသည်ကို နားမလည်နိုင်သဖြင့် အကြီးအကဲဘက်သို့သာ လှမ်းကြည့်လိုက်တော့လေသည်။

အကြီးအကဲက ရယ်သွမ်းသွေးလျက် “ပုံမှန်အားဖြင့် သစ်သားဝိဉာဉ်ကလန်က သူစိမ်းတွေကို မကြိုက်ဘူးဆိုပေမဲ့ သူတို့ရဲ့ ဧည့်သည်တွေအပေါ်ကိုတော့ အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးနဲ့ ဝန်ဆောင်မှုပေးကြတယ်… သူတို့က အများအားဖြင့် ဝန်ဆောင်မှုပေးတဲ့ပုံစံက ဧည့်သည်တွေရဲ့ ဝိုင်ခွက်ထဲကို ဝိုင်လိုက်ဖြည့်ပေးတာပဲ… ဒါပေမဲ့ ဧည့်သည်တစ်ယောက်က သူဝိုင်ဖြည့်ပေးနေတာကို ငြင်းလိုက်မယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့ဝန်ဆောင်မှုက မကောင်းဘူးလို့ ပြောလိုက်ရာရောက်သွားတယ်… အဲ့လိုဆိုလို့ရှိရင် သူ့ရဲ့ ကလန်သားတွေဝိုင်းကျဉ်တာကိုလည်း ခံရနိုင်တယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၇၉)

ဘာသာပြန်သူ_တိမ်တိုက်

“ဘာ…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင် လုံးဝကို ကြောင်သွားတော့သည်။ သူ့လုပ်ရပ်သည် တစ်ဖက်လူအား ဒုက္ခရောက်သွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်ဖက်လူမှာ ဝိုင်အိုးအား မနိုင့်တနိုင် သယ်နေရသည့်အတွက်ကြောင့် သူ့ဘက်မှ ဝင်ကူညီပေးချင်ရုံသာ ရှိပေသည်။ သူ့လုပ်ရပ်ကြောင့် သူမ ကလန်သားအားလုံး၏ ဝိုင်းကျဉ်ခြင်း ခံရတော့မည့်အကြောင်းကို ကြားလိုက်ရသော် ရန်ကိုင်လည်း အလျင်စလို ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆိုလို့ရှိရင် နင့်ကိုပဲ အကူအညီတောင်းရတော့မှာပေါ့…”

ထိုအခါမှသာလျှင် သစ်သားဝိဉာဉ်လေးသည် ဝိုင်အိုးကိုကိုင်လျက် ရန်ကိုင်ရှေ့ရှိ ကျောက်တုံးခွက်ထဲသို့ ဝိုင်ဖြည့်ပေးလိုက်ပြီးသည့်နောက် ဘေးဘက်ဆီသို့ ပျံသန်းသွားလေ၏။

အကြီးအကဲက သူ့ဝိုင်ခွက်ကိုမြှောက်၍ အော်ပြောလိုက်လေသည်။ “အခုလို လစန္ဒာထွန်းတောက်နေတဲ့ မဟာအခါသမယ ညအခါမျိုးမှာ ဒီအကြီးအကဲကပဲ ကျောက်တုံးဝိဉာဉ်ကလန်နဲ့ သစ်သားဝိဉာဉ်ကလန်တွေကို ကိုယ်စားပြုပြီးတော့ ဧည့်သည်တော်တွေကို ဖိတ်မန္တက ပြုလိုက်ရပါတယ်… ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး သုံးဆောင်ကြပါ…”

အခြားသောကျောက်တုံးဝိဉာဉ်များသည် သူတို့၏အကြီးအကဲလုပ်သည့်အတိုင်း ကျောက်တုံးခွက်အသီးသီးကို ကိုင်၍ မြှောက်လိုက်ကြလေသည်။

ရန်ကိုင်လည်း အလျင်စလိုထ၍ ချီးယားလုပ်လိုက်လေ၏။ ထို့နောက် ဝိုင်များအား တစ်ကျိုက်တည်း မော့ချလိုက်လေသည်။ သူ့ဝိုင်ခွက်ထဲ မည်သည့်ဝိုင်မှ မရှိတော့သည့်အခါမှသာ ဝိုင်ခွက်ကို ပြန်ချထားလိုက်လေ၏။

ကျောက်တုံးဝိဉာဉ်များသည်လည်း သူတို့ခွက်ထဲတွင် ရှိနေသော ဝိုင်အားလုံးကို တစ်ကျိုက်တည်း မော့ချလိုက်လေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် ခေါင်းတခါခါ လုပ်လိုက်ကြလေ၏။ သူတို့ကိုကြည့်ရသည်မှာ ဤဝိုင်ကို အတော်လေးကိုမှ နှစ်သက်သည့်ပုံပင်။

“ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး ထိုင်ကြပါ…” အကြီးအကဲက ရန်ကိုင်အား ပြန်ထိုင်ရန် အချက်ပြလိုက်လေသည်။ ထိုအခါမှသာ ရန်ကိုင်လည်း ထိုင်ချလိုက်လေ၏။

ဝိုင်၏အရသာမှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသည်။ သောက်ပြီးသွားသည့်တိုင် ဝိုင်အရသာမှာ လျှာဖျားတွင် စွဲနေသေးဆဲပင်။ ရန်ကိုင်ကဲ့သို့ အရက်မကြိုက်သူတစ်ဦးသည်ပင်လျှင် ဝိုင်ကိုသောက်ပြီးသည့်နောက် အတော်လေးကိုမှ စွဲမက်သွားရသည်။

ဝိုင်ကိုသောက်ပြီးသည့်နောက်တွင် အကြီးအကဲဘေးနား၌ ရပ်နေသော ကလန်ခေါင်းဆောင်မူနသည် ရုတ်တရက် လက်ခုပ်တီးလိုက်လေသည်။

ထိုအခါ နှစ်ဆယ်မကသော သစ်သားဝိဉာဉ်လေးများသည် ကျောက်စားပွဲဝိုင်း၏ အလယ်ဆီသို့ ရုတ်တရက် ပျံသန်းလာကြလေသည်။ နှစ်ဆယ်ကျော်အနက် တစ်ဝက်သည် ဆန်းသစ်သေးငယ်လှသော ဂီတတူရိယာတန်ဆာပလာများကို ကိုင်ဆောင်ထားကြသည်။ ထို့နောက် သူတို့ကိုင်ဆောင်ထားကြသော တူရိယာများကို စတင်တီးမှုတ်ကြတော့လေသည်။ သဘာဝတရားကြီး၏ တေးသီကျူးသံအလား အလွန်တရာကိုမှ နားဝင်ပီယံဖြစ်လှသော တီးလုံးသံတို့ ထွက်ပေါ်လာခဲ့သည်။ သာယာချိုမြလှသော သစ်သားဝိဉာဉ်ကလန်သားတို့၏ တီးမှုတ်သံတို့သည် တောတွင်းအနှံ့ ပြန့်လွင့်နေခဲ့လေသည်။

အခြားသော သစ်သားဝိဉာဉ်ကလေးများသည် သံစဉ်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စတင်၍ ကခုန်ကြတော့လေ၏။ ဤသည်မှာ ရန်ကိုင်အတွက်မူ လုံးဝကို အသစ်အဆန်းပင်။

သစ်သားဝိဉာဉ်လေးများ သီဆိုဖျော်ဖြေနေသည်ကို မြင်ရကြားရသော် သူတို့၏စိတ်နှင့် နှလုံးသားမှာ ကြည်လင်ရှင်းသန့်သွားသလို ရန်ကိုင်နှင့် ကျန်းရို့ရှီတို့နှစ်ဦးစလုံး ခံစားလိုက်ကြရလေသည်။ သစ်သားဝိဉာဉ်ကလန်သားများ ဖျော်ဖြေနေသည်ကို ကြည့်ရင်းမှ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့၏ စိတ်အစုံ ရုတ်ချည်း တည်ငြိမ်သွားခဲ့လေသည်။

အထူးသဖြင့် ကျန်းရို့ရှီပင်။ ထိုသစ်သားဝိဉာဉ်လေးများကို ကြည့်လေ ကြည့်လေ သူမ ပို၍ နှစ်သက်လာရလေပင်။

ကျောက်တုံးဝိဉာဉ်ကလန်၏ အကြီးအကဲသည်လည်း တပြုံးပြုံးနှင့် သူ့မေးထက်တွင် ရှိနေသော ကျောက်ချွန်များကို လက်ဖြင့်ကိုင်ရင်းမှ ခေါင်းတညိတ်ညိတ်လုပ်နေလေ၏။

သစ်သားဝိဉာဉ်လေးသည် ရန်ကိုင်၏ ကျောက်တုံးခွက်ထဲသို့ နောက်တစ်ကြိမ် ဝိုင်များ ထပ်ဖြည့်ပေးသွားခဲ့လေသည်။ ရန်ကိုင်ကတော့ သူမ လာဖြည့်လို့ ဖြည့်သွားမှန်းကိုပင် သတိမပြုမိလိုက်။ သူ့စိတ်အစုံသည် ကကြိုးကကွက်များထဲ ဂီတသံများထဲ နစ်မျောပျော်ဝင်သွားသည့် အတွက်ကြောင့် သူ့စိတ်အစုံမှာ ထူးထူးဆန်းဆန်းကို တည်ငြိမ်နေခဲ့လေသည်။ သူ့စိတ်ထဲရှိ အခြားသော အတွေးပေါင်းစုံတို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရလေပြီ။

ကပြဖျော်ဖြေမှုမှာ ပြီးဆုံးသွားသည့်တိုင် အချိန်အတော်ကြာသွားသည်အထိ ရန်ကိုင်မှာ အသိပြန်ဝင်မလာသေးချေ။

ရုတ်တရက် တဘုန်းဘုန်းမြည်သံများကြောင့် ရန်ကိုင်လည်း မိန်းမောနေရာမှာ အသိပြန်ဝင်လာခဲ့ပြီး အသံဗလံများ ထွက်ပေါ်လာသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်နှာကြီးရှုံ့မဲ့သွားခဲ့ရလေသည်။

ရှောင်ရှောင်နှင့်တကွ အခြားသော ကျောက်တုံးဝိဉာဉ်များသည် မွေးကတည်းက ဆာလောင်နေသည့်အလား အိန္ဒြေပင် မထိန်းနိုင်တော့ဘဲ စားသောက်နေကြလေသည်။ အကုန်လုံးသည် ဝိုင်များအား အားပါးတရ သောက်နေကြလေ၏။ သာမန်လူများ တစ်သက်လုံးပင်လျှင် တစ်ကြိမ် မြင်နိုင်လိမ့်မည်မဟုတ်သော အလွန်တရာကိုမှ စွဲမက်ဖွယ်ကောင်းလှသည့် ဝိုင်များသည် သူတို့၏ပါးစပ်ထောင့်မှတစ်ဆင့် ရင်ဘတ်များဆီသို့ စီးကျနေခဲ့လေသည်။ ထို့အပြင် ဝိုင်များကို သောက်ရင်းမှ အရသာရှိသော အသီးများကိုလည်း တစ်လုံးပြီးတစ်လုံး ဆွဲယူစားနေခဲ့လေ၏။

ကျောက်တုံးဝိဉာဉ်များ၏ စားသောက်ပုံကိုကြည့်ရင်း သူတို့၏ဝိုင်ခွက်များထဲသို့ ဝိုင်ဖြည့်ပေးရန် တာဝန်ကျထားသည့် သစ်သားဝိဉာဉ်လေး ကိုးဦးမှာတော့ ကသိကအောက်အမူအယာများဖြင့် ကြည့်နေကြလေသည်။

သစ်သားဝိဉာဉ်လေးများမှာ သိမ်မွေ့ကာ နူးညံ့ပါသော်ငြား ကျောက်တုံးဝိဉာဉ်များမှာတော့ ခက်ထန်ကာ ကြမ်းတမ်းလှသည်။ သူတို့မျိုးနွယ်စုနှစ်ခုမှာ လုံးဝကို ဆန့်ကျင်ဘက်ပင်။

အကြီးအကဲနှင့် ကလန်ခေါင်းဆောင်မူနမှာတော့ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အသားကျနေပြီဖြစ်သည့်အလား စကားတစ်ခွန်းမှ မပြောဘဲ တပြုံးပြုံးဖြင့်သာ ကြည့်နေခဲ့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း သူ့ဘာသာသူ အေးအေးဆေးဆေး စားစရာရှိသည်ကိုသာ စားတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

သစ်သားဝိဉာဉ်ကလန်မှ စိုက်ပျိုးထားသော အသီးများနှင့် သူတို့ဖန်တီးထားသည့် ဝိုင်များမှာ အရသာရှိရုံသာလျှင်မဟုတ်။ လူတစ်ဦး၏စိတ်နှင့် ဝိဉာဉ်ကို ကြည်လင်သန့်ရှင်းသွားအောင် လုပ်ပေးနိုင်သည့် အစွမ်းသတ္တိကိုလည်း ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။ ကျင့်ကြံခြင်း သွေဖီနေသည့် လူတစ်ဦးသည်သာ ဤကဲ့သို့သော စားကောင်းသောက်ဖွယ်ရာများကို နေ့စဉ်နှင့်အမျှ စားသောက်နေရပါက ကျင့်ကြံခြင်းသွေဖီနေသည့် ဖြစ်စဉ်မှာ သိသိသာသာကို လျော့ကျသွားနိုင်ပေသည်။

မကြာမီ စားပွဲဝိုင်းမှာ အလွန်ကိုမှ စည်ကားလာတော့လေ၏။

ဝိုင်များကို အရူးအမူးစွတ်သောက်ရာမှ မူးသွားကြသော ကျောက်တုံးဝိဉာဉ်နှစ်ဦးသည် ထိုင်ရာမှထရပ်၍ အလယ်မြေကွက်လပ်ဆီသို့ ဒယိမ်းဒယိုင် လျှောက်သွားကြလေသည်။ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့မှာတော့ ထိုကျောက်တုံးဝိဉာဉ်နှစ်ဦး ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မသိသည့်အတွက်ကြောင့် စိတ်ဝင်တစားဖြင့်သာ စောင့်ကြည့်နေလေသည်။

ထိုကျောက်တုံးဝိဉာဉ်နှစ်ဦးသည် အလယ်ဗဟိုနေရာသို့ ရောက်လာပြီးသည့်နောက် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ ထို့နောက် ရင်ဘတ်ကို တဒုန်းဒုန်းထုလျက် တစ်ဦးဆီသို့ တစ်ဦး ပြေးဝင်ကြတော့လေ၏။ “ဘုန်း…” ဟူသော မြည်သံနှင့်အတူ တောင်နှစ်လုံး အချင်းချင်းဝင်ဆောင့်သည့်အလား ကျောက်တုံးဝိဉာဉ်နှစ်ဦး တစ်ဦးကိုတစ်ဦး ဝင်ဆောင့်ကြလေသည်။ ကျောက်တုံးဝိဉာဉ်တစ်ဦးသည် တစ်ဖက်လူ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချုပ်ကိုင်ထားစဉ် အခြားကျောက်တုံးဝိဉာဉ်မှာတော့ တစ်ဖက်လူ၏ခါးကို လက်နှစ်ဖက်ဖြင့် ပြန်လည်ဆွဲကိုင်ထားခဲ့လေသည်။ နှစ်ယောက်ဦးသားအကြား မကျေချမ်းနိုင်သည့် ရန်ငြိုးရန်စများ ရှိနေသည့်အလား နှစ်ယောက်စလုံးသည် မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြလေသည်။ ထိုမြင်ကွင်းကို ဘေးမှ ရပ်ကြည့်နေကြသော သစ်သားဝိဉာဉ်များမှာ ရပ်ကြည့်ရသည်ကို အလွန်ကိုမှ နှစ်သက်နေကြသည့်အလား အော်ဟစ်၍ပင် အားပေးနေကြလေသည်။

လက်ရှိကျောက်တုံးဝိဉာဉ်နှစ်ဦးသည် နပန်းလုံးနေခြင်းသာ ဖြစ်ပေသည်။

သို့ရာတွင် ကျောက်တုံးဝိဉာဉ်ကလန်မှာ အလွန်တရာကိုမှ အားကောင်းလှသည့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် သူတို့နှင့် ဤကဲ့သို့ နပန်းယှဉ်လုံးနိုင်သည့် အခြားသောမျိုးစိတ်များ ရှိမနေကြပေ။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုတိုင်းသည် ရန်ကိုင်အား မျက်လုံးပြူးသွားစေခဲ့လေသည်။ သို့သော်ငြား ကျောက်တုံးဝိဉာဉ်ကလန်နှင့် ကျောက်တုံးဝိဉာဉ်ကလန်သားများအတွက်မူ ယင်းကိစ္စသည် သာမန်သာဖြစ်သည့်ပုံပင်။

တစ်ခဏကြာသွားသည့်နောက်တွင် ကျောက်တုံးဝိဉာဉ်တစ်ဦးသည် အခွင့်အရေးကို ရလိုက်သည့်အလား တစ်ဖက်လူ၏ခြေထောက်ကို ဖြတ်ခုတ်၍ မြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်လေသည်။ “ဘုန်း…” ဟူသော မြည်သံနှင့်အတူ ဖုန်တလုံးလုံး ထသွားလေ၏။

“ဝေါင်း…” အနိုင်ရသွားသော ကျောက်တုံးဝိဉာဉ်သည် ရင်ဘတ်ကို လက်ဖြင့် တဒုန်းဒုန်းထု၍ ကောင်းကင်ပေါ်သို့မော့ကာ အော်ဟစ်လိုက်လေ၏။

ရပ်ကြည့်မနေနိုင်တော့သည့် နောက်တွင် အခြားသော ကျောက်တုံးဝိဉာဉ်တစ်ဦးသည် အလယ်ကွင်းပြင်ဆီသို့ ခုန်ထွက်လာပြီး အနိုင်ရသွားသည့် ကျောက်တုံးဝိဉာဉ်နှင့် နပန်းလုံးတော့လေသည်။

ကျောက်တုံးဝိဉာဉ်တစ်ဦးပြီးတစ်ဦး ပြိုင်ပွဲထဲမှ ထွက်ခွာနေရသည်။ ဤသို့ဖြင့် ပြိုင်ပွဲ၏ရေချိန်မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့လေရာ သစ်သားဝိဉာဉ်များသည်ပင်လျှင် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့ပြီး တိုက်ပွဲဖြစ်နေသည့် နေရာဆီသို့သွား၍ သံပြိုင်အော်ဟစ်အားပေးနေကြတော့လေ၏။

ရန်ကိုင်သည်လည်း အော်ဟစ်အားပေးနေခဲ့လေသည်။ သို့သော်ငြား မကြာမီ ပြဿနာတစ်ရပ်သည် သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့လေ၏။

ကျောက်တုံးဝိဉာဉ်ရှစ်ဦးမှာ ပြိုင်ပွဲမှ ထွက်သွားခဲ့ရလေပြီ။ ထို့‌ကြောင့် နောက်ဆုံး အနိုင်ရသွားသည့် ကျောက်တုံးဝိဉာဉ်မှာ ပြိုင်စရာ ပြိုင်ဘက် မရှိတော့သည့်နောက် ရန်ကိုင်အား လက်ညှိုးထိုးလာတော့လေ၏။

“ငါလား…” ရန်ကိုင်သည် သူ့ကိုယ်သူ လက်ညှိုးထိုး၍ မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်ပြီးသည့်နောက် ကမန်းကတန်း လက်ဝှေ့ယမ်းပြလိုက်သည်။ “မလိုဘူး… မလိုဘူး… ငါ့ဟာငါ ကြည့်နေရုံနဲ့တင် အဆင်ပြေတယ်…”

(မင်းတို့နဲ့ နပန်းယှဉ်လုံးရဖို့… ငါ့ကို အရူးများမှတ်နေတာလား… စိတ္တဇကောင်တွေပဲ မင်းတို့နဲ့ နပန်းဖက်လုံးလိမ့်မယ်…) ရှောင်ရှောင်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို အစောကြီးကတည်းက ခံစားထားခဲ့ဖူးသူပီပီ သူ့ကဲ့သို့သောလူမျိုး ဆယ်ဦးရှိလျှင်ပင် ထိုကျောက်တုံးဝိဉာဉ်တစ်ဦးတည်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိနေခဲ့သည်။

သို့ရာတွင် ကျောက်တုံးဝိဉာဉ်မှာ သူ့အား အနည်းငယ်ပင်လျှင် မျက်နှာသာမပေးခဲ့ဘဲ တောက်လျှောက်ကို လှမ်းခေါ်နေခဲ့သည်။ ရန်ကိုင် မလာချင်မှန်းသိသော် သူ့ကျောက်တုံးလက်ကြီးကို ဝှေ့ယမ်းပြလိုက်လေ၏။

ချက်ချင်းဆိုသလို သစ်သားဝိဉာဉ်လေးများသည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး သူ့အား ဝိုင်းကာ ရန်ကိုင်အား ခုခံနေရန် အခွင့်အရေးတစ်ချက်ပင် မပေးဘဲ သူ့ကိုမြှောက်၍ နပန်းလုံးသည့် နေရာဆီသို့ ခေါ်သွားလေ၏။

“နင်တို့…” ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့လေသည်။ ပထမဦးဆုံးအကြိမ်အဖြစ် ဤသစ်သားဝိဉာဉ်လေးများသည် လုံးဝကို ချစ်စဖွယ်မကောင်းတော့ဟု ရန်ကိုင်ခံစားလိုက်ရလေသည်။

ရန်ကိုင်အား နပန်းလုံးသည့်နေရာတွင် ချပေးလိုက်ပြီးသည့်နောက် သစ်သားဝိဉာဉ်လေးများသည် အဘက်ဘက်ဆီသို့ ပျံထွက်သွားကြပြီး ရန်ကိုင်တို့အား မျှော်လင့်တကြီးအမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။

ရန်ကိုင်သည် တောင်းပန်တိုးလျှိုးသည့် အမူအယာဖြင့် အကြီးအကဲနှင့် သစ်သားဝိဉာဉ်ကလန်ခေါင်းဆောင်အား လှမ်းကြည့်လိုက်လေ၏။ အကြီးအကဲကမူ ရန်ကိုင်အား ကူညီမည့်အရိပ်အယောင်မပြဘဲ သည်းလှိုက်အူလှိုက်ဖြင့် ရယ်မောလိုက်လေသည်။ မူနကမူ သိမ်မွေ့သည့်လေသံဖြင့် ပြောလိုက်လေ၏။ “ဧည့်သည်… ခွန်အားအကုန်သုံးပြီးတော့သာချ…”

သစ်သားဝိဉာဉ်ကလန်ခေါင်းဆောင်မူနကပင်လျှင် ဤကဲ့သို့ ပြောလာသည်ကိုမြင်သော် ရန်ကိုင်မှာ လုံးဝကို ကူကယ်ရာမဲ့သွားတော့လေ၏။ နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလိုက်လျှင်တော့ ဤကျောက်တုံးဝိဉာဉ်နှင့် ပြိုင်ဆိုင်ကောင်း ပြိုင်ဆိုင်နိုင်လိမ့်မည်ဟု ရန်ကိုင်တွေးမိသွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှာ သေသေချာချာ မတွေးရသေးခင်မှာပင် ကျောက်တုံးဝိဉာဉ်သည် ဒေါမာန်တကြီး ဟိန်းဟောက်အော်ဟစ်လျက် ရန်ကိုင်ဆီသို့ ခုန်အုပ်လာခဲ့လေ၏။ ထို့နောက် ရန်ကိုင်၏လက်ကိုကိုင်ကာ ဆွဲမြှောက်ပစ်လိုက်လေသည်။ ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ကြောင်သွားခဲ့ပြီး လောကကြီးတစ်ခုလုံး ချာချာလည်ထွက်သွားသလို ခံစားလိုက်ရလေ၏။

ကျောက်တုံးဝိဉာဉ်မှ ရန်ကိုင်အား မြေပြင်ပေါ်သို့ အောင်မြင်စွာ လွှင့်ပစ်လိုက်ပြီးသည့်နောက်တွင် ၎င်း၏ရင်ဘတ်ကို တဒုန်းဒုန်းထု၍ ကောင်းကင်ပေါ်သို့ အော်ဟစ်ဟိန်းဟောက်လိုက်လေ၏။ သူ့ကိုယ်သူ မည်သူမျှ အနိုင်ယူနိုင်ခြင်းမရှိသည့် ပြိုင်ဘက်ကင်းစစ်သည်တော်တစ်ဦးအလား။

ရန်ကိုင်လည်း မြေပြင်ပေါ်မှ ကုန်းထလာပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ ရှက်ရှက်ဖြင့် သူ့ထိုင်ခုံတွင်သာ သွားထိုင်နေလိုက်တော့လေသည်။

ယခုဖြစ်ရပ်သည် အလွန်ကိုမှ ရှက်ဖွယ်ကောင်းလှပေသည်။ သူသည် ကျောက်တုံးဝိဉာဉ်များ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ပေ။ ရုပ်ခွန်အားသက်သက်ခြင်း ယှဉ်ပြိုင်မည်ဆိုပါက မည်သူကများ ကျောက်တုံးဝိဉာဉ်များ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

ရန်ကိုင်ခွက်ထဲသို့ ဝိုင်ထည့်ပေးနေသော သစ်သားဝိဉာဉ်လေးသည် ရန်ကိုင်ခွက်ထဲသို့ ဝိုင်ဖြည့်ပေးနေရင်းမှ သူ့အား ကရုဏာသက်နေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင် အမှောက်သိပ်ခံလိုက်ရသည်ကိုမြင်သော် ပြိုင်ကွင်းထဲသို့ မရောက်သေးသော ရှောင်ရှောင်မှာ ဒေါသူပုန်ထသွားကာ ချက်ချင်းပဲ နပန်းလုံးသည့် နေရာဆီသို့ ပြေးထွက်သွားလေသည်။ သို့ရာတွင် သူသည် ဤကျောက်တုံးဝိဉာဉ်များအနက် အငယ်ဆုံးဖြစ်လေရာ အရွယ်ရောက်ပြီးသော ကျောက်တုံးဝိဉာဉ်တစ်ဦးနှင့် ယှဉ်လိုက်ရသော် မည်ကဲ့သို့မှ မခုခံနိုင်ခဲ့ပဲ အသက်သုံးရှိုက်စာကြာပြီးသည့်နောက် ပြိုင်ကွင်းထဲမှ လွင့်ထွက်လာခဲ့ရလေသည်။

စားသောက်ပွဲမှာ အလွန်ကိုမှ အသက်ဝင်စည်ကားနေခဲ့သည်။ ပထမတစ်ဖြတ် ပြီးသွားပြီးသည့်နောက်တွင် ကျောက်တုံးဝိဉာဉ်များမှာ နောက်တစ်ကြိမ် ထပ်မံ နပန်းလုံးကြပြန်လေသည်။

တစ်ကြိမ်ခံစားဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် မည်သည့်ကျောက်တုံးဝိဉာဉ်နှင့်မှ ပြိုင်ဆိုင်လိမ့်မည်မဟုတ်ဟု ပြောကြားထားခဲ့လေသည်။

စားသောက်ပွဲမှာ အတော်လေးကြာနေပြီ ဖြစ်သည့်တိုင် ကျောက်တုံးဝိဉာဉ်များမှာတော့ တက်တက်ကြွကြွ ဖြစ်နေသေးဆဲ။ ဤကဲ့သို့သော စားသောက်ပွဲမျိုးကို မကျင်းပရသည်မှာ သူတို့အတွက် တော်တော်လေး ကြာနေပြီဖြစ်သည့်ပုံပင်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် စားသောက်ပွဲသည် မနက် နေထွက်သည်အထိ ကြာတော့မည့်ပုံပင်။ လက်ရှိအချိန်တွင် သစ်သားဝိဉာဉ်အများစုမှာလည်း အားအင်ကုန်ခမ်းနေကြသည့်အလား အချို့ဆိုလျှင် အိပ်ပင်ငိုက်နေကြလေသည်။

ရန်ကိုင်ဘေးနားတွင် ရပ်နေသော သစ်သားဝိဉာဉ်လေးသည် ရုတ်တရက် သူ့နားနားဆီသို့ ပျံသန်းလာပြီး တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ ကျောက်တုံးဝိဉာဉ်ကလန်၏ အကြီးအကဲနှင့် သစ်သားဝိဉာဉ်ကလန်ခေါင်းဆောင်သည် ထိုင်ရာမှထ၍ သစ်ပင်လိုဏ်ဂူကြီးတစ်လုံးဆီသို့ လျှောက်သွားကြောင်း တွေ့လိုက်ရသည်။ သွားနေစဉ်အတောအတွင်း မူနသည် ရန်ကိုင်အား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်လည်း မူနဘာပြောချင်နေသလဲဆိုသည်ကို နားလည်သည့်အလား ချက်ချင်း ထရပ်၍ ကျန်းရို့ရှီအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဤနေရာတွင် ဆက်နေနေရန် ပြောလိုက်လေ၏။

ရန်ကိုင်မှာ သစ်ပင်လိုဏ်ဂူဝင်ပေါက်ဆီသို့ ရောက်လာသည့်အခါ အကြီးအကဲမှာ အထဲသို့ ဝင်သွားနှင့်ပြီးလေပြီ။ မူနသည်သာ အပြင်တွင် ရပ်စောင့်ကျန်ရစ်နေလေ၏။ ရန်ကိုင်ကိုမြင်သည့်အခါ မူနက သူမလက်ကိုဆန့်ထုတ်၍ အချက်ပြလိုက်လေ၏။ “ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ…”

ကလန်ခေါင်းဆောင်နှစ်ဦး သူ့ဆီမှ ဘာလိုချင်နေသလဲ ဆိုသည်ကို မသိပါသော်ငြား ရန်ကိုင်သည် မည်သည့်အပိုမေးခွန်းမှ မေးမနေခဲ့ဘဲ သစ်ပင်လိုဏ်ဂူထဲသို့သာ ဝင်သွားလိုက်လေသည်။

ဤသစ်ပင်လိုဏ်ဂူသည် အခြားသော သစ်ပင်လိုဏ်ဂူများထက် ပိုကြီးပေသည်။

သစ်ပင်လိုဏ်ဂူတစ်ဝိုက် လှည့်ပတ်စူးစမ်း ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ “အကြီးအကဲ… ကျုပ်ကို ဘာလုပ်စေချင်တာများလဲ…”

အကြီးအကဲသည် စကားမပြောခင် ရန်ကိုင်အား အရင်ဦးစွာ ထိုင်ရန် အချက်ပြလိုက်သည်။

ရန်ကိုင်မှ ထိုင်ပြီးသည့်နောက် အကြီးအကဲက မေးလိုက်လေ၏။ “မင်း ဒီကိုလာတာ ရှီကျို့ကို ခေါ်သွားဖို့လား…”

ရှီကျို့သည် ကျောက်တုံးဝိဉာဉ်ကလန်မှ ရှောင်ရှောင်အား ပေးထားသည့် နာမည်ဖြစ်ပေသည်။

(လက်စသတ်တော့ ဒီလိုကိုး…) ရန်ကိုင် ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “သူလိုက်ချင်ရင်တော့ ခေါ်သွားမှာပေါ့… အကြီးအကဲတို့ကလည်း ခွင့်ပြုတယ်ဆိုရင်ပေါ့နော်… ကျုပ် အကြီးအကဲကို မလိမ်တော့ဘူး… ကျုပ် အခုတစ်ကြိမ် ရှေးဟောင်းကုန်းမြေထဲကို လာခဲ့တာက သူ့ကိုရှာဖို့အတွက် သီးသန့်လာခဲ့တာ… သူ အဆင်ပြေမပြေ သိချင်လို့…”

အကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်က ဆက်၍ပြောလိုက်လေသည်။ “ဒါပေမဲ့ သူ ဒီမှာပဲ နေချင်တယ်ဆိုလို့ရှိရင်တော့ ကျုပ် သူ့ကို ကျုပ်နဲ့အတူလိုက်ဖို့ အတင်းတွန်းအားမပေးဘူး… သူ့မိသားစုနဲ့ သူ့ကို ပြန်တွေ့စေချင်တာလည်း ကျုပ်ရဲ့ဆန္ဒတစ်ခုပဲဟာကို… အခု သူ့အိမ်သူ့ယာကို ပြန်ရောက်လာပြီဆိုတော့ အကြီးအကဲတို့ကလည်း သူ့ကို လိုလိုလားလားနဲ့ လက်ခံထားတာဆိုတော့လည်း ကျုပ်က သူ့ကို ဘာလို့ ခေါ်သွားရဦးမှာလဲ… သူ ဒီမှာနေတာကိုတောင် ကျုပ်က သဘောကျသေးတယ်...”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၈၀)

ဘာသာပြန်သူ_တိမ်တိုက်

“ကျေးဇူးတင်ပါတယ် ဧည့်သည်၊ မယုံသင်္ကာဖြစ်မိသွားလို့ တောင်းပန်ပါတယ်” အကြီးအကဲက ပြုံးလျက် သူ့မုတ်ဆိတ်ကိုပွတ်ရင်း ပြောလိုက်သည်။

ရန်ကိုင်က ပြောလိုက်၏ “တကယ်တော့ ရှောင်ရှောင်ကို ခင်ဗျားတို့နဲ့ပဲ အတူနေစေချင်တာ။ သူ့ကို ပြန်ရှာတွေ့တာနဲ့တင် အဆင်ပြေနေပါပြီ”

ရန်ကိုင်လည်း အမှန်ကို ပြောနေခြင်းဖြစ်ပေသည်။ သူ့အိမ်သူ့ယာ ပြန်ရောက်လာပြီ ဖြစ်သည့် အတွက် ရန်ကိုင်သည် ရှောင်ရှောင်ကို သူ့ကလန်သားများနှင့်သာ အတူနေစေချင်တော့သည်။ ဤလောကကြီးထဲရှိ သက်ရှိတိုင်းသည် တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းပြုရသည့် သတ္တဝါများ ဖြစ်ကြသည်။ မည်သူနှင့်မှ အဖက်မလုပ်ဘဲ ကိုယ့်ဘာသာ တစ်ကိုယ်တည်း ခွဲထွက်နေမည်ဆိုပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်၏။

အကြီးအကဲနှင့် မူနသည် အကြည့်ချင်း ဖလှယ်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

မူနက ပြုံးလျက် မေးလိုက်၏ “ဧည့်သည် သွေးတံခါးအကြောင်း ကြားဖူးလား”

ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်၏ “ကြားတော့ကြားဖူးတယ်”

မူန၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည် “ကြားဖူးတယ်ဆိုမှတော့ ဒီဘုရင်မလည်း ရှင်းပြရ သက်သာသွားတာပေါ့”

ရန်ကိုင်က အံ့ဩတကြီး ပြန်မေးလိုက်၏ “သွေးတံခါးက ဘာဖြစ်လို့လဲ”

ယခုတစ်ကြိမ်တွင် မူန မပြောတော့ဘဲ ကျောက်တုံးဝိဥာဉ်အကြီးအကဲက ဝင်ပြောလေ၏ “သွေးတံခါးက ရှေးဟောင်းကုန်းမြေထဲက သက်ရှိတိုင်းနဲ့ ဆက်စပ်နေတယ်။ ရှေးဟောင်းကုန်းမြေထဲ ကောလာဟလတစ်ခု ရှိတယ်။ သွေးတံခါးထဲကို ဝင်နိုင်မယ်ဆိုရင် ဘိုးဘေးသွေးမျိုးဆက်နဲ့ ပြန်လည် မွေးဖွားလားနိုင်ပြီး နတ်သားရဲ တစ်ကောင် ဖြစ်လာနိုင်လိမ့်မယ် ဆိုပြီးတော့”

ရှဲ့ဝူဝေသည်လည်း ထိုအကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ပြောခဲ့ဖူးပေသည်။

အကြီးအကဲက ဆက်ပြောလိုက်သည် “အခြားလူတွေကတော့ အဲ့ဒါတွေကို ကောလာဟလတွေကို ထင်ချင်ထင်ကြပေမယ့် တကယ် သိတဲ့လူတွေကတော့ အဲ့ဒါ အမှန်မှန်းသိတယ်”

ရန်ကိုင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ပြန်မေးလိုက်လေသည် “သွေးတံခါးထဲ ဝင်သွားပြီးရင် တကယ်ကြီး နတ်သားရဲတစ်ကောင် ဖြစ်လာနိုင်တာလား”

အကြီးအကဲက ရယ်သွမ်းသွေးလျက် “ဒါပေမယ့် ကိုယ့်ကံပေါ်လည်း မူတည်သေးတယ်”

ရန်ကိုင် စိတ်ဝင်စားသွားလေရာ ချက်ချင်းပဲ ပြန်မေးလိုက်လေသည် “အကြီးအကဲ တစ်ချက်လောက် ရှင်းပြပေးပါလား”

အကြီးအကဲသည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် စ၍ ရှင်းပြလိုက်လေဩ “ရှေးဟောင်းကုန်းမြေထဲက သက်ရှိအများစုက နတ်သားရဲတွေကနေ ဆင်းသက်လာကြတာဆိုတော့ နတ်သားရဲတွေရဲ့ သွေးကို အနည်းနဲ့အများဆိုသလို ပိုင်ဆိုင်ထားကြတယ်။ သွေးတံခါးထဲကို ဝင်သွားပြီးတဲ့ အခါကျ အဲ့က သတ်မှတ်ချက်တွေကို ဖြည့်ဆည်းနိုင်တဲ့လူတွေပဲ နတ်သားရဲတွေ ဖြစ်လာနိုင်ကြတာ။ ပြီးတော့ အဲ့ဖြစ်စဉ်က အရမ်းလည်း အန္တရာယ်များတယ်။ ရှင်းရှင်းပြောရရင် ဆယ်ယောက်မှာ ကိုးယောက်က သေသွားကြတာ များတယ်”

မူနက ထပ်ပေါင်းပြောလိုက်သည် “ဧည့်သည်က ရှေးဟောင်းကုန်မြေထဲကို ဝင်လာနိုင်တယ်ဆိုမှတော့ အတော်လေး အားကောင်းလို့ပဲပေါ့၊ ဟုတ်တယ်မလား။ ဒီတော့ အမြူတေစွမ်းအားနဲ့ ရင်းနှီးလောက်ပြီးပြီးပေါ့”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ကျင့်ကြံသူများသည် တာအိုသခင်အဆင့်တွင် ရှိစဉ်ကတည်းက အမြူတေစွမ်းအားနှင့် ထိတွေ့ဖူးကြလေရာ ဧကရာဇ်အဆင့်သို့ ရောက်နေသည့် ရန်ကိုင်ကဲ့သို့ လူတစ်ဦးသည် အမြူတေစွမ်းအားကို မည်သို့များ မရင်းနှီးဘဲ နေပါမည်နည်း။

မူနက ဆက်ပြောလေ၏ “နတ်သားရဲတစ်ကောင်ဖြစ်ချင်တယ်ဆိုရင် သွေးတံခါးထဲ ဝင်နိုင်ဖို့က ပထမဆုံး ခြေလှမ်းပဲ။ သွေးတံခါးထဲရောက်မှ တကယ့် စမ်းသပ်မှုကစတာ။ ရှေးဟောင်းကုန်းမြေထဲက သက်ရှိအများစုက သွေးတံခါးထဲ ဝင်နိုင်သွားတာနဲ့ နတ်သားရဲ ဖြစ်နိုင်ပြီလို့ ထင်နေကြတာ။ အဲ့ဒါက မှားတော့ မမှားပေမယ့် အမှန်နဲ့ အလွဲကြီး လွဲနေသေးတယ်။ သူတို့က‌ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာကိုပဲ သိကြတာ။ အဲ့နောက်ဆုံးရလဒ် ထွက်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေကို ကြုံရလဲဆိုတာ မသိကြဘူး”

“ဘယ်လိုစမ်းသပ်မှုမျိုးလဲ” ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။

အကြီးအကဲက ပြန်ပြောလိုက်၏ “နတ်သားရဲတိုင်းမှာ နတ်သားရဲအမြူတေဆိုတာ ရှိတယ်။ သွေးမျိုးဆက် နိုးထတယ်ဆိုတာ နတ်သားရဲတွေရဲ့ ပြယုဂ်တစ်ခုပဲ။ ဒါပေမယ့် သူ့ထက် ပိုအရေးကြီးတာက နတ်သားရဲအမြူတေရဲ့ အသိအမှတ်ပြုမှုကို ရဖို့ပဲ။ နတ်သားရဲအမြူတေ အသိအမှတ်ပြုတာ ခံရမှပဲ စစ်မှန်တဲ့ နတ်သားရဲတစ်ကောင် ဖြစ်လာဖို့ အခွင့်အရေးရှိတာ”

နတ်သားရဲအမြူတေသည် အလွန်ကိုမှ ထူးခြားသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ဥပမာပြရသော် ဖီးနစ်မီးတောက်သည် မီးဖီးနစ်၏ အမြူတေ ဖြစ်ပေသည်။ တစ်စုံတစ်ဦးသည်သာ ဖီးနစ်မီးတောက်အား ရရှိသွားမည်ဆိုပါက မီးဖီနစ်တစ်ကောင် ဖြစ်လာနိုင်ချေ ရှိပေလိမ့်မည်။ လျို့ယန်ကဲ့သို့ပင် ဖြစ်သည်။ သို့သော်ငြား အောင်မြင်မည်လား၊ ကျရှုံးမည်လား ဆိုသည်မှာတော့ ကံပေါ် မူတည်နေ၏။ ဖီးနစ်မီးတောက်၏ အသိအမှတ်ပြုမှုကိုသာ မရရှိပါက လျို့ယန် ဒုက္ခရောက်ပေလိမ့်မည်။ ဤသည်မှာ သူမအတွက် စမ်းသပ်ချက် တစ်ခုဖြစ်၏။

တစ်နည်းဆိုရသော်ငြား နတ်သားရဲတစ်ကောင် ဖြစ်လာလိုပါက သွေးမျိုးဆက်သန့်စင်ရန် လိုအပ်သလို နတ်သားရဲအမြူတေ၏ အသိအမှတ်ပြုမှုကို ရရှိရန်လည်း လိုအပ်ပေသည်။

ရန်ကိုင် မှင်တက်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်လေသည် “ဒါဆို သွေးတံခါးထဲမှာ နတ်သားရဲအမြူတေတွေ ရှိနေတာပေါ့၊ ဟုတ်လား”

အကြီးအကဲနှင့် မူနတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤရန်ကိုင်သည် အလွန်ကို အကင်းပါးလှသည်ဟုလည်း တွေးလိုက်ကြသည်။

အကြီးအကဲက ခေါင်းညိတ်၍ သဘောတူလိုက်၏ “ဟုတ်တယ်။ သွေးတံခါးထဲမှာ နတ်သားရဲ အမြူတေတွေ ရှိနေတယ်။ အဲ့ထဲကိုသာ ဝင်သွားနိုင်ရင် အဲ့က နတ်သားရဲအမြူတေနဲ့ ပေါင်းစပ်ပြီး အောင်မြင်သွားခဲ့ရင် နတ်သားရဲတစ်ကောင် ဖြစ်လာနိုင်လိမ့်မယ်။ မအောင်မြင်ဘူးဆိုရင်တော့ အဲ့မှာပဲ အဆုံးသတ်မှာပေါ့”

“သွေးတံခါးထဲမှာ ဘယ်လိုလုပ်ပြီး နတ်သားရဲအမြူတေတွေ ရှိနေရတာလဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

အကြီးအကဲက ခါးသက်စွာပြုံးလျက် “သွေးတံခါးဆိုတာ ဝင်ပေါက်တစ်ခုပဲ။ သွေးတံခါးထဲမှာ ရှေးခေတ်က တည်ရှိခဲ့ဖူးတဲ့ နတ်သားရဲတွေအားလုံးရဲ့ အမြူတေတွေ သိမ်းဆည်းထားတဲ့ နတ်သားရဲနန်းတော် ဆိုတဲ့ နန်းတော်တစ်လုံးရှိတယ်”

“ဘယ်လို” ရန်ကိုင် လုံးဝကို ကြောင်သွားတော့သည်။

ထို့နောက် ချက်ချင်းပြန်၍ မေးလိုက်လေ၏ “ဒါဆိုရင် သွေးတံခါးက ဝိဥာဉ်တစ်သောင်းသင်္ချိုင်းလိုမျိုး နတ်သားရဲတွေ သေခါနီးရင် အဲထဲဝင်ပြီး သေမှာထိုင်စောင့်၊ သူတို့ရဲ့ နတ်သားရဲအမြူတေတွေကို ချန်ရစ်ခဲ့တဲ့ နေရာမျိုးလား”

“မဟုတ်ဘူး” မူနက ခေါင်းခါလျက် ပြန်ပြောလိုက်၏ “ကောင်းကင်က သက်ရှိတိုင်းအပေါ်ကို မျှတတယ်။ နတ်သားရဲတွေက အရမ်း အားကောင်းလွန်တယ်။ ရှေးခေတ်အချိန်တွေတုန်းက လူသားတွေဆိုတာ နတ်သားရဲတွေရဲ့ အစာ ဖြစ်ခဲ့ရတာ။ အဲ့အချိန်တွေတုန်းက နတ်သားရဲတွေဆိုတာ ပေါမှပေါပဲ။ ပြီးတော့ နတ်သားရဲတစ်ကောင်ချင်းစီတိုင်းကလည်း အရမ်း အားကောင်းကြတယ်။ ဒါပေမယ့် ဒီလောကကြီးထဲက သက်ရှိတိုင်းမှာ သူတို့ကို တန်ပြန်နိုင်တဲ့အရာဆိုတာ ရှိကြပြီးသား။ ယင်က ယန်ကို တန်ပြန်ပြီး တစ်ခုနဲ့တစ်ခု မျှခြေအဖြစ် တည်ရှိနေတာမျိုးပေါ့။ တစ်နေ့တော့ လူသားမျိုးနွယ်စုထဲမှာ ပြိုင်ဘက်ကင်းအရှင်သခင်တစ်ပါး ပေါ်လာခဲ့တယ်။ အဲ့လူက နတ်သားရဲတွေကို ဖိနှိပ်နိုင်တဲ့ စွမ်းရည်ကို မွေးကတည်းက ပိုင်ဆိုင်လာခဲ့တာ။ ရှင်းရှင်းပြောရရင် သူက နတ်သားရဲတွေအားလုံး ကြောက်ရတဲ့လူလို့တောင် ပြောလို့ရတယ်။ အဲ့ပညာရှင်က နတ်သားရဲတွေကို လိုက်သတ်ပြီး နတ်သားရဲအမြူတေတွေကို နတ်သားရဲနန်းတော်ထဲမှာ ထည့်သိမ်းခဲ့တာ။ နောက်ပိုင်းကျလည်းကျရော အဲ့နန်းတော်ကို ချိတ်ပိတ်ပြီး သွေးတံခါးထဲမှာ ဖွက်ထားလိုက်တယ်။ အဲ့ကတည်းက စပြီး နတ်သားရဲတွေရဲ့ အမွေအနှစ် ပြတ်တောက်ပြီး နတ်သားရဲတွေရဲ့ ပျက်ကိန်း စတင်ရတော့တာပဲ”

“နတ်သားရဲတွေရဲ့ သဘာဝရန်သူ” ရန်ကိုင် သက်ပြင်းရှိုက်လိုက်သည်။ ဤလောကကြီးထဲ နတ်သားရဲများအား ဖိနှိပ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လူတစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မူနက ထပ်ပြောလိုက်သည် “အဲပညာရှင်က အားကောင်းတာမှန်ပေမယ့် ကောလာဟလတွေ အဆိုအရတော့ သူ့ခွန်အားက သူ့ခေတ်သူ့အခါမျိုးဆက်က ပညာရှင်တွေနဲ့ သိပ်မကွာဘူးတဲ့။ သူ့ကို နတ်သားရဲတွေ ဘာမှမလုပ်နိုင်တာက နတ်သားရဲတွေကို ဖိနှိပ်နိုင်တဲ့ မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားလို့ပဲ။ အဲ့ဒါကြောင့်ပဲ နတ်သားရဲတွေ ဘယ်လောက်ပဲ အားကောင်းအားကောင်း သူ့ကို ဘာမှပြန်မလုပ်နိုင်ခဲ့ဘဲ သူလုပ်သမျှ ခံခဲ့ရတာ။ သူ့ကို ကောင်းကင်ကိုယ်စား ပြစ်ဒဏ်ချမှတ်ပေးလို့ “ကောင်းကင်အမိန့်တော်”လို့ ခေါ်ကြတယ်။ သူကိုင်တဲ့ဓါးကိုတော့ ကောင်းကင်အပြစ်ပေးဓါးလို့ ခေါ်တယ်။ အဲ့နောက်ပိုင်း ကောင်းကင်အမိန့်တော်ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ နတ်သားရဲတွေအကုန် ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြရတာပဲ”

(ကောင်းကင်အမိန့်တော်)

ရန်ကိုင် လုံးဝကို အံ့ဩနေတော့သည်။ သို့ရာတွင် မကြာမီ မယုံသင်္ကာဖြင့် ပြန်မေးလေ၏ “ဒါနဲ့ ခင်ဗျားတို့က ဒါတွေအကုန်လုံးကို ဘယ်လိုသိနေရတာလဲ”

မူနက အကြီးအကဲကိုကို လှမ်းကြည့်လိုက်ရာ အကြီးအကဲက ရယ်သွမ်းသွေးလျက် “သက်တမ်းချင်း ပြိုင်ကြမယ်ဆိုရင် ဒီလောကကြီးထဲမှာ ငါ့တို့ကျောက်တုံးဝိဥာဉ်ကလန်ထက် သက်တမ်းပိုရှည်တဲ့ မျိုးနွယ်စုဆိုတာ ရှိမယ်လို့ ငါမထင်ဘူး။ အဲ့အကြောင်းတွေကို ငါတို့ ကျောက်တုံးဝိဥာဉ်ကလန်က မျိုးဆက်တစ်ဆက်ကနေ နောက်တစ်ဆင့် လက်ဆင့်ကမ်းပေးခဲ့ကြတာ။ ပထမဆုံး စပြောပြသွားတဲ့ မျိုးဆက်ကနေ ရေတွက်လိုက်ရင် အခုမှ မျိုးဆက်နှစ်ခုပဲ ရှိသေးတယ်”

(မျိုးဆက်နှစ်ခု) ရန်ကိုင် မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။ ဤအကြီးအကဲသည် သူထင်ထားသည်ထက်ပင် ပို၍ အသက်ကြီးနေခဲ့သည်။ အကြီးအကဲ ကျောက်တုံးဝိဥာဉ်သည် အနည်းဆုံး နှစ်ပေါင်း သိန်းနှင့်ချီကာ အသက်ရှင်ခဲ့သူတစ်ဦး ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင်လုပ်ပြီးနောက် မေးလိုက်လေ၏ “အကြီးအကဲနဲ့ ကလန်ခေါင်းဆောင်၊ ခင်ဗျားတို့ ကျုပ်ကို သီးသန့်ခေါ်တွေ့တာ ဒီအကြောင်းသက်သက် ပြောပြချင်လို့တော့ မဟုတ်ပါဘူးနော်”

အကြီးအကဲ၏ အမူအရာ ရုတ်ချည်း တည်ကြည်လေးနက်သွားခဲ့လေသည် “ဒီအကြီးအကဲက ဧည့်သည်တော်ကို ကျောက်တုံးဝိဥာဉ်ကလန်ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ နတ်သားရဲအမြူတေတစ်ခုကို ကူယူပေးစေချင်တာပါ”

ရန်ကိုင် ကြောင်သွားလေသည် “အကြီးအကဲ၊ ခင်ဗျားတို့ရဲ့ ဘိုးဘေးက နတ်သားရဲတစ်ကောင်လား”

အကြီးအကဲက ခေါင်းညိတ်လိုက်၏ “ဟုတ်တယ်။ ကျောက်တုံးဝိဥာဉ်ကလန်ရဲ့ ဘိုးဘေးက ထိုင်းယွဲ့ပဲ။ အတိတ်တုန်းက ကောင်းကင်အမိန့်တော်ကို သွားရန်စမိလို့ အသတ်ခံလိုက်ရပြီး သူ့အမြူတေက နတ်သားရဲ နန်းတော်ထဲမှာ ချိပ်ပိတ်ခံခဲ့ရတာ”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “ဒါနဲ့ ဘာလို့ ကျုပ်ကို လာအကူအညီတောင်းရတာလဲ။ ပြီးတော့ အခု သွေးတံခါးရဲ့ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်ကြောင့် နတ်အရှင်တွေက သွေးတံခါးပတ်လည်မှာ အစောင့်တွေ ချထားတာ သွေးတံခါးထဲကို ဘယ်လိုမှ ဝင်နိုင်မှာ မဟုတ်ဘူး”

မူနက ဝင်ပြောလိုက်လေသည် “ငါတို့လည်း သိတာပေါ့။ တကယ်တော့ သွေးတံခါးရဲ့ ပြောင်းလဲမှုဆိုတာ ကောင်းကင်ရဲ့ အချက်ပြသင်္ကေတပဲ။ ဒါကြောင့်သာ မဟုတ်ရင် ငါတို့လည်း လှုပ်ရှားမှာ မဟုတ်ဘူး”

အကြီးအကဲက သက်ပြင်းချလျက် “ကျောက်တုံးဝိဥာဉ်ကလန်က အားကောင်းတယ်ဆိုပေမယ့် ဆက်ပြီး အသက်ရှင်ဖို့ဆိုတာက လွယ်တာ မဟုတ်ဘူး။ ငါတို့ရဲ့ ခွန်အားကြောင့် နတ်အရှင်လေးပါက ငါတို့ကို သူတို့ လက်အောက်ထဲ ဆွဲသွင်းချင်နေတာ။ မကြာသေးခင်တုန်းက နတ်အရှင်လေးပါက ငါတို့သာ သူတို့လက်အောက်ထဲ မဝင်ဘူးဆိုရင် အပြီးတိုင် ဖျက်စီးပစ်ခံရမယ်ဆိုပြီး ရာဇသံပေးထားတယ်။ ဒီတော့ ငါတို့အနေနဲ့ ပြန်ပြီးခုခံချင်တယ်ဆိုရင် သူတို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားရှိမှ အဆင်ပြေလိမ့်မယ်။ သွေးတံခါးက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရှောင်ရှောင်သည် ကျောက်တုံးဝိဥာဉ်ကလန်သား တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကျောက်တုံးဝိဥာဉ်ကလန်၏ အရေးသည် သူ့အရေးနှယ် ဖြစ်လာခဲ့ရသည်။ ရန်ကိုင် မျက်ကွယ်ပြုနေ၍ မဖြစ်ချေ။

ခဏမျှစဉ်းစားပြီးနောက် ရန်ကိင်က အကြံပေးလိုက်၏ “အကြီးအကဲတို့ ထွက်သွားချင်ရင် ကျုပ်အကြီးအကဲတို့ကို ရှေးဟောင်းကုန်းမြေထဲကနေ ခေါ်ထုတ်သွားပေးလို့ရတယ်။ နတ်အရှင်လေးပါးက အားကောင်းတယ်ဆိုရင် အကြီးအကဲတို့သာ ဒီကနေ ထွက်သွားရင် သတိူ့လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

အကြီးအကဲက မဲ့ပြုံးပြုံးလျက် “ငါတို့အိမ်ကနေ ထွက်မသွားနိုင်ဘူး”

မူနက ပြောလိုက်သည် “အကြီးအကဲက ရှီကျိုကို ထိုင်းယွဲ့နေရာ ဆက်ခံစေချင်တာ။ ရှီကျိုသာ ထိုင်းယွဲ့အသစ် ဖြစ်လာပြီဆိုတာနဲ့ စိတ်ဝိဥာဉ်ကျောက်တုံးကလန်နဲ့ သစ်သားဝိဥာဉ်ကလန်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။ ရှီကျိုကို နင်ပဲ ပျိုးထောင်ပေးခဲ့တာဆိုတော့ သူ့အတွက် အကောင်းဆုံးကိုပဲ နင်လည်း ဖြစ်စေချင်မှာပေါ့ ဟုတ်တယ်မလား”

(ငါ့ကို ထောင်ချောက်ထဲ ဆွဲသွင်းနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ) ရန်ကိုင်သည် စိတ်ထဲမှနေ၍ ငြီးတွားလိုက်လေသည်။ အကြီးအကဲသည် ရှောင်ရှောင်အား ထိုင်းယွဲ့နေရာကို ဆက်ခံစေလိုပါက ရန်ကိုင်လည်း ရပ်ကြည့်နေ၍ မဖြစ်တော့ချေ။

ထိုအကြံသည် ရန်ကိုင်အား စိတ်လှုပ်ရှားသွားစေပါသော်ငြား ရန်ကိုင်ကမူ အလေးအနက် အမူအရာဖြင့် မေးလိုက်သေး၏ “ဘာလို့ ရှောင်ရှောင်ကို ဆက်ခံခိုင်းချင်ရတာလဲ။ အခြားသူတွေလည်း ရတာပဲ မဟုတ်ဘူးလား”

အကြီးအကဲက ပြုံးလျက် ပြန်ပြောလိုက်သည် “ရှီကျိုက ငယ်သေးတော့ အလားအလာ ရှိသေးတယ်လေ။ ဒီတော့ သူ့မှာ အောင်မြင်နိုင်ချေ ပိုများတယ်”

“ဒီတော့ ကျရှုံးနိုင်ချေလည်း ရှိသေးတယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။

အကြီးအကဲနဲ့ မူနတို့ နတိတ်ဆိတ်နေကြသည်။

ရန်ကိုင်က ပြန်မေးလိုက်၏ “ရှောင်ရှောင်ကော ဒီအကြောင်းကို သိလား”

အကြီးအကဲက ခေါင်းညိတ်ပြလိုက်၏ “သိတယ်။ ငါသူနဲ့ ဆွေးနွေးကြည့်ပြီးသွားပြီ။ သူလည်း သဘောတူတယ်”

ရန်ကိုင်က မပျော်မရွှင်ဖြင့် ပြန်ပြောလိုက်၏ “ဒီတော့ ကျုပ်မကူညီရင်တောင် ခင်ဗျားတို့ဘာသာ သွေးတံခါးဆီ သွားဦးမှာပေါ့”

“ဟုတ်တယ်” အကြီးအကဲက ထောက်ခံလိုက်သည်။

ရန်ကိုင်၏ အမူအရာ မှုန်ကုတ်သွားတော့သည်။ ဆုံးဖြတ်ပြီးနေသည့် ကိစ္စကို ဘာကြောင့်များ ယခုမှ သူ့အား လာပြောနေရလေသနည်း။ ရန်ကိုင်သည် ကျောက်တုံးဝိဥာဉ်ကလန်နှင့် သစ်သားဝိဥာဉ်ကလန်အပေါ် အထင်အမြင်ကောင်းများ ရှိပါသော်ငြား သူတို့ကြား မည်သည့် ရင်းနှီးမှုမှမရှိချေ။ သူတို့ဘာသာ သေလမ်း ရှာချင်လျှင် ရန်ကိုင်ကမူ ဂရုစိုက်နေလိမ့်မည် မဟုတ်သော်ငြား ယခုကိစ္စတွင် ရှောင်ရှောင်လည်း ပါဝင် ပက်သက်နေသဖြင့် ရန်ကိုင် အကြပ်ရိုက်နေရတော့သည်။

(ရှောင်ရှောင်ကို မသိမသာလေး ခေါ်ထုတ်သွားရင် ကောင်းမလား။ အဲ့ဒါဆို အခုလိုမျိုး ပြဿနာ တက်စရာ မလိုတော့ဘူး)

All Chapters