← Chapters

တောင်ခြေမှ လုလင်ပျို

Vol. 1 Ch. 1

တောင်ခြေမှ လုလင်ပျို

Vol. 1 Ch. 1

“မိုးမြေ၏ အလိုသဘောကိုပင် သဘာဝဟု ခေါ်ဆို၏။ ထိုသဘာဝတရားအတိုင်း နေထိုင်ခြင်းကိုပင် တာအိုဟု ခေါ်ဆို၏။ ထိုလမ်းစဉ်ကို လေ့ကျင့်ပွားများခြင်းကိုပင် ကျင့်စဉ်ဟု ခေါ်ဆို၏။ တာအိုဟူသည်ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မျှပင် ခွဲခွာ၍ မရနိုင်သော အရာဖြစ်သည်။ ခွဲခွာ၍ ရနိုင်ပါက ထိုအရာသည် လမ်းစဉ်(တာအို) မဟုတ်တော့ပြီ။”

“ထို့ကြောင့်ပင် သူတော်ကောင်းသည် မမြင်ကွယ်ရာ၌ပင် သတိတရား လက်ကိုင်ထား၍ စောင့်စည်း၏။ မကြားကွယ်ရာ၌ပင် ကြောက်ရွံ့ရိုသေသောစိတ် ရှိ၏။ ပျောက်ကွယ်နေသောအရာထက် ပို၍မြင်နိုင်သောအရာ မရှိ။ သေးငယ်သောအရာထက် ပို၍ထင်ရှားသောအရာ မရှိ။ ထို့ကြောင့် သူတော်ကောင်းသည် တစ်ကိုယ်တည်းရှိနေချိန်၌ပင် အထူးသတိပြု စောင့်စည်းရလေသည်။”

ကျုံးကျိုးပြည်နယ်၏ အစွန်အဖျား၊ တောတောင်စိမ့်စမ်းများဖြင့် ဝန်းရံလျက်ရှိသော အရပ်ဒေသတစ်ခုဆီမှ သာယာနာပျော်ဖွယ် စာအံသံများကို တိုးတိုးဖွဖွ ကြားနေရသည်။ ထိုစာအံသံများအတိုင်း ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားလိုက်လျှင် ဝါးတောလေးများက ကွယ်ကာလျက်၊ အကွေ့အကောက် လျှောက်လမ်းလေးများဖြင့် ဆက်သွယ်ထားသော ဝါးကျောင်းလေးတစ်ဆောင်ကို တွေ့ရပေမည်။ အတွင်းသို့ လှမ်းမျှော်ကြည့်လိုက်လျှင် အရွယ်နုနယ်သေးသော ကလေးငယ် ဒါဇင်ပေါင်းများစွာတို့သည် ရှေးသူတော်ကောင်းတို့၏ ကျမ်းဂန်များကို ရွတ်ဖတ်နေကြသည်။ သူတို့၏ ခေါင်းလေးများကို ညိတ်ကာ ညိတ်ကာဖြင့် အလွန်ပင် အာရုံစူးစိုက်နေကြ၏။

သင်ဆရာ၏ နေရာတွင် အပြာရောင်ခြုံလွှာနှင့် စာပေသင်ကြားသူတစ်ဦး ထိုင်နေသည်။ သူ၏အသက်မှာ လေးဆယ်ခန့် ရှိမည်။ ကလေးငယ်များ၏ နုနယ်သော အသံလေးများကို နားထောင်ရင်း အကြိမ်များစွာ ရွတ်ဖတ်ပြီးသည့်နောက်တွင်မှ ကျမ်းဂန်ထဲမှ ဆိုလိုရင်းအနက်ကို တစ်ခုချင်းစီ ရှင်းလင်းကာ ထိုကလေးငယ်တို့အား စိတ်ရှည်လက်ရှည် ရှင်းပြနေလေ၏။

နေမင်းသည် တဖြည်းဖြည်း အမြင့်သို့ ရောက်လာပြီး ဝါးဥယျာဉ်၏ နောက်ဘက်မှ ဇီသာသံ ပျံ့လွင့်လာသောအခါမှ ထိုအပြာရောင်ဝတ်ဆင်ထားသော ဆရာသည် သင်ကြားမှုကို ရပ်တန့်လိုက်သည်။ ပြီးနောက် ပြုံးရွှင်သောမျက်နှာဖြင့် ယနေ့အတွက် သင်ကြားမှုကို အဆုံးသတ်ကာ အိမ်စာအနည်းငယ် ပေးလိုက်လေသည်။

ကလေးငယ်များမှာမူ ဟေးခနဲ အော်ကာ ပြေးထွက်သွားကြတော့သည်။

အချို့မှာ ဆော့ကစားကြပြီး အချို့မှာမူ အားလပ်ရက် အစီအစဉ်များအကြောင်း အချင်းချင်း ပြောဆိုနေကြသည်။

သူတို့ထဲတွင် ပိုးသားဝတ်စုံများ ဝတ်ဆင်ထားသော ချမ်းသာသော မိသားစုမှ ကလေးများလည်း မနည်းမနော ပါဝင်သည်။ သို့သော် သစ်သားဆံထိုးဖြင့် ဆံပင်ကို စုစည်းထားသော ဆရာသည် သူ၏အကြည့်ကို ဝါးတောဘေးတစ်ဖက်သို့ လွှဲလိုက်သည်။ ထိုနေရာတွင် လက်ကောက်ဝတ်အရွယ်အစားရှိသော ဝါးပင်စိမ်းတစ်ပင်သည် ညင်သာစွာ လှုပ်ခါနေသည်ကို တွေ့လိုက်ရသောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး ထိုင်ရာမှထကာ ထွက်ခွာသွားလေသည်။

ပြတင်းပေါက်နားတွင် မည်သူမျှ မရှိတော့။ သို့သော် မြေပြင်မှ ခြောက်ပေအကွာရှိ ဝါးပင်စိမ်းပေါ်တွင်မူ ဆူဖြိုးသော ယုန်တစ်ကောင် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ဆရာသည် လက်လှမ်း၍ ကိုင်ကြည့်လိုက်ရာ ယုန်မှာ အတော်ပင် အလေးချိန်စီးလှသည်။ ဆောင်းဦးကာလ နီးကပ်လာပြီဖြစ်၍ ယုန်များသည် ဆောင်းခိုရန်အတွက် အဆီအသားများ ပြည့်ဖြိုးနေတတ်၏။ ဆီများများဖြင့် ကြော်လှော်ပြီး ဆောင်းရာသီ ဝါးမျှစ်နုလေးများနှင့် ချက်ပြုတ်စားလျှင် အရသာမှာ အလွန်ပင် ကောင်းမွန်လှပေမည်။

ဇီသာသံ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ခြေသံတို့ တဖြည်းဖြည်း နီးကပ်လာသည်။ နောက်ကျောဘက်မှ ဇနီးသည်၏ အသံထွက်ပေါ်လာ၏။

“အဲဒီကလေးလေး လာပြန်ပြီလား”

“သူ့နာမည်… ချီဝူဟော် ဆိုလား”

အပြာရောင်ဝတ်ဆင်ထားသော ဆရာသည် “အင်း” ဟု တစ်ချက်သာ ညည်းလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ တောင်စောင်းရှိ ဝါးကျောင်းလေးမှ တောင်အောက်ရှိ မြို့ငယ်လေးသို့ သွားရာလမ်းပေါ်တွင် လူငယ်လေးတစ်ယောက်၏ အရိပ်ကို လှမ်းမြင်နေရသည်။ သူသည် သာမန်အညိုရောင် အဝတ်အစားကြမ်းကို ဝတ်ဆင်ထားပြီး နောက်ကျောမှ ကြည့်လျှင် သာမန်လူငယ်လေးတစ်ယောက်နှင့် တူသော်လည်း သူ၏ ကိုယ်နေဟန်ထားမှာမူ မားမားမတ်မတ် တည့်တည့်မတ်မတ် ရှိလှသည်။

လေပြင်းနှင့်အတူ နှင်းမှုန်တို့ တဖြည်းဖြည်း ကျဆင်းလာသည်။ ထိုလူငယ်လေးသည် မြောက်ပြန်လေနှင့် နှင်းစတို့ကြားတွင် တဖြည်းဖြည်းမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

မူလက သူကောင်းမျိုးနွယ်မှ ဆင်းသက်လာသော်လည်း ဘဝအတွေ့အကြုံများကြောင့် အနည်းငယ် တင်းမာခက်ထန်သော အသွင်ဆောင်နေသည့် အမျိုးသမီးသည် နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်ပြီး အားနည်းသော အမူအရာဖြင့် ညည်းညူလိုက်သည်။

“ဘာဖြစ်လို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ။ ရှင်က သူ့ကို စာသင်ခန်းအပြင်ကနေ နားထောင်ခွင့် ပေးထားတာတောင်မှ သူက တခြားကောင်းတဲ့အရာတွေကို လက်မခံချင်ဘူး။ သူ့ဘဝက သာမန်လေးပဲ ရှိတာကို ဒီလိုအရာတွေ လာပေးနေသေးတယ်”

သူမ၏ အသံသည် ခေတ္တရပ်တန့်သွားပြီး နောင်တရသော အသံဖြင့် ထပ်ပြောသည်။

“သူက အရင်တုန်းက ကျွန်မ သူ့အပေါ် ဆက်ဆံရေးမကောင်းခဲ့တာကို အငြိုးထားနေတုန်းပဲလား မသိဘူး”

အပြာရောင်ဝတ်ဆင်ထားသော အမျိုးသားသည် ရယ်မောလိုက်ပြီး နှစ်သိမ့်စကား ဆိုသည်။

“သူက အဲဒီလို စိတ်ဓာတ်မျိုး ရှိတဲ့သူ မဟုတ်ပါဘူး”

“သူဘာလို့ စာသင်ခန်းထဲကို မဝင်ချင်တာလဲဆိုတာကို ငါလည်း မေးကြည့်ဖူးပါတယ်။ အစပိုင်းမှာတော့ ကလေးဆိုတော့ မျက်နှာပူလို့နေမှာပါလို့ ထင်ခဲ့တာ။ ကိုက ကိုယ့်ရဲ့ ပညာအရည်အချင်းကို ယုံကြည်တယ်လေ။ တစ်ခါတုန်းက မြို့ဝန်တစ်ယောက်အနေနဲ့ အမှုပေါင်း ရာကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတော့ ကလေးတစ်ယောက်ကိုတော့ စည်းရုံးနိုင်မှာပါလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ကို မစည်းရုံးနိုင်ခဲ့တဲ့အပြင် သူ့ရဲ့စကားကြောင့် မှင်တက်မိသွားခဲ့တယ်”

သူ့အသံသည် အနည်းငယ်တိုးသွားရာ သူ၏ဇနီးသည်က မယုံသင်္ကာသော မျက်လုံးဖြင့် ကြည့်ကာ “အဲဒီကလေးက ဘာပြောလိုက်လို့လဲ” ဟု မေးသည်။

အပြာရောင်ဝတ်ဆင်ထားသော အမျိုးသားသည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဆိုသည်။

“သူပြောတာက လောကမှာရှိတဲ့ အရာအားလုံးဟာ နည်းပါးခြင်းကို မစိုးရိမ်ရဘူး။ မညီမျှခြင်းကိုသာ စိုးရိမ်ကြောင့်ကြရတယ်။ ဒါကြောင့် တရားမျှတမှုကို အလေးထားရမယ်တဲ့”

“ငါက တခြားကလေးတွေရဲ့ မိဘတွေဆီက သင်ကြားစရိတ်ကို လက်ခံပြီးမှ သူတို့ကို စာသင်ခန်းထဲ ဝင်ခွင့်ပေးခဲ့တာ။ တချို့ကလေးတွေရဲ့ မိဘတွေက မချမ်းသာကြဘူး။ သူတို့က အတော်အတန်ရုန်းကန်ပြီးမှ ကလေးတွေကို စာသင်ခွင့် ပေးနိုင်တာ။ အခု ငါက သနားလို့ဆိုပြီး သူ့ကို အလကားဝင်ခွင့်ပေးလိုက်ရင် တခြားကျောင်းသားမိဘတွေရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်”

“ဒါက ငါရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေနိုင်တယ်”

“အဲ့တော့ သူက ငါဆီကနေ စာပေပညာကို သင်ယူပေမယ့် ငါ့ကို ထိခိုက်စေပြီး သူ့ကို အကျိုးရှိစေမယ်ဆိုရင် ဒါဟာ မလုပ်သင့်တဲ့အရာပဲတဲ့”

“အခု ဒီယုန်ကတော့ သူ ငါ့ကို ပေးတဲ့ သင်ကြားစရိတ်ပေါ့”

သူ၏ဇနီးသည်မှာ အံ့ဩခြင်းကြီးစွာဖြင့် “နည်းပါးခြင်းကို မစိုးရိမ်ရ၊ မညီမျှခြင်းကိုသာ စိုးရိမ်ရတယ်… ဒီလိုစကားမျိုးက မြို့ငယ်လေးက ကလေးတစ်ယောက် ပါးစပ်က ထွက်လာနိုင်တဲ့ စကားမျိုးမှ မဟုတ်တာ” ဟု ဆိုသည်။

အပြာရောင်ဝတ်ဆင်ထားသော အမျိုးသားက “ဟုတ်တယ်… ဒါပေမဲ့ သူက တော်တော်လည်း ခေါင်းမာတယ်”

“မြို့ထဲက လူတွေကို မေးကြည့်တော့ သူက ဒီဒေသက လူမဟုတ်ဘူးတဲ့”

“လွန်ခဲ့တဲ့ ငါးနှစ်က ကျင်ကျိုးပြည်နယ်မှာ ဘေးအန္တရာယ်ကျရောက်တော့ ဒုက္ခသည်တွေနဲ့အတူ မျောပါလာတာ။ လောကဓံက ကြမ်းတမ်းတော့ အသက်ရှင်ဖို့အတွက် လူတွေက ဘာမဆို လုပ်ကြတယ်။ ဒီလိုအခြေအနေမှာတောင် ဒီလောက် ရိုးသားဖြောင့်မတ်ပြီး ပညာကို မြတ်နိုးတဲ့သူမျိုးကတော့ တွေ့ရခဲပါတယ်”

သူခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဇနီးသည်၏ လက်ကို ဆွဲကိုင်ကာ နူးညံ့သော အသံဖြင့် ဆိုသည်။

“မိန်းမ… ငါ စဉ်းစားထားတာက နှစ်သစ်ကူးပြီးရင် ကျောင်းသားတွေကို စာပေပြိုင်ပွဲတစ်ခု ကျင်းပပေးမလို့။ သူက တကယ်ကိုဘဲ အရည်အချင်းရှိတယ်ဆိုရင် တပည့်အဖြစ် လက်ခံပြီး နောင်တစ်ချိန်မှာ နိုင်ငံ့စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ထောက်ခံပေးချင်တယ်။ ဒီလို အရည်အချင်းရှိတဲ့သူကို တောတောင်တွေကြားမှာ ပျောက်ကွယ်သွားစေလို့ မဖြစ်ဘူး။ ရှင်မကော ဘယ်လိုသဘောရလဲ”

ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးကာ “အရည်အချင်းရှိသူကို ထောက်ခံပေးဖို့က ရှင်တို့လို စာတတ်ပေတတ်တွေရဲ့ တာဝန်ပဲလေ။ တကယ် အရည်အချင်းရှိရဲ့သားနဲ့ ရှင်က ထောက်မခံဘူးဆိုရင်မှ တာဝန်ပျက်ကွက်တာ ဖြစ်မှာပေါ့။ ကျွန်မလည်း ကျွန်မရဲ့ အမျိုးတွေကို ဆက်သွယ်ပြီး သူ့အတွက် သင့်တော်တဲ့ ကြင်ယာကို ရှာဖွေပေးချင်ပါတယ်” ဟု ဆိုသည်။

အပြာရောင်ဝတ်ဆင်ထားသော စာပေပညာရှင်သည် ဝမ်းသာအားရစွာဖြင့် ဇနီးသည်ကို ပွေ့ဖက်လိုက်လေသည်။

…

ထိုလူငယ်လေးသည် စာသင်ကျောင်းမှ ထွက်လာပြီးနောက် ယနေ့ သင်ကြားခဲ့သော အကြောင်းအရာများကို စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုရင်း ထိုစာလုံးများ၏ အဓိပ္ပာယ်နှင့် ရေးသားပုံတို့ကို ပြန်လည်လေ့ကျင့်နေခဲ့သည်။ မသိလိုက်ခင်မှာပင် တောင်ထဲသို့ ရောက်ရှိနေလေပြီ။ နှင်းမှုန်တို့သည် ပြင်းထန်ခြင်းမရှိ။ အခြားတောင်ကုန်းများပေါ်မှ နှင်းတို့သည် လေနှင့်အတူ လွင့်ပါလာပြီး ဤနေရာသို့ ရောက်သောအခါ တဖြည်းဖြည်း ရပ်တန့်သွားဟန်တူသည်။

သူငယ်စဉ်က ဇာတိမြေတွင် ကြီးမားသော ဘေးအန္တရာယ် ကျရောက်ခဲ့သည်။ ကောက်ပဲသီးနှံများ လုံးဝမထွက်၊ ကပ်ရောဂါနှင့် တစ္ဆေဘီလူး နတ်ဆိုးတို့ ထကြွသောင်းကျန်းခဲ့၏။ မိဘနှစ်ပါးက ကျန်ရှိသော စားနပ်ရိက္ခာအားလုံးကို သူ့အား ပေးခဲ့သောကြောင့်သာ အသက်ရှင်နိုင်ခဲ့သည်။ ဒုက္ခသည်များကြားတွင် ရောနှောကာ လက်ရှိနေရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ဤဒေသက လက်ခံခဲ့သောကြောင့်သာ ခြေချစရာနေရာရခဲ့၏။

မိဘအကြီးအကဲတို့၏ စောင့်ရှောက်မှုမရှိတာမို့ အနိုင်ကျင့်တတ်သော လူမိုက်တစ်ယောက် ဖြစ်လာနိုင်သော်လည်း ငယ်စဉ်ကတည်းက နေ့စဉ် အိပ်မက်ထဲတွင် ထူးဆန်းသော အဖြစ်အပျက်များကို မြင်မက်ခဲ့ဖူးသည်။

အိပ်မက်ထဲက ကမ္ဘာတွင် သံငှက်ကြီးများ မိုးကောင်းကင်သို့ ပျံတက်သွားကြပြီး လူတိုင်း လွတ်လပ်စွာ သွားလာနေကြသည်။ မြို့တော်ထဲတွင် မိုးထိတိုက်ကြီးများ ထူထပ်စွာ တည်ရှိနေပြီး ထူးဆန်းသော လေးထောင့်ပုံ စာလုံးများလည်း ရှိနေသည်။

အိပ်မက်ထဲမှ အကြောင်းအရာများစွာကို မေ့လျော့သွားသော်လည်း အချို့အရာများကိုမူ မှတ်မိနေသေး၏။ အထူးသဖြင့် ထိုလေးထောင့်ပုံ စာလုံးများကို ဖြစ်သည်။

ပညာသင်ကြားခြင်းကို မရပ်တန့်အပ်။ ပညာရှိသည် စိတ်ဓာတ်ခိုင်မာရမည်၊ တာဝန်ကြီးမားပြီး လမ်းခရီးကလည်း ရှည်လျားလှသည်။

ထိုစကားများကို တစ်စုံတစ်ယောက်က ရွတ်ဆိုနေသကဲ့သို့ ထင်ရသည်။ အိပ်မက်ထဲမှ ထိုအရာများသည် သူ့အတွက် အလွန်အရေးကြီးသည်ဟု အမြဲခံစားရသောကြောင့် ဤစကားများက ပြောပြသော အမှန်တရားများကို သူလေးနက်စွာ ယုံကြည်ခဲ့သည်။

ယနေ့ ရာသီဥတုက အေးစက်လှ၏။ နောက်ပိုင်းတွင် နှင်းမုန်တိုင်းကျပြီး တောင်တတ်လမ်း ပိတ်ဆို့သွားမည်ကို စိုးရိမ်သောကြောင့် ထင်းများများ ရှာဖွေထားမှသာ လာမည့် ဆောင်းရာသီကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ချီဝူဟော်သည် ကျောတွင် ခြင်းတောင်းကိုလွယ်ကာ တောင်ပေါ်သို့ တက်လာ၏။ ရံဖန်ရံခါ မြေပေါ်သို့ ကြွေကျနေသော ထင်းရှူးသီးများကို ကောက်ယူရရှိတတ်သည်။ ကံကောင်းစွာဖြင့် ယနေ့တွင် ပုံမှန်ထက် စောစီးစွာပင် တောင်းအပြည့် ထင်းများ ရရှိခဲ့လေပြီ။ ဤနှင်းမုန်တိုင်းကို ကျော်ဖြတ်နိုင်လောက်ပြီဟု တွက်ဆပြီးမှ သူဖြည်းညင်းစွာ ပြန်လှည့်လာခဲ့သည်။

သို့သော် မည်သည့်အချိန်ကတည်းကမှန်းမသိ တောင်ပေါ်တွင် ညခင်းမြူနှင်းတို့ ထူထပ်စွာ ကျဆင်းနေလေပြီ။

ချီဝူဟော်သည် သာမန်လူသားတစ်ယောက်ဖြစ်သောကြောင့် ထိုအရာကို မမြင်နိုင်သော်လည်း သူ၏ စိတ်ဝိညာဉ်သည် သာမန်လူတို့ထက် ထူးခြားနေသောကြောင့် တစ်စုံတစ်ခု ထူးခြားနေသည်ကို အနည်းငယ် ခံစားမိသည်။ မျက်မှောင်ကို အနည်းငယ်ကြုတ်ကာ ရှည်လျားညီညာသော သစ်ကိုင်းတစ်ချောင်းကို ကိုင်ဆောင်ပြီး တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ သာမန်လူတစ်ယောက်သာဆိုလျှင် မသိမသာဖြင့် တောင်အောက်သို့ ဆင်းသွားမည်ဖြစ်သော်လည်း သူ့စိတ်ဝိညာဉ်မှာ အဆပေါင်းများစွာ ပိုမိုအားကောင်းနေသောကြောင့် မထင်မှတ်ဘဲ လမ်းမှားသို့ ရောက်ရှိသွားခဲ့သည်။

နောက်ပြန်လှည့်ကြည့်သောအခါ ရှေ့ဆက်ရမည့်လမ်းကို မတွေ့ရတော့ပြီ။

ခြေလှမ်းတစ်ရာခန့် လျှောက်ပြီးသောအခါ ရုတ်တရက် ဝမ်းနည်းဖွယ်ရာ အသံတစ်ခုကို ကြားလိုက်ရသည်။ စည်းချက်ကျကျ သီဆိုနေသော ထိုအသံသည် အိုမင်းသော်လည်း ကြည်လင်ပြတ်သားလှပြီး သံနှင့် ကျောက်စိမ်းတို့ ပွတ်တိုက် တီးခတ်သံကဲ့သို့ နားဝင်ချိုလှသည်။

ကျုံးကျိုးပြည်နယ်တွင် ထူးဆန်းသော အရာများစွာ ရှိသည်။ ဆောင်းရာသီတွင် ဖယောင်းတိုင်မီးကဲ့သို့ လင်းလက်တောက်ပသော ပိုးကောင်များရှိ၏။

ထိုအလင်းရောင်သည် တစ်ချက်လင်း တစ်ချက်မှိန်ဖြင့် သူ၏အနားသို့ ရောက်ရှိလာလေပြီ။

ချီဝူဟော်၏ ခြေလှမ်းတို့ အနည်းငယ် ရပ်တန့်သွားသည်။ သူမသိလိုက်ဘဲ တောင်ကြား တောနက်ထဲသို့ ရောက်ရှိနေလေပြီ။ ပတ်ပတ်လည်တွင် ပိုးကောင်များနှင့် ငှက်များ လိုက်ပါနေသည်ကို သူမသိ။ ညခင်းမြူနှင်းများကြားတွင် ကျားကြီးတစ်ကောင်သည် မျက်လုံးမှိတ်ကာ ငြိမ်သက်နေပြီး တောရိုင်းတိရစ္ဆာန်များအားလုံးလည်း ရှိနေကြသည်။ ထိုကဗျာရွတ်ဆိုသံသည် တဖြည်းဖြည်း ပိုမိုရှင်းလင်းလာပြီး လက်ဝါးဖြင့် စည်းချက်လိုက်ကာ ကျယ်လောင်စွာ သီဆိုနေ၏။

“လူ့လောကီအညစ်အကြေး၊ မြူတစ်မှုန်မျှ မကပ်ငြိ၊ နတ်သင်တပည့်အပေါင်းတို့က ခန်းမဆောင်ထဲ ပြည့်နှက်နေပြီ”

“ဝတ်ရုံတို့မှာ မြူခိုးငွေ့ရောင် လွှမ်းခြုံလျက်၊ တိမ်တိုက်ရေပြင်ဟာ တောင်ဝှေးနှင့် ခြေနင်းတို့မှာ အဖော်သဟဲပြု”

“သံပလွေကိုမှုတ်သော် ပင်လယ်ပြင်ပေါ် လမင်းသာ၊

လက်ရုံးထဲမှာ ဆုပ်ကိုင်ထားသည်က နတ်ဘုံနွေဦး တစ်ခုလုံး”

“ယခုမူကား အရပ်ဆယ်မျက်နှာမှ ဧည့်သည်တော်များ စုဝေးကြ၊ မည်သူ ဘယ်ဝယ်က တုံးပင်နတ်မင်း ဖြစ်သည်ကို ကြည့်ရှုကြကုန်လော့”

“ဟေ…”

“ဧည့်သည်တောင် ရောက်လာပြီလား”

“ရှေ့ကိုတိုးလာပြီး စကားတစ်ခွန်းလောက် ပြောပါဦး ဧည့်သည်လေး”

All Chapters