မဟာတာအိုတရားကို ရှာဖွေရမည်
Vol. 1 Ch. 11
ချီဝူဟော်သည် အဘိုးအိုကို ကြည့်ကာ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူလှုပ်ရှားလိုက်သည်နှင့် မူလက သဘာဝတရားနှင့် တစ်သားတည်းဖြစ်နေသော အငွေ့အသက်သည် ပျောက်ကွယ်သွားခြင်းနှင့်အတူ ငှက်ကလေးလည်း လန့်ဖျပ်ပျံသန်းသွားသည်။
အဘိုးအိုသည် ငှက်ကလေး ပျံသန်းသွားသည်ကို ကြည့်ရင်း ရယ်မောလျက် "မင်း မူလစွမ်းအင်တစ်စက်ကို ကျင့်ကြံထုတ်လုပ်နိုင်တဲ့အခါ ကောင်းကင်နှင့်မြေကြီး၊ သဘာဝတရားနဲ့ ပေါင်းစည်းသွားနိုင်လိမ့်မယ်။ အဲဒီအချိန်မှာ တိရစ္ဆာန်ငှက်တွေက မင်းကြောင့် လန့်ဖျပ်မှာ မဟုတ်တော့ဘူး"
အဘိုးအို တစ်ချက်ကြည့်လိုက်သည်နှင့် ချီဝူဟော်သည် မူလစွမ်းအင်ကို ပျိုးထောင်နိုင်ပြီဖြစ်ကြောင်း သိလိုက်သည်။
ဤသည်မှာ သိုင်းလောကမှ သိုင်းသမားများ လိုက်လံရှာဖွေသော အတွင်းအားနှင့်မတူ၊ ရန်သူကို သတ်ဖြတ်နိုင်စွမ်း များစွာမရှိပေ။ မူလစွမ်းအင်၊ မူလအနှစ်သာရ၊ မူလဝိညာဉ်တို့သည် လူတစ်ဦး၏ ကိုယ်နှင့်စိတ်အခြေအနေကို အပြည့်စုံဆုံးအဆင့်သို့ မြှင့်တင်ရန်ဖြစ်ပြီး ထို့နောက် ဤအပြည့်စုံဆုံးအခြေအနေတွင် တရားလမ်းသို့ ဝင်ရောက်ရန်ဖြစ်သည်။
အကြည့်ကို ပြန်ရုတ်သိမ်းကာ မုတ်ဆိတ်ကို ပွတ်သပ်ရင်း "ဒီနေ့က မင်းပထမဆုံး တရားထိုင်အသက်ရှုလေ့ကျင့်တာ။ ငါးနာရီတိတိကြာတယ် နောက်နေ့တွေမှာ ဒီလိုမလုပ်နဲ့။ အချိန်ကြာမြင့်စွာ တရားထိုင်ခြင်းက ကိုယ်ခန္ဓာကို ပျက်စီးစေရုံသာမက စိတ်ဝိညာဉ်ကိုလည်း ထိခိုက်စေတယ်။ နာရီဝက်ဆိုရင် လုံလောက်ပြီ"
ချီဝူဟော် ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးမှိတ်ကာ မိမိကိုယ်ခန္ဓာတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို ခံစားနေ၏။ အသက်ရှုခြင်း ပိုမိုရှည်လျားလာပြီး မူလဝိညာဉ်က အထက်တွင် တည်ရှိကာ ချီစွမ်းအင်သည်လည်း ဖြစ်ပေါ်လာပြီဖြစ်သည်။ မူလစွမ်းအင်သည် မရပ်မနား လည်ပတ်နေပြီး သွေးသားများနှင့် ပေါင်းစည်းကာ အထူးခံစားမှုတစ်ခုကို ပေးစွမ်း၏။ ကိုယ်ခန္ဓာမှာ တိတ်တဆိတ် တိုးတက်ပြောင်းလဲနေသကဲ့သို့ပင်။
နှေးကွေးသော်လည်း ကြာရှည်စွာ မရပ်မနား။
ယခင်က မူလဝိညာဉ်ကို အသုံးပြုပြီးနောက် ခေါင်းကိုက်မတတ်ဖြစ်ပြီး အားနည်းသွားသော ခံစားမှုသည်လည်း ပျောက်ကွယ်သွားသည်။ ယခင်နှင့်ယခု ခံစားမှုကွာခြားချက်မှာ ယခင်က ခြေထောက်နှစ်ဖက် လေထဲတွင်ရှိနေပြီး ယခုမူ မြေကြီးပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်သကဲ့သို့ပင်။ စိတ်ထဲတွင် တစ်ခဏအတွင်း များစွာ တည်ငြိမ်သွားသည်။
အဘိုးအိုမှာ ဘေးနားတွင် မြေနီမီးဖိုငယ်လေးဖြင့် လက်ဖက်ရည်ကျိုရင်း ခပ်ပြုံးပြုံးဖြင့် "ငါတို့ တာအိုဂိုဏ်းရဲ့ အစပျိုးကျင့်စဉ်နဲ့ အဆင့်မြင့်ကျင့်စဉ်ကို အသက်ကျင့်စဉ်နဲ့ စိတ်ကျင့်စဉ်ဆိုပြီး နှစ်မျိုးခွဲထားတယ်" ဟု ဆိုသည်။
"စိတ်ကျင့်စဉ်က မီးထဲမှာ ကြာပန်းစိုက်တာကို အလေးထားပြီး အသက်ကျင့်စဉ်ကတော့ ရေအောက်မှာ နက်နဲမှုကို ရှာဖွေတာပဲ"
ချီဝူဟော်က "ရေအောက်မှာ နက်နဲမှုကို ရှာဖွေခြင်း…။ ခန်က ရေကို ကိုယ်စားပြုတယ်၊ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်၊ မူလအနှစ်သာရကို ဆိုလိုတာမလား"
အဘိုးအိုသည် ရယ်မောလက်ခုပ်တီးကာ…
"ဟုတ်တယ်... ဒါက မူလအနှစ်သာရကျင့်စဉ်က အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ညွှန်ပြနေတာ။ ဂိုဏ်းခွဲတွေအများကြီးက 气 (ချီ) နဲ့ 炁 (ချီ) ရဲ့ ကွာခြားချက်ကို မသိဘဲ မူလစွမ်းအင်နဲ့ မူလဝိညာဉ်ကို ပေါင်းစည်းပြီး တရားလမ်းသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်ခန္ဓာကိုယ်မှ ထွက်နိုင်တဲ့ ကျင့်စဉ်ကို ကျင့်ကြံကြတယ်"
"နောက်ပိုင်းမှာ ဒုက္ခမနည်းလှဘူး"
"စွမ်းအင်စားသုံးသူ မသေ၊ ဝိညာဉ်ရှိသူ ထာဝရတည်၏။"
"စွမ်းအင်နဲ့ ဝိညာဉ်ကို ပေါင်းစည်းပြီး မူလအနှစ်သာရကို စွန့်ပစ်လိုက်တာက လွတ်လပ်မှုကို ရရှိသလို ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သင်္ချိုင်းကုန်းထဲက အရိုးခြောက်ဘဝနဲ့ အဆုံးသတ်ရမှာပဲ"
"ရုပ်ကလာပ်မှလွတ်မြောက်သောသူတော်စင်အဖြစ်သာ ကျင့်ကြံနိုင်လိမ့်မယ်"
ချီဝူဟော်က "ဘယ်လိုလုပ်မှ မူလအနှစ်သာရကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်မှာလဲ" ဟု မေးမြန်းသည်။
အဘိုးအိုက "သာမန်လူတွေ ကျင့်ကြံမယ်ဆိုရင်တော့ သွေးသားအမြောက်အများကို စားသုံးပြီး သိုင်းပညာနဲ့ ကိုယ်ခန္ဓာကို သန့်စင်ရမယ်။ သွေးသားကို အားကောင်းစေပြီး သွေးစွမ်းအင်က ပြဒါးလိုဖြစ်ပြီး မီးခိုးလို ထူထဲလာမှ နောက်ပိုင်းကနေ မူလအခြေအနေကို ပြောင်းပြန်လှန်တဲ့ လမ်းစဉ်ပဲ"
"တာအိုဂိုဏ်းမှာတော့ အနှစ်သာရဆိုတာ စင်ကြယ်ပြီး မရောနှောတာကို ဆိုလိုတယ်"
"အဓိကက စင်ကြယ်မှုပဲ"
"မင်းကတော့ မူလဝိညာဉ်ကို ရရှိပြီးသား။ မူလဝိညာဉ်နဲ့ မူလစွမ်းအင်ကို တွန်းအားပေး၊ မူလစွမ်းအင်က သွေးကြောတွေကို လည်ပတ်စေတယ်။ နောက်ဆက်တွဲကတော့ ရေဖြင့်ကျောက်တုံးကို တိုက်စားသလို အချိန်ယူရတဲ့ အလုပ်ပဲ။ တဖြည်းဖြည်းနဲ့ မူလအနှစ်သာရ စင်ကြယ်မှုကို အလိုလို ရရှိနိုင်လိမ့်မယ်။ ဒါပေမဲ့…"
အဘိုးအို၏ အသံသည် ခဏရပ်တန့်သွားပြီး မျက်လုံးထဲတွင် အလင်းရောင်များ လှုပ်ရှားနေသော ကောင်လေးကို ကြည့်ကာ နောက်ပြောင်သော အပြုံးဖြင့် "မီးနဂါးရသေ့ရဲ့ အဲဒီကျောက်စိမ်းခေါင်းအုံးကြောင့် မင်းရဲ့ မူလဝိညာဉ်က ချီစွမ်းအင်နဲ့ မူလအနှစ်သာရထက် အများကြီး အားကောင်းနေတယ်။ လမ်းမှားမလျှောက်ချင်ဘူး၊ သုံးခုလုံးကို အတူတူ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံချင်တယ်ဆိုရင်တော့ နှစ် ၃၀၊ ၅၀လောက် လိုအပ်နိုင်တယ်"
"အဲဒီအချိန်ရောက်ရင် သွေးစွမ်းအင် ယိုယွင်းပြီး မူလစွမ်းအင် ပျက်စီးသွားနိုင်တယ်။ နောက်ဆုံးမှာ မဟာတရားလမ်းကို မဝင်ရောက်နိုင်ဘဲ သက်တမ်းပြည့် နေထိုင်ရုံပဲ ရနိုင်လိမ့်မယ်။ ဘယ်လိုလဲ... ရုပ်ကလာပ်မှလွတ်မြောက် သူတော်စင်အဖြစ် ကျင့်ကြံလိုက်ရင်လည်း လောကမှာ နှစ်၃၀၀၊ ၅၀၀လောက် နေနိုင်တယ်။ ကိုယ်ခန္ဓာ ပုပ်သိုးသွားပြီးနောက် မူလဝိညာဉ်က မသေဘူး"
"ကံကောင်းရင် ကောင်းကင်ဘုံဧကရာဇ်ရဲ့ အမိန့်တော်ကိုရပြီး ကောင်းကင်ဘုံက အဖိုးတန်ပစ္စည်းတွေ စားသုံးရင် အချိန်အနည်းငယ် ထပ်နေနိုင်သေးတယ်"
ကောင်လေးသည် လက်အုပ်ချီကာ "မဟာတရားလမ်းကိုသာ ရှာဖွေလိုပါတယ်" ဟု ဆိုသည်။
"ရည်မှန်းချက်ကောင်းလိုက်တာ"
အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောပြီးနောက် လက်ဝှေ့ယမ်းကာ… "ဒါပေမဲ့ အဘိုးပြောခဲ့တယ်၊ တစ်ကွက်ပဲ သင်ပေးမယ်"
"ဒီတစ်ကွက်ကို လူနဲ့လဲလှယ်သည်ဖြစ်စေ၊ အပြင်ကို ဖြန့်ဝေသည်ဖြစ်စေ မင်းဘာသာမင်း စီမံခန့်ခွဲ။ ဒါပေမဲ့ ငါကတော့ မင်းကို ဒုတိယတစ်ကွက် သင်ပေးမှာ မဟုတ်ဘူး"
"လုံးဝ ကတိမဖျက်ဘူး"
ချီဝူဟော်သည် တည်ကြည်စွာ "တရားသင်ပေးတဲ့ ကျေးဇူးက တစ်သက်မမေ့နိုင်ပါဘူး။ ဘယ်လိုလုပ် ပိုပြီး မျှော်လင့်နိုင်မှာလဲ" ဟု ဆိုသည်။
သူသည် နံနက်စာ ပြင်ဆင်သည်။ ကောက်နှံစုံဖြင့် ပြုလုပ်ထားသော ပေါင်မုန့်လုံး၊ ဟင်းငယ်မှာ လေဖြင့်အခြောက်ခံထားသော ယုန်သားနှင့် မုန်ညင်းဖြူကြော်ပင်။ ဆရာကတော်စူး ပေးခဲ့သော ကြေးပြားသုံးသောင်းသည် ဝယ်ယူနိုင်စွမ်းတွင် ငွေသုံးကျပ်ထက် အနည်းငယ်နိမ့်ပြီး နှစ်ကျပ်ရှစ်မတ်ခန့် တန်ဖိုးရှိသည်။
သို့သော် ယနေ့ခေတ်တွင် ဂျုံမှုန့်ဆယ်ပေါင်လျှင် ငွေတစ်မတ်သာ တန်သည်။ လက်ဖက်ခြောက်ဆယ်ပေါင်လျှင် ငွေတစ်ကျပ်သာ ကုန်ကျသည်။ ငွေသုံးကျပ်သည် ယခု ချီဝူဟော်အတွက် အလွန်ကြီးမားသော ငွေပမာဏဖြစ်ပြီး ဘဝနေထိုင်မှုတွင် ဤမျှ ကျပ်တည်းရန် မလိုအပ်တော့ပေ။ ထမင်းဟင်းစားပြီးနောက် အဘိုးအိုသည် ညက သူ့ကိုတစ်ညလုံး စောင့်ရှောက်ခဲ့ရသဖြင့် ယခု အိပ်ငိုက်နေပြီဟုဆိုကာ သမ်းဝေရင်း ဘေးစောင်းလှဲအိပ်သွားသည်။
ထိုအခါ ချီဝူဟော်သည် ဘေးနားက ဂိုဒေါင်ငယ်လေးထဲသို့ လျှောက်သွားပြီး ဖွင့်လိုက်သောအခါ အတွင်းမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။ အသုံးမလိုသော ပစ္စည်းအမျိုးမျိုးကို ဤနေရာတွင် ထားရှိထားသည်။ ဘီးတစ်လုံးသာ ကျန်တော့သော လှည်းဘီး၊ သစ်သားအိုဖြင့် ပြုလုပ်ထားသော ချိန်ခွင်တိုင်၊ ထိုအရာများက အက်ရာများပင် ပေါ်နေပြီဖြစ်သည်။ အမျိုးမျိုးသော ပစ္စည်းများစွာ ရှိနေ၏။
ဘေးဒုက္ခကို ကြုံတွေ့ခဲ့ဖူးသူများသည် အမြဲတမ်း မသိစိတ်ဖြင့် အသုံးဝင်နိုင်သော ပစ္စည်းအမျိုးမျိုးကို စုဆောင်းထားတတ်ကြသည်။ ချီဝူဟော်သည် မိမိ၏ ရတနာသိုက်ငယ်လေးကို စစ်ဆေးနေလျှက်။ ထို့နောက် လက်တွန်းလှည်းတစ်ဝက်ကို တွန်းဖယ်လိုက်ရာ အောက်တွင် ကျောက်ကြိတ်ဆုံတစ်ခု ရှိသည်။ အားကုန်သုံးကာ ကျောက်ကြိတ်ဆုံပြားကို တွန်းဖယ်လိုက်ရာ အောက်တွင် အဝိုင်းပုံ အပေါက်တစ်ခုရှိပြီး အလယ်တွင် ပိုးချည်တစ်မျှင် ချိတ်ဆွဲထားသည်။
ချီဝူဟော်သည် သက်ပြင်းချကာ ကြိုးကို ဆွဲတင်လိုက်ရာ မူလကပင် အေးစက်နေသော ဂိုဒေါင်သည် တစ်ခဏအတွင်း ပိုမိုအေးစက်သွားပြီး အေးစက်သော အလင်းရောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ ထိုအရာမှာ ဓားတစ်လက်။
စစ်သည်တော်တစ်ဦး၏ ဓား။
ထိုဘေးဒုက္ခနှစ်များတွင် စစ်တပ်ပင်လျှင် ပုန်ကန်မှုများ ဖြစ်ပွားခဲ့သည်။ ဤနေရာသို့ အတင်းအကျပ် ခေါ်ဆောင်လာခဲ့သောလမ်းတွင် သူသည် ဓားတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းကို ကောက်ယူရရှိခဲ့သည်။ ထိုအချိန်တွင် လက်နက်မရှိဘဲ ဤနေရာအထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ဤဓားကို ထုတ်ယူပြီးနောက် ချီဝူဟော်သည် လက်ချောင်းများဖြင့် ဓားကို ပွတ်သပ်လိုက်ရာ ဓားကိုယ်ထည်၏ အေးစက်မှုကို ခံစားမိပြီး စိတ်ထဲတွင် တည်ငြိမ်သွားပြီး ရင်းနှီးသလို၊ စိမ်းသက်သလို ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
ရင်းနှီးသည်မှာ အိပ်မက်ထဲတွင် သူငယ်စဉ်က လောကတစ်ခွင် လှည့်လည်ပညာသင်ကြားရင်း ဓားသိုင်းပညာ သင်ယူခဲ့ဖူးသည်။
စိမ်းသက်သည်မှာမူ ဤသည်မှာ အိပ်မက်ထဲက အဖြစ်အပျက်သာ ဖြစ်သောကြောင့်ပင်။
ဓားကို ကိုင်ကာ ကျောက်ကြိတ်ဆုံကို ပြန်ထားလိုက်ပြီး ဂိုဒေါင်ငယ်လေးမှထွက်၍ ခြံဝင်းထဲတွင် ရပ်နေလိုက်သည်။ ဤဓားသည် သူ့အတွက် အနည်းငယ် လေးလံသင့်ပြီး လွယ်ကူစွာ ဝှေ့ယမ်းနိုင်မည် မဟုတ်သော်လည်း ယခု လက်ထဲတွင် ကိုင်ထားရာ အနေတော်ပင်။
ယခုအချိန်တွင် သူထုတ်သုံးနိုင်သော ခွန်အားသည် အိပ်မက်ထဲမှ ၁၆၊ ၁၇နှစ်အရွယ် မိမိနှင့် တူညီနေ၏။ လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်ကာ လက်ကောက်ဝတ်မှ အနည်းငယ် အားစိုက်လိုက်ရာ ဓားရှည်သည် ကန့်လန့်ဖြတ် ဝှေ့ယမ်းသွားပြီး ဝူးဟူသော အသံထွက်ပေါ်လာသည်။
ဓားသိုင်းပညာ၊ သို့မဟုတ် သိုင်းပညာ။
သတ်ဖြတ်တိုက်ခိုက်နိုင်စွမ်းအပြင် ကိုယ်ခန္ဓာကို သန့်စင်သည့် အပိုင်းလည်း ရှိသည်။ အားကောင်းသော ကိုယ်ခန္ဓာရှိမှသာ ဓားသိုင်းပညာ၏ သတ်ဖြတ်နိုင်စွမ်းကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
မူလအနှစ်သာရကို သန့်စင်သည့် အဆင့်နှင့် လုံးဝမတူညီသော်လည်း… အစပျိုးပိုင်းသည် ကိုယ်ခန္ဓာကို သန့်စင်သည့် အာနိသင်ရှိကြောင်း ချီဝူဟော် စစ်ဆေးတွေ့ရှိခဲ့သည်။ ချီဝူဟော်သည် ဓားကို ကိုင်ကာ နှေးကွေးပြီး ညီညာသော အရှိန်ဖြင့် ဓားကွက်အမျိုးမျိုးကို ထုတ်ဖော်ရင်း အရိုးအကြောများဆွဲဆန့်၍ သွေးစွမ်းအင်ကို လေ့ကျင့်နေသည်။
မူလစွမ်းအင်သည် သွေးစွမ်းအင် ပြည့်စုံဝိုင်းစက်ခြင်းပင်။
လှုပ်ရှားမှုနှင့်အတူ မူလစွမ်းအင်သည် သွေးသားများထဲတွင် လည်ပတ်နှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး နွေးထွေးမှု ပျံ့နှံ့လာသည်ကို ခံစားရသည်။ ဤသည်မှာ မူလအနှစ်သာရ သန့်စင်မှု အနည်းငယ် မြန်ဆန်လာသည်ကို ဆိုလိုသည်။
မူလအနှစ်သာရ၊ မူလစွမ်းအင်၊ မူလဝိညာဉ်။ သုံးခုလုံးကို ပြည့်စုံအောင် ကျင့်ကြံနိုင်လျှင် မဟာတရားလမ်းသို့ ဝင်ရောက်နိုင်သည်။
ချီဝူဟော်သည် မျက်လွှာချကာ အိပ်မက်ထဲမှ အတွေ့အကြုံအမျိုးမျိုး၊ နှစ်များကုန်ဆုံးခြင်း၊ လောက၏ စည်ကားမှု၊ မိမိအိုမင်းရင့်ရော်ခြင်းတို့ကို ပြန်လည်စဉ်းစားရင်း လှုပ်ရှားမှုသည် ပိုမိုတည်ငြိမ်လာသည်။ အကြိမ်သုံးဆယ်ပြီးနောက် ချွေးနုများ တစ်ကိုယ်လုံး ထွက်လာပြီး ဤဆောင်းရာသီကြီးတွင် ကိုယ်ပေါ်မှ အငွေ့အသက်များ ထွက်ပေါ်နေသည်။
ရုတ်တရက် ခြေဖြင့် မြေကို နင်းပြီး ခါးကို အားစိုက်လိုက်ရာ မူလက နှေးကွေးသော ဓားရှည်သည် ရုတ်တရက် အရှိန်မြင့်တက်လာပြီး လေကို ခွဲဖြတ်ကာ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အေးစက်သော အလင်းရောင်တစ်စ ချန်ရစ်ခဲ့၏။ အရှိန်အဝါသည်က အလွန်ကြောက်မက်ဖွယ်ရာပင်။
ဓားသည် ကျဆင်းသွားချိန် လေထလာ၏။
ချီဝူဟော်၏ အသက်ရှုသံသည် တစ်ခဏအတွင်း လိပ်နှင့် ကြိုးကြာငှက်ကဲ့သို့ တည်ငြိမ်သွားသည်။ အိပ်မက်ထဲမှ ဓားသိုင်းပညာကို ပြန်လည်လေ့ကျင့်ခြင်းမှာ တစ်ဖက်တွင် ဤအရာမှ မူလအနှစ်သာရ သန့်စင်မှုကို အရှိန်မြှင့်တင်နိုင်မည့် ဖြစ်နိုင်ခြေကို ရှာဖွေလိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခု ရရှိရန်ဖြစ်သည်။
ထာဝရအသက်ကို ရှာဖွေလိုလျှင် ကာကွယ်စောင့်ရှောက်သည့် နည်းလမ်းရှိရန် လိုအပ်သည်။
မိမိရှာဖွေနေသည်မှာ မဟာတရားလမ်းဖြစ်သည်။
ရှာဖွေနေသည်မှာ ထာဝရအသက်ဖြစ်သည်။
အနှစ်သာရ၊ စွမ်းအင်၊ ဝိညာဉ် သုံးပါးစလုံး ပြည့်စုံမှသာ နောက်တစ်ဆင့်သို့ လှမ်းမည်ဖြစ်သည်။ ဤမတိုင်မီတွင် တန်ခိုးအစွမ်းများ မရှိသဖြင့် ဓားသိုင်းပညာသည် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံးဖြစ်သည်။
ကြီးမားသော မူလဝိညာဉ်သည် စွမ်းအင်ကို ထိန်းချုပ်ကာ ခြေလက်အင်္ဂါ၊ သွေးသားများထဲတွင် လည်ပတ်နေပြီး ကိုယ်ခန္ဓာဟာ အနည်းငယ် တုန်ခါပြီး မောပန်းမှုကို ဖြေဖျောက်လိုက်သည်။
ချီဝူဟော် မျက်လုံးဖွင့်ကာ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ ညာလက်ဖြင့် ဓားကို ညီညာစွာ ကိုင်ထားပြီး ဘယ်လက်ကို နောက်တွင် ပစ်ထား၏။ ဆံပင်နက်သည် နားထင်တွင် ကျနေပြီး ပန်းပွင့်တစ်ပွင့်သည် ဓားကိုယ်ထည်ပေါ်သို့ ကြွေကျသွားသည်။
ပန်းပွင့်ခြင်း၊ ပန်းကြွေခြင်းကို မြင်ရသည်မှာ မိမိ၏ ဘဝတစ်သက်တာကို မြင်ရသကဲ့သို့ပင်။
ချီဝူဟော်၏ မျက်လုံးထဲတွင် တည်ငြိမ်ခိုင်မာမှုတို့ ရှိနေပြီး ကြွေကျလာသော ပန်းပွင့်ကို ခါထုတ်လိုက်သည်။
"မဟာတာအိုတရားလမ်းကို ရှာဖွေရမည်"
...
လိမျိုးနွယ်စံအိမ်။
လိဖူယိသည် ချီဝူဟော်ကို ဖိတ်ခေါ်ပြီးနောက် အိမ်ပြန်ရောက်မှ သက်ပြင်းချနိုင်ခဲ့သည်။ ထို့နောက် စိတ်အေးလက်အေး ကစားရန် သွား၏။ ၁၅နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သဖြင့် မူလက သူ၏ ဦးလေးထံသွား၍ မြို့တော်မှ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို မေးမြန်းရန် ရည်ရွယ်သော်လည်း… သူ၏ဖခင်က ဦးလေးကို ခေါ်သွား၏။
ထို့ကြောင့် စိတ်မသက်မသာဖြင့် ပြန်လာပြီး ငှားရမ်းထားသော ဆရာနှင့်အတူ ဇီသာတီးကာ လေ့ကျင့်နေရတော့သည်။
ဤအချိန်တွင် လိဖူယိ၏ ဖခင်သည် ရှေ့မှ မိမိနှင့် သုံးပုံတစ်ပုံခန့် တူညီသော လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် စားပွဲပေါ်မှ ရွှေတုံးများကို ကြည့်ရင်း မျက်နှာအမူအရာသည် တစ်ခဏအတွင်း တင်းမာသွားသည်။
"မင်း... မင်းအပြင်မှာ ကုန်သွယ်တယ်လို့ ပြောတယ်"
"ဘာကုန်သွယ်တာလဲ။ တစ်နှစ်အတွင်းမှာ ရွှေတစ်ရာရတယ်လား။ ဒီလောက်တောင် အမြတ်အစွန်းရှိတာလား"
လိဖူယိ၏ ဦးလေး လိယီရှန်က "ကုန်သွယ်တာပါပဲ" ဟု ဆိုသည်။
လိယွဲ့လင်၏ မျက်နှာအမူအရာသည် မကောင်းတော့ဘဲ "ဒီလောက်အမြတ်ကြီးတာ၊ ကုန်သွယ်တယ်…"
"မင်း လူကုန်ကူးတာလား"
လိယီရှန်က "လူရောင်းတာ မဟုတ်ဘူး" ဟု ဆိုသည်။
သူသည် သက်ပြင်းချကာ အနည်းငယ် နောက်သို့ မှီလိုက်သည်။
"ဒါပေမဲ့… သရဲရောင်းတာ"