အရှင် ကျွန်ုပ်၏ တရားကို နာယူလိုပါသလော
Vol. 1 Ch. 14
"ဟွမ်ကျင်းတဲ့လား"
ချီဝူဟော်သည် မသိစိတ်ဖြင့် နောက်ကျောမှ ကျောပိုးတောင်းကို ဆွဲလိုက်ပြီး "ဒီဟွမ်ကျင်းတွေက မင်းတို့စိုက်တာလား" ဟု မေးသည်။
ထိုပန်းသမင်သည် ခြေထောက်ကို လှုပ်ရှားလိုက်ပြီး ဝမ်းနည်းဒေါသဖြင့် "ဟုတ်တယ်"
"မင်းတို့လူတွေက အရင်တုန်းက ငါတို့တောင်ပေါ်မှာ စိုက်ထားတဲ့ ဟွမ်ကျင်းတွေကို အကုန်တူးသွားတာမို့ ငါတို့ အပင်ပန်းခံပြီး ပြန်စိုက်ထားတာ။ အပင်ပန်းခံပြီး ပြန်ပေါက်လာအောင် ကြိုးစားထားတာ၊ မင်းတို့ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ"
ချီဝူဟော်သည် စဉ်းစားပြီးနောက်…
"ဒါဆိုရင် ဒါက မင်းတို့စိုက်တဲ့ ဆေးဖက်ဝင်အပင်ဖြစ်ကြောင်း ဘယ်လိုသက်သေပြမလဲ"
"ဒီတောင်ထဲမှာ သဘာဝအတိုင်း ပေါက်တာ မဟုတ်ဘူးလား"
ထိုသမင်သည် ဒေါသထွက်ကာ "ငါတို့စိုက်တာ သေချာတယ်၊ ငါတို့ အမှတ်အသားတွေတောင် လုပ်ထားတယ်၊ မယုံရင် ကြည့်" သမင်ဟာ ကျောက်နံရံပေါ်မှ ခုန်ချလာပြီး လှုပ်ရှားမှုသည် ပေါ့ပါးလှပြီး ချီဝူဟော်ကို ကြည့်ရန် ညွှန်ပြသည်။
အမှန်ပင် ဟွမ်ကျင်းစိုက်ထားသော နေရာတိုင်းတွင် အမှတ်အသားများ ပြုလုပ်ထားသည်။ ကျောက်တုံးငယ်လေးများကို စီထားခြင်း၊ သို့မဟုတ် သစ်ပင်နောက်တွင် ကျောက်ပြားငယ်လေးတစ်ခုကို ဝှက်ထားခြင်း၊ အားလုံးသည် တူညီနေသည်။ ထိုသမင်သည် ဤအရာများကို ညွှန်ပြနေစဉ် မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး ချီဝူဟော် ငယ်စဉ်က ဘေးဒုက္ခကြောင့် မိစ္ဆာနိုင်ငံသို့ ကျရောက်စဉ် တွေ့ခဲ့ရသော လူစားတတ်သည့် မိစ္ဆာများနှင့် လုံးဝကွဲပြားနေ၏။ မူလဝိညာဉ်ဖြင့် ကြည့်ရှုရာ သူ၏ တစ်ကိုယ်လုံးတွင် ကြည်လင်သော စွမ်းအင်များ ရှိနေသည်။
ချီဝူဟော်သည် စိတ်ဝင်စားစွာ "မင်းက သမင်မိစ္ဆာလား" ဟု မေးသည်။
ထိုသမင်သည် အလေးအနက်ထားကာ "နတ်သမင်"
"အို... ငါ့ကို မမေးနဲ့တော့။ ကြည့်... ဒါက ငါတို့ကိုယ်တိုင် စိုက်ထားတာ၊ ဒါကြောင့် မင်းငါ့ကို ပြန်ပေးရမယ်"
ချီဝူဟော်သည် ခေါင်းညိတ်ကာ "မင်းစိုက်ထားတာဆိုရင် မင်းပိုင်တာပေါ့" ဟု ဆိုသည်။
စကားဆုံးသည်နှင့် ကျောပိုးတောင်းကို ချွတ်ချပြီး အတွင်းမှ ဟွမ်ကျင်းများကို ထုတ်ယူလိုက်သည်။ ထိုသမင်သည် တစ်စိတ်တစ်ပိုင်းကို ရေတွက်ပြီးနောက် ထိုထဲမှ အနည်းငယ်ကို ချီဝူဟော်အား ခွဲပေးကာ "ဒါက မင်းအတွက်" ဟု ဆိုသည်။
"ငါ့အတွက်လား"
"ဟုတ်တယ်... မင်းက ငါတို့ကို တူးပေးတာ၊ လုပ်အားခပေါ့"
ထိုသမင်ငယ်လေးသည် ချီဝူဟော်ကို အဝတ်စဖြင့် ဟွမ်ကျင်းကို ထုပ်ပိုးခိုင်းပြီး သမင်ငယ်လေး၏ ကျောပေါ်တွင် ထုပ်ပိုးတင်ကာ ကြိုးချည်လိုက်သည်။ ထို့နောက်မှ ကျေနပ်စွာဖြင့် အမြီးငယ်လေးကို ယမ်းကာ ရှေ့သို့လျှောက်သွားသည်။
ခြေလှမ်းအနည်းငယ် ခုန်သွားပြီးနောက် စဉ်းစားပြီး နောက်ပြန်လှည့်ကာ ချီဝူဟော်ကို ကြည့်ပြီး…
"ဒါပေမဲ့ မင်းက လူကောင်းတစ်ယောက်ပဲ"
"ဒီနေ့ ငါတို့မှာ ပွဲတော်ရှိတယ်၊ မင်းလည်း လာချင်လား"
ချီဝူဟော် စဉ်းစားပြီးနောက် မိမိကိုယ်ကို ညွှန်ပြကာ ရယ်မောလျက်…
"ငါလည်း လာလို့ရလား"
"ရတာပေါ့"
"တောင်ပေါ်ပွဲတော်ပဲလေ"
တောင်ထဲတွင် ငွေရောင်အဆင်းဖြင့် ဖုံးလွှမ်းနေပြီး သမင်ငယ်လေးတစ်ကောင်သည် ရှေ့မှ ခုန်ပေါက်ပြေးလွှားနေသည်။ အပြာရောင်ဝတ်လုံ ဝတ်ဆင်ထားသူ ကောင်လေးမှာ ဆံပင်နက်ကို စည်းထားပြီး ကျောပိုးတောင်းကိုလွယ်၍ ရိုးရှင်းသည့် ဖိနပ်တစ်ရံကို စီးထားကာ စုပုံထူထပ်နေသော နှင်းများပေါ်တွင် ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်နေ၏။ လက်ဖြင့် ကျောပိုးတောင်း၏ ကြိုးကို ဆွဲထားရင်း စိတ်ဝင်စားစွာဖြင့် မေးမြန်းလေ၏။
"ဒါပေမဲ့ မင်းစကားပြောတတ်တာ ဘယ်ကသင်ခဲ့တာလဲ"
သမင်လေးသည် ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့ကာ "ငါက စကားပြောတတ်တာပေါ့" ဟု ဆိုသည်။
"ကြည့်... ငါက လည်ချောင်းအရိုးကို သန့်စင်ပြီးပြီမို့ စကားပြောနိုင်ပြီ။ မူလအနှစ်သာရကိုလည်း ပျိုးထောင်ပြီးပြီ။ ဟွန်း... သာမန်သမင်တွေက အသက် ၂၀ပဲ ရှင်တယ်။ ငါကတော့ အသက် ၁၀၀အထိ နေနိုင်တယ်"
ကျောပိုးတောင်းလွယ်ထားသော ကောင်လေးက… "ကျင့်ကြံပြီးရင် အသက် ၁၀၀ကျော်ပဲ ရှင်နိုင်တာလား"
ထိုသမင်သည် ဟွန်းခနဲအသံပြုကာ "သတ္တဝါတိုင်းက လူတွေလို ထာဝရအသက်ရှင်တဲ့ မျိုးနွယ်လို့ မင်းထင်နေတာလား"
ချီဝူဟော်သည် ဇဝေဇဝါဖြင့် "ထာဝရအသက်ရှင်တဲ့ မျိုးနွယ်တဲ့လား"
"လူတွေကလည်း အသက် ၇၀၊ ၈၀ပဲ ရှင်နိုင်တာလေ"
သမင်သည် မင်းက ကံကောင်းနေတာကို မသိဘူးဆိုသော လေသံဖြင့်… "ဒါပေမဲ့ ၁၅နှစ်အရွယ် သမင်က သမင်အိုကြီးဖြစ်နေပြီဟ"
ကျောက်တုံးတစ်ခုပေါ်သို့ ခုန်တက်ကာ… "ငါ့အဘိုးကို လူမျိုးနွယ်တွေထဲက တာအိုရသေ့တစ်ပါးက မွေးစားခဲ့တာ။ အဲဒီတုန်းက တောမီးလောင်တော့ အဲဒီရသေ့က သူ့ကို ပွေ့ချီပြန်သွားခဲ့တာပေါ့"
"ငါ့အဘိုးငယ်ငယ်တုန်းက အဲဒီရသေ့က အဲဒီအရွယ်ပဲ။ ငါ့အဘိုးကြီးလာတော့ တောင်ထဲမှာ သွားလာနိုင်ချိန်မှာ ရသေ့က အဲဒီပုံစံပဲ။ ငါ့အဘိုးအိုမင်းပြီး သေဆုံးသွားတဲ့အခါမှာလည်း အဲဒီရသေ့က အဲဒီပုံစံပဲ"
"တောင်ထဲက တောရိုင်းတိရစ္ဆာန်အများစုက မွေးဖွားခြင်းကနေ သေဆုံးခြင်းအထိ လူတွေရဲ့ မျက်နှာအမူအရာက သိပ်မပြောင်းလဲဘူး။ အားကောင်းပြီး ရှည်လျားတဲ့ သက်တမ်းရှိတယ်။ ငါတို့ထက် ငါးဆပိုရှည်တဲ့ သက်တမ်းရှိတယ်။ ဒါက ထာဝရအသက်ရှင်တဲ့ မျိုးနွယ်မဟုတ်ဘူးလား"
သမင်ငယ်လေးသည် ဇဝေဇဝါဖြစ်သွားပြီးနောက်… "ငါက အသက်၁၀၀ကျော်အထိ ရှင်နိုင်အောင် ကျင့်ကြံနိုင်တာက တော်တော်ဟုတ်နေပြီလေ"
ချီဝူဟော်သည် ထိုစကားကြားသည်နှင့် ခဏစဉ်းစားပြီး ရယ်မောလျက် "ဟုတ်သားပဲ" ဟု ဆိုသည်။
စိတ်ထဲတွင်မူ ဤသို့ဆိုလျှင် သက်တမ်း၊ ထာဝရအသက်ဆိုတာ အတိအကျမဟုတ်ဘူး၊ သမင်အတွက်တော့ ၅နှစ်တစ်ဆက်၊ လူသားတွေရဲ့ အမြင့်ဆုံးသက်တမ်းအထိ ကျင့်ကြံနိုင်ရင် သမင်မျိုးဆက် ၂၀ကျော် ရှင်သန်နိုင်ပြီး ဘိုးဘေးကြီးတစ်ပါးလို့ ခေါ်တွင်နိုင်ပြီ။
သို့သော် လူသားအတွက်တော့ ဤသည်မှာ သုံးပါးပြည့်စုံခြင်းအဆင့်သာ ဖြစ်သည်။
ပျံကျပိုးကောင်အတွက်တော့ နံနက်မွေး ညနေသေ။ သမင်ရဲ့ သက်တမ်းပင်လျှင် သူတို့အမြင်မှာ မယုံနိုင်လောက်အောင် ရှည်လျားနေပေလိမ့်မည်။
ကောင်လေး၏ စိတ်ထဲတွင် ကြည်လင်သွားပြီး မိမိကိုယ်ကို… "နှစ်ကာလသည် ရှည်လျားလှသည်၊ လူသည် ကောင်းကင်နှင့်မြေကြီးကြားတွင် နှစ်တစ်ရာသက်တမ်းကို ခံစားရသည်။"
"သို့သော် ကောင်းကင်နှင့်မြေကြီးနှင့် နှိုင်းယှဉ်လျှင် ပျံကျပိုးမျှသာ။"
"နံနက်မွေး ညနေသေ။"
သမင်နတ်သည် ရှေ့မှ ခုန်ပေါက်ပြေးလွှားရင်း နောက်မှ လူပြောသော စကားကို ကြားလိုက်ရချိန် သိပ်ထူးဆန်းတယ်လို့ ထင်မိ၏။
လူက အသက် ၇၀၊ ၈၀ ရှင်သန်နိုင်တယ်။ နှစ်ပေါင်း ၇၀၊ ၈၀က ဘယ်လိုလုပ် ပျံကျပိုးနဲ့တူတယ်လို့ ပြောနိုင်မှာလဲ။ ဒါပေမဲ့ ပျံကျပိုးကရော ဘာလဲ။
ထူးဆန်းတဲ့လူ၊ ထူးဆန်းတယ်။
ထိုအခိုက် ရုတ်တရက် ရှေ့မှ ကျယ်လောင်လှသည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။
"ဟားဟားဟား... ကောင်းလိုက်တဲ့ စကားတစ်ခွန်း၊ ကောင်းကင်နှင့်မြေကြီးနှင့် နှိုင်းယှဉ်လျှင် ပျံကျပိုးမျှသာ၊ သတ္တဝါအပေါင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် မွေးဖွားလာသည်၊ မည်သူက ဤသို့မဟုတ်ဘဲ နေမည်နည်း။"
"ကြည့်ရတာ ဒီသမင်ငယ်လေးက ထူးခြားတဲ့ ဧည့်သည်တစ်ယောက်ကို ရှာတွေ့ခဲ့ပုံပဲ"
"အတွင်းသို့ ကြွပါဦး မိတ်ဆွေလေး"
အသံသည် အလွန်ခန့်ညားပြီး ရှေ့မှ တောအုပ်ကိုပင် တုန်လှုပ်ခါရမ်းသွားစေသည်။ ထိုနတ်သမင်သည် ခုန်ပေါက်ကာ သစ်ပင်တောအုပ်ကြားမှ ဝင်ရောက်သွားပြီးနောက် ခြေလှမ်းရပ်တန့်၍ နောက်ပြန်လှည့်ပြီး မျက်လုံးနက်တောက်တောက်ဖြင့် ချီဝူဟော်ကို ကြည့်နေ၏။ သူ့ကို ဝင်လာရန် ဖိတ်ခေါ်နေပုံပင်။
ကောင်လေးသည် ပြုံးလိုက်ပြီး လက်ပင့်၍ ရှေ့တွင် ကာဆီးနေသော ထင်းရှူးကိုင်းကို ဖယ်ရှားလိုက်ရင်း ကိုယ်ကိုင်းလိုက်ရာ ထင်းရှူးကိုင်းသည် တုန်ခါသွားသဖြင့် နှင်းများမှာ အပြာရောင်အင်္ကျီပေါ်သို့ ကြွေကျလာ၏။ အဝတ်ကြမ်းမှာ သန့်ရှင်းပြီး မျက်လုံးများသည် နံနက်ခင်းကြယ်တာရာကဲ့သို့ နက်မှောင်တောက်ပနေ၏။ အတွင်းသို့ လျှောက်ဝင်သွားပြီး အနှောင့်အယှက်ပေးမိကြောင်း ဆိုလိုက်ရာ မျက်စိရှေ့မှ မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်ကြီးမားသွားသည်။
ဤသည်မှာ ကျယ်ပြန့်ညီညာသော မြေပြင်တစ်ခုဖြစ်ပြီး နှင်းများကျနေသော်လည်း အရည်မပျော်သေးပေ။ အလယ်တွင် ဆောင်းရာသီတွင်ပင် စိမ်းစိုနေသည့် ငှက်ပျောရွက်ကြီးများကို ခင်းကျင်းထားပြီး ငှက်ပျောရွက်စိမ်းပေါ်တွင် သစ်သီးဝလံနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုးကို တင်ထားသည်။ ရှေ့မှ ကျောက်တုံးပေါ်တွင် မျက်လုံးပြူးနှင့် ကျားဖြူကြီးတစ်ကောင် လှဲလျောင်းနေ၏။
ကိုယ်ထည်အရှည်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်လံကျော်ရှိပြီး အမြီးသည် ပေါ့ပေါ့ဆဆ ကျဆင်းလှုပ်ရှားနေသည်။ ထရပ်လိုက်သောအခါ သူ၏ နဖူးမှ မြေပြင်အထိသည် ချီဝူဟော်နှင့် အရပ်တူနီးပါးရှိပြီး ပယင်းရောင်မျက်လုံးများသည် တည်ငြိမ်သော ခံစားမှုဖြင့် ထိုအပြာရောင်အင်္ကျီနှင့် ကောင်လေးကို ကြည့်နေသည်။
ချီဝူဟော်သည် ထိုကျားကြီးကို မြင်သောအခါ ကိုယ်ခန္ဓာမှာ ဗီဇအလျောက် တစ်ခဏတာ တောင့်တင်းသွားသည်။ ထို့နောက် ထိုကျားကြီး၏ ကိုယ်ပေါ်မှ ကြည်လင်ဟန်ရှိ စွမ်းအင်ကို ခံစားမိပြီး တင်းမာမှု လျော့ကျသွား၏။ ကျားကြီးသည် ချီဝူဟော်ကို မြင်သောအခါ လွန်ခဲ့သော ရက်အနည်းငယ်က ထိုအဘိုးအိုကို တောင်အောက်သို့ ကုန်းပိုးသွားခဲ့သော ကောင်လေးဖြစ်ကြောင်း မှတ်မိလိုက်သည်။ ထိုနေ့က သူသည် တရားနာရန် အနီးသို့ မကပ်ခဲ့သော်လည်း အခြားကျားများ ပြောဆိုသည်ကို ကြားခဲ့ဖူး၏။
စိတ်ထဲတွင် ထိုအဘိုးအိုက တန်ဖိုးထားသော လူဖြစ်သည့်အတိုင်း စောစောကကဲ့သို့သော စကားကို ပြောဆိုနိုင်သည်ဟု ထင်မြင်လိုက်သည်။ စကားပြောဆိုရာ အသံခန့်ညားလှ၏။
"ညီငယ်... ငါက ဒီတောင်ရဲ့ တောင်စောင့်နတ်ပဲ။ ဒီနေ့ နှစ်ကုန်ပွဲတော်လေ၊ မင်းရောက်လာတာ အချိန်ကိုက်ပဲ" (Note - နှစ်မကူးသေးဘူးလို့ ဆိုထားလို့ပါ)
ချီဝူဟော်သည် လက်အုပ်ချီကာ "တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်တာပါပဲ" ဟု ဆိုသည်။
ထို့နောက် ထိုကျားကြီးဘေးမှ ကြေးနီအိုးကြီးတစ်လုံးကို မြင်လိုက်ရသည်။ သမင်ငယ်လေးသည်လည်း ထိုအိုးဆီသို့ ခုန်သွားပြီး နောက်ကျောမှ အထုပ်ကိုဖြေချကာ အတွင်းမှဟွမ်ကျင်းများကို အကုန်လုံး ထည့်လိုက်သည်။
သမင်ငယ်လေး နောက်ဆုတ်သွားပြီးနောက် မျောက်တစ်ကောင်ပြီးတစ်ကောင် တက်လာပြီး ကြီးမားပြည့်ဝသော သစ်သီးအမျိုးမျိုးကို ထိုအိုးထဲသို့ ထည့်သည်။ ထို့နောက် မြေခွေးက ဆေးဖက်ဝင်မြက်ကို ကိုက်ချီလာပြီး မြွေဖြူက ဂျင်ဆင်းကို ယူဆောင်လာကာ အားလုံးကို ထိုထဲသို့ ထည့်လိုက်ကြသည်။ ချီဝူဟော်သည်လည်း ထိုသမင်ငယ်လေး၏ အကြည့်အရိပ်အမြွက်ကြောင့် နောက်ကျောမှ အထုပ်ထဲမှ ဟွမ်ကျင်းများကို ထည့်၏။
ကျားကြီးသည် စကားပြောဆိုရာတွင် တိုးညှင်းသော ကျားဟိန်းသံပါဝင်ပြီး… "ဒါက ငါ့ရဲ့ ရတနာပဲ"
"နှစ်ကုန်တစ်ကြိမ်၊ ဝိညာဉ်သစ်သီးအမျိုးမျိုးကို ထည့်ပြီး ဝိညာဉ်ရည်ကို သန့်စင်တယ်။ သောက်သုံးလိုက်ရင် သက်တမ်းတစ်နှစ်တိုးပြီး ကိုယ်ခန္ဓာကို သန့်စင်တယ်။ မူလအနှစ်သာရကို စင်ကြယ်စေသလို ကျင့်ကြံမှုအပေါ်မှာလည်း အလွန်အကျိုးရှိတယ်၊ ငါက ဒီနည်းနဲ့ တောင်သခင်ဖြစ်လာတာ"
"နှစ်ကုန်တစ်ကြိမ်၊ ဝိညာဉ်ရည်ဖြစ်ပေါ်စေရန်။"
"သုံးနှစ်တစ်ကြိမ်၊ တရားလမ်းဆွေးနွေးရန်။"
ချီဝူဟော်က "မူလအနှစ်သာရ စင်ကြယ်စေခြင်းဆိုလား"
ကျားကြီးက ခေါင်းညိတ်ပြသည်။ အခြားသားရဲတိရစ္ဆာန်မိစ္ဆာများက မူလအနှစ်သာရဆိုတဲ့ စကားလုံးနှစ်လုံးရဲ့ အဓိပ္ပာယ်ကို မသိကြသဖြင့် သူလည်း ပေါ့ပေါ့ဆဆ ပြောဆိုလိုက်သည်။ ချီဝူဟော်၏ တုံ့ပြန်မှုကို မြင်သောအခါ သိပုံရသဖြင့် ရယ်မောမေးမြန်းသည်။
"မူလအနှစ်သာရကျင့်စဉ်ကို သိတယ်လား"
ချီဝူဟော်သည် ခေါင်းခါကာ… "ကျင့်စဉ်ကို မသိပါဘူး၊ မူလအနှစ်သာရကိုသာ သိပါတယ်"
ကျားကြီးသည် အနည်းငယ် ခေါင်းညိတ်ကာ ထပ်မံ၍… "သို့ဆိုလျှင် ကျွန်ုပ်၏ တရားကို နာယူလိုပါသလား"