← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

ပြန်လည်မွေးဖွားခြင်း

Vol. 1 Ch. 1

“ထျန်ရွှမ်းဒေသ” ၌ သိုင်းပညာကို အထွတ်အထိပ်ထားကာ သိုင်းပညာရှင်တိုင်းကိုလည်း အလေးအမြတ်ပြုကြသည်။

ဤကမ္ဘာတွင် ခွန်အားနှင့်သိုင်းပညာများသည် အရေးကြီးဆုံးဖြစ်၏။

အဆင့်တူသည့်ကျင့်ကြံသူများအကြားတွင် မတူညီသည့်သိုင်းပညာများကသာ တိုက်ပွဲ၏အနိုင်အရှုံးကို ဆုံးဖြတ်ပေးပါသည်။

သူတို့အသုံးပြုသည့် သိုင်းကွက်များ မတူညီသည်နှင့်အမျှ တိုက်ပွဲရလဒ်သည် ကွာခြားသွားပေမည်။

ထို့ကြောင့်သိုင်းပညာကောင်းတစ်ခုသည် မိသားစုတစ်စု၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်သကဲ့သို့ ကြီးမားသည့် ဂိုဏ်းကြီးတစ်ခု၏ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးနိုင်၏။

ကျောက်စိမ်းတောင်မြို့၏ လော့ မိသားစု၏မြင်းဇောင်းတွင်

“အွတ်…ဘာနံ့လဲကွာ။ ဘယ်လိုလို့ အနံ့ဆိုးနေရတာလဲ”

ဖြူဖျော့နေသည့် မျက်နှာနှင့် ကောင်လေးတစ် ယောက်သည် မြင်းဇောင်းထဲက ကောက်ရိုးပုံပေါ် တွင် တုန်ယင်စွာ နိုးလာပြီး ညည်းညူလိုက်၏။

လော့ထျန်က သူ၏မျက်လုံးကို ဖွင့်လိုက်သည့်အခါတွင် မြင်း၏ စအိုများကိုသာ မြင်ရတော့သည်။ သူ၏ပေါင်ပေါ်တွင် မြင်းချေးများ ကပ်နေပြီး အနံ့အသက်ကလည်း ဆိုးလွန်း၏။ သူ၏မျက်လုံးများသည် ပြူးကျယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အံ့ဩတုန်လှုပ်သွားလေတော့သည်။

“မြင်းချေးတွေလား”

“ဒါ ဘာတွေလဲကွာ ဘာတွေဖြစ်နေတာလဲ”

လော့ထျန်သည်မည်သည်မှ စဉ်းစားမရကာ ပါးစပ်ဟနေပြီး မျက်လုံးပြူးကာ အတန်ကြာအောင် အသိစိတ်ပြန်မရနိုင်ခဲ့ပေ။

“ဒါ ဘာတွေလဲ”

“သိုင်းလောကကိုရောက်သွားတာလာ”

“ငါ အွန်လိုင်းဝတ္ထုရာပေါင်းများစွာကို ခိုးပြီး ဒေါင်းလုဒ်ဆွဲရုံလေးနဲ့ ဒီလောက်တောင် အပြစ်ပေးခံရရတာလာ”

ပတ်ဝန်းကျင်သည် လော့ထျန်အတွက်မူ လုံးဝစိမ်းသက်နေသည်။

သူ ဝတ်ထားသည့် အဝတ်အစားတွေကို ကြည့်လိုက်သည်။ သူ၏လက်တွေကို ကြည့်လိုက်သည်။ ထို့နောက်ခါးအထိရှည်သည့် သူ၏ဆံပင်တွေကို ကြည့်လိုက်သည်။ ဤအရာတွေသည် သူ၏မူလခန္ဓာကိုယ်၏အစိတ်အပိုင်းများမဟုတ်သည်မှာ ရှင်းပေသည်။ ဤသည်မှာ သူသည် သိုင်းလောကထဲကို အမှန်တကယ်ရောက်သွားသည်ကို သက်သေပြနေ၏။

ကမ္ဘာဂြိုလ်တွင်မူ လော့ထျန်သည် သာမန်ရိုးကျ အိုတာကူ (ဂျပန်ကာတွန်း၊ ဂိမ်းစွဲသူ) တစ်ယောက်ပင်။ သူသည် သာမန်လူတစ်ယောက်ဖြစ်ပြီး နေ့တိုင်း အိုတာကူများ၏ ထုံးစံအတိုင်း ဗီဒီယိုဂိမ်းကစားခြင်း၊ ဂျပန်ကာတွန်းကြည့်ခြင်း၊ ဝတ္ထုဖတ်ခြင်းနှင့်ပင်သူ၏ဘဝကို ဖြတ်သန်းခဲ့သည်။

ယခင်တွင်…။

လော့ထျန်က ဗီဒီယိုဂိမ်းကစားရင်းနှင့် အွန်လိုင်းဝတ္ထုများကို ဒေါင်းလုဒ်လုပ်နေခဲ့သည်။

“ဒင် ဒေါင်” ဆိုသည့်အသံကြားလိုက်ရသည့်အခါတွင် လော့ထျန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ “နောက်ဆုံးတော့ ဒေါင်းလုဒ်ဆွဲလို့ ပြီးသွားပြီ။ အခုတော့ ရက်အတော်ကြာကြာ ဖတ်လို့ရတော့မှာပဲ” ဟုသူ တိုးတိုးလေးပြောလိုက်သည်။

သူက သူ၏ e-book ဖိုင်ကို ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။

အထဲတွင် နာမည်ကြီးသော အွန်လိုင်းဝတ္ထုများဖြစ်သည့် “နက္ခတ်တာရာပြောင်းလဲခြင်း၊ ဝိဉာဉ်ခရီး၊ ဇူရှန်၊ ကောင်းကင်ကိုထိုးဖောက်တိုက်ပွဲ“ စသည့် ဝတ္ထုရာပေါင်းများစွာ ပါဝင်နေသည်။ ဤဝတ္ထုတိုင်းက ဂန္တဝင်ဖြစ်ပြီး လော့ထျန်က နှစ်သက်သည်။ ဖတ်ပြီးသွားသည့်တိုင် မဖျက်ဘဲထားတတ်သည်။ သူမကြာခဏပြောလေ့ရှိသည်မှာ ပျင်းရိပြီး အထီးကျန်သည့် ညများတွင် ပျော်ရန်အတွက် ပြန်ဖတ်လို့ရအောင်လို့ပင်ဖြစ်သည်။

ဝတ္ထုအသစ်များ ဒေါင်းလုဒ်ပြီးသွားသည့်အခါတွင် လော့ထျန်သည် ဒေတာကြိုးကို ဖြုတ်ဖို့ပြင်လိုက်သည်။

သူ၏လက်များက ဒေတာကြိုးကို ထိလိုက်တဲ့အချိန်တွင်….

ကွန်ပျူတာမျက်နှာပြင်က ဝတ္ထုစာမျက်နှာနဲ့ ဗီဒီယိုဂိမ်း မျက်နှာပြင် ကြားကို အရှေ့နှင့်အနောက် အဆက်မပြတ်ပြောင်းနေပြီး မျက်နှာပြင်က ပျက်လုနီးပါးဖြစ်နေ၏။

မျက်နှာပြင်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသကဲ့သို့ CPU ကလည်း ကျယ်စွာမြည်နေသည်။

ချက်ချင်းဆိုသလိုပဲ…။

လျှပ်စစ်ကြိုးကို ဟင်းသီးဟင်းရွက်လှီးဓာနှင့် ဖြတ်လိုက်သကဲ့သို့ မီးပွါးများ တဖျပ်ဖျပ်လွင့်စင်ကုန်သည်။

CPU နဲ့ မော်နီတာမှလည်း မီးခိုးများ ထွက်လာ၏။ ပိုဆိုးသည်မှာ လော့ထျန်၏ ခေါင်းမှပါ မီးခိုးများထွက်နေသည်။ CPU နဲ့ မော်နီတာ လုံးဝပျက်စီးသွားသည်နှင့်အမျှ လော့ထျန်၏ မျက်လုံးများက အပေါ်ကို လန်သွားပြီး ကွန်ပျူတာစားပွဲပေါ်တွင် သတိမေ့မြောကာ လဲကျသွားသည်။

နောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်သွားသည်ကို သူ လုံးဝ မသိတော့ချေ။

သူ နိုးလာသည့်အခါတွင်မူ လုံးဝစိမ်းသက်သည့် ကမ္ဘာတစ်ခုထဲကို ရောက်နေခဲ့ပြီ။

လော့ထျန်က လုံးဝ စိတ်ဓာတ်ကျနေခဲ့သည်။

သူ၏စိတ်ဓာတ်ကျပုံမှာ သဲကန္တာရကျွန်းပေါ်တွင် မည်သို့ ရှင်သန်ရမည်မှန်း မသိသည့်လူတစ် ယောက်လိုမျိုးပဲ။ “ငါ့ အိုတာကူဘဝက ပင်ပန်းပေမဲ့ ဒီလို သရဲခြောက်တဲ့နေရာကို ခေါ်လာတာကတော့ ငါ့ကို သတ်တာနဲ့ မခြားဘူး” လို့ သူတွေးလိုက်သည်။

“ဒီလိုမျိုး လုံးဝ အဆင်မပြေတဲ့ အခြေအနေက ဘာလဲ” လို့ လော့ထျန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

သူ အိပ်မက်ထဲတွင်တောင် သိုင်းလောကကို ရောက်သွားလိမ့်မည်ကို မည်သည့်အခါမှ မတွေးခဲ့ဖူးပေ။

သူက အွန်လိုင်းဝတ္ထုများဖတ်ရတာကို နှစ်သက်ပြီး ဇာတ်လိုက်က အလွန်အစွမ်းထက်ပြီး တခြားသူများကို နင်းခြေကာ ရိုက်နှက်ရတာမျိုးကို ကြိုက်၏။ ထို့အပြင် ဇာတ်လိုက်က သူ၏ညီအစ်ကိုတွေနှင့် အကောင်းအဆိုးများကို တူညီစွာ မျှဝေခံစားပြီး သေသည်အထိ ခွဲမသွားသည်ကိုလည်း ကြိုက်၏။ ဇာတ်လိုက်က စွန့်စားခန်းများ မရေတွက်နိုင် အောင်သွားပြီး မည်သည့်နေရာမဆို ချောမောတဲ့ အလှပဂေးတွေနှင့် ဆုံတွေ့ရသည်ကိုလည်း သဘောကျသည်။ သို့သော် ဤသည်မှာ သူ နှစ်သက်သည့်အရာသက်သက်ပင်။

ဤအရာအားလုံးက စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး တကယ့်ဘဝတွင် မည်သည့်အချိန်မှ ဖြစ်လာမည်မဟုတ်ပေ။

သိုင်းလောကကို ရောက်သွားသည်မှာ ဝတ္ထုအမျိုးအစားတစ်ခုပင် ဖြစ်ပြီး တကယ့်ဘဝတွင် မဖြစ်နိုင်ဟု သူ ယူဆခဲ့သည်။

အကယ်၍ သိုင်းလောကကို စေတနာ့ဝန်ထမ်းအနေနှင့်သွားနိုင်မည်ဆိုလျှင် သူသည်ပထမဆုံးလူ ဖြစ်ချင်သည်။ ထိုအရာကမှ သူ၏ဘဝကို ပြောင်းလဲနိုင်သည့်တစ်ခုတည်းသော နည်းလမ်းဟု သူ ယူဆခဲ့သည့်အတွက်ပင်ဖြစ်၏။

အခုမှာမူ သူမှန်တကယ် သိုင်းလောကကို ရောက်လာသည့်အခါတွင် ပျော်ရွှင်ရန်အတွက် မဖြစ်နိုင်တော့ချေ။

မပျော်နိုင်သည့်အကြောင်းအရင်းသည် ဤမှလွဲ၍ အခြားမရှိပေ…။

ဤခန္ဓာကိုယ်၏ ဘဝအတွေ့အကြုံ၊ နောက်ခံ၊ မိသားစုနှင့် သူသည် ကျင့်ကြံလို့မရအောင် တန်ထျန် ပျက်စီးနေသည်ဆိုသည့်အချက်များကြောင့်ပင်ဖြစ်သည်။

အပြင်ပန်းကြည့်လျှင်မူ သူ၏ဘဝက အံ့မခန်းပင်။

သူသည် အရင်မျိုးနွယ်စု၏ခေါင်းဆောင်ဟောင်း၏ တစ်ဦးတည်းသောသား။ သို့သော်လည်း အရေးကြီးသည်က “အရင်က” ဆိုသည့်အချက်ပင်ဖြစ်သည်။

သူ၏ဖခင်က တိုက်ပွဲတွင် သေဆုံးသွားပြီး သူ၏မိခင်ကလည်း စိတ်ဓာတ်ကျပြီးနောက် နာမကျန်းဖြစ်ကာ ဆုံးပါးသွားခဲ့သည်။

သူ၏မိဘများ ဆုံးပါးသွားသည်နှင့်တပြိုင်နက် သူ၏ဘဝသည် ကောင်းကင်ဘုံကနေ ငရဲဘုံကို ကျသွားခဲ့သည်။ မူလက လော့ မျိုးနွယ်စု၏ သခင်လေး ဖြစ်ခဲ့သည့် သူသည် အခုမှာမူ မြင်းဇောင်းတွင် မြင်းထိန်းဖြစ်သွားပြီး သူ၏အဆင့်အတန်းက အစေခံတစ်ယောက်ထက်တောင် နိမ့်ကျနေသည်။

ဤထက်ဆိုးသည်မှာ သူ၏ဒန်ထျန် ပျက်စီးသွားသည့်အတွက် သူ မကျင့်ကြံနိုင်တော့ပေ။ မူလတွင် သူသည် အရည်အချင်းပြည့်ဝပြီး အဆုံးမရှိသည့် အလားအလာလည်း ရှိခဲ့သည်။ သူသည် ကျောက်စိမ်းတောင်မြို့၏ မျိုးဆက်သစ်များထဲတွင် နံပါတ်တစ်ဟု သတ်မှတ်ခံရသူဖြစ်၏။ သို့သော် လွန်ခဲ့သည့် သုံးနှစ်ခန့်က လျှို့ဝှက်ဆန်းကြယ်သူတစ်ဦး၏တိုက်ခိုက်ခြင်းခံရသည့်အတွက်ကြောင့် ဒဏ်ရာရခဲ့ပြီး “စွမ်းအားပျောက်ဆေးလုံး” ကို မတော်တဆမှားယွင်းသောက်သုံးမိခဲ့သည်။

ထို့ကြောင့် သူ၏ဒန်ထျန် ပျက်စီးသွားပြီး ကျင့်ကြံလို့မရသည့် အမှိုက်တစ်ယောက်သာသာဖြစ်သွားခဲ့သည်။

ခွန်အားကြီးသူများကို အလေးထားသည့် ဤကမ္ဘာတွင် မကျင့်ကြံနိုင်ခြင်းသည် သေဒဏ်ချခံရတာနှင့် အတူတူပင်။ သူ၏ဘဝတစ်ခုလုံးသည် မည်သည့်အခါမှ တောက်ပြောင်လာနိုင်တော့မည် မဟုတ်ပေ။

ယခင်က သူ့ကို မျက်နှာချင်းဆိုင် မကြည့်ရဲသည့်တပည့်များသည် ယခုမှာမူ သူ့ကို လမ်းပေါ်တွင် တွေ့ပါကတက်နုင်းသွားကြနီးပါးဖြစ်နေပြီး။ အထူးသဖြင့် သူတို့ကြိုက်သည့် မိန်းကလေးများရှေ့တွင် ဂုဏ်ဖော်လိုသည့်အချိန်ပင် ဖြစ်သည်။

လော့မျိုးနွယ်စုများက သူမည်သို့ ဆက်ဆံခံနေရသည်ကို ဂရုမပြုပေ။ သူတို့က လော့ထျန်ကို အပြင်မထွက်ရန်နှင့် သူတို့မျိုးနွယ်စု၏ မျက်နှာကို မပျက်စေရန် ထပ်ခါတလဲလဲ သတိပေးခဲ့ကြသည်။

သို့သော် အထက်တန်းအဆင့် လော့မိသားစုဝင်များက သူ့ကို အဘယ့်ကြောင့် ဂရုစိုက်နေကြတာလဲ။ သူတို့က လော့ထျန်ကို အမြန်ဆုံး သေစေချင်နေကြသည် မဟုတ်လာ။ လော့ထျန်သည် လော့မိသားစု၏သခင်လေးအဖြစ် ဆက်လက်တည်ရှိနေသေးသည့်အတွက်ကြောင့် အရွယ်ရောက်လာသည့်အခါ လော့မိသားစု၏ ခေါင်းဆောင်နေရာကို ဆက်ခံရမှာ မဟုတ်လော။

သူ၏ဖခင် လော့ကျန်း အသက်ရှင်တုန်းက ဤသည်ကို ဘိုးဘွားဘီဘင်ရှေ့တွင် သတ်မှတ်ခဲ့၏။ မည်သူကမှ ပြောင်းခွင့်မရှိသည့် အရာတစ်ခု ဖြစ်သည်။ ပြောင်းလဲလိုသည့်သူသည် ဘိုးဘွားများကို စော်ကားသည့်သူဖြစ်ပြီး ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်သည်ပင်ဖြစ်သည်။

ထို့ကြောင့် သူ၏ဝမ်းနည်းစရာနေ့ရက်များသည် မပြီးဆုံးနိုင်တော့ပေ။

အကြောင်းမရှိ နေ့တိုင်း ရိုက်နှက်ခံနေရသည်။ လော့ထျန်က အသက်ရှင်ရန် ရုန်းကန်နေရသည့် ပိုးကောင်တစ်ကောင်ကဲ့သို့ပင်။ ဤသည်ကို သည်းခံနေခဲ့သည်။

မနေ့ကအထိပေါ့…။

လော့ယွဲ့က မိန်းကလေးတစ်ယောက်ကို မြင်းရွေးရန်ခေါ်လာခဲ့သည်။

ဤမိန်းကလေးကမှာ ကျူးမေး ဟုခေါ်ပြီး ကျောက်စိမ်းတောင်မြို့၏ မိသားစုကြီး လေးခုထဲက တစ်ခုဖြစ်သည့် ကျူးမျိုးနွယ်စု၏ တတိယမြောက် ခေါင်းဆောင်၏ သမီးပဲဖြစ်သည်။ တစ်ချိန်က သူသည် လော့ထျန်၏ စေ့စပ်ထားသူပင်။ သ်ု့သော်…။

လော့ထျန် ကျင့်ကြံလို့မရသည့်နေ့တွင်ပင် ကျူးမျိုးနွယ်စုက လူကို ခေါ်လာပြီး စေ့စပ်မှုကို လာဖျက်ခဲ့သည်။ အရာအားလုံးက အစီအစဉ်ဆွဲထားပြီးသားကဲ့သို့ပင် ဖြစ်သည်။

ထူးဆန်းသည်က စေ့စပ်မှုဖျက်သိမ်းသည်ကိုအဆင်ပြေစွာနှင့်ပဲ ပြီးသွားခဲ့သည်။ လက်ရှိ လော့မျိုးနွယ်စုခေါင်းဆောင် လော့ကျန့်ရှန်က ချက်ချင်းပင် သဘောတူခဲ့သည်။

လော့ထျန်က ဤသည်ကို မည်သည်မှမသိခဲ့ချေ။ တစ်လကြာသည့်အခါတွင် လော့မျိုးနွယ်စုက လော့ယွဲ့နှင့်ကျူးမေး၏ စေ့စပ်ကြောင်းလမ်းမှုကို အများပြည်သူသိစေရန် ကြေညာလိုက်မှ သူ သိခဲ့ရသည်။

ထိုနေ့ကတော့ သူ ခါးသည်းစွာပဲ ပြုံးနိုင်ခဲ့သည်။

လော့ယွဲ့နှင့် ကျူးမေးက မြို့အပြင်ဘက်တွင် ပျော်ပွဲစားထွက်ရန် မြင်းများ ရွေးနေကြသည်။

ဤကိစ္စမျိုးအတွက် အစေခံတစ်ယောက်ယောက်ကို ခေါ်ပြီး မြင်းကုန်းနှီး တင်ခိုင်းလိုက်ရုံနှင့် ပြီးသည်။ သို့သော် လော့ယွဲ့က သူ၏ သာလွန်မှုကို ပြသချင်သည့်အတွက် ကျူးမေးကို တမင်တကာ ခေါ်လာပြီး ဇာတ်လိုက်ခန်း သရုပ်ဆောင်ရန် ကြိုးစားခဲ့သည်။

ကျူးမေးကလည်း လော့ယွဲ့၏ ရည်ရွယ်ချက်ကို သိပြီး လော့ထျန်ရှေ့တွင် ရင်းနှီးသည့် အမူအရာအမျိုးမျိုးကို ပြသကြသည်။

လော့ထျန်က မျက်နှာလွှဲပြီး မမြင်ချင်ယောင် ဆောင်နေခဲ့သည်။

ထို့ကြောင့် လော့ယွဲ့သည် ဒေါသထွက်သွားခဲ့၏။

လော့ထျန်က မြင်းကုန်းနှီးတောင် မည်သို့တင်ရမှန်းတောင် မသိဟု ဆိုပြီး ပြောခဲ့သည်။

ရုတ်တရက်…။

လော့ယွဲ့က လက်သီးတစ်ချက်နဲ့ လော့ထျန်ကို ထိုးချလိုက်သည်။

သိုင်းစွမ်းအင်တွေ ပျက်ပြယ်နေသည့် လော့ထျန်သည် ကြီးမြတ်သောတပည့် အဆင့် ၅ လော့ယွဲ့၏ ပြိုင်ဖက် အဘယ့်ကြောင့် ဖြစ်နိုင်သနည်း။

လော့ထျန်က လက်သီးတစ်ချက်တည်းနှင့် သတိမေ့သွားခဲ့သော်လည်း လော့ယွဲ့က ဒေါသမပြေနိုင်သေးပေ။

သူက သူ၏ ကြီးမြတ်သောတပည့်အဆင့် ၅ စွမ်းအင်များ အားလုံးကို စုစည်းပြီး လော့ထျန်၏ ရင်ဘတ်ကို အကြိမ်အနည်းငယ်ဖြင့် ပြင်းထန်စွာ ကန်ခဲ့သည်။

လော့ထျန် ပြန်မထနိုင်သည့်အခါမှ သူ ထွက်သွားခဲ့သည်။

ဤအချိန်တွင် ကျူးမေးက လက်ခုပ်တီးပြီး “ကောင်းတယ် ကန်လိုက်” ဆိုပြီးအော်နေခဲ့သည်။

သူမက လော့ယွဲ့ မည်မျှကောင်းကြောင်း၊ မည်မျှသန်မာကြောင်း၊ သူ့ကို သေအောင် ရိုက်ပါ၊ အဲဒီအမှိုက်ကို သေအောင် ရိုက်ပါ စသည့် စကားများကို ဆက်တိုက်ပြောနေခဲ့သည်။

ဤစကားများ ပြောနေရင်းတွင်ပဲ သူမကလည်း လော့ထျန်ကို အကြိမ်အနည်းငယ် တက်ကန်နေခဲ့သည်။

ဤသို့ ကြေကွဲစရာမြင်ကွင်းကြောင့် လော့မျိုးနွယ်စု၏ သခင်လေးသည် အသက်ဆုံးရှုံးခဲ့ရသည်။

အိုတာကူ လော့ထျန်သည် ထိုနောက်တွင် ရောက်လာခဲ့သည်။

“သူ၏ဝမ်းနည်းစရာဘဝက ပြီးဆုံးသွားပြီ။ အခု ငါ့အလှည့်ပဲ” လော့ထျန်သည် စိတ်ပျက်အားငယ်နေသည့် မျက်လုံးများနှင့် မြင်းဇောင်းကို ကြည့်နေခဲ့သည်။

သူကိုယ်တိုင်က “ဘာလုပ်ရမလဲ။ အခုကစပြီး ငါ ဘာလုပ်သင့်လဲ။ အို ကောင်းကင်ဘုံ ငါ့ကို ကောင်းကျိုးလေးတစ်ခု ပေးလို့ မရဘူးလား။ ငါ့လို အိုတာကူတစ်ယောက်က ဒီလိုမျိုး ရှင်သန်ရခက်ခဲတဲ့ ကမ္ဘာတွင် ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ” ဟု သူ့ကိုယ်သူ မေးနေမိသည်။

လော့ထျန်ဟာ တစ်နေကုန် တွေးတောခဲ့သော်လည်းချမ်းသာနိုင်သည့် လမ်းကြောင်းကို ရှာမတွေ့ခဲ့ပေ။

သူသည် သာမန်အိုတာကူတစ်ယောက်ဖြစ်ပြီး စီးပွါးရေးလုပ်ငန်းများ၊ ငွေရှာသည့် နည်းလမ်းများနှင့်ပတ်သက်ပြီး လုံးဝ မသိနားမလည်ခဲ့ပေ။

သူက အွန်လိုင်းဗီဒီယိုဂိမ်းများတွင်ပင် ကျွမ်းကျင်သည်။

သူ၏ယခင်ဘဝတွင် သူက အဆင့်မြှင့်သည့်နေရာတွင် အလွန်မြန်ပြီး အွန်လိုင်းဂိမ်းပစ္စည်းများကို ရောင်းချပြီး ပိုက်ဆံရှာခဲ့သည်။ သားရဲများကို သတ်ခြင်း၊ အဆင့်မြှင့်ခြင်း၊ မစ်ရှင်များအောင်မြင်ခြင်းတွင် သူသည် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံရသည်။

ပရော်ဖက်ရှင်နယ် ကစားသမားတချို့သည်ပင် သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့သော်…။

ဤကမ္ဘာတွင် ကွန်ပျူတာဆိုသည်ကိုပင် မသိကြ။ အွန်လိုင်းဂိမ်းဆိုလျှင် ပြောစရာမလိုတော့ပေ။

“အော်… မင်း နိုးလာပြီလား”

ရုတ်တရက်…။

မြင်းဇောင်းအပြင်ကနေ အံ့သဩသွားသည့် အသံတစ်သံကို ကြားလိုက်ရသည်။

သူကတော့ မြင်းဇောင်း၏ မန်နေဂျာ မာထုံပဲ။ လော့ထျန် နိုးလာသည်ကို မြင်တော့ သူ၏မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေပြီး “ဒီလောက် အပြင်းအထန် အရိုက်ခံရတာတောင် သူ အသက်ရှင်သေးတာပဲ။ ဒီအမှိုက်ရဲ့ အသက်က တကယ်ကို ကြမ်းတယ်” ဟု ညည်းတွားလိုက်သည်။

လော့ထျန် အရိုက်ခံရချိန်က သူ ရှိနေခဲ့သည်။ လော့ယွဲ့က သတ်ရန်ရည်ရွယ်ပြီး ထိုးကြိတ်နေတာကို သူ မြင်ခဲ့ရပြီး လော့ထျန် ဤလောက် ခေါင်းမာစွာ ရှင်သန်နေလိမ့်မည်ကို မမျှော်လင့်ခဲ့ပေ။

ထို့နောက် မာထုံက အေးစက်စွာ ပြုံးလိုက်ပြီး မြင်းဇောင်းထဲကို ဝင်လာကာ လော့ထျန်၏ ပေါင်ကို ကန်လိုက်သည်။

ထို့နောက် ရုတ်တရက် အော်ပြောလိုက်သည် - “မင်း နိုးနေပြီဆိုရင် ငါ့အရှေ့မှာ သေချင်ယောင်ဆောင်မနေနဲ့တော့။ မင်း နိုးနေပြီး အလုပ်မလုပ်ဘဲ ဒီတိုင်း အိပ်နေတာလား။ ငါ ဒီအမှိုက်ကောင်ကို တကယ်ပဲ သေအောင်ရိုက်လိုက်ရမယ်” ဟု စသည့် စကားများနှင့် အော်ဟစ်ခံရပြီးနောက် လော့ထျန်၏ မျက်နှာတွင် တံတွေးများဖြင့် ပန်းခံလိုက်ရသည်။

ယခင်မှာမူ မာထုံကဲ့သို့ မြင်းဇောင်းမန်နေဂျာလေးတစ်ယောက်ဟာ သူ့ကို တွေ့ဖို့တောင် အရည်အချင်းမရှိခဲ့ပေ။ အခုတွင် လော့ထျန်က မာထုံကို မြင်လိုက်သည့် အချိန်တွင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကို ခံစားရပြီး သေအောင် ရိုက်ခံရမည်ဆိုသည်ကိုပင် ခြိမ်းခြောက်ခံနေရသည်။

ဤအခြေအနေက လော့ထျန်၏ လက်ရှိအခြေအနေသည် လော့မျိုးနွယ်စုတွင် အနိမ့်ဆုံးဖြစ်နေပြီဆိုသည်ကို သိလိုက်ရသည်။

လော့ထျန်၏ မျက်လုံးများ ကျဉ်းသွားပြီး သူ့ရင်ထဲတွင် ဒေါသများ ထိုးတက်လာသည်။ သို့သော်လည်း ခဏအတွင်းတွင်ပင် သူ စိတ်ကို ပြန်ထိန်းချုပ်လိုက်သည်။

ထို့နောက် အပြုံးတစ်ခု ပန်ဆင်ပြီး “ကျွန်တော် ထပါပြီ။ ချက်ချင်း အလုပ်စပါ့မယ်” ဟုရယ်မောကာပြောလိုက်သည်။

ပညာရှိတစ်ယောက်သည် အခွင့်အရေး မရှိသည့်အခါတွင် မတုံ့ပြန်ချေ။

မာထုံ၏ သိုင်းအဆင့်ကကြီးမြတ်သောတပည့် အဆင့် ၃ ဖြစ်ပြီး သူ့ကဲ့သို့လူမျိုးကို တိုက်ခိုက်ရန်အတွက် လုံလောက်တာထက်ပိုသည်။

မာထုံက လော့ထျန်ကို မသတ်ရဲသော်လည်း လက်သီးနှင့် ခြေထောက်တို့ဖြင့် တုံ့ဆိုင်းမှုမရှိဘဲ ရိုက်နှက်တတ်လေ့ရှိသည်။

အခုဆိုရင် လော့ထျန်သည် အတော်ပင် ဒဏ်ရာရနေပြီး ထိုသို့ထပ်အရိုက်ခံရလျှင် သူခံနိုင်ရည်ရှိမှာမဟုတ်တော့ပေ။

သို့သော်သူ ဤအရာများကို မှတ်ထားပြီး တစ်နေ့တွင် ပြန်ပြီး ပေးဆပ်စေရမည်။

လော့ထျန်ငည် ခက်ခက်ခဲခဲနှင့်မတ်တပ်ရပ်ပြီး မြင်းဇောင်းမှ ထွက်လာခဲ့သည်။

မာထုံက လော့ထျန်၏ တင်ပါးကို ထပ်ကန်လိုက်ပြီး အထင်သေးစွာ အော်ပြောလိုက်သည် - “ခွေးကောင် မင်း ဘာလို့ ဒီလောက်နှေးကွေးနေရတာလဲ။ သေချင်နေလို့လား”

လော့ထျန်ဟာ သူ၏မေးရိုးကို ကျစ်ကျစ်ပါအောင် ကြိတ်ပြီး သူ၏လက်သီးကို အကြိမ်အနည်းငယ် ဆုပ်လိုက်သော်လည်း စကားတစ်ခွန်းမှ ထုတ်မပြောရဲခဲ့ပေ။

မာထုံက အေးစက်စွာ ရယ်မောလိုက်ပြီး “ဒီအမှိုက်ကောင် မင်းက လူတွေကို တကယ်ပဲ အရှက်ရစေတယ်။ မင်း ဘာလို့ အသက်ရှင်နေသေးလဲဆိုတာ ငါ တကယ်မသိဘူး” ဟု မထီမဲ့မြင်ပြောလိုက်သည်။

“ဒီမှာ အသက်ရှင်နေတာ တကယ်ပဲ အကျိုးမရှိဘူး” လော့ထျန်က ခါးသည်းစွာ ပြုံးပြီး သူ့ကိုယ်သူ ပြောလိုက်သည်။

“ပြွတ်” ဟူသည့်အသံကို ကြားလိုက်ရသည်။

လော့ထျန်ဟာ ဖောင်းနေတဲ့ မြင်းချေးပိုးကောင်ကို တက်နင်းမိပြီး သေဆုံးသွားခဲ့သည်။

လော့ထျန်က ရှေ့ဆက်သွားရန် ပြင်လိုက်ချိန်တွင် သူ၏စိတ်ထဲတွင် ထူးဆန်းသည့် အသံတစ်ခု ကြားလိုက်ရသည်။

“ဒင်ဒင်”

All Chapters