လှုပ်ရှားချက်တစ်ခု စတင်ခြင်း
Vol. 1 Ch. 7
မကောင်းဆိုးဝါး ဝိညာဉ်တောင်၊ ဝိညာဉ်တောင်တန်း ၏ ဘေးဘက်။
တပြန့်တပွားဖြစ်သည့် မျက်နှာပြင်သည် မြင့်မားသောဝိညာဉ်တောင်တန်း နှင့် နှိုင်းယှဉ်ပါက ၎င်းသည်တောင်ကုန်းငယ်လေးတစ်ခုပင်ဖြစ်ပေ၏။
သို့သော်…
၎င်းသည် သေးငယ်သည်ဟု ထင်ရသော်လည်း ထိုနေရာမှာ အလွန်ပင် အန္တရာယ်များ၏။
နတ်ဆိုးသားရဲများနှင့် ထိပ်တိုက်တွေ့ရန် ခက်ခဲသော်လည်း ထိုနေရာရှိ ပုံမှန်သားရဲများပင် အလွန်ပင် ကြမ်းတမ်းကြသည်။
ထိုနေရာသို့ လူတို့သည် ဝင်ရဲလေ့ မရှိပေ။
လော့ယန်၊ လော့မင်၊ လော့ရှူနှင့် လော့ဝမ်းတို့ လေးယောက်သည် တိုက်ပွဲတစ်ခုအတွင်း အဆင့်တိုးရန် မျှော်လင့်ချက်ဖြင့် ဤနေရာတွင် လေ့ကျင့်နေကြသည်။
၎င်းတို့သည် လော့မိသားစု၏ အမဲလိုက်ပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
မွန်းတည့်ချိန်၊ နေသည် ကောင်းကင်၌ ပြင်းထန်စွာ တောက်ပနေသည်။
ထိုလေးယောက်သည် သူတို့မြင်းများပေါ်မှ ဆင်းလာကြ၏။
အဖွဲ့ကို ဦးဆောင်နေသည့် လော့ယန်သည် အုံ့မှိုင်းနေသည့် မကောင်းဆိုးဝါး ဝိညာဉ်တောင်တန်းကို ကြည့်ကာ “သုံးရက်အတွင်း ငါတို့ အဆင့်တိုးမှုတစ်ခုခု ရရမယ်” ဟု ပြောလိုက်၏။
“အမဲလိုက်ပြိုင်ပွဲက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ ငါတို့ လော့မိသားစုရဲ့ အဓိကတပည့် ဖြစ်နိုင်မလားဆိုတာက ဒီလေ့ကျင့်မှုပေါ်မှာ မူတည်တယ်”
“စိတ်မပူပါနဲ့ ဒီနှစ်မှာ ငါတို့ သေချာပေါက် အဓိကတပည့် ဖြစ်ရမယ်”
လော့မိသားစု၏ တပည့်အားလုံးသည် အဓိကတပည့်များ ဖြစ်လာရန် ဆန္ဒပြင်းပြနေကြသည်။
တစ်စုံတစ်ယောက်က အဓိကတပည့် ဖြစ်လာသည်နှင့်သူတို့သည် လေ့ကျင့်ရေးအရင်းအမြစ်များ ပိုမို ရရှိပြီး မျိုးနွယ်စု၏ အာရုံစိုက်မှုနှင့် စောင့်ရှောက်မှုများကို ရရှိမည်။
အဓိကတပည့် ဖြစ်လာခြင်းသည် ဂုဏ်အင်္ဂါပြယုဂ် လည်း ဖြစ်ပေသည်။
လော့မိသားစု၏ အမဲလိုက်ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။
အသက် ၁၈ နှစ်အောက် လော့မိသားစု၏ တပည့်အားလုံး ပါဝင်နိုင်၏။
သတ်မှတ်ထားသော အချိန်အတွင်း ဝိညာဉ်တောင်တန်း တွင် နတ်ဆိုးသားရဲတစ်ကောင်ကို သတ်နိုင်သည်နှင့် သူတို့သည် အဓိကတပည့်များ ဖြစ်ရန် အရည်အချင်း ပြည့်မီပါမည်။
ထိုအချိန်မှစ၍ သူတို့၏ တောက်ပသောလမ်းကြောင်းသည် ရှောင်လွှဲ၍မရနိုင်ပေ။
ပြိုင်ပွဲကာလအတွင်း နတ်ဆိုးသားရဲ အများဆုံး အမဲလိုက်နိုင်သူသည် ပထမနေရာ ရရှိမည်။
ဒီနှစ် ပထမနေရာအတွက် ဆုကြေးက အလွန်ပင် ရက်ရောလေသည်။
မိသားစု၏ စာကြည့်တိုက်သို့ ဝင်ရောက်နိုင်ပြီး သိုင်းပညာတစ်ခု ရွေးချယ်နိုင်မည်။
ဝိညာဉ်သွင်ဆေးလုံး ၃ လုံးနှင့် ဒီနှစ်တွင် ဆုကြေးအဖြစ် အပိုဆောင်း ကျောက်နက် တစ်တုံးလည်း ရှိ၏။
အရင်နှစ် ပြိုင်ပွဲက အလွန်ပြင်းထန်ခဲ့သော်လည်း ဒီနှစ်အတွက်မူ စိတ်လှုပ်ရှားစရာ ဘာမှမရှိပေ။
အသက် ၁၈ နှစ်အောက်များအတွက် လော့လင်တွင် နက်နဲတပည့်အဆင့် ၈ ဖြင့် အမြင့်ဆုံး ပညာရပ်ရှိသည်။
သူ့ခွန်အားကိုကြည့်လျှင် ဆုကြေးသည် သူ့အိတ်ထဲတွင် ရှိနှင့်ပြီးသားပင်။
မကောင်းဆိုးဝါး ဝိညာဉ်တောင်တန်းတွင် လမ်းငယ်လေးတစ်ခုကို ဖြတ်ကျော်ပြီးနောက် အရိပ်နှစ်ခုသည် ပို၍ပင် နီးလာကြသည်။
သူတို့၏ လည်ချောင်းများ ခြောက်ကပ်ပြီး နှုတ်ခမ်းများ ခြောက်သွေ့နေသည်။
သူတို့၏ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေကာ ချွေးများက ဆံပင်များမှ စီးကျနေလေပြီ။
တစ်ချိန်လုံး ပြေးနေခဲ့သော ထိုနှစ်ယောက်သည် လမ်းတစ်ဝက်တွင်ပင် သေလုနီးပါး ဖြစ်နေသတည်း။
“မင်းတို့ အသုံးမကျတဲ့ကောင်နှစ်ယောက်ကို ကြည့်စမ်း နည်းနည်းလေး ပြေးရုံနဲ့ ဒီလောက်တောင် မောနေပြီ။ တကယ်ကို ရှက်ဖို့ကောင်းတယ်”
“ဒီမှာ တခြားသူ မရှိတာ ကံကောင်းတာပေါ့ မဟုတ်ရင် ငါတို့ ဂုဏ်သိက္ခာကို တစ်ဖန် ပြန်ကျစေဦးမယ်”
“ထားလိုက်ပါတော့ ဒီအသုံးမကျတဲ့ကောင်တွေကို စိတ်မဝင်စားကြနဲ့။ မင်းတို့ကတော့ ငါတို့မြင်းတွေကို ကောင်းကောင်း ဂရုစိုက်ပေးကြ။ တစ်ခုခု ပြဿနာဖြစ်ရင် မင်းတို့နှစ်ယောက်က တာဝန်ယူရမယ်”
ထိုသို့ပြောပြီးနောက် ထိုလေးယောက်သည် မြင်းကြိုးများကို သူတို့ဆီသို့ ပစ်ချလိုက်ကြ၏။
မထီမဲ့မြင်ကြည့်လိုက်ပြီးနောက် သူတို့သည် သိပ်သည်းသော သစ်ရွက်များရှိသည့် နေရာသို့ သွားကြ၏။
လော့ထျန်သည် သူ့လည်ချောင်းခြောက်ကပ်နေသည်ကို မျိုချရန် ကြိုးစားနေရင်း သူ့အသက်ကို မောဟိုက်စွာ ရှူနေသည်။
သူ၏ မျက်လုံးများ မှေးမှိတ်သွားပြီး ထိုလေးယောက်၏ ဘိုးဘေးဘီဘင် ၁၈ ဆက်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
မစ်ရှင်သာ မရှိခဲ့လျှင် သူသည် သူတို့အား တိုက်ခိုက်မိနှင့်ပြီး ဖြစ်ပေမည်။
သို့သော် လော့ယန် စကားဆုံးသည်နှင့် သူ့စိတ်ထဲတွင် သတိပေးချက်တစ်ခု ပေါ်လာ၏။
“ကစားသမား လော့ထျန် မစ်ရှင်ပြီးဆုံးသွားသည့်အတွက် ဂုဏ်ယူပါသည်၊ ဆုကြေးအဖြစ် အတွေ့အကြုံ ၈၀ ရရှိပါသည်”
သူ့စိတ်ထဲတွင် ဝမ်းမြောက်မှု ရုတ်တရက် ပေါ်လာသည်ကို မထိန်းချုပ်နိုင်တော့ပေ။
“မစ်ရှင်က ပြီးသွားပြီဆိုတော့ ဒီအဖေက ကိုယ့်ကိုယ်ကို မထိန်းချုပ်ထားတော့ဘူး”
လော့ထျန်၏ ဘဝအဟောင်းနှင့် လက်ရှိဘဝတွင် ဤမျှလောက် တစ်ခါမှ မပြေးခဲ့ဖူးပေ။
ဤသည်မှာ မာရသွန်ပြေးခြင်းထက်ပင် ပိုရှည်လျားသေးသည်။
သူ ဒီလောက်အထိ တကယ်ပြေးနိုင်ခဲ့သည်ကို မယုံနိုင်ပေ။
သူ့ကို အဆိုးဆုံး စိတ်ဆိုးစေသည်မှာ လော့ယန်တို့သည် တစ်ချိန်လုံး သူ့ကို ရပ်တန့်စေပြီးလှောင်ပြောင်ပြောဆိုမှုများ၊ စော်ကားမှုများ လုပ်ခဲ့ခြင်းပင်။
လော့ထျန်၏ စိတ်ထဲတွင် ဒေါသများ တိုးလာပြီး အကြိမ်များစွာ ဒေါသအလျောက် သူ့ကိုယ်သူ ဆုံးရှုံးလုနီးနီးပင် ဖြစ်ခဲ့သည်။
သူ အသိရှိရှိဖြင့် သူ့ကိုယ်သူ “မလှုပ်နဲ့၊ မလှုပ်နဲ့” ဟု ပြောနေသည်မှာ ကံကောင်း၏။
မစ်ရှင် မပြီးမချင်း သူ လက်မမြှောက်ရပေ။
သူ အတွေ့အကြုံအမှတ်များကို အနည်းဆုံး မျက်နှာသာ ပေးပြီး အားလုံးကို သည်းခံရမည်။
“ငါ တော်တော်ကို ဆင်းရဲဒုက္ခ ရောက်ခဲ့ပြီ။ မစ်ရှင်သာ မရှိခဲ့ရင် ငါ တကယ်ကို လှုပ်ရှားလိုက်မိမှာပဲ”
ဤသည်မှာ သူ့တွင် ခွန်အားမရှိသောကြောင့် ပင်။
ခွန်အားရှိပါက သူသည် တောင်ထဲသို့ ဝင်ရောက်ပြီး အတွေ့အကြုံများအတွက် နတ်ဆိုးသားရဲများကို သတ်နိုင်ပြီး ဤမစ်ရှင်ငယ်လေးများကို အားမကိုးရပေ။
သူ အပြေးလာပြီးနောက် စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ဘဲ ပင်ပန်းလွန်းသဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။
အုံ့မှိုင်းနေသည့် တောအုပ်ကို ကြည့်ရင်း လော့ထျန်သည် စိတ်လှုပ်ရှားသည့်ပုံစံဖြင့် လက်များကို ပွတ်တိုက်လျက် “ဒီနေရာကို ကြည့်လိုက်တာနဲ့အဆင့် တက်ဖို့အတွက် မြင့်မြတ်တဲ့နေရာဆိုတာ ပြောနေတယ်” ဟု ရေရွတ်လိုက်၏။
ချက်ချင်းပင်…
လော့ထျန်သည် မြေပြင်ပေါ်တွင် ဝက်သေကောင် တစ်ကောင်ကဲ့သို့ လဲနေသည့် ဖုန်းလေအား ကန်လိုက်ပြီး “ဖုန်းလေဝ ဒီမှာနေပြီး မြင်းတွေကို စောင့်ကြည့်နေလိုက်။ ငါတို့ စားဖို့ အစားအသောက် သွားရှာမယ်” ဟု ပြောလိုက်၏။
ဖုန်းလေ၏ မျက်လုံးများ ပွင့်လာပြီး “သခင်လေး လော့ယန်တို့ တခြားသူတွေက အထဲမှာ ရှိနေတော့ သတိထားပါ၊ သူတို့ မမြင်အောင်နေပါ” ဟု ပြောလိုက်၏။
“အင်း၊ စိတ်မပူနဲ့”
လော့ထျန်သည် လှောင်ပြုံးပြုံးလိုက်ပြီး တိတ်တဆိတ် သူ့ဘာသာ “ဒီအဖေက သူတို့ကို ရှာဖို့ပဲ အထဲကို ဝင်မှာ” ဟု ပြောလိုက်၏။
အချို့သော အမိန့်များကို ချန်ထားခဲ့ပြီးနောက် လော့ထျန်သည် အုံ့မှိုင်းနေသည့် တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။
မကောင်းဆိုးဝါး ဝိညာဉ်တောင်တန်းသည် သူ့ဘဝဟောင်းမှ တခြားတောအုပ်များနှင့် တူညီသည်။
သစ်မြစ်များသည် တစ်ခုနှင့်တစ်ခု ကန့်လန့်ဖြတ်နေပြီး သစ်ရွက်များသည် ကောင်းကင်ကို ဖုံးအုပ်ထားသည်။
တောအုပ်အတွင်း၌ အလွန်အမင်း မှောင်မိုက်နေပြီး လမ်းကြောင်းကို ခွဲခြားရန် ခက်ခဲသည်။
လော့ယန်နှင့် အခြားသူများက ဤနေရာမှ ထွက်မသွားနိုင်မည်ကို ကြောက်နေတာလား သို့မဟုတ် တစ်ဦးနှင့်တစ်ဦး လူခွဲနေတာလားဆိုသည်ကို မသိရပေ။
လမ်းတစ်လျှောက်လုံးတွင် ထိုလေးယောက်သည် သစ်ပင်၏ ပင်စည်များကို ပုဆိန်ဖြင့် ခုတ်ထစ်ကာ အမှတ်အသားများ ပြုလုပ်ထားကြသည်။
၎င်းသည် သူတို့သည် နတ်ဆိုးသားရဲနှင့် ထိပ်တိုက်တွေ့ပြီး အိမ်ပြန်လမ်း ပျောက်ဆုံးမည်ကို ကြောက်ရွံ့နေသည့်ပုံ ပေါ်နေသည်။
ဤအမှတ်အသားများနောက်ကို လိုက်ပြီး လော့ထျန်သည် သူတို့၏ အရိပ်များကို အမြန်ဆုံး ဖမ်းမိလိုက်သည်။
လော့ထျန်သည် သူတို့ကို အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရင်း သတိကြီးစွာဖြင့် လိုက်နေသည်။
“တစ်ယောက်ယောက်က ငါတို့ကို လိုက်နေသလို ငါခံစားနေရတယ်”
နက်နဲတပည့်အဆင့် ၄ တွင် ရှိသည့် လော့ယန်သည် နောက်သို့ လှည့်ကြည့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သော်လည်း ဘာမှ မတွေ့မိပေ။
“အစ်ကိုကြီး မင်း စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား”
“ဟုတ်တယ် ဒီမှာ တစ္ဆေတောင် မမြင်ရဘူး၊ ဘယ်သူက ငါတို့နောက်ကို လိုက်နေမှာလဲ လော့ထျန်နဲ့ ဖုန်းလေ အသုံးမကျတဲ့ကောင်နှစ်ယောက်က လိုက်နေတာ မဟုတ်ရင်ပေါ့”
“အဲဒီ့ အသုံးမကျတဲ့ကောင်နှစ်ယောက်သာဆိုရင် ငါ တစ်ဖက်တည်းနဲ့တောင် သူတို့ကို ရိုက်နှက်နိုင်တယ်”
“ဟားဟားဟား…”
ရုတ်တရက်…
လော့ယန်၏ မျက်လုံးများ မှေးမှိတ်သွားပြီး အသံတိတ်ရန် ချက်ချင်း အမူအရာ ပြုလိုက်သည်။
သူသည် အသံကို နှိမ့်ကာ “ငါတို့ရှေ့က သစ်ပင်ကြီးပေါ်မှာ ကျားသစ်နက်တစ်ကောင် ရှိနေတယ်” ဟု ပြောလိုက်၏။
လေးယောက်စလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်သည်။
ဟုတ်ပေ၏၊ ကျားသစ်နက်တစ်ကောင်သည် သစ်ရွက်များကြားတွင် ပုန်းအောင်းနေပြီး အစိမ်းရောင်အလင်းရောင် ထွက်နေသည့် မျက်လုံးများသည် ထိုလေးယောက်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
မှောင်မိုက်သည့်နေရာတွင် ပုန်းနေရင်း လော့ထျန်သည် အံ့ဩသွားပြီး သူ့ဘာသာ “ငါ့ရဲ့အခွင့်အရေး ရောက်လာပြီ” ဟု ပြောလိုက်၏။
“မင်းတို့ လျှို့ဝှက်စွမ်းအင်ကို တိတ်တဆိတ် စုစည်းထားကြ ငါတို့ မမြင်သလို ဟန်ဆောင်ကြမယ်။ သူ ငါတို့ကို တိုက်ခိုက်မယ့်အချိန်မှာ ငါတို့ အတူတူ လှုပ်ရှားကြမယ်” ဟု လော့ယန်က ညွှန်ကြားလိုက်၏။
ကျန်သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူတို့၏ ဗိုက်ချိုင့်ထဲမှ လျှို့ဝှက်စွမ်းအင်သည် တိတ်တဆိတ် လည်ပတ်နေသည်။
သူတို့သည် လက်သီးများကို ကျစ်နေအောင်ဆုပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ကျားသစ်နက်သည် ထူးဆန်းသည်ကို သတိမပြုမိဘဲသစ်ရွက်များကြားမှ ဖြည်းဖြည်းချင်း ရွေ့လျားလာသည်။
ထိုလေးယောက်တို့ နီးကပ်လာသည်ကို မြင်
လိုက်သည့်အခါမှ သူ့အစွယ်များကို ဖော်ပြလာသတည်း။
ကျားသစ်နက်သည် အဆင့် ၀ နတ်ဆိုးသားရဲပင် မဟုတ်ပေ။ ထို့ကြောင့် ၎င်းသည် လော့ယန်နှင့် အခြားသုံးယောက်၏ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသည်။
သို့သော်…
လော့ထျန်သည် ကျားသစ်နက်၏ ခွန်အားကို အသုံးပြုလို၏။ သူ တစ်ယောက်တည်းက လူလေးယောက်ကို ရင်ဆိုင်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ကျားသစ်နက်သည် သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရမည်ဖြစ်သည်။ ထိုအခွင့်အရေးသည် သူ့အတွက် ချက်ချင်း သတ်နိုင်သည့် အခွင့်အရေး ဖြစ်၏။
ချက်ချင်းပင်…
လော့ထျန်သည် ကျောက်တုံးငယ်လေးတစ်ခုကို ကောက်ယူပြီး ညင်သာစွာ ပစ်ထုတ်လိုက်သည်။
“ဟူး”
ကျောက်တုံးလေးသည် ကျားသစ်နက်၏ ဘေးတွင် တိတိကျကျ ကျသွားသည်။ ကျားသစ်နက်သည် လန့်သွားပြီး သွေးထွက်နေသည့် ပါးစပ်ကို ဖွင့်လိုက်၏။ ၎င်း၏ ခြေလေးချောင်းကို အသုံးပြုလျက် ရှေ့သို့ အမြန်ဆုံး ခုန်ထွက်လိုက်သည်။
တစ်ချိန်တည်းတွင်…
လော့ထျန်သည် မကောင်းဆိုးဝါးများ၏ သရဲတစ္ဆေရယ်သံကို ထုတ်လိုက်၏၊ “မွဟားဟား… မွဟားဟား…”
မှောင်မိုက်သည့် တောအုပ်တစ်ခု၏ အလယ်တွင် ထူးဆန်းသည့် ရယ်သံကို ရုတ်တရက် ကြားရသောအခါ မည်သူမဆို လန့်သွားမည်ပင်။
လော့ယန်နှင့် အခြားသုံးယောက်သည် အလွန်ပင် တင်းမာနေပြီဖြစ်ရာ ရုတ်တရက် ရယ်သံကြောင့် သူတို့သည် ပြင်းထန်စွာ လန့်သွားကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ရှင်းလင်းစွာ ပေါ်လာပြီး လေးယောက်စလုံး နောက်လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ကျားသစ်နက်သည် ခုန်ချလာ၏။
လော့ယန်၏ မျက်နှာသည် ပြောင်းလဲသွားပြီး “လော့ရှူ သတိထား” ဟု အော်လိုက်သည်။
လော့ရှူသည် မော့ကြည့်လိုက်ရာ ကျားသစ်နက်သည် သူ့လည်ပင်းကို ကိုက်ရန် ရည်ရွယ်နေသည်ကိုသာ မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီး ကြောက်လန့်တကြား တုန်ယင်သွား၏။ မူလက စုစည်းထားခဲ့သော လျှို့ဝှက်စွမ်းအင် ပြိုလဲသွားခဲ့သည်။ လော့ရှူသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ နောက်လှည့်ကာ ပြေးထွက်ရန် လုပ်လိုက်၏။
“ဟီးဟီး…”
“ငါ့ရဲ့အခွင့်အရေးပဲ”
မှောင်မိုက်သည့်နေရာအတွင်းတွင် လော့ထျန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အေးစက်စက် ရယ်မောသံကို ဖော်ပြလိုက်သည်။
လော့ရှူသည် သူ့ဆီမှ အနည်းငယ်သာ အလှမ်းကွာသည့် အခါတွင် လော့ထျန်သည် “လျှပ်စီးကျားသစ်လက်သီး” ဟု အော်လိုက်၏။
သူ၏ လက်သီးနှစ်လုံးတွင် အစွမ်းသတ္တိများ ပြည့်နေပြီး အမြောက်ဆံနှစ်ခုကဲ့သို့ ထိုးလိုက်သည်။
လော့ရှူ၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
“ဘန်း၊ ဘန်း”
လက်သီးနှစ်လုံးသည် လော့ရှူ၏ ရင်ဘတ်ကို ထိုးလိုက်ပြီး သူ့တစ်ကိုယ်လုံး လေထဲတွင် မီတာအတော်အသင့် ပျံဝဲသွားကာ သစ်ပင်ကြီးတစ်ခုကို ပြင်းထန်စွာ တိုက်မိပြီးမှ ရပ်တန့်သွားသည်။
လော့ရှူ၏ မျက်လုံးများ ပြူးထွက်လာပြီး သူ့ပါးစပ်မှ အမည်းရောင်သွေးများ ပန်းထွက်လာ၏။ သူ့ခန္ဓာကိုယ်သည် သစ်ပင်အောက်သို့ လျှောကျသွားပြီး အသက်ရှင်ခြင်း၏ လက္ခဏာများ မပြတော့ချေ။
သူ သေဆုံးသွားပြီ။
ထိုအချိန်တွင် လော့ထျန်၏ စိတ်ထဲ၌ သာယာသော သတိပေးချက်အသံတစ်ခု ပေါ်လာတော့သည်…