← Chapters

အရည်အချင်းက ဘာလဲဆိုတာကို ဒီအဖေက ပြောပြပေးမယ်

Vol. 2 Ch. 11

အရည်အချင်းက ဘာလဲဆိုတာကို ဒီအဖေက ပြောပြပေးမယ်

Vol. 2 Ch. 11

မနက်ခင်းအချိန် လော့မိသားစု၏ သိုင်းပညာလေ့ကျင့်ရေးကွင်းထဲမှာ ဖြစ်၏။

မိုးသောက်ယံအချိန်မှာပင် ဒီနေရာသည် လူများနှင့်ပြည့်နှက်နေပြီး အသက်ဝင်လှုပ်ရှားနေ၏။

ဤကြီးမားသည့် သိုင်းပညာလေ့ကျင့်ရေးကွင်းကြီးထဲတွင် စုဝေးနေကြသူများမှာ လော့မိသားစု၏ မျိုးဆက်သစ်တပည့်များဖြစ်၏။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အားအင်အပြည့်အဝရှိနေပြီး သူတို့၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

တစ်နှစ်တစ်ခါသာကျင်းပသည့် အမဲလိုက်ပြိုင်ပွဲပင် ဖြစ်လေ၏။

ဒါက လော့မိသားစုအတွက် တစ်နှစ်တာ၏အရေးအကြီးဆုံးပွဲဖြစ်ပြီး မျိုးဆက်သစ်တပည့်များအတွက် အပြင်းထန်ဆုံး စစ်ဆေးမှုတစ်ခုလည်း ဖြစ်၏။

မျိုးဆက်သစ်တပည့်များအတွက်မှာ ၎င်းသည် သူတို့၏စွမ်းရည်များကို ပြသရန် အကောင်းဆုံးအချိန်ဖြစ်ပြီး သူတို့ ကောင်းကင်သို့ ပျံတက်ရန် အကောင်းဆုံးခုန်ပျံကျော်လွှားရာနေရာပင် ဖြစ်သည်။

ဤစစ်ဆေးမှုမှတစ်ဆင့် အဓိကတပည့်တစ်ဦးဖြစ်လာပြီး ပိုမိုများပြားသော ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို ရရှိရန်ပင်။ လော့မိသားစု၏ ဦးစားပေးခံရပြီး သူတို့၏အနာဂတ်သိုင်းပညာလမ်းကြောင်းပေါ်၌ ရေရှည်လျှောက်လှမ်းနိုင်ရန်အတွက် ဖြစ်သည်။

ထျန်ရွှမ်နယ်မြေတွင် သိုင်းပညာကျင့်ကြံခြင်းသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် သိုင်းပညာရှင်တိုင်းသည် ထိုလမ်းကြောင်းပေါ်တွင် ရေရှည်သွားနိုင်ရန် ဆန္ဒရှိကြ၏။

အမဲလိုက်ပြိုင်ပွဲသည် သူတို့ လက်တွေ့ဘဝ၏ပထမခြေလှမ်းပင်ဖြစ်သည်။

သိုင်းပညာလေ့ကျင့်ရေးကွင်းထဲတွင် သုံးယောက်၊ ငါးယောက်အုပ်စုများဖြင့် ဤနှစ်တွင် အဘယ်သူနိုင်မည်ကို ဆွေးနွေးနေကြ၏။

ထိုအချိန်ဝယ်…

လူနှစ်ယောက်သည် သိုင်းပညာလေ့ကျင့်ရေးကွင်းထဲသို့ ဝင်ရောက်လာ၏။

တစ်ယောက်က ဝပြီး တစ်ယောက်က ပိန်၏။ သူတို့သည် ထူးဆန်းသောအတွဲပမာဖြစ်ပြီး သူတို့၏လမ်းလျှောက်နှုန်းက မြန်လည်းမမြန် နှေးလည်းမနှေးဘဲ ပတ်ဝန်းကျင်မြင်ကွင်းက သူတို့နှင့်ဘာမျှမဆိုင်သကဲ့သို့ပင်။

သူတို့ကွင်းထဲသို့ ဝင်ရောက်သည်နှင့် လူတိုင်းက သူတို့ကိုထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြ၏။

လော့ထျန်၏နှုတ်ခမ်းများသည် အေးစက်သောအပြုံးကို ပြုံးလိုက်၏။ သူ့အပြုံးထဲတွင် အဆုံးမရှိသော အထင်သေးမှုများပါဝင်ပြီး သူသည် ထိုလူများကို တစ်ချက်မျှပင် မကြည့်ချေ။

သူ၏အေးစက်သော အပြုံးကြောင့် ပွဲရှိလူများမှ မဲ့ရွဲ့သောအကြည့်များနှင့် လှောင်ရယ်သံများ ထွက်ပေါ်လာ၏။

“အဲဒါ လော့မိသားစုရဲ့ အကြီးဆုံးအမှိုက်ပုံးမဟုတ်လား။ ဒီကို ဘာလာလုပ်တာလဲ။ အမဲလိုက်ပြိုင်ပွဲကို အမှိုက်တစ်ပုံးက ဝင်ပြိုင်ချင်လို့လား”

“ဟားဟား…”

“ဟားဟားဟား…”

ထိုနေရာမှလူတိုင်းသည် လှောင်ပြောင်သရော်သောအမူအရာများဖြင့် အသံကျယ်ကျယ်ရယ်မောနေကြပြီး ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။

“လမ်းဘေးက သူတောင်းစားကိုတောင် မနိုင်တဲ့အမှိုက်က အမဲလိုက်ပြိုင်ပွဲကို ဝင်ပြိုင်မယ်တဲ့လား”

“မြင်းဇောင်းအစောင့်၊ မင်းက လူယုတ်မာပဲ၊ ဒီသိုင်းပညာလေ့ကျင့်ရေးကွင်းထဲကို ဘယ်လိုအရည်အချင်းနဲ့ ဝင်လာတာလဲ။ ဒီကို မင်းလိုလူမျိုးက ဝင်လို့မရဘူးထွက်သွားလိုက်စမ်း”

“ဟုတ်တယ်၊ ထွက်သွား လော့မိသားစုကို အရှက်ရအောင် မလုပ်နဲ့”

လူတိုင်းက တစ်ခွန်းတစ်လေစီပြောနေကြပြီး အဆုံးမရှိသော လှောင်ပြောင်မှုများ ဆက်တိုက်ဆိုသလိုပင်။

လော့ထျန်၏မျက်နှာသည် တည်ငြိမ်နေပြီး သူတို့၏လှောင်ပြောင်မှုအားလုံးကို လစ်လျူရှုလိုက်၏။ ထို့နောက် သူကအေးစက်စွာ “ဒီသုံးစားလို့မရတဲ့အမှိုက်တွေတော့….” ဟုပြောလိုက်သည်။

ဖုန်းလေသည် နောက်မှာရပ်နေပြီး သားရဲတစ်ကောင်ပမာ ကိုယ်ခန္ဓာတောင့်တင်းကာ ခန့်ညားထည်ဝါနေ၏။ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက သူ၏ကိုယ်ခန္ဓာကြောင့် ခြေလှမ်းများက လေးလံနေ၏။ သူသည် ခံ့ညားထည်ဝါသော အရှိန်အဝါများဖြင့်ပြည့်နေသည့် ဆင်ကြီးတစ်ကောင်နှင့်တူ၏။

ပတ်ဝန်းကျင်ရှိလူများက လော့ထျန်ကိုလှောင်ပြောင်နေသည်ကိုကြည့်ပြီး သူ၏မျက်နှာကမဲမှောင်လာကာ သူ့မျက်လုံးထဲတွင် ဒေါသများပေါက်ကွဲထွက်လာ၏။ သူ၏အားအင်ပြည့်ဝသော သားရဲကဲ့သို့ အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး “မင်းတို့ နောက်တစ်ခါ ထပ်ပြောရဲရင် ပြောကြည့်စမ်း” ဟုအော်ဟစ်လိုက်သည်။

မည်သူဖြစ်စေ၊ သူတို့မည်မျှအားကြီးသည်ဖြစ်စေ၊ သူတို့သည် လော့ထျန်ကိုစော်ကားပါက ဖုန်းလေသည် သူ၏အသက်နှင့်လဲကာ တိုက်ခိုက်ရန်အသင့်ပေ။

သူသည် အလွန် ရိုးအပြီး မိုက်မဲ၏။

ဖုန်းလေသည် လော့မိသားစုတပည့်များကို ရင်ဆိုင်ရတိုင်း အနည်းငယ်ပင် မကြောက်ပေ။ သူ၏ခိုင်မာပြီး တုနှိုင်းမဲ့သော အသွင်အပြင်က ဘုရင်ဘေးတွင် စောင့်နေသော စစ်ဗိုလ်ချုပ်တစ်ဦးနှင့် တူ၏။ သူသည် ဂုဏ်သရေရှိပြီး အရာရာကို လွှမ်းမိုးထားကာ အလွန် မိုက်မဲနေသည်။

“မင်းက ဘာကောင်မို့လို့လဲ ခွေးကောင်ရဲ့”

“အမှိုက်သခင်ကနေ အမှိုက်အစေခံတစ်ယာက် ထွက်လာတာပဲ။ မင်းက မင်းရဲ့အကြီးအကဲတွေကို မလေးစားတတ်ဘူးပဲ… သိုင်းပညာလေ့ကျင့်ရေးကွင်းစည်းကမ်းတွေမှာ ရန်ဖြစ်ခွင့်မြုထားလိုသာနော်။ မဟုတ်ရင် ဒီအဖေက မင်းရဲ့ခေါင်းကို အခုချက်ချင်း လှည့်ပစ်လိုက်ချင်တာ”

“မင်းတို့နှစ်ယောက်က ဒီနေရာမှာ ကြောင်သူတော်လာလုပ်ရဲတယ်ပေါ့၊ ကိုယ့်ကို မှန်ထဲကြည့်ပြီး ဘယ်လိုအမှိုက်လဲဆိုတာကို ပြန်ကြည့်လိုက်ပါအုံး၊ ဟား… ဟာား… ဟာား”

လှောင်ပြောင်သရော်မှုများက အဆက်မပြတ် ရောက်ရှိလာ၏။

လော့ထျန်သည် လူတိုင်းက သူ့ကို လမ်းမှာတွေ့လျှင်ပင် ထိုးကြိတ်ချင်လောက်အောင် လူများ၏မုန်းတီးမှုကို ခံရသောသူတစ်ယောက်သကဲ့သို့ပင်။

သူတောင်းစားကို အရှုံးပေးပြီး လော့မိသားစုအတွက် မျက်နှာပျက်စေခဲ့သည့်အတွက်ကြောင့်လာ။

ဤလောက်တော့ ရိုးရှင်းမည်မဟုတ်ပေ။ လော့မိသားစုတစ်ခုလုံးက သူတို့၏မျိုးနွယ်ခေါင်းဆောင်ဖြစ်သော လော့ကျန့်ရှန်၏ ခွန်အားနှင့် အာဏာကို သိ၏။ လူတိုင်းက လော့ကျန့်ရှန်သည် လော့ထျန်ကို မုန်းတီးသည်ကိုသိသည့်အတွက်မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာသာရရန် လော့ထျန်ကို လှောင်ပြောင်ခြင်း၊ စော်ကားခြင်းနှင့် ထိုးကြိတ်ခြင်းများလုပ်သည်။ လူတိုင်းက ထိုသို့လုပ်ခဲ့ကြသည်။

လော့ထျန်၏ ပင်ကိုစရိုက်မှာ မင်းက သူ့ကိုကောင်းကောင်းဆက်ဆံရင် သူက ဆယ်ဆပြန်ဆပ်တတ်သည့်လူစားမျိုးပင်။

မင်းက သူ့ကိုကောင်းကောင်းမဆက်ဆံထားရင်တော့ ဆောရီးပဲ၊ ဒီကောင်က အဆ၁၀၀ကနေ အဆ၁၀၀၀ အထိ ပြန်ပေးဆပ်ရန် အခွင့်အရေးရှာလိမ့်မည်။

ဖုန်းလေ၏ဒေါသက ကောင်းကင်သို့ရောက်ရှိသွားသည့်အတွက် သူ၏ကိုယ်ခန္ဓာကြီးက လှုပ်ရှားသွား၏။ သူသည် တင့်ကားတစ်စီးပမာ ပြေးထွက်သွားပြီး သူ့မျက်လုံးများက တောရိုင်းသားရဲတစ်ကောင်၏မျက်လုံးနှင့် တူ၏။

ဖုန်းလေမှာ “မိုက်မဲသော လေ” ဟူသော အမည်ပြောင်ရှိ၏။

လော့ထျန်နှင့်ပတ်သက်ပြီး မည်မျှသေးငယ်သည့်အရာဖြစ်ပါစေ ရှေ့တန်းမှ ကာကွယ်ရန် အသင့်ပင် ။ သူသည် ယခင်တုန်းက သိုင်းပညာလေ့ကျင့်ရေးကွင်းမှ အကြိမ်ပေါင်းများစွာ အရှုံပေးကာ ထွက်ခွါခဲ့ရသည်။

သို့သော် ဒီနေ့တော့ ကွဲပြားသည်…

ဤနေရာတွင် လော့မိသားစုတပည့်ပေါင်း တစ်ရာကျော်ရှိနေသည်ဖြစ်ရာ သူသာ တကယ်ထိုးကြိတ်မည်ဆိုလျှင် အကျိုးဆက်များက အလွန်ဆိုးရွားနိုင်သည်။

လော့မိသားစု၏စည်းကမ်းချက်များတွင် သိုင်းပညာလေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ခြင်းကို ခွင့်မပြုသည်ဟု ရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထား၏။ အရင်တိုက်ခိုက်သည့်သူသည် ပြင်းထန်သောပြစ်ဒဏ်ကို ခံရမည်။

ဖုန်းလေသည် ထိုအရာများကိုဂရုမစိုက်သော်လည်း လော့ထျန်မှာမူ ဂရုစိုက်ရ၏။ သူသည် ရှေ့သို့တက်ပြီး ဖုန်းလေကိုတားဆီးကာ နှုတ်ခမ်းများကအေးစက်သောအပြုံးကို ပြုံးလိုက်ပြီး “ဒီအရူးတွေကြောင့် စိတ်တိုမနေနဲ့။ သူတို့လှောင်ပြောင်တဲ့စကားလုံးတိုင်းကို ငါမှတ်ထားတယ်၊ သူတို့ ဝဋ်ကြွေးဆပ်ရမယ့်နေကို စောင့်ကြည့်နေ” ဟုပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် လော့ထျန်သည် စာရင်းသွင်းနေရာသို့ သွားပြီး “ကျွန်တော် အမဲလိုက်ပြိုင်ပွဲကို စာရင်းသွင်းချင်ပါတယ်” ဟုပြော၏။

စာရင်းသွင်းရန် တာဝန်ယူသူကတော့ အိမ်တော်ထိန်းအိုကြီး လော့ချင်းချန်ဖြစ်၏။

လော့ချင်းချန်သည် သူ့ခေါင်းကိုမော့ကာ လော့ထျန်ကိုကြည့်လိုက်ပြီး စိတ်ရင်းကောင်းစွာဖြင့် သတိပေးလိုက်သည်မှာ “လော့ထျန်၊ ဒီနေရာက မင်းပြဿနာရှာဖို့နေရာ မဟုတ်ဘူး။ မြန်မြန်ထွက်သွားတော့” ဟူသတည်း။

“ဟိုး… ဟိုး.. လော့မိသားစုရဲ့ အကြီးဆုံးအမှိုက်ပုံးက အမဲလိုက်ပြိုင်ပွဲကို ဝင်ပြိုင်ချင်တယ်တဲ့”

လူအုပ်ထဲမှာ လှုပ်ရှားလာပြီး လမ်းတစ်ခု ရုတ်တရက် ပွင့်သွား၏။

လော့ယွဲ့သည် ကျူးမေ ၏ခါးကို လက်တစ်ဖက်ဖြင့်ဖက်ထားပြီး လက်တစ်ဖက်တွင် ယပ်တောင်ကို ကိုင်ထား၏။ သူ၏မျက်နှာသည် မဲ့ရွဲ့မှုများဖြင့်ပြည့်နှက်နေပြီး လော့ထျန်ကိုကြည့်ပြီး လှောင်ပြောင်လိုက်သည်မှာ “မင်းမှာ အရည်အချင်းရှိလို့လား” ဟူသတည်း။

ဘေးမှာရှိသော ကျူးမေ က ပျက်ရယ်ပြုပြီး “သူတောင်းစားကိုတောင် မနိုင်တဲ့အမှိုက်တစ်ပုံးက ဘယ်လိုအရည်အချင်းရှိနိုင်မှာလဲ” ဟုပြော၏။

လော့ချင်းချန်သည် မတ်တပ်ရပ်ပြီး လော့ယွဲ့ဘက်သို့ပြုံးပြပြီး “လော့ထျန်၊ ဒီနေ့အမဲလိုက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် အနိမ့်ဆုံးအဆင့် သုံးရှိရမယ်။ ဒါကို လက်လွှတ်လိုက်ပြီး မြန်မြန်ပြန်တော့” ဟုပြော၏။

“မင်းရဲ့ဒန်ထျန်က ပျက်စီးနေပြီး မင်းတစ်သက်လုံး တိုးတက်လာမှာမဟုတ်ဘူး၊ ဘယ်လိုအရည်အချင်းနဲ့ ဝင်ပြိုင်မှာလဲ”

“သွားစမ်း၊ ထွက်သွားလိုက်တော့၊ လူတွေရှေ့မှာ မျက်နှာပျက်အောင် မလုပ်နဲ့”

“သေးသွားပေါက်ပြီး ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်လိုက်စမ်း၊ မင်းလိုလူမျိုးက လော့မိသားစုကနေ အကြာကြီး ပစ်ပယ်ထားရမှာ”

လူအုပ်ကြီးမှ လှောင်ပြောင်သရော်သံများ တဖန်ပြန်လည်မြင့်တက်လာ၏။

ဖုန်းလေသည် သားရဲတစ်ကောင်၏သတိပေးသံနှင့်ဆင်တူသော တိုးတိုးညည်းတွားသံကို ပြုလုပ်လိုက်၏။

လော့ထျန်၏ရင်ထဲတွင် ဒေါသများ မထိန်းနိုင်ဘဲ ဒလဟော တက်လာ၏။ ထို့နောက် လော့ချင်းချန်ကိုကြည့်ပြီး “အိမ်တော်ထိန်း လော့၊ လော့မိသားစုရဲ့စည်းကမ်းတွေမှာ လော့မိသားစုရဲ့သခင်လေးက ပြိုင်ပွဲအားလုံးကို ဝင်ပြိုင်ဖို့ အရည်အချင်းရှိတယ်လို့ ပြဋ္ဌာန်းထားတယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဓိကတပည့်တစ်ဦးအနေနဲ့တောင် ဝင်ရောက်နိုင်တယ် ဟုတ်တယ်မလား” ဟုမေး၏။

လော့မိသားစု၏သခင်လေး၊ အနာဂတ်မျိုးနွယ် ခေါင်းဆောင်။

ဤမှာ သခင်လေးတစ်ယောက်အတွက် သတ်မှတ်ထားပြီးသားအခွင့်အရေးဖြစ်ပြီး ပွဲတိုင်း၊ ပြိုင်ပွဲတိုင်းကို ဝင်ပြိုင်နိုင်ခြင်းသည် ဤအခွင့်အရေးအပါအဝင်ပင်ဖြစ်၏။

လော့ချင်းချန်သည် အံ့အားသင့်သွားပြီး စိုးရိမ်လာ၏။ သူသည် လော့ထျန်ကို မျက်လုံးဖြင့်အချက်ပြနေသော်လည်း လော့ထျန်က ဘာမှမမြင်သကဲ့သို့ဟန်ဆောင်နေ၏။

လော့ချင်းချန်သည် ဘာမှမပြောခင်မှာပင် ပတ်ဝန်းကျင်မှလူအုပ်က ရယ်မောလိုက်ကြ၏။

“လော့မိသားစုရဲ့ သခင်လေး၊ ဟားဟားဟား…”

“သူရူးသွားတာလား။ လော့မိသားစုရဲ့သခင်လေးလို့ ထင်နေတာလား။ ဒါကအရမ်းရယ်စရာကောင်းတယ်၊ ဒါက ဒီနှစ်ထဲမှာ ငါကြားဖူးသမျှ အရယ်ရဆုံးဟာသပဲ…”

လော့ယွဲ့သည် လော့ထျန်၏နှာခေါင်းကို လက်ညှိုးထိုးလိုက်ပြီး “မင်းက ဘာကောင်မှမဟုတ်ပါဘူး။ မင်းက လော့မိသားစုရဲ့သခင်လေးလို့ဆိုလိုက်တာလား။ အထူးအခွင့်အရေးတွေလိုချင်တယ်ပေါ့။ နိုးထပါတော့ အမှိုက်ပုံးရေ” ဟုပြော၏။

လော့ထျန်က ကြည့်လိုက်ပြီး “အိမ်တော်ထိန်း လော့၊ လော့မိသားစုရဲ့စည်းကမ်းတွေမှာ ဒီလိုပြဋ္ဌာန်းထားတာရှိရဲ့လား” ဟု ထပ်မံ၍မေးမြန်း၏။

လော့ချင်းချန်သည် ခေါင်းခါရင်း သက်ပြင်းချကာ “ရှိတယ်” ဟုပြော၏။

လော့ထျန်က ထပ်ပြီး “ကျွန်တော့်ဖခင် သက်ရှိထင်ရှားရှိနေတုန်းက မျိုးနွယ်ခေါင်းဆောင်တွေနဲ့ လော့မိသားစု၏ခေါင်းဆောင်များရှေ့မှာ ကျွန်တော်က လော့မိသားစုရဲ့သခင်လေးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘယ်သူမှ ကျွန်တော့်ရဲ့သခင်လေးအဆင့်အတန်းကို ပယ်ဖျက်ဖို့ အခွင့်အရေးမရှိဘူး။ အဲ့ဒါက ကျွန်တော်ဟာ လော့မိသားစုရဲ့သခင်လေးဖြစ်နေသေးတယ်လို့ ဆိုလိုတယ်မလား။ ဒါဆိုမေးပါရစေ၊ ကျွန်တော်က လော့မိသားစုရဲ့အမဲလိုက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အခွင့်အရေးရှိသေးတယ်မလား” ဟုပြော၏။

သက်သေအထောက်အထားများရှိပြီး ယုတ္တိကျသော မေးခွန်းဖြစ်သောကြောင့် ငြင်းဆိုရန်နည်းလမ်းမရှိချေ။

လော့ချင်းချန်သည် လော့ယွဲ့ကိုကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ “မင်းပြောတာတွေက အမှန်တရားတွေပါ၊ ဒါပေမဲ့ အခု…” ဟုပြော၏။

သူစကားဆက်ပြောမနေဘဲ လော့ထျန်က ကြားဖြတ်ပြီး “ကျွန်တော် ထပ်မေးမယ်၊ အခွင့်အရေးရှိလာ” ဟုမေး၏။

“မင်းကိုယ်တိုင်က အသေခံဖို့ရှာနေတာဆိုရင် ငါဘာမှမလုပ်နိုင်ဘူး” ဟု လော့ချင်းချန်သည် သူ့ကိုယ်သူစိတ်ထဲတွင် ကူကယ်ရာမဲ့စွာတွေးလိုက်ပြီး ပြုံးကာခေါင်းငြိမ့်ပြီး “ရှိတယ်” ဟုပြောလိုက်သည်။

“ရှိတယ် သခင်လေး”

လော့ယွဲ့သည် “ဘာ ခွေးချီး သခင်လေးလဲ။ ငါတို့ရဲ့သခင်လေးက အစ်ကိုကြီး လော့လင်ပဲ၊ မင်းကိုယ့်ကို ဘာထင်နေ လဲ” ဟုကျိန်ဆဲလိုက်၏။

“မင်းက အမဲလိုက်ပြိုင်ပွဲအတွက် အရည်အချင်းမရှိဘူး၊ နားလည်လား”

“အမှိုက်ကောင်၊ သိုင်းပညာလေ့ကျင့်ရေးကွင်းကနေ သေချာထွက်သွားလိုက်စမ်း”

အဆက်မပြတ်လှောင်ပြောင်ခံရခြင်းနှင့် စော်ကားခံရခြင်းများကြောင့် လော့ထျန်၏ဒေါသက ထိန်းမရနိုင်လောက်အောင် အမှတ်တစ်နေရာသို့ ရောက်ရှိသွား၏။

လော့ထျန်သည် သူ၏ညာလက်ကို မြှောက်ပြီး လော့ယွဲ့ကို လက်ညှိုးထိုးကာ “မင်းအမ၊ အရည်အချင်းတွေ လိုချင်နေတာလား” ဟုပြောလိုက်၏။

“ကောင်းပြီ”

“ဒီကောင်က မင်းကို ငါ့မှာဘယ်လိုအရည်အချင်းတွေရှိလဲဆိုတာ သိစေရမယ်”

ထိုသို့ပြောပြီးနောက်…

လော့ထျန်သည် လက်သီးကိုဆုပ်ပြီး အတွင်းစိတ်မှ “ကြမ်းတမ်းခြင်း” ဟုအော်လိုက်သည်။

All Chapters