နောက်ကွယ်သဘောထားများ
Vol. 2 Ch. 15
သက်ကြီးသူနှင့်ခေါင်းဆောင်ကို ဆဲဆိုမှုများသည် သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးက ကျောက်စိမ်းတောင်မြို့ တစ်ခုလုံးကို လျင်မြန်စွာပင် ပျံ့နှံ့နေကြပေ၏။
လမ်းမကြီးများ၊ လမ်းကြားလေးများနှင့်စားသောက်ဆိုင်အားလုံးတွင် ဤအကြောင်းကိုပဲ ဆွေးနွေးပြောဆိုနေကြ၏။
မြို့၏ တောင်ဘက်တွင်ရှိသော ကျူးမိသားစုတွင်…
“ဒီလော့ထျန်က သိပ်မကြာခင် သေတော့မှာပဲ။”
“အကိုသုံး၊ ကျူးမေက ဒီအိမ်ထောင်ပြုမယ့်ကိစ္စကနေ စောစီးရပ်ခဲ့တာ ကောင်းတာပေါ့၊ မဟုတ်ရင် ငါတို့ပါ ဆွဲချခံရလိမ့်မယ်။”
“တစ်ချိန်တုန်းက မာန်မာနကြီးခဲ့တဲ့ ပါရမီရှင်က အခုတော့ အရူးတစ်ယောက်ဖြစ်သွားပြီ၊ ဒါက လော့မိသားစုရဲ့ အတွင်း ပဋိပက္ခတွေကြောင့် ဖြစ်ခဲ့တာပဲ။ လက်ရှိ လော့မိသားစုက အခုလက်ရှိ လော့ထျန်လိုပါပဲ၊ သိပ်မကြာခင် ကျောက်စိမ်းတောင်မြို့ကနေ ပျောက်ကွယ်သွားလိမ့်မယ်…”
“အိမ်တော်သခင်၊ ဒီကိစ္စအတွက် ဘာတွေများ ပြင်ဆင်ထားဖို့ လိုပါသလား။”
“မလိုပါဘူး၊ ဒီအခြေအနေမှာ ငါတို့ ဝင်ပါစရာမလိုပါဘူး။ အငယ်ဆုံး၊ ကျူးမေကို လော့ယွဲ့နဲ့ ပိုပြီး ခိုင်မာအောင် လုပ်ထားခိုင်းလိုက်၊ အနာဂတ်မှာ ဒီဆက်သွယ်မှုကိုသုံးပြီး လော့မိသားစုတစ်ခုလုံးကို ငါ ထိန်းချုပ်ဖို့လိုတယ်။ လော့မိသားစုရဲ့ နယ်မြေအားလုံးကို ရလိုက်တာနဲ့ ကျောက်စိမ်းတောင်မြို့က ငါတို့ ကျူးမိသားစုပိုင် ဖြစ်လာလိမ့်မယ်။ ဟားဟားဟား…”
“စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ အကိုလေး၊ ကျိုးနဲ့ ဆုန်းမိသားစုနှစ်ခုကို လျှို့ဝှက်ပြီး စောင့်ကြည့်နေလိုက်ပါ။ ပြဿနာဖြစ်လာနိုင်မယ့် အရိပ်အယောင် ဒါမှမဟုတ် လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိလာတာနဲ့ ငါ့ကို ချက်ချင်း အသိပေးရမယ်။”
အခြားနေရာတစ်ခုမှာတော့…
မြို့၏အနောက်ဘက်တွင်ရှိသည့် ကျိုးမိသားစုတွင်…
“လော့ထျန်အတွက် သေမင်းက တကယ်ကို နီးကပ်လာနေပြီပဲ။ သူက အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ရဲတယ်ဆိုတော့ သူ့ကိုယ်သူ မြှုပ်နှံဖို့အတွက် မြေကြီးကို တူးနေတာနဲ့ မတူဘူးလား။”
“လော့ထျန် သေသွားတာနဲ့ လော့ကျန့်ရှန်က ဒီအခွင့်အရေးကိုယူပြီး မျိုးနွယ်ခေါင်းဆောင်ဖြစ်လာမှာ သေချာတယ်။ ဒါပေမယ့် လော့မိသားစုရဲ့ တခြားခေါင်းဆောင်တွေကလည်း ဒီအခွင့်အရေးကိုယူပြီး ရာထူးတက်လာနိုင်မလား။”
“လော့ထျန်ရှိနေလို့ ဒီလော့မိသားစုက ဒီနှစ်အနည်းငယ်အတွင်းမှာ တော်တော်လေး ငြိမ်းချမ်းနေခဲ့တာပဲ။ သူ့မှာ အလွန်ထူးခြားတဲ့ ရပ်တည်မှုတစ်ခုရှိတယ်လို့ ငါတို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ပြီးနောက်မှာ လော့ကျန့်ရှန်က သူ့ကို သေချာပေါက် ဖယ်ရှားပစ်လိမ့်မယ်။ လော့ထျန် သေသွားတာနဲ့ ဒီအရာက လော့မိသားစုရဲ့ ဟန်ချက်ကို ပျက်စီးပြီး အိမ်တော်တွင်းပဋိပက္ခတွေ ဖြစ်လာတော့မှာပဲ။”
“အိမ်တော်သခင်၊ လော့ထျန်က မသေခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။”
“မသေဘူးလား။”
“အိမ်တော်သခင်၊ လော့ထျန်က သေကိုသေရမယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီအရာက ကျွန်တော်တို့ ကျိုးမိသားစုအတွက် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိမ့်မယ်…”
ကျိုးထိုင်က မျက်လုံးတွေကို မှိတ်လိုက်ပြီး “ဒီကလေး လော့ထျန်က သေကိုသေရမယ်၊ ဒီတစ်ခါတော့ ငါက လော့မိသားစုရဲ့ ရွှံ့ရေကို မွှေနှောက်ရတော့မယ့်ပုံပဲ” လို့ တိုးတိုးလေး ရေရွတ်လိုက်၏။
ကျောက်စိမ်းတောင်မြို့ရဲ့ မျက်နှာပြင်ပေါ်မှာမူမိသားစုကြီးလေးစုက အချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်နေကြသည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ရန်မဖြစ်ကြပေ။ သို့သော် သူတို့က ဆယ်စုနှစ်ပေါင်းများစွာ လျှို့ဝှက်တိုက်ခိုက်နေခဲ့ကြပြီး မည်သူမှလည်း အနိုင်မရခဲ့ကြချေ။
မိသားစုကြီးလေးစုထဲက တစ်စုချင်းစီက ကျောက်စိမ်းတောင်မြို့ကို အုပ်စိုးလိုနေကြသည်မှာအမြဲတမ်းပင်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လော့မိသားစုရဲ့ အင်အားက တဖြည်းဖြည်း လျော့နည်းလာနေပြီး ကျန်သည့် မိသားစုကြီးသုံးစုအတွက် မျှော်လင့်ချက်ရှိလာတော့သည်။
သူတို့သာ လော့မိသားစု၏နယ်မြေများကို သိမ်းပိုက်နိုင်ပြီး သူတို့နယ်မြေထဲကို ထည့်သွင်းနိုင်ခဲ့မည်ဆိုလျှင် ကျောက်စိမ်းတောင်မြို့ကို လွှမ်းမိုးနိုင်ရန်အတွက်အချိန်တစ်ခုသာ လိုလိမ့်မည်။
မြို့၏ မြောက်ဘက်တွင်ရှိသည့် ဆုန်းမိသားစုတွင်…
ဆုန်းယန်နန်က မျက်မှောင်ကြုတ်ပြီး အတွေးများထဲတွင် နစ်မြောနေလေ၏။
ခဏအကြာတွင်…
ဆုန်းယန်နန်က ခေါင်းကိုမော့လိုက်ပြီး ထပ်မေးလိုက်၏။ “မင်း လော့ထျန်က လော့ရှောင်ရှန်ရဲ့ မားပြင်းတဲ့ လက်ဝါးစွမ်းအင်ကို ချေဖျက်လိုက်တာကို တကယ်ပဲ ကိုယ်တိုင်တွေ့ခဲ့တာလား။”
“ဒီတပည့်က ကိုယ်တိုင်မြင်ခဲ့တာပါ” လို့ လော့မိသားစုရဲ့ တပည့်အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးက လေးနက်စွာ ပြန်ဖြေလေသည်။
အပေါ်ယံတွင် သူက လော့မိသားစု၏တပည့် တစ်ယောက်ဖြစ်သော်လည်း အမှန်တွင် ဆုန်းမိသားစုဝင်တစ်ယောက်ပင်။
မိသားစုတိုင်းက ဤသို့ မျက်နှာဖုံးစွပ် ကိုယ်စားလှယ်များကို အချင်းချင်းကြားတွင် လျှို့ဝှက်ထည့်သွင်းထားကြလေသည်။
ဆုန်းယန်နန်၏မျက်ခုံးများက တွန့်ချိုးသွားပြီးနောက်တွင်“လော့ထျန်ရဲ့ အစွမ်းက အဆင့်ဘယ်လောက်ထိ ပြန်ကောင်းလာတယ်လို့ မင်းထင်လဲ” လို့ မေးလိုက်၏။
လူငယ်က ခဏမျှ စဉ်းစားလိုက်ပြီး “ဒီတပည့်ကတော့ မသိပါဘူး၊ ဒါပေမယ့် လော့ထျန်က ကျွန်တော့်ကို ပေးတဲ့ ခံစားချက်ကတော့ သူက အရမ်းသန်မာတယ်ဆိုတာပဲ။ သူ့ကိုယ်ခန္ဓာကလာတဲ့ အရှိန်အဝါက ချက်ချင်းဆိုသလို နှစ်ဆ တိုးလာပြီး သူပြသခဲ့တဲ့ လက်သီးပညာကလည်း ကျွန်တော် တစ်ခါမှ မမြင်ဖူးတာမျိုးပါ။ ဒီလက်သီးပညာက အဆင့် (၁) ဒါမှမဟုတ် ဒီထက်ပိုတဲ့ အဆင့် ဖြစ်သင့်ပါတယ်” လို့ ပြောလေသည်။
“သူ့ရဲ့ အရှိန်အဝါက ရုတ်တရက် တိုးလာတယ်ဟုတ်လား။”
“အနည်းဆုံး (၁) အဆင့်ရှိတဲ့ သိုင်းပညာတစ်ခုလား။”
ဆုန်းယန်နန်ရဲ့ မျက်ခုံးတွေက အနည်းငယ်ပိုတွန့်ချိုးလာပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ “မင်း အခု ပြန်လို့ရပြီ။ အိမ်စောင့် လျှို၊ စာရင်းခန်းကိုသွားပြီး သူ့ကို ငွေ (၁၀၀) ဆုချလိုက်။”
လူငယ်၏မျက်ခုံးများက မြင့်တက်လာပြီး ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်ပြီး “ကျေးဇူးတင်ပါတယ် အိမ်တော်သခင်” ဟုပြောလေသည်။
လူငယ် ထွက်သွားပြီးနောက်တွင် ဆုန်းယန်နန်၏မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး “မင်းတို့အားလုံး ဘယ်လိုထင်လဲ” လို့ ပေါ့ပေါ့ပါးပါး မေးလိုက်၏။
ခန်းမကြီးထဲတွင်အခြားလူ (၅) ဦး ရှိနေ၏။ သူတို့သည် ဆုန်းမိသားစုခေါင်းဆောင် (၅) ဦးပင်။
“အစ်ကိုကြီး၊ အဲ့ဒီလော့မိသားစုက ကောင်လေးရဲ့ ဒန်ထျန်က ပျက်စီးသွားပြီမဟုတ်ဘူးလား။ သူက ရုတ်တရက် လော့ရှောင်ရှန်ရဲ့ အားပြင်းတဲ့ စွမ်းအင်တိုက်ခိုက်မှုကို ဘယ်လိုမျိုး ခုခံနိုင်ခဲ့တာလဲ။ အဲ့ဒီကလေးက ဒီနှစ်တွေမှာ ဟန်ဆောင်နေခဲ့တာများလား။”
“အဲ့လိုတော့ မဟုတ်လောက်ဘူး။ ကျွန်တော် သူ့ကို လျှို့ဝှက် စောင့်ကြည့်ခဲ့တာပါ။ ပြီးတော့ အဲ့ဒီကလေးက ခေါင်းဆောင်တွေမှ အရှက်ရစေတာတွေ၊ လှောင်ပြောင်တာတွေနဲ့ ရိုက်နှက်တာတွေကို ခံခဲ့ရတာ သတိထားမိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်ပါ၊ တကယ်လို့ သူက တကယ်ပဲ ကျင့်ကြံနိုင်ခဲ့တယ်ဆိုရင်တော့ သူ့အပေါ်မှာ လုပ်ထားတာတွေအားလုံးကို ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်မှာ မဟုတ်ဘူး။”
“အိမ်တော်သခင်၊ ဘယ်လိုပဲဖြစ်ဖြစ် လော့ထျန်က အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်နေတာပါ။ ပြီးတော့ လော့ကျန့်ရှန်က သူ့ကို ဆက်ပြီး အသက်ရှင်ခွင့် ပေးမှာမဟုတ်တာ သေချာတယ်။ လော့ထျန် သေသွားတာနဲ့ လော့မိသားစုရဲ့ ဟန်ချက် ပျက်သွားလိမ့်မယ်။ လော့ကျန့်ရှန်က ခေါင်းဆောင်အဖြစ် လွယ်လွယ်ကူကူ ဖြစ်ချင်ပေမယ့် တခြားခေါင်းဆောင်အချို့ကတော့ အမြင်မတူတာတွေ ရှိကြလိမ့်မယ်။ အိမ်တွင်းရေး ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါက တခြားမိသားစုကြီးတွေအတွက် အခွင့်အရေးတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် လော့ထျန်ရဲ့ သေဆုံးမှုက ကျောက်စိမ်းတောင်မြို့ရဲ့ မိသားစုကြီးလေးစုကြား ဆက်နွယ်မှုကို ပျက်စီးစေနိုင်ပါတယ်။”
“ကျိုးနဲ့ ကျူးမိသားစုနှစ်ခုက ဒီလိုနေ့မျိုးကို မျှော်လင့်နေကြတာပါ။ အစ်ကိုကြီး၊ ကျွန်တော်တို့လည်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်မှုတွေ လုပ်ရမယ်။”
ဆုန်းယန်နန်မှာမူ ခန်းမဆောင်ကြီးထဲတွင် ဆက်ပြီး ဆွေးနွေးနေကြသည့်ကို အမှန်အကန်ဂရုစိုက်နေတာမဟုတ်ပေ။ သူ၏စိတ်က လော့ထျန်က လော့ရှောင်ရှန်၏ အားပြင်းတဲ့ စွမ်းအင်တိုက်ခိုက်မှုကို ခုခံဖို့အတွက် မည်သည့်အစွမ်းမျိုးကို သုံးခဲ့လဲဆိုတာကို တွေးနေတာဖြစ်၏။
သူ့အင်အားတွေ ပြန်ကောင်းလာခဲ့သည့်တိုင် လော့ထျန်က နက်နဲတပည့်အဆင့်မှာသာ ရှိနေသေးတာပင်။
နက်နဲတပည့်အဆင့်ရှိ လူတစ်ယောက်က မည်မျှပင် သန်မာပါစေ လော့ရှောင်ရှန်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည့်နည်း မရှိပေ။
လော့ထျန်မှာမူ အံ့ဖွယ်ကောင်းသည့် ကြုံတွေ့မှုတစ်ခုကို ကြုံခဲ့ရတာ အသေချာပင်။
ထို့အပြင်…
အသက် (၃) နှစ်အရွယ် ကလေးတစ်ယောက်ကပင် ခေါင်းဆောင်ကို ဆဲဆိုလျှင် မည်သည့် အကျိုးဆက်ရမည်ကို သိကြသည့်အတွက် လော့ထျန်ဆိုလျှင် အဘယ်ကြောင့် မသိဘဲ နေသနည်း။ သူ သေမှာကို မကြောက်ဘူးလား။
ဆုန်းယန်နန်မှာမူ လက်ရှိ လော့ထျန်က အတိတ်ကဲ့သို့မဟုတ်တော့ဘဲ တစ်ခုခုသေချာပေါက် ရှိနေသည်ဆိုတာကို လျှို့ဝှက်ခံစားမိနေ၏။
ချက်ချင်းပင်…
ဆုန်းယန်နန်၏ မျက်လုံးများက ပြောင်းလဲသွား၏။ ထို့နောက် သူက သူ့ဘဝတွင် အခက်ခဲဆုံးနှင့် အလျင်မြန်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။ “အကိုငါး၊ လော့မိသားစုရဲ့ အမဲလိုက်မြေပြင်ထဲကို လျှို့ဝှက်ဝင်ရောက်ပြီး လော့ထျန်ကို အရိပ်ထဲမှာ ကာကွယ်ပေးလိုက်ပါ။ လိုအပ်လာရင်တော့ သူ့အတွက် တိုက်ခိုက်ပေးရမယ်။”
ထို့နောက်မှာတော့ ဆုန်းယန်နန်က ကြွေပုလင်းလေးတစ်ခုကို ထုတ်လိုက်ပြီး “ဒီထဲမှာ ဝိညာဉ်ငြိမ်ဆေးပြား (၁၀) လုံး ရှိတယ်။ ဒါကို ကြိုတင်ကာကွယ်မှုအနေနဲ့ မင်းသုံးလို့ရတယ်” လို့ ပြောလေသည်။
“အိမ်တော်သခင်၊ ခင်ဗျား…”
“ခင်ဗျားက အဲ့ဒီကလေး လော့ထျန်ရဲ့ အသက်ကို ဘာလို့ ကာကွယ်ပေးနေတာလဲ။ သူသေတာနဲ့ လော့မိသားစုက ရှုပ်ထွေးသွားလိမ့်မယ်။ အဲ့ဒီအရာက ကျွန်တော်တို့ ဆုန်းမိသားစုအတွက် အကျိုးရှိပါတယ်။ ကျိုးနဲ့ ကျူးမိသားစုနှစ်ခုက လက်ရှိအင်အားက ကျွန်တော်တို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတော့ သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ။”
ပစ္စုပ္ပန်မှာ ရှိနေတဲ့သူတိုင်းက ဆုန်းယန်နန်ရဲ့ လုပ်ရပ်ကို နားမလည်နိုင်ခဲ့ကြချေ။
ဆုန်းယန်နန်ကတော့ ညင်သာစွာ ပြုံးလိုက်ပြီး “မင်းတို့အားလုံးက လော့ထျန် သေသွားလိမ့်မယ်လို့ ယုံကြည်ကြတာပဲ။ ဒါပေမယ့် သူ မသေဘူးဆိုရင်ရော။ သူက သာမန်လူတွေ မခံနိုင်တဲ့ အရာတွေကို ခံခဲ့ရတယ်။ သာမန်လူတွေ မခံစားနိုင်တဲ့ ဒုက္ခတွေကို သူ သည်းခံခဲ့တယ်။ အခုလက်ရှိ လော့ထျန်က အရင်တစ်ယောက် မဟုတ်တော့ပါဘူး။ ဆက်ပြီး စောင့်ကြည့်နေလိုက်ပါ၊ ဒီကလေးက မင်းတို့ကို အကြီးမားဆုံး အံ့အားသင့်စရာတွေ ပေးလိမ့်မယ်” ဟု ပြောလေ၏။
ထိုသူ (၅) ဦးကတော့ စကားပင်မပြောနိုင်အောင် ဖြစ်သွားကြလေသည်။
လော့မိသားစု၊ ဓားဆောင်မှာမူ…
ဓားဆောင်က လော့မိသားစုဝင်များအတွက် ဓားပညာ လာရောက် လေ့ကျင့်ကြသည့်နေရာပင်။
လီရွှယ်အာက လော့လင်နှင့်ဓားပညာ လေ့ကျင့်ရန် သဘောတူခဲ့သည့်အတွက် ဤနေရာက သူတို့၏ကိုယ်ပိုင် လေ့ကျင့်ရေးကွင်းဖြစ်လာခဲ့၏။
လီရွှယ်အာက သူမ၏ဓားကို ရုပ်သိမ်းလိုက်ပြီး အံ့အားသင့်မှုက သူမ၏ မျက်နှာပေါ်တွင် ပေါ်လာလေသည်။ “လော့ထျန်က အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ချင်တယ် ဟုတ်လား။”
လော့လင်ရဲ့ နှုတ်ခမ်းတွေက ကွေးညွတ်သွားပြီး ပြုံးရယ်လိုက်၏။
ထို့နောက် “ဟုတ်တယ်။ သူ့မှာ အင်အားသေးသေးလေးရှိတာကို အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်ချင်တယ်ပေါ့။ သူက တကယ်ကို အရွယ်နဲ့မလိုက်အောင် ကိုက်နေတာပဲ။ တကယ်လို့ သူက ငါနဲ့ တွေ့ခဲ့မယ်ဆိုရင်… ညီမလေးရွှယ်အာ၊ မင်း အမဲလိုက်ပြိုင်ပွဲကို တကယ်ပဲ ငါနဲ့အတူ လိုက်မပါတော့ဘူးလား။ မင်း ပါဝင်ခဲ့မယ်ဆိုရင် ပထမနေရာကို ငါ မင်းကို ပေးပါ့မယ်” လို့ လှောင်ပြောင်ပြီး ပြောလေသည်။
လီရွှယ်အာက မျက်မှောင်ကြုတ်လိုက်ပြီး ရွံရှာမှု အရိပ်အယောင်လေးက သူမရဲ့ မျက်လုံးထဲမှာ ပေါ်လာ၏။
သူမက လော့ထျန်ရဲ့ အခြေအနေကို စိုးရိမ်နေသည့်အတွက် “ကျွန်မလို အပြင်လူတစ်
ယောက်က ပါဝင်ဖို့ သင့်တော်ပါ့မလား” လို့ ပြောလေသည်။
လော့လင်ရဲ့ မျက်လုံးတွေက အရောင်တောက်ပလာပြီး ချက်ချင်းပင် “သင့်တော်ပါတယ်၊ သေချာပေါက် ပြဿနာမရှိပါဘူး။ ဘယ်သူပဲ ပြောပြော၊ ငါ သူတို့နှုတ်ခမ်းကို ဆုတ်ပစ်မယ်” လို့ ပြန်ဖြေလေသည်။
လီရွှယ်အာကတော့ ညင်သာစွာ “ဒါဆိုလည်း ကောင်းတာပေါ့၊ ကျွန်မ ပါဝင်ပါ့မယ်” လို့ ပြောလေသည်။
လော့လင်ကတော့ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်၏။
လူသားတွေ မရှိဘဲ နတ်ဆိုးသားရဲတွေ ပေါများစွာရှိတဲ့ သရဲတောင်တန်း အကြောင်းကို တွေးလိုက်တာနှင့် သူက အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်နိုင်ပြီး သူမရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်လိမ့်မည်။
သူက အချို့ညများတွင်… ဒီအချက်ကို တွေးလိုက်သည်နှင့် လော့လင်က သူ၏တံတွေးကို မျိုချလိုက်၏။
ဤအချိန်ဆိုလျှင်…
တစ်စုံတစ်ယောက်က ဓားဆောင်ထဲကို ဝင်လာလေသည်။
လော့ကျန့်ရှန်ရဲ့ ကိုယ်ရံတော်ဖြစ်ပြီး လော့လင်၏သိုင်းဆရာလည်းဖြစ်သည့် လော့မင်ပင်။
လော့မင်က ဝင်လာပြီး “သခင်လေး၊ ခေါင်းဆောင်က သခင်လေးကို ချက်ချင်းပြန်လာဖို့ လိုချင်ပါတယ်” လို့ ပြောလေသည်။
ပုံမှန်အားဖြင့်တော့ လော့မင်က သူ့ကို လာခေါ်တာ တစ်ခါမှ မရှိခဲ့ပေ။
ထို့ကြောင့် လော့လင်လည်း နောက်ကျဖို့ မဝံ့ရဲချေ။ “ကျွန်တော် ချက်ချင်းပြန်ပါ့မယ်”
ထို့နောက် သူက ပြုံးပြီး လှည့်လာကာ “ညီမလေးရွှယ်အာ၊ ငါ အခုပြန်လိုက်ဦးမယ်။ မင်း အမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မယ့် ကိစ္စကို ငါ့ကိုပဲ ကိုင်တွယ်ခွင့်ပေးပါဦး။ မနက်ဖြန်မှာ ငါတို့ သရဲတောင်တန်းထဲကို ဝင်ကြလိမ့်မယ်။ မင်းကို ကာကွယ်ဖို့ ငါ အကောင်းဆုံး ကြိုးစားပါ့မယ်” လို့ ပြော၏။
ထိုသို့ပြောပြီးနောက်တွင် သူတို့နှစ်ဦးက အလျင်အမြန် ထွက်သွားကြလေသည်။
လီရွှယ်အာတစ်ယောက်သာလျှင် ဓားဆောင်ထဲတွင် ကျန်နေရစ်ပြီး သူမ၏မျက်နှာပေါ်မှာမူ ဝမ်းနည်းမှုအရိပ်အယောင်လေး ပေါ်နေ၏။
သူမက ပြတင်းပေါက်မှ နေဝင်ချိန်ကို ကြည့်ပြီး သူမဓားကို ဆုပ်ကိုင်ထားကာ “အစ်ကိုကြီးလော့ထျန်၊ ရွှယ်အာက ဘယ်သူ့ကိုမှ အစ်ကိုကြီးကို အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ပါဘူး” လို့ တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။