ကမ္ဘာမြေက စာအုပ်ဖြစ်လာခြင်း… ကံကြမ္မာအခွဲတစ်ခု
Vol. 120 Ch. 1824
“ ငါတို့မိသားစုရဲ့ ကြွယ်ဝမှုက သုံးမကုန်အောင် အရမ်းများတယ် ”
ဇီချင်းက ပြုံးလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ခန်းမအပြင်သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
သူ၏ လှုပ်ရှားမှုကြောင့် ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံး ယခင်ကထက် ပိုပြီးကျယ်လောင်စွာ မြည်ဟိန်းသွားသည်။
ထို့နောက် မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မြေကြီးက ချက်ချင်း ပြောင်းလဲသွားသည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ အဆောက်အဦးများနှင့် နန်းတော်သည်ပင် ဤအခိုက်အတန့်မှာ စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားသည်။
ကမ္ဘာမြေက စာအုပ်ဖြစ်လာသည်။
ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးတွင် ကောင်းကင်ယံမှ ဝမ်ကူးကြေးမုံသည်သာ တိုင်းပြည်၏ ကံကြမ္မာကို ဆက်ပြီး လုယက်နေသည်။ ယင်းက ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာထက်ဝက်ကျော်ကို လုယက်ပြီးပြီဖြစ်လေရာ မြေပြင်ပေါ်မှ အရာအားလုံးက ဝေဝါးသွားသည်။
သို့သော်လည်း ကမ္ဘာမြေက စာအုပ်အဖြစ် ပြောင်းလဲသွားပြီး စာရွက်လှန်သွားသည့်အခိုက်…
တောင်တန်းများနှင့် မြစ်ချောင်းများက ပြန်ပေါ်လာကြသည်။ တိုင်းသူပြည်သားများ၊ နန်းမြို့တော်နှင့် အရာအားလုံးက ပြန်ပေါ်လာကြသည်။
ထိုစာမျက်နှာက ကျစ်လွီဆဲ့တိုင်းပြည်၏ ပုံရိပ်ဖြစ်သည်။
ထို့ပြင် ပုံရိပ်က ပြစ်ချက်မဲ့စွာ ပြီးပြည့်စုံသည်။
ယင်းက ကောင်းကင်ယံမှ ဝမ်ကူးကြေးမုံကို ဆက်ပြီး လုယက်ခွင့်ပေးထားသလို ရွှီချင်း၏ ဝဲကတော့ကိုလည်း ဆက်ပြီး စုပ်ယူခွင့်ပေးထားသည်။
ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာက စုပ်ယူခံနေရသောကြောင့် ဝမ်ကူးကြေးမုံပေါ်မှ မြင်ကွင်းများက ပိုပြီးရှင်းလင်းလာသည်။ သို့တိုင် စာအုပ်၏ စာမျက်နှာပေါ်မှာ အရာအားလုံးက ပြန်ပေါ်လာနေဆဲပင်။
ပိုပြီးထူးခြားသည်မှာ ထိုစာမျက်နှာပေါ်မှ အရာအားလုံးက ဝေဝါးသွားပြီး ဝမ်ကူးကြေးမုံ၏ လုယက်ခံလိုက်ရသည့်အခါ ကမ္ဘာမြေစာအုပ်က ဒုတိယစာမျက်နှာသို့ လှန်သွားသည်။
ဒုတိယစာမျက်နှာသည်လည်း ကျစ်လွီဆဲ့တိုင်းပြည်၏ ပုံရိပ်ဖြစ်သည်။
မည်သည့်အရာမှ မပြောင်းလဲသွားချေ။
“ ညီလေး… မင်းလိုချင်သလောက် ယူစမ်းပါ… အကိုကြီး မင်းကို ပေးတယ် ”
ဇီချင်းက ပြုံးလိုက်သည်။
“ အတိတ်မှာ ငါက ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ အရာအားလုံးကို သီးခြားကံကြမ္မာစာမျက်နှာတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်… နောက်ဆုံးမှာ အဲ့ဒါတွေက အသက်ရှိလာပြီး အရေအတွက် အဆုံးမဲ့စွာ တိုးပွားလာတယ်… ”
“ ငါကိုယ်တိုင်တောင် အဲ့ဒါတွေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိဘူး ”
ယင်းက အတိတ်မှာ ဇီချင်းဖော်ပြခဲ့သည့် နတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။
ကံကြမ္မာ…
သို့သော်လည်း ယခု ဇီချင်း ထုတ်ဖော်လိုက်သော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက အတိတ်တုန်းကထက် အများကြီး ပိုလျှို့ဝှက်နက်နဲကြောင်း ထင်ရှားပေသည်။ ယင်း၏ လုပ်နိုင်စွမ်းက အကန့်အသတ်မဲ့ဟန် ရ၏။
သူစကားပြောလိုက်သည်နှင့် ကောင်းကင်ဝါးမျိုဒေသကြီး၏ စာမျက်နှာများက ရုတ်တရက် အမြန်လှန်လှောသွားကြသည်။ ယင်းတို့က ကောင်းကင်ယံမှ ဝမ်ကူးကြေးမုံ၏ လုယက်ခံရပြီးမှ လှန်လှောသွားခြင်း မဟုတ်တော့ပေ။ ယင်းအစား ဝမ်ကူးကြေးမုံ အပြည့်အဝ မစုပ်ယူနိုင်မီ စာမျက်နှာများက ယင်းတို့ဘာသာ လှန်လှောသွားကြသည်။
စာမျက်နှာတိုင်းက ကျစ်လွီဆဲ့တိုင်းပြည်၏ ပုံရိပ် ဖြစ်သည်။
ရလဒ်အနေဖြင့် ကောင်းကင်ယံမှ ဝမ်ကူးကြေးမုံ၏ လုယက်မှုက အရှိန်တိုးမြှင့်သွားသည်။
ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာသည်တော့ စာမျက်နှာများ မြန်ဆန်စွာ လှန်လှောသွားသည်နှင့် အရေအတွက် အကန့်အသတ်မဲ့သွားသည်။
အကူအညီမဲ့သော ခံစားမှုက လူတိုင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ကောင်းကင်ယံမှ ဝမ်ကူးကြေးမုံသည် အကန့်အသတ်မဲ့သော ကံကြမ္မာဖြင့် ရင်ဆိုင်ရသောအခါ ခွန်အားမဲ့သွားသည်။
ယင်းက အကန့်အသတ်မဲ့စွာ မလုယက်နိုင်ပေ။ ထို့အတူ ပြောင်းပြန်လှည့်ပတ်နေသော ဝဲကတော့သည်လည်း အဆုံးမဲ့စွာ မစုပ်ယူနိုင်ပေ။
သို့ဖြစ်၍ ရလဒ်အနေဖြင့် အက်ကွဲကြောင်းတစ်ခုက ဝမ်ကူးကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။
ထို့နောက် အက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည့်အခါ ပိုမိုများပြားသော အက်ကွဲကြောင်းများက ကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မကြာမီ ကြေးမုံတစ်ပြင်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။
နောက်ဆုံးမှာ ကြေးမုံက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
မရေမတွက်နိုင်သော ကြေးမုံအပိုင်းအစများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပြန့်ကျဲသွားကြသည်။
တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေပေါ်မှ လူသားနန်းမြို့တော်ထဲတွင် ဧကရီက သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့သွားသည်နှင့် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ အကူအညီမဲ့စွာ ကြည့်လိုက်သည်။
ဤပွဲအခမ်းအနားမှာ ပါဝင်ကြသော လူသားများသည်လည်း သူ့နည်းတူပင်။
အသင်္ချေမျိုးနွယ်စုများထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ဤအခိုက်အတန့်မှာ သွေးအန်လိုက်ကြရသည်။
ယခု ဝမ်ကူးကုန်းမြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကောင်းကင်ဝါးမျိုဒေသကြီးမှ အသွင်ပြောင်းလဲသွားခဲ့သော ကမ္ဘာမြေစာအုပ်၏ စာမျက်နှာများသည်သာ ဆက်လက် လှန်လှောနေပြီး ပုံရိပ်တစ်ခုပြီးတစ်ခုကို ထပ်ခါထပ်ခါ ပြန်လည်ပြသနေသည်။
ဤသည်မှာ အချိန်နှင့်လေဟာနယ်က ပြောင်းလဲနေသည့်အလားပင်။
ရွှီချင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ဇီချင်းသည် နတ်ဘုရားခန္ဓာကိုယ်ကို လုယက်ရန် ကျရှုံးသွားခဲ့သည်။
အခြားတစ်ဖက်မှာတော့ သူသည်လည်း ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာကို မလုယက်နိုင်ခဲ့ပေ။
သို့သော်လည်း သူကျရှုံးသွားသည့်အခိုက် တော်ဝင်နန်းတော်၏ မြေကွက်လပ်ပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက ရုတ်တရက် ရွေ့လျားလိုက်ပြီး ခန်းမဆောင်ဆီသို့ တန်းမတ်စွာ ပြေးသွားသည်။
သူက ကျစ်လွီဆဲ့တိုင်းပြည်၏ ကံကြမ္မာကို မလုယက်နိုင်မှတော့ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ရန် သူကိုယ်တိုင် တိုက်ခိုက်တော့မည်။
ခန်းမဆောင်ထဲမှ ဇီချင်းက သူ၏ လက်ညှိုးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကံကြမ္မာလှိုင်းဂယက်တစ်ခုက သူ၏ လက်ချောင်းနှင့် ထိတွေ့သွားသော ဟင်းလင်းပြင်ပေါ်မှာ ထွက်ပေါ်လာပြီး အပြင်ဘက်မှ ရွှီချင်း၏ ကျူးကျော်လာမှုကို တားဆီးလိုက်သည်။
“ မင်းရဲ့ ပြိုင်ဘက်က ကံကြမ္မာစီးကြောင်းထဲက ငါ့ရဲ့ တခြားမူကွဲပုံစံပဲ ”
ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း မြန်ဆန်စွာ လှန်လှောနေသော စာမျက်နှာများက ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။
ထို့နောက် ကံကြမ္မာအခွဲတစ်ခုက မြန်ဆန်စွာ ထွက်ပေါ်လာသည်။
ထိုကံကြမ္မာအခွဲ၏ ထွက်ပေါ်လာမှုက ပစ္စုပ္ပန်လောကကို အစားထိုးသွားသည်။ အတိအကျဆိုရသော် ယင်းက ပစ္စုပ္ပန်လောကနှင့် အတူယှဉ်တွဲရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဇီချင်းက ခန်းမဆောင်ထဲမှ နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေစဉ်…
ခန်းမအပြင်ဘက်မှ လောကက သိသာစွာ ပြောင်းလဲသွားသည်။
မြေကွက်လပ်ထဲတွင် ဒုတိယဇီချင်း ထွက်ပေါ်လာသည်။
သူက ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တုပေါ်မှာ မတ်တတ်ရပ်နေပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ထားသည်။ သူ၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က နတ်ဆိုးဆန်သည်။ ယခု သူပြောလိုက်သော စကားများက သူ၏ ဘေးပတ်ပတ်လည်မှ ကံကြမ္မာအခွဲထဲမှာ ပဲ့တင်ထပ်သွားသည်။
“ … ယဇ်ပူဇော်မယ် ”
ထိုစကားကို ပြောလိုက်သည့်အခိုက် ကြည်ညိုရိုသေသော အသံများက ကံကြမ္မာအခွဲထဲမှ ကျစ်လွီဆဲ့တိုင်းပြည်ထံမှ ပဲ့တင်ထပ်လာသည်။
“ အိမ်ရှေ့စံမင်းသားအတွက် ကျွန်တော်သေဖို့ ဆန္ဒရှိပါတယ် ”
“ အိမ်ရှေ့စံမင်းသားအတွက် ကျွန်တော်သေဖို့ ဆန္ဒရှိပါတယ် ”
ထိုအသံများသည် ကံကြမ္မာအခွဲထဲမှ ကျစ်လွီဆဲ့တိုင်းပြည်၏ တိုင်းသူပြည်သားအားလုံးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့က ကျင့်ကြံသူများ၊ သေမျိုးများ၊ ယောင်္ကျားမိန်းမများနှင့် ကလေးလူကြီးများ အစရှိသူတို့ ဖြစ်ကြသည်။
သို့သော်လည်း ချွင်းချက်မရှိ တူညီသော တစ်ခုတည်းသောအရာမှာ သူတို့အားလုံး၏ အမူအရာက ကြည်ညိုရိုသေနေကြသည်။
ဇီချင်း၏ စကားတစ်ခွန်းအောက်မှာ သူတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းလိုက်ကြပြီး ယဇ်ပူဇော်လိုက်ကြသည်။
သူတို့က မင်းသားဇီချင်းအတွက် ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်လိုက်ကြသည်။
ပစ္စုပ္ပန်လောကနှင့် အတူယှဉ်တွဲရှိနေသော ကံကြမ္မာအခွဲထဲမှ ဇီချင်းသည် ကျစ်လွီဆဲ့တိုင်းပြည်တစ်ခုလုံးကို သူ့အတွက် ယဇ်ပူဇော်ရန် ရွေးချယ်လိုက်သည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော သက်ရှိများ၏ ယဇ်ပူဇော်မှုက ဒီရေအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်မှ ပေါ်လျှိုးလာကာ ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တုပေါ်မှ ဇီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
စွမ်းအင်ဒီရေက အလွန်များပြားလေရာ အရေအတွက် အကန့်အသတ်မဲ့ဟန် ရ၏။
ထိုလုပ်ငန်းစဉ်အတွင်းမှာ ရွှီချင်းက တားဆီးခြင်း မပြုချေ။
အဘယ့်ကြောင့်ဆိုသော် ယင်းက အချည်းနှီးသာဖြစ်ကြောင်း သူသိသည်။ သူ၏ အာဏာစက်ဥပဒေသအစွမ်းကြောင့် သူ့အရှေ့မှ မြင်ကွင်းက ဖြစ်ပျက်ပြီးသောအရာဖြစ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။
သူက မြင်ကွင်းကို ပြောင်းလဲနိုင်လျှင်ပင် ရလဒ်ကို မပြောင်းလဲနိုင်ပေ။
သို့သော်လည်း ရလဒ်ကို ပြောင်းလဲခြင်းက အကြောင်းအကျိုးကို ကပြောင်းကပြန်ဖြစ်စေနိုင်သည်။
ထို့ကြောင့် ရွှီချင်းက ဤလုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ် စောင့်ကြည့်လေ့လာလိုက်သည်။
ဤအခိုက်အတန့်မှာ ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တုပေါ်မှ ဇီချင်း၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ယဇ်ပူဇော်မှုများ၏ တိုးဝင်လာမှုကြောင့် သွေးရေကန်အဖြစ် အရည်ပျော်သွားသည်။
ထို့နောက် သွေးက အောက်ဘက်မှ ရုပ်တုပေါ်သို့ ဒလဟော စီးကျသွားသည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးက အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ရွှီချင်း၏ စောင့်ကြည့်မှုအောက်မှာ ကံကြမ္မာအခွဲထဲမှ ကျစ်လွီဆဲ့တိုင်းပြည်ထဲတွင် မည်သည့်သက်ရှိမှ မတည်ရှိတော့ပေ။ ထိုကံကြမ္မာအခွဲထဲမှ ဇီချင်းသည်ပင် သွေးရေကန်အဖြစ် အရည်ပျော်သွားသည်။ သူ၏ သွေးက ရှေးဦးအပျက်အစီး၏ ရုပ်တုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ရှေးဦးအပျက်အစီး၏ ရုပ်တုထံမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။ ထိုအရှိန်အဝါက အလွန်အားကောင်းလေရာ ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
ယင်းက အလွန်ကျယ်ပြောသော နတ်ဘုရားစွမ်းအားကို ဖွဲ့စည်းလိုက်သည်။
ကောင်းကင်က အရောင်ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များက ဖရိုဖရဲဖြစ်သွားကြသည်။ ဤအခိုက်အတန့်မှာ လောကတစ်ခုလုံးတွင် ဒြပ်နှောများဖြင့် ပြည့်နှက်သွားသည်။
လောကနိယာမများသည်ပင် လွင့်ပြယ်သွားတော့မည့်ဟန် ရ၏။ ဥပဒေသများသည်လည်း ဖယ်ရှားခံရတော့မည့်ဟန် ရ၏။
ယခု နတ်ဘုရားအခွင့်အာဏာသာလျှင် တုနှိုင်းမဲ့တည်ရှိမှု ဖြစ်လာသည်။
ယင်းက နတ်ဘုရားအရှင်သခင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
ထိုအရှိန်အဝါအောက်မှာ ရှေးဦးအပျက်အစီး၏ ရုပ်တုက အသွင်ပြောင်းလဲသွားသည်။ ရုပ်တုက အသက်ဝင်လာသည့်အလား ကျောက်တုံးက အသွေးအသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။
အသွေးအသားများက လူးလွန့်လှုပ်ရှားသွားသည်နှင့် ၎င်း၏ အသွင်သဏ္ဍာန်က လုံးဝ ပြောင်းလဲသွားသည်။
၎င်းက လူသားတစ်ယောက် ဖြစ်လာသည်။
၎င်း၏ မျက်နှာက မျက်စိတစ်မှိတ်အတွင်းမှာ ဇီချင်း၏ မျက်နှာအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပျောက်ကွယ်သွားသည်။ ဤသည်မှာ သူက ဗလာနတ္ထိထဲသို့ ပျော်ဝင်သွားသည့်အလားပင်။ သူပြန်ပေါ်လာသည့်အခါ သူက ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားနှင့်သည်။
နတ်ဘုရားအရှင်သခင်တစ်ပါး၏ စွမ်းအားနှင့်အတူ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။
ရွှီချင်းက သူ့ကိုယ်ပိုင် အာဏာစက်ဥပဒေသကို ထုတ်လွှတ်လိုက်ပြီး ဇီချင်းကို တိုက်ခိုက်လိုက်သည်။
လောကက ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ကောင်းကင်က ဖရိုဖရဲဖြစ်သွားပြီး ကမ္ဘာမြေက တုန်လှုပ်သွားသည်။
ရွှီချင်းက အနောက်ဆုတ်ရန် အခွင့်အရေးရှာလိုက်ပြီး ပေတစ်ထောင်အဝေးသို့ ပြန်ဆုတ်သွားသည်။ သူက ခန်းမအပြင်မှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဇီချင်းကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ခန်းမအပြင်ဘက်မှ ဇီချင်းသည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။
ခန်းမအတွင်းမှ ဇီချင်းသည်လည်း ရွှီချင်းကို ကြည့်နေသည်။
ဇီချင်းနှစ်ယောက်က တစ်ချိန်တည်းမှာ စကားပြောလိုက်ကြသည်။
“ ညီလေး… ဒီတစ်ကြိမ် မင်းသေချာမပြင်ဆင်ထားဘူးဆိုရင်… အဲ့ဒါဆို မင်းသေလိမ့်မယ် ”
သူတို့နှစ်ယောက်၏ စကားသံများက ကံကြမ္မာစီးကြောင်းနှစ်ခုအဖြစ် ယှက်ထွေသွားကြပြီး လက်ရှိ အချိန်လေဟာနယ်ထဲမှာ အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်သွားသည်။
ဇီချင်း၏ နတ်ဘုရားအခွင့်အာဏာသည် ကံကြမ္မာ ဖြစ်သည်။
ကံကြမ္မာအခွဲတစ်ခုကို ဆွဲထုတ်ခြင်းနှင့် ယင်းကို ပစ္စုပ္ပန်လောကထဲမှာ ဒြပ်ထည်ဖြစ်တည်စေခြင်း…
ရွှီချင်းသည် ထိုသို့နည်းလမ်းကို ယခင်က တွေ့ကြုံခဲ့ဖူးသည်။
ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ အချိန်လေဟာနယ်မုန်တိုင်းထဲမှာ ဖြစ်သည်။
ရွှီချင်းသည် “ မူလတစ်ခုတည်းသို့ ပြန်ခြင်း ”ကို ဆင်ခြင်နားလည်နေစဉ် နောက်ဆုံးအချိန်လေဟာနယ်ထဲမှ ပန်းချီဆရာအဖိုးအို၏ ဘေးမှာ ထွက်ပေါ်လာခဲ့ဖူးသည်။
ပန်းချီဆရာအဖိုးအိုသည် ရွှီချင်း၏ အချိန်လေဟာနယ်ထဲမှ သူကိုယ်တိုင်၏ တခြားမူကွဲပုံစံ ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ယောက်၏ အသုံးပြုသော လမ်းစဉ်က ကွဲပြားခြားနားသည်။
ဇီချင်းက သူကိုယ်တိုင်၏ တခြားမူကွဲပုံစံကို ထုတ်ဖော်ရန် ကံကြမ္မာကို မှီခိုးအားထားခဲ့သည်။
ရွှီချင်းသည်တော့ သူ့ကိုယ်ပိုင် အာဏာစက်ကို အချိန်လေဟာနယ်အားလုံးထဲသို့ ထိုးဖောက်သွားမည့် ဒိုင်မန်းရှင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
တစ်ချိန်တည်းမှာ တစ်စုံတစ်ယောက်က ထိုအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် အရှင်သခင်တစ်ပါး ဖြစ်လာလိမ့်မည်။
ထိုသူက နတ်ဘုရားဆိုလျှင် နတ်ဘုရားအရှင်သခင်တစ်ပါးဖြစ်လာပြီး ထိုသူက အင်မော်တယ်ဆိုလျှင် အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်လာလိမ့်မည်။