နတ်ဘုရားကို ယဇ်ပူဇော်ခြင်း… မျက်လုံးမဖွင့်ပါနဲ့
Vol. 120 Ch. 1826
ဇီချင်း၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် မရေမတွက်နိုင်သော သုံးရောင်ခြယ်လိပ်ပြာငယ်များက ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းသွားကြပြီး ရွှီချင်းကို ဝန်းရံလိုက်ကြသည်။
၎င်းတို့ အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်သည်နှင့် သုံးရောင်ခြယ်အလင်းမှုန်များက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ ကျဆင်းလာကြပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။
နောက်အခိုက်အတန့်မှာ ယင်းတို့က ကံကြမ္မာလှောင်ချိုင့်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုကံကြမ္မာလှောင်ချိုင့်ပေါ်မှာ ကြယ်ဂြိုလ်များ၏ ရွေ့လျားမှုလမ်းကြောင်းများကို မြင်တွေ့နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကြယ်ဂြိုလ်များ၏ ဂြိုလ်ပတ်လမ်းကြောင်းများကို ကံကြမ္မာနတ်ဘုရားစွမ်းအားဖြင့် ဆွဲထုတ်ကာ ဆဌဂံလှောင်ချိုင့်တစ်ခုအဖြစ် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
ထိုလှောင်ချိုင့်ထဲမှာ ချုပ်နှောင်ခံလိုက်ရသူသည် ပုံပျက်တွန့်လိမ်သွားပြီး ကံကြမ္မာစွမ်းအားဖြင့် သက်ရောက်ခံရလိမ့်မည်။
နတ်ဘုရားစွမ်းရည်များဖြစ်စေ၊ ဓမ္မမန္တန်များဖြစ်စေ၊ သို့မဟုတ် တခြားစွမ်းရည်များဖြစ်စေ ယင်းတို့အားလုံးက ကံကြမ္မာစက်ဝန်းထဲသို့ ကျရောက်သွားပြီး အဆုံးမဲ့ ထပ်ကြော့ခြင်းကို လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဝင်္ကပါထဲမှာ ပိတ်မိနေသည့်အလား အပြင်သို့ မထွက်နိုင်သလို ထွက်လမ်းကိုလည်း မရှာဖွေနိုင်ပေ။
ယင်းက ကံကြမ္မာလှောင်ချိုင့်၏ အဓိပ္ပာယ်ဖြစ်သည်။
ယင်းက လှောင်ချိုင့်တစ်ခုကို ကံကြမ္မာစက်ဝန်းတစ်ခုနှင့် အတူတကွ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ သုံးရောင်ခြယ်အလင်းမှုန်များထဲမှ ရွှီချင်းက ထိုသို့အခြေအနေဖြင့် တွေ့ကြုံနေရသည်။
သူ၏ ခန္ဓာကိုယ်က အရှေ့သို့ ဆက်လျှောက်သွားနေပြီး ဟင်းလင်းပြင်ကို ဖြိုခွဲနေကြောင်း ထင်ရှားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ သူက မူလနေရာသို့ ပြန်ရောက်သွားသည်။
သူ၏ အာဏာစက်သည်ပင် ထို့အတူ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုအားလုံးက အဆုံးမဲ့ ထပ်ကြော့ခြင်းထဲမှာ ပိတ်မိနေသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ ရွေ့လျားခြင်းကို ရပ်တန့်လိုက်သည်။ သူက နေရာမှာ ရပ်လိုက်ပြီး ဤကံကြမ္မာလှောင်ချိုင့်ကို အာရုံခံလိုက်သည့်အခါ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ကံကြမ္မာစက်ဝန်းက လှောင်ချိုင့်အတွင်းမှာ မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှီချင်းက လှောင်ချိုင့်အလယ်မှာ ရပ်နေစဉ် သမိုင်းမြင်ကွင်းတစ်ခုက သုံးရောင်ခြယ်အလင်းမှုန်များကို အစားထိုးသွားသည်။
ဝေဝါးသော ပုံရိပ်များက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ စတင်ထွက်ပေါ်လာကြသည်။ ထို့နောက် ပုံရိပ်များက တဖြည်းဖြည်း အရေအတွက် ပိုများပြားလာသည်။ သူတို့က ယောင်္ကျားမိန်းမများနှင့် လူကြီးလူငယ်များ ဖြစ်ကြသည်။
ပတ်ဝန်းကျင်သည်လည်း မြန်ဆန်စွာ ပြောင်းလဲသွားသည်။ နေရာက အလင်းမှုန်များကြားထဲမှာ မဟုတ်တော့ပေ။ ယင်းအစား အဆောက်အဦးပုံရိပ်များက ထွက်ပေါ်လာကြသည်။
လူပုံရိပ်များနှင့် အဆောက်အဦးပုံရိပ်များက မြန်ဆန်စွာ တိုးပွားသွားကြသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်း၏ မှတ်ဉာဏ်များထဲမှာ အမြဲတမ်း နစ်မြုပ်နေခဲ့သော မြို့တစ်မြို့က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ဈေးသည်များ၏ အော်ခေါ်သံများနှင့် တီးတိုးစကားသံများက ပျံ့လွင့်လာသည်။
“ အရသာရှိတဲ့ သကြားချောင်းတွေ ရမယ်ဗျို့ ”
“ နောက်နှစ်ကျရင် ပိုပြီးဈေးရောင်းကောင်းမယ်လို့ ငါမျှော်လင့်တယ် ”
“ အားလုံးပဲ… ညီညီညာညာ တန်းစီကြပါ… မစုပြုံကြပါနဲ့ ”
“ အကိုတို့ အမတို့ခင်ဗျာ… ကျုပ်ရဲ့ ဈေးဆိုင်ထဲ တစ်ချက်လောက် ဝင်ကြည့်သွားကြပါဦး… ဒီဈာပနငွေစက္ကူက အရောင်သုံးရောင်မီးခိုးငွေ့ကို ထုတ်လွှတ်ပေးနိုင်ပါတယ် ”
မရေမတွက်နိုင်သော စကားသံများနှင့် ဆူညံသံများက ရွှီချင်း၏ နားထဲသို့ စုပြုံဝင်ရောက်လာသည်။ ရွှီချင်းသည် နေရာမှာ မတ်တတ်ရပ်နေရင်း ခန္ဓာကိုယ်တုန်ယင်သွားသည်။
မနီးမဝေးမှ ကလေးငယ်တချို့သည် လက်ထဲတွင် သစ်သားအရုပ်များကို ကိုင်ထားလျက် အဝေးသို့ ပြေးသွားနေကြသည်။
“ အချိန်ပြည့်တော့မယ်… ငါတို့ အမြန်ပြေးရအောင် ”
ယင်းကို မြင်သောအခါ ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုမြင်ကွင်းသည် သူ၏ မှတ်ဉာဏ်များထဲမှ ပြိုင်ဘက်ကင်းမြို့တော် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် လူရွယ်တစ်ယောက် မဟုတ်တော့ပေ။ ယင်းအစား မြို့ထွက်ပေါ်လာသည့်အခိုက် သူက ခုနစ်နှစ်ကလေးအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းကို သူမြင်သွားသည်နှင့်ချက်ချင်း အမျိုးသမီးတစ်ဦး၏ သိမ်မွေ့သော အသံက ရွှီချင်း၏ အနောက်မှ ပျံ့လွင့်လာသည်။
“ ချင်းအာ… သားဘာလို့ သူငယ်ချင်းတွေနဲ့ လိုက်မသွားတာလဲ… သားရဲ့ အကိုကြီးကို စောင့်နေတာလား ”
ထိုအသံက သူ့အတွက် အလွန်ရင်းနှီးသော်လည်း မရင်းနှီးသော ခံစားမှုကို ပေးသည်။
ရင်းနှီးသည်ဟု ဆိုရခြင်းမှာ ထိုအသံက ရွှီချင်း၏ မှတ်ဉာဏ်များထဲမှာ ဘယ်သောအခါမှ သူမမေ့သွားမည့် အသံဖြစ်သောကြောင့် ဖြစ်သည်။
ယင်းကို မရင်းနှီးသည်ဟု ခံစားမိခြင်းမှာ ထိုအသံကို အချိန်အတော်ကြာအောင် သူမကြားခဲ့ရသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ သိမ်မွေ့သော ထိုအမျိုးသမီးအသံက ကောင်းကင်ထက် ပိုပြီးကြီးမားသော ကျောက်ဆောင်တစ်ခုနှယ် ရွှီချင်း၏ နှလုံးသားတည့်တည့်ပေါ်သို့ ဖိကျလာသည်။ ယင်းက အကန့်အသတ်မဲ့သော စိတ်ခံစားချက်လှိုင်းလုံးများကို သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာစေသည်။
ရွှီချင်းက တုန်တုန်ယင်ယင်ဖြင့် အနောက်လှည့်လိုက်သည်။
သူ၏ အနောက်တွင် ဤဘဝ၏ အရေးကြီးဆုံး ပုံရိပ်နှစ်ခုကို သူမြင်တွေ့သွားသည်။
“ အဖေ… အမေ… ”
ရွှီချင်း၏ မျက်လုံးက စိုစွတ်လာသည်။
သူက သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို မြင်သွားသည်။ သူက အနည်းငယ် အရွယ်အိုနေသော်လည်း ကြည့်ကောင်းနေဆဲပင်။ သူ၏ ဘေးတွင် သေးသွယ်ပိန်ပါးသော အမျိုးသမီးတစ်ဦးက ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့ပုံပေါ်သော်လည်း သူ၏ အမူအရာမှာ ကြင်နာမှုဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်စလုံးက ရွှီချင်းကို စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။
“ အို ဒီကလေးကတော့… ဘာလို့ မျက်လုံးနီလာပြန်တာလဲ ”
အမျိုးသားက အကူအညီမဲ့မှုကို ခံစားမိသွားသည်။
ထိုစဉ် အမျိုးသမီးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။ သူက ရွှီချင်း၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ပြောသည်။
“ ချင်းအာ… သားက ယောင်္ကျားမဟုတ်ဘူးလား… သားအကို ထွက်သွားတာကို မြင်တဲ့အခါ မငိုရဘူးနော်… လာ ဒီကိုလာ… အမေ သားကို ဖက်ထားပေးမယ် ”
အမျိုးသမီးက စကားပြောပြီးနောက် ရွှီချင်းကို ပွေ့ဖက်လိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး ရွှီချင်း၏ ပါးကို နမ်းလိုက်သည်။
“ ချင်းအာ… မငိုနဲ့တော့… သားအကိုကြီးက သားစားဖို့ သကြားချောင်းတွေ သွားဝယ်နေတာ… မကြာခင် သူပြန်လာလိမ့်မယ် ”
“ ဟိုးကို ကြည့်လိုက်… ဒီနေ့က နတ်ဘုရားပူဇော်ပွဲနေ့လေ… မကြာခင် ယဇ်ပူဇော်မှုကို စတင်ကြတော့မှာ ”
အမျိုးသမီးက ကလေးငယ်ရွှီချင်းကို ချီထားလျက် အဝေးသို့ ကြည့်လိုက်သည်။
အဝေးတွင် ပြိုင်ဘက်ကင်းမြို့တော်၏ အလယ်ဗဟို၌ ရှည်လျားသော သစ်သားယဇ်ပလ္လင်တစ်ခု ရှိသည်။ ယဇ်ပလ္လင်ပေါ်တွင် အကျဉ်းသားတစ်ရာကျော်က ဒူးထောက်နေကြသည်။ သူတို့၏ အရှေ့တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ကောင်းကင်ထံသို့ အော်ပြောနေသည်။
တမူထူးခြားသော သူ၏ လေသံက အရပ်မျက်နှာအသီးသီးဆီသို့ ပဲ့တင်ထပ်သွားသည်။
“ ထျန်းချီပြက္ခဒိန်ရဲ့ (၁၂၅)ခုနစ်… တောင်ပိုင်းဖီးနစ်ရဲ့ တစ္ဆေပွဲတော်ညမှာ… ”
“ ငါတို့ပုရွက်ဆိတ်တွေက ရွှမ်ဒူမြေပေါ်မှာ ဝပ်တွားရင်း… နတ်ဘုရားမျက်နှာပျက်ကြီးဆီ လက်ဆောင်ပဏ္ဏာ ဆက်သလိုက်ပါတယ် ”
“ မိုးပြာရောင်နဂါးက ကောင်းကင်ကနေ ဆင်းသက်လာတဲ့အခါ အနက်ရောင်လိပ်က ကုန်းမြေပေါ် တတ်လာတယ်… ပထမဆုံး မင်းမျက်လုံးဖွင့်လိုက်တဲ့အခါ အနီရောင်နေလုံးက သတ္ထုတွေကို အရည်ပျော်စေပြီး ရေကန်တွေကို ခမ်းခြောက်စေတယ်… ကြယ်တွေက သတ္ထုမျှားတွေအဖြစ် ခွဲထွက်သွားပြီး တောအုပ်ကို ဖောက်ထွင်းသွားတယ် ”
“ ဒီနေ့… အပျက်အစီးနေရာတွေမှာ တစ္ဆေမီးတောက်တွေ လောင်ကျွမ်းနေတုန်းပဲ… သက်ရှိတွေက သုသာန်မြေကို စားသုံးနေကြတယ်… သွေးက မင်းရဲ့ မျက်တောင်ထဲမှာ အေးခဲနေတယ်… သေမျိုးတွေရဲ့ နောက်ဆုံးအသက်ရှူငွေ့က မင်းရဲ့ မျက်လုံးထဲမှာ ပုံရိပ်ပြန်နေတယ် ”
“ နတ်ဘုရား ”
“ မင်းရဲ့ သွားကြားထဲကနေ စိမ့်ထွက်လာတဲ့ အကြွင်းအကျန်တွေက ငါတို့ကို အသက်ရှင်နိုင်စေမယ့် ရိက္ခာတွေပါ… မင်းရဲ့ မျက်နှာအရိပ်က သေမျိုးတွေကို ကပ်ဘေးကနေ လွတ်မြောက်စေနိုင်ပါတယ် ”
“ ဒီနေ့… အကျဉ်းသားတစ်ရာကို ငါတို့ပေးလှူပါတယ်… မင်းရဲ့ မျက်လုံးကို ထွန်းလင်းဖို့ သူတို့ရဲ့ မျက်လုံးတွေကို ငါတို့ဖြတ်တောက်ပါမယ်… မင်းရဲ့ မျက်တောင်ကို ချိပ်ပိတ်ဖို့ သူတို့ရဲ့ အသက်ကို ငါတို့ဖြတ်တောက်ပါမယ် ”
“ နတ်ဘုရား… ထာဝရ အိပ်စက်တော်မူပါ ”
“ နတ်ဘုရား… ထာဝရ အိပ်စက်တော်မူပါ ”
“ နတ်ဘုရား… မျက်လုံးမဖွင့်ပါနဲ့ ”
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကင်းမြို့တော်ထဲမှ လူတိုင်းက ခေါင်းငုံ့လိုက်ကြပြီး တူညီစွာ အော်ပြောလိုက်ကြသည်။
“ နတ်ဘုရား… မျက်လုံးမဖွင့်ပါနဲ့ ”
သို့သော်လည်း…
မရေမတွက်နိုင်သော အသံများက အတူတကွ စုဝေးသွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက်…
အဆုံးမဲ့သော မွန်မြတ်သန့်စင်မှုဖြင့် ပြည့်နှက်နေသည့် နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးများက ရုတ်တရက် ဖွင့်လှစ်သွားသည်။
၎င်းက ပြိုင်ဘက်ကင်းမြို့တော်ဆီသို့ ကြည့်လိုက်သည်။
ထို့နောက် ကမ္ဘာဖျက်ကပ်ဘေးက လောကပေါ်သို့ ဆင်းသက်လာသည်။
အဆောက်အဦးအားလုံးက ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ နှစ်ပေါင်းတစ်သိန်းက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည့်အလားပင်။ အရာဝတ္ထုများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
မရေမတွက်နိုင်သော သေမျိုးများက ချက်ချင်း သန္ဓေပြောင်းလဲသွားကြသည်။ ၎င်းတို့က အော်ဟစ်ညည်းတွားနေသော ဆန်းကြယ်သက်ရှိများ ဖြစ်လာကြသည်။ ၎င်းတို့က သွေးသားဆာလောင်မှုနှင့်အတူ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြလေရာ သတ်ဖြတ်မှုများက နေရာတိုင်းမှာ ဖြစ်ပေါ်လာကြသည်။
အသက်ဓာတ်အားလုံးက သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ညှိုးနွမ်းခြောက်သွေ့သွားသည်။
သေခြင်းတရားက အရာအားလုံးကို ဝါးမျိုသွားသည်။
သန္ဓေမပြောင်းလဲသွားသော လူများက ပိုပြီးဆိုးဝါးသော အခြေအနေဖြင့် အဆုံးသတ်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး အရာအားလုံးက ယိုယွင်းပျက်စီးသွားသည်။
မြို့တစ်မြို့လုံးက ယဇ်ပူဇော်မှု ဖြစ်လာသည်။
သက်ရှိအားလုံးက ကူကယ်ရာမဲ့စွာ ရုန်းကန်နေကြောင်း ရွှီချင်း မြင်တွေ့သွားသည်။ သူ၏ မျက်လုံးထဲမှာ လောကက အနီရောင်ပြောင်းသွားသည်။
သေမင်း၏ ခေါ်ဆောင်မှုအောက်မှာ မရေမတွက်နိုင်သော အော်ဟစ်ညည်းတွားသံများနှင့် ငိုကြွေးသံများက ပြိုင်ဘက်ကင်းမြို့တော်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထို့နောက် သွေးမိုးက ကောင်းကင်ယံမှ ရွာသွန်းလာသည်။
ယဇ်ပူဇော်ခံလိုက်ရသူများထဲမှာ ရွှီချင်း၏ မိဘနှစ်ပါးလည်း ပါဝင်သည်။
သက်လတ်ပိုင်းအမျိုးသားက ရွှီချင်း၏ မျက်စိရှေ့မှာ ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကို ပွေ့ချီထားသော အမျိုးသမီးက ယခု သွေးရေကန်အဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
…..
ပြိုင်ဘက်ကင်းမြို့တော်တစ်ခုလုံး ငရဲပြည်အဖြစ် ပြောင်းလဲသွားသည်။ စေးပျစ်သော သွေးမိုးက ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။
သွေးမိုးထဲတွင် ခုနစ်နှစ်အရွယ် ရွှီချင်းက သွေးဖြင့် ရွှဲစိုသွားသည်။ သူက မိန်းမောတွေဝေနေသည်။
ထိုမြင်ကွင်းကို အတိတ်မှာ သူတွေ့ကြုံခဲ့ဖူးသည်။ ယင်းက သူ၏ စိတ်ထဲမှာ ယခုထိ ထင်ရှားနေဆဲပင်။
“ အဖေ… အမေ… ”
အဆုံးမဲ့သော ဝမ်းနည်းကြေကွဲမှုက ဖော်မပြနိုင်အောင် များပြားလှသည်။ ယင်းက လေပြင်းမုန်တိုင်းတစ်ခုနှယ် သူ၏ နှလုံးသားကို ရိုက်ခတ်သွားပြီး သူ၏ စိတ်ခံစားချက်များကို ဗြောင်းဆန်သွားစေသည်။
သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ သွေးကို ကြည့်လိုက်သည့်အခါ မျက်ရည်က သူ၏ ပါးပြင်ထက်သို့ စီးကျလာသည်။
ယင်းက သူ့အမေ၏ ခန္ဓာကိုယ်မှ အရည်ပျော်သွားသော သွေးဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် အဆောက်အဦးများ၊ ဆန်းကြယ်သက်ရှိများနှင့် အလောင်းများက ပျောက်ကွယ်သွားသည့်အခါ ပုံရိပ်တစ်ခုက အဝေးမှ သွေးမိုးထဲမှာ ထွက်ပေါ်လာသည်။
သူက သကြားချောင်းကို လက်ထဲမှာ ကိုင်ထားလျက် ဖုန်မှုန့်နှင့် သွေးမိုးထဲမှာ လမ်းလျှောက်နေသည်။ သူက သွေးအိုင်ပေါ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။
သွေးမိုးက သကြားချောင်းပေါ်သို့ ကျဆင်းသွားနေလေရာ သကြားချောင်းက ပိုပြီးနီရဲသွားသည်။
ထို့နောက် သူက ခါးကိုင်းလိုက်ပြီး ညာလက်ကို မြှောက်လိုက်ကာ ရွှီချင်း၏ ဦးခေါင်းကို ပုတ်လိုက်သည်။
“ ညီလေး… မငိုပါနဲ့ ”
…..
ကျစ်လွီဆဲ့နန်းတော်ထဲမှ ဇီချင်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
နန်းတော်အပြင်ဘက်မှ ကံကြမ္မာအခွဲထဲတွင် ဇီချင်းက ကံကြမ္မာလှောင်ချိုင့်ဆီသို့ လျှောက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သုံးရောင်ခြယ်အလင်းမှုန်များထဲသို့ ဆန့်တန်းလိုက်သည်။
ယင်းကို မြင်သောအခါ ခန်းမဆောင်ထဲမှ ဇီချင်း၏ မျက်လုံးထဲတွင် နက်နဲသိမ်မွေ့သော အလင်းရောင်က ဖြတ်ပြေးသွားသည်။
“ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကိုတော့… ငါယူလိုက်မယ် ”
ထိုသို့ပြောပြီးနောက် ဇီချင်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။
ယင်းက ကျောက်ရှာတောင်၏ ဦးတည်ရာဖြစ်သည်။
သူလှမ်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းဟိုင်ဒေသငယ်ထဲမှ ကျောက်ရှာတောင်က ရုတ်တရက် တုန်လှုပ်သွားသည်။
အလွန်ကျယ်ပြောသော နတ်ဘုရားစွမ်းအားက ကျောက်ရှာတောင်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ ယင်းက မီးတောင်တစ်ခုနှယ် ပေါက်ကွဲထွက်လာပြီး အပြင်းအထန် ရုန်းကန်လိုက်သည်။
ရုတ်တရက် ပေါ်လျှိုးလာသော နတ်ဘုရားစွမ်းအားကြောင့် ချိပ်တံဆိပ်ကို အားဖြည့်ပေးနေကြသော ကျိုးကျန်းလီနှင့် တခြားလူများက အပြင်းအထန် တုန်ယင်သွားကြသည်။ သူတို့က သွေးအန်လိုက်ကြပြီး အဝေးသို့ လွင့်စင်သွားကြသည်။
ချိပ်ပိတ်မှုက ကျရှုံးသွားသည်။
ရွှီချင်း၏ အထောက်အပံ့မရှိတော့သည့်အခါ သူတို့က ဇီချင်း၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြတော့ချေ။ ကျိုးကျန်းလီနှင့် တခြားလူများ ကျရှုံးသွားသည်နှင့် ကျောက်ရှာတောင်ထိပ်ပေါ်မှ သတ္တမသခင်ကြီး၏ ခန္ဓာကိုယ်သည်လည်း အပြင်းအထန် တုန်လှုပ်သွားသည်။
သူက နွေဦးအင်မော်တယ်တစ်ပါးဖြစ်သော်လည်း ယင်းကို မခုခံနိုင်ပေ။
သူ၏ ခြေဖဝါးအောက်မှ စည်းချအစီအရင်က တစ်လက်မချင်းစီ အက်ကွဲသွားသည်။ သူက မန္တန်တချို့ကို ရွတ်ဖတ်လိုက်သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်သည်။
နောက်အခိုက်အတန့်မှာ စည်းချအစီအရင်တစ်ခုလုံး ပြိုကွဲပျက်စီးသွားသည်။
နတ်ဘုရားအရှိန်အဝါက ပျက်စီးသွားသော စည်းချအစီအရင်အတွင်းမှ ပေါ်ထွက်လာသည်။
ထိုအရှိန်အဝါ၏ အနောက်တွင် ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်က ထွက်ပေါ်လာသည်။
နတ်ဘုရားခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ကြောက်မက်ဖွယ်ဖိအားနှင့် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ၎င်းက သက်တံ့တစ်စင်းအသွင် ပြောင်းလဲလိုက်ပြီး ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
၎င်းက ချက်ချင်း ထွက်ခွာသွားသည်။
၎င်းပြန်ပေါ်လာသည့်အခါ ၎င်းက ကောင်းကင်ဝါးမျိုဒေသကြီးဆီသို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းက ခန်းမဆောင်ထဲမှ ဇီချင်း၏ အရှေ့သို့ ဆင်းသက်သွားသည်။
သူ့အရှေ့မှ နတ်ဘုရားခန္ဓာကိုယ်ကို ကြည့်နေရင်း ဇီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ ညီလေး… မင်းက အဆင်သင့်မဖြစ်သေးဘူး ”
နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ဇီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်က ဇီချင်းဆီသို့ ပျံသန်းသွားသည်။ ဇီချင်းက နတ်ဘုရားခန္ဓာကိုယ်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
သူက ဤနတ်ဘုရားခန္ဓာကိုယ်ကို စုပ်ယူရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။
ဇီချင်း၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားသည်။
ယင်းက တိုက်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ် ဇီချင်း မျက်နှာပျက်သွားခြင်း ဖြစ်သည်။
သူက တုံ့ဆိုင်းမနေဘဲ လက်လွှတ်လိုက်ပြီး ရွှီချင်း၏ နတ်ဘုရားခန္ဓာကိုယ်ကို အဝေးသို့ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း နောက်ကျသွားချေ၏။
သူက နတ်ဘုရားအစွမ်းတချို့ကို စုပ်ယူပြီးပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်နှင့် အဝေးသို့ သူပစ်လွှတ်လိုက်သော နတ်ဘုရားခန္ဓာကိုယ်က ရုတ်တရက် ထွန်းလင်းတောက်ပလာပြီး အသွင်သဏ္ဍာန် ချက်ချင်း ပြောင်းလဲသွားသည်။
၎င်းက ကြေးမုံတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ထိုကြေးမုံက အင်မော်တယ်အရှင်သခင်မီမင်၏ အာဏာစက်ဥပဒေသ ဖြစ်သည်။
ကြေးမုံထွက်ပေါ်လာသည့်အခိုက် လက်ညှိုးတစ်ချောင်းက ကြေးမုံ၏ မျက်နှာပြင်ပေါ်မှ ရုတ်တရက် ဆန့်တန်းထွက်လာပြီး ဇီချင်းဆီသို့ မယုံကြည်နိုင်စရာကောင်းသော အလျင်ဖြင့် ပျံသန်းသွားသည်။
ယင်းတို့ကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ အရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဇီချင်းသည် ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးအကြိမ် ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိသွားသည်။ သေခြင်းခေါင်းလောင်းသံက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်နှင့် ကံကြမ္မာလှောင်ချိုင့်၏ သုံးရောင်ခြယ်အလင်းမှုန်များထဲသို့ လက်ဆန့်ထုတ်ထားသော ဇီချင်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူပြန်ပေါ်လာသည့်အခါ သူက ပစ္စုပ္ပန်လောက၏ ခန်းမဆောင်ထဲမှ ဇီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
သူက ကြေးမုံထံမှ လက်ညှိုးကို ခုခံတားဆီးလိုက်သည်။
လက်ညှိုးနှင့် ထိတွေ့သွားသည့်အခိုက် ဇီချင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး စတင်အက်ကွဲသွားသည်။
အသက်တစ်ခါရှူချိန်ကြာပြီးနောက်…
ဇီချင်းနှင့် လက်ညှိုးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး ပျောက်ကွယ်သွားကြသည်။
ထိုအခိုက်အတန့်မှာ နဂါးရာဇပလ္လင်ပေါ်မှာ ထိုင်နေသော ဇီချင်းက သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သူက ခန်းမအပြင်မှ ကံကြမ္မာလှောင်ချိုင့်ကို ကြည့်လိုက်သည့်အခါ အသက်ရှူမြန်လာသည်။
ကံကြမ္မာလှောင်ချိုင့်က ပြိုကွဲပျက်စီးသွားသည်။
သုံးရောင်ခြယ်အလင်းမှုန်များက လွင့်ပြယ်သွားသည်။
ထို့နောက် လွင့်ပြယ်သွားနေသော အလင်းမှုန်များကြားထဲတွင် ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က အရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။
သူလမ်းလျှောက်လိုက်သည်နှင့် သူ၏ ပုံရိပ်က မြန်ဆန်စွာ ပြောင်းလဲသွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်နှစ်အသက်ကြီးသွားသည်။
သုံးရောင်ခြယ်အလင်းမှုန်များထဲမှ အပြည့်အဝ သူထွက်လျှောက်လာသည့်အခိုက် ရွှီချင်းက လူလတ်ပိုင်းအရွယ်သို့ ပြန်ရောက်သွားသည်။
သူက ခန်းမဆောင်ထဲမှ ဇီချင်းကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ စိတ်မကောင်းစရာပဲ ”
ခန်းမဆောင်ထဲတွင် ဇီချင်းက သူ၏ ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်သည်။ ရွှီချင်းကို ကြည့်သော သူ၏ အကြည့်က ချီးကျူးလေးစားမှုအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။
…..
ထိုအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ ဧရာမကြယ်ဂြိုလ်တစ်ခုပေါ်တွင်…
အင်မော်တယ်အရှင်သခင်မီမင်က မျက်လုံးဖွင့်လိုက်ပြီး သူ၏ လက်ညှိုးကို ပြန်ရုပ်လိုက်သည်။
သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ နည်းနည်းလေး လိုသွားတယ် ”
သူ၏ အနောက်တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။
၎င်းက သူဖိနှိပ်ထားသော ရွှီချင်း၏ အစစ်အမှန် နတ်ဘုရားခန္ဓာကိုယ် ဖြစ်သည်။