← Chapters

ရှေးဦးအပျက်အစီး၏ ညာဘက်မျက်လုံး

Vol. 120 Ch. 1828

ရှေးဦးအပျက်အစီး၏ ညာဘက်မျက်လုံး

Vol. 120 Ch. 1828

ရွှီချင်းသည် အမှန်တကယ်ပင် သူ့ကိုယ်သူ ယဇ်ပူဇော်တော့မည်။

သူ့ဝိညာဉ်၏ အနက်ပိုင်းထဲမှ လျှောက်လမ်းကို အပြင်သို့ ၎င်းဘာသာ ထွက်ပေါ်လာအောင် သူမလုပ်ဆောင်နိုင်ပေ။

ထို့ကြောင့် သူက ကျောက်ရှာတောင်ပေါ်မှာ နေထိုင်ခဲ့စဉ်အတွင်း အထူးစမ်းသပ်မှုများကို ပြုလုပ်ပြီးနောက် နောက်ဆုံးမှာ နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။

ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သက်ရှိများကို အသုံးပြု၍ သူ့ကိုယ်သူ ကြားခံနယ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။

လျှောက်လမ်းက သူ့ဝိညာဉ်၏ အနက်ပိုင်းထဲမှာ ရှိနေမှတော့ သူ့ကိုယ်သူ ကြားခံနယ်တစ်ခုအဖြစ် ပြောင်းလဲပြီး သူ၏ သေခြင်းရှင်ခြင်းကို အသုံးပြုကာ ယဇ်ပူဇော်မှုကို ဆောင်ရွက်မည်။

ရွှီချင်း၏ လေ့လာသုံးသပ်မှုများအရ ထိုနည်းလမ်းက အောင်မြင်နိုင်ခြေ အလွန်များသည်။

သို့သော်လည်း ထိုနည်းလမ်းက အလွန်ရက်စက်ကြမ်းကြုတ်သည်။ သာမန်လူများသည် ယင်းကို တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ရွှီချင်းအတွက်တော့ ယင်းက ရှေးဦးအပျက်အစီးကို ဆန့်ကျင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ထို့ကြောင့် ဤအခိုက်အတန့်မှာ ဧကရာဇ်ဓားက အောက်သို့ ကျဆင်းသွားပြီး ဓားဒဏ်ရာက သူ၏ မျက်ခုံးနှစ်ခုကြားထဲမှာ ထွက်ပေါ်လာသည်နှင့် ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက ရုတ်တရက် တုန်ယင်သွားပြီး အပြင်မှာ ပေါ်လျှိုးလာသည်။

နောက်အခိုက်အတန့်မှာ အနီရောင်လနတ်ဘုရားအခွင့်အာဏာက ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ ပြင်ပအင်အားအဖြစ် ထွက်ပေါ်လာသည်။ ယင်းက သွေးမြူခိုးအဖြစ် ပြောင်းလဲသွားပြီး ဧရာမသွေးယဇ်ပလ္လင်တစ်ခုကို ဒြပ်ထည်ဖွဲ့စည်းသွားစေသည်။

ထို့နောက် တစ္ဆေအင်ပါယာတောင်ကုန်းက ယဇ်ပလ္လင်၏ အောက်ဘက်မှာ ထောင့်တိုင်ဖြစ်လာပြီး ယဇ်ပလ္လင်ကို မြင့်မြင့် မြှောက်တင်ပေးလိုက်သည်။ ရွှေကျီးကန်းက မီးတောက်သံကြိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီး တစ္ဆေအင်ပါယာတောင်ကုန်းနှင့် ယဇ်ပလ္လင်ကို ဆက်သွယ်ပေးလိုက်ကာ တအိအိလှုပ်ယမ်းသွားသည်။

တားမြစ်အဆိပ်က လေထဲမှ ဆင်းသက်လာပြီး အနက်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားကာ ရွှီချင်းကို အားဖြည့်ပေးလိုက်သည်။

ထို့နောက် (ဃ၁၃၂)က ဆင့်ခေါ်ခံလိုက်ရပြီး ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

ရူးနှမ်းနေသော ပန်းချီဆရာအဖိုးအိုက အကျဉ်းထောင်ထဲမှ ထွက်လျှောက်လာပြီး ကျောက်ရှာအလင်းကို ကြိတ်ဆုံဖြင့် အမှုန့်ချေလိုက်သည်။ ထို့နောက် သူက ရောင်စုံအလင်းမှုန်များဖြင့် ယဇ်ပလ္လင်ကို ဆေးရောင်ခြယ်လိုက်သည်။ ယဇ်ပလ္လင်၏ တောင်ဘက်ထောင့်တွင် သူက စူးစူးဝါးဝါး အော်ရယ်လိုက်ပြီး သူ၏ ပန်းချီစုတ်တံကို သူ၏ နဖူးထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။

ကျောက်တုံးခြင်္သေ့က အပြင်းအထန် တုန်ယင်သွားပြီး နာကျင်သော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် ယဇ်ပလ္လင်ပေါ်မှ အဆိပ်မြူခိုးထဲတွင် စာခြောက်ရုပ်က ချောက်ချားဖွယ်ကောင်းသော အပြုံးဖြင့် အပြင်သို့ ထွက်လျှောက်လာသည်။ ၎င်းက ယဇ်ပလ္လင်၏ အရှေ့ဘက်ထောင့်မှာ ဒူးထောက်လိုက်သည်။ ၎င်းက အချိန်ပုလင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အပေါ်သို့ မြင့်မြင့် မြှောက်လိုက်သည်။

ယဇ်ပလ္လင်၏ အနောက်ဘက်ထောင့်တွင် နတ်ဘုရားလက်ချောင်းက ထွက်ပေါ်လာသည်။ ၎င်းက ခေါင်းကြီးကို (ဃ၁၃၂)ထဲမှ ဆွဲထုတ်လိုက်သည်။

ခေါင်းကြီး၏ စူးစူးဝါးဝါး အော်သံက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

“ မင်းတော့ သေပြီ… မင်းတော့ သေပြီ… မင်းတော့ သေပြီ… ”

ယင်းက ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှု ဖြစ်သည်။

အရှေ့ဘက်ထောင့်၊ တောင်ဘက်ထောင့်နှင့် အနောက်ဘက်ထောင့်တွင် ယဇ်ပူဇော်မှုများကို အသီးသီးပြုလုပ်ပြီးသော်လည်း ရွှီချင်း၏ အရှေ့မှ မြောက်ဘက်ထောင့်က ဗလာဖြစ်နေဆဲပင်။

ထို့ကြောင့် ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှု စတင်သည်နှင့်ချက်ချင်း ယဇ်ပလ္လင်၏ အလယ်ဗဟိုမှာ ထိုင်နေသော ရွှီချင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားသည်။

ရုတ်တရက်ဆိုသလို သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားက သဏ္ဍာန်မဲ့သော ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က သူ၏ မျက်ခုံးနှစ်ခုကြားမှ ဓားဒဏ်ရာမှအစပြု၍ သူ၏ အရေပြားနှင့် အသွေးအသားတစ်လျှောက်သို့ ချက်ချင်း ပျံ့နှံ့သွားကြသည်။

ပြင်းထန်သော နာကျင်မှုဝေဒနာက သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ အရေပြားသည် သူ၏ အသွေးအသားပေါ်မှ တိုက်ရိုက် ခွဲထွက်သွားသည်။

သွေးနှင့် အသားသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ ဖြစ်ကြသော်လည်း အရေပြားသည်တော့ ဝတ်ရုံဖြစ်သည်။

အင်မော်တယ်စွမ်းအား၏ ဖြတ်တောက်မှုအောက်မှာ သူ၏ အရေပြားက ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားပြီး ယဇ်ပလ္လင်၏ မြောက်ဘက်ထောင့်ဆီသို့ လွင့်မျောသွားသည်။

ရွှီချင်းသည် သူ့ကိုယ်ပိုင်အရေပြားကို ဆွဲခွာလိုက်ပြီး ယဇ်ပူဇော်မှုအဖြစ် လုပ်ဆောင်လိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရေပြားမရှိတော့ပေ။ အသွေးအသားနှင့် သွေးကြောများဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်သာလျှင် ကျန်ရှိ၏။ သို့ဖြစ်၍ ရွှီချင်း၏ လက်ရှိအသွင်သဏ္ဍာန်သည် လွန်စွာ ချောက်ချားဖွယ်ကောင်းသည်။ သို့တိုင် သူ၏ ယဇ်ပူဇော်မှုက မပြီးမြောက်သေးပေ။

ဧကရာဇ်ဓားက အပေါ်သို့ နောက်တစ်ကြိမ် မြှောက်တတ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားဆီသို့ ထပ်မံ ပိုင်းဖြတ်လိုက်သည်။

ဓားအလင်းက စူးရှတောက်ပစွာ လင်းလက်သွားသည်။

ဤတစ်ကြိမ်တွင် ဓားက ရွှီချင်း၏ အသွေးအသားကို လှီးဖြတ်လိုက်သည်။

ရွှီချင်းထံမှ အင်မော်တယ်စွမ်းအား၏ ထောက်ပံ့ပေးမှုအောက်မှာ ဓားစွမ်းအင်က ပိုပြီးထက်ရှလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးများတစ်လျှောက်သို့ ဖြတ်သန်းသွားသည်။

ဓားစွမ်းအင်က သူ၏ အသွေးအသားကို အရိုးများထံမှ အတင်းအဓမ္မ ဆွဲခွာလိုက်သည်။

ထို့နောက် သူ၏ အသွေးအသားက သူ၏ ခန္ဓာကိုယ်ထံမှ ကွာကျသွားပြီး မြောက်ဘက်ထောင့်ဆီသို့ ဦးတည်သွားကာ သူ့ကိုယ်ပိုင်အရေပြားပေါ်မှာ ကျဆင်းသွားသည်။

သို့တိုင် ယင်းက အဆုံးသတ် မဟုတ်သေးပေ။

ယဇ်ပလ္လင်၏ အလယ်ဗဟိုမှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်း၏ ခန္ဓာကိုယ်သည် အသွေးအသားဆုံးရှုံးသွားပြီးနောက် ထပ်မံ ထွန်းလင်းတောက်ပလာသည်။ ဓားချီက ဟိန်းဟောက်လိုက်သည်နှင့် သူ၏ အရိုးအားလုံးနှင့် ကိုယ်တွင်းအင်္ဂါအားလုံးက သူ့ထံမှ ချက်ချင်း ခွဲထွက်သွားကြသည်။

ယင်းတို့အားလုံးက ယဇ်ပလ္လင်၏ မြောက်ဘက်ထောင့်ဆီသို့ ကျဆင်းသွားကြသည်။

သူ၏ အရိုးများက သူ၏ အသွေးအသားပေါ်မှာ စုပုံသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက သူ၏ အရိုးများပေါ်မှာ စုပုံသွားကြသည်။

ယခု ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ရွှီချင်း၏ ဝိညာဉ်သာလျှင် ကျန်ရှိတော့သည်။

သူ၏ ဝိညာဉ်က နေရာမှာ လွင့်မျောနေပြီး ရူးသွပ်မှုတစ်စွန်းတစ်စကို ထုတ်လွှတ်လိုက်သည်။

“ ယဇ်ပူဇော်မယ် ”

ဝိညာဉ်၏ စကားသံ ပျံ့လွင့်သွားသည်နှင့် ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုက အပြည့်အဝ အသက်ဝင်လာသည်။

ယဇ်ပလ္လင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး အက်ကွဲသွားသည်။ ဤသည်မှာ အတုအယောင်နှင့် အစစ်အမှန်ကြားမှ နယ်နိမိတ်ခြားနားမှုက သဏ္ဍာန်မဲ့အင်အားတစ်ခုကြောင့် ဆုတ်ဖြဲခံလိုက်ရသည့်အလားပင်။

မရေမတွက်နိုင်သော အနက်ရောင်အရိပ်များက ဆန်းကြယ်သက်ရှိများအဖြစ် ပြောင်းလဲသွားကြသည်။ ဆန်းကြယ်အရှိန်အဝါနှင့်အတူ ၎င်းတို့က ရက်စက်ကြမ်းတမ်းသော လေပြင်းထဲမှ မွေးဖွားလာကြသည်။

အော်ဟစ်ညည်းညူသံများနှင့် ငိုကြွေးသံများ ပဲ့တင်ထပ်သွားသည်နှင့် ၎င်းတို့၏ အရေအတွက်က အဆုံးမဲ့သွားသည်။

၎င်းတို့ထွက်ပေါ်လာသည့်အခိုက် ၎င်းတို့က နတ်ဆိုးသားရဲများသဖွယ် သွေးနံ့ကို ချက်ချင်း အာရုံခံမိသွားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ရွှီချင်း၏ ဝိညာဉ်ပေါ်သို့ ခုန်အုပ်လိုက်ကြသည်။

ဒိုင်မန်းရှင်းအားလုံး၊ နိယာမအားလုံး၊ ပုံပြင်အားလုံး၊ အချိန်လေဟာနယ်အားလုံး၊ အပြိုင်စကြာဝဠာအားလုံးနှင့် ဗလာနတ္ထိသည်ပင် ၎င်းတို့၏ ပစ်မှတ်ထားခြင်း ခံလိုက်ကြရသည်။

ရွှီချင်း၏ ဝိညာဉ်နှင့် ဝိညာဉ်ထဲမှ အရာအားလုံးက ဆန်းကြယ်သက်ရှိများ၏ လွှမ်းခြုံခြင်း ခံလိုက်ကြရသည်။

၎င်းတို့က အရာအားလုံးကို ဝါးမျိုကိုက်စားလိုက်ကြပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲလိုက်ကြသည်။

ပန်းချီဆရာအဖိုးအိုသည် သေဆုံးသွားပြီးနောက် ချောက်ချားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူက အလောင်းလက်ကို မြှောက်လိုက်ပြီး ရူးသွပ်စွာ ပန်းချီဆွဲလိုက်သည်။

ကျောက်တုံးခြင်္သေ့က နာကျင်စွာ ဟိန်းဟောက်လိုက်သည်။

“ ဆန်းကြယ်သက်ရှိတွေက နတ်ဘုရားတွေထက် ပိုပြီးရှေးကျတယ်… သူတို့က ကြယ်တာရာစက်ဝန်းတွေကို အုပ်စိုးတယ်… သူတို့ရဲ့ လောကက နတ်ဘုရားတွေမတိုင်ခင်ကတည်းက တည်ရှိခဲ့တယ် ”

ခေါင်းကြီးက ခုန်ပေါက်လိုက်ပြီး ကျယ်လောင်စွာ သီချင်းအော်ဆိုလိုက်သည်။ ၎င်း၏ အသံက ဈာပနတေးသံသဖွယ် အလွန်စူးရှသည်။

အပြင်ဘက်လောကတွင်တော့…

ဇီချင်းက တည်ကြည်လေးနက်သော အမူအရာဖြင့် မတ်တတ်ရပ်နေစဉ် ရှေးဦးအပျက်အစီး၏ မျက်လုံးထဲမှ နတ်ဘုရားပုံရိပ်များက ကျစ်လွီဆဲ့နန်းတော်၏ အရပ်မျက်နှာအဘက်ဘက်မှာ ရုတ်တရက် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

၎င်းတို့က အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ကြသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ ဝိညာဉ်က ဆန်းကြယ်သက်ရှိများ၏ ဝါးမျိုစားသောက်မှုနှင့် ဆုတ်ဖြဲမှုကို တောင့်ခံနေစဉ် သူ၏ အရှေ့မှ ဧကရာဇ်ဓားက ရုတ်တရက် ထွန်းလင်းတောက်ပသွားသည်။ ထို့နောက် အံ့ဖွယ်ကောင်းသော ဓားချီက ရွှီချင်း၏ ဝိညာဉ်ကို ပိုင်းဖြတ်သွားသည်။

ဓားချီကျဆင်းလာသည့်အခိုက် ရွှီချင်း၏ ဝိညာဉ်က နောက်ဆုံးမှာတော့ ဟက်တက်ကွဲထွက်သွားသည်။

ထို့နောက် ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုမှ စွမ်းအားသည် တွင်းပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား ရွှီချင်း၏ ဝိညာဉ်အနက်ပိုင်းထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ယင်းက သူ၏ ဝိညာဉ်ကို အပြည့်အဝ ဖွင့်လှစ်သွားစေသည်။

သူ၏ ဝိညာဉ် ဖွင့်လှစ်သွားသည့်အခိုက်…

အဆုံးမဲ့အနက်ရောင်မြူက ရွှီချင်း၏ ဝိညာဉ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး အပြင်သို့ ပျံ့နှံ့သွားသည်။

မြူခိုးထဲတွင် တံခါးအများကြီးရှိကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

ထိုတံခါးများက ပုံသဏ္ဍာန်ကွဲပြားခြားနားသလို အရွယ်အစား မတူညီကြချေ။ ထိုတံခါးများက ရှည်လျားသော လျှောက်လမ်းတစ်ခု၏ ဘယ်ညာတစ်ဖက်စီမှာ စီတန်းရှိနေကြသည်။

လျှောက်လမ်း၏ အနက်ပိုင်းထဲတွင် ဧရာမပလ္လင်တစ်ခု ရှိသည်။

ဤအခိုက်အတန့်မှာ ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုမှ စွမ်းအားနှင့် နတ်ဘုရားပုံရိပ်များက ထိုအနက်ရောင်မြူထဲသို့ ချဉ်းကပ်ဝင်ရောက်သွားကြသည်နှင့် လျှောက်လမ်းပေါ်မှ တံခါးအားလုံးက ရုတ်တရက် တုန်ယင်သွားကြသည်။

ထို့နောက် တံခါးအားလုံးက အလွန်အားကောင်းသော အရှိန်အဟုန်နှင့်အတူ ဝုန်းခနဲ မြည်ဟိန်းသွားကြသည်။

တဒုန်းဒုန်း မြည်သံများက ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။

ယင်းက အတွင်းဘက်မှ တံခါးထုရိုက်သံများ ဖြစ်သည်။

တံခါးအားလုံးက တုန်ယင်သွားကြသည်။ ဤသည်မှာ တံခါးများ၏ အနောက်မှ အမည်မသိတည်ရှိမှုများက အပြင်ဘက်မှ အဖြစ်အပျက်များကို အာရုံခံမိသွားကြသည့်အလားပင်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ရူးသွပ်သွားကြပြီး အစွမ်းကုန်သုံး၍ တံခါးကို တဒုန်းဒုန်း ထုရိုက်နေကြသည်။

၎င်းတို့က တံခါးများကို ချိုးဖြတ်ချင်နေကြသည်။

ထိုတံခါးထုရိုက်သံများထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေသည်။ ထို့ပြင် ခပ်အုပ်အုပ်မြည်ဟိန်းသံများက အပြင်လောကဆီသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

ယင်းက မြူခိုးထဲသို့ ဝင်ရောက်လာကြသော ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားပုံရိပ်များကို အပြင်းအထန် တုန်ယင်သွားစေသည်။ ထို့နောက် တစ်ခါမှမဖြစ်ဖူးသော ကြောက်ရွံ့မှုက ၎င်းတို့အားလုံး၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းတို့က ထွက်ပြေးချင်သည့်အလား မြူခိုးထဲမှ အမြန်အနောက်ဆုတ်သွားကြသည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

တံခါးများက အလွန်အမင်း ခိုင်ခံ့ပြီး တံခါးအနောက်မှ တည်ရှိမှုများက မည်မျှပြင်းထန်စွာ ထုရိုက်နေပါစေ အချည်းနှီးသာဖြစ်သော်လည်း ယင်းက တံခါးအားလုံးကို မဆိုလိုပေ။

တံခါးထုရိုက်သံများက ကျယ်လောင်စွာ ပဲ့တင်ထပ်နေစဉ်၊ ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားပုံရိပ်များက အနောက်ဆုတ်သွားကြတော့မည့်အချိန် လျှောက်လမ်း၏ အနက်ပိုင်းထဲမှ ပလ္လင်နှင့် အလွန်အမင်း နီးကပ်သော သစ်သားတံခါးတစ်ချပ်က ရုတ်တရက် အလွန်ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ယင်းက တခြားအသံအားလုံး၏ စုပေါင်းမှုထက်ပင် သာလွန်သည်။

ဘန်း…

ထိုအသံကြောင့် တခြားတံခါးများထံမှ မြည်သံများက ချက်ချင်း ရပ်တန့်သွားသည်။

ထို့နောက် လျှောက်လမ်း၏ အနက်ပိုင်းထဲမှ သစ်သားတံခါးပေါ်တွင် ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ပေါ်လျှိုးလာသည်။

နောက်အခိုက်အတန့်မှာ ရှည်လျားသော အနက်ရောင်ဆံချည်မျှင်များက ယိုယွင်းပျက်စီးခြင်းစိတ်ဆန္ဒကို သယ်ဆောင်လျက် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော လောဘစိတ်နှင့် သွေးသားဆာလောင်မှုက အပြင်လောကဆီသို့ အရူးအမူး ပျံ့နှံ့သွားသည်။

ဤသည်မှာ သစ်သားတံခါး၏ အနောက်မှ တည်ရှိမှုက နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆာလောင်မွတ်သိပ်နေသည့်အလားပင်။

သို့ဖြစ်၍ အနက်ရောင်ဆံချည်မျှင်များသည် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားပုံရိပ်များဆီသို့ အလျှင်အမြန် ပျံသန်းသွားကြသည်။

ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားပုံရိပ်များက မည်မျှရုန်းကန်ကြပါစေ အချည်းနှီးသာ ဖြစ်၏။

အနက်ရောင်ဆံချည်မျှင်များက ဆန်းကြယ်သက်ရှိများနှင့် နတ်ဘုရားပုံရိပ်အားလုံးကို ရစ်ပတ်ချည်နှောင်လိုက်ပြီး ၎င်းတို့အားလုံးကို သစ်သားတံခါးဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားကြသည်။

မယုံကြည်နိုင်စရာကောင်းသော အလျင်နှင့်အတူ ၎င်းတို့အားလုံးက သစ်သားတံခါးပေါ်မှ အက်ကွဲကြောင်းမှတဆင့် အတွင်းဘက်ဆီသို့ ဆွဲခေါ်ခံလိုက်ကြရသည်။

နောက်အခိုက်အတန့်မှာ သစ်သားတံခါးပေါ်မှ အက်ကွဲကြောင်းက ရုတ်တရက် ပြန်ပိတ်သွားသည်။

အနက်ရောင်မြူက အနောက်သို့ တလိပ်လိပ်ပြန်ဆုတ်သွားပြီး လျှောက်လမ်းနှင့် အရာအားလုံးကို ဖုံးအုပ်လိုက်သည်။

ဤအခိုက်အတန့်မှာ ဆန်းကြယ်ရှေးဟောင်းယဇ်ပူဇော်မှုက ပြောင်းပြန်ဖြစ်သွားသည်။

ယဇ်ပူဇော်မှုက ရွှီချင်းထံသို့ ပြန်ရောက်လာသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ဝိညာဉ်က ပြန်ကောင်းမွန်သွားသည်။ အစောနက သူခွဲထုတ်လိုက်သော ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ၊ အသွေးအသားနှင့် အရေပြားက ပြန်ရောက်လာကြသည်။

နောက်ဆုံးမှာ ယဇ်ပလ္လင် ပျောက်ကွယ်သွားသည့်အခါ မျက်နှာဖြူဖျော့နေသော ရွှီချင်းက မတ်တတ်ပြန်ရပ်လိုက်သည်။ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ရှေးဦးအပျက်အစီး၏ အကြည့်တည့်တည့်အောက်တွင် မတ်တတ်ရပ်နေသော ဇီချင်းကို ကြည့်လိုက်သည်။

သူက မည်သည့်စကားမှ မပြောပေ။

ဇီချင်းသည်လည်း နှုတ်ဆိတ်နေသည်။

လောကက တိတ်ဆိတ်ငြိမ်သက်နေစဉ် တစ်စုံတစ်ယောက်၏ ဦးရေပြားကို စပ်ဖျင်းဖျင်းဖြစ်သွားစေမည့် တဂျွတ်ဂျွတ်ဝါးစားသံက ဟင်းလင်းပြင်ထဲမှာ မသဲမကွဲ ပဲ့တင်ထပ်နေသည်။

အချိန်တစ်ခဏကြာပြီးနောက် ဇီချင်းက မျက်လုံးဝင်းလက်သွားသည်။

“ ငါတို့ရဲ့ တိုက်ပွဲက ဒီအဆင့်ထိ ရောက်လာတာပဲ ”

“ ညီလေး… ဒီနေ့အတွက် နှစ်တွေအကြာကြီး ငါစောင့်ဆိုင်းနေခဲ့တာ… ”

“ အခု မင်းက အရည်အချင်းပြည့်မီသွားပြီ… ပြီးတော့ နတ်ဘုရားမျက်နှာပျက်ကြီးက ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်ဆိုတာ မင်းသိပြီးလောက်မှာပါ ”

“ ဒါပေမဲ့… ရှေးဦးအပျက်အစီးရဲ့ ဘယ်ဘက်မျက်လုံးက အနာဂတ်ကို မြင်နိုင်ပြီး သူ့ရဲ့ ညာဘက်မျက်လုံးက အတိတ်ကို ကြည့်နိုင်တယ်ဆိုတာ မင်းသိရဲ့လား ”

“ အခု… ကောင်းကင်ပေါ်က ရှေးဦးအပျက်အစီးဆီမှာ ဘယ်ဘက်မျက်လုံးပဲ ကျန်ရှိတော့တယ် ”

“ သူ့ရဲ့ ညာဘက်မျက်လုံးကတော့… အဲ့ဒီမှာ ”

ဇီချင်းက သူ၏ ခြေထောက်အောက်သို့ ညွှန်ပြလိုက်သည်။

ထိုသို့ညွှန်ပြလိုက်သည့်အခါ သူ၏ ခြေဖဝါးအောက်မှ မြေပြင်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး တိုက်ရိုက် အက်ကွဲသွားသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်။

ယင်းက ဤဒေသကြီးတစ်ခုတည်း မဟုတ်ပေ။ အနီးနားဝန်းကျင်မှ ဒေသကြီးအများအပြားသည်လည်း တုန်ခါသွားကြသည်။

နောက်အခိုက်အတန့်မှာ ဒေသကြီးအများအပြားထဲမှ တောင်တန်းအားလုံးက ရုတ်တရက် ပြိုကျပျက်စီးသွားကြသည်။ ဤသည်မှာ ဧရာမမြေနဂါးတစ်ကောင်က အိပ်မောကျနေခြင်းမှ နိုးထလာသည့်အလားပင်။

ထို့နောက် အရွယ်အစား အလွန်ကြီးမားသော အက်ကွဲကြောင်းတစ်ခုက မြေကြီးပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းက ဒေသကြီးအများအပြားကို ချက်ချင်း ထိုးဖောက်သွားပြီး ၎င်း၏ အလျားက အလွန်အံ့ဖွယ်ကောင်းသည်။

ယင်းက မြေပြင်ကို အံ့ဩထိတ်လန့်ဖွယ်ကောင်းသော ဧရာမချောက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

ယင်းက ရှေးခေတ်အမှတ်အသားတစ်ခုနှင့် ဆင်တူသည်။

ထိုအမှတ်အသား၏ အလယ်ဗဟိုက ကျစ်လွီဆဲ့တိုင်းပြည်၏ တော်ဝင်နန်းတော် ဖြစ်သည်။

ထို့နောက် ဧရာမချောက်နက်က ရုတ်တရက် ပွင့်သွားပြီး အပြင်ဘက်သို့ ကားထွက်သွားသည်။

ရွှေရောင်အလင်းက ဧရာမချောက်နက်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

အကယ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်ပြီး မြေပြင်ပေါ်သို့ ငုံ့ကြည့်မည်ဆိုလျှင်…

ဒေသကြီးအများအပြားကို ထိုးဖောက်သွားခဲ့သော ထိုဧရာမချောက်နက်က ဖွင့်လှစ်သွားသော ဧရာမမျက်လုံးတစ်လုံးသာဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။

ထိုမျက်လုံးသည် ကောင်းကင်ယံမှ ရှေးဦးအပျက်အစီး၏ မျက်လုံးနှင့် တစ်ပုံစံတည်း တူညီသည်။

ယင်းက ရှေးဦးအပျက်အစီး၏ ညာဘက်မျက်လုံး ဖြစ်သည်။

ဝမ်ကူးကုန်းမြေ၏ အနက်ပိုင်းထဲမှာ သူမြှုပ်နှံထားခဲ့သော ထိုမျက်လုံးက ဤအခိုက်အတန့်မှာ ပွင့်သွားသည်။

ပွင့်သွားသော ထိုမျက်လုံး၏ အဓိကအာရုံစိုက်မှုက ဇီချင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဇီချင်းသည် ရှေးဦးအပျက်အစီး၏ အကြည့်အလယ်မှာ ကျရောက်နေသည်။ သူ၏ ဦးခေါင်းထက်မှာ ရှေးဦးအပျက်အစီး၏ ဘယ်ဘက်မျက်လုံးရှိပြီး သူ၏ ခြေထောက်အောက်တွင် ရှေးဦးအပျက်အစီး၏ ညာဘက်မျက်လုံး ရှိသည်။

မျက်လုံးနှစ်ခုစလုံး ပွင့်နေသည့်အခိုက် ဇီချင်းက ရှေးဦးအပျက်အစီး၏ အကြည့်အလယ်သို့ ရောက်ရှိသွားသည်။

ဤအခိုက်အတန့်မှာ ဇီချင်းက သူ၏ ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။

သူ၏ လက်ထဲမှာ ပစ္စည်းတစ်ခုရှိသည်။

ယင်းက ရှေးခေတ်အရိုးခေါင်း ဖြစ်သည်။

ထိုအရိုးခေါင်းက သူ၏ အတိတ်ဘဝမှ ဦးခေါင်းခွံ ဖြစ်သည်။

ဧကရီ နတ်ဘုရားတစ်ပါးဖြစ်လာခဲ့ချိန်မှာ သူက ထိုဦးခေါင်းခွံကို ပြန်ယူသွားခဲ့သည်။

ယခု သူက ဦးခေါင်းခွံကို လက်ထဲမှာ ကိုင်ထားလျက် ကောင်းကင်ပေါ်သို့ မြင့်မြင့် မြှောက်တင်လိုက်သည်။

ရှေးဦးအပျက်အစီး၏ အကြည့်အလယ်မှာ ဦးခေါင်းခွံက အဆုံးမဲ့သော အချိန်အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကို ဖရိုဖရဲဖြစ်သွားစေသည်။

ဇီချင်းက လေထဲမှာ မတ်တတ်ရပ်နေစဉ် သူ၏ ဘေးပတ်ဝန်းကျင်က အချိန်အငွေ့အသက်နှင့်အတူ အသွင်ပြောင်းလဲသွားပြီး သေလွန်ပြီးသား ပုံရိပ်အများအပြားက တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်ပေါ်လာကြသည်။

ထိုဦးခေါင်းခွံ၏ စွမ်းအားက ဟင်းလင်းပြင်၊ အချိန်၊ လေဟာနယ်နှင့် အရာအားလုံးကို အရည်ပျော်သွားစေသည်။

ထိုထဲမှာ ဇီချင်းကိုယ်တိုင်လည်း ပါဝင်သည်။

သူမပျောက်ကွယ်သွားခင် သူ၏ အသံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။

“ အချိန်နဲ့ လေဟာနယ် ကပြောင်းကပြန်ဖြစ်စေ… ရှေးခေတ်ကာလကို ပြန်ရောက်စေ ”

“ ညီလေး… ရှေးခေတ်မှာ မင်းရောက်လာမှာကို ငါစောင့်မျှော်နေမယ် ”

All Chapters