ရှေးခေတ်မိခင်ဂြိုလ်
Vol. 120 Ch. 1829
ယင်းက ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
ထို့ပြင် ယင်း၏ သက်ရောက်မှုအကျယ်အဝန်းက အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။
ကောင်းကင်ပေါ်မှ ရှေးဦးအပျက်အစီး၏ ဘယ်ဘက်မျက်လုံးနှင့် မြေပြင်ပေါ်မှ ရှေးဦးအပျက်အစီး၏ ညာဘက်မျက်လုံးကို ရိုးရာဓလေ့ထဲမှာ အသုံးပြုထားလေရာ အကျိုးသက်ရောက်မှုက ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းသွားပြီး အချိန်ကို အက်ကွဲသွားစေသည်။
ထို့နောက် ရိုးရာဓလေ့၏ အစွမ်းအာနိသင်က ဇီချင်း၏ ခန္ဓာကိုယ်နှင့် သူဆုပ်ကိုင်ထားသော ဦးခေါင်းခွံပေါ်မှာ စုဝေးသွားသည်။
ဦးခေါင်းခွံကို အချိန်နှင့် လေဟာနယ်၏ ဆုံမှတ်အဖြစ်အသုံးပြုကာ ဇီချင်းက သူ၏ အတိတ်ကံကြမ္မာကို ဖွင့်လှစ်လိုက်သည်။
အကယ်၍ အချိန်နှင့် လေဟာနယ်က ကြည်လင်သော ရေကန်ဖြစ်သည်ဆိုလျှင်…
ဇီချင်း၏ အတိတ်ဘဝမှ ဦးခေါင်းခွံသည် အနက်ရောင်မင်ရည်တစ်စက် ဖြစ်လိမ့်မည်။
ထိုမင်ရည်က ကြည်လင်သော ရေကန်ပေါ်သို့ ကျဆင်းသွားသည်။
မင်ရည်က အရာအားလုံးကို ပြောင်းလဲလိုက်သည်။
ယင်းက လောက၏ အရောင်ကို ပြောင်းလဲသွားစေသည်။
ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံး မည်းမှောင်သွားသည်။
မင်ရည်ပျံ့နှံ့သွားသည်နှင့် ကျစ်လွီဆဲ့တိုင်းပြည်နှင့်ပတ်သက်သော သဲလွန်စများက ဤလောကထဲမှ မြန်ဆန်စွာ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ကျစ်လွီဆဲ့တိုင်းပြည်က မည်သည့်အခါမှ မတည်ရှိခဲ့ဖူးသည့်အလားပင်။
အချိန်လေဟာနယ်ဖုန်က အဝေးသို့ လွင့်စင်သွားသည့်အခါ ယခင်ကောင်းကင်ဝါးမျိုဒေသကြီးက ပြန်ရောက်လာသည်။
ကျစ်လွီဆဲ့တိုင်းပြည်သည်တော့ မည်သည့်သဲလွန်စမှ မကျန်ရစ်ဘဲ အချိန်လေဟာနယ်ဖုန်ထဲမှာ ပျောက်ကွယ်သွားသည်။
ထိုထဲမှာ တော်ဝင်နန်းတော်ထဲ၌ တည်ရှိနေကြသော ရွှီချင်းနှင့် ဇီချင်းသည်လည်း ပါဝင်ကြသည်။
နောက်အခိုက်အတန့်မှာ သူတို့၏ အရှိန်အဝါနှင့် သဲလွန်စများက မည်သည့်အစအနမှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားကြသည်။
သူတို့က ပစ္စုပ္ပန်လောကထဲမှ သီးခြားခွဲထုတ်ခံလိုက်ကြရသည်။
သူတို့က ရှေးခေတ်ကာလဆီသို့ လျှောက်လှမ်းသွားကြသည်။
…..
ကောင်းကင်နှင့် မြေပြင်ကြားမှာ လေတဟူးဟူး တိုက်ခတ်နေသည်။
လေသည် ရှေးဟောင်းအရှိန်အဝါနှင့် သွေးနံ့တစ်စွန်းတစ်စကိုလည်း သယ်ဆောင်ထားသည်။
လေသည် စွန့်ပစ်ကုန်းမြေနှင့် ခြောက်ကပ်နေသော တောအုပ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ ဟင်းလင်းပြင်ထဲတွင် ကောင်းကင်ဘုံပန်းချီဆရာတစ်ဦးက သူ၏ စုတ်တံကို ဝှေ့ယမ်းလိုက်သည့်အလား အနာဂတ်နှစ်တစ်သောင်းမှ ရွှီချင်းက ထွက်ပေါ်လာသည်။
သူ၏ ပုံရိပ်က တဖြည်းဖြည်း ကြည်လင်ထင်ရှားလာသည်။
သူထွက်ပေါ်လာသည့်အခိုက် ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေရာ သူ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
“ ဒီနေရာရဲ့ အရှိန်အဝါ… အဲ့ဒါက ငါရှာဖွေနေတဲ့ နေရာပဲ ”
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ကောင်းကင်သည် သူ၏ မှတ်ဉာဏ်ထဲမှာထက် ပိုပြီးမည်းမှောင်နေသည်။
ယင်းက ဤလောကပေါ်သို့ စိမ့်ဝင်လာနေသော ဒြပ်နှောတိမ်တိုက်များ ဖြစ်ကြသည်။ သို့သော်လည်း ဒြပ်နှောတိမ်တိုက်များသည် ဤခေတ်မှာ အပြည့်အဝ အရည်မပျော်သေးသောကြောင့် မြူအဖြစ်သာ ဆက်လက် ရှိနေကြဆဲပင်။
ဤနေရာသည် ဝမ်ကူးကုန်းမြေဖြစ်နေဆဲပင်။ သို့သော်လည်း သူရပ်နေသော နေရာသည် ကောင်းကင်ဝါးမျိုဒေသကြီး မဟုတ်ပေ။
“ သန့်စင်ရေလှိုင်းဒေသကြီး… ”
အတိအကျဆိုရသော် ယင်းက ရှေးခေတ်မှ သန့်စင်ရေလှိုင်းဒေသကြီး ဖြစ်သည်။
တစ်ချိန်တည်းမှာ ဤနေရာသည် အတိတ်၌ ကျစ်လွီဆဲ့တိုင်းပြည် တည်ရှိနေခဲ့သောနေရာ ဖြစ်သည်။
ထို့ပြင် စစ်ပွဲက ဖြစ်ပွားနေသည်။
ရွှီချင်းသည် သူ၏ စိတ်အာရုံမှတဆင့် ဤသန့်စင်ရေလှိုင်းဒေသကြီးထဲမှာ ရှေးဟောင်းမြို့တော်များ တည်ရှိနေကြောင်း အာရုံခံမိသွားသည်။ ဤအခိုက်အတန့်မှာ စစ်ပွဲမီးတောက်က တစ်ဟုန်းဟုန်း တောက်လောင်နေသည်။
အသင်္ချေမျိုးနွယ်စုများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက မြို့တော်ကို တိုက်ခိုက်နေကြသည်။
ဤအခိုက်အတန့်က သမိုင်းထဲမှာ ကျစ်လွီဆဲ့တိုင်းပြည် ဖျက်ဆီးခံခဲ့ရသော အချိန်ဖြစ်သည်။
မတူညီသော ကျင့်ကြံခြင်းအဆင့်မှ မျိုးနွယ်ခြားကျင့်ကြံသူအမြောက်အများသည် နန်းတော်ထံသို့ ဒီရေလှိုင်းသဖွယ် ဦးတည်သွားနေကြသည်။ ၎င်းတို့က ကျစ်လွီဆဲ့တိုင်းပြည်၏ ရှေးဟောင်းမြို့တော်များကို တိုက်ခိုက်ဖျက်ဆီးလိုက်ကြပြီး ၎င်းတို့မြင်မြင်သမျှ လူတိုင်းကို သုတ်သင်လိုက်ကြသည်။
အသင်္ချေမျိုးနွယ်စုများ၏ ထောက်ပံ့မှုအောက်မှာ ၎င်းတို့က ကျစ်လွီဆဲ့တိုင်းပြည်တစ်ခုလုံးကို ချေမှုန်းဖျက်ဆီးချင်ကြသည်။
၎င်းတို့က လူသားမျိုးနွယ်၏ မြင့်တတ်လာမှုကို ဖိနှိပ်ချင်ကြသည်။
ထိုမြင်ကွင်းကို မြင်သွားသောအခါ ရွှီချင်းက နှုတ်ဆိတ်သွားသည်။
ထိုအခိုက်အတန့်မှာ မထူးမခြားနား အသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ငါမင်းကို လိမ်မပြောခဲ့ဘူးမလား… အဲ့ဒီဇီချင်းက ရှေးခေတ်ကာလကို ပြန်သွားဖို့ အတိတ်ကံကြမ္မာကို တကယ်ကြီး ဖွင့်လှစ်ခဲ့တယ် ”
“ ဒီဟာက သူ့ကိုယ်ပိုင် ကံကြမ္မာနဲ့အတူ အတိတ်ကို ပြန်ရောက်သွားတဲ့ တမူထူးခြားတဲ့ အချိန်နဲ့ နေရာပဲ ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သွေးနီရောင်အလင်းတန်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ အချိန်တစ်ခဏကြာပြီးနောက် သွေးနီရောင်မြူခိုးဘောလုံးတစ်လုံးက သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး သူ့အရှေ့မှ လေထဲမှာ လွင့်မျောသွားသည်။
ထို့နောက် သွေးမြူခိုးဘောလုံးက မျက်နှာဖုံးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
သွေးနီရောင်မျက်နှာဖုံးသည် အပြင်သို့ ထွက်လာပြီးနောက် အဝေးသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ တစ္ဆေမီးတောက်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထို့နောက် ၎င်းက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အခု… ငါတို့ကြားက အပေးအယူရဲ့ ကမ္မဆက်သွယ်မှုကို မင်းဘက်ကနေ အရင်ဖြတ်တောက်ပေးပါ ”
ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက လေးနက်သော အကြည့်ဖြင့် မျက်နှာဖုံးကို စိုက်ကြည့်လိုက်သည်။
ဇီချင်းနှင့် တိုက်ပွဲမစခင် သူက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ဆန်းကြယ်အလင်းကို ကျောက်ရှာတောင်ပေါ်မှာ စူးစမ်းလေ့လာခဲ့ပြီး ယင်းကို စုပ်ယူခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက နွေဦးအင်မော်တယ်အဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသော်လည်း သူက အဆင့်မချိုးဖြတ်နိုင်ခဲ့ပေ။
ဆန်းကြယ်အလင်းသည်လည်း ယင်း၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားလေရာ ရွှီချင်းက ယင်းကို ဆက်ပြီး မစုပ်ယူနိုင်တော့ပေ။
ကျန်ရှိသော မူလအနှစ်သာရက သော့အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် ထိုသော့အကြောင်းကို ပိုပြီးနက်နဲစွာ စူးစမ်းလေ့လာခဲ့သည်။
ကြိမ်ဖန်များစွာ စူးစမ်းလေ့လာပြီးသည့်နောက် ထိုသော့က ရှေးခေတ်မိခင်ဂြိုလ်၏ ဂိတ်တံခါးကို ဖွင့်လှစ်နိုင်သည့်အရာဖြစ်ကြောင်း သူနားလည်သွားသည်။
သို့သော်လည်း သူ့မှာ သော့ရှိနေရုံဖြင့် မလုံလောက်သေးပေ။ သူက ဂိတ်တံခါးကို ရှာဖွေရဦးမည်။
ရွှီချင်းသည် ရှေးခေတ်မိခင်ဂြိုလ်၏ ဂိတ်တံခါးကို ရှာဖွေရန် ကြိုးစားခဲ့သည်။ ဟွမ်ကောင်းကင်ဘုံမှာသော်လည်းကောင်း သို့မဟုတ် ကောင်းကင်ဘုံတာအို၏ အကူအညီဖြင့်သော်လည်းကောင်း သူရှာဖွေခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။
ရှေးခေတ်မိခင်ဂြိုလ်၏ ဂိတ်တံခါးကို သူမရှာနိုင်ပေ။
သူ့မှာ မည်သည့်သဲလွန်စမှ မရှိပေ။
အတိတ်မှ သူ၏ အတွေ့အကြုံများအရ ရှေးခေတ်မိခင်ဂြိုလ်က အလွန်ထူးဆန်းသော နည်းလမ်းဖြင့်သာ တည်ရှိကြောင်း ရွှီချင်း သိသည်။ ဥပမာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်သည် နတ်ဘုရားများ၏ မှတ်ဉာဏ်များထဲမှာ တည်ရှိသည်။
အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်က ထိုထက် ပိုပြီးထူးဆန်းသော နည်းလမ်းဖြင့် တည်ရှိနေဟန် ရ၏။
ယင်းက ဇီချင်းနှင့် တိုက်ခိုက်ရန် သူမဆုံးဖြတ်ခင် သုံးနှစ်အလိုထိ ကြာမြင့်ခဲ့သည်။ ထိုနှစ်မှာ ရွှီချင်းသည် ဤဘဝမှ သူ၏ မှတ်ဉာဏ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး နောက်ဆုံးမှာ သဲလွန်စတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ထိုသဲလွန်စက ဇီချင်း ဖြစ်သည်။
ဇီချင်းသည် လူသားမျိုးနွယ်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သလို ဝမ်ကူးကုန်းမြေ၏ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်သည်။
ဝမ်ကူးကုန်းမြေ၏ ဖြစ်တည်မှုသက်တမ်းသည် ဟွမ်ကောင်းကင်ဘုံနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးနုတ်သည်။ သို့ဖြစ်၍ အတိုင်းအတာတစ်ခုထိဆိုရသော် ဝမ်ကူးကုန်းမြေသည် ဟွမ်ကောင်းကင်ဘုံ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။
ထို့ကြောင့် ဇီချင်း၏ အရေးပါမှုက ဟွမ်ကောင်းကင်ဘုံနှင့်လည်း သက်ဆိုင်မှုရှိနိုင်သည်။
ယခင်ဟွမ်ကောင်းကင်ဘုံသည် အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ရှေးခတ်မိခင်ဂြိုလ် ဖြစ်သည်။
ယင်းက ရှေးခေတ်မိခင်ဂြိုလ်နှင့်ပတ်သက်ပြီး ရွှီချင်း ရှာတွေ့ခဲ့သည့် တစ်ခုတည်းသောသဲလွန်စ ဖြစ်သည်။
ဇီချင်းသည် ဟွမ်ကောင်းကင်ဘုံ၏ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူက ရှေးခေတ်မိခင်ဂြိုလ်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ရန် အတော်လေး ရာခိုင်နှုန်းများသည်။
ထိုသီအိုရီသာ တကယ်မှန်မည်ဆိုလျှင် ဇီချင်း၏ ကံကြမ္မာက ရှေးခေတ်မိခင်ဂြိုလ်ဆီသို့ ဂိတ်တံခါးပေါက် ဖြစ်နိုင်သည်။
သို့သော်လည်း ထိုဇီချင်းက ပစ္စုပ္ပန်လောကမှ ဇီချင်းမဟုတ်ပေ။ ယင်းအစား နတ်ဘုရားမျက်နှာပျက်ကြီးဆီ ကိုယ့်ကိုယ်ကိုယ် ယဇ်မပူဇော်ရသေးသော ရှေးခေတ်ကာလမှ ဇီချင်း ဖြစ်သည်။
အတိတ်ဘဝမှ ဇီချင်း၏ ကံကြမ္မာသည်သာလျှင် ရှေးခေတ်မိခင်ဂြိုလ်၏ ဂိတ်တံခါးပေါက် ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းသည် ရှေးခေတ်ကာလသို့ သွားရန် ဆန္ဒရှိသည်။
သို့သော်လည်း ထိုသို့သွားရန် သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်ကို သူအားမကိုးနိုင်ပေ။ သူ၏ အချိန်လေဟာနယ်အာဏာစက်က သူ့အား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဆီသို့ ဝင်ရောက်နိုင်စေသော်လည်း ယင်းက သူ့ကိုယ်ပိုင် အချိန်လေဟာနယ်ကိုသာ ဖြစ်သည်။
သူဝင်ရောက်ချင်သည်မှာ ဇီချင်း၏ အတိတ်ကံကြမ္မာရှိသော အချိန်လေဟာနယ် ဖြစ်သည်။
ဇီချင်းသည် သူနှင့် တိုက်ခိုက်နေစဉ်အတွင်း အတိတ်သို့ ပြန်သွားမည်လော ရွှီချင်း သေချာမပြောနိုင်ပေ။
ထို့ကြောင့် သူက ဆန္ဒမျက်နှာဖုံးကို စဉ်းစားမိသွားသည်။
အတိတ်မှာ ဆန္ဒမျက်နှာဖုံးသည် ရွှီချင်းကို ဆန္ဒတစ်ခု တောင်းခဲ့သည်။ ထိုစဉ်က ရွှီချင်းသည် သူ့ကိုယ်ပိုင် အင်မော်တယ်ခန္ဓာကိုယ်ကို တည်ဆောက်ရန် ဆန္ဒမျက်နှာဖုံးထံမှာ ဆန္ဒပြုခဲ့သည်။
ထို့နောက် မျက်နှာဖုံးသည် ဆန္ဒပြုသည့်အတွက် တန်ကြေးကို ရွှီချင်းထံမှ တောင်းဆိုခဲ့သည်။ ၎င်းက ရွှီချင်းအား ကောင်းကင်ဝါးမျိုဒေသကြီး၏ ကျစ်လွီဆဲ့တိုင်းပြည်ထဲမှ ရှေးဦးအပျက်အစီး၏ ပုံတူရုပ်တုကို ၎င်းဆီသို့ ယူဆောင်လာခိုင်းခဲ့သည်။
ထို့နောက် ကိစ္စများစွာဖြင့် သူတွေ့ကြုံခဲ့ပြီး မိခင်မြစ်စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်နှင့် တိုက်ခိုက်ပြီးသည့်နောက်မှာ ရွှီချင်းသည် ဆန္ဒမျက်နှာဖုံး၏ နောက်ခံကို မှန်းဆနိုင်သွားသည်။
ထိုသို့ဖြင့် သူက ဆန္ဒမျက်နှာဖုံးနှင့် နောက်ထပ် အပေးအယူတစ်ခုကို လုပ်ဆောင်ခဲ့သည်။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ပြီး သူနှင့် မျက်နှာဖုံးကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
သူက တည်ငြိမ်စွာ ပြောသည်။
“ ငါတို့ရဲ့ အပေးအယူ ပြီးမြောက်သွားပြီ ”
ရွှီချင်းက ကမ္မဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်နှင့် သွေးနီရောင်မျက်နှာဖုံးက ရုတ်တရက် တုန်ယင်သွားသည်။ ထို့နောက် ၎င်း၏ မျက်နှာပေါ်မှာ ထူးဆန်းသောအပြုံး ထွက်ပေါ်လာသည်။ ၎င်းက ဝှစ်ခနဲ ရွေ့လျားလိုက်ပြီး ကျစ်လွီဆဲ့တိုင်းပြည်၏ ရှေးခေတ်ကံကြမ္မာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
မျက်နှာဖုံး၏ ထွက်ခွာသွားမှုကို ကြည့်နေရင်း ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ သူက လွတ်မြောက်မှုရဖို့ ရှေးဦးအပျက်အစီးရဲ့ အစွမ်းကို ငှားယူချင်တယ်… ”
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး ရှေးခေတ်ကျစ်လွီဆဲ့တိုင်းပြည်ထဲမှ တိုက်ပွဲများကို အာရုံခံလိုက်သည်။ ထို့နောက် သူက အဝေးမှ ကျစ်လွီဆဲ့နန်းတော်ကို အာရုံခံလိုက်သည်။
နောက်ဆုံးမှာ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်သည့်အခါ အလင်းတန်းတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းက ကျောက်ရှာအလင်းနှင့် ဆင်တူသော သက်တံ့အလင်းဖြစ်သည်။
ယင်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ကိုးကွယ်ပူဇော်သော ဆန်းကြယ်အလင်း ဖြစ်သည်။
ထိုအလင်းကို ထုတ်ယူလိုက်ပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
သူက ဤနေရာမှာ ရှေးခေတ်မိခင်ဂြိုလ်၏ ဂိတ်တံခါးကို ဖွင့်လှစ်ချင်သည်။
သူက အင်မော်တယ်အရှင်သခင်မီမင်ကဲ့သို့ ရှေးခေတ်မိခင်ဂြိုလ်ကို အသုံးချ၍ အဆင့်ချိုးဖြတ်ချင်သည်။
အချိန်က အကန့်အသတ်ရှိကြောင်း သူသိသည်။ သို့ဖြစ်၍ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ထဲမှ အလင်းကို ဝှေ့ယမ်းလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ အလင်းတန်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး မိုးကောင်းကင်ကို ထွန်းလင်းသွားစေသည်။ ထို့နောက် အလင်းက သက်တံ့အသွင် ပြောင်းလဲသွားပြီး အပြင်သို့ ပျံ့နှံ့သွားသည်။
ထွန်းလင်းတောက်ပသော သက်တံ့အလင်းရောင်က အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ သက်တံ့အလင်းရောင်၏ အလယ်ဗဟိုတွင် တမူထူးခြားသော အရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာသည်။
တဖြည်းဖြည်း ယင်းက အလင်းရောင်အတွင်းမှာ အက်ကွဲကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရွှီချင်းက အလင်းရောင်ကို အာရုံစိုက်ကြည့်လိုက်သည့်အခါ အက်ကွဲကြောင်းကို မြင်တွေ့သွားသည်။ အက်ကွဲကြောင်း၏ အတွင်းဘက်တွင် ပြင်ပလောကနှင့် လုံးဝ သီးခြားကွဲထွက်နေသော နေရာတစ်နေရာ ရှိသည်။ တစ်စုံတစ်ယောက်သည် ထိုအက်ကွဲကြောင်းကို မဖြတ်သန်းနိုင်လျှင် ထိုသို့နေရာရှိကြောင်း လုံးဝ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
ထိုနေရာသည် နတ်ဘုရားများ၏ မှတ်ဉာဏ်မဟုတ်သလို သက်ရှိအားလုံး၏ မှတ်ဉာဏ်လည်း မဟုတ်ပေ။
ထိုနေရာသည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ အိမ်မက် ဖြစ်သည်။
ထိုနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော အမွှာရှေးခေတ်မိခင်ဂြိုလ် တည်ရှိသည်။
ရှေးခေတ်မိခင်ဂြိုလ်တစ်ခုက အနက်ရောင်ဖြစ်ပြီး အခြားတစ်ခုက အဖြူရောင်ဖြစ်သည်။
ယင်းကို ရှင်းလင်းစွာ မြင်သွားသည့်အခိုက် ရွှီချင်းက သူ၏ ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး အလင်းရောင်ဆီသို့ ပျံသန်းသွားသည်။ သူက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
အထဲသို့ သူဝင်ရောက်သွားသည်နှင့် သူ့အနောက်မှ အက်ကွဲကြောင်းသည် ၎င်း၏ တာဝန်ကို ပြီးမြောက်သွားသည့်အလား ချက်ချင်း ပျောက်ကွယ်သွားသည်။
အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်သည် ထိုကြယ်တာရာစက်ဝန်းထဲမှ သက်ရှိအားလုံး၏ မှတ်ဉာဏ်ထဲမှာ တည်ရှိသည်။
အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်သည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်မှ စိတ်ဆန္ဒ၏ အိမ်မက်ထဲမှာ တည်ရှိသည်။
အဘယ့်ကြောင့်ဆိုသော် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သည် အလွန်အမင်း ရှေးကျပြီး ရွှမ်ကမ္ဘာမြေမှ ကျင့်ကြံသူများ၏ တတ်လှမ်းလာမှုကို တွေ့ကြုံခဲ့ရသည်။ ရွှမ်ကမ္ဘာမြေမှ ကျင့်ကြံသူများသည် ဟွမ်ကောင်းကင်ဘုံ၏ အပေါ်မှာ ဝမ်ကူးကုန်းမြေကို တည်ဆောက်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်အတွက် ကောင်းကင်ဘုံတာအိုကို ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ စိတ်ဆန္ဒသည် တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့သည်။
ထို့ပြင် နတ်ဘုရားမျက်နှာပျက်ကြီး၏ ဆင်းသက်လာမှုက ၎င်းတို့၏ စိတ်ဆန္ဒကို လုံးဝ အမှုန့်ချေပစ်လိုက်သည်။
နောက်ဆုံးမှာတော့ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်သည် ၎င်းတို့၏ စိတ်ဆန္ဒ လုံးဝ မပျက်စီးသွားခင်မှာ မျိုးနွယ်စု၏ နောက်ဆုံးမျှော်လင့်ချက်ကို စုစည်းလိုက်ပြီး ယင်းကို ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်ဆီသို့ ပို့လွှတ်လိုက်သည်။
ထို့ကြောင့် လူသားမျိုးနွယ်၊ ဝမ်ကူးကုန်းမြေနှင့် ဟွမ်ကောင်းကင်ဘုံ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ဇီချင်းက မွေးဖွားလာခဲ့သည်။
ရှေးခေတ်မိခင်ဂြိုလ်ကို ကြည့်လိုက်သည့်အခိုက် ထိုနားလည်မှုများက ရွှီချင်း၏ စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။
ယခု သူရှိနေသော နေရာမှာ ရောင်စုံအလင်းများဖြင့် ပြည့်နှက်နေသည်။
အဝေးမှ အဆုံးမဲ့သော အလင်းရောင်ကြားတွင် ဧရာမရှေးခေတ်မိခင်ဂြိုလ်နှစ်ခုက ၎င်းတို့ဘာသာ လှည့်ပတ်နေကြသည်။ ရှေးခေတ်မိခင်ဂြိုလ်တစ်ခုက အနက်ရောင်ဖြစ်ပြီး အခြားတစ်ခုက အဖြူရောင်ဖြစ်သည်။
အနက်ရောင်နှင့် အဖြူရောင်က ဘေးပတ်ဝန်းကျင်မှ တခြားအရောင်များနှင့် ရောနှောယှက်ထွေနေပြီး အိမ်မက်ဆန်သော စိတ်ခံစားမှုကို ထုတ်လွှတ်ပေးနေသည်။
အမွှာရှေးခေတ်မိခင်ဂြိုလ်ကို စိုက်ကြည့်နေစဉ် ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
သူလျှောက်လှမ်းချင်သော လမ်းစဉ်သည် အင်မော်တယ်အရှင်သခင်မီမင်နှင့် ခြားနားသည်။
အတိတ်မှာ မီမင်သည် အဆင့်တတ်လှမ်းရန် အမှတ်လေးကြယ်တာရာစက်ဝန်း၏ ရှေးခေတ်မိခင်ဂြိုလ်နှင့် ပေါင်းစပ်ခဲ့သည်။
အရင်ဆုံး သူက ရှေးခေတ်မိခင်ဂြိုလ်ထံမှ စွမ်းအားကို ချေးငှား၍ နတ်ဘုရားအရှင်သခင်တစ်ပါးဖြစ်လာပြီး သူ၏ အစစ်အမှန်နာမည်ကို ရေးထွင်းခဲ့သည်။ ထို့နောက် သူက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာ၏ အကူအညီဖြင့် နတ်ဘုရားတစ်ပါးမှ အင်မော်တယ်တစ်ပါးအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
ထိုနည်းလမ်းကြောင့် မီမင်သည် နတ်ဘုရားတစ်ပါးဖြစ်သလို အင်မော်တယ်တစ်ပါးလည်း ဖြစ်သည်။
ထို့ကြောင့် သူက နတ်ဘုရားများအပေါ်မှာ တမူထူးခြားသော ဖိနှိပ်မှုကို လုပ်ဆောင်နိုင်သည်။
သို့သော်လည်း ရွှီချင်းသည် ထိုအဆင့်တတ်လှမ်းမှုကို ဆင်ခြင်သုံးသပ်ပြီးနောက် ရှေးခေတ်မိခင်ဂြိုလ်ထံမှ စွမ်းအားကို ချေးငှားခြင်းထက် ပိုပြီးကောင်းမွန်သော တခြားရွေးချယ်စရာတစ်ခု ရှိသေးကြောင်း ရှာတွေ့သွားသည်။
ယင်းက ရှေးခေတ်မိခင်ဂြိုလ်ကို ဝါးမျိုရန် ဖြစ်သည်။
မီမင်သည်လည်း ထိုသို့တွေးမိခဲ့လောက်သည်။ သို့သော်လည်း နောက်ဆုံးမှာ သူက ပိုပြီးအောင်မြင်နိုင်ခြေများသော ယာယီပေါင်းစပ်ခြင်းကိုသာ ရွေးချယ်ခဲ့သည်။
သူက ရှေးခေတ်မိခင်ဂြိုလ်ကို မဝါးမျိုနိုင်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုလမ်းစဉ်မှာ အတားအဆီးအများကြီးရှိပြီး အောင်မြင်နိုင်ခြေ အလွန်နည်းပါးသည်။
အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရင်၏ တားဆီးမှုကြောင့်ဖြစ်စေ သို့မဟုတ် ရှေးခေတ်မိခင်ဂြိုလ်ထံမှ အဆုံးစွန်ငြင်းဆန်မှုကြောင့်ဖြစ်စေ သို့မဟုတ် မီမင်၏ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ကြောင့်ဖြစ်စေ သေးငယ်သော အမှားအယွင်းလေးတစ်ခုက ရိုးရာဓလေ့ကို ကျရှုံးစေနိုင်သည်။
ယင်းက ဓားသွားပေါ်မှာ လမ်းလျှောက်နေရခြင်းနှင့် ဆင်တူသည်။
ထို့ကြောင့် မီမင်သည် နောက်ဆုံးမှာ ဘေးကင်းအလုံခြုံဆုံးနှင့် အောင်မြင်နိုင်ခြေအများဆုံးဖြစ်သော လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ သူက ရှေးခေတ်မိခင်ဂြိုလ်နှင့် ယာယီပေါင်းစပ်ခြင်းကို လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာ ရှေးခေတ်မိခင်ဂြိုလ်နှင့် ခွဲခွာခဲ့သည်။
ရွှီချင်း ရွေးချယ်ထားသော လမ်းစဉ်သည် မီမင်၏ ရွေးချယ်မှုကို အစမှတ်အဖြစ် အသုံးပြုကာ မီမင် မလုပ်နိုင်ခဲ့သောအရာကို အဆုံးစွန်ထိ ဆက်ပြီး လုပ်ဆောင်ရန် ဖြစ်သည်။
“ အဲ့ဒီအတွက် အခက်အခဲသုံးခု ရှိတယ် ”
“ အဲ့ဒါကို အတွင်းနဲ့ အပြင်ဆိုပြီး နှစ်ပိုင်းခွဲလို့ ရတယ် ”
“ အပြင်ပိုင်းအခက်အခဲတွေက အမှတ်ကိုးကြယ်တာရာစက်ဝန်းက တခြားနတ်ဘုရားတွေရဲ့ ကြားဝင်စွက်ဖက်မှုပဲ… ပြီးတော့ ရှေးဦးအပျက်အစီးရဲ့ ရွေးချယ်မှုကိုလည်း စိုးရိမ်ရတယ် ”
“ တတိယက အတွင်းပိုင်းအခက်အခဲပဲ… အဲ့ဒါက အမွှာရှေးခေတ်မိခင်ဂြိုလ်ဆီက အဆုံးစွန်ငြင်းဆန်မှု ဖြစ်တယ် ”
ရွှီချင်းသည် သူ့အရှေ့မှ ရှေးခေတ်မိခင်ဂြိုလ်များကို စိုက်ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။
အမှတ်ကိုးကြယ်တာရာစက်ဝန်းမှ ရှေးခေတ်မိခင်ဂြိုလ်၏ တမူထူးခြားမှုများနှင့် ရှေးဦးအပျက်အစီး၏ တည်ရှိမှုကြောင့် ပထမအပြင်ပိုင်းအခက်အခဲကို ရွှီချင်း စိုးရိမ်စရာမလိုပေ။
ဤနေရာကို သာမန်နည်းလမ်းများဖြင့် မရှာဖွေနိုင်ပေ။ ထို့ပြင် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ရှေးဦးအပျက်အစီးက တည်ရှိနေလေရာ အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ မည်သည့်နတ်ဘုရားမှ သူ့အား လာမတားဆီးနိုင်ပေ။
“ ရှေးဦးအပျက်အစီးရဲ့ ရွေးချယ်မှုကတော့… ”
ရွှီချင်းသည် ရှေးဦးအပျက်အစီး၏ ကြားဝင်စွက်ဖက်မှုကို ရင်ဆိုင်ရန် ကြိုပြင်ဆင်ထားသည်။ သို့သော်လည်း တစ်ချိန်တည်းမှာ သူက ကျရှုံးမှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားသည်။
မည်သို့ဖြစ်ပါစေ ယင်းကို သူကြိုးစားကြည့်ရမည်။
ထိုသို့စဉ်းစားမိသောအခါ စိတ်ဓာတ်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
သူက အမွှာရှေးခေတ်မိခင်ဂြိုလ်ဆီသို့ ဦးတည်သွားသည်။
…..
ဆန်းကြယ်အလင်း ပျောက်ကွယ်သွားခဲ့သော ကောင်းကင်ယံတွင် ရှေးဟောင်းလေသည် အကြွင်းအကျန်အရှိန်အဝါကို သယ်ဆောင်လျက် မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။
လေသည် တောင်တန်းများ၊ မြစ်ချောင်းများနှင့် ပြိုကျပျက်စီးနေသော မြို့တော်များကို ဖြတ်သန်းသွားသည်။
နောက်ဆုံးမှာ လေသည် သန့်စင်ရေလှိုင်းဒေသကြီး၏ အလယ်ဗဟိုမှ အလွန်ကျယ်ပြောသော နန်းမြို့တော်ပေါ်သို့ တိုက်ခတ်သွားသည်။ ထိုနေရာမှာ လူသားမျိုးနွယ်၏ တိုးတတ်ကြီးပွားမှုကို မြင်တွေ့နိုင်ပေသည်။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည်၏ နန်းမြို့တော် ဖြစ်သည်။
ဤအခိုက်အတန့်မှာ နန်းမြို့တော်၏ အပြင်ဘက်တွင်၊ ကောင်းကင်၌ဖြစ်စေ သို့မဟုတ် မြေပြင်ပေါ်၌ဖြစ်စေ မရေမတွက်နိုင်သော မျိုးနွယ်ခြားကျင့်ကြံသူများကို မြင်တွေ့နိုင်ပေသည်။ ၎င်းတို့က အသင်္ချေမျိုးနွယ်စုများမှ ဖြစ်ကြသည်။ ယခု ၎င်းတို့၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုဖြင့် ပြည့်နှက်နေကြသည်။ ၎င်းတို့က နန်းမြို့တော်ဆီသို့ အရပ်မျက်နှာပေါင်းစုံမှ ချီတတ်သွားနေကြစဉ် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ယံထိ မြှောက်တတ်သွားသည်။
နန်းမြို့တော်၏ မဟာတံတိုင်းများက ပြိုကျပျက်စီးသွားကြသည်။
နန်းမြို့တော်ထဲတွင်လည်း အသင်္ချေမျိုးနွယ်စုများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို မြင်တွေ့နိုင်ပေသည်။
၎င်းတို့၏ ရန်သူများသည်တော့ ကျစ်လွီဆဲ့တိုင်းပြည်မှ တိတ်ဆိတ်နေသော ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့က တိတ်တဆိတ် ခုခံနေကြရင်း တိတ်တဆိတ် အသတ်ခံနေကြရသည်။
သူတို့၏ ဒဏ်ရာများက မည်မျှဆိုးဝါးနေပါစေ သို့မဟုတ် သူတို့၏ စိတ်ခံစားချက်များက မည်မျှဗြောင်းဆန်နေပါစေ သူတို့က မအော်ဟစ်ကြချေ။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည်၏ အကျင့်စရိုက် မဟုတ်ပေ။
တူညီစွာပင် သူတို့၏ ရဲဘော်ရဲဘက်များက မည်မျှသေဆုံးသွားကြပါစေ သူတို့က စိတ်ပျက်အားမလျော့သွားကြချေ။ ဝမ်းနည်းခြင်းနှင့် မသေဆုံးနိုင်သော တိုက်ပွဲစိတ်ဆန္ဒသာလျှင် သူတို့ဆီမှာ ရှိသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ အိမ်ရှေ့စံမင်းသားက အသက်ရှင်နေသေးသည်။
သူတို့၏ အနောက်မှ နန်းတော်ထဲမှာ ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။
နန်းတော်ထဲတွင် အသင်္ချေမျိုးနွယ်စုများမှ ပညာရှင်ကျင့်ကြံသူများက အရပ်မျက်နှာအဘက်ဘက်မှ ဝင်ရောက်လာနေကြပြီး နန်းတော်ထဲမှ ကိုယ်ရံတော်အစောင့်များဖြင့် အသေအလဲ တိုက်ခိုက်နေကြသည်။
သေဆုံးမှုက နေရာတိုင်းမှာ ဖြစ်ပွားနေသည်။
အလောင်းများက နေရာတိုင်းမှာ တောင်ပုံရာပုံစုနေသည်။
သွေးက မြေပြင်ပေါ်မှာ မြစ်တစ်စင်းနှယ် စီးဆင်းနေသည်။