ငါက ဇီချင်း
Vol. 120 Ch. 1830
အနှစ်တစ်ထောင်ကြာ တည်တံ့ခဲ့သော ကျစ်လွီဆဲ့တိုင်းပြည်သည် အသင်္ချေမျိုးနွယ်စုများမှ ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ မြက်တစ်ပင်နှယ် ပြိုလဲသွားသည်။
ငါ့ရဲ့ ခမည်းတော်က ရန်သူတွေရဲ့ လက်ချက်ကြောင့် အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တယ်… ငါ့ရဲ့ ကြင်ယာတော်က ဓမ္မလက်နက်တစ်ခုနဲ့ ထိုးဖောက်ခံလိုက်ရတယ်… ငါ့ရဲ့ အငယ်ဆုံးသားတော်က အလောင်းတွေကြားထဲမှာ နစ်မြုပ်သွားတယ်…
သူတို့ကို အချိန်မီ ငါမကယ်တင်နိုင်ခဲ့ဘူး…
ငါ့မှာ သူတို့ကို ကယ်တင်ဖို့အတွက် စွမ်းအားမရှိဘူး…
စစ်ပွဲစတင်တဲ့အချိန်မှာ ငါက အသင်္ချေမျိုးနွယ်စုတွေရဲ့ ကျိန်စာတိုက်တာ ခံလိုက်ရတယ်… ငါ့ရဲ့ ကျင့်ကြံခြင်းက ချိပ်ပိတ်ခံလိုက်ရတာကြောင့် ငါက သေမျိုးတစ်ယောက် ဖြစ်လာတယ်…
ငါ့ရဲ့ ညီတော်က မရေမတွက်နိုင်တဲ့ အနောက်က လိုက်ဖမ်းသူတွေကို ရင်ဆိုင်ရင်း ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ နောက်ဆုံးကံကြမ္မာကို ထွန်းညှိခဲ့တယ်…
ပြီးတော့ အဲ့ဒီကံကြမ္မာကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးခဲ့တယ်…
အဲ့ဒီကံကြမ္မာစီးကြောင်းထဲမှာ မရေမတွက်နိုင်တဲ့ မျက်လုံးတွေကို ငါမြင်ခဲ့တယ်…
သူတို့က သေဆုံးသွားကြတဲ့ ငါ့ရဲ့ ဆွေတော်မျိုးတော်တွေနဲ့ ငါ့ရဲ့ တိုင်းသူပြည်သားတွေ ဖြစ်ကြတယ်… သူတို့က ငါ့ကို အချိန်အလွန်ကနေ ကြည့်နေကြတယ်…
ငါ လက်စားချေချင်တယ်…
…..
အနှစ်တစ်ထောင်သက်တမ်းရှိသော ကျစ်လွီဆဲ့တိုင်းပြည်သည် မြက်တစ်ပင်ကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။
တိုင်းပြည်၏ ကောင်းချီးမင်္ဂလာပြယုဂ်ဖြစ်သော ခရမ်းမိုးတိမ်များသည်လည်း အသင်္ချေမျိုးနွယ်စုများထံမှ ညစ်ညမ်းလေကြောင့် ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြသည်။
နန်းမြို့တော်၏ အတွင်းနှင့်အပြင်တွင် တစ်ချိန်က ခမ်းနားထည်ဝါစွာ တည်ရှိနေခဲ့သော ကျောက်စိမ်းထောင့်တိုင်များသည် ယခု ကျောက်တုံးအပိုင်းအစများအဖြစ် ပြိုကျပျက်စီးသွားကြသည်။ အလွန်ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ကျောက်စိမ်းထောင့်တိုင်များက တုန်ယင်သွားကြပြီး အက်ကွဲသွားကြသည်။
ငါက ပျက်စီးနေတဲ့ စင်္ကြံတစ်ခုပေါ်မှာ ရပ်နေတယ်… ငါ့ရဲ့ ခြေဖဝါးအောက်မှာ စေးကပ်တဲ့ သွေးတွေ ရှိတယ်… ငါအသက်ရှူသွင်းလိုက်တိုင်း သွေးနံ့တထောင်းထောင်းက ငါ့ရဲ့ နှာခေါင်းဝထဲ ဝင်ရောက်လာတယ်…
တစ်ချိန်က ကောင်းကင်ကို ထမ်းပိုးနိုင်စွမ်းရှိခဲ့တဲ့ ငါ့ရဲ့ ခမည်းတော်ဟာ ငါ့ရဲ့ မျက်စိအရှေ့မှာတင် လေဟာနယ်ကို ဖောက်ထွင်းလာတဲ့ ဧရာမအရိပ်ကြီးတစ်ခုရဲ့ ဖမ်းဆုပ်ခံလိုက်ရတယ်…
ခမည်းတော်ရဲ့ နောက်ဆုံးအော်သံကိုတောင် ငါမကြားနိုင်ခဲ့ဘူး… တော်ဝင်ဧကရာဇ်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ကိုယ်စားပြုတဲ့ သူ့ရဲ့ ခရမ်းရွှေရောင်နဂါးဝတ်ရုံနဲ့ သန်စွမ်းတဲ့ ခန္ဓာကိုယ်က သဏ္ဍာန်မဲ့အင်အားကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရတာကိုပဲ ငါမြင်နိုင်ခဲ့တယ်…
သွေးမိုးနဲ့အတူ ကျောက်စိမ်းအရိုးတွေက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာကြတယ်… အဲ့ဒါတွေက လေထဲမှာတင် မီးလောင်ကျွမ်းသွားကြတယ်…
ငါ့ခမည်းတော်ရဲ့ ပူပြင်းတဲ့ သွေးစက်တစ်စက်က ငါ့ရဲ့ မျက်လုံးပေါ်ကို ပြုတ်ကျလာတယ်… ငါ့ရဲ့ အမြင်က ချက်ချင်း ဝေဝါးသွားပြီး အရာအားလုံး အနီရောင်ပြောင်းသွားတယ်…
ကျစ်လွီဆဲ့တိုင်းပြည်က အဲ့ဒီသွေးမိုးထဲမှာ လုံးဝ ပြိုကွဲပျက်စီးသွားတယ်…
ငါကတော့ ရပ်ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး…
စစ်ပွဲမစခင်မှာ ငါ့ရဲ့ ကျင့်ကြံခြင်း၊ နတ်ဘုရားစွမ်းရည်တွေနဲ့ ငါ့ရဲ့ ရုပ်ခွန်အားက အသင်္ချေမျိုးနွယ်စုတွေရဲ့ ကျိန်စာတိုက်မှုကြောင့် ချိပ်ပိတ်ခံလိုက်ရတယ်… ငါ့မှာ တိုက်ခိုက်နိုင်စွမ်း မရှိဘူး…
ငါက သေမျိုးတစ်ယောက် ဖြစ်လာခဲ့တယ်…
ပြီးတော့ အဲ့ဒီအချိန်မှာ ငါက တခြားလူတွေပြောသလိုမျိုး အလုံအလောက် မသန်မာဘူးဆိုတာ သိလိုက်ရတယ်…
ငါ့မှာလည်း တခြားလူတွေလိုမျိုး အားနည်းချက်တွေ ရှိတယ်…
“ အရှင့်သား… ဒီလမ်းပါ ”
အသက်ရှင်ကျန်ရစ်သော အစောင့်အကြပ်များ၏ အက်ရှရှအသံများက ကျယ်လောင်သော တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများကြားထဲမှ ထွက်ပေါ်လာသည်။
သဏ္ဍာန်မဲ့ကြိုးတွေနဲ့ ဆွဲခေါ်ခံနေရသလိုမျိုး သူတို့နဲ့အတူ ငါအနောက်ဆုတ်သွားခဲ့တယ်…
ပြိုကျပျက်စီးနေတဲ့ နန်းတော်ဂိတ်တံခါးတွေကို ငါဖြတ်ကျော်သွားတဲ့အချိန် တောက်ပတဲ့ အလင်းရောင်တစ်ခုက ငါ့ရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့တယ်…
အဲ့ဒီအလင်းရောင်က ဖုန်းဟိုင်ဒေသငယ်ရဲ့ ဦးတည်ရာကနေ လာတယ်…
အဲ့ဒီနေရာက အခု မီးပင်လယ်အဖြစ် ပြောင်းသွားပြီ…
အဲ့ဒီကို ဒယိမ်းဒယိုင် ငါလျှောက်သွားတဲ့အခါ ငါ့ရဲ့ နှလုံးသားက စူးရှနာကျင်လာတယ်… တလိပ်လိပ်မြှောက်တတ်နေတဲ့ မီးခိုးငွေ့တွေနဲ့ တဟုန်ဟုန်းလောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ငါ့ရဲ့ ကြင်ယာတော်ကို မြင်လိုက်တယ်…
သူက တစ်ပိုင်းတူးခြစ်နေတဲ့ ကျောက်စိမ်းထောင့်တိုင်တစ်ခုအပေါ် ကျောမှီထားတယ်… သွေးစွန်းနေတဲ့ ငွေရောင်ဆံထိုးတစ်ချောင်းက သူ့ရဲ့ နဖူးထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေတယ်… သူ့ရဲ့ သေးသွယ်တဲ့ လက်ထဲမှာ တစ်ချိန်က ငါပေးခဲ့တဲ့ ပန်းကို ဆုပ်ကိုင်ထားတုန်း…
သူက မျက်လုံးဖွင့်ထားပြီး မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်ကို မျက်တောင်မခတ်ဘဲ ကြည့်နေတယ်… သူ့ရဲ့ အသက်မဲ့နေတဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်တဲ့ အရိပ်အယောင်တချို့ ရှိတယ်…
ငါ့ရဲ့ လက်က လေထဲမှာ ရပ်တန့်သွားတယ်… ငါ့ရဲ့ လက်ချောင်းတွေက အေးစက်လာတယ်… ငါ့ရဲ့ ရင်ဘက်ထဲက တစ်စုံတစ်ခုက အက်ကွဲသွားပြီး အသံမထွက်တဲ့ အော်ဟစ်ငိုကြွေးသံကို ထုတ်လွှတ်လိုက်တယ်…
တော်ဝင်မိသားစုရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ငါ့ရဲ့ လက်ဖဝါးပေါ်က ရှေးဟောင်းကြာပန်းအမှတ်အသားက မီးဖုတ်ထားတဲ့ သတ္ထုပြားလို ရုတ်တရက် ပူလာတယ်… အရမ်းပူလွန်းလို့ ငါ့ရဲ့ စိတ်ဝိညာဉ်ကတောင် ပေါက်ကွဲထွက်တော့မလား အောက်မေ့ရတယ်…
“ ခမည်းတော်… ”
ထိုစဉ် ကြောင်တစ်ကောင်၏ အသံကဲ့သို့ တိုးညင်းသော အော်ခေါ်သံက ပျံ့လွင့်လာသည်။ အသံက တုန်ယင်နေလေရာ အသံပိုင်ရှင်က သေအံ့ဆဲဆဲအခြေအနေမှာ ရှိနေသည့်အလားပင်။ ထိုအသံက ဧရာမအရိပ်တစ်ခု၏ အောက်မှ ထွက်ပေါ်လာနေသည်။
ကြီးမားသော အဆောက်အဦးပျက်တစ်ခု၏ အောက်မှာ ကလေးငယ်တစ်ယောက်၏ ခန္ဓာကိုယ်က ခွေခွေကလေး ရှိနေသည်။
အဲ့ဒါ ငါ့သားတော်… သူက ဒီနှစ်မှ အသက်ခုနစ်နှစ်ပြည့်တာ…
သူ့ရဲ့ ခန္ဓာကိုယ်သေးသေးလေးက ရေခဲတုံးလို အေးစက်နေတယ်… သူ့ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ တစ်ချိန်က ငါလုပ်ပေးခဲ့တဲ့ သစ်သားဓားကပဲ အနွေးဓာတ်တချို့ကို ထုတ်လွှတ်ပေးနိုင်တော့တယ်…
ငါသူ့ကို တုန်တုန်ယင်ယင် ပွေ့ဖက်လိုက်တယ်… နောက်ဆုံးကျန်ရှိတဲ့ အနွေးဓာတ်က အဝေးကို လွင့်ပြယ်သွားတဲ့အခါ အေးစက်တောင့်တင်းတဲ့ အလောင်းခန္ဓာကိုယ်ပဲ ကျန်နေခဲ့တယ်…
သူ့ရဲ့ လက်ထဲက သစ်သားဓားက အောက်ကို လျောကျသွားတယ်… ဒုတ်ဆိုတဲ့ မြည်သံနဲ့အတူ သစ်သားဓားက အေးစက်နေတဲ့ အုတ်ကြွပ်ပြားပေါ်ကို ပြုတ်ကျသွားတယ်… အဲ့ဒီအသံက အသင်္ချေမျိုးနွယ်စုက ကျင့်ကြံသူတွေရဲ့ မာန်ဖီကြုံးဝါးသံတွေနဲ့အတူ ငါ့နားထဲ ဝင်လာတယ်… ငါ့ရဲ့ နှလုံးသားက ဟာလာဟင်းလင်း ဖြစ်သွားတယ်…
ငါ့ရဲ့ ခမည်းတော်… ငါ့ရဲ့ ကြင်ယာတော်… ငါ့ရဲ့ သားတော်… ငါ့ရဲ့ တိုင်းပြည်… အဲ့ဒါတွေအားလုံးကို ငါဆုံးရှုံးသွားတယ်…
“ အရှင့်သား… အရှေ့ဆက်သွားရအောင်ပါ ”
အသက်ရှင်ကျန်ရစ်တဲ့ ကိုယ်ရံတော်အစောင့်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို ဒိုင်းကာတစ်ခုလို အသုံးပြုပြီး အရပ်မျက်နှာပေါင်းစုံက တိုးဝင်လာနေတဲ့ ရန်သူတွေကို ခုခံတားဆီးနေကြတယ်… သူတို့ရဲ့ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေပေမဲ့ သူတို့အားလုံးက အသက်အသေခံဖို့ စိတ်ဆုံးဖြတ်ထားကြတယ်…
ငါက ကြိုးမဲ့နေတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပဲ…
မဆုတ်မနစ်တဲ့ ခွန်အားနဲ့အတူ ပြိုကွဲပျက်စီးနေတဲ့ နန်းတော်ဂိတ်တံခါးကို ငါရိုက်ချိုးဖွင့်လိုက်တယ်… ပြီးတော့ အမည်မသိအမှောင်ထုဆီ ငါပြေးသွားတယ်…
ငါ့အနောက်က လောကက လုံးဝ ဖျက်ဆီးခံလိုက်ရတယ်…
ငါ့အနောက်က နန်းတော်ဂိတ်တံခါးက ဝုန်းခနဲ မြည်သံနဲ့ ပျက်စီးသွားတယ်…
အရမ်းစူးရှထက်ရှတဲ့ အေးစက်စက် နတ်ဘုရားစိတ်အာရုံတစ်ခုက အဖျက်အဆီးအရှိန်အဝါကို သယ်ဆောင်ပြီး ငါ့ရဲ့ နောက်ကျောကို ပစ်မှတ်ထားလိုက်တယ်… သေခြင်းတရားရဲ့ အေးစက်မှုက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးအားလုံးကို အေးခဲသွားစေဖို့ လုံလောက်တယ်…
“ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား… အခု မင်းက အရင်ကလို မကြီးမြတ်တော့ပါလား ”
အဲ့ဒီအသံက ကြောင်က ကြွက်ကို ဆော့ကစားနေသလိုမျိုး သရော်လှောင်ပြောင်မှုတွေနဲ့ ပြည့်နှက်နေတယ်… အဲ့ဒီအေးစက်စက်အသံက ငါ့ရဲ့ နားထဲ ဝင်လာတယ်…
အဖျက်အဆီးစွမ်းအားက ငါ့ရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်တော့မယ့်အချိန် ရင်းနှီးကျွမ်းဝင်တဲ့ ပုံရိပ်တစ်ခုက ငါ့ရဲ့ အနောက်မှာ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းတဲ့ အဲ့ဒီနတ်ဘုရားစိတ်အာရုံဆီ ပြေးသွားတယ်… အဲ့ဒါက ပိုးဖလံတစ်ကောင် မီးပုံထဲ ဝင်တိုးနေတာနဲ့ ဆင်တူပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ပြတ်သားမှုက တကယ် အံ့ဩစရာပဲ…
အဲ့ဒီလူက ငါ့ရဲ့ ညီတော်…
ငါ့ရဲ့ ညီတော်က ခမည်းတော်ရဲ့ ချစ်ခင်နှစ်သက်ခြင်းမခံရဘဲ အမြဲလိုလို နှုတ်ဆိတ်နေလေ့ရှိတယ်… သူက အမြဲတမ်း ငါ့ရဲ့ လောင်းရိပ်အောက်မှာ ရှိနေခဲ့ပြီး ငါ့ကို အဆက်အဆံသိပ်မလုပ်ခဲ့ဘူး…
သူက ကျောက်စိမ်းချိပ်တံဆိပ်ကို ပွေ့ဖက်ထားတယ်… သူ့ရဲ့ စုတ်ပြဲနေတဲ့ ဝတ်စုံက နတ်ဘုရားစိတ်အာရုံရဲ့ ဖိအားအောက်မှာ တဖျပ်ဖျပ်လှုပ်ခတ်နေတယ်… သူ့ရဲ့ ဆံပင်က လေကြမ်းကြောင့် ရှုပ်ပွနေတယ်…
သူက ရုတ်တရက် ငါ့ကို လှည့်ကြည့်လိုက်တယ်…
သူ့ရဲ့ မျက်လုံးတွေက ရူးသွပ်မှုနဲ့ လောင်မြိုက်နေတယ်… သူက နောက်ဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်ဖို့ အရာအားလုံးကို စတေးလိုက်တယ်…
သိပ်မကြာခင်မှာ သူ့ရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်က ပူဖောင်းတစ်လုံးလို ရုတ်တရက် ဖောင်းကားလာပြီး နောက်ဆုံးအကန့်အသတ်ထိ ရောက်သွားတယ်… တောက်ပတဲ့ ခရမ်းရောင်အလင်းက တော်ဝင်ကျောက်စိမ်းချိပ်တံဆိပ်နဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ပေါ်ထွက်လာတယ်…
အဲ့ဒီအလင်းက အရမ်းသန့်စင်ပြီး အရမ်းအားကောင်းတယ်… ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ သူ့ရဲ့ အသက်နဲ့ ဝိညာဉ်ကို အဲ့ဒီအလင်းထဲမှာ ထည့်သွင်းခဲ့တယ်…
ဗုန်း…
ဖော်မပြနိုင်အောင် အရမ်းကျယ်လောင်တဲ့ ဆူညံသံက ကမ္ဘာကြီးကို တုန်လှုပ်သွားစေတယ်…
အခုချိန်မှာ လောကကြီးထဲက အသံအားလုံး ပျောက်ဆုံးသွားတယ်…
ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ ကံကြမ္မာပါဝင်နေတဲ့ အဲ့ဒီမီးတောက်စွမ်းအားက သဏ္ဍာန်မဲ့တူတစ်ချောင်းလိုမျိုး ငါ့ရဲ့ ခန္ဓာကိုယ်ပေါ် ရိုက်ချသွားတယ်… အဲ့ဒီစွမ်းအားက ငါ့ရဲ့ ခန္ဓာကိုယ်ထဲ တိုးဝင်လာတယ်…
ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျယ်လောင်တဲ့ ခပ်အုပ်အုပ်မြည်သံတွေ ထွက်ပေါ်လာပြီး ငါ့အပေါ်မှာ သက်ရောက်နေတဲ့ အသင်္ချေမျိုးနွယ်စုတွေဆီက အစွမ်းထက်ကျိန်စာက ဖျက်ဆီးခံလိုက်ရတယ်… တစ်ချိန်တည်းမှာ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ပိတ်ဆို့ထားတဲ့ ချိပ်တံဆိပ်က ကျိုးပျက်သွားတယ်…
အချိန်အတော်ကြာ ငါမခံစားခဲ့ရတဲ့ စွမ်းအားက အခု ပြန်ထွက်ပေါ်လာတယ်… ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အိပ်မောကျနေတာကနေ ပြန်နိုးထလာတယ်…
ဒါပေမဲ့ ကျင့်ကြံခြင်းစွမ်းအား ထွက်ပေါ်လာတာနဲ့ ပရမ်းပတာ လှုပ်ခတ်နေတဲ့ သွေးမြူခိုးက ငါ့ရဲ့ အသိစိတ်ထဲမှာ ထွက်ပေါ်လာတယ်… အဲ့ဒီသွေးမြူခိုးထဲမှာ မရေမတွက်နိုင်တဲ့ မျက်လုံးတွေက ငါ့ကို စိုက်ကြည့်နေတယ်လို့ ငါခံစားမိတယ်…
ငါ့ရဲ့ ခမည်းတော်၊ ငါ့ရဲ့ ညီတော်၊ ငါ့ရဲ့ ကြင်ယာတော်၊ ငါ့ရဲ့ သားတော်… ပြီးတော့ ငါရင်းနှီးကျွမ်းဝင်တဲ့ မျက်နှာတွေ… ကျစ်လွီဆဲ့တိုင်းပြည်အတွက် အသက်စတေးသွားကြတဲ့ ငါ့ရဲ့ စစ်သည်တော်တွေနဲ့ ငါ့ရဲ့ တိုင်းသူပြည်သားတွေ…
သူတို့ရဲ့ အကြည့်ထဲမှာ ခွဲခွာခြင်းနဲ့ ပြည့်နှက်နေတယ်… သူတို့က အချိန်အလွန်ကနေ ရောက်လာကြတဲ့အတိုင်းပဲ…
သူတို့ကို ကြည့်နေရင်း စေးကပ်တဲ့ သွေးမျက်ရည်တစ်စက်က ငါ့ရဲ့ မျက်လုံးထောင့်ကနေ စီးကျသွားတယ်… သွေးမျက်ရည်က ငါ့ရဲ့ ပါးပြင်ပေါ်ကနေ ဆင်းသက်သွားပြီး အကန့်အသတ်မဲ့တဲ့ အမှောင်ဟင်းလင်းပြင်ထဲ တိတ်တဆိတ် ကျဆင်းသွားတယ်…
အဲ့ဒါက သွေးနဲ့ မီးတောက်ရဲ့ ဝါးမျိုတာခံလိုက်ရတဲ့ ငါ့ရဲ့ တိုင်းပြည်ပေါ်ကို ကျဆင်းသွားတယ်… အဲ့ဒါက အောက်ခြေမဲ့တဲ့ ထာဝရ တိတ်ဆိတ်ခြင်းပေါ် ကျဆင်းသွားတယ်…
အခု ငါ့ရဲ့ အနောက်က လောကက လုံးဝ ပြိုကွဲပျက်စီးသွားပြီ… အဲ့ဒါက အချိန်မှတ်တမ်းထဲက အပျက်အစီးအကြွင်းအကျန်တွေအဖြစ် မေ့ပျောက်ခံရတော့မယ်…
ငါ့ရဲ့ အရှေ့မှာတော့ သွေးစွန်းတော့မယ့် ရှည်လျားတဲ့ အမှောင်လမ်းကြောင်းတစ်ခုပဲ ရှိတယ်…
ငါလက်စားချေချင်တယ်…