← Chapters

ရှေးဦးအပျက်အစီး ပြီးပြည့်စုံပြီ (က)

Vol. 120 Ch. 1834

ရှေးဦးအပျက်အစီး ပြီးပြည့်စုံပြီ (က)

Vol. 120 Ch. 1834

ထွန်းလင်းတောက်ပသော ကျောက်ရှာအလင်းသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ပြိုင်ဘက်ကင်းမြို့တော်မှ အပျက်အစီးပုံနှင့် လောကကို လွှမ်းခြုံသွားသည်။

ထိုအလင်းရောင်အောက်မှာ ကလေးငယ်ရွှီချင်းက လှုပ်ရှားမှုကင်းမဲ့နေသည်။ ဤသည်မှာ အချိန်က သူ၏ ဘေးပတ်ပတ်လည်၌ အေးခဲနေသည့်အလားပင်။

ကလေးငယ်၏ အရှေ့တွင် အနာဂတ်မှ လူရွယ်ရွှီချင်းက ထွန်းလင်းတောက်ပသော ကျောက်ရှာအလင်းထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

သူ၏ အနက်ရောင်ဝတ်စုံက လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ၏ ခရမ်းရောင်ဆံပင်ရှည်က လေထဲမှာ ညင်သာစွာ လွင့်မျောနေပြီး သူ၏ ဆံချည်မျှင်တစ်ပင်စီမှာ ကြယ်တာရာစက်ဝန်း၏ ဇစ်မြစ်စွမ်းအားက ကိန်းအောင်းနေဟန် ရ၏။

သူလမ်းလျှောက်လိုက်သည်နှင့် ဝမ်ကူးကုန်းမြေက စတင်တုန်ယင်သွားသည်။

ကမ္ဘာမြေက တုန်ခါသွားသည်။ ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဝမ်ကူးကုန်းမြေတစ်ခုလုံးက ဤအခိုက်အတန့်မှာ နိုးလာဟန် ရ၏။ ယင်းက ကြိုဆိုနှုတ်ဆက်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။

ဝမ်ကူးကုန်းမြေချည်းသာ မဟုတ်ပေ။ ဝမ်ကူးအပြင်ဘက်မှ ဟွမ်ကောင်းကင်ဘုံသည်လည်း ကြိုဆိုနှုတ်ဆက်သော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်လေသည်။

ဤသည်မှာ ကျောက်ရှာအလင်းထဲမှ ထွက်လျှောက်လာနေသော ထိုပုဂ္ဂိုလ်က ဝမ်ကူးကုန်းမြေ၏ ဇစ်မြစ်ဖြစ်သည့်အလား သို့မဟုတ် ဟွမ်ကောင်းကင်ဘုံ၏ မူလအစဖြစ်သည့်အလားပင်။

ရလဒ်အနေဖြင့် ကောင်းချီးမင်္ဂလာနိမိတ်များက အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာကြသည်။ ကောင်းချီးမင်္ဂလာ အလင်းတန်းများသည်လည်း ကျောက်ရှာအလင်းထဲမှာ ဖွဲ့စည်းသွားကြသည်။

ယင်းတို့အားလုံးက သူ့ကို ကြိုဆိုနှုတ်ဆက်နေကြသည်။

အလင်းထဲမှ ပုံရိပ်က အပြည့်အဝ ထင်ရှားလာသည့်အခါ ကောင်းကင်နှင့် မြေပြင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သော စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ထို့နောက် ဝမ်ကူးကုန်းမြေနှင့် ဟွမ်ကောင်းကင်ဘုံ၏ ကြိုဆိုနှုတ်ဆက်မှုအောက်မှာ နွေဦးအင်မော်တယ်ထက် သာလွန်သော အရှိန်အဝါက လောကတစ်ခွင် ပျံ့လွင့်သွားသည်။

ယင်းက အင်မော်တယ်အရှင်သခင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။

ထို့ပြင် ယင်းက သာမန်အင်မော်တယ်အရှင်သခင်တစ်ပါး မဟုတ်ပေ။ ယင်းက အထွတ်အထိပ် အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်သည်။

ပိုပြီးအံ့ဩစရာကောင်းသည်မှာ ရွှီချင်း၏ အနောက်တွင် လူရွယ်ရွှီချင်း နောက်တစ်ယောက်က ဝေဝေဝါးဝါး ထွက်ပေါ်နေသည်။

ယင်းက အမွှာရှေးခေတ်မိခင်ဂြိုလ်နှင့် ဆင်တူသည်။

သူက နေရာမှာ ရပ်လိုက်ပြီး အချိန်ထဲမှာ အေးခဲနေသော သူ၏ ကလေးဘဝကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အဝေးမှ ဇီချင်းကို ကြည့်လိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် သူက ဇီချင်းဆီသို့ လျှောက်သွားသည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားပြီး အေးခဲနေသော အချိန်ကို ဖြတ်သန်းသွားသည်။ သူက စေးကပ်သော သွေးမြေပေါ်မှာ ဖြတ်လျှောက်သွားပြီး သက်တံ့အလင်းရောင်အောက်မှ သွေးမိုးထဲမှာ မတ်တတ်ရပ်နေသော ဇီချင်း၏ အရှေ့သို့ လျှောက်သွားသည်။

ဇီချင်းကို ကြည့်နေရင်း ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ ဘာလို့ ရှေးဦးအပျက်အစီးက ငါအဆင့်ချိုးဖြတ်တာကို လာမတားဆီးတာလဲ ”

ဇီချင်းက သိမ်မွေ့စွာ ပြုံးလိုက်သည်။

ဤတစ်ကြိမ်တွင် သူက မကြာသေးခင်ကမှ ပြန်လည်မွေးဖွားလာသောကြောင့် သူ၏ အတိတ်ဘဝမှ ကျင့်ကြံခြင်းစွမ်းအားကို မပိုင်ဆိုင်ထားသလို ကောင်းကင်ဝါးမျိုဒေသကြီးထဲမှာ သူထုတ်ဖော်ခဲ့သော နတ်ဘုရားအရှင်သခင်အဆင့်စွမ်းအားကိုလည်း မပိုင်ဆိုင်ထားချေ။

ဤအခိုက်အတန့်မှာ သူ့ဆီတွင် သန်စွမ်းသော နတ်ဘုရားခန္ဓာကိုယ်သာလျှင် ရှိ၏။

ရွှီချင်း၏ အရှေ့တွင် သူက အလွန်အမင်း အားနည်းသည်။

သို့သော်လည်း သူက ယင်းကို ဂရုမစိုက်ချေ။ သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချီးကျူးမှုနှင့် ကျေးဇူးတင်မှုဖြင့် ပြည့်နှက်နေသည်။ ထို့အတူ အလွန်ထင်ရှားသော မျှော်လင့်မှုအရိပ်အယောင်သည်လည်း သူ၏ မျက်လုံးထဲမှာ ရှိသည်။

“ ညီလေး… မင်းရဲ့ မေးခွန်းကို ငါမဖြေခင် မင်းကို ငါတစ်ခုမေးချင်တယ်… မင်းက ဘယ်သူလဲဆိုတာ သိလား ”

ရွှီချင်းက နှုတ်ဆိတ်သွားပြီး ဇီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက စကားပြန်မပြောပေ။

ဇီချင်းက ပြုံးလိုက်သည်။

“ မင်းမသိဘူး… ”

“ အခု အဲ့ဒါကို မင်းမသိနိုင်သေးဘူး ”

ဇီချင်းက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သိပ်သည်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ညီလေး… လူတစ်ယောက်ကို နှစ်တွေအကြာကြီး ငါလိုက်ရှာဖွေနေခဲ့တယ်… ဒါပေမဲ့ ငါရှာနေတဲ့လူက မင်းဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး ”

“ ဒီဘဝရဲ့ ကံကြမ္မာလမ်းကြောင်းပေါ်ကို အကြိမ်အများကြီး ငါလျှောက်လှမ်းခဲ့တယ်… မတူညီတဲ့ ရလဒ်အမျိုးမျိုးကို ငါတွေ့ကြုံခဲ့တယ်… အဲ့ဒီထဲမှာ ပြိုင်ဘက်ကင်းမြို့တော်ကို ယဇ်ပူဇော်ခဲ့တဲ့ နေ့လည်း ပါဝင်တယ်… တချို့ကံကြမ္မာအခွဲထဲမှာ မင်းကို ငါလျစ်လျူရှုခဲ့တယ်… တချို့ကံကြမ္မာအခွဲထဲမှာတော့ မင်းကို ကပ်ဘေးကနေ ငါခေါ်ထုတ်သွားခဲ့တယ်… ပြီးတော့ မင်းရဲ့ ကံကြမ္မာထဲမှာ ငါက မင်းကို ဖျက်ဆီးပစ်ခဲ့တယ် ”

“ ဒါကြောင့် ပြိုင်ဘက်ကင်းမြို့တော်နဲ့ပတ်သက်တဲ့ မင်းရဲ့ မှတ်ဉာဏ်တွေက ဖရိုဖရဲဖြစ်နေတာ ”

“ အဲ့ဒီလိုလုပ်ဆောင်ပြီးတဲ့နောက်မှာ သဲလွန်စတချို့ကို ငါရှာတွေ့သွားခဲ့တယ်… ”

“ ဒါပေမဲ့ ငါမသေချာသေးဘူး… ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေကို မင်းဆီမှာ ငါချန်ထားခဲ့ပြီး မင်းဘာသာ ရှင်သန်ကြီးထွားစေခဲ့တယ်… ”

“ မင်းဘဝရဲ့ ပထမအပိုင်းကို ကံကြမ္မာထဲမှာ ရှင်းရှင်းလင်းလင်း ငါမြင်ခဲ့တယ် ”

“ အဲ့ဒီထဲမှာ မင်းရဲ့ သတ်ဖြတ်မှုတွေ၊ မင်းရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မင်းပြုလုပ်ခဲ့တဲ့ မတူညီတဲ့ ရွေးချယ်မှုအားလုံး ပါဝင်ကြတယ်… မင်းရဲ့ မတူညီတဲ့ ရွေးချယ်မှုတွေက မတူညီတဲ့ ကံကြမ္မာတွေကို မွေးဖွားစေခဲ့တယ်… ဒါပေမဲ့ အဲ့ဒါတွေအားလုံးကို ရှင်းရှင်းလင်းလင်း ငါမြင်နိုင်တုန်းပဲ ”

ဇီချင်းက စကားတစ်ခွန်းစီကို အလေးအနက်ထား၍ ပြောသည်။

“ အစက မင်းကို ကျစ်လွီဆဲ့တိုင်းပြည်ဆီ ငါခေါ်ဆောင်သွားပြီး ရှေးဦးအပျက်အစီးဆီ ယဇ်ပူဇော်မယ်လို့ ရည်ရွယ်ထားခဲ့တယ် ”

“ အဲ့ဒါက လူသားမျိုးနွယ်ရဲ့ နန်းမြို့တော်မှာ မင်းဝိညာဉ်ရဲ့ အနက်ပိုင်းထဲက ပလ္လင်ကို ငါမမြင်လိုက်ရခင်အထိပဲ ”

“ ညီလေး မင်းသိလား… အဲ့ဒီနေ့မှာ မင်းရဲ့ တကယ့် ကံကြမ္မာအစစ်ကို ငါမြင်လိုက်တယ်… ပြီးတော့ အဲ့ဒီအချိန်မှာပဲ ငါ့ဆီမှာ ပလိပ်ရောဂါဆိုးလို တစ်ချိန်လုံး ဆွဲကပ်နေခဲ့တဲ့ မေးခွန်းတွေက အဖြေပေါ်သွားခဲ့တယ်… တစ်ချိန်တည်းမှာပဲ အဲ့ဒီကံကြမ္မာထဲမှာ နှစ်တွေအကြာကြီး ငါစောင့်ဆိုင်းနေခဲ့တဲ့ တကယ့် အခွင့်အလမ်းတစ်ခုရှိနေတာကို ငါမြင်လိုက်တယ်… ”

ဇီချင်းက ပြုံးလိုက်ပြီး အရာအားလုံးကို ပြောပြသည်။

“ ဒါကြောင့် ငါက ရှေးခေတ်မိခင်ဂြိုလ်ကို မင်းဝါးမျိုတာကို ရှေးဦးအပျက်အစီး ကြားဝင်မနှောင့်ယှက်နိုင်အောင် အကောင်းဆုံး တားဆီးပေးခဲ့တာပေါ့ ”

“ မင်းသိရဲ့လား… မင်းအောင်မြင်ဖို့ ငါက မင်းထက်တောင် ပိုပြီးမျှော်လင့်နေခဲ့တာ ”

ဇီချင်းက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ မျှော်လင့်မှုအလင်းရောင်က ပိုပြီးထင်ရှားလာသည်။

ထိုစကားများကို ကြားသောအခါ ရွှီချင်းက အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် သူက ဇီချင်း၏ မျက်လုံးထဲမှ မျှော်လင့်သော အရိပ်အယောင်ကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ မင်းက တကယ်ပဲ ဘယ်သူလဲ ”

ယင်းကို ကြားသောအခါ ဇီချင်း၏ ရယ်သံက ပိုပြီးကျယ်လောင်လာသည်။

“ ငါဘယ်သူလဲ ဟုတ်လား… ”

ဇီချင်းက အော်ရယ်နေစဉ် စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ငါ့မှာ သရုပ်အများကြီး ရှိတယ်… ငါက သမိုင်းထဲက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဟုတ်တယ်… ငါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ကယ်တင်ပေးမယ့် မျှော်လင့်ချက်လည်း ဟုတ်တယ်… ငါက ဟွမ်ကောင်းကင်ဘုံရဲ့ ပြန်လည်မွေးဖွားလာတဲ့ စိတ်ဆန္ဒလည်း ဟုတ်တယ်… ”

“ ဒါပေမဲ့ ငါ့မှာ တခြားသရုပ် ရှိသေးတယ်… အဲ့ဒါကို ငါ့ကိုယ်ငါ ယဇ်ပူဇော်ပြီးမှ ရှာတွေ့ခဲ့တာ… ”

“ ငါက ရှေးဦးအပျက်အစီးလည်း ဟုတ်တယ် ”

ဇီချင်း၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ထိုစကားက လောကကို တုန်လှုပ်သွားစေသည်။

ထိုအဖြေက ရွှီချင်း၏ မျှော်လင့်ထားမှုအတွင်းမှာရှိသော်လည်း ယင်းကို အမှန်တကယ် သူကြားလိုက်ရသည့်အခိုက် သူ၏ အကြည့်က ပိုပြီးလေးနက်သွားသည်။

သို့သော်လည်း ဇီချင်း၏ အသံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။

“ အတိအကျပြောရမယ်ဆိုရင် ငါက… နတ်ဘုရားသန္ဓေချက်ကြိုးထဲ ရှေးဦးအပျက်အစီး ဝင်ရောက်သွားပြီး ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားအဖြစ် အဆင့်တတ်လှမ်းသွားပြီးနောက် သူစေလွှတ်လိုက်တဲ့ ဖြစ်နိုင်ခြေတစ်ခုပဲ ဖြစ်တယ် ”

“ ရှေးဦးအပျက်အစီးက အဲ့ဒီဖြစ်နိုင်ခြေကို နတ်ဘုရားသန္ဓေချက်ကြိုးရဲ့ အပြင်ဘက်ကို စေလွှတ်လိုက်ပြီး သူမွေးဖွားလာခဲ့တဲ့ ကြယ်တာရာစက်ဝန်းနဲ့ ပေါင်းစပ်စေခဲ့တယ်… အဲ့ဒီဖြစ်နိုင်ခြေက ရှေးခေတ်မိခင်ဂြိုလ်တည်ရှိတဲ့ ဟွမ်ကောင်းကင်ဘုံဆီ ရောက်လာခဲ့တယ် ”

“ အဲ့ဒါက ရှေးဦးအပျက်အစီး သူ့အတွက်သူ ချန်ထားခဲ့တဲ့ မျှော်လင့်ချက် ဖြစ်တယ် ”

“ တကယ်လို့ သူက ဉာဏ်အလင်းပွင့်နတ်ဘုရားအဖြစ် အဆင့်တတ်လှမ်းနေချိန်အတွင်း သေသွားခဲ့မယ်ဆိုရင် သူစေလွှတ်ခဲ့တဲ့ အဲ့ဒီဖြစ်နိုင်ခြေက သူ့ကို အစားထိုးသွားပြီး နောက်ထပ် ရှေးဦးအပျက်အစီးအသစ် ဖြစ်လာလိမ့်မယ်… ”

“ ဒါပေမဲ့ သူ့ရဲ့ အဲ့ဒီလုပ်ရပ်ကြောင့်ပဲ မတော်တဆမှုတွေ ဖြစ်လာခဲ့တယ်… ”

ဇီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

“ သူက အဆင့်တတ်လှမ်းတာ ကျရှုံးသွားပေမဲ့ မသေသွားခဲ့ဘူး… ပြီးတော့ သူက ငါ့ကို ရှာဖွေဖို့ ဒီကို ရောက်လာခဲ့တယ် ”

“ ရှေးခေတ်မိခင်ဂြိုလ်က သူ့ကိုယ်သူ ကယ်တင်ဖို့ ငါ့ကို မွေးဖွားစေခဲ့တယ် ”

“ ဒီတော့… သူက ငါဖြစ်နိုင်သလို ငါကလည်း သူဖြစ်နိုင်တယ် ”

ယင်းကို ကြားသောအခါ ရွှီချင်းက ရုတ်တရက် ပြောသည်။

“ သူက မင်းကို ရှာဖို့ ဒီရောက်လာတာ မဟုတ်ဘူး ”

ဇီချင်းက ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အလင်းက ပိုပြီးထွန်းလင်းသွားသည်။

“ ဟုတ်တယ်… သူက ငါ့ကို လာရှာတာ မဟုတ်ဘူး… သူက ငါ့လိုပဲ မင်းကို ရှာနေတာ ညီလေး ”

“ ဒါပေမဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က သူနဲ့ ခြားနားတယ်… ပြီးတော့ သူ့မှာ အသိစိတ် အများကြီး မကျန်ရှိတော့ဘူး… သူ့မှာ သဘာဝအလျောက် တုံ့ပြန်မှုပဲ ရှိတယ်… ဒါကြောင့် သူက အိပ်စက်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး ”

“ အဲ့ဒါကြောင့် မင်းကို သူရှာမတွေ့ခင်မှာ ငါက အရင်ရှာတွေ့ခဲ့တယ်… ပြီးတော့ ငါ့ရဲ့ လွှမ်းမိုးမှုအောက်မှာ သူက မင်းကို အမြဲတမ်း လျစ်လျူရှုထားခဲ့တယ် ”

“ ဒါကြောင့် မင်းက သူ့ရဲ့ မျက်လုံးအောက်မှာ ရှိနေပေမဲ့ တစ်ခါမှ ရှာတွေ့မခံခဲ့ရဘူး ”

“ အခု မင်းရဲ့ သံသယတွေကို ငါဖြေရှင်းပေးပြီးပြီ… ဒီတော့ မင်းရဲ့ အလှည့်ပဲ ညီလေး ”

“ မင်းဝါးမျိုခဲ့တဲ့ ရှေးခေတ်မိခင်ဂြိုလ်ရဲ့ စွမ်းအားကို အသုံးပြုပြီး မင်းဝိညာဉ်ရဲ့ အနက်ပိုင်းထဲက ပလ္လင်ရဲ့ ညာဘက် တတိယမြောက်တံခါးပေါ်မှာ ငါ့ရဲ့ နာမည်ကို ရေးထွင်းလိုက်ပါ ”

“ ဆုလာဘ်အနေနဲ့… ငါအောင်မြင်သွားတဲ့အခါကျရင် မျက်နှာပျက်ကြီးကို အဝေးကို ငါမောင်းထုတ်ပေးမယ်… ပြီးတော့ ဒြပ်နှောတွေ လုံးဝကင်းစင်တဲ့ သန့်စင်ပြီး သာယာအေးချမ်းတဲ့ ဝမ်ကူးကုန်းမြေကို ငါမင်းကို ပြန်ပေးမယ် ”

“ တစ်ချိန်တည်းမှာပဲ အမှတ်ကိုးကြယ်တာရာစက်ဝန်းကို မင်းအတွက် ငါသုတ်သင်ရှင်းလင်းပေးမယ်… အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာ ဘယ်နတ်ဘုရားအရှင်သခင်မှ နောက်ထပ် မတည်ရှိတော့အောင် ငါလုပ်ပေးမယ် ”

“ အမှတ်ကိုးကြယ်တာရာစက်ဝန်းက ကျင့်ကြံသူတွေရဲ့ လောက ဖြစ်လာပြီး မင်းအပိုင် ကြယ်တာရာစက်ဝန်းတစ်ခု ဖြစ်လာမယ် ”

“ နောက်ပြီး အပိုဆုလာဘ်အနေနဲ့… ငါအောင်မြင်သွားတဲ့အခါကျရင် မင်းက ဘယ်သူလဲဆိုတာ ငါပြောပြမယ် ”

“ အဲ့ဒါက ဒီစကြာဝဠာထဲမှာ ငါတစ်ယောက်တည်းပဲ သိတဲ့ မဟာလျှို့ဝှက်ချက်ကြီး ”

“ ပြီးတော့… ငါအောင်မြင်သွားတဲ့အခါကျရင် ယဇ်ပူဇော်ခံလိုက်ရတဲ့ ပြိုင်ဘက်ကင်းမြို့တော်နဲ့ မင်းရဲ့ မိဘတွေကို ကံကြမ္မာထဲကနေ ငါပြန်ခေါ်ထုတ်ပေးပြီး မင်းနဲ့ ပြန်လည်ဆုံစည်းစေမယ် ”

“ ညီလေး… ဒီအပေးအယူကို မင်းဘယ်လိုသဘောရလဲ ”

သူ၏ စကားဆုံးသွားသည်နှင့် ဇီချင်း၏ မျက်လုံးထဲမှ မျှော်လင့်မှုက ပိုပြီးအားကောင်းလာသည်။

သူက ကံကြမ္မာအားလုံး၏ ရလဒ်ကို မြင်ခဲ့သည်။ ရွှီချင်းက သေချာပေါက် သဘောတူလိမ့်မည်ဟု သူသိသည်။

ဤအခိုက်အတန့်မှာ သူ၏ အသံက နတ်ဘုရားကတိစာချုပ်ဖြစ်လာပြီး အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ နိယာမများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ ယင်းကို ရွှီချင်း ရှင်းလင်းစွာ အာရုံခံနိုင်ပေသည်။ ဇီချင်းက လိမ်ပြောနေခြင်းမဟုတ်ကြောင်း သူသိသည်။

သူသဘောတူလိုက်သည်နှင့် ဇီချင်းက သူ၏ ကတိအတိုင်း သေချာပေါက် လုပ်ဆောင်ပေးလိမ့်မည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက နူးညံ့စွာ ပြောသည်။

“ ငါငြင်းဆန်တယ် ”

ရွှီချင်းက ထိုစကားသုံးလုံးကို ပြောပြီးသည်နှင့် သူ၏ ညာလက်ကို အပေါ်သို့ ချက်ချင်း မြှောက်လိုက်ပြီး အောက်သို့ တိုက်ရိုက် ဖိချလိုက်သည်။

ဇီချင်းက အံ့ဩဆွံ့အသွားစဉ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရွှီချင်း၏ လက်ဖဝါးထဲမှ ပေါ်လျှိုးလာသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယင်းက အရာအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်မည့် အဖျက်စွမ်းအင်မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ဇီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားသည်။

ယင်းက ဇီချင်း၏ သန်စွမ်းသော နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ပြီး သူတို့ကြားမှ ကမ္မဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ဇီချင်း၏ အသွေးအသားများက နေရာအနှံ့သို့ လွင့်စင်သွားသည်။

ထို့နောက် ရွှီချင်း၏ အေးစက်စက် စကားသံက ပဲ့တင်ထပ်သွားသည်။

“ စောစောက မင်းပြောခဲ့တာတွေအားလုံးကို ငါ့ဘာသာလုပ်ဆောင်လည်း ရတယ် ”

“ ရှေးဦးအပျက်အစီးကို သိမ်းပိုက်ချင်တဲ့ မင်းရဲ့ ကြိုးစားမှုကတော့… အောင်မြင်တာ မအောင်မြင်တာက မင်းရဲ့ ကံကြမ္မာပဲ ”

ရွှီချင်းက စကားဆုံးသည်နှင့် သူ၏ လက်ကို အပေါ်သို့ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ဇီချင်း၏ အသွေးအသားများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ ပျံသန်းသွားသည်။

“ ယဇ်ပူဇော်တယ် ”

ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ဇီချင်း၏ အသွေးအသားများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်လိုက်သည်။

ဇီချင်း၏ တကယ့် ရည်ရွယ်ချက်က ရှေးဦးအပျက်အစီးကို အစားထိုးရန် ဖြစ်သည်။

ယင်းကို ရွှီချင်းက ရှင်းလင်းစွာ နားလည်ထားသည်။

ပလ္လင်၏ ညာဘက် တတိယမြောက် တံခါးပေါ်မှာ သူ့နာမည်ကို ရေးထွင်းခိုင်းသည့် ဇီချင်း၏ တောင်းဆိုမှုသည်တော့…

ယင်းက ဇီချင်းအား သူ၏ ရည်ရွယ်ချက်ကို အလွယ်ကူဆုံး ရရှိနိုင်စေမည့် လမ်းစဉ်ဖြစ်ကြောင်း ရှင်းလင်းပေသည်။

ထိုနည်းဖြင့်ဆိုလျှင် ရှေးဦးအပျက်အစီးကို သိမ်းပိုက်မည့် သူ၏ လုပ်ငန်းစဉ်က အများကြီး ပိုလွယ်ကူသွားပြီး ကျရှုံးနိုင်ခြေက သိသိသာသာ နည်းပါးသွားလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက ငြင်းဆန်လိုက်သည်။

ဇီချင်း၏ အစီအစဉ်အရ သူ၏ ငြင်းဆန်မှုက ဇီချင်း၏ မျှော်လင့်ထားမှုအတွင်းမှာသာ ရှိနိုင်သော်လည်း အနည်းဆုံးတော့ ယင်းက ဇီချင်းအတွက် ရွှီချင်း ရွေးချယ်ပေးခဲ့သော လမ်းစဉ် ဖြစ်ပေသည်။

အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။

ဇီချင်း၏ အသွေးအသားများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည့်အခိုက် အပြောင်းအလဲတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

မိုင်ပေါင်းတစ်သန်းကျယ်ဝန်းသော အနက်ရောင်မြူခိုးတိုင်လုံးက ဤအချိန်လေဟာနယ်ထဲမှ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ယင်းက မိုးကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

ထိုမြူခိုးက အစွန်းရောက်နက်မှောင်သည်။ ဧရာမမြူခိုးတိုင်လုံး ထွက်ပေါ်လာသည့်အခိုက် အလွန်သိပ်သည်းသော ဆန်းကြယ်အရှိန်အဝါက မြူခိုးအတွင်းမှ ပေါ်လျှိုးလာသည်။ ထို့နောက် တစ္ဆေအော်ညည်းသံများနှင့် သရဲငိုသံများက မြူခိုးထဲမှ ပဲ့တင်ထပ်လာသည်။

ထိုအသံများက ဒီရေလှိုင်းသဖွယ် လောကတစ်ခွင် ပျံ့လွင့်သွားသည်။

ထို့ပြင် မြူခိုးတိုင်လုံးက တစ်ခုတည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ ဤအချိန်လေဟာနယ်ထဲမှ ဝမ်ကူးကုန်းမြေတစ်ခုလုံးက ဝုန်းခနဲ မြည်ဟိန်းသွားသည်။

အရွယ်အစား တူညီသော မြူခိုးတိုင်လုံးများက ဝမ်ကူးကုန်းမြေ၏ ဒေသကြီးအသီးသီးထဲမှ တစ်ခုပြီးတစ်ခု မြှောက်တတ်လာကြသည်။ ယင်းတို့အားလုံးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေကြသည်။

ယင်းတို့က အရေအတွက် အလွန်များပြားလေရာ ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင် မြူခိုးတိုင်လုံးများဖြင့် ပြည့်နှက်သွားသည်။

မီးခိုးရောင်တိုင်လုံးများသည် စုစုပေါင်း (၉၉၉၉၉)ခု ရှိကြသည်။

အနက်ရောင်မြူခိုးက ကောင်းကင်ပေါ်မှာ စုဝေးသွားသည်နှင့် ဝမ်ကူးကုန်းမြေက ချက်ချင်း မည်းမှောင်သွားသည်။

အနက်ရောင်မြူခိုးက အရာအားလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို ဝါးမျိုလိုက်သည်။ ယင်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို အနက်ရောင်မြူခိုးကောင်းကင်အဖြစ် ပြောင်းလဲသွားစေသည်။

ထိုအချင်းအရာကို မြင်သွားသောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် အနက်ရောင်အလင်း ပေါ်လျှိုးလာသည်။ ယင်းက ဆန်းကြယ်ဘုံ၏ အစွမ်းဖြစ်ကြောင်း သူမှတ်မိသွားသည်။

All Chapters