ရှေးဦးအပျက်အစီး ပြီးပြည့်စုံပြီ (ခ)
Vol. 120 Ch. 1835
ဇီချင်းနှင့် တိုက်ပွဲမစခင်မှာ ယုလျှိုချန်းက သူ၏ မရေမတွက်နိုင်သော ပုံပြင်များထဲမှာ ဆန်းကြယ်အရှိန်အဝါကို အာရုံခံမိခဲ့ကြောင်း ရွှီချင်းအား သတိပေးခဲ့သည်။
ရှင်းလင်းစွာပင် ထိုဆန်းကြယ်ဘုံက ဇီချင်း စီစဉ်ထားသောအရာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဇီချင်း၏ အသံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။
“ တကယ်လို့ ငါအောင်မြင်သွားရင် ဒီလောကထဲမှာ နောက်ထပ် ဆန်းကြယ်ဘုံ ထွက်ပေါ်လာလိမ့်မယ် ”
သူ၏ အသံက ထူးဆန်းသည်။ ထိုအသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်နှင့် အနက်ရောင်မြူခိုးကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့နောက် အနက်ရောင်မြူခိုးထုက ရုတ်တရက် ပေါက်ကွဲသွားသည်။ ဤသည်မှာ ယင်းက ဆန်းကြယ်ဘုံကို ဖွင့်လှစ်ပေးလိုက်သည့်အလားပင်။
ကျယ်လောင်သော မြည်ဟိန်းသံနှင့် ပေါက်ကွဲသံကြားထဲမှာ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များက အနက်ရောင်မြူခိုးထဲမှ ပြေးထွက်လာကြသည်။
၎င်းတို့က ပြိုင်ဘက်ကင်းမြို့တော်ဆီသို့ အရူးအမူး ပြေးသွားကြသည်။
၎င်းတို့က လေပေါ်သို့ မြှောက်တတ်သွားနေသော ဇီချင်း၏ အသွေးအသားများထံသို့ ခုန်အုပ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်အရိပ်များက ဇီချင်း၏ အသွေးအသားအားလုံးကို ဖုံးလွှမ်းသွားကြသည်။ ထို့နောက် အသွေးအသားက ပုပ်သိုးဆွေးမြေ့သွားပြီး မြန်ဆန်စွာ အရည်ပျော်သွားသည်။ နောက်ဆုံးမှာ အသွေးအသားက လုံးဝ ပျောက်ကွယ်သွားသည့်အခါ မရေမတွက်နိုင်သော အနက်ရောင်အရိပ်များက ဇီချင်း၏ အသွေးအသားများနေရာမှာ အစားထိုးသွားကြသည်။
ထို့နောက် ၎င်းတို့က ဆက်လက် ပျံ့နှံ့သွားကြပြီး အချင်းချင်း ပေါင်းစပ်လိုက်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့က ဧရာမမျက်နှာပျက်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုဧရာမမျက်နှာပျက်ကြီးသည် အကြမ်းဖျဉ်းအားဖြင့် ကောင်းကင်ပေါ်မှ ရှေးဦးအပျက်အစီး၏ မျက်နှာပျက်ကြီးနှင့် အတော်လေး ဆင်တူသည်။
အတိအကျဆိုရသော် ယင်းက ရှေးဦးအပျက်အစီးထံမှ ပျောက်ဆုံးနေသော မျက်နှာတစ်ခြမ်း ဖြစ်သည်။
သို့သော်လည်း ဤဧရာမမျက်နှာပျက်ကြီးကို အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းကို မရေမတွက်နိုင်သော အနက်ရောင်အရိပ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သို့ဖြစ်၍ ၎င်းကို အရိပ်မျက်နှာပျက်ကြီးဟု ခေါ်ဆိုနိုင်ပေသည်။
၎င်း၏ မျက်နှာတစ်ပြင်လုံးက မည်းနက်နေသည်။
ရွှီချင်း၏ စူးစမ်းသော အကြည့်အောက်တွင် ထိုအရိပ်မျက်နှာပျက်ကြီးက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
သူက ဇီချင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူ၏ သွေးနီရောင်မျက်လုံးများ ဖွင့်လှစ်သွားသည့်အခါ သူက မြေပြင်ပေါ်မှ ရွှီချင်းထံသို့ စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရွှီချင်း၏ ရွေးချယ်မှုက သူ့အား အမှန်တကယ် အံ့ဩစေခဲ့သည်။ ယင်းက သူ့အား သူကြိုပြင်ဆင်ထားသော ဒုတိယအစီအစဉ်ကို မဖြစ်မနေ ထုတ်သုံးစေခဲ့သည်။
ယင်းက ဆန်းကြယ်ဘုံကို ဖွင့်လှစ်ပြီး ယင်းထံမှ စွမ်းအားကို ချေးငှားရန် ဖြစ်သည်။
အကယ်၍ သူ့မှာသာ တခြားရွေးချယ်စရာရှိမည်ဆိုလျှင် ဤရွေးချယ်မှုကို သူမလုပ်ချင်ပေ။
သို့သော်လည်း ယခုတော့ ယင်းကို မဖြစ်မနေ သူရွေးချယ်လိုက်ရ၏။
ဤအရိပ်မျက်နှာပျက်ကြီးကို ဖွဲ့စည်းရန် ဆန်းကြယ်ဘုံကို ဖွင့်လှစ်ရန်သာ သူတတ်စွမ်းတော့ပေသည်။
“ ကောင်းပြီ… ငါက မင်းကို အစကတည်းက ဆန့်ကျင်ခဲ့မိတာကို… အခု ငါတို့ကြားက ကမ္မက ဒီနေရာမှာ အဆုံးသတ်သွားပြီ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းကို ကြည့်နေသော ဇီချင်း၏ မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှုက စိတ်ဓာတ်ပြတ်သားမှုအဖြစ် ပြောင်းလဲသွားသည်။ သူက ဝှစ်ခနဲ ရွေ့လျားလိုက်ပြီး ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူက ကောင်းကင်ပေါ်မှ ရှေးဦးအပျက်အစီး၏ မျက်နှာပျက်ကြီးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူက အရိပ်မျက်နှာပျက်ကြီးကို ရှေးဦးအပျက်အစီး၏ မျက်နှာပျက်ကြီးဖြင့် ပေါင်းစပ်ကာ ပြီးပြည့်စုံသော မျက်နှာကို ဖွဲ့စည်းချင်သည်။
ထို့နောက် သူက ရှေးဦးအပျက်အစီးကို သိမ်းပိုက်လိမ့်မည်။
ယင်းက အတိတ်မှာ ဆန်းကြယ်ဘုံ ပြောခဲ့သည့်အတိုင်းပင်…
“ အရိပ်တစ်ခုလို… နတ်ဘုရားနဲ့ အတူယှဉ်တွဲ တည်ရှိနေမယ် ”
ကောင်းကင်ပေါ်သို့ သူမြှောက်တတ်သွားသည်နှင့် ပိုမိုများပြားသော အနက်ရောင်အရိပ်များက ဆန်းကြယ်ဘုံ၏ အနက်ရောင်မြူခိုးထဲမှ ပြေးထွက်လာကြသည်။ ၎င်းတို့က လေထဲမှာ ဇီချင်း၏ အရိပ်မျက်နှာပျက်ကြီးနှင့် ပေါင်းစပ်သွားကြသည်။
ယင်းက အရိပ်မျက်နှာပျက်ကြီးကို ပိုပြီးကြီးသထက် ကြီးမားသွားစေသည်။
တဖြည်းဖြည်း ၎င်း၏ အရွယ်အစားက အကန့်အသတ်မဲ့သည်အထိ တိုးမြှင့်သွားသည်။
ရွှီချင်း၏ အကြည့်အောက်မှာ အရိပ်မျက်နှာပျက်ကြီးက နောက်ဆုံးမှာ ကောင်းကင်၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး ရှေးဦးအပျက်အစီး၏ အသွေးအသားမျက်နှာပျက်ကြီး၏ ဘေးမှာ ထွက်ပေါ်လာသည်။ ထို့နောက် အရိပ်မျက်နှာပျက်ကြီးက ရှေးဦးအပျက်အစီး၏ လစ်ဟနေသော မျက်နှာအခြမ်းပေါ်သို့ ဝင်ရောက်သွားပြီး တိုက်ရိုက် ပေါင်းစပ်လိုက်သည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ပြီးပြည့်စုံသော မျက်နှာက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း မျက်နှာတစ်ခြမ်းက အရိပ်ဖြစ်ပြီး မျက်နှာတစ်ခြမ်းက အသွေးအသား ဖြစ်သည်။
ဇီချင်းသည် ရှေးဦးအပျက်အစီး၏ ပြန်လည်မွေးဖွားမှု ဖြစ်သည်။ သို့သော်လည်း သူ့ကိုယ်ပိုင် စိတ်ဆန္ဒတစ်ခုတည်းဖြင့် ရှေးဦးအပျက်အစီးကို သိမ်းပိုက်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့် သူက ရွှီချင်း၏ ဝိညာဉ်အနက်ပိုင်းထဲမှ တံခါးပေါ်မှာ သူ၏ နာမည်ကို ရေးထွင်းစေလိုသည်။ ယခု သူ၏ ပထမအစီအစဉ်က ကျရှုံးသွားသည့်အခါ ဒုတိယအစီအစဉ်ဖြစ်သော ဆန်းကြယ်ဘုံ၏ အကူအညီကိုသာ သူငှားယူနိုင်တော့သည်။ သို့ဖြစ်၍ သူက ဆန်းကြယ်သက်ရှိဟူသော သရုပ်ဖြင့် ရှေးဦးအပျက်အစီးကို အစားထိုးရန် လုပ်ဆောင်လိုက်သည်။
သူက နတ်ဘုရားကဲ့သို့ ဆန်းကြယ်သက်ရှိတစ်ဦး ဖြစ်လာချင်သည်။
သို့သော်လည်း ထိုအတွက် စွန့်စားမှုက အလွန်ကြီးမားသည်။ အရိပ်မျက်နှာပျက်ကြီးက ရှေးဦးအပျက်အစီး၏ အသွေးအသားမျက်နှာပျက်ကြီးနှင့် ပေါင်းစပ်သွားသည့်အခိုက် ရှေးဦးအပျက်အစီးထံမှ အကြွင်းအကျန်စိတ်ဆန္ဒက ရုတ်တရက် နိုးထလာပြီး ဇီချင်းနှင့် ပေါင်းစပ်ထားသော ဆန်းကြယ်ဘုံစွမ်းအားကို တိုက်ရိုက် ငြင်းဆန်လိုက်သည်။
ထို့ကြောင့် ကောင်းကင်ပေါ်တွင် ရှေးဦးအပျက်အစီး၏ မျက်နှာနှစ်ခြမ်းက ချက်ချင်း ကွဲထွက်သွားကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းတို့က နောက်တစ်ကြိမ် ပြန်ပေါင်းစပ်သွားကြသည်။
ထိုသို့ဖြင့် ရှေးဦးအပျက်အစီး၏ မျက်နှာသည် ကွဲထွက်လိုက် ပြန်ပေါင်းစပ်လိုက်ဖြင့် ပရမ်းပတာဖြစ်သွားသည်။
ယင်းက ရှေးဦးအပျက်အစီးအတွက် အလွန်အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။
ထုံးစံအားဖြင့် ယင်းက ဝမ်ကူးကုန်းမြေကိုသာမက အမှတ်ကိုးကြယ်တာရာစက်ဝန်းတစ်ခုလုံးကိုလည်း သက်ရောက်မှုရှိစေသည်။
တစ်ချိန်တည်းမှာ ယင်းက အပြင်လောကထံသို့ တစ်ခါမှ မဖြစ်ပေါ်ဖူးသော မဟာအခွင့်အရေးတစ်ရပ်ကို ပေးလိုက်သည်။
“ မင်းတို့တွေ သေချာပေါက် ရောက်လာကြလိမ့်မယ် ”
ထိုအဖြစ်အပျက်အားလုံးကို မြေပြင်ပေါ်မှ စောင့်ကြည့်နေသည့် ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
သူက စိတ်ထဲမှာ ထိုသို့ရေရွတ်လိုက်သည်နှင့်…
ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ အဆုံးမဲ့ကြယ်တာရာကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ထာဝရအကျဉ်းချခြင်းနှင့် ဝိညာဉ်အမြစ်ဖြတ်သုတ်သင်ခြင်းကို ကိုယ်စားပြုသော အနက်ရောင်မျှော်စင်သည် အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ ရုတ်တရက် ရွေ့လျားလိုက်သည်။ ၎င်းက အချိန်လေဟာနယ်ကို ဖြတ်သန်း၍ ဝမ်ကူးကုန်းမြေဆီသို့ ရောက်ရှိလာသည်။
၎င်းက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ရှေးဦးအပျက်အစီးက အရေးကြီးအခြေအနေမှာရှိနေစဉ် အနက်ရောင်မျှော်စင်က ၎င်းပေါ်သို့ ရုတ်တရက် ဆင်းသက်သွားသည်။
အနက်ရောင်မျှော်စင်တစ်ခုတည်း မဟုတ်ပေ။ အနှိုင်းမဲ့ကျိန်စာအရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမသားရဲတစ်ကောင်သည် ၎င်း၏ တောင်တန်းခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး အလွန်အားကောင်းသော ဆာလောင်မှုစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာ မြေအောက်လောကမြစ်ထဲမှ ပေါ်လျှိုးလာဟန်ရသော ဈာပနအဆောင်စက္ကူပုံရိပ်သည် အချိန်လေဟာနယ်ကို ဖြတ်သန်း၍ အမြန်ရောက်ရှိလာသည်။
ဧရာမသားရဲကြီးသည် ရောက်လာသည်နှင့်ချက်ချင်း မထူးမခြားနား အမူအရာဖြင့် ရှေးဦးအပျက်အစီးထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ဈာပနအဆောင်စက္ကူပုံရိပ်သည်တော့ ၎င်းက စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်သည့်အခါ ၎င်း၏ စက္ကူခန္ဓာကိုယ်က ရုတ်တရက် ကွဲထွက်သွားပြီး မရေမတွက်နိုင်သော စက္ကူလူသားများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ထို့နောက် စက္ကူလူသားများက ရှေးဦးအပျက်အစီးထံသို့ ခုန်အုပ်လိုက်ကြသည်။
အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရင်လေးပါးအနက် သုံးပါးက ဤအခိုက်အတန့်မှာ ရောက်ရှိလာကြသည်။
အတိတ်မှာ ၎င်းတို့လုပ်ဆောင်ခဲ့သော လျှို့ဝှက်အစီအစဉ်အားလုံးက ရှေးဦးအပျက်အစီးကို ဝါးမျိုရန်သာ ဖြစ်သည်။
ထိုရည်ရွယ်ချက်ကြောင့် ၎င်းတို့က တစ်ချိန်လုံး သတိကြီးစွာထား၍ စောင့်ဆိုင်းနေခဲ့ကြသည်။
ယခု ၎င်းတို့က ဤမဟာအခွင့်အရေးကို ရှာတွေ့သွားလေရာ ယင်းကို မည်သို့ကြောင့် လက်လွှတ်နိုင်မည်နည်း။
ထုံးစံအားဖြင့် ၎င်းတို့က ဤမဟာအခွင့်အရေးကို အသုံးချ၍ ရှေးဦးအပျက်အစီးကို ဝါးမျိုကြလိမ့်မည်။
သို့သော်လည်း အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရင်အားလုံးက ထိုသို့မရွေးချယ်ခဲ့ကြောင်း ထင်ရှားပေသည်။
မိခင်မြစ်က ရောက်မလာချေ။
၎င်းက အခြေအနေကို စောင့်ကြည့်နေဟန် ရ၏။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အနက်ရောင်မျှော်စင်၊ ဧရာမသားရဲနှင့် စက္ကူလူသားစစ်တပ်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ကြပြီး ရှေးဦးအပျက်အစီးအပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
ရှေးဦးအပျက်အစီးနှင့် ဆန်းကြယ်သက်ရှိဇီချင်းက အပြန်အလှန် ဆန့်ကျင်နေကြစဉ် ၎င်းတို့သုံးယောက်က ယခင်က မရောက်နိုင်ခဲ့သော နတ်ဘုရားမျက်နှာပျက်ကြီး၏ ဘေးနားသို့ ရောက်ရှိသွားကြသည်။
အနက်ရောင်မျှော်စင်သည် အုတ်ဂူကျောက်တိုင်သဖွယ် ဇောက်ထိုးလှည့်လိုက်ပြီး ရှေးဦးအပျက်အစီး၏ နဖူးအလယ်ပေါ်သို့ သံချောင်းတစ်ချောင်းနှယ် စိုက်ဝင်သွားသည်။
မျှော်စင်က ထွန်းလင်းတောက်ပလာပြီး ဝိညာဉ်အေးခဲစေနိုင်သော ကျမ်းစာရွတ်ဆိုသံများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သဏ္ဍာန်မဲ့သော စုပ်ယူမှုက မျှော်စင်အတွင်းမှ ရုတ်တရက် ပေါ်လျှိုးလာသည်။
၎င်းက ရှေးဦးအပျက်အစီး၏ ပြိုင်ဘက်ကင်း ကြီးကျယ်ခမ်းနားသော ရှေးဟောင်းဝိညာဉ်ကို လောဘတကြီး ဝါးမျိုလိုက်သည်။
အဆုံးမဲ့ကျိန်စာအရိပ်များဖြင့် ဝန်းရံခံထားရသော ဧရာမသားရဲကြီး၏ ခန္ဓာကိုယ်သည် ယခု အဆပေါင်းများစွာ ပိုပြီးကြီးမားသွားသည်။ ၎င်းက စကြာဝဠာတစ်ခုလုံးကိုပင် ဝါးမျိုနိုင်သော ၎င်း၏ ဧရာမပါးစပ်ကို ဖွင့်ဟလိုက်လေရာ စေးပျစ်ပြီး နံဟောင်သော တံတွေးက ၎င်း၏ ပါးစပ်ထဲမှ ရေတံခွန်သဖွယ် စီးကျလာသည်။ ၎င်းတစ်ကြိမ်ကိုက်စားလိုက်တိုင်း ကျယ်လောင်သော တဂျွတ်ဂျွတ်မြည်သံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
၎င်းက အဆုံးမဲ့အသက်ဓာတ်ဖြင့် ကိန်းအောင်းနေသော ရှေးဦးအပျက်အစီး၏ သွေးနှင့်ချီကို အရူးအမူး ဝါးမျိုလိုက်သည်။
အရေအတွက်အကန့်အသတ်မဲ့သော စက္ကူလူသားများသည် အဖြူရောင်လောက်ကောင်များသဖွယ် ကောင်းကင်ကို ဖုံးလွှမ်းသွားကြပြီး ရှေးဦးအပျက်အစီး၏ တစ်ကိုယ်လုံးပေါ်မှာ ချက်ချင်း ပျံ့နှံ့သွားကြသည်။
ထို့နောက် စက္ကူလူသားများက ၎င်းတို့၏ သေးသွယ်သော စက္ကူလက်များကို ဝှေ့ယမ်းလိုက်ကြသည်။ ထိုအခါ မရေမတွက်နိုင်သော သဏ္ဍာန်မဲ့စက္ကူချည်မျှင်များက ယိုယွင်းပျက်စီးခြင်းအရှိန်အဝါကို သယ်ဆောင်လျက် ရှေးဦးအပျက်အစီး၏ ကံကြမ္မာအမှတ်များပေါ်မှာ ကပ်တွယ်သွားကြသည်။
၎င်းတို့က ရှေးဦးအပျက်အစီးထံမှ လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာကို အရူးအမူး စုပ်ယူလိုက်ကြသည်။
အထွတ်အမြတ် နတ်ဘုရင်သုံးပါးသည် ဘာမှချုပ်တည်းမထားကြပေ။ ၎င်းတို့၏ လောဘစိတ်နှင့် အလိုရမ္မက်ကို အပြည့်အဝ ထုတ်ဖော်ထားကြသည်။
အေးစက်ပြီး တိတ်ဆိတ်သော အနက်ရောင်မျှော်စင်၊ အရိုင်းကောင်သဖွယ် ရက်စက်ကြမ်းကြုတ်သော ဧရာမသားရဲနှင့် ထူးဆန်းသော စက္ကူလူသားသူခိုးစစ်တပ်သည် အကျင့်စရိုက် လုံးဝ ကွဲပြားခြားနားကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော အထွတ်အမြတ် နတ်ဘုရားအခွင့်အာဏာများက ပလိပ်ရောဂါဆိုးသဖွယ် တူညီစွာ ပျံ့နှံ့သွားကြသည်။ ၎င်းတို့က လုယက်ဝါးမျိုခြင်းကို အရူးအမူး လုပ်ဆောင်နေကြသည်။
၎င်းတို့၏ ရောက်လာမှုက အချိန်ကိုက်ဖြစ်ပြီး ၎င်းတို့၏ တိုက်ခိုက်မှုများက အလွန်ရက်စက်ကြမ်းကြုတ်ကာ ကောက်ကျစ်စဉ်းလဲသည်။ ယင်းက ရှေးဦးအပျက်အစီး အခက်အခဲကြုံနေသည့်အချိန်၊ ဇီချင်းနှင့် အပြန်အလှန် ဆန့်ကျင်နေရသောကြောင့် ၎င်း၏ စွမ်းအားက သိသိသာသာ အားနည်းနေသည့်အချိန် ဖြစ်သည်။
သို့သော်လည်း ရှေးဦးအပျက်အစီးသည် ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားတစ်ပါး ဖြစ်သည်။ သို့ဖြစ်၍ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါနှင့် အရာအားလုံးကို ယိုယွင်းတိုက်စားနိုင်သော ဆန်းကြယ်ဘုံထံမှ ဆန်းကြယ်စွမ်းအားကြောင့် ထိုသို့လုယက်ဝါးမျိုခြင်းသည် ထုံးစံအားဖြင့် တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်။
အထွတ်အမြတ် နတ်ဘုရင်သုံးပါးက ရှေးဦးအပျက်အစီးကို ဝါးမျိုနေစဉ် တစ်ဖက်လူထံမှ ကြောက်မက်ဖွယ်ကောင်းသော ယိုယွင်းတိုက်စားမှုကိုလည်း ၎င်းတို့ခံစားနေကြရသည်။ သို့ဖြစ်၍ ၎င်းတို့၏ ပုံရိပ်များက တဖြည်းဖြည်း ဝေဝါးလာသည်။
ဧရာမသားရဲ၏ အပြင်ပိုင်းခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ဝေဝါးသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ၎င်းက သဏ္ဍာန်မဲ့လက်တစ်ဖက်၏ ဖယ်ရှားခံနေရသည့်အလားပင်။
အနက်ရောင်မျှော်စင်၏ မဖျက်ဆီးနိုင်သော ကိုယ်ထည်သည်လည်း ဝေဝါးလာသည်။ ဤသည်မှာ ၎င်းက ကန်ရေပြင်ပေါ်မှ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော ပုံရိပ်ပြန်မှု ဖြစ်သည့်အလားပင်။
စက္ကူလူသားစစ်တပ်၏ အရေအတွက် တစ်စိတ်တစ်ပိုင်းသည် ထူးဆန်းသော မီးတောက်များ၏ လောင်ကျွမ်းမှုအောက်မှာ စတင်ဖျက်ဆီးခံလိုက်ကြရသည်။ ၎င်းတို့က ပြာမှုန်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲမှာ တိတ်တဆိတ် လွင့်ပြယ်သွားကြသည်။
ထိုအခြေအနေကို သတိထားမိသောအခါ အထွတ်အမြတ် နတ်ဘုရင်သုံးပါး၏ နတ်ဘုရားအတွေးများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ ၎င်းတို့က ဤအချိန်တိုလေးအတွင်းမှာ ရှေးဦးအပျက်အစီးကို ဝါးမျိုနေရင်း ၎င်း၏ အခြေအနေကို စစ်ဆေးလေ့လာခဲ့ကြသည်။ ၎င်းတို့၏ အမြင်မှာ ရှေးဦးအပျက်အစီးက အမှန်တကယ်ပင် ၎င်း၏ ကြိုးအဆုံးသို့ ရောက်ရှိနေပုံပေါ်သည်။
ယင်းက ၎င်းစီစဉ်ထားသော ထောင်ချောက်တစ်ခု မဟုတ်နိုင်ပေ။
ထို့ကြောင့် နောက်အခိုက်အတန့်မှာ…
ဗုန်း…
ကြယ်တာရာကောင်းကင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ အချိန်လေဟာနယ်ဘောင်က ဖန်သားပမာ တစ်လက်မချင်းစီ အက်ကွဲသွားသည်။ ဟင်းလင်းပြင်က စောစောကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသော အင်အားစုသုံးခုဖြင့် အကြမ်းပတမ်း ရိုက်ခတ်ခံလိုက်ရပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
အထွတ်အမြတ်ပုံရိပ်သုံးခုသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒကို ဖွဲ့စည်းလိုက်ကြပြီး ပိုပြီးကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ရုတ်တရက် ဆင်းသက်လာကြသည်။
၎င်းတို့၏ အသွင်သဏ္ဍာန်က ဧရာမသားရဲ၊ အနက်ရောင်မျှော်စင်နှင့် စက္ကူလူသားများ ဖြစ်နေကြဆဲပင်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါက အစောနကထက် အဆပေါင်းများစွာ ပိုပြီးထွန်းလင်းလာသည်။ ၎င်းတို့၏ နတ်ဘုရားစွမ်းအားက အလွန်ပြင်းထန်လေရာ ဝမ်ကူးကုန်းမြေတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။ အကန့်အသတ်မဲ့စွာ အလွန်ကျယ်ပြောသော ကြယ်တာရာကောင်းကင်သည်ပင် ထိုဖိအားအောက်မှာ ပွက်ပွက်ဆူလာသည်။
ဤတစ်ကြိမ် ဆင်းသက်လာသည်မှာ ၎င်းတို့၏ အစစ်အမှန်ခန္ဓာကိုယ်များ ဖြစ်ဟန်ရ၏။
၎င်းတို့က အတားအဆီးအားလုံးကို လျစ်လျူရှုလျက် ဟင်းလင်းပြင်၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာကြကာ ဒိုင်မန်းရှင်းအားလုံးကို ဖောက်ထွင်းသွားကြသည်။ ၎င်းတို့က အစောနက ဆင်းသက်လာခဲ့သော ၎င်းတို့၏ ကိုယ်ပွားများထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
၎င်းတို့က ချက်ချင်း ပေါင်းစပ်သွားကြသည်။
ယင်းက ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါကို မီးတောင်တစ်ခုနှယ် အကြမ်းပတမ်း ပေါက်ကွဲသွားစေသည်။ သေခါနီး ရှေးဦးအပျက်အစီးထံမှ ၎င်းတို့၏ လုယက်မှုက ချက်ချင်း အဆပေါင်းများစွာ ပိုပြီးအားကောင်းသွားသည်။
ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ ရှေးဦးအပျက်အစီး၏ ဧရာမမျက်နှာက အပြင်းအထန် တုန်ယင်သွားသည်။
နက်ရှိုင်းသော အက်ကွဲကြောင်းများက ရှေးဦးအပျက်အစီး၏ မျက်နှာပြင်တစ်လျှောက်မှာ ပျံ့နှံ့သွားကြသည်။ ယင်းတို့က အလွန်နက်ရှိုင်းလေရာ ရှေးဦးအပျက်အစီး၏ အရိုးများကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
၎င်း၏ နတ်ဘုရားဝိညာဉ်ဇစ်မြစ်က အနက်ရောင်မျှော်စင်ကြောင့် ဆုတ်ဖြဲခံနေရပြီး စုပ်ယူခံနေရသည်။
၎င်း၏ အသွေးအသားအနှစ်သာရက ဧရာမသားရဲကြီး၏ ကိုက်စားဝါးမျိုခံနေရသည်။
ရှေးဦးအပျက်အစီး၏ မျက်နှာတစ်ပြင်လုံးက ညှိုးခြောက်လာပြီး ပိန်ချုံးလာသည်။ ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မှေးမှိန်သွားသည်။ အလွန်အားကောင်းသော သေခြင်းအရှိန်အဝါက ၎င်းထံမှ ပေါ်လျှိုးလာသည်။
၎င်း၏ အနောက်တွင် ဧရာမသားရဲ၏ သွေးနီရောင်မျက်လုံးများထဲမှ လောဘစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။ ဤသည်မှာ ၎င်းက အလွန်အရသာရှိသော အသားတုံးကို ရှာတွေ့သွားသည့်အလားပင်။
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော စက္ကူလူသားများ၏ လုယက်မှုသည်လည်း အဆပေါင်းများစွာ ပိုပြီးပြင်းထန်လာသည်။ မမြင်နိုင်သော သဏ္ဍာန်မဲ့စက္ကူချည်မျှင်များက ဤအခိုက်အတန့်မှာ တဖြည်းဖြည်း ဒြပ်ထည်ရှိလာကြသည်။ ကံကြမ္မာအရှိန်အဝါက ထိုစက္ကူချည်မျှင်များထံမှ မသဲမကွဲ ထွက်ပေါ်လာသည်။ ရှေးဦးအပျက်အစီးထံမှ ၎င်းလုယက်လိုက်သော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက စက္ကူချည်မျှင်များမှတဆင့် စက္ကူလူသားများ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားသည်။ ထိုအခါ စက္ကူလူသားများက ထူးဆန်းစွာ စတင်လူးလွန့်သွားကြသည်။ ထို့နောက် ဝေဝါးသော မျက်နှာနှင့် အရေပြားက စက္ကူလူသားများဆီမှာ ထွက်ပေါ်လာကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို သေချာသတိထားကြည့်မည်ဆိုလျှင် အတိတ်နိမိတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေသော ကံကြမ္မာချည်မျှင်များက မြွေများသဖွယ် လူးလွန့်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာ ခြေလက်များအဖြစ် ရှည်ထွက်လာနေကြောင်း မြင်ရလိမ့်မည်။
၎င်းတို့က “ စက္ကူ ”မှ “ သက်ရှိများ ”အဖြစ် ပြောင်းလဲသွားနေသည်။
အကယ်၍ ထိုအတိုင်း ဆက်သွားနေလျှင် အလွန်အန္တရာယ်များနိုင်ကြောင်း ဇီချင်းနှင့် ရှေးဦးအပျက်အစီးသည်လည်း သတိထားမိသွားကြဟန် ရ၏။ သို့ဖြစ်၍ ၎င်းတို့၏ အပြန်အလှန် တွန်းကန်မှုက တစ်ဟုန်ထိုး အားကောင်းလာပြီး အက်ကွဲကြောင်းများက အရိပ်မျက်နှာပျက်ကြီးနှင့် အသွေးအသားမျက်နှာပျက်ကြီးကြားမှာ ထွက်ပေါ်လာကြသည်။
၎င်းတို့က ယာယီခွဲထွက်ရန် သဘောတူညီမှုယူလိုက်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဟင်းလင်းပြင်၏ အနက်ပိုင်းထဲတွင် တစ်စုံတစ်ယောက်၏ အရိုးများကို အေးခဲသွားစေနိုင်သော တဝီဝီမြည်သံက ပဲ့တင်ထပ်လာသည်။
စေးကပ်ပြီး ညစ်ညမ်းသော မဟူရာရွှေအရည်ဖြင့် ပြည့်နှက်နေသည့် မြစ်ရှည်တစ်စင်းသည် မည်သည့်သတိပေးမှုမှမရှိဘဲ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းစီးဆင်းသွားပြီး တိုက်ပွဲမြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည်။
၎င်းက မိခင်မြစ် ဖြစ်သည်။
၎င်းက မည်သည့်အန္တရာယ်မှမရှိကြောင်း အတည်ပြုရန် ဤအချိန်ထိ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ဤအခိုက်အတန့်မှာ ၎င်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း လုံးဝ တုံ့ဆိုင်းမနေပေ။
လောဘစိတ်ဆန္ဒကိန်းအောင်းနေသော မဟူရာရွှေမြစ်ရေက ဘီလီယံနှင့်ချီသော ရေဘဝဲလက်တံများအဖြစ် အသွင်ပြောင်းလဲသွားဟန် ရ၏။ ၎င်းက နတ်ဘုရားသဘာဝကိုပင် ယိုယွင်းတိုက်စားပစ်နိုင်သော စေးကပ်မှုဖြင့် နှစ်ခြမ်းခွဲထွက်သွားတော့မည့် ရှေးဦးအပျက်အစီး၏ မျက်နှာကို ချက်ချင်း ရစ်ပတ်လိုက်သည်။
ယင်းက ရှေးဦးအပျက်အစီး၏ ကွဲထွက်မှုအရှိန်အဟုန်ကို ရုတ်တရက် ရပ်တန့်သွားစေသည်။
ထို့နောက် စေးကပ်ပြီး ညစ်ညမ်းသော မိခင်မြစ်၏ ရေမျက်နှာပြင်က ပရမ်းပတာ လှုပ်ခတ်သွားကာ နာကျင်ရှုံ့မဲ့နေသော မျက်နှာအမြောက်အများက မြစ်ရေထဲမှ ရုတ်တရက် ထွက်ပေါ်လာကြသည်။ နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော မျက်နှာများက ရေပြင်ပေါ်တွင် ထူးဆန်းသော ဧရာမမျက်နှာကြီးအဖြစ် စုစည်းသွားကြသည်။
ထိုမျက်နှာကြီးက အောက်ခြေမဲ့အသူရာချောက်နက်နှင့် ဆက်သွယ်ထားဟန်ရသော ၎င်း၏ ဧရာမပါးစပ်ကို ဖွင့်လှစ်လိုက်ပြီး မိခင်မြစ်ဖြင့် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရသော ရှေးဦးအပျက်အစီးကို မျက်နှာမူလိုက်သည်။
ထို့နောက် ၎င်းက အကြမ်းပတမ်း ကိုက်စားလိုက်သည်။
အပုပ်နံ့တထောင်းထောင်းနှင့် ထူးဆန်းသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည့် နတ်ဘုရားသွေးက ရှေးဦးအပျက်အစီး၏ ညှိုးခြောက်ပိန်ချုံးနေသော မျက်နှာထံမှ ပမာဏများပြားစွာ ဆွဲထုတ်ခံလိုက်ရသည်။ ထို့နောက် သွေးက မိခင်မြစ်၏ ညစ်ညမ်းသော မြစ်ရေထဲသို့ ရေတံခွန်သဖွယ် ဒလဟော စီးကျသွားသည်။
နတ်ဘုရားသွေးကို စုပ်ယူပြီးသည့်နောက် မိခင်မြစ်ထဲမှ လှိုင်းလုံးများက ပိုမိုအားကောင်းစွာ ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
အစကတည်းက ညှိုးခြောက်နေသော ရှေးဦးအပျက်အစီးသည်တော့ ၎င်းက မိခင်မြစ်၏ ထိုမျှပြင်းထန်သော ထိုးနှက်မှုအောက်တွင် လေထဲမှ ဖယောင်းတိုင်မီးသဖွယ် အားအင်ချည့်နဲ့သွားသည်။ သေခြင်းအရှိန်အဝါ ကိန်းအောင်းနေသော မီးခိုးရောင်အခိုးအငွေ့များက ၎င်းထံမှ ပမာဏများပြားစွာ ထွက်ပေါ်လာသည်။
မိခင်မြစ်၏ တိုက်ခိုက်မှုက အောင်မြင်သွားပြီး ရှေးဦးအပျက်အစီးက ပိုပြီးအားနည်းသွားကြောင်း ၎င်းသတိထားမိသည့်အခါ အနက်ရောင်မျှော်စင်ထဲတွင် စိတ်ခံစားချက်မရှိသော အေးတိအေးစက် ရှေးဟောင်းစိတ်ဆန္ဒက ရုတ်တရက် ပေါ်လျှိုးလာသည်။
အနက်ရောင်မျှော်စင်၏ အနောက်တွင် အချိန်နှင့် လေဟာနယ်က နောက်တစ်ကြိမ် ဖွင့်လှစ်သွားပြီး အစောနကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသော ကြောက်မက်ဖွယ်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာသည်။
ယင်းက ကြေးနီရောင်ရှေးဟောင်းမျှော်စင်တစ်ခု ဖြစ်သည်။ ရှေးဟောင်းမျှော်စင်၏ ရေညှိတတ်နေသော မျက်နှာပြင်ပေါ်တွင် အရွယ်အစားသေးငယ်သော နတ်စင်များက မရေမတွက်နိုင်အောင် ပြည့်နှက်နေသည်။
ရှေးဟောင်းမျှော်စင်က အက်ကွဲသွားသော အချိန်လေဟာနယ်၏ အနက်ပိုင်းထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာသည့်အခါ တိတ်တဆိတ် ငိုကြွေးသံများက နတ်စင်များထံမှ ပဲ့တင်ထပ်လာသည်။
၎င်းက အနက်ရောင်မျှော်စင်၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်သည်။
အစောနက ၎င်း၏ ဆင်းသက်မှုများက အကြိုစစ်ဆေးခြင်းမျှသာ ဖြစ်၏။